အယ်ဒီတာ့အာဘော်

ပုလဲမျက်နှာစုံရှင်းလင်းပွဲမှ စဉ်းစားစရာများ

ပုလဲမျက်နှာစုံရှင်းလင်းပွဲမှ စဉ်းစားစရာများ
 
– အယ်ဒီတာ့ အာဘော်
 
ဖက်ဒရယ်ဂျာနယ်မြန်မာ၊ ဒီဇင်ဘာ ၂၀
 
နွေဦးတော်လှန်ရေးဆရာတော်မှ ဦးဆောင်ပြီး စစ်ကိုင်းတိုင်း၊ပုလံမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့များ၏ ” မျက်နှာစုံညီ ရှင်းလင်း၊ ညှိနှိုင်း၊ ဆွေးနွေးပွဲ ” ကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လည် ၁ နာရီမှာ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ပါတယ်။
 
‌စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြတဲ့ ပုလဲနယ်က တော်လှန်ရေးရဲဘော်တွေအကြား အထင်လွဲမှားမှုများနှင့် မကြေလည်ချက်များကို မျက်နှာစုံညီ ရှင်းလင်းကာ ပြန်လည်သင့်မြတ် အဖြေရှာနိုင်ရေးနှင့် တော်လှန်ရေးကို ပိုမိုအရှိန်မြှင့်ကာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့ ဦးဆောင်စီစဉ်သူ နွေဦးတော်လှန်ရေးဆရာမှ မိန့်ကြားခဲ့ပါတယ်။
 
ညှိနှိုင်းဆွေးနွေးပွဲကို ပုလဲနယ်မှ တော်လှန်ရေးခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ သက်ဆိုင်ရာ လူကြီးမင်းများ၊ သတင်းမီဒီယာများ ကို ဖိတ်ကြားခဲ့ပါတယ်။ လွတ်လပ်စွာ ပြောဆိုပြီး မကျေနပ်ချက်များကို ပြောဆို ရှင်းလင်းကြရန်နဲ့ ပိုမိုကောင်းမွန်သော အဖြေထွက်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်ဖို့ လိုတယ်လို့ ဆရာတော် အဖွင့်အနေနဲ့ မိန့်ကြားခဲ့ပါတယ်။
 
NUG တရားရေးဝန်ကြီး ဦးသိန်းဦးကလည်း ပြည်သူနဲ့ တော်လှန်ရေးကို မျက်နှာမူပြီး ပြဿနာကို အေးချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန် အဖွင့်မှာ ပြောကြားခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားထားပေမဲ့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
 
လက်ရှိမှာ MRDA နှင့် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကြား နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်အခကောက်ခံခြင်း၊ တရားစီရင်ခြင်း နဲ့ လက်နက်ကိုင်တော်လှန်ခြင်း ဆိုင်ရာအလွဲအမှားများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခများ ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။
 
ကနဦးအနေနဲ့ ပအဖ မှတာဝန်ခံ ကိုဇော်ထက် မှ ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော်သည် တရားမဝင်အခွန်ကောက်ခံခြင်း၊ လက်နက်ကိုင်ဆောင်ခြင်းဆိုင်ရာ ကျင့်ဝတ် အပေါ် လိုက်နာမှုမရှိခြင်း၊ ဒေသဆိုင်ရာ ပအဖ၊ပလဖ၊ပအဖ ၏ ဆုံးဖြတ်ချက်များကိုကျော်လွန်၍ ပြည်သူထံမှ ဒဏ်ငွေ ၄သိန်းတောင်းခြင်း၊ ၂၀၂၁ခုနှစ် ၁၀လပိုင်း ၂၈ရက်နေ့တွင် တော်လှန်ရေး ရဲဘော် ၃ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း နှင့် ၂၀၂၁ခုနှစ် ၁၂လပိုင်း တွင်လည်း အမျိုးသမီးတစ်ဦးအား အဓမ္မ ပြုကျင့်မှုများရှိခဲ့သည်ဟု စွပ်စွဲ၍ ထိုကိစ္စရပ်များအား လာရောက်ဖြေရှင်းပေးရန် ဗိုလ်နဂါးတို့ကို ခေါ်ဆိုရာတွင်လည်း မလာရောက်ခဲ့ကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။
 
အထက်ပါအချက်များထဲမှ ၂၀၂၁ခုနှစ် ၁၀လပိုင်း ၂၈ရက်နေ့မှာ တော်လှန်ရေး ရဲဘော် ၃ဦးအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့်ပတ်သတ်၍ ” ထို ရဲဘော် ၃ ဦးမှာ အခြားသော တော်လှန်ရေး ရဲဘော်များအပေါ်မှာ နိုင်ထက်စီးနင်းမှုများရှိခြင်း၊ အခြားသော ရဲဘော်များနဲ့ အဆင်မပြေသလို ကျေးရွာအတွင်းရှိ ဘုန်းကြီးတစ်ပါးအား ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ သတ်ဖြတ်ရန် ပြုလုပ်ခဲ့ခြင်း၊ ဘုန်းကြီးကျောင်းရှိ ပစ္စည်းများအား ဖျက်ဆီး ခဲ့ခြင်းများကြောင့် ဖမ်းဆီးခဲ့ရပြီး၊ ဖမ်းဆီးကာလအတွင်း ထိုရဲဘော် ၃ ဉီးမှ အခြားရဲဘော်များကို ပြန်လွတ်လာပါက သတ်မယ်လို့ ခြိမ်းခြောက်ခြင်းကြောင့်၊ ဒေသအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်း ၂၃ ဖွဲ့၏ သဘောတူညီမှုဖြင့် စစ်ဆေးခြင်းများပြုလုပ်၍ သေမိန့်ပေးရန်ဆုံးဖြတ်ပြီး ရွာခံအဖွဲ့အစည်းတစ်ခုမှ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ” ဗိုလ်နဂါးမှ ရှင်းလင်းပြောပြခဲ့ပါတယ်။
 
ထို့အပြင် လက်နက်ကိုင်ဆောင်ခြင်းဆိုင်ရာ ကျင့်ဝတ်ကို လိုက်နာလျက်ရှိကြောင်းနှင့် အခွန် ကောက်ခံခြင်းနှင့် ပတ်သက်ပြီး စနစ်တကျ ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါတယ်။
 
MRDA အဖွဲ့ဝင် ရဲဘော်တစ်ဦးမှ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော သက်သေမရှိခြင်းကြောင့် အများသဘောတူ စစ်ဆေးကြားနာမှုကို ရုတ်သိမ်းခဲ့ပါတယ်။ ထို့နောက် ဗိုလ်နဂါးမှ မိမိဘက်မှ အားနည်းချက်တွေ ရှိနိုင်ကြောင်းနှင့် ပြင်ဆင်ရန် အသင့်ရှိ ကြောင်းပြော ကြားခဲ့ပါတယ်။
 
လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်နဂါးအနေနဲ့ ပြည်သူ့အုပ်ချုပ်ရေးကို ကျော်လွန်ပြီး နယ်မြေအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်ကောက်ခံရေးတိုနဲ့ ပါတ်သက်ပြီး လုပ်ပိုင်ခွင့်ရှိသလားဆိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဘက်မှ မေးခွန်းထုတ်ခဲ့ပါတယ်။
 
လက်ရှိတော်လှန်ရေးကာလမှာ‌ တော်လှန်ရေးမှာ အသိစိတ်နဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် မိမိတို့အသိစိတ်နဲ့ နိုင်ရာဝန်ကို ထမ်းနေရတာဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့ပါတယ်။
 
၅ နာရီကျော် ကြာမြင့်ခဲ့သော မျက်နှာစုံညီ ဆွေးနွေးပွဲတွင် Local PDF ဖြစ်သော မြန်မာ့တော်ဝင် နဂါးတပ်တော်မှ ဗိုလ်နဂါးနှင့် ပကဖ၊ပအဖ၊ပလဖ တို့မှာ တိကျရှင်းလင်းပြီး ကြေလည်ကျေနပ်စေသော အဖြေ တစ်ခုကို မရရှိခဲ့ကြပေ။
 
စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြသော ဘက်တော်သားများအချင်းချင်းကြား နားလည်မှု လွဲမှားခြင်းနဲ့ မကျေလည်ခြင်းစတဲ့ အသံတွေကို တိုးတိုးနဲ့ နေရာအချို့တွေမှာ ကြားနေရပါတယ်။
 
လက်ရှိအချိန်ဟာ တော်လှန်ရေးကို အရှိန်မြှင့်တင်ပြီး အာဏာရှင်စနစ်ကို တွန်းလှန်နေရချိန် ဖြစ်ပြီးမိမိတို့ အသိစိတ်နဲ့ နိုင်ရာဝန်ကို ထမ်းဆောင်နေရချိန်ဖြစ်ပါတယ်။
 
နွားကွဲရင် ကျားဆွဲနိုင်တာကို အသိချပ်ပြီး စည်းလုံးညီညွတ်စွာ တော်လှန်ရေးကို မျက်နှာမူပြီး တွန်းလှန်ရမှာ ဖြစ်ပါတယ်။
 
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးထားသူတို့ ပီပီ အခုလို နားလည်မှုလွဲမှားခြင်းနဲ့ အတွင်းစည်း ပြဿနာတက်ခြင်းတို့ မဖြစ်အောင် အချင်းချင်း အားသာချက်၊ အားနည်းချက်တွေကို နားလည် အားပေးစာနာဖို့ လိုသလို၊ ပြဿနာဖြစ်လာပါကလည်း ကြားဝင်ဖြေရှင်းဆောင်ရွက်ပေးမဲ့ ယန္တရားတစ်ခုကို ရေးဆွဲဖို့ အမျိုးသားညီညွတ်ရေးအစိုးရကို တိုက်တွန်းအပ်ပါတယ်။
 
သို့မှသာ ပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ ပြဿနာကို မကြီးလာအောင် အချိန်မှီ ငြိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။
 
ခေတ်အဆက်ဆက် လက်နက်ကိုင်တော်လှန်ရေးရဲ့ အရိပ်ဆိုးကြီးတွေကို သင်ခန်းစာယူပြီး လက်ရှိတော် လှန်ရေးကို ဉီးဆောင်ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ အတွင်းစည်း ပြဿနာကို တဘက်တည်းသား၊ မောင်ဘွားစိတ်ဓာတ်နဲ့ ပြဿနာကို ကြေလည်အောင် ရှင်းလင်း နိုင်မှသာ တော်လှန်ရေးကို အရိပ်မစွန်းဘဲ ဂုဏ်သိက္ခာရှိစွာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
 
တော်လှန်ရေးမှာ ကြီးမြတ်မှုနဲ့ ဂုဏ်သိက္ခာရှိမှုဟာ နိုင်ငံရေးအတွက်နဲ့ နိုင်ငံတော်တည်ဆောက်ရေး အတွက် အလွန်တရာ အရေးကြီးကြောင်း တင်ပြရင်း သွေးချင်းတွေကြား ပြဿနာ ကင်းရှင်း ပါစေကြောင်း။
Back to top button