
ဗမာ(မြန်မာ)လူမျိုး ကိုယ်စားပြုအလံတော်ဆိုတာ ရှိလား
ရေးသားသူ – နောင်လင်းထွဋ်
(ယခုဆောင်းပါးဟာ စာရေးသူ နောင်လင်းထွဋ်ရဲ့ အာဘော် ဖြစ်ပါတယ်)
ပြီးခဲ့တဲ့ ရက်က ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကျင်းပတဲ့ Fund Raising ပွဲလေး တစ်ပွဲ သွားဖြစ်ခဲ့တယ်။ အဓိက ကတော့ ရန်ပုံငွေရရှိရေးအတွက် လုပ်တဲ့ပွဲလေးဖြစ်ပြီး ရရှိတဲ့ အမြတ်ငွေတွေကိုတော့ မြန်မာပြည်မှာရှိတဲ့ လိုအပ်တဲ့နေရာတွေ၊ အဓိကကတော့ စစ်ရှောင်စခန်းတွေကို ပံ့ပိုးသွားဖို့ ရည်ရွယ်တဲ့ပွဲပါ။
သိကြတဲ့အတိုင်း စစ်တပ်ရဲ့ အဆင်အခြင်မဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်အနှံ့က စစ်ရှောင်စခန်းတွေ၊ ပြည်သူတွေမှာ လိုအပ်ချက်တွေ များစွာရှိနေပြီး ဒီလိုအပ်ချက်တွေကို အားလုံးမဟုတ်တောင် ထိုက်သင့်သလောက်ဖြည့်ဆည်းပေးနိုင်ဖို့ ပြည်ပရောက် နေသူတွေက ရနိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ အခါအားလျော်စွာ ရန်ပုံငွေပွဲတွေလုပ်ပြီး ငွေရှာထောက်ပို့ လုပ်ကြရတာပါ။
ပြည်ထောင်စုနေ့ပွဲဆိုတော့ ပွဲအပြင်အဆင်ကိုလည်း ထုံးစံအတိုင်း မြန်မာနိုင်ငံမှာရှိတဲ့ အဓိကလူမျိုး စုကြီး ၈ စုရဲ့ အလံတွေကို စတိတ်စင်ပေါ်မှာ လွှင့်ထူထားတာကိုလည်း တွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော် သတိထားမိတာတခုရှိတယ်။
စင်ပေါ်က အလံတွေက အားလုံး (၇) ခုပဲ ရှိပြီး ဗမာ(မြန်မာ)လူမျိုးကိုယ်စားပြုအလံတော့ မတွေ့မိဘူး။ တစ်ခြား (ကချင်၊ ကရင် အစရှိတဲ့ ) လူမျိုးစုအလံတွေပဲ လွှင့်ထူထားတာတွေ့ရတယ်။ အဲ့တာနဲ့ အနားမှာရှိတဲ့ တစ်ယောက်ကို မေးကြည့်တာပေါ့လေ။ ဗမာ(မြန်မာ)လူမျိုးအလံ မတွေ့ပါလားလို့။ သူကတော့ ခပ်အေးအေးပဲ ပြန်ပြောတယ်။ ဗမာ(မြန်မာ)အလံက ကြယ်ဖြူနဲ့ ဝါစိမ်းနီအလံပဲလေတဲ့။
အဲဒါကြောင့် မထည့်တော့တာ ထင်တယ်တဲ့။ ဝါစိမ်းနီ ကြယ်ဖြူအလံက လက်ရှိ နိုင်ငံတော်အလံဆိုပြီး သုံးနေတဲ့ ၂၀၁၀ တုန်းက ၂၀၀၈ ခြေဥအရဆိုပြီး ပြောင်းလဲခဲ့တဲ့အလံကြီးပဲ မဟုတ်လား။ ဗမာ(မြန်မာ) လူမျိုးစုအလံမှ မဟုတ်တာ။
(စကားမစပ် ဒီ ၂၀၁၀ က စပြောင်းခဲ့တဲ့ နိုင်ငံအလံဆိုတာကြီးလည်း ကျွန်တော့အမြင်သဘောထားအရ လုံး၀ သဘောမတူ၊ မကြိုက်ပါ။ စစ်တပ်က ပြည်သူလူထုသဘောထား ဆန္ဒမပါပဲတစ်ဖက်သတ် လုပ်ထားသည့် အလံ၊ တစ်နည်းအားဖြင့် စစ်တပ်အလံ သာဖြစ်သည်ဟုမြင်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အားလုံး လက်ခံနိုင်သည့် နိုင်ငံတော်အလံကို ပြောင်းလဲပစ်ရမယ်လို့ ကျွန်တော်ကတော့သဘောထားရှိတယ်။)
ခဏအကြာမှာတော့ ဗော်လန်တီယာ တချို့ စတိတ်စင် အောက်ခြေမှာ လူမျိုးကိုယ်စားပြုအလံငယ်လေးတွေ လိုက်ကပ်နေတာ တွေ့ရပါတယ်။ ဒီနေရာမှာတော့ အလံက ၈မျိုးလုံးစုံပြီး ဗမာ(မြန်မာ)ကိုယ်စားပြုအလံ ကိုပါတွေ့ရသည်။ သုံးရောင်ခြယ်ကိုမှ အလယ်မှာ ဒေါင်းရုပ်ပုံနဲ့ ဖြစ်သည်။
စတိတ်စင်ပေါ်မှာ ဗမာ(မြန်မာ) အလံကိုယ်စားပြုမလွှင့်တင်နိုင်တာက ပိတ်စနဲ့အလံကို အလွယ်တကူမရရှိနိုင်လို့ ဖြစ်မည်ဟု ကိုယ့်ဘာသာ တွေးယူလိုက်သည်။ စတိတ်စင်အောက်ခြေမှာ အလံငယ်လေးတွေကတော့ ပရင့်ထုတ် လိုက်လည်း အလွယ်တကူရနိုင်တယ်လေ။ အဲ့ဒါနဲ့ပဲ စိတ်ထဲမှာ ဒီ ဗမာ(မြန်မာ)အလံနဲ့ ပတ်သက်ပြီး လူတွေ ဘယ်လောက် အထိ သိလဲဆိုတာ တီးခေါက်ကြည့်ချင်စိတ် ဖြစ်လာပြီး နီးစပ်ရာလူတော်တော်များများကို လိုက်မေးကြည့် ကြည့်တယ်။ ဗမာ(မြန်မာ)အလံက ဘယ်လိုမျိုးလဲလို့။ စတိတ်စင်ပေါ်မှာ အလံ ၇ ခု ပဲရှိတာသတိပြု မိလားလို့။ ဗမာ(မြန်မာ)အလံမရှိဘူးလားလို့။ တော်တော်များများက ပြောမယ်ဆိုရင် အဲ့နေ့က လိုက်မေးကြည့် သလောက် ဘယ်သူမှ မသိဘူး။ ကြယ်ဖြူနဲ့ ဝါစိမ်းနီအလံကိုပဲ ဗမာအလံဆိုပြီး ပြန်ပြောကြတယ်။ လူအများကြီးကို လိုက်မေးနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ လက်လှမ်းမှီသလောက်လေးပဲ မေးရတာဆိုတော့ ၁၀ ယောက် ကျော်ကျော်လောက်ကိုပဲ မေးနိုင်ခဲ့တာပါ။ တစ်ယောက်ကတော့ ဖြေတယ်။ NLD ပါတီအသုံးပြုနေတဲ့ အလံက ဗမာ(မြန်မာ)ကိုယ်စားပြုအလံပါ ဆိုပြီးတော့ပေါ့။
တကယ်တမ်း သူတို့သာ သေချာ သတိထားမိမယ် ဒါမှမဟုတ် ဗမာ(မြန်မာ)အလံကိုသာ သိနေကြမယ်ဆိုရင် အလွယ်တကူ မြင်နိုင်မှာပါ။ အလံက ဓါတ်ပုံရိုက်တဲ့နေရာမှာရော၊ စတိတ်စင်အောက်ခြေမှာပါ ကပ်ထားပါတယ်။ အံ့ဩ စရာပါ။ ဘယ်သူမှအဲ့ဒီအလံကို သိမနေကြဘူး။
လူများစုက ဗမာ(မြန်မာ)အလံကို မသိဘူးဆိုရင် ကြယ်ဖြူ သုံးရောင်ခြယ် နိုင်ငံအလံကိုပဲ ဗမာ(မြန်မာ) လူမျိုးကိုယ်စားပြု အလံဆိုပြီး အမှတ်မှားနေတာမျိုးဖြစ်နိုင်သည်။ ဒါမှမဟုတ် ဗမာ(မြန်မာ) လူမျိုး ကိုယ်စားပြု အလံဆိုပြီး တခါမှသုံးတာ မတွေ့တာကြောင့်လား၊ ဗမာ(မြန်မာ)လူမျိုး ကိုယ်စားပြုအလံဆိုပြီး သတ်မှတ် ထားတာ မရှိလို့ပဲလား။ Wikipedia က ဗမာ(မြန်မာ)လူမျိုးဆိုင်ရာ အကြောင်းမှာတော့ သုံးရောင် ခြယ်မှာ အလယ်က ဒေါင်းရုပ်ပုံနဲ့ပုံကို တွဲပြီးဖော်ပြ ထားတယ်။ ဒါဆိုရင်တော့ ခုနက စတိတ်စင် အောက်မှာ ကပ်ထားတဲ့ ပုံစံငယ် ဗမာ(မြန်မာ)ကိုယ်စားပြုအလံနဲ့ အတူတူပဲ ဖြစ်သည်။
ထူးထူးခြားခြားအနေနဲ့ ၂၀၁၉ တုန်းက သတင်းတခုမှာတော့ ကရင်နီ(ကယား)ပြည်နယ်မှာ ဗမာ(မြန်မာ) တိုင်းရင်း သားရေးရာ ဝန်ကြီးက ဗမာ(မြန်မာ)လူမျိုးကိုယ်စားပြုအလံဟာ ခုထိ မရှိသေးကြောင်း၊ နိုင်ငံအလံ ကိုပဲ ဗမာကိုယ်စားပြု သုံးနေရကြောင်း၊ ဗမာ(မြန်မာ)အလံဖြစ်မြောက်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း ဖတ်လိုက်ရတယ်။ ခုတော့ အဲ့ဒီရဲ့ နောက်ဆက်တွဲ သတင်းလည်း ဘာမှမကြားရတော့ဘူး။ အဲ့ဒီတုန်းက ဝန်ကြီးဆိုသူပြောတဲ့ အတိုင်းဆိုရင်တော့ ဗမာ(မြန်မာ)လူမျိုးကိုယ်စားပြု အလံဆိုပြီး သတ်သတ်မှတ်မှတ် မလုပ်ရ သေးတဲ့ပုံ ရှိပါတယ်။
ဒါဆိုရင် အခု ဗမာ(မြန်မာ)လူမျိုးကိုယ်စားပြုတပ်ထောင်ထားတဲ့ မောင်ဆောင်းခရဲ့ BPLA အလံကရော လူမျိုးကိုယ်စားပြု အလံ ဖြစ်လာနိုင်သလား။ BPLA ရဲ့ တပ်တော်အလံကလည်းပဲ အဖြူ/အနီ နောက်ခံမှာ ဒေါင်းအရုပ်နဲ့ပဲ။ ဒါကတော့ မဖြစ်နိုင်သေးဟုထင်တယ်။ ဘာလို့လဲဆိုတော့ သူက ဗမာ(မြန်မာ) လူမျိုး ကိုယ်စားပြုတပ်ကိုပဲ ထောင်ထားသေးတာ။ ဗမာ(မြန်မာ)လူမျိုးအများစုကို လွှမ်းခြုံကိုယ်စားပြုနိုင်တဲ့ အခြေအနေတော့ မတွေ့ရသေး။ တစ်ချိန်မှာ ဗမာ(မြန်မာ)လူမျိုးအများစုက လက်ခံပြီး သူပြောထားသလို ဗမာ(မြန်မာ)ပြည်နယ် ပေါ်ထွန်းလာမယ်ဆိုရင်တော့ လူမျိုးကိုယ်စားပြုအလံကတော့ ကျွဲကူးရေပါ ပေါ်လာ မယ်လို့ ထင်တယ်။
နီးစပ်ရာစာတွေ နည်းနည်းပါးပါး လိုက်လံဖတ်ရှုကြည့်တော့လည်း အရင်တုန်းက ဘုရင်တွေ အုပ်ချုပ်တဲ့ အချိန်တုန်းက သုံးတဲ့အလံက အစိမ်းရောင်ဒေါင်းအလံ၊ တဖြည်းဖြည်းနဲ့ ခေတ်အလိုက် ပြောင်းလဲလာတဲ့ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ် အလံတွေစသဖြင့် ဖော်ြပထားတာတော့ ရှိတယ်။ ဒါတွေက လည်း တနိုင်ငံလုံးနဲ့ဆိုင်မယ့်အလံတွေပဲ ဖြစ်ပုံရတယ်။ လူမျိုးအလံရယ်လို့တော့ တိတိပပ ဖော်ပြထားတာ မရှိဘူး။ အခုလက်ရှိ NUG ကာကွယ်ရေးဝန်ကြီးဌာနက သုံးတဲ့ အလံတောင် အရင်က ဂျပန်ဖက်ဆစ် တော်လှန်ရေးက သုံးတဲ့အလံကို ပြန်ယူသုံးထားတာကိုတွေ့ရပါတယ်။ အခုလက်ရှိ ဖက်ဆစ် သန္ဓေကျန် နေသေးတဲ့ စစ်တပ်ကိုဆက်တော်လှန်ဖို့ သုံးထားတဲ့သဘောပေါ့လေ။
လိုရင်းကိုပြန်ချုပ်ရမယ်ဆိုရင်တော့ လူမျိုးတိုင်းမှာ ကိုယ်စားပြုအလံတွေက ရှိကြတာချည်းပဲ။ အဲ့ဒီတော့ ဗမာ(မြန်မာ) လူမျိုးကိုယ်စားပြုအလံက တကယ်ရောရှိနေပြီလား? အားလုံးက အသိအမှတ်ပြုလက်ခံ ထားတဲ့ အလံတော်ရော ဟုတ်နေပြီလား? ဒီလိုမေးရတာကလည်း အပေါ်မှာရေးထားသလို ဗမာ(မြန်မာ)တိုင်းရင်းသား ဝန်ကြီးကိုယ်တိုင်က ဗမာ(မြန်မာ)ကိုယ်စားပြုအလံ မရှိသေးပါဘူးဆိုပြီးပြောထားတာရှိလို့ပါ။ ဗမာ(မြန်မာ) လူမျိုးတွေ အပါအဝင် တော်တော်များများက နိုင်ငံအလံကိုပဲ အမှတ်မှားပြီး လူမျိုးအလံအနေနဲ့ မှတ်ယူနေ ကြတာဖြစ်လို့ အကယ်၍များ ရှိနေခဲ့ရင်လည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင်(Public Awareness) လုပ်ဖို့ ကောင်းမယ်လို့ ယူဆမိလို့ပါ။ မရှိခဲ့သေးရင်လည်း လူမျိုးကိုယ်စားပြု အလံတော်တခု ဗမာ(မြန်မာ) လူမျိုုးအများစုရဲ့ သဘောတူညီချက်နဲ့ ရှိစေချင်တဲ့သဘောပေါ့ဗျာ။
လူမျိုးစုံလင်များပြားတဲ့ ကျွန်တော်တို့ နိုင်ငံလို အနေအထားမျိုးမှာ နိုင်ငံအလံကို လူမျိုးကိုယ်စားပြုအလံလို သုံးနေတာမျိုး၊ ထင်မြင်ယူဆ နေကြတာမျိုး ကလည်း တခုခုလွဲနေသလိုဖြစ်နေတယ်ဟု ထင်မိပါတယ်။ တစ်နည်းအားဖြင့် ဗမာ(မြန်မာ)တွေ အနေနဲ့လည်း လူမျိုးနှင့်နိုင်ငံ အလံကို ရောနေသယောင်ဖြစ်ပြီး မသိမသာ အခွင့်အရေးပိုယူထားသလို ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ခုလိုတော်လှန်ရေးကာလမှာ ဒီအလံကိစ္စကတော့ အရေးတကြီး လုပ်ဆောင်စရာ ကိစ္စတော့လည်း မဟုတ်သေးပါဘူး။
ပြည်ထောင်စုပွဲ ကိုသွားရင် အမှတ်မထင် တွေ့လာရတဲ့မြင်ကွင်းနဲ့ အခြင်းအရာတချို့ကို တို့ထိထားခြင်း မျှသာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှု အဆုံးသတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီကို သွားတဲ့အချိန်ကျရင်တော့ ပြည်နယ်ပေါ်ပေါက်ရေးတွေ၊ အလံကိစ္စတွေကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးနိုင်မယ်လို့ ထင်မြင်ယူဆမိကြောင်း တင်ပြလိုက်ရပါတယ်။
ပုံ – ပွဲအတွင်း အသုံးပြုထားသော ဗမာ(မြန်မာ)လူမျိုး ကိုယ်စားပြုအလံ