
“စစ်ဘေး သဘာဝဘေး၊ ပြန်လည်ထူထောင်ရေးကြားက စစ်ကောင်စီ ရွေးကောက်ပွဲအလားအလာ”
– စိုင်းလိတ်(SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး) နှင့် ဆက်သွယ်မေးမြန်းချက်
၁။ စစ်ဘေးနဲ့ သဘာ၀ဘေးတို့ကြောင့် လူထုများအတွက် ပြန်လည်ထူထောင်ရေး အဓိကလိုအပ်နေချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲ လက်တွေ့ဘယ်လောက်ထိ ကျင်းပလာနိုင်မယ်လို့ ထင်ပါသလဲ။
လူထုအတွက်ရော တိုင်းပြည်အတွက်ပါ ပြန်လည်ထူထောင်ရေးတွေ လုံးဝလိုအပ်နေတာမှန်ပါတယ်၊ သို့သော် နာဂစ်မုန်တိုင်းကရတဲ့ အတွေ့အကြုံအရဆိုရင် သဘာဝဘေးသက်သက်ကြောင့်တော့ စကစအနေနဲ့ သူ့ရွေးကောက်ပွဲကို အပျက်ခံမှာ မဟုတ်ဘူး။ စစ်ဘေးတစ်ခု တိုးလာတော့ကာ တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့၊ နိုင်ငံရေးစေတနာကို သူတို့ဘယ်လောက်အထိ လိုက်လျောနိုင်မလဲ၊ ဒါမှမဟုတ် သူတို့ ဘယ်အတိုင်းအတာထိ ချေဖျက်နိုင်မလဲ ဆိုတဲ့အပေါ် မူတည်ပြီး ရွေးကောက်ပွဲ ဖြစ်တန်ခြေအနည်းအများကို တွက်ချက်ရမှာပဲ။
ကျနော့်အမြင်တော့ သူ့ဖဲသူချိုး၊ သူ့ဖဲသူဝေ၊ သူ့ဘာသာဒိုင်လူကြီးမို့ ဘောင်ဝင်တန်းဝင် မဟုတ်သော်ငြားလည်း သူ့စံသတ်မှတ်ချက်အရ ဖြစ်အောင်လုပ်သွားမယ်၊ နောက်ပြဿနာ နောက်မှရှင်း လုပ်လိမ့်မယ် ထင်ပါတယ်။
၂။ စစ်ကောင်စီ ကျင်းပချင်နေတဲ့ ရွေးကောက်ပွဲက မဲပေးမယ့် လူထုတွေနဲ့ ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း၊ ပါတီအသီးသီးက တာဝန်ရှိသူတွေရဲ့ လုံခြုံရေးအာမခံချက်များအပေါ် ဘယ်လို စိန်ခေါ်မှုဖြစ်စေနေလဲ။
ရွေးကောက်ပွဲဖြစ်ဖို့ဆိုရာ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိလဲ၊ လွတ်လပ်တဲ့ အခြေခံအခွင့်အရေး ဘယ်လောက်ရထားသလဲ၊ လွတ်လပ်တဲ့ နိုင်ငံရေးဝန်းကျင် ပေါ်ပေါက်ရဲ့လားဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဒါတွလုံးဝမရှိဘဲ တစ်စုံတရာကို မလွန်ဆန်နိုင်လို့ ဝင်ပါရပါတယ် ဆိုရင်တော့ အာမခံချက် မပေးသူက အပြစ်မဖြစ်ဘဲ၊ အာမခံ မယူသူက အပြစ်ဖြစ်နေနိုင်တာမျိုးကို သတိထားဆင်ခြင်သင့်ပါတယ်။
၃။ စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပလာနိုင်ခဲ့မယ်ဆိုရင် လက်ရှိ ဘက်ပေါင်းစုံကနေ မတည်မငြိမ်ဖြစ်တဲ့ နိုင်ငံက တိုင်းရင်းပေါင်းစုံ လူထုများအတွက် နောက်ဆက်တွဲ ဘာအကျိုးနဲ့ အကြောင်း ဖြစ်လာစေနိုင်မလဲ။
နိုင်ငံရေးကလိမ်ကျလို့၊ ကာလရှည်ကြာ စစ်ပွဲထူပြောမှု၊ တော်လှန်ရေးလုပ်စားမှုတွေကြား နင်းပြားဘဝက မတက်နိုင်တဲ့ တိုင်းရင်းသားပြည်သူတွေအဖို့ ဒုက္ခဆိုတာ ချိုနဲ့လားဟဲ့ ဖြစ်နေပါပြီ။ သို့သော် ၂၀၂၁ ခုနှစ် နောက်ပိုင်းကာလမှာ ဖက်ဒရယ်ချဉ်းကပ်မှု ပိုမိုအားကြီးလာပေမဲ့ လူ့အရင်းအမြစ် ဆုံးရှုးရမှာက ဟိုအရင်ကာလတွေထက် အဆမတန် ပိုမိုကြီးမားပါတယ်။ အဆိုးဆုံးက ပညာရေးစနစ် လုံးဝ ပျက်သုဉ်းသွားတာပါ။ ဂေဟစနစ် ပျက်စီးနေတာကို ဝိုင်းဝန်းကာကွယ်ကြမယ့်အစား လူရည်လူသွေး ပြည့်ဖို့တောင် မစဉ်းစားနိုင်တော့တဲ့အထိ ချွတ်ခြုံကျသွားနိုင်ပါတယ်။
၄။ စစ်ဘေး၊ ငလျင်ဘေး ကြုံနေရတဲ့ မြန်မာနိုင်ငံရေးအခင်းအကျင်းအပေါ် အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံတကာ အတိုင်းအဝန်းက လက်ရှိ အချိန်မှာ ဘယ်လိုရှုမြင်နေကြသလဲ။ သူတို့ကို မြန်မာ့ အရေးအပေါ် ဘယ်လိုချဉ်းကပ် စေချင်သလဲ။
မြန်မာ့အရေးအပေါ် Asean ရဲ့ ချဉ်းကပ်မှုက သူ့ချာတာရဲ့ ကန့်သတ်မှုဘောင်ကို မကျော်လွန်နိုင်ပါဘူး။ သို့သော် အလှည့်ကျဥက္ကဌ နိုင်ငံတစ်ခုချင်းစီရဲ့ အားထည့်လိုမှုပေါ် မူတည်ပြီး ရလဒ်ကွာသွားပါတယ်။ အကျိုးစီးပွါး တွက်ချက်ချဉ်းကပ်မှုကြောင့်လည်း ရလဒ်ကွာပါတယ်။
ဒါကြောင့် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် မပေါ်ဘဲလည်း ကတိကဝတ်အပျက်ခံ လုပ်နေကြတာ တွေ့ရပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေကလည်း ပြောတမျိုး လုပ်တမျိုးနဲ့ ကိုယ်ကျိုးစီးပွါးနဲ့ယှဉ်တဲ့ ပံ့ပိုးမှုမျိုးနဲ့ ချဉ်းကပ်နေကြတာက အများစုပါ။ ကမ္ဘာ့မိသားစုဝင်နိုင်ငံ အချင်းချင်း ဖေးမကူညီလိုမှုနဲ့ ချဉ်းကပ်တာမျိုးပဲ ဖြစ်သင့်တယ်ဆိုတာ သူတို့ကိုယ်တိုင်သိသိနဲ့ မကျင့်သုံးနိုင်ကြဘူး ထင်တာပဲ။
အားလုံးလိုလိုက humanitarian ceasefire လို့ ကြွေးကြော်နေကြပေမဲ့ လောက်လောက်လားလား အကောင်အထည်ပေါ်အောင် မကြိုးစားနိုင်သေးခင် လုပ်ပိုင်ခွင့်သက်တမ်းက ကုန်ကရော၊ တဖက်မှာလည်း စုဖွဲ့မှု၊ ကျစ်လျစ်သိပ်သည်းမှုက အားရစရာ မရှိပြန်တော့ နိုင်ငံတကာ အသိုက်အဝန်းအဖို့ မျက်စိလည်စရာ ဖြစ်ကုန်တာပေါ့။ ကိုယ့်ဘက်က ယုံကြည်နိုင်လောက်အောင် စုစည်းမှုခိုင်မာပြမှ သူ့ချဉ်းကပ်မှုကို ဘယ်လိုဘာညာ စျေးဆစ်သင့်တယ်လို့ ထင်တာပဲဗျာ။
၅။ စစ်ကောင်စီကတော့ နိုင်ငံတကာ မျက်နှာစာမှာ တရားဝင်မှုရရှိဖို့အတွက် ရွေးကောက်ပွဲ လမ်းကြောင်းကို ဦးတည်လာတယ်လို့ သုံးသပ်ကြပါတယ်။ တော်လှန်ရေး အင်အားစုတွေအနေနဲ့ နိုင်ငံတကာ မျက်နှာစာမှာ တရားဝင်မှု ရရှိဖို့ ပိုပြီးလက်တွေ့ကျတဲ့နည်းနာ ဘာလုပ်ဖို့ လိုအပ်မလဲ။
ဆက်မေးလာတာ စုစပ်ပြီး ဖြေပါရစေ၊ စကစက သူ့အလုပ် သူလုပ်နေတယ်။ အတိုက်အခံတွေက ကနေ့အထိ ကိုယ့်အလုပ်ကို တစုတစည်းတည်း ပီပီပြင်ပြင်မလုပ်နိုင်ကြဘူး။ သူလုပ်နေတာ ဟုတ်မနေရင်၊ တရားမနေရင် ကိုယ်တွေက ဟုတ်တိုင်းမှန်ရာ တစိတ်တဝမ်းတည်း ဘာလို့ မလုပ်နိုင်ကြတာလဲ၊ ဘာလို့ ဆန်းစစ်သုံးသပ်မှု မလုပ်ကြတာလဲ၊ ဘာလို့ အဝေဖန်မခံကြတာလဲ။ အဖြေရှိလျက်နဲ့ ကွေ့ဝိုက်ရှောင်လွှဲနေကြတယ်။
စကစကိုယ်တိုင်ကလည်း ပြည်ထောင်စုပြဿနာ၊ နိုင်ငံရေးအကျပ်အတည်းကို ဦးတည်တဲ့ ဆွေးနွေးချဉ်းကပ်မှုမျိုး မလုပ်ဘဲ ကိုယ့်တစ်ကိုယ်စာ ထွက်ပေါက်လောက် ကြည့်ပြီး ရွေးကောက်ပွဲကို ဇွတ်တင်း လုပ်နေရင်တော့ ပြည်တွင်းစစ်သံသရာ ဆက်လည်မယ်၊ ပြည်ထောင်စုအနာဂတ် ပျောက်ဆုံးမယ်ဆိုတာ နားလည်သင့်တာပေါ့။
လူထုကို ဗဟိုမပြုသရွေ့ ကျနော်တို့ပြည်ထောင်စု အေးချမ်းတည်တံ့ဖို့ လမ်းမမြင်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ပိုလို့ ဝေးပါသေးတယ်။ တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လုပ်ကြမှ တိုင်းပြည်တည်ဆောက်ရေးကို တက်လှမ်းနိုင်မှာပေါ့ဗျာ။ ဒါလောက်ပြောတာနဲ့တင် နားခါးလှရော့မယ်၊ တော်ပါရစေဗျာ။