တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသတင်း

စစ်ကောင်စီ စစ်ရေးဖိအားပေးလာရင် ခုခံတွန်းလှန်ဖို့ KIA ပြင်ဆင်ထားတယ်လို့ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၃

မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ၂ နှစ် ပြည့်ပြီးနောက် စစ်ကောင်စီက အာဏာသက်တမ်း ၆ လ ကို ပြန်လို တိုးယူလိုက်ပါတယ်။ အာဏာသက်တမ်း တိုးယူပြီးနောက် တိုင်းနဲ့ ပြည်နယ်အများစုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသလို ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ထိုးစစ်ဆင် တိုက်ခိုက်မှု ပြင်းထန်စွာပြုလုပ်လာနေတာ တွေ့ရပါတယ်။

စစ်ကောင်စီက ကချင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာမထားပေမယ့် အချိန်မရွေး စစ်ရှိန်ပိုမြင့်ပြီး တိုက်ခိုက် လာနိုင်တာကြောင့် ကချင်လွတ် မြောက်ရေးတပ် (KIA) အနေဖြင့် စစ်ကောင်စီ၏ စစ်ရေးအရ ဖိအားပေး တိုက်ခိုက် လာရင် ခုခံတွန်းလှန်ဖို့ ပြင်ဆင်ထားတယ်လို့ ကချင်လွတ်မြောက်ရေးကောင်စီ (KIC) အထွေထွေ အတွင်းရေးမှူး -၂ ဆလန်ကဘာ လဘန် ဒွဲပီဆာက KIO သတင်းဌာန လိုင်ဇာတီဗွီကတဆင့် ပြောဆိုထားပါတယ်။

“ဒီ ၂၀၂၃ ခုနှစ်မှာလည်း စစ်ကောင်စီက အာဏာသက်တမ်း ၆ လ ပြန်တိုးယူတယ်။ ဒီတကြိမ်တော့ အရင်နှစ်က ထက် ပိုမိုပြင်းထန်တဲ့ စစ်ရှိန်နဲ့ ဖိအား ပေးလာနိုင်တယ်။ ကျနော်တို့ KIA ကတော့ ပြင်ဆင်ထားတယ်၊ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကလည်း အဲဒီအခြေအနေကို ပြန်လည် ခုခံနိုင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ထိ ၂ နှစ်တာ အာဏာချုပ်ကိုင် အုပ်ချုပ်ပြီး နိုင်ငံရေး ထွက်ပေါက်ရှာပေမယ့် တစုံတရာ အောင်မြင်မှု မရှိခဲ့သလို၊ မအောင်မြင်မှုကြောင့် စစ်ရေးကို အဓိကထားပြီး ဖြေရှင်းလာမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ မနေ့က ကျရောက်ခဲ့တဲ့ ၆၂ နှစ်မြောက် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ တော်လှန်ရေးနေ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘာလန်၏ မိန့်ခွန်းမှာလည်း ၂၀၂၃ ခုနှစ်ဟာ အပြောင်းအလဲနှစ် ဖြစ်လာမှာ ဖြစ်သလို စစ် ကောင်စီကလည်း စစ်ရှိန်မြင့်ပြီး ဖိအားပေးမှု ပိုမိုပြင်းထန်လာမှာ ဖြစ်တယ်လို့ သတိပေး ထည့်သွင်း ပြောကြား ထားပါတယ်။

ထို့ကြောင့် ယခုကာလဟာ စစ်ကောင်စီ၏ အာဏာသိမ်းမှုကို မြန်မာ လူထုတရပ်လုံးက လက်မခံဘဲ ရရာ လက်နက် စွဲကိုင်ပြီး တော်လှန်နေကြသလို တကြိမ်တခါမှ စစ်ပွဲမရှိဖူးတဲ့ မြေပြန့် အညာ ဒေသက ဗမာလူမျိုး တွေကိုယ်တိုင် ဆန့်ကျင်ပြီး တွန်းလှန်နေတာ မြင်ရတာကြောင့် KIO အနေနဲ့လည်း လူထုတွေရဲ့ တသားတည်း ရပ်တည် ပူးပေါင်းပြီး နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာတဲ့ NUG / NUCC/ CRPH တော်လှန်ရေး အင်အားစုတွေနဲ့ပူးပေါင်းကာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ကြိုးစားဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

Related Articles

Back to top button