နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ
လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် ဩဂုတ်လ)
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူ များ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာပြုစု၍ ထုတ်ပြန်လျက် ရှိပါသည်။ ယခုစာတမ်းတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများ ကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ နှင့် တော်လှန်ရေး ရဲဘော်များ နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ အရပ်သားပြည်သူများ သေဆုံးမှုနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများကို စုစည်းတင်ပြ ထားပါသည်။
အပိုင်း (၁)
ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့် လုံခြုံရေး နောက်ဆက်တွဲ အခြေအနေများ
(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ
၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုအကြိမ်ပေါင်း (၂၄၅) ကြိမ်ကျော်ရှိခဲ့ရာ ကရင်ပြည်တွင် (၅၈) ကြိမ်ဖြင့် တိုက်ပွဲ အများဆုံး ဖြစ်ပွားခဲ့ပြီး၊ ရှမ်းပြည်တွင် (၄၀) ကြိမ်၊ မွန်ပြည်တွင် (၃၉) ကြိမ်၊ ရခိုင်ပြည်တွင် (၃၆) ကြိမ်၊ ချင်းပြည် တွင် (၃၅) ကြိမ်၊ ကချင်ပြည်တွင် (၃၀) ကြိမ်၊ ကရင်နီပြည်တွင် (၇) ကြိမ် စသည်ဖြင့် တိုက်ပွဲများ ဖြစ်ပွားကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။
ဩဂုတ်လ တစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၁၃) ကျော် သေဆုံးခဲ့ပြီး ရခိုင်ပြည်တွင် (၂၂၄) ဦးနှင့် ကချင်ပြည်တွင် (၃၃၀) ဦးတို့ဖြင့် သေဆုံးမှု အများဆုံးဖြစ်ခဲ့ပါသည်။ ရှမ်းပြည်တွင် (၁၂၄) ဦး၊ ကရင်ပြည် တွင် (၇၂) ဦး၊ ချင်းပြည်တွင် (၃၀) ဦး၊ မွန်ပြည်တွင် (၂၀) ဦး၊ ကရင်နီပြည်တွင် (၁၃) ၊ဦးဖြင့် သေဆုံးမှုများအား အသီးသီး မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ
(၁) ကချင်ပြည်
ဩဂုတ်လအတွင်း ကချင်ပြည်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတို့အကြား ထိတွေ့ပစ်ခတ်မှု တိုက်ပွဲ ပေါင်း (၃၀) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တိုက်ပွဲများကို ဗန်းမော်ခရိုင်အတွင်း မိုးမောက်မြို့နယ်၊ လိုင်ဇာမြို့နှင့်အနီး တစ်ဝိုက်ဒေသများ၊ ဖားကန့်မြို့နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်အစပ်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိပါသည်။ ကချင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် တယန်ဇွပ် (Tayang Zup)၊ အင်ဆောပ့် (NSawp) ကျေးရွာရှိ တပ်စခန်း (၂)ခု၊ လမောင် (Lamawng) စစ်ကောင်စီတပ်စခန်း၊ တောမှော် (Tawmaw) တပ်စခန်း၊ မိုးမောက် ခမရ (၄၃၇)၊ ကောင်ဂျာယန် ကာကင်းစခန်း များကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။
(၂) ချင်းပြည်
ဩဂုတ်လအတွင်း ချင်းပြည်ဒေသတွင် Chinland Council (CC) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ အကြား ထိတွေ့ပစ်ခတ်မှုတိုက်ပွဲပေါင်း (၃၅) ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။
ချင်းလဲန်းကောင်စီ (CC) တပ်ဖွဲ့ဝင်များသည် ထန်တလန်မြို့ရှိ စစ်ကောင်စီ အမှတ် (၂၆၉) ခြေလျင် တပ်ရင်း စခန်းကုန်း ကိုလည်း ဩဂုတ်လအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။
(၃) ကရင်နီပြည်
ဩဂုတ်လအတွင်း ကရင်နီပြည်ဒေသတွင် ကရင်နီတပ်မတော်KA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ အကြား ထိတွေ့ ပစ်ခတ်မှု တိုက်ပွဲပေါင်း (၇) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
ကရင်နီတွင် လွိုင်ကော်မြို့နယ်၊ ကရင်နီပြည်နယ် မြောက်ပိုင်းဒေသ၊ ကရင်နီပြည်-ရှမ်းပြည်နှင့် ဆပ်စပ် ဒေသများ၊ ဖားဆောင်းနှင့် ဒီးမော့ဆိုမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ကရင်နီ တော်လှန်ရေးတပ် ပေါင်းစုများသည် ဘော်လခဲခရိုင်အတွင်းရှိ ရေကျော်တပ်စခန်း ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်ဟု သိရသည်။
(၄) ကရင်ပြည်
ဩဂုတ်လအတွင်း ကရင်ပြည်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ထိတွေ့ ပစ်ခတ်မှုတိုက်ပွဲပေါင်း (၄၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
ကရင်ပြည်တွင် ဒူးပလာယာခရိုင်အတွင်းရှိ ဒေသများ၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဒူးသထူခရိုင် အတွင်းရှိ ဒေသအချို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ကရင်အမျိုးသား အစည်းအရုံး – KNU လှုပ်ရှားရာဒေသ မွန်ပြည်နယ်ဒေသအချို့တွင်လည်း ကရင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ် ကောင်စီတို့ အကြား နှစ်ဘက်တိုက်ပွဲများ မကြာခန ဖြစ်ပွားလျက်ရှိပါသည်။
(၅) မွန်ပြည်
ဩဂုတ်လအတွင်း မွန်ပြည်ဒေသတွင် မွန်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ – MNSP AD၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ ရေးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ YPDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ အကြား ထိတွေ့ပစ်ခတ်မှုတိုက်ပွဲပေါင်း (၃၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
မွန်ပြည်တွင် ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်-ထားဝယ် ဒေသများတွင်လည်း မွန်ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိပါသည်။
(၆) ရခိုင်ပြည်
ဩဂုတ်လအတွင်း ရခိုင်ပြည်ဒေသတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီ တို့အကြား ထိတွေ့ ပစ်ခတ်မှု တိုက်ပွဲပေါင်း (၃၆) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းမှတ်တမ်းတင်နိုင်ခဲ့သည်။
ရခိုင်ပြည်တွင် အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်နိုင်ရန်အတွက် မောင်တောဒေသတွင် မြို့သိမ်းတိုက်ပွဲစတင်လျက်ရှိပါသည်။ ထို့အပြင် သံတွဲမြို့နယ်၊ ဂွမြို့နယ် နှင့် ကျိန္တလီ ဒေသ များတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပါသည်။
(၇) ရှမ်းပြည်
ဩဂုတ်လအတွင်း ရှမ်းပြည်ဒေသတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLF/TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုတိုက်ပွဲ ပေါင်း (၄၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်တောင်ပိုင်းတွင် ရပ်စောက်မြို့နယ်၊ ဆီဆိုင်မြို့နယ် ဒေသများ၌ ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (DPLF/DPLA) ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLF/TNLA) နှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် နမ့်ဆန်မြို့ နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ် တို့၌ ကိုးကန့်တပ်-MNDAA၊ တအောင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရှမ်းပြည်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအဖြစ် MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များ မှ မြို့သိမ်းတိုက်ပွဲများစတင်ခဲ့ပြီး လားရှိုးမြို့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် – ရမခ ကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် ကျောက်မဲမြို့ရှိ အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ-၁ နှင့် ခြေမြန် တပ်ရင်း ခမရ ၅၀၁၊ ၅၀၂ များကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။
အပိုင်း (၂)
အရပ်သားပြည်သူများအပေါ် တိုက်ပွဲ၏ အကျိုးဆက်များ
(က) အရပ်သားပြည်သူ သေဆုံးမှု
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း တိုင်းရင်းသားဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှု၊ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်း ပစ်ခတ်မှု များနှင့် သတ်ဖြတ် ခံရမှုများကြောင့် အရပ်သားပြည်သူ (၄၁၂) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ထို သေဆုံးမှုများမှာ ရှမ်းပြည်တွင် (၃၆၄) ဦးကျော်ဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်တွင် (၃၄) ဦး၊ မွန်ပြည်တွင် (၉)ဦး၊ ချင်းပြည်တွင် (၃)ဦး၊ ကရင်ပြည်တွင် (၂)ဦး စသည်ဖြင့် အသီးသီးမှတ်တမ်းတင်နိုင်ခဲ့ သည်။
(ခ) အိုးအိမ် ပျက်စီးမှု
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ကောင်စီ၏မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီးထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ် (၄၃၁) ကျော်ပျက်စီးခဲ့ကြောင်း မှတ်တမ်း တင်နိုင် ခဲ့ပါသည်။
ရှမ်းပြည်တွင် (၃၂၀) ကျော်နှင့် ကရင်ပြည်တွင် (၅၀) ကျော်ဖြင့် ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး ကရင်နီ ပြည်တွင် (၃၀) ကျော်၊ ရခိုင်ပြည်တွင် (၂၃) ကျော်၊ ချင်းပြည်တွင် (၈) လုံးကျော် စသည်ဖြင့် အသီးသီး ပျက်စီးမှု ရှိခဲ့ပါသည်။
ကိုးကားချက်များ –
၁) လွတ်လပ်သော ပြည်တွင်း သတင်းမီဒီယာများနှင့် တိုင်းရင်းသားသတင်းမီဒီယာများ
၂) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများ
၃) ဖက်ဒရယ်ဂျာနယ်-မြန်မာမှ မေးမြန်းချက်၊ စုစည်းချက်များ