ကဗျာ

မျှော်သာမျှော်

FJMM – ကဗျာ / မျှော်သာမျှော်
 
“မျှော်သာမျှော် ပေါ်မလာတဲ့သူရယ်
စိမ်းကား မချစ်လို့၊ မုန်းလို့ ပုန်းနေလား”
 
– မှတ်မိသေးပါရဲ့
အဲဒီညက ခဏမေးမြန်းစရာရှိတယ်ဆိုပြီး
သေနတ်ခါးကြားထိုးထားတဲ့
လူတစ်စုက ဖမ်းခေါ်သွားတာ
 
အခုဆို ဘယ်ဆီဘယ်ဝယ်
ဘယ်ရောက်လို့ ဘယ်လိုနေ၊ ဘယ်လိုစားနေရလဲ
အချစ်ရယ်…ကျမစိတ်ပူမိတယ်
 
“လင်ကွာမိန်းမ တသသ၊ လင်သေမိန်းမ တတတ” တဲ့
ကျမမှာ လင်ယောင်္ကျားနဲ့ ကွာရှင်းထားလို့၊
လင်ယောင်္ကျား သေဆုံးသွားလို့ ဝမ်းနည်းပူဆွေးနေတာ မဟုတ်ပါဘူး
 
ကျမရဲ့ ယောင်္ကျား၊ ကလေးနှစ်ယောက်ရဲ့ ဖခင်၊ ကျမတို့ မိသားစုဘဝရဲ့ အနာဂါတ်မို့
 
ဘယ်ချိန်ဘယ်ခါ အိမ်ကိုပြန်ရောက်လာမလဲလို့
စောင့်မျှော်နေမိတာပါ။
 
– ဟန်လင်း (ရှမ်းမြောက်ဒေသခံတစ်ဦးရဲ့ ကိုယ်စား ရေးဖွဲ့ခြင်း ဖြစ်ပါတယ်)

Related Articles

Back to top button