တိုင်းရင်းသားနိုင်ငံရေးပါတီများ

လွှတ်တော်မရှိဘဲနဲ့ ဥပဒေဆိုတာ ပြင်ဆင်ပြဌာန်းလို့မရကြောင်း ဦးမျိုးကျော်ပြော

ဓါတ်ပုံ – NSPNC နဲ့ နိုင်ငံရေးပါတီတချို့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၆ ရက်က တွေ့ဆုံဆွေးနွေးစဉ်

ဧပြီ ၁၆၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)

စစ်ကောင်စီက ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ(NSPNC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေးအစုအဖွဲ့မှ အလုပ်အဖွဲ့ ကိုယ်စားလှယ်များသည် ဧပြီ ၆ ရက်က တွေ့ဆုံ ဆွေးနွေး၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် သဘောတူခဲ့ကြသော်လည်း လွှတ်တော်မရှိခြင်းကြောင့် ပြင်ဆင်၍ မရနိုင်ကြောင်း ထောက်ပြပြောဆို အငြင်းပွားနေကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က လွှတ်တော်မရှိဘဲနဲ့ ဥပဒေဆိုတာ ပြင်ဆင် ပြဌာန်းလို့မရဘူး၊ ဥပဒေတစ်ခုခုကို ပြဌာန်းဖို့အတွက် တရားဝင်အစိုးရ လွှတ်တော် တစ်ရပ်ရှိကို ရှိရမယ် ဟု ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

ဦးမျိုးကျော်က “ အခုက ကျွန်တော်တို့နိုင်ငံမှာက အာဏာသိမ်းထားတာလေ။ အာဏာသိမ်းထားတဲ့ လူတွေက တော့ သူတို့ကအာဏာရှင်ဆိုတော့ သူတို့လုပ်ချင်တာကို လုပ်မှာဘဲ။ သူတို့လိုအပ်ရင် အတင်းအဓမ္မ အာဏာနဲ့ လုပ်မှာဘဲ။ အာဏာရှင်တွေရဲ့ အလိုတူအလိုပါ အာဏာရှင်တွေရဲ့ ထောက်ခံမှုနဲ့သွားရင်တော့ ဖြစ်လိမ့်မယ်။ ပြောင်းချင်ပြောင်းမယ်။ ပြင်ချင်ရင်ပြင်လိမ့်မယ်။

လွှတ်တော်မရှိဘဲနဲ့ ဥပဒေဆိုတာ ပြင်ဆင်ပြဌာန်းလို့မရဘူးလေ။ ဥပဒေတစ်ခုခုကို ပြဌာန်းဖို့အတွက် တရားဝင်အစိုးရ လွှတ်တော်တစ်ရပ်ရှိကိုရှိရမယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အိမ်နီးချင်းနိုင်ငံတွေရော ကမ္ဘာ့နိုင်ငံ အသီးသီးကရော ထောက်ခံမှုမရှိဘူး။ ပြည်သူတွေအပေါ်မှာလည်း စစ်ကောင်စီရဲ့အာဏာ မသက်ရောက်ဘူး။ အခုလိုသင်္ကြန်မှာတောင် သူတို့ပွဲရှာလို့မရဘူး။ အုပ်ချုပ်ရေးယန္တယား၊ ငွေကြေးပိုင်း ဆိုင်ရာတွေ မလည်ပတ်ဘူး။ အာဏာရှင်တွေလုပ်တာဖြစ် တဲ့အတွက် သူတို့ကို ထောက်ခံခြင်း မထောက်ခံခြင်းနဲ့ပဲဆိုင်တယ်။ အာဏာရှင်တွေနဲ့ပေါင်းတဲ့လူတွေကတော့ တရားဝင်တယ်ပြောမယ်။ ကျွန်တော် တို့ကတော့ စစ်ကောင်စီသည် တရားမဝင် အာဏာသိမ်းထားတာဖြစ်တယ်။ သူတို့လုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကိုဖျက်ပြီး အာဏာသိမ်းထားတာ ဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီသည်တရားမဝင်၊ ၂၀၀၈ ဖွဲ့စည်းပုံ လည်းပျက်ပြီဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ၂၀၂၃ တွင် အထွေထွေ ရွေးကောက်ပွဲပြုလုပ်ပြီး လွှတ်တော် ဖွဲ့စည်း၍  ပုဒ်မ ၂၆၁ အပါအဝင် ၎င်းတို စိတ်ကြိုက် ဥပဒေများ ပြင်ဆင် ပြဌာန်းလာနိုင်ကြောင်း ပြောဆိုမှုများရှိသည်။

ဦးမျိုးကျော်က “စစ်ကောင်စီအာဏာသိမ်းတဲ့အတွက် ၂၀၀၈ ဟာလည်း ပျက်ပြယ်ပြီးဖြစ်တယ်။ ၂၀၀၈ ပေးထားချက်နဲ့ သူတို့ကအာဏာသိမ်းရတယ်လို့ပြောထားတယ်။ နိုင်ငံရေးပါတီအများစု ပါတီမှတ်ပုံတင် ထားတာတွေက ၂၀၀၈ ကိုမကြိုက်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဇွတ်မှိတ်ပြီးတော့ အပြောင်းအလဲတစ်ခု ဖြစ်လာမလားဆိုပြီးတော့ ဝင်ကြတာဖြစ်တယ်။ ၂၀၀၈ ကိုစ၊လယ်၊ဆုံး ကာဗာကအစ ပြင်ချင်တဲ့လူကပြင်ချင်တယ်။ တချို့က လုံးဝဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲချင်တဲ့လူတွေဆိုပြီး နှစ်ဖွဲ့ရှိတယ်။ အခု ၂၀၂၃ ရွေးကောက်ပွဲကိုသွားမယ်ဆိုရင် ပျက်နေတဲ့ ၂၀၀၈ ကိုပြန်ပြီးအသက်သွင်းရာရောက်တယ်။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေက ဝင်ပြိုင်မယ်ဆိုရင် သူတို့က တရားခံဖြစ်မယ်။ ပါတီတွေက ရွေးကောက်ပွဲ မဝင်သင့်ဘူး၊ ပျက်ပြယ်ပြီးသား ၂၀၀၈ ကို အသက်ပြန်မသွင်းသင့်ဘူးလို့ပြောချင်ပါတယ်” ဟု ဆက်ပြောသည်။

စစ်ကောင်စီက လာမယ့် ၂၀၂၃ ရွေးကောက်ပွဲမှာ PR စနစ်ကိုကျင့်သုံးမယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေသာ တွေ့ရသည်။ လက်ရှိ စစ်ကောင်စီက ဆက်လက် ကိုင်ဆွဲနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် PR စနစ်ဆိုင်ရာ ပြဌာန်းထားခြင်းမရှိပါ။ PR စနစ်ကို ကျင့်သုံးမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ဦးဆုံး ပြင်ဆင်ရမည်ဖြစ်သည်။

ဦးမျိုးကျော်က “PR စနစ်ကျင့်သုံးမယ်ဆိုတာက ဖွဲ့စည်းပုံနဲ့ချိတ်တယ်။ ၂၀၀၈ အရ စစ်တပ်ဟာ ရွေးကောက်ခံစရာမလိုဘဲနဲ့ ၂၅ ရာခိုင်နှုန်းမူလကတည်းက ရပြီးသားဖြစ်တယ်။ PR စနစ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သူတို့ရွေးကောက်ပွဲမှာ မဲအများဆုံးဟာ NLD၊ ဒုတိယမဲအများဆုံးနိုင်တာက ပြည်ခိုင်ဖြိုးဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲစနစ်အရ တစ်မဲသာရင်တောင်မှ အနိုင်ရသူ၊ အကုန်ယူဆိုတဲ့စနစ်မျိုးဖြစ်တယ်။ ဥပမာ ရာခိုင်နှုန်းအရတွက်မယ်ဆိုရင် ၅၁ နဲ့ ၄၉၊ ၅၁ ရတဲ့သူကအကုန်ယူပြီး ၄၉ ရတဲ့သူက တစ်ခုမှမရဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှိတဲ့မဲအားလုံးကို ပြန်ပြီးတော့ အချိုးချမယ်ဆိုရင် ပြည်ခိုင်ဖြိုးက ဒုတိယအများဆုံးဖြစ်တယ်။ ပြည်ခိုင်ဖြိုးဟာ အတိုင်းအတာတစ်ခုထိ အခုသွားတဲ့စနစ်ထက်စာရင် PR စနစ်မှာ ကိုယ်စားလှယ်နေရာ ပိုပြီးတော့ ရလာနိုင်မယ်။ ဒီဘက်မှာလည်း စစ်တပ်က ၂၅ ရာခိုင်နှုန်းက ရပြီးသား ဖြစ်တယ်။ ဆိုတော့ သူတို့က တပ်နဲ့ပေါင်းပြီး အမြဲတမ်းအစိုးရဖွဲ့နိုင်မယ်။ တိုင်းရင်းသားတွေမှာလည်း UPDJC ကပါတီတွေ၊ အဖွဲ့အစည်းတွေက စစ်တပ်ရဲ့အလိုကျပေါင်းနေတဲ့ဟာတွေရှိတယ်။ အဲ့အုပ်စုတွေက စစ်ကောင်စီ အလိုကျသွားမယ့်ပုံစံမျိုးတွေတွေ့ရတယ်။ စစ်ကောင်စီက အမြဲတမ်းတပ်ကိုလည်း ကိုင်ထားမယ်၊ လွှတ်တော်ကိုလည်း အုပ်စိုးချင်လို့ PR စနစ်ကိုသုံးချင်နေတာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီက ဆက်လက် ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဆိုလျှင် ပုဒ်မ (၄၃၆) အရ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု ရရှိရမည်ဖြစ်သလို၊ တနိုင်ငံလုံးရှိ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝှက်ကျော်၏ ဆန္ဒမဲခံယူရမည်ဖြစ်သည်။ လက်ရှိတွင် လွှတ်တော်လည်းမရှိကြောင်း၊ ပြင်ဆင်၍ မရကြောင်း နိုင်ငံရေး လေ့လာနေသူများကလည်း ထောက်ပြ ပြောဆိုနေကြသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက ၂၆၁ ပြင်ဆင်ရေး တောင်းဆိုကြစဉ်
ပြီးခဲ့သည့်နှစ်များအတွင်းက ၂၆၁ ပြင်ဆင်ရေး တောင်းဆိုကြစဉ်

Related Articles

Back to top button