သတင်း

သေဒဏ်ပေး ကွပ်မျက်ခံရသူများအတွက် ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို CDF-Kanpetlet တိုက်ခိုက်၊ စစ်သားနှင့်ရဲများသေဆုံးမှုရှိ

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၈

စစ်ကောင်စီမှ မတရားကြိုးပေးကွပ်မျက်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများဖြစ်သည့် “ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော် နှင့်ကိုလှမျိုးအောင် ” တို့အတွက် တရားမျှတမှု ပြန်လည်ရယူရန် စစ်ဆင်ရေးဖော်ဆောင်ခဲ့သည်ဟု CDF -Kanpetlet ကသတင်းထုတ်ပြန်ထားသည်။

CDF-Kanpetlet အနေဖြင့် စစ်ကြောင်း ၃ ခုခွဲ၍ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ဖွဲ့များကို ယမန်နေ့ ဇူလိုင် ၂၇ရက်၊ နေ့လည်၁၂နာရီကျော်အချိန်၌ သွား ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် နေ့လည်၁၂း၂၅ နာရီမှ ၁း၂၀ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ (၂)ဦးနှင့် စစ်သား (၂)ဦး၊ စုစုပေါင်း (၄) ဦးသေဆုံး၍ စစ်သား (၁) ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုစစ်ဆင်ရေး၌ CDF-Kanpetlet တာဝန်ရှိသူများ အကျအဆုံး တစ်စုံတစ်ရာမရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ဒါ့အပြင် စစ်ကောင်စီအနေဖြင့် မတရားကြိုးမိန့်ပေးခြင်းအပါအဝင်၊ စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်လုပ် ဆောင်နေပါက CDF-Kanpetlet ဘက်က အမျိုးသားညီညွတ်ရေးအစိုးရ (MOD)၊ CJDC တို့၏ လမ်းညွှန်ချက်များကို လိုက်နာ၍ မြို့တွင်း စစ်ဆင်ရေးများကို အရှိန်မြှင့်တင်‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Related Articles

Back to top button