အတွေးအမြင်

လူ နဲ့ မူ ပြန်လည်သုံးသပ်သင့်တဲ့ PNLA တပ်ဖွဲ့

လူ နဲ့ မူ ပြန်လည်သုံးသပ်သင့်တဲ့ PNLA တပ်ဖွဲ့

ခွန်စိုးမြင့် [ပ၊ အ၊ မ၊ ဖ] | အတွေးအမြင် 

▪️ PNLA စစ်သုန့်ပန်းကို ပစ်သတ်လိုက်တဲ့ ရုပ်သံဖိုင် အွန်လိုင်းပေါ် ပျံ့နှံ့နေတာကိုကြည့်ပြီး PNLA အပေါ် အများကြီးမေးခွန်းထုတ်စရာပိုရှိလာတယ်။ အဲ့တာက ဘာလဲဆိုရင် “PNLA ဟာ ဘာလုပ်ဖို့အတွက် ဖွဲ့စည်းထားသလဲ? ဘယ်သူတွေအတွက် ဖွဲ့စည်းထားသလဲ? ” ဆိုတာပါပဲ။

▪️ အမျိုးသားရေးအတွက်အလုပ်လုပ်မယ်ဆိုရင် အမျိုးသားရေးအလုပ်နဲ့တူအောင် ပီပီပြင်ပြင်လုပ်ဆောင်ဖို့ လိုအပ်နေသလား?ပေါ့။ ဘာဖြစ်လို့လဲဆိုတာ PNLA ရဲ့ အားနည်းချက်ကိုအရင်သုံးသပ်ကြည့်ရမှ သိမယ် လို့ ယူဆတယ်။ PNLA အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ဖြစ်တဲ့ တပ်ဖွဲ့စည်းမှု၊ တပ်စုစည်းမှု ကျစ်လစ်မှု အပိုင်း၊ မူဝါဒ နှင့် ပေါ်လစီဖြင့် အလုပ်လုပ်တတ်တဲ့ အလေ့အကျင့်၊ ဦးဆောင်သူအယောက်ချင်းစီတိုင်းရဲ့ နိုင်ငံရေးကျွမ်းကျင်ပါးနပ်မှု (နိုင်ငံရေးအရည်အချင်း) နဲ့ ပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံမှုချည်နှောင်အား စတာတွေ အားနည်းနေတာတွေ့ရတယ်။ စစ်ရေးက စစ်ရေးတပိုင်းပေါ့။

▪️ စစ်အာဏာရှင်ကိုမကြိုက်ဘူး၊ စစ်အာဏာရှင်ကို တိုက်မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုရင် ကိုယ်တိုက်နေတဲ့ အဖွဲ့အစည်းထက် (နိုင်ငံရေးအရ၊ စစ်ရေးအရ၊ လူထုစည်းရုံးရေးအရ) တစ်ပန်းသာနေဖို့လိုအပ်၊ တစ်ပန်း သာနေအောင် မိမိအဖွဲ့အစည်းကို ကြိုးစားတည်ဆောက်ဖို့လိုတာပေါ့။ ဦးဆောင်သူပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ အရည်အချင်းမှာလည်းပဲ သာမာန်လူတွေထက် တစ်ပန်းသာဖို့ ကိုယ့်ကိုယ်ကိုတည်ဆောက်ဖို့ လိုအပ် တာပေါ့။

▪️ PNLA အနေနဲ့ မဲနယ်တောင်တိုက်ပွဲ၊ ဆီဆိုင်မြို့သိမ်းတိုက်ပွဲ စတဲ့ စခဲ့တဲ့ စစ်ပွဲတစ်ပွဲချင်းစီတိုင်းအတွက် ပစ်ပစ်နစ်နစ်ပြန်လည်သုံးသပ်သင့်တယ်။ စစ်ရေးအစီအမံ(Plan)ရှိဖို့လိုအပ်တယ်။ အမျိုးသားရေးတည် ဆောက်မှုအစီအမံ(Plan)ရှိဖို့လိုအပ်တယ်၊ တိုင်းပြည်တည်ဆောက်ရေးအစီအမံ(Plan)ရှိဖို့လိုအပ်တယ်၊ လူထုစည်းရုံးရေးအစီအမံ(Plan)ရှိဖို့လိုအပ်တယ်။ တပ်မှူးတိုင်းမှာ အဆိုပါ စိတ်ဓါတ်တွေကိန်းဝပ်ဖို့ လိုအပ်တယ်၊ အဲ့ဒိအစီအစဉ်အတွက်လည်း အရည်အချင်းလည်းရှိဖို့လိုအပ်တယ်။ မရှိသေးရင် ရှိအောင်တည်ဆောက်ဖို့ ခေါင်းဆောင်မှာ အစီအစည်ရှိဖို့လိုတယ်။

▪️ PNLA ဖော်ခဲ့တဲ့ တိုက်ပွဲနောက် တိုက်ပွဲအရှိန်မြှင့်တက်လာနေစဉ်မှာ လူထုစည်းရုံးရေး၊ နိုင်ငံရေးစည်းရုံး ရေးတွေက နောက်မှာ ကပ်လိုက်ပါလာဖို့လိုအပ်တယ်။ အဲ့ဒီတိုက်ပွဲအပေါ် လူထုတွေ အမြင်ရှင်းနေအောင် အချိန်နဲ့တပြေးညီရှင်းလင်းတင်ပြပေးဖို့လိုအပ်တယ်။ မိမိအဖွဲ့အစည်းနဲ့ နီးစပ်တဲ့ ပအိုဝ်းစီအက်အိုတွေ၊ မီဒီယာတွေ၊ တတ်သိနားလည်တဲ့ တိုးတက်တဲ့အမြင်ရှိတဲ့လူငယ်တွေ စည်းရုံးသိမ်းသွင်းဖို့လိုအပ်တယ်။ သို့ပေမယ့် PNLA ဟာ အတိတ်မှာ ဒါတွေ တစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။ “ငါတို့အဖွဲ့” ဆိုပြီးတော့ပဲလုပ်နေကြတာတွေ့ ပအိုဝ်းအမျိုးသားရေးကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားထားပုံလည်းမတွေ့ရ။

ဒါကြောင့် အထက်ပါအချက်တွေကို PNLA မလုပ်နိုင်ခဲ့တာဖြစ်တယ်။ မလုပ်နိုင်တဲ့အပြင် အဖွဲ့အစည်းမှာ တာဝန်ကြီးကြီး ယူထားတဲ့ ခေါင်းဆောင်အချင်းချင်းတွေလည်းအဖွဲ့အစည်းအပေါ် သစ္စာမရှိကြပြန်ဘူး။ အဖွဲ့အစည်းအတွင်း ကမောက်ကမ ဖြစ်တော့ သူလည်းတာဝန်မယူချင် ကိုယ်လည်းတာဝန်မယူချင်၊ သူလည်းထွက်၊ ကိုယ်လည်းထွက် ကိုယ်လွတ်ရုန်းနေကြတာတွေ့ရတယ်။ လူထုအားကိုးဖို့နေနေသာသာ သူတို့ဘာသာသူတို့တောင်မှအနိုင်နိုင် (လူထုအမြင်မှာအဲ့လိုဖြစ်သွားစေတယ်)။ မူနဲ့အလုပ်မလုပ်ကြဘူး၊ လူနဲ့အလုပ်လုပ်ကြတယ်။ ဥပမာ – ပအိုဝ်းအချင်းချင်းဆို ကျနော်တို့ မတိုက်ဘူး ကျနော်တို့မလုပ်ဘူး ဆိုတာထက် PNLA ရဲ့ ရန်သူနဲ့ ပတ်သက်တဲ့ မူက ဘာလည်း? ရန်သူက ဘယ်သူလဲ? ရှင်းလင်းကွဲပြားဖို့လို တာပေါ့။

▪️ ဖမ်းဆီးမိစစ်သုံ့ပန်းကို ပီအဲန်အိုက စစ်တပ်ထံအပ်တယ်၊ စစ်တပ်က ကွပ်မျက်တယ်။ ပီအဲန်အို နဲ့ စစ်တပ်ဘက်ရဲ့ ရပ်တည်ချက်မူကို လေ့လာကြည့်ရင် ရှင်းလင်းပြတ်သားနေတာ တွေ့ရတယ် အချင်းချင်းဆိုတာ သူတို့မှာ မရှိဘူး။ မီဒီယာမှာရော လူထုစည်းရုံးရေးမှာပါ ပေါတင် ပြောနေတာတွေ့ရတယ်။ အဲ့တာက ဘာလဲဆိုရင် PNLA ဆိုတာ အကြမ်းဖက်အဖွဲ့ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့နဲ့ပေါင်းနေတဲ့ သစ္စာဖောက် ဒါမှမဟုတ် ပအိုဝ်းနယ်ကို ဖျက်ဆီးတဲ့အင်အားစု ဆိုပြီး လူထုကို ဝါဒဖြန့်နိုင်သလို အောက်ခြေရဲဘော်တွေကိုလည်း အဲ့လိုပဲ ဝါဒဖြန့်ပြီး တိုက်နေတာ ဖြစ်တယ်။ ဗိုလ်ချုပ်သူရိန်မို့လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာမို့လို့ ခွန်မြင့်ထွန်းမို့လို့ မရှိဘူး၊ မူဟာ မူပဲ လူဟာလူပဲ၊ ရန်ငါစည်းပြတ်တယ်။

▪️ ဒါကြောင့် PNLA က ဘာအတွက် ဖွဲ့စည်းသလဲ? ဘယ်သူ့အတွက် ဖွဲ့စည်းထားသလဲဆိုတာ တာဝန်ယူထားတဲ့လူတွေ အားလုံးရှင်းနေမှ ဘယ်ခြေလှမ်းဆက်လှမ်းရမလဲဆိုတာ ပေါက်မှာဖြစ်တယ်။ သို့မဟုတ် အတိတ်က သင်ခန်းစာကိုမယူပဲ ဒီအတိုင်းလေးပဲ ဆက်သွားမယ်လို့ စိတ်ကူးနေတာပဲဖြစ်ဖြစ်၊ အရင်အတိုင်းပဲ မပြောင်းမလဲ ဆက်သွားနေတာမျိုးပဲ ဖြစ်ဖြစ် ဆိုရင် PNLA အဖွဲ့အစည်းက တစ်ဖြေးဖြေး ပအိုဝ်းပြည်သူထုနဲ့ ဝေးသွားပြီး အဆက်ပြတ်ကျန်ရစ်ခဲ့မှာအမှန်ပဲ။

#PS/ PNLA တပ်ဖွဲ့ရဲ့ အတိတ်က သင်ခန်းစာများ – NCA ကာလအတွင်း အမျိုးသားရေးလှုပ်ရှားမှု နဲ့ ပြည်သူလူထုချိတ်ဆက်ဆောင်ရွက်နိုင်မှုအပေါ်အားနည်းချက် အားသာချက်၊ ၊ အာဏာသိမ်းပြီးနောက် PNLA လှုပ်ရှားနယ်‌မြေသို့ရောက်ရှိလာသော မျိုးဆက်သစ်လူငယ်များ၏ အခန်း ကဏ္ဍ တိုးတက်မှု ဆုတ်ယုတ်မှုအခြေအနေ၊ ပင်လောင်းက ရဲဘော် (၅) ဦး အကြောင်းမဲ့အသတ်ခံ ရတဲ့ကိစ္စ၊ မဲနယ်တောင်နဲ့ ဆီဆိုင်မြို့သိမ်းတိုက်ပွဲ၊ အဖွဲ့အစည်းအတွင်း ခေါင်းဆောင်အချင်းချင်း အကြားအကွဲအပြဲကိစ္စ၊ PNLA စစ်သုံ့ပန်းရဲဘော် (၅) ဦးရက်ရက်စက်စက် အသတ်ခံရတဲ့ကိစ္စ။

ခွန်စိုးမြင့် [ပ၊ အ၊ မ၊ ဖ]

Related Articles

Back to top button