တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသတင်း

KNU တပ်မဟာ ၆ နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် သေဆုံးမှုများဟု KNU ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်မြန်မာ ( ဇူလိုင် – ၂၁)

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်မှာ နှစ်ဇွန်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့ရဲ့ စစ်ရေးကွပ်ကဲမှုအောက်က ပူးပေါင်းစစ်ကြောင်းတွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲ ၂၉ ကြိမ်ဝန်းကျင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲကြီး ငါးကြိမ်၊ တိုက်ပွဲငယ် ၂၄ ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးတစ်ဦး၊ ဒုဗိုလ်မှူးကြီးတစ်ဦးနဲ့ နယ်ထိန်းရဲ အရာရှိတစ်ဦးအပါအဝင် ၄၆ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရခဲ့ပြီး၊ အဲဒီတိုက်ပွဲ အကြိမ် ၃၀ ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇွန်လအတွင်း စစ်ကောင်စီတပ်ဟာ ဒူးပလာယာခရိုင်အတွင်းက မြို့နယ်တွေကို လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရစ်ယာန်ဘာသာရေး အဆောက်အဦတစ်လုံး အနည်းငယ်ပျက်စီးကာ လူနေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ KNU ကဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က လေကြောင်းကတိုက်ခိုက်သလို လက်နက်ကြီးနဲ့လည်း ၁၂ ကြိမ် ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ကိုးဦး ဒဏ်ရာရကာ အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကာ နေစရာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပုံစာ- စစ်ကောင်စီတပ်တွေဆီက သိမ်းဆည်းရမိတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းများ

Photo – KNU

Related Articles

Back to top button