သတင်း

အနာဂတ် ပြည်ထောင်စုသစ်ကိစ္စ ကြေလည်အောင် ဆွေးနွေးထားဖို့လိုကြောင်း KIO ဥက္ကဌပြော

အနာဂတ် ပြည်ထောင်စုသစ်ကိစ္စ ကြေလည်အောင် ဆွေးနွေးထားဖို့လိုကြောင်း KIO ဥက္ကဌပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဖေဖော်ဝါရီ ၅၊ ၂၀၂၄

စစ်အာဏာရှင်စနစ်ကို လူထုအားနဲ့ တိုက်ဖျက်နေတာကြောင့် စစ်အာဏာရှင်စစ်ကောင်စီဟာ တအိအိနဲ့ ပြိုကျလာနေပြီဖြစ်လို့ တော်လှန်ရေးအလွန် အနာဂတ် ပြည်ထောင်စုသစ်ကို ဘယ်လို တည်ဆောက်ကြမလဲဆိုတာ အင်မတန် အရေးကြီးတဲ့ မေးခွန်းဖြစ်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောကြားလိုက်ပါတယ်။

စစ်အာဏာရှင်စနစ် ဖြိုချပြီးတာနဲ့ ပြည်ထောင်စုသစ်ကို တညီတညွတ်တည်း သိမ်မွေ့စွာဖြင့် တည်ဆောက်ကြဖို့က နိုင်ငံသားတိုင်းရဲ့ တာဝန်၀တ္တရားဖြစ်တယ်လို့ ဆိုလိုက်သလို စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေကြား စုစည်းညီညွတ်စွာဖြင့် ပြည်ထောင်စုသစ် တည်ဆောက်ရေး အမြင်သဘောထားများကို မဖြစ်မနေ ကြေလည်အောင် ဆွေးနွေး ညှိနှိုင်းသဘောတူကာ ပြင်ဆင်ထားကြဖို့ လိုအပ်ကြောင်း ပြောလိုက်ပါတယ်။

အနာဂတ် ပြည်ထောင်စုသစ် တည်ဆောက်ရေးဆိုင်ရာ အမြင်သဘောထားများကို ကြေလည်အောင် ဆွေးနွေး ညှိနှိုင်းသဘောတူထားနိုင်ခြင်းမရှိဘဲ ကွဲလွဲနေမယ်ဆိုရင် နောင်အနာဂတ်မှာလည်း တော်လှန်ရေး အင်အားစု အချင်းချင်းကြား ပွတ်တိုက်မှုများ ဖြစ်လာနိုင်တယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူ့ရဲ့ မိန့်ခွန်းကတဆင့် သတိပေးလိုက်တာပါ။ 

KIO ဥက္ကဌ အဆိုအရ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ကတော့ စစ်အာဏာရှင်စနစ်ကို အတူတကွ တွန်းလှန် တိုက်ခိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုတင်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် နေသလို အခြားစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အင်အားစုတွေ အားလုံးနဲ့လည်း ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိနေတယ်လို့ သူက အသိပေး ထားပါတယ်။ 

ဒါ့အပြင် စစ်အာဏာရှင်တွေကို ဖြုတ်ကျသွားပြီးနောက် ဦးစားပေးလုပ်ရမယ့် နိုင်ငံတည်ဆောက်ရေးထဲက အရေးကြီးအချက်တွေကကိုလည်း သူက ထည့်သွင်း ပြောဆိုပါတယ်။ အဲဒီတွေဟာ ပြည်သူလူထုဘ၀ လုံခြုံရေး၊ ပြည်သူလူဘ၀ ငြိမ်းချမ်းသာယာ ၀ပြောရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ တရားဥပဒေ အတိုင်း လိုက်နာဖော်ဆောင် နိုင်ရေးတို့ ဖြစ်သလို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ဆက်လက် အကောင် အထည်ဖော်ဆောင်သွားရမှာ ဖြစ်လို့ ကြိုတင် ပြင်ဆင်ထားနိုင်ဖို့လိုအပ်ကြောင်း သူက ပြောပါတယ်။

ဒ့ါကြောင့် အနာဂတ် ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ကဏ္ဍတိုင်းမှာ နိုင်ငံသားတိုင်းက မိမိတက်စွမ်း တဲ့ နေရာကနေ ဝိုင်းဝန်းပံ့ပိုးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားချက်က အင်မတန်အရေးကြီးပြီး အခရာကျသလို အဲဒီလို ပါဝင်ခြင်းအားဖြင့်လည်း အနာဂတ် နိုင်ငံရေးကိစ္စ ဆွေးနွေးငြင်းခုံကြတဲ့အချိန်ရောက်ရင် ပိုမိုလွယ်ကူစေချော့မွေ့စွာ အထောက်အကူဖြစ်စေပြီး ကိုယ့်လူမျိုး ကိုယ့်ဒေသတွေမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ကာ ကိုယ့်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ရှိတဲ့ အခင်းအကျင်းကို ထုဆစ်သွားရမှာ ဖြစ်တယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူရဲ့ မိန့်ခွန်းကနေတဆင့် တိုက်တွန်းလိုက်ပါတယ်။

ဓါတ်ပုံ – KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

Related Articles

Back to top button