သတင်း

7 EAO Alliance ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဆိုပြုချက်များ ထုတ်ပြန်

7 EAO Alliance ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဆိုပြုချက်များ ထုတ်ပြန်
 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မေ ၆၊ ၂၀၂၅
 
လက်ရှိ ပြည်ထောင်စုအတွင်း ရင်ဆိုင်တွေ့ကြုံနေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် 7 EAO Alliance က ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဥ်ကို ပြန်လည်ပြီး သုံးသပ် ပြင်ဆင် နိုင်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များဆိုင်ရာ လမ်းညွှန်သဘောထားများကို ချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ (၂၉-၃၀) ရက်နေ့က 7 EAO Alliance ၏ ဦးဆောင်အဖွဲ့အစည်းအဝေးကို တရပ်ကို အွန်လိုင်းကနေ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် အချက် (၅) ပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစီအစဉ်အဆိုပြုချက် ထုတ်ပြန်လာတာပါ။
 
ဖက်ဒရယ် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစီအစဉ်အဆိုပြုချက် (၅) ချက်များ
 
၁။ ပဋိပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ်ချက် မရှိဘဲ အပစ်ရပ်ကြေညာရန်။
 
၂။ သက်ဆိုင်သူများအကြား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကတိကဝတ်ပြုရန်။
 
၃။ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်။
 
၄။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်။
 
၅။ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန်။
 
စတဲ့ အချက်များပါဝင်တာ တွေ့ရသလို အဲဒီအချက်တွေကို ဘယ်လိုအကောင်အထည်ဖော် ဆောက်ရွက် သွားမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
 
ဒါ့အပြင် အဲဒီအစည်းအဝေးကတဆင့် လက်ရှိ ဖြစ်ပေါ်ပြောင်းလဲလျှက်ရှိတဲ့ နိုင်ငံရေး စစ်ရေး၊ စီးပွားရေးနှင့် လူမှုဘဝဒုက္ခများကို သုံးသပ်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် ရှေ့အလားအလာများဆိုင်ရာ သဘောထားများကို စုစည်းနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
နှစ်ရက်တာကျင်းပခဲ့တဲ့ 7 EAO Alliance ၏ ဦးဆောင်အဖွဲ့အစည်းအဝေးမှာတော့ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီများ၏ ညှိနှိုင်းရေးမှူးများနှင့် အထူးဖိတ်ကြားသူများတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
 
ဓါတ်ပုံ – 7 EAO Alliance (Facebook)

Related Articles

Back to top button