
FJMM – ကဗျာ / လူလုပ်ကမ္ဘာ
မီးညှိခံရပြီး
မဖွာရှိုက်ကုန်ဆုံးသွားသော လူငယ်ဘဝများ
ဒါ သိပ်နှမြောဖို့ကောင်းတယ်။
မီးညှိခံစီးကရက်
တငွေ့ငွေ့ တောက်လောင် အသက်ပျောက်
သူလွတ်မြောက်ခဲ့ပြီ
ငါမရှင်သန်လိုသော ဤလူလုပ်ကမ္ဘာမှ။
ပြာခွက်ထဲ ခြွေချ
တဝက်တပျက် မီးသတ်ခံရတဲ့ စီးကရက်တို
အညွန့်တလူလူ ဘဝတုံးခဲ့တဲ့ လူငယ်ဘဝ
သူဘယ်လောက်နားကျည်းလေမလဲ
မချိတင်ခဲနဲ့ ငါမနေချင်ခဲ့သော
အာသာဖြေ လူ့ဖြစ်စဉ်ထဲ။
တရိပ်ရိပ်မြင့်တက်လာနေသော လှိုင်းလုံးများ
သူ့အရပ်ဒေသသို့ ပြန်မဆင်းတော့တဲ့အခါ
လူတွေဟာ ဘယ်နေရာမှာများ ပုန်းအောင်းနေမလဲ
လူလုပ်ကုန်ထုတ်ရုံများ ဘာတွေထပ်ရောင်းဦးမလဲ
လူလုပ်ကမ္ဘာမှငါ စိတ်ဝင်တစားဖြစ်မိတယ်
ငါတကယ်ကို စိတ်ဝင်စားမိတယ်။
လူလုပ်ကုန်ထုတ်ရုံများမှ အခမဲဖြန့်ဝေလိုက်သော
လွတ်မြောက်မှုအကြောင်း ငါစိတ်ဝင်တစားဖြစ်မိတယ်
အဆိပ်သင့်မှုနဲ့ သေဆုံးသွားသော ကလေးသူငယ်များ
ကင်ဆာနဲ့သေဆုံးသွားသူ အဘွားအိုများအကြောင်း
ငါစိတ်ဝင်တစားဖြစ်မိတယ်။
လူလုပ်ကမ္ဘာကြီးမှာ တံဆိပ်ခတ်ထုတ်ကုန်များသာ ရောင်းရန်ရှိတယ်၊ တံဆိပ်မကပ်နဲ့ ငါဟာ ရောင်းကုန်မဟုတ်။
ငါစိုးရိမ်သောအရာတခု၊ ကမ္ဘာစစ်မဟုတ်၊ တိုက်ပွဲမဟုတ်၊ လူ့ပဋိပက္ခမဟုတ်၊ ငါမုန်းတတ်သွားမှာ၊ လူတွေမချစ်တတ်တော့မှာ။
– ခွန်စဝ်