
ယာယီအပစ်ရပ်ကာလအတွင်း အမျိုးသမီး ၇၁ ဦး သေဆုံးမှုရှိခဲ့ကြောင်း BWU ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မေ ၇၊ ၂၀၂၅
ယာယီ အပစ်အခတ်ရပ်စဲကြောင်း ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ၁ လတာ ကြေညာထားတဲ့ ကာလအတွင်း အမျိုးသမီး ၇၁ ဦး သေဆုံးပြီး၊ ထိခိုက် ဒဏ်ရာရသူ ၅၀ ဦး ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ(BWU) က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း တော်လှန်ရေး တပ်ဖွဲ့တွေ အပါအဝင် စစ်ကောင်စီက ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်ကြောင်း အသီးသီး ကြေညာခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းအပါအဝင် မြေပြင် ထိုးစစ်များဖြစ် ဆက်လက် တိုက်ခိုက် မှုကို လုပ်ခဲ့တဲ့အတွက် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးခဲ့ရတယ်လို့ BWU က ဆိုပါတယ်။
အဲဒီ ယာယီအပစ်ရပ် ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၉ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇ ဦး နဲ့ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ၅ ဦး သေဆုံးခဲ့တယ်လို့ BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပြီး သေဆုံးခဲ့တဲ့ အမျိုးသမီး ၇၁ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ၁၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ထိခိုက် ဒဏ်ရာရတဲ့ အမျိုးသမီးတွေထဲမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၀ ဦး၊ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄ နဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်က မုဒိမ်းပြုကျင့်ခြင်းကြောင့် ၁ ဦး ပါဝင်ပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆောင်းနှင်းကတော့ “အပစ်အခတ်ရပ်စဲတယ်ဆိုတာ ဘက်နှစ်ဘက်က တရားဝင် တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ကြေညာရမှာဖြစ်သလို နှစ်ဘက်သဘောတူညီမှုကိုလည်း လိုက်နာမှု ရှိမရှိ အပေါ် အားကောင်းခိုင်မာတဲ့ ကြားခံစောင့်ကြည့်တဲ့ ယန္တရားတွေနဲ့ စောင့်ကြည့်နိုင်ဖို့ သေချာညှိနှိုင်းကြရမှာ ဖြစ်ပေမယ့် လက်ရှိ ယာယီအပစ်ရပ်စဲမှုဟာ မီဒီယာတွေအပေါ်မှာ ရေးသားဖော်ပြနိုင်ဖို့နဲ့ နိုင်ငံတကာကို ထုတ်ပြန် ချက်ဖြင့် ဖော်ပြရုံတာဖြစ်လို့ ယာယီ အပစ်ရပ်စဲကြောင်း ဘက်အသီးသီး ကြေညာချက်က လက်တွေ့မှာ အသက် မဝင်တဲ့ အခက်အခဲ ဖြစ်နေတယ်” လို့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ အွန်လိုင်းစကားဝိုင်းကတဆင့် ဆွေးနွေး ထောက်ပြထားပါတယ်။
ပေးပို့ – BWU ထုတ်ပြန်ချက်