စစ်ကောင်စီလက်ထက် စီးပွားရေး အကျပ်အတည်း
မြတ်လင်း (DPNS) | သတင်းဆောင်းပါး
အတိတ်ကာလ စီးပွားရေး ကမောက်ကမဖြစ်မှုများ
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေး ကမောက်ကမ ဖြစ်ခဲ့တဲ့ကာလ (၃) ကြိမ်ရှိခဲ့ဖူး ပါတယ်။ အဲဒါတွေကတော့ ၁၉၆၇ ခုနှစ် ၊ ၁၉၈၈ ခုနှစ်နဲ့ အခု ၂၀၂၁ ခုနှစ်ကနေ ယခုချိန် စစ်ကောင်စီအာဏာသိမ်းကာလ (၃)နှစ်ကျော်ထိ ဖြစ်ပါတယ်။
ဗိုလ်နေဝင်းစစ်အုပ်စုလက်ထက်မှာ အထင်ကရစီးပွားရေးမှတ်တိုင်များရှိခဲ့ပါတယ်။ တိုင်းပြည်လူထု မွဲတေခဲ့ရတဲ့ မှတ်တိုင်တွေပါဘဲ။ အဲ့ဒါတွေကတော့ . . .
၁၉၆၄ ၊ မေလ၁၇ရက်နေ့မှာ ကျပ် ၅၀ တန်နှင့် ကျပ် ၁၀၀တန်များကို တရားမဝင်ငွေကြေးဟု ကြေငြာခဲ့ပါတယ်။
၁၉၈၅၊ နိုဝင်ဘာလ၊ ၃ရက်နေ့တွင် ကျပ် ၁၀၀ တန်၊ ၅၀ တန်များ (၎င်းတို့ကို ၁၉၆၄ ငွေကြေးဖျက်သိမ်းပြီးနောက် အသစ်ထုတ်ဝေခဲ့သည်။)နှင့် ၂၀ ကျပ်တန်များကို တရားဝင်မကြေညာဘဲ ဖျက်သိမ်းလိုက်ပြန်ပါတယ်။
၁၉၈၇၊စက်တင်ဘာလ ၅ရက်နေ့တွင် ၂၅ကျပ်တန်၊ ၃၅ကျပ်တန်နှင့် ၇၅ကျပ်တန်များကို ထုတ်ဝေပြီး ၂နှစ်အကြာတွင် တရားမဝင်ကြေညာပြန်ခဲ့ပါတယ်။
ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းပြီးတဲ့နောက် လူလူချင်းအမြတ်ထုတ် သွေးစုတ်ချယ်လှယ်ခြင်းမှ ကင်းရာလွတ်ရာ “မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ” နဲ့အတူ တိုင်းပြည်နဲ့လူထုက ကမ္ဘာ့လူမွှေးသူမွှေးမပြောင်ဆုံးစာရင်း ဝင်ခဲ့ပါတယ်။ ဘဝကို ရောက်ခဲ့ရပါတယ်။ ၁၉၈၇ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂသို့ “ဖွံဖြိုးမှုအောက်ရောက်နေသောနိုင်ငံအဆင့်” သတ်မှတ်ပေးရန် ဗမာနိုင်ငံမှ တောင်းဆိုခဲ့သောကြောင့် ခွင့်ပြုခဲ့သည်။ ထို့ကြောင့် အဆင်းရဲဆုံးနိုင်ငံ (Least Developed Country-LDC) နွံထဲနစ်သွားခဲ့ရ ပါတော့တယ်။ (မဆလ) ထိပ်သီးဗိုလ်နေဝင်းနဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ကုဋေကြွယ်သူဌေးကြီးတွေ ဖြစ်လာခဲ့တယ်။
ဗိုလ်စောမောင် – ဗိုလ်သန်းရွှေတို့ရဲ့ (နဝတ-နအဖ) စစ်အုပ်စုလက်ထက်မှာတော့ တိုင်းပြည်နဲ့လူထုဟာ ဗိုလ်နေဝင်းနဲ့ (မဆလ) တို့ ဆွဲနှစ်ချထားခဲ့တဲ့ (LDC) ဘဝနွံထဲကနေ ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် ဖွတ်သထက်ညစ်ဆိုတာလို လဲရာသူခိုးထောင်းတာ ခံခဲ့ ကြပါတယ်။ ဗိုလ်သန်းရွှေစစ်အုပ်စုခေတ် စစ်ဗိုလ်တွေရဲ့ ချမ်းသာကြွယ်ဝမှုဆိုတာ ဗိုလ်နေဝင်းနဲ့ စစ်ဗိုလ်လက်တစ်ဆုပ်စာရဲ့ ကြွယ်ဝမှုထက် အဆပေါင်းရာထောင်မက ချမ်းသာကြွယ်ဝလာခြင်းဖြစ်တယ်။ (နဝတ-နအဖ)စစ်အုပ်စုခေတ် စစ်ဗိုလ်များရဲ့ ချမ်း သာကြွယ်ဝမှုဆိုတာ (မဆလ)ခေတ်ကလို တီးတိုးပြောဆိုကြရတဲ့ ပိုင်ဆိုင်မှုမျိုးမဟုတ်ဘူး။ လက်ညှိုးထိုးမလွဲတဲ့ ဗြောင်အကျ ဆုံး ပိုင်ဆိုင်မှုတွေ ကိုယ်စီနဲ့ ဖြစ်ပါတယ်။
ဒီအချက်တွေက စစ်တပ်အာဏာသိမ်းမှု (၂)ကြိမ်က ကြုံခဲ့ရတဲ့ မြန်မာပြည်စီးပွားရေး အခြေအနေနဲ့ ပြည်သူတွေရဲ့ “နူရာဝဲစွဲ လဲရာသူခိုးထောင်း ”ဆိုသလို ဗိုလ်နေဝင်း ပြီးနောက် ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ တို့ စစ်ဗိုလ်တစ်သိုက်တွေရဲ့ ပြည်သူလူထုဘဝတွေကို နွံထဲနစ်ချခဲ့ရာကနေ ပြန်လည်ရုန်းထဖို့ ကြိုးစားဆဲကာလမှာပဲ အာဏာသိမ်းဘိုးအေ ဗိုလ်နေဝင်းရဲ့နောက်လိုက် ပြည်တွင်းဖြစ် ဖက်ဆစ်စစ်တပ်ခေါင်းဆောင် နောက်တဦး ပေါ်ထွက်လာပါတော့တယ်။သူကတော့ ၂၁ရာစု စစ်ဘီလူး အာဏာရှုး ဗိုလ်မင်းအောင်လှိုင် ပဲဖြစ်ပါတယ်။ ဗိုလ်နေဝင်းလက်ထက် နဲ့ ဗိုလ်မင်းအောင်လှိုင်လက်ထက် ကို ယှဉ် ကြည့်လိုက်ရင်
၁၉၆၇ မှာ ဗိုလ်နေဝင်းရဲ့ မဆလပါတီက ဗမာ့နည်းဗမာ့ဟန်ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး နိုင်ငံ့စီးပွားရေးကို စိတ်ကူးတည့်ရာ လျှောက်လုပ်တာ ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားဘဏ် ၁၅ ဘဏ် နဲ့ ပြည်တွင်းဘဏ် ၁၀ ဘဏ်ကို နိုင်ငံပိုင်လုပ်တာ . စတဲ့ ကိစ္စတွေ ရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာ ၅ ဒသမ ၃၇ ရာ ခိုင်နှုန်းအထိ ထိုးဆင်းခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာတခါ စစ်တပ်က အာဏာသိမ်းပြန်တော့ GDP ကျ ဆင်းမှု ၇ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပြန်တော့ GDP တိုးတက်မှု နှုန်း ဟာ အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ စံချိန်တင်ထိုးကျသွားတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ ၂၀၂၁ ခုနှစ် အတွက် နောက်ဆုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၀ ကိုဗစ်ကာလမှာ အခြားနိုင်ငံတွေနည်းတူ စီးပွားရေး တုံ့ဆိုင်းမှုနဲ့ ကြုံနေရပါတယ်။ ကိုဗစ်ကြောင့် စီးပွားရေး တုံ့ဆိုင်းခဲ့တဲ့ မြန်မာနိုင်ငံကတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘက်ပေါင်းစုံ ကဏ္ဍအားလုံးအပေါ် ကြီးမားတဲ့ရိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ အာဏာသိမ်း ကာလ (၃) နှစ်ကျော်ချိန်မှာတော့ မြန်မာ့စီးပွားရေးဟာ သမိုင်းတလျှောက်အဆိုးဝါးဆုံး အခြေအနေကို ဆိုက်ရောက် ခဲ့ပါတယ်။ အာဏာသိမ်းကာလအလွန် မြန်မာ့စီးပွားရေး တရိပ်ရိပ်ထိုးကျလာမှုဟာ နောက်နှစ်ပေါင်း များစွာအထိ တိုင်းပြည်စီးပွားရေးကို နလံထူနိုင်ဖို့ ခက်ခဲနေအုံးမှာဖြစ်ပါတယ်။
စကစလက်ထက် နိုင်ငံတကာရင်းနှီးမြှပ်နှံမှု
စစ်အာဏာသိမ်းပြီးတာနဲ့ စီးပွားရေးကဏ္ဍမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ပြီးထွက်ခွာမှု ၊ လုပ်ငန်းအရွယ်အစားလျှော့ချမှု၊ လုပ်ငန်းတွေဆိုင်းငံ့မှုတွေနဲ့ ဦးစွာရင်ဆိုင်ခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ သိသိသာသာလျော့ကျသွားတဲ့အပြင်၊ ဝင်ရောက်ဖို့ စီစဉ်ထားတဲ့ရင်းနှီးမြှုပ်နှံ မှု တွေအားလုံး ရပ်တန့်သွားပါတော့တယ်။ ဒါကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံအထိ ရှိခဲ့ပြီး၊ စစ်ကောင်စီလက်ထက် ၂၀၂၀-၂၁ ခုနှစ်မှာ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံသာ ဝင်ပါတော့တယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းကနေ ထွက်ခွာနေပေမဲ့ စစ်ကောင်စီနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်နေတာကတော့ တရုတ်ဖြစ်ပါတယ်။ တရုတ်ဟာ လောလောဆယ် မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆၀၀ နီးပါးမှာ ရင်းနှီးမြှုပ်နှံထားပြီး အများစုဟာ လျှပ်စစ်ကဏ္ဍမှာဖြစ်ပါတယ်။ ဒီပမာဏဟာ မြန်မာမှာပြည်ပရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ပမာဏရဲ့ ၂၃ ရာ ခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခုချိန်ထိ စစ် ကောင်စီ ခွင့်ပြုခဲ့တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၇ ဘီလီယံထဲက ၃ ဘီလီယံဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နံမှု တွေ ဖြစ်တယ်လို့ ပြည်တွင်းသုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု (ISPMyanmar)ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်လိုက်မယ်ဆိုရင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၀-၂၁ မှာ ၃ ဒသမ ၇၉ ဘီလီယံဒေါ်လာ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီး ၃ နှစ်တာကာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက စုစုပေါင်း ၂ ဒသမ ၈၆ ဘီလီယံပဲ ရှိပါတယ်။ နိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၃ ဒသမ ၇၉ ဘီလီယံဒေါ်လာ ရှိခဲ့တာကြောင့် အာဏာသိမ်းပြီး ၃ နှစ်တာကာလ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဟာ အရပ်သား အစိုးရလက်ထက် တနှစ်တာ ရင်းနှီးမြှုပ်နှံမှုလောက်တောင် မရှိတာကို တွေ့ရပါတယ်။
အခုချိန်ထိ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ပြန်ထွက်သွားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ စစ်တပ် ပိုင် ကုမ္ပဏီတွေနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ နိုင်ငံ၂၀နီးပါးက နိုင်ငံခြားကုမ္ပဏီပေါင်း ၃၀လောက်အထိ ရှိတယ်လို့ သိရပါတယ်။ ဒီလိုထွက်ခွာရတဲ့ အကြောင်းရင်းတွေထဲမှာ တိုင်းပြည်မငြိမ်မသက်ဖြစ်မှု ၊ စစ်တပ်အာဏာ သိမ်းမှုကို မနှစ်မြို့မှု ၊ နိုင်ငံခြားငွေကြေးနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲတာ လွဲချော်မှုတွေနဲ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မပေးနိုင်မှု၊ လောင်စာဆီ စတဲ့ လုပ်ငန်းလည်ပတ်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံဆိုင်ရာကိစ္စကို စစ်ကောင်စီကလစ်လျူရှုမှုတွေ ကြောင့် ဖြစ်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
အာဏာသိမ်း ပြီးနောက်ပိုင်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကိုပေးနေတဲ့ ငွေကြေးအကူအညီတွေ ၊ ချေးငွေတွေ အားလုံးကို ဖြတ်တောက်ခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ကလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ အားလုံးကို ရပ်တန့် ခဲ့သလို ဂျပန် ODA ၊ ကိုရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင် ရွက်ရေး ရံပုံငွေ (EDCF) တို့လို နိုင်ငံတကာ အထောက်အပံ့တွေလည်း ရပ်ဆိုင်းကုန်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ လက်ထက်မှာ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီတွေ ဖြတ်တောက်ခံရတဲ့ကိစ္စဟာ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမား ခဲ့ပါတယ်။
နိုင်ငံခြား ကုမ္ပဏီတွေတခုပြီးတခုထွက်ခွာနေတဲ့အထဲမှာ ရင်းနှီးမြှုပ်နှံ မှုငွေပမာဏ အများဆုံးဖြစ်တဲ့ ပြည်ပစွမ်းအင်ကုမ္ပဏီတွေလည်း ပါဝင်နေတဲ့အတွက် စစ်ကောင်စီဟာ အခုချိန်မှာ နိုင်ငံခြားငွေရင်းမြစ် ကျပ်တည်းလာနေသလို အ လုပ် လက်မဲ့တွေ များသထက် များလာပြီး အခြေခံလူတန်းစားတွေ စားဝတ်နေရေးကျပ်သထက် ကျပ်လာပါ တယ်။ ပြည် တွင်းမှာ အလုပ်အကိုင်ရှားပါးလို့ ပြည်ပကို အလုပ်လုပ်ဖို့ နေစဉ်နဲ့အမျှ ထွက်ခွာနေကြ တဲ့အတွက် မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ တဖြည်းဖြည်း လျော့ကျလာပါတယ်။ ပြည်ပထွက်ခွာတဲ့ ရွှေ့ပြောင်းလုပ်သားဦးရေဟာလည်း ၂၂၀၂၀ခုနှစ်မှာတောင် ၅သန်း ကျော်ရှိနေခဲ့ပါတယ်။
စစ်အသုံးစရိတ် တိုးမြင့်လာမှု
၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်က ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၂၀၀၀ ကျော်သာ ရှိခဲ့ပြီး
၂၀၁၈-၂၀၁၉ ဘတ်ဂျတ်မှာ ကျပ်ဘီလီယံ ၃၀၀၀ ကျော်ကို ပထမဆုံးရောက်ရှိခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကရေးဆွဲတဲ့ ၂၀၂၁-၂၂ ဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၁၇၀၀ ကျော်သုံးစွဲခဲ့ပါတယ်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ ကျပ်ဘီလီယံ ၃၇၀၀ ကျော်အထိ ရောက်ရှိခဲ့ပါတယ်။
၂၀၂၃ ဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော် သုံးခဲ့ပါတယ်။
၂၀၂၄ ဘတ်ဂျက်ကိုတော့ တရားဝင်ဖော်ပြမထားပေပေမယ့် ၂၀၂၃ခုနှစ်ထက်တော့ လျော့နည်းဖို့မရှိပါဘူး။
စစ်ကောင်စီလက်ထက် စစ်အသုံးစရိတ် တိုးမြင့်မှုက တိုင်းပြည်လူထုကို လူမှုစီးပွားအကျပ်အတည်းကို ပိုမိုကြီးထွားစေခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှု
စစ်ကောင်စီလက်ထက်မှာ မြန်မာ့စီးပွားရေးအပေါ် အထိနာဆုံးကတော့ အာဏာသိမ်းပြီး(၃)နှစ်ကျော်ထဲမှာ မြန်မာကျပ် ငွေတန်ဖိုးဖောင်းပွမှု အဆမတန်ထိုးကျသွားတဲ့အတွက် ကုန်ဈေးနှုန်းတွေ နှစ်ဆကျော် တက်သွားတာပဲဖြစ်ပါတယ်။ စစ် တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အမေရိကန် တဒေါ်လာ ၁၃၃၀ ကျပ်၊ ရွှေ တကျပ် သား ၁၃ သိန်းကျပ် ဝန်းကျင်ရှိခဲ့ရာက အခု ၂၀၂၄ နှစ်လယ်လောက်မှာ အမေရိကန် တဒေါ်လာကို ၄၅၈၀ ကျပ် ဝန်းကျင်နဲ့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၄၆ သိန်း ဝန်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာ အရှိန်အဟုန်ကို ကျဆင်းနေပါတယ်။
ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုကတော့ အခြေခံ စားသောက်ကုန်တွေ ဈေးနှုန်း အဆမတန် မြင့်တက်ခဲ့တာပါပဲ။ စစ်တပ်အာဏာသိမ်းမှုကြောင့် အရာရာ ခြွတ်ခြုံကျနေတဲ့ သာမန်လက်လုပ်လက်စား ပြည်သူအများစုကို တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနုန်းက ရိုက်ခတ်မှုကြီး မားခဲ့ပါတယ်။ စားအုန်းဆီဝယ်ယူဖို့ တန်းစီ နေတဲ့ လူအုပ်ကြီးကို မဆလခေတ် သမဆိုင်မှာ ဆန်တိုးစီနေသလိုမျိုး နေရာတကာမှာတွေ့နိုင်သလို အလှူရှင်တွေက ထောက်ပံ့တဲ့ ရိက္ခာကို မျှော်ကိုးနေရတဲ့ အခြေခံလူတန်းစားတွေ ပိုများလာပါတယ်။ ၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေးနှုန်း သုံးဆနီးပါး၊ စားသုံးဆီ ဈေးနှုန်းလေးဆကျော်နဲ့ ပဲ၊ အသားငါးဟင်းသီးဟင်းရွက် ဈေးနှုန်းတွေ နှစ်ဆကျော်အထိ တက်သွားပါတယ်။
၂၀၂၃ ဇူလိုင်လထဲမှာ စစ်ကောင်စီဗဟိုဘဏ်ကနေ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်တွေ ထုတ်ဝေတော့မှာ ဖြစ်တဲ့အကြောင်း ကြေညာချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေအပေါ် ရိုက်ခတ်မှု ကြီးမားခဲ့ပါတယ်။ ဒီကြေညာချက် ထွက်လာပြီးတဲ့နောက် အိမ်ခြံမြေအရောင်းအဝယ်တွေနဲ့ ရန်ကုန်မြို့က ရွှေဆိုင် တွေ မှာ အရောင်းပိတ်ထားခဲ့ကြပြီး၊ ငွေကြေးဖောင်းပွမှု ပြဿနာကို ပိုဆိုးစေခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် မြန် မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းဟာ ၃ဝ ရာခိုင်နှုန်း နီးပါးအထိ ရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ အရှိန်အဟုန်နဲ့ တက်လာတဲ့ ကုန်ဈေးနုန်းကြီးမြင့်တာကို ထိန်းချုပ်နိုင်ဖို့ အတွက် ၂၀၂၄ခုနှစ် ဇွန်လထဲမှာ ရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးတာ၊ ဆန်ကုန်သည်ကို ဖမ်းဆီးတာတွေကို စစ်ကောင်စီကလုပ်ခဲ့ပါတယ်။ ကုန်ဈေးနုန်းကတော့ အဲ့လိုလုပ်လိုက်လို့ ကျမသွားတဲ့အပြင် ပိုတောင်ဆိုးလာပါတယ်။ အခုနောက်ဆုံး အစိုးရဘဏ်ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ဘဏ်တွေစစ်ဆေး အရေးယူဖို့ လုပ်လာပြန်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်အာဏာသိမ်းယူပြီး သုံးနှစ်ကျော်ကာလအတွင်း မြန်မာငွေစက္ကူ ကျပ်ဘီလီယံ ၃၀,၀၀၀ခန့် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ယင်းလုပ်ရပ်သည် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။
ဆင်းရဲမွဲတေမှုနှုန်း
စစ်တပ်အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ် ဆင်းရဲမွဲတေမှု ၂၄.၈ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၄၉.၇ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးလာခဲ့ပါတယ်။ နောက်ထပ် ၂၅ ရာခိုင်နှုန်းကလည်း စားဝတ်နေရေး အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရုံသာရှိတဲ့ အခြေအနေဖြစ်နေတာကြောင့်၊ စုစုပေါင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၇၆ ရာခိုင်နှုန်းလောက်ဟာ အလွန်ထိခိုက်လွယ်တဲ့ အခြေအနေ ရောက်နေတယ်လို့ ဆိုပါတယ်။
ဒီစစ်တမ်းအရ စီးပွားရေးကျဆင်းမှုတွေကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ စစ်ရေးပဋိပက္ခဒေသတွေက ဒေသခံတွေဟာ အထိခိုက်ဆုံးဖြစ်ကြောင်း၊ အမျိုးသမီး ဦးဆောင်တဲ့ မိသားစုတွေဟာ အမျိုးသား ဦးဆောင်တဲ့ မိသားစုတွေထက် ဆင်းရဲမွဲတေမှုဒဏ်ကို ပိုပြီး ခံစားရကြောင်း၊ မြန်မာနိုင်ငံက ကလေးအားလုံးရဲ့ တစ်ဝက်လောက်က ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာလည်း ဒေသတစ်ခုနဲ့တစ်ခု ထိခိုက်နစ်နာမှု အတိုင်းအတာ မတူညီကြောင်း၊ စစ်ရေး တိုက်ခိုက်မှုတွေ အများဆုံး ဖြစ်နေတဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ တစ်ဦးချင်း ဝင်ငွေ အနိမ့်ဆုံးနဲ့ ဝင်ငွေတစ်မျိုးတည်းကို တစ်မိသားစုလုံး မှီခိုနေကြရတဲ့ အချိုးအစားလည်း အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။
ကျေးလက်မှာရော၊ မြို့ပြမှာပါ မိသားစုဝင်တစ်ဦးတည်းရဲ့ ဝင်ငွေကို မှီခိုပြီး နေထိုင်ကြရတဲ့ မိသားစု အရေအတွက် တိုးပွားလာပြီး၊ တစ်နိုင်ငံလုံးမှာ ၄၈ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
အရင်က စီးပွားရေးကောင်းပြီး ဖွံ့ဖြိုးစည်ပင်ခဲ့တဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ ဆင်းရဲမွဲတေမှုတွေ ပျံ့နှံ့နေပြီး၊ အရင်က ချမ်းသာတယ်လို့ သတ်မှတ်ခံရတဲ့ မိသားစုတွေတောင် အခုအချိန်မှာ ကြိုးစားရုန်းကန်နေကြရတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ( UNDP ထုတ်ပြန်ကြေငြာချက် ၁၁ ဧပြီ၂၀၂၄) )
စီးပွားရေးပြန်ပြီး နာလန်ထူနိုင်မလား
မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ စီးပွားရေးဆုတ်ယုတ်မှု ၊ ငွေကြေးဖောင်းပွမှု ၊ အလုပ်အကိုင်ရှားပါးမှု ၊ ကုန် စျေးနှုန်းတွေ မြင့်တက်မှု ၊ စစ်အသုံးစရိတ်မြင့်မားမှု ၊ ဘတ်ဂျက်လိုငွေပြမှု ၊ ဆင်းရဲတွင်းပိုနက်လာမှုတွေဟာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ (၃)နှစ်ကျော်တာကာလထဲမှာ ပြည်သူတရပ်လုံးခံစားနေရတဲ့ အနိဋ္ဌာရုံတွေဖြစ်ပါတယ်။ စစ်ကောင်စီလက်ထက်မှာ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ဆိုတာကတော့ ရေပေါ်အရုပ်ရေးတာကမှ ထင်ချင်ထင်ပါလိမ့်မယ်၊ ဖြစ်နိုင်ချေကတော့ မရှိသလောက်ပါဘဲ။
လက်ရှိမြန်မာပြည်သူတို့၏ လူမှုစီးပွား အကျပ်အတည်း
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇွန်လကနေ ဩဂုတ်လအထိ သုံးလအတွင်း လူ ၂ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နိုင်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ (FAO) တို့က ဇွန်လ ၅ ရက်မှာ ပူးတွဲအစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ အရေအတွက် တိုးလာနေသလို အစားအသောက်နဲ့ အကူအညီပေးရေးကိစ္စတွေလည်း ကန့်သတ်ခံထားရတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။
အရေးပေါ်အခြေအနေ ကြုံရနိုင်တဲ့ လူဦးရေ ၂ ဒသမ ၇ သန်းအပြင် နောက်ထပ် လူဦးရေ ၁၀ ဒသမ ၆ သန်းကလည်း စားနပ်ရိက္ခာမလုံလောက်မှုကို ၂၀၂၄ ခုနှစ်အတွင်း ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
ကလေးငယ် လေးသိန်းကျော် (၄၂၈,၀၀၀) လည်း အစာအာဟာရချို့တဲ့မှုနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နိုင်ပြီး ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅၄ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ စံချိန်တင်မြင့်တက်လာတဲ့ နေရပ်စွန့်ခွာမှု အခြေအနေတွေကြောင့် အန္တရာယ်ကြီးမားတဲ့ အခြေအနေကိုရောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက်ဆုံးအနေနဲ့ တင်ပြချင်တာကတော့ “အခုဆိုရင် မြန်မာနိုင်ငံရဲ့ဂျီဒီပီဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၁၂ ရာခိုင်နှုန်း ကျုံ့သွားပြီး ပြည်သူ ၅၅သန်းရဲ့ ၅ဝ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်နေပါတယ်။ လက်ရှိငွေကြေးဖောင်းပွမှု ၁၈ ရာခိုင်နှုန်းအထက် ရှိနေပြီး အာဏာမသိမ်းခင်က ဆန်တစ်ကီလိုကို ကျပ်ခြောက်သောင်းကျော် ရှိခဲ့ရာက အခု တစ်သိန်းရှစ်သောင်းအထိ ရှိနေပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့စစ်တမ်းအရ စီးပွားရေးလုပ်ငန်းတွေဟာ ၅၆ ရာခိုင်နှုန်းပဲ လည်ပတ်နိုင်တဲ့အတွက် အခွန်ငွေရရှိမှုလျော့ကျနေပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတွင်းက စီးပွားရေးပြဿနာတွေဖြေရှင်းဖို့အတွက် ဆိုပြီး၊ စစ်ခေါင်းဆောင် တွေထဲမှာ နံပါတ် ခုနစ်အဆင့်ရှိတဲ့ ဗိုလ်ချုပ်မိုးမြင့်ထွန်းအပါအဝင် ထိပ်ပိုင်း ဗိုလ်ချုပ်အချို့ကို ရာထူးကနေ ချပြီး အရေးယူခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့လိုပဲ ရာထူးကနေ မပြုတ်ဘဲ ကျန်နေတဲ့ ဗိုလ်ချုပ်တွေဟာလည်း လာဘ်စားပြီး အရည်အချင်းမပြည့်တဲ့သူတွေသာ ဖြစ်ပါတယ်” လို့ ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခဖြစ်သူ ဇက်ခါရီ အဘူဇာ ( Zachary Abuza ) ဆိုထားပါတယ်။ (၅.၅.၂၀၂၄RFA)
မြတ်လင်း (DPNS)