
နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ
သုံးလတာ ကာလအတွင်း စုစည်းတင်ပြခြင်း (၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ မှ ဧပြီလအထိ)
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူ များ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာ ပြုစု၍ ထုတ်ပြန် လျက်ရှိသည်။ ယခု အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လ နှင့် ဧပြီလ (၃)လအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ ၏ ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများ၊ တောင်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများနှင့် တိုင်းရင်းသား ဒေသရှိ အုပ်ချုပ်ရေး သို့မဟုတ် နိုင်ငံရေး ကောင်စီတို့၏ ဖြစ်ပေါ်တိုးတက်မှုများ ကို အောက်ပါအတိုင်း စုစည်းတင်ပြ ထားပါသည်။
အပိုင်း (၁)
(က) တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဖက်တပ်ဖွဲ့မှ သေဆုံးမှုများ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလ သုံးလတာအတွင်း တိုင်းရင်းသားပြည်နယ် ဒေသများတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုအကြိမ်ပေါင်း (၂၂၈) ကြိမ် ကျော် ရှိခဲ့ရာ ကချင်ပြည်တွင် (၅၀) ကြိမ်၊ ကရင်နီပြည်တွင် (၅၀)ကြိမ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင် (၃၅) ကြိမ်စီ၊ မွန်ပြည်နယ်တွင် (၃၀) ကြိမ်၊ ရခိုင်ပြည်နယ်တွင် (၁၈) ကြိမ်နှင့် ချင်းပြည်နယ်တွင် (၁၀) ကြိမ် စသည်ဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဤသုံးလအတွင်း စစ်ကောင်စီ တပ်သား (၅၁၆) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ များဘက်မှ (၁၃၉) ဦးခန့် ကျဆုံးခဲ့သည်ကို တွေ့ရှိရသည်။
(၁) ကချင်ပြည်
သုံးလအတွင်း စစ်ကောင်စီနှင့် ကချင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၅၀) ကြိမ် ထက် မနည်းရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၁၄၇)ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ (၃၅) ဦး ကျဆုံးခဲ့ကြောင်း မှတ်တမ်း တင်နိုင်ခဲ့ ပါသည်။
သုံးလအတွင်း ကချင်ပြည်ဒေသတွင် ဗန်းမော်မြို့နယ်၊ မိုးညှင်းမြို့နယ် ဝိုင်းမော်မြို့၊ လမြန်- ဝူယန် – နန့်ဝါ စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ KIA ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမော်မြို့သိမ်း တိုက်ပွဲတွင် အမှတ် ၆၀၀၇ သံချပ်ကာတပ်ရင်း၊ အမြောက်တပ် ၃၆၆၊ တင့်ကားတပါ ၅၀၁၄၊ လေယာဉ်ကွင်းတပ်၊ အမြောက်တပ် အမှတ် ၃၆၆ တပ်ရင်း နှင့် ခလရ ၂၃၆ တပ်ရင်း အသီးသီးကို ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ကချင်ပြည်နယ်တွင် မြေပြင်စစ်ရေး လှုပ်ရှားမှု အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေခဲ့ပါသည်။
(၂) ချင်းပြည်
သုံးလအတွင်း စစ်ကောင်စီနှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၀)ကြိမ်ထက် မနည်းရှိခဲ့ပြီး၊ စစ်ကောင်စီတပ်သား(၂၀)ဦး သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ လည်း (၁၀) ဦး ကျဆုံးမှုရှိကြောင်း မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
ချင်းပြည်တွင် ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့သည် ချင်းပြည် ဖလမ်း ဒေသတွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဖလမ်းမြို့တစ်ခုလုံးကို ဧပြီလအတွင်း အပြီးတိုင် ထိန်းချုပ် နိုင်ခဲ့ပါသည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နေသည့် မင်းတပ်မြို့နယ်၊ ကန်ပက်လက် မြို့နယ်၊ မတူပီမြို့နယ်ဒေသအချို့တို့တွင် စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့ ပါသည်။
(၃) ရှမ်းပြည်
သုံးလအတွင်း ရှမ်းပြည်တွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၃၅)ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီ တပ်သား (၄၀) ဦးခန့်သေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ရှမ်းပြည်ဒေသတွင် နောင်ချိုမြို့နယ် ဒေသရှိ စစ်ကောင်စီ အမြောက်တပ်ရင်းဌာနချုပ်ကို တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။ ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင်လည်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် တော်လှန်ရေး အင်အားစု များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီး မိုးဗြဲဒေသတွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပါသည်။ စစ်ကောင်စီသည် ဧပြီလ အတွင်းတွင် မိုးဗြဲမြို့ နှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာများကို ပြန်လည် ထိန်းချုပ်နိုင်ရန် ထိုးစစ်များ ပြန်လည် စတင်ခဲ့ပါသည်။ ထို့အပြင် ဧပြီလ (၁၇) ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် စစ်ကောင်စီတပ်မှ အရာရှိအချို့သည် တရုတ်အစိုးရကိုယ်စားလှယ်များ လိုက်ပါလျက် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သုံးပွင့်ဆိုင် အစည်းအဝေးများ ပြုလုပ်ခဲ့ပါသည်။
(၄) ကရင်နီပြည်
သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၅၀)ကြိမ် ကျော်ခန့် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်သား (၁၂၂) ဦးသေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ လည်း (၅၄) ဦး ကျဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ကရင်နီပြည်ဒေသတွင် KNDF၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ရှမ်း-ကရင်နီ နယ်စပ်ဒေသ၊ ဘောလခဲမြို့နယ်၊ ဒီးမောဆို့မြို့နဘ်၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ ကရင်နီပြည်တပ်မတော်-KA သည် ထိုင်း-ကရင်နီ နယ်စပ်ဒေသရှိ စစ်ကောင်စီပွိုင့် ၅၄၁၆ (စစ်ဆင်ရေးခြေကုပ်စခန်း) နှင့် တောင်ကတုံးစခန်းတို့ကို သိမ်းပိုက်နိုင် ခဲ့ပါသည်။ စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချတပ်ဖြစ်သော ဝမ်မလန်းတပ်စခန်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များက မတ်လ ၃၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ စစ်ကောင်စီတပ်သည် ဧပြီလအတွင်း ကရင်နီပြည်၊ ဖားဆောင်းမြို့ဒေသ၊ မယ်စဲ့မြို့နယ်ဒေသများ နှင့် လွိုင်ကော်မြို့နယ်၊ ဒေသများတွင် လေကြောင်း တိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့ပါသည်။
(၅) ကရင်ပြည်
သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များ အကြားထိတွေ့ပစ်ခတ်မှု (၃၅) ကြိမ်နှင့် အထက်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်သား (၆၄)ဦး သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ (၁၇) ဦးကျဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ကရင်ပြည်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များသည် ကရင်ပြည်ကော့ကရိတ်ဒေသ၊ လှိုင်းဘွဲ့မြို့နယ်၊ သံတောင်ကြီးဒေသ များတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ညောင်လေးပင်ခရိုင် အတွင်းရှိ စစ်ကောင်စီတပ် ခမရ-၅၆၀ ဦးဆောင်သည့် နရွဲပင်ဂိတ်စခန်း အပါအဝင် ဂိတ်စခန်း ၂ ခုကို သိမ်းပိုက်ခဲ့သည်။ ထို့အပြင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို မတ်လ ၂၆ ရက်နေ့တွင်လည်းကောင်း၊ တပ်ရင်း (၂၂) နယ်မြေရှိ ပူလူတူစခန်းအား မတ်လ (၁၄) ရက်နေ့တွင်လည်းကောင်း အသီးသီး သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဧပြီလအတွင်း တွင် ထီးထာ့စစ်ကောင်စီအမှတ် (၁) ဗျူဟာစခန်း နှင့် နဘူးမြို့နယ် လေးဂေါ် (မော်ဂလာ) စခန်းတို့ကို KNLA မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။
(၆) မွန်ပြည်
သုံးလအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေး တပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၃၀) ကြိမ် ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီဘက်က (၈၃) ဦးကျော်သေဆုံးကာ၊ မွန်တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ကျဆုံးမှု (၇)ခန့်ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
မွန်ပြည်ဒေသတွင် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ မွန်ပြည်တော် လှန်ရေးတပ် (MSRF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ဘီးလင်း မြို့နယ်အတွင်းရှိ မဲပလီဗျူဟာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၇) စစ်ဗျူဟာ တပ်ရင်း၊ တပင်ရွှေထီးစစ်ကြောင်း၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ KNLA၊ PDF၊ BPLA၊ FFD ဒရုန်းအဖွဲ့၊ LDF၊ ပကဖ(ဘီးလင်း)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က တစ်လအတွင်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
(၇) ရခိုင်ပြည်
သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား ထိတွေ့ပစ်ခတ်မှု (၁၈) ကြိမ် ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၅၀) ဦးခန့် သေဆုံးခဲ့ပြီး AA တပ်ဖွဲ့ဝင် (၆) ဦးကျဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA) သည် ကျောက်ဖြူမြို့အခြေစိုက် အမှတ်(၃၂) ရဲတပ်ရင်းနဲ့ ဓည ဝတီရေတပ်စခန်းတို့ကို ဖေဖော်ဝါရီလအတွင်း တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် ရခိုင်ပြည်နှင့် မကွေးတိုင်းနယ်စပ် ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်ဗျူဟာစခန်းအပြင် ရိုးမပေါ်နှင့် ပဲခူးတိုင်း အစပ်ဒေသများတွင် ပြင်းထန်စွာ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ အာရက္ခတပ်တော်(AA) သည် ဂုတ်စည်းရွာတာဝါတိုင်စခန်း(ခေါ်) မိုက်ခရိုဝေ့စခန်းကို ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရခိုင်ပြည်နယ်၏ ကျေးရွာ အချို့တို့တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်ခြင်းများကို မကြာခဏ ပြုလုပ်လျက်ရှိပါသည်။ အပစ်အခတ်ရပ်စဲထားသည့် ဧပြီလအတွင်းတွင် ကျောက်ဖြူမြို့နယ် အတွင်း စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်ခဲ့ပါသည်။
(ခ) အရပ်သား ပြည်သူအပေါ် တိုက်ပွဲ၏ အကျိုးဆက်များ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလအထိ သုံးလအတွင်း တိုင်းရင်းသားဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ မြေမြုပ်မိုင်း များကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်းပစ်ခတ်မှုနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားစုစုပေါင်း (၂၈၆)ဦးခန့် သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီး ထိခိုက် ခံရမှုများကြောင့် အရပ်သား အိမ်ခြေ (၉၅၈) လုံး ပျက်စီးမှုအား မှတ်တမ်း တင်နိုင်ခဲ့သည်။
ဤသုံးလတာ ကာလအတွင်း ရခိုင်ပြည်တွင် အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ခဲ့ပြီး ပြည်သူ (၂၈၆) ဦး သေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ရှမ်းပြည်သည် (၈၁) ဦးဖြင့် အရပ်သားသေဆုံးမှု အများဆုံးဖြစ် ခဲ့ပြီး ကချင်ပြည်သည် (၆၅) ဦးဖြင့် အရပ်သားသေဆုံးမှု ဒုတိယအများဆုံး ဖြစ်သည်။ ရခိုင်ပြည်တွင် (၅၃) ဦး၊ ကရင်ပြည်တွင် (၃၃)ဦး၊ ချင်းပြည်တွင် (၂၅) ဦး၊ ကရင်နီပြည်တွင် (၂၃) ဦးနှင့် မွန်ပြည်တွင် (၆) ဦး စသည်ဖြင့် အရပ်သား သေဆုံးမှု အသီးသီးအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
ဤသုံးလတာကာလအတွင်း ပြည်သူ့အိုးအိမ်ပျက်စီးမှု အနေဖြင့် ရခိုင်ပြည်တွင် (၂၈၄)လုံး ဖြင့် အများဆုံး ဖြစ်ခဲ့ပြီး ကရင်ပြည်တွင်(၁၉၄)လုံးဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။ ထို့နောက် ကချင်ပြည်တွင် (၁၅၂)လုံးဖြင့် တတိယအများဆုံးဖြစ်ကာ၊ ချင်းပြည်တွင်(၇၅)လုံး၊ ရှမ်းပြည်တွင် (၆၆) လုံး၊ မွန်ပြည်တွင် (၄၀) လုံး စသည်ဖြင့် အသီးသီးပျက်စီး ဆုံးရှုံးမှု ရှိခဲ့ပါသည်။
အပိုင်း (၂)
ပြည်နယ်/လူမျိုးအလိုက် ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ
(၁) မွန်ပြည် ဖက်ဒရယ်ကောင်စီ – MSFC
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) သည် မွန်ပြည်အတွင်းရှိ CDM ကျန်းမာရေးဝန်ထမ်းများ နှင့် တော်လှန်ရေး တွင် ပါဝင်ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများဖြင့် ကျန်းမာရေးအလွှာ ကိုယ်စားပြု(၆) ခုအား ပေါင်းစည်းပြီး မွန်ပြည်နယ် ကျန်းမာရေးကောင်စီ (Mon State Health Council) ကို ဖွဲ့စည်း ခဲ့ပါသည်။ အလွှာ (၆) ခုတွင် ဆရာဝန်ကိုယ်စားပြုအလွှာ၊ သူနာပြုနှင့်သားဖွားကိုယ်စားပြုအလွှာ၊ ကျန်းမာရေးနှင့် ကျန်းမာရေး ကြီးကြပ် ကိုယ်စားပြုအလွှာ၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ကိုယ်စားပြုအလွှာ နှင့် တိုင်းရင်းဆေးပညာရှင် ကိုယ်စားပြုအလွှာ အသီးသီးပါဝင်ပါသည်။ MSFC ၏ဦးဆောင်မှုဖြင့် မွန်ပြည်ဒေသ တွင် အခြေခံ ကျန်းမာရေး သင်တန်း (၆) လအစီစဉ်ကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ye People Defense Force – YPDF) တို့သည် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကြမ်းဖက် စစ်ကောင်စီနှင့် အာဏာရှင်စနစ် ကျဆုံးသည်အထိ အတူတကွ တော်လှန်တိုက်ပွဲ ဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။
(၂) တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ – TPCC
တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC သည် ယခု သုံးလတာကာလအတွင်း နှစ်ပတ်လည် အစည်း အဝေးကို တအောင်းပြည် တစ်နေရာတွင် တက်ရောက်သူ စုစုပေါင်း (၇၄) ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအစီရင်ခံစာများ၊ နိုင်ငံရေးအစီရင်ခံစာများတင်သွင်းခြင်း၊ ကော်မတီ၏ မူ, ပေါ်လစီ နှင့် နိုင်ငံရေးဆိုင်ရာ သဘောထား ရပ်တည်ချက်များ ဆွေးနွေးသုံးသပ် ပြင်ဆင်ခြင်း၊ ကော်မတီ၏ စုဖွဲ့မှုပုံစံနှင့် ကော်မတီဝင်များကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ လက်ရှိတော်လှန်ရေး အခင်းအကျင်းများအပေါ် သုံးသပ် ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် (၂) အတွင်း ရရှိခဲ့သော မြို့ (၁၂) မြို့နယ်ကို စီမံအုပ်ချုပ်ရာ၌ အရပ်ဘက် အုပ်ချုပ်ရေးကို ဦးတည် အကောင်အထည် ဖော်မည့် အစိုးရ တစ်ရပ် အမြန်ဆုံး ပေါ်ထွန်းနိုင်ရေးအတွက် တအောင်း ပြည်နယ် ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေး ကော်မတီမှ ရေးဆွဲထားသည့် တအောင်းပြည်တော်လှန် ရေးကာလအစိုးရ အစီအမံ (The Arrangement of Ta’ang Land Revolution Government ) ကို ဆွေးနွေးပြင်ဆင်ဖြည့်စွက်သုံးသပ်ခဲ့ပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်လျက် ရှိပါသည်။
(၃) ချင်းလဲန်းကောင်စီ (Chinland Council)
ချင်းလဲန်းကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်(Chinland) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ချင်းပြည် လွှတ်တော်၊ ချင်းပြည်အစိုးရနှင့် ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ဖွဲ့စည်းပြီး ဦးဆောင် လမ်းညွှန်ခဲပါသည်။ ချင်းပြည်အစိုးရအနေဖြင့် ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ချင်းပြည်လွှတ်တော်သည် တော်လှန်ရေးကို အထောက်အကူ ပြုစေမည့် ဥပဒေများကို ရေးဆွဲပြဌာန်းနိုင်ခဲ့ပါသည်။ ချင်းပြည်တရားလွှတ်တော်ချုပ်သည် တရားဥပဒေ စိုးမိုးရေးပိုမို အားကောင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ချင်းပြည် (Chinland Council) ကောင်စီနှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) အနေဖြင့် ချင်းပြည်အတွင်းရှိ ချင်းပြည်သူများအတွက် ကောင်စီ နှစ်ရပ်ရှိနေခြင်းသည် မဖြစ်သင့်ကြောင်း နှစ်ဘက် အဖွဲ့မှ လက်ခံယုံကြည် ကြသည့်အတွက် ကောင်စီသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန် သဘောတူ ညီခဲ့ကြပါသည်။ ထိုကောင်စီကို “ချင်းအမျိုးသားကောင်စီ (Chin National Council)” အမည်ဖြင့် ဖွဲ့စည်းရန် နှင့် ချင်းအမျိုးသား ကောင်စီ အမြန်ဆုံး ပေါ်ပေါက်လာရန်အတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ ကိုလည်း ဖွဲ့စည်း မည်ဟု သိရှိရပါသည်။
(၄) ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)သည် ကရင်နီပြည် ကြားကာလအစီအမံနှင့်အညီ ကရင်နီ ပြည်သူလူထု အလွှာစုံပါဝင်သည့် ညီလာခံကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့အခြေပြု အုပ်ချုပ်ရေး ယန္တရားကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ KSCC သည် ယခုလအထိ ကရင်နီပြည်နယ်အတွင်းတွင် မြို့နယ်အဆင့် အုပ်ချုပ်ရေး အဖွဲ့များကို မြို့နယ် (၁၇) မြို့နယ်တွင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ကရင်နီပြည် ကြားကာလတရား စီရင် ရေးဥပဒေ၊ ကရင်နီပြည်ရဲဌာနဥပဒေ၊ ကရင်နီပြည်ကြားကာလလွှတ်တော်ဥပဒေ နှင့် ကရင်နီပြည်အမျိုးသမီး များအား အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေမူကြမ်းများကို ပြဌာန်း နိုင်ခဲ့ပါသည်။ ပြည်ထဲရေး ဌာနအနေဖြင့် ပြည်သူပါဝင်သော တရားဥပဒေ စိုးမိုးရေးလုပ်ငန်း၊ အများပြည်သူလုံခြုံ ရေးဝန်ဆောင်မှု နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် ကရင်နီပြည်နယ်အတွင်းရှိ ဒေသများတွင် အိမ်ထောင်စုစာရင်းများ ကောက်ခံခြင်း၊ နိုင်ငံရပ်ခြား နယ်စပ်ဂိတ်များတွင် လူဝင်လူထွက် စစ်ဆေးခြင်း နှင့် ပြည်နယ်ခြားဖြတ်သန်းခွင့် လက်မှတ် (Interstate Pass- IP) များထုတ်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။ ပညာရေးကဏ္ဍတွင် အဆင့်မြင့်ကျောင်း (၇) ကျောင်း၊ အဆင့်မြငိ့ပညာ ဆရာ၊ ဆရာမ ဦးရေ (၁၄၀) နှင့် အဆင့်မြင့်ပညာရေးအား လက်လှမ်းမှီသော ကျောင်းသား ဦးရေ (၅၃၅) ဦးအထိ ရှိပါသည်။ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန အနေဖြင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ၊ စားနပ်ရိက္ခာဖြန့်ဖြူးခြင်း လုပ်ငန်းများ နှင့် နေရပ်ပြန်အိမ်ထောင်စုများ အတွက် အကူအညီပေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
ကိုးကားချက်များ –
၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ
၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှု အဖွဲ့အစည်းများ
၄) တိုင်းရင်းသား အခြေပြု သတင်းမီဒီယာများ
၅) ဖက်ဒရယ် ဂျာနယ် မြန်မာမှ သီးသန့်မေးမြန်းချက် စုဆောင်းချက်များ