သုံးသပ်ချက်

အတာတန်ခူးမို့ အတွေးသစ်တွေကို တည်ဆောက်စို့(စကားဝိုင်းအနှစ်ချုပ်)

အတာတန်ခူးမို့ အတွေးသစ်တွေကို တည်ဆောက်စို့(စကားဝိုင်းအနှစ်ချုပ်)

 

ခွန်ဦး – ဒုဥက္ကဌ (ပအိုဝ်းလူငယ် အစည်းအရုံး)

နွေဦးတော်လှန်ရေးကာလ နိုင်ငံရေး၊ စစ်ရေး ဖြတ်သန်းမှုကို နောက်ပြန် ဆွေးနွေး ကြည့်ခြင်း

၁) တော်လှန်ရေး နှစ်ကျော်ကာလမှာ ဘာတွေတိုးတက်ခဲ့လဲ။ ဘယ်အရာတွေက အားရ ကျေနပ်မှုရှိခဲ့လဲ။ မှတ်ချက်စကား ပြောပေးပါဦး။

လက်ရှိတော်လှန်ရေးက ကျနော်တို့ သမိုင်းအစဉ်အဆက်ကို ပြန်ကြည့်မယ်ဆိုရင် စစ်ကောင်စီဖက်က အထိနာဆုံး ဖြစ်ပါတယ်။ လူထုဖက်ကလည်း လူတန်းစားအလွှာပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်နေတဲ့ တော်လှန်ရေး အပြောင်းအလဲ တခုဖြစ်ပါတယ်။

ဒီအခြေအနေ ဒီကာလမှာ အခက်အခဲတွေအများကြီး ကြုံတွေ့နေရတယ်ဆိုတာကိုလည်း အားလုံးသတိထားမိ မှာပါ။ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။

လက်ရှိတော်လှန်ရေးဟာ နိုင်နှင်းဖက်ကို ကျနော်တို့ ရောက်နေပါပြီ။ အဲ့ကြောင့် ဒါကို စက်ရှိန်မသေဘဲနဲ့ အားကောင်းကောင်းနဲ့ ဆက်သွားဖို့လိုပါတယ်။

ဒီတစ်ချီမှာ အင်အားချည့်နဲ့သွားလို့မရဘူး။ ကျနော်တို့ အနာဂါတ်တွေအတွက် စနစ်ပြောင်းလဲရေးဟာ အဖြေတခု အနေနဲ့ ကျနော် သုံးသပ်ရှုမြင်ပါတယ်။

အဲ့ကြောင့် ဒီထက်ပိုမိုအားကောင်းတဲ့ ချိတ်ဆက်မှုတွေနဲ့ အတူတူဆက်သွားရမယ်။ ကျနော်တို့ နိုင်ငံသစ် စနစ်သစ်ကို အကောင်အထည်ဖော်ဖို့ အတွက် ဒီအချိန်ဟာ အခွင့်အလမ်းကောင်းတခုဖြစ်ပါတယ်။ ဒီအခွင့်အလမ်း ကို ကျနော်တို့ အမိအရဆုပ်ကိုင်ဖို့လိုအပ်ပါတယ်။

၂) တော်လှန်ရေး နှစ်ကျော်ကာလထဲမှာ နိုင်ငံရေးအရ အမြင့်ဆုံးနေရာမှာ ရှိနေတဲ့ NUCC ရဲ့ အခန်းကဏ္ဍက ရေထဲက ပုလင်းလုံးလေးလို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်လို့ ပြောကြပါတယ်။ ဘာကြောင့် အဲဒီလို မြင်နေရတာလဲ။ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ပထမဦးဆုံးတော့ ဒီတော်လှန်ရေးပေါက်ဖွားဖို့ မူဝါဒပိုင်းဆိုင်ရာ ကြားကာလရော၊ အသွင်ကူးပြောင်းရေးကာလရော အနာဂါတ်အစီအစဉ်တွေရော စဉ်းစားပြီးတော့မှ စတည်ခဲ့တာပါပဲ။ ဒီထဲမှာ NUCC ကလည်း အဓိကဖြစ်ပါတယ်။

NUG, CRPH, နဲ့ တိုင်းရင်းသား ERO တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ တော်တော်များများစုဖွဲ့ထားတဲ့ ဒီ Body က တော်တော်လည်း အရေးကြီးတဲ့ Body တခုဖြစ်ပါတယ်။ တချို့ကလည်း စဉ်းစားပါတယ် NUCC ရှိတာ အလုပ်ဖြစ်လား၊ အလုပ်မဖြစ်လားဆိုတဲ့အပိုင်းမှာ ကျနော်တို့ စစ်ရေး၊ နိုင်ငံရေးမှာက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားထဲမှာ ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ မူဝါဒအရ၊ လမ်းကြောင်းအရ ထိန်းကြောင်းပေးဖို့ NUCC ရဲ့ အခန်းကဏ္ဍကတော်တော်လည်း အရေးကြီးပါတယ်။ ကျနော်တို့ တော်လှန်ရေးအခင်းအကျင်း တော်လှန်ရေး သမိုင်းတလျှောက်မှာ မူဝါဒအရလို့ပြောလို့ရှိရင် နိုင်ငံရေးရ ထိန်းကျောင်းမှုက အင်မတန် အရေးကြီးပါတယ်။

စစ်ရေးကာလရဲ့ ထိန်းကြောင်းမှုတွေ နိုင်ငံသစ် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ဖို့ဆိုတဲ့ အခန်းကဏ္ဍကမှာ နိုင်ငံရေးအခန်းကဏ္ဍက ပိုပြီးအရေးကြီးပါတယ်။ စစ်ရေးနဲ့နိုင်ငံရေးက တွန်တွဲပြီးသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် NUCC ရှိခြင်းက တော်လှန်ရေးအတွက် အရေးကြီးတဲ့ ကဏ္ဍတခုမှာရှိနေတယ်ဆိုတာကို ဒီနေရာကထပ်လောင်းပြီးပြောချင်ပါတယ်။

၃) လက်နိုရှိင်ငံရေးကို ဦးဆောင်း အခန်းကဏ္ဍထဲမှာ ပါဝင်တဲ့   NUCC, NUG နဲ့ CRPH တို့ဆိုတာက ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် (FCD)ထဲက ပေါ်လာတဲ့ အဖွဲ့တွေလို့ နားလည်လို့ရတယ်။ ဒါကိုမှ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ နောက်ဆုံးနေ့မှာ CRPH နဲ့ NUG က နုတ်ထွက်သွား တာက ဆရာ့ အနေနဲ့ ဘာကြောင့်လို့ထင်လဲ၊ CRPH က ထုတ်ပြန်တဲ့ အချက် ၅ ချက်က ခိုင်လုံမှုရှိရဲ့လား။

ကျနော်အထင်က မူပိုင်းဆိုင်ရာ ပြဿနာလို့ပဲမြင်ပါတယ်။ နုတ်ထွက်တာလည်းမဟုတ်ပါဘူး။ မစည်းအဝေး မတက်ရောက်တာပါ။ အစည်းအဝေးက နုတ်ထွက်တာက ဒီညီလာခံအလိုမရှိကြောင်းဆိုပြီး ဆန့်ကျင်ကန့်ကွက် တာမျိုး မဟုတ်ပါဘူး။ ဒါကပထမဦးဆုံးအနေနဲ့ သဘောတရားကို ရှင်းဖို့လိုပါတယ်။ ဒုတိယတခုက NUG ကလည်း ပြီးဆုံးတိုင်တဲ့အထိတက်ချင်ပါတယ်။ ဒါပေမဲ့ ပွဲစီစဉ်ကျင်းပတဲ့ သူတွေနဲ့ အရင်ဦးဆုံး ကြိုတင်ဆွေးနွေး ကြည့်ရအောင် ပုံစံဒီဇိုင်းလေးပေါ့၊ အဲ့ဒါကြောင့် အဓိက Process လုပ်ငန်းစဉ်ကိုပဲ အားနည်းချက်တွေ့ရတယ်။

အဓိက အချိန်ပေါ့လေ၊ အဲ့ဒါကြောင့်ပဲ နောက်ဆုံးရက်မှာ NUG ဖက်က ကြားထဲမှာ ဘယ်လိုမျိုးပုံစံ ဒီဇိုင်းနဲ့ သွားမလဲဆိုတာ အချိန်တော်တော်နည်းသွားတယ်။ အဲ့ဒါကြောင့် သူတို့ ဆက်ပြီးတက်ဖို့အတွက် အခက်အခဲ ဖြစ်သွားတာမျိုးပေါ့လေ၊ ပထမအချက်ကတော့ ကျနော်တို့ နားလည်ထားဖို့က CRPH ကရော NUG ကရော NUCC ကနေ နုတ်ထွက်သွားတာမျိုးမဟုတ်ဘူးဆိုတာ ရှင်းဖို့လိုတယ်။ ဒုတိယအချက်ကတော့ NUCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို မခံယူတာ မဟုတ်ဘူးဆိုတာကိုလည်း သိသိလင်းလင်း သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။  

အတာတန်ခူးနှင့်အတူ တော်လှန်ရေး အတွေးအခေါ်သစ်တွေကို တည်ဆောက်ဖို့ ဆွေးနွေး ကြည့်ခြင်း

၁) လက်ရှိ နိုင်ငံရေးအရ ဦးဆောင်နေကြတဲ့ NUG, NUCC တို့ကို အတာတန်ခူးနှင့်အတူ ဘယ်လို တော်လှန်ရေး အတွေးအခေါ် အသစ်တွေကို တည်ဆောက် စေချင်ပါသလဲ။ ပြင်ဆင်စေချင်ပါသလဲ။ 

လက်ရှိကာလက တော်လှန်ရေးကာလဖြစ်တယ်။ စစ်ကောင်စီက တိုင်းပြည်ကို စစ်အာဏာရှင်စနစ်နဲ့ နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်ပြီး စီမံလာခဲ့တာ ကြာခဲ့ပြီ။ အဲ့တော့ ဒီစနစ်ကို ဖြိုဖို့က ကျနော်တို့ နည်းဗျူဟာ ကောင်းကောင်းရှိဖို့လိုသလို၊ စိတ်ရှည်ဖို့လည်းလိုတယ်။ အင်အားစုတစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်စုနဲ့တစ်စုကြားထဲမှာလည်း သီးခံမှုဆိုတာလည်း တကယ်အရေးကြီးပါတယ်။

ဆိုတော့ ဒီအခြေနေ ဒီကာလမှာ မကျေလည်မှုတွေကို ကျနော်တို့ရဲ့ စိတ်ထဲမှာ မကိန်းအောင်းထားဖို့လိုတယ်။ ကျနော်တို့ဟာ လာရာ၊ ဖေါက်ဖွားရာ ကဏ္ဍတွေက တခုနဲ့တခုမတူတဲ့အင်အားစုတွေ ဒီမှာလာစုပေါင်းပြီးတော့မှ ဘုံရန်သူကိုဖြိုကြတယ်။

ဒါက ၁) အချက်၊ ဒီရပ်တည်ချက်အပေါ်မှာ အားလုံးသဘောတူညီဖို့တော့လိုတယ်။ ၂) အချက် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ဝိုင်းပြီးတော့ အတူတကွ တည်ဆောက်ကြမယ်ဆိုတဲ့ အဲ့ဒီအခြေခံနှစ်ခုတူတဲ့တာကို အားတစ်ခုအနေနဲ့ ညီညီညွတ်ညွတ်ဆက်ပြီးတော့ သွားဖို့လိုတယ်။ ညီညွတ်ဖို့လိုပြောတဲ့နေရာမှာ လူထုတွေရဲ့ အခြေနေတွေ၊ လူထုတွေရဲ့ ခံစားချက်တွေ၊ လူထုတွေရဲ့ ပါဝင်မှုတွေကိုလည်း မေ့လျော့ထားလို့မရဘူး။ အဲ့တော့ ဒီကာလမှာ ကျနော်တို့ စစ်ရေး၊ နိုင်ငံရေး နှစ်ခုစလုံး တွန်တွဲပြီးတော့မှသွားဖို့လိုအပ်ပါတယ်။

စစ်ရေးအရ ရှေ့ရောက်နေတဲ့အင်အားစုတွေမှာ စစ်ရေးကိစ္စတခုအနေနဲ့ပဲ ပြီးသွားတာမျိုးမဟုတ်ဘဲနဲ့ နိုင်ငံရေးအရ ဆွေးနွေးတိုင်ပင်မှုတွေ၊ ညှိနှိုင်းမှုတွေ လိုချင်တဲ့စနစ်ကို ပုံဖော်မှုတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။

စစ်ကောင်စီကိုယ်တိုင်က စကားပြောလို့လည်းမရဘူး၊ ဆွေးနွေးလို့လည်းမရဘူး။ လက်နက်နဲ့တော်လှန်ရေးက လူထုကိုယ်တိုင်ရွေးချယ်တဲ့ လမ်းဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာကတော့ မေးခွန်းထုတ်လိမ့်မယ် ဘာဖြစ်လို့ လက်နက်ကိုင်ရတာလဲ ငြိမ်းချမ်းတဲ့လမ်းစဉ်နဲ့မသွားချင်ဘူးလား။ သွားခဲ့တယ် နှစ်ပေါင်း ၇၀ ကျော်သွားခဲ့တယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုက နောက်ဆုံး လက်နက်ကိုင်တော်လှန်ရတဲ့ အခြေအနေတခုကို တွန်းပို့လာတာကြောင့်မို့လို့ လူထုကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းတခုဖြစ်ပါတယ်။

ဒါကို နိုင်ငံတကာ အင်အားစုတွေလည်းနားလည်ဖို့လိုပါတယ်။ ခုခံတော်လှန်စစ်ပြီးသွားတဲ့ ကာလတခု ရောက်လာတဲ့ အခါကျရင် နယ်မြေထိန်းချုပ်တဲ့ ကိစ္စရပ်တွေ ပြန်လည်ပူးပေါင်းလုပ်ရမဲ့ ကိစ္စရပ်တွေ နိုင်ငံရေး အခန်းကဏ္ဍကို ပြန်ပြီးမှ ဆွေးနွေးအခါမှာ NUCC ဟာ အရေးကြီးလာတယ်ဆိုတာကို ထောက်ပြလိုပါတယ်။

၂) ဆက်လက်ပြီး တဖက်မှာ လက်နက်ကိုင်တော်လှန်ရေးကို အဓိက အားပြုဖော်ဆောင်ပေးနေတဲ့ EAOs / EROs, PDFs တွေရဲ့ အတွေးအခေါ်၊ လမ်းစဥ်တွေမှာရော ဘာတွေကို ဆေးကြော သန့်စင်ပြီး ဘယ်လို အတွေး အခေါ်သစ် တွေကို တည်ဆောက်ဖို့ လိုမလဲ။

ပထမဦးဆုံးပြောချင်တာကတော့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ မျိုးစုံရှိပါတယ်။

၁) အချက်က အမျိုးသားလွတ်မြောက်ရေးကို အခြေခံပြီးတော့ ပေါက်ဖွားလာတဲ့ အင်အားစုတွေရှိသလိုမျိုး၊ နှစ်အချက် လူတန်းစား လွတ်မြောက်ရေးအတွက် အခြေခံပြီးတော့ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။

ဆိုတော့ ဒီနေရာမှာ အသွင်ပြောင်း ပြည်သူ့စစ်ကိစ္စရပ်တွေ၊ ဌာနေပြောင်းပြည်သူ့စစ်ကိစ္စရပ်တွေ စသည်ဖြင့်ပေါ့ ဒီဟာတွေကလည်း စစ်ကောင်စီနဲ့ စကားမပြောခင်မှာ ကိုယ့်အမျိုးသားလွတ်မြောက်ရေး၊ အခြေခံလူတန်းစား လွတ်မြောက်ရေးတွေ သူတို့ရဲ့ ပင်မပင်ကိုယ့်ရည်ရွယ်ချက် လက်နက်ကိုင်ဆောင်ရတဲ့ ရည်ရွယ်ချက်ကို ပြန်ပြီး စဉ်းစားဖို့လိုပါတယ်။

အမျိုးသားလွတ်မြောက်ရေးကို စဉ်းစားတဲ့အခါမှာ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူ၊ ကိုယ့်ဒေသကို အဓိက အခြေတည်ပြီးတော့ လက်နက်ကိုင်ခဲ့တာမို့လို့ ဒီနေ့ဒီအကာလမှာ ပြန်ပြီးတော့ သုံးသပ်ဖို့လိုလိမ့်မယ်လို့ ယူဆမိပါတယ်။

ကိုယ့်ရဲ့လူမျိုးတွေအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနိပ်အမြတ်ထုတ်မှုတွေကို ပြန်လည်သတိရကြပြီး ဘက်ပြောင်းလာဖို့တော့ လိုပြီထင်ပါတယ်။

ပြည်သူ့စစ်ဆိုတာ ၂၀၀၈ ဖွဲ့စည်ပုံ ဥပဒေအရ စစ်ကေင်စီရဲ့ တိုက်ရိုက်ကွက်ကဲမှုအောက်မှာတာနေရပါတယ်။ စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးပြီး လူတစုကောင်းစားရေးအတွက် အခြေခံပြီးသွားနေတဲ့လမ်းကို ပြန်လည် ပြောင်းလဲဖို့ လိုအပ်ပြီလို့ မြင်ပါတယ်။

NCA ထဲ့က တချို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးတာလိုချင်တယ်၊ သေနတ်နဲ့ပစ်ပြီး ဆွေးနွေးတာ မလိုချင် ဘူးဆိုတဲ့ အယူအဆပေါ့လေ၊ ဒီအယူအဆကိုတော့ ကျနော် လူငယ်တယောက်အနေနဲ့ မကန့်ကွက်ဘူး၊ သို့သော် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စဉ်းစားတဲ့အပိုင်းမှာ စစ်ကောင်စီက အရင်ကလိုမျိုး Stakeholder အဖြစ်ထားပြီးတော့ ဆွေးနွေးတာက မဖြစ်သင့်တော့ဘူးလို့ မြင်တယ်။

————

Naw Htike (အမျိုးသမီး တက်ကြွလှုပ်ရှားသူ)

နွေဦးတော်လှန်ရေးကာလ နိုင်ငံရေး၊ စစ်ရေး ဖြတ်သန်းမှုကို နောက်ပြန် ဆွေးနွေး ကြည့်ခြင်း

၁) နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမယ်လို့ ကြွေးကြော်ထားကြပါပြီ။ ဒီလိုဆို တော်လှန်ရေးစတဲ့ကာလ ကနေ အခုအထိ အားနည်းတဲ့ အစိတ်အပိုင်းတွေဆို ဘယ်အရာတွေ ဖြစ်နေမလဲ။ အားကောင်းနေတဲ့ အစိတ် အပိုင်းက ဘာလဲ။

ဒီတော်လှန်ရေးမှာက ကျမ က ကိုယ့်ခြေကိုယ့်လမ်းနဲ့ ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်ပြီ အသိဉာဏ်အနေနဲ့ကလည်း ဆုံးဖြတ်နိုင်တဲ့ အရွယ်ဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးမှာ ကျမ က အစကတည်းကနေပါဝင်ဖြစ်ခဲ့တယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီးတော့ ဒီနေ့ဒီအချိန်ထိ အရွေ့တိုင်းကို မျက်ခြေမပြတ် သုံးသပ်နေပါတယ်။

အားသာချက်ကိုပြောရရင်တော့ အရမ်းကိုမှ အားကောင်းတဲ့အချက်မှာ ရှိပါ တယ်။ အားကောင်းတဲ့ အနေအထားမှာ ရှိတယ်ဆိုတာ ဘယ်လိုမျိုးကိုပြောချင်တာလဲ ဆိုလို့ရှိရင် ကျမတို့က တော်လှန်အစက လက်ပလာနဲ့ ဆန္ဒပြခဲ့ကြတယ် ငြိမ်းချမ်းစွာနဲ့ခုခံခဲ့ကြတယ်။

အဲ့အချိန်ကနေ မလွဲတာလို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးခဲ့ရပြီးနောက် လက်လုပ်သေနတ်၊ တူမီးတွေနဲ့စခဲ့တယ်။ အခုချိန်မှာ ကျမတို့ဟာ ဒရုန်းတွေကိုလည်း ကိုယ်တိုင်တည်ဆောက်နိုင်ပြီ။ သိမ်းခဲ့တဲ့ စခန်းတွေ၊ မြို့တွေလည်း အများကြီးရှိလာပြီ။ သုံးနှစ်အချိန်ကာလနဲ့ကြည့်ရင် ဒီအရွေ့ဟာ အရမ်းကိုကြီးမားပါတယ်။ အရှေ့က တော်လှန်ရေးတွေနဲ့ ယှဉ်ကြည့်လိုက်လို့ရှိရင် ကျမတို့ရဲ့ နွေဦးတော် လှန်ရေးဟာ အရှေ့ကိုရောက်နေပြီလို့ ကျမအနေနဲ့ထင်ပါတယ်။

အားနည်းချက်ကတော့ တာဝန်ရှိသူတွေအနေနဲ့ ပြတ်ပြတ်သားသား၊ သတ္တိရှိရှိ၊ အရည်အချင်းရှိရှိနဲ့ ဒီထက် ပိုပြီးတော့ နိုင်ငံရေးနှင့် စစ်ရေးတို့မှာ စီမံခန့်ခွဲနိုင်မယ်ဆိုလို့ရှိရင် ဒီအရွေ့က အခုထက်ပိုအားကောင်းနိုင်မယ်လို့ ကျမကတော့ ယုံကြည်ပါတယ်။

၂) တော်လှန်ရေး နှစ်ကျော်ကာလထဲမှာ အရင်က မကြုံဖူးသေးတဲ့ ပြည်တွင်းမှာ စစ်မျက်နှာ စစ်ဘောင်အကျယ်ဆုံး အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေတာ တွေ့ရပါတယ်။ ဒီလိုစစ်ဘောင်အကျယ်ဆုံး အမြင့်ဆုံးကို ရောက်နေတာက မြန်မာ့နိုင်ငံရေးကို တခုခု အပြောင်းအလဲ ဖြစ်သွား စေနိုင်မလား။

ဒီ ၃ နှစ်တာကာလမှာ စစ်ရေးအနေနဲ့ ကျမတို့အများကြီး ရှေ့ကိုရောက်နေပါပြီ။ ကျမတို့ လမ်းပေါ်ထွက် ဆန္ဒပြမှုကို စစ်ကောင်စီက ရက်ရက်စက်စက်အကြမ်းဖက် ပစ်သတ်တာတွေအများကြီးကြုံရတယ်။ မသွဲ့သွဲ့ခိုင် ကစလို့ မန္တလေးက ကောင်းလေးအဆုံးပေါ့။ အဲဒီသာဓကတွေဟာ စစ်ကောင်စီပဲ လူငယ်တွေကို လက်နက်ကိုင်ဖို့ တွန်းပို့လိုက်တာဖြစ်ပါတယ်။  

ပြန်ခြုံငုံကြည့်ရင် မလွဲတာမရှောင်လို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ သွားရမယ်၊ စစ်ရေးနဲ့ပဲဖြေရှင်းရတော့ မယ်ဆိုပြီးတော့ လူငယ်လေးတွေကအစ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ စိတ်ထဲမှာဖြစ်လာပြီးတော့၊ တစ်ဦး တစ်ယောက်ဆီက နေစုဖွဲ့ပြီးတော့မှ PDF လိုမျိုး၊ အခြားလက်နက်ကိုင် အဖွဲ့တွေဖြစ်လာကြတယ်။ အဲ့အနေအထားမှာ ကျမတို့က လက်နက်ကိုင် ဖက်ကိုမသွားဘူး ငြိမ်လိုက်မယ်ဆိုရင် စစ်ကောင်စီသူတို့လည်း ချိနဲ့အားနည်းလာမှာ မဟုတ်ဘူး။  

ဒီ ၃ နှစ်တာ ကာလမှာ ကျမတို့ရဲ့ ရဲဘော်တွေဟာ အများကြီး Professional ပီသလာတယ်။ စစ်တိုက်တာ၊ အမိန့် နာခံတာ၊ စစ်ရေးစီမံ ကွပ်ကဲတာတွေပေါ့။ အင်အားကြီးပါတယ်ဆိုတဲ့ စစ်ကောင်စီကိုတောင်မှ တွန်းလှန်နိုင်တယ်။ အခုဆို စစ်ကောင်စီရဲ့ ထိန်းချုပ် (Control) နယ်မြေ၊ စိုးမိုးနယ်မြေတွေက တဖြည်းဖြည်းနဲ့ ကျဉ်းကျဉ်း လာတယ်။ 

အဲ့လိုရလဒ်တွေနဲ့အတူ အပြောင်းအလဲဖြစ်လာဖို့နှင့် တော်လှန်ရေးခရီး အရှေ့ရောက်လာတာကလည်း တဖက်မှာ ကျမတို့ရဲ့ ရဲဘော်တွေအများကြီးပေးဆပ်ခဲ့တာတွေလည်း ရှိတာပေါ့။ ကိုယ်လက် အင်္ဂါတွေ၊ ပြည်သူတွေကလည်း သူတို့ရဲ့ မြို့ရွာတွေအများကြီး စွန့်လွှတ်လိုက်ရတယ်။ ဒီလိုပေးဆပ်ရင်း တော်လှန်တိုက်ခိုက်နိုင်ခဲ့ရလို့ သူတို့ (စစ်ကောင်စီ)က လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ၊ စခန်းတွေ၊ မြို့တွေလည်း များလာတယ်။       

အတာတန်ခူးနှင့်အတူ တော်လှန်ရေး အတွေးအခေါ်သစ်တွေကို တည်ဆောက်ဖို့ ဆွေးနွေး ကြည့်ခြင်း 

၁) လက်နက်ကိုင်တော်လှန်ရေးကို အဓိက အားပြုဖော်ဆောင်ပေးနေတဲ့ EAOs / EROs, PDFs တွေရဲ့ အတွေး အခေါ်၊ လမ်းစဥ်တွေမှာရော ဘာတွေကို ဆေးကြော သန့်စင်ပြီး ဘယ်လို အတွေးအခေါ်သစ် တွေကို တည်ဆောက် ဖို့ လိုမလဲ။ 

နှစ်ပေါင်း ခြောက်ဆယ်ကျော် အာဏာရှင်ကို မျိုးဆက်အလိုက် တိုက်ခိုက် တွန်းလှန် လာခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်။  သူတို့ရဲ့ အသက်သွေးချွေးတွေ၊ ကရင်ပြည်သူတွေ၊ ကချင်ပြည်သူတွေ အခြား ကရင်နီ၊ မွန် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အကုန်ပေါ့ သူတို့ဟာ သူတို့နည်းသူတို့ဟန်နဲ့ အာဏာရှင်စနစ်ကို တွန်းလှန် လာခဲ့တာပါ။  

ဒီလို နှစ်ပေါင်း ခြောက်ဆယ်ကျော်တိုင်အောင် သူတို့ရဲ့ အဖွဲ့အစည်းကို ဦးဆောင် ထိန်းကြောင်းနေတဲ့ ခေါင်းဆောင် ပိုင်းတွေကို ကျမအနေနဲ့က ဝေဖန်ပိုင်းခြားပြောဖို့က ကျမ ဉာဏ်မမှီ ပါဘူး။ ပြောဖို့လည်းမရှိဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ EROs တွေအနေနဲ့ အခု နွေဦးတော်လှန်ရေးမှာ အများကြီး အကူအညီပေးထားတယ်။ 

သူတို့ကို အရင့်အရင်တုန်းက တိုင်းရင်းသား ဆိုပြီး ဖိနိပ်ခံရတာတွေ သွေးခွဲခံရတာတွေ၊ ဆဲဆိုခံရတာတွေကို သူတို့အနေနဲ့ ခဝါချပြီးတော့ ပြည်သူတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်၊ ပြည်သူလူထုကို ကယ်ဆယ် ပေးတာတွေ အများကြီးရှိပါတယ်။ ကျမမျက်မြင်ပါ။  

၂) လက်ရှိ ပြည်တွင်းက လူငယ်တွေအပါအဝင် မိဘတွေကို စိတ်ပူပင်သောက ရောက်စေတဲ့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်နှင့် အားပေး အကြံပြုချက်လေး ပြောပေးစေချင်ပါတယ်။

ဒီလိုကာလမှာ စစ်မူထမ်းဥပဒေထုတ်လိုက်တာက အာဏာသိမ်းတာထက် ပိုပြီးတော့ ဆိုးဝါးတယ်လို့ ခံစားရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာက တော်လှန်ရးလုပ်တဲ့သူတွေ၊ နိုင်ငံရေးလုပ်တဲ့တွေကိုပဲ ဖမ်းတာတွေလုပ်တာတွေရှိတယ်။ ကျန်တဲ့လူတွေက ကိုယ့်ကိုယ်ကိုနေလို့ရတယ်၊ ကိုယ့်စီးပွားရေးကို ကိုယ်လုပ်လို့ရတယ်။ ဘယ်သူမှ တံခါးလာမခေါက်ဘူးဆိုပြီး နေလို့ရတယ်။

အခု စစ်မူထမ်းဥဒေ ပြဌာန်းလိုက်တဲ့အခါကျတော့ မိဘတွေအနေနဲ့ကလည်း သားရှိရှိ သမီးရှိရှိ ဘယ်သူမှမလွှတ်တော့ဘူးဆိုတဲ့ ခံစားချက်မျိုးကတော့ အာဏာသိမ်းလိုက်တဲ့ ခံစားချက်မျိုးထက် ပိုပြီး ခံစားရလိမ့်မယ်လို့ထင်ပါတယ်။

ကျမတို့အနေနဲ့ကတော့ တော်လှန်ရေးစကတည်းက တော်လှန်ရေးကို လုပ်နေတော့ အခုလိုဖြစ်လာမယ် လို့တော့ ကြိုတင်ခန့်မှန်းမိတယ်ပေါ့လေ။ ဆိုတော့ မိဘတွေကို ပထဆုံး ပြောချင်တာက ကိုယ့်သားသမီး က စစ်မှုမထမ်းချင်ဘူးဆိုရင် နီးစပ်ရာအဖွဲ့အစည်းတွေထံ ဆက်သွယ်ပြီး သူတို့ကို လွတ်မြောက်ခွင့် ပေးလိုက်ပါ။ တောမှာနေရတာက အနေအထိုင်အစားအသောက် ခက်ခဲပေမဲ့ လုံလုံခြုံခြုံနေရတယ်။

နောက်တခုက ဆိုးဆိုးဝါးဝါးကြားရတာက စစ်မူထမ်းရဖို့ မဲနိုက်ခံရတဲ့သူတွေက ထွက်ပြေချင်တဲ့အခါ သူတို့ရဲ့ မိဘဆွေမျိုးတွေက ပေးမထွက်ဘူးဆိုတဲ့ခါမျိုးတွေ့ရတယ်။ တော်တော်လည်းကို ဆိုးဝါးတဲ့ Ideology လို့မြင်မိတယ်။

စစ်ကောင်စီရဲ့ ရက်ဆက်ကြမ်းကြုပ်မှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်နေရဲ့ သားနဲ့ ဒီငရဲတွင်းထဲကို ကိုယ့်သားသမီးကို ပို့ရက်နိုင်တဲ့ ဦးနှောက်အတွေးအခေါ်မျိုးကလည်း ကျမတို့နိုင်ငံ က ခေတ်အဆက်ဆက် ပညာရေးနိမ့်ပါးခဲ့တယ်ဆိုတဲ့ သက်သေပါပဲ။

အဲ့တော့ မိဘတွေကို ပြောချင်တာ ကတော့ အကယ်လို့ စစ်မှုမထမ်းချင်လို့ ထွက်ပြေးချင်တယ်ဆိုလို့ရှိရင် ခွင့်ပြုပေးလိုက်ကြပါ။ တချို့ ကလေးတွေဆိုရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိဖြစ်သွားတယ်။ ဒါက သတ်သေစရာလိုတဲ့ အကြောင်း မဟုတ်ဘူး။ နည်းမျိုးစုံနဲ့ ကျော်ဖြတ်လို့ရတယ်၊

အဲ့လိုအနေအထားမှာမှ ကိုယ့်သားသမီးကို သေတွင်းထဲပို့တာက အရမ်းကို အတ္တကြီးတယ်လို့မြင်တယ်။ အဲ့လိုပုံစံမျိုးထပ်ပြီးကြားရဖို့က အဆင်မပြေတော့ဘူး၊ မဖြစ်သင့်ဘူး။ ကိုယ့်သားသမီး လွှတ်မြောက်ဖို့နေရာတွေထံ ထွက်သွားခွင့်ပြုလိုက်ပါ။

——

မိုမို (သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ဝင်)

နွေဦးတော်လှန်ရေးကာလ နိုင်ငံရေး၊ စစ်ရေး ဖြတ်သန်းမှုကို နောက်ပြန် ဆွေးနွေး ကြည့်ခြင်း

၁) တော်လှန်ရေး ၃ နှစ်ကျော်ကာလမှာ ဘာတွေတိုးတက်ခဲ့လဲ။ ဘယ်အရာတွေက အားရ ကျေနပ်မှုရှိခဲ့လဲ။ မှတ်ချက်စကားနဲ့ စကားဝိုင်း ဖွင့်ချင်ပါတယ်။

တော်လှန်ရေးအစကိုပြန်သွားကြည့်ကြရင် စစ်အာဏာရှင်ပြုတ်ကျရေးကနေစခဲ့ပေမယ့်  အခုဒီနေ့ဆိုရင် တော်လှန်ရေး မှာလိုက်ပါနေသူတွေဟာ မိမိတို့သွားရမယ့်လမ်းကြောင်း အာဏာရှင်မှန်သမျှဖြုတ်ချပြီး စနစ်ပြောင်း ပြီ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ကိုပိုပြီးရှင်းလင်းလာပြီလို့ ပြောချင်ပါတယ်။

ပြည်သူလူထုမပါရင် ဒီလှုပ်ရှားမှုတွေ အောင်မြင် စရာ အကြောင်း မရှိပါဘူး။ ဒီ ၃ နှစ်တာအတွင်း Sanction နဲ့အတူ

  • Telenor
  • Chervon အစရှိသဖြင့် မြန်မာ့မြေကနေ စွန့်ခွါကြရမှာလည်း တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ စွန့်ခွါတာမျိုး ဖြစ်ရပါမယ်။

အခုလို Sanction က ခပ်စိတ်စိတ်ရလဒ်တွေ ထွက်နေတာဟာ လူထုက ဒီလှုပ်ရှားမှုမှာ တစိုက်မတ်မတ် ပါဝင်ခဲ့ လို့ပါပဲ။ လူထုလှုပ်ရှားမှုအောင်ပွဲတစ်စိတ်တစ်ပိုင်းပါပဲ၊ ချထားတဲ့ Sanction တွေကို ဆက်ပြီး စောင့်ကြည့်ကြဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့စွန့်ခွါမှုမျိုး ဖြစ်၊ မဖြစ် စောင့်ကြည့်ထိန်းကြောင်းဖို့လည်း လည်း လူထုဆီကို ဒီနေရာကနေ အကူအညီတောင်းခံပါတယ်။

ဒီ Campaign လှုပ်ရှားမှုတွေဟာ သမိုင်းအခြေပြု သုတေသနအခြေပြု လှုပ်ရှားမှုတွေပါ။ ကျမတို့ ဘာကိုလိုချင်လဲကို ဘာကြောင့်လိုချင်လဲ ဘယ်လိုစုစည်းသွားကြမလဲ ရှင်းရှင်းလင်းလင်းသိမှ ယုံကြည်ချက်က ပိုပြီးခိုင်မာပြီး ရှေ့ဆက်သွားလို့ရမှာပါ။ ပြည်သူလူထုဟာ တော်လှန်ရေးမှာ ပြည်သူ့တာဝန်ကျေပွန်စွာနဲ့ အတူလိုက်ပါနေလို့သာ ဒီနေ့တော်လှန်ရေး အရှိန်ဟာ စဉ်ဆက်မပြတ်ရှိနေနိုင်တာပါလို့ မှတ်ချက်ပြုချင်ပါတယ်။

၂) NUG ရဲ့ လုပ်ဆောင်ချက်တွေဟာ တော်လှန်ရေးမှာ လူထုထောက်ခံမှုက အခိုင်အမာ ရှိနေပေမယ့် တော်လှန်ရေး အစိုးရအဆင့်ထက် ကျော်လွန် နေတယ်လို့ ထောက်ပြမှု ရှိပါတယ်။ ဘယ်လိုမြင်လဲ၊ ဘယ်လိုအကြံပြုချင်ပါသလဲ။

ပြုပြင်ပြောင်းလဲရေးကို NUG ကနေစရမယ်လို့ အရင်ဆုံးပြောကြားပါရစေ။ ကျမတို့အတော်များများဟာ သူများကို ပြုပြင်မယ် နိုင်ငံကိုပြုပြင်မယ် ပြောပြီး ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့ သိတိမေ့လျော့နေတတ်ကြပါတယ်။ ကျမတို့က ဖယ်ဒရယ် နိုင်ငံတော်သစ်ဆီသွားကြမှာမို့ အစိုးရကလည်း ဖက်ဒရယ်တန်ဖိုး အဂါရပ်နဲ့ညီတဲ့ အစိုးရ ဖြစ်နေရပါမယ်။

NUG အနေနဲ့ တော်လှန်ရေး အစိုးရလို့ ခံယူထားဖို့လိုပါတယ်။ မြန်မာပြည်ဟာ ပုံမှန်အနေအထားနဲ့ နိုင်ငံတကာကို ဆက်ဆံနေရတာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို တော်လှန်နေရတဲ့အချိန်မှာ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ အခုထက်ပို သတ္တိရှိဖို့လိုပါတယ်။

ဒီပလိုမေစီဆိုတဲ့ စကားလုံကို တွင်တွင်သုံးပြီး တော်လှန်ရေး အစိုးရအနေနဲ့ နိုင်ငံတကာကို ပြောဆို ဖိအားပေးလို့ ရတာတွေ အခုထက် အလုပ်ပိုလုပ်ဖို့ လိုပါတယ်။

အတာတန်ခူးနှင့်အတူ တော်လှန်ရေး အတွေးအခေါ်သစ်တွေကို တည်ဆောက်ဖို့ ဆွေးနွေး ကြည့်ခြင်း

၁) လက်ရှိ နိုင်ငံရေးအရ ဦးဆောင်နေကြတဲ့ NUG, NUCC တို့ကို အတာတန်ခူးနှင့်အတူ ဘယ်လို တော်လှန်ရေး အတွေးအခေါ် အသစ်တွေကို တည်ဆောက် စေချင်ပါသလဲ။ ပြင်ဆင်စေချင်ပါသလဲ။ 

ကျမတို့အနှစ်၆၀ ကျော်နိုင်ငံတော်အုပ်ချုပ်မှု ယန္တရား မှာ ဖက်ဒရယ်ကိုထည့်သွင့်စဉ်းစားမှု မရှိခဲ့ပါဘူး။ ဆိုလို တာက ပြောင်းလဲဖို့အတွက် ဒီတော်လှန်ရေးမှာ ပြည်သူလူထုအထုအထည်နဲ့ အသင့်ရှိနေကြပါပြီ။

မိမိတို့သွားရမှာ ဖက်ဒရယ်ဒီမိုက ရေစီနိုင်ငံတော်သစ်ဆိုတာကိုလည်း သတိချပ်ပြီး NUCC, NUG ခြေလှမ်းတိုင်း လုပ်ငန်းစဉ်တိုင်းမှာ ဖက်ဒရယ်တန်ဖိုးတွေတပြိုင်တည်းကပ်ပါနေရပါမယ်၊ 2008 ခြေဉအပြီးတိုင်ဖျက်သိမ်းရေးကို သတ္တိရှိခဲ့သလို Federal Democracy Charter ကိုလည်း လူ့အခွင့်အရေးပြည့်ဝသော ဖက်ဒရယ်တန်ဖိုးနဲ့အညီ  ဖြည့်စွက်ပြင်ဆင်ပြောင်းလဲဖို့ တွန့်ဆုတ်ဖို့မလိုပါဘူး။

သက်ဆိုင်ရာ ပြည်နယ် နှင့်တိုင်း ဖက်ဒရယ်ယူနစ်တွေ လူမျိုးစုတိုင်းရင်းသား အုပ်ချုပ်မှုယူနစ်တွေနဲ့  တွေ့ဆုံ ဆွေးနွေးဖို့ အချိန်ကောင်းဖြစ်နေပါပြီ။

တော်လှန်ရင်းနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးကို တပြိုင်တည်းလုပ်ဖို့ရာ လူထုကအဆင်သင့်ရှိနေပါတယ်၊ ပြည်သူ့ အုပ်စိုးနယ်မြေများလာတာနဲ့အမျှ တော်လှန်ရေး၊ တည်ဆောက်ရေး၊ အုပ်ချုပ်ရေးကို တပြိုင်တည်း လုပ်နိုင်တဲ့ ပြည်သူလူထုက မြေပြင်မှာရှိနေကြပါပြီ။

မြေပြင်အုပ်ချုပ်ရေး လုံခြုံရေး ကာကွယ်ရေး ပသုံးလုံးယန္တရားကို ဖယ်ဒရယ်တန်ဖိုးနဲ့အညီ အခြေပြု တည်ဆောက်ဖို့ ဒီနေရာကနေထပ်မံတိုက်တွန်းအကြံပြုပါရစေရှင်။ လူထုကိုမျက်နှာမူတဲ့ တော်လှန်ရေးဖြစ်မှသာ နိုင်ငံတကာမှာ တော်လှန်ရေးအစိုးရအဖြစ် အသိအမှတ်ပြုတာခံရမှာပါ။

၂) လက်ရှိ တော်လှန်ရေးမှာ ဘက်ပေါင်းစုံကနေ ထောက်ပို့ပါဝင်နေတဲ့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍကို အတာနှစ်ကူးနဲ့အတူ တော်လှန်ရေးကို ပိုပြီး စနစ်တကျနဲ့ အားကောင်းလာစေဖို့ ဘယ်လို နည်းနာတွေနဲ့ တော်လှန်ရေးအစိုးရတွေကို ထိန်းကျောင်း ချဉ်းကပ် စေချင်ပါသလဲ။

တော်လှန်ရေး မတိုင်ခင်က ရှိရင်းစွဲ လူထုအခြေပြုအဖွဲ့တွေဟာ တော်လှန်ရေးအတွင်းမှာ တိုက်ခိုက်ရေး၊ Campaign ကဲ့သို့ လူထုလှုပ်ရှားမှု၊ ထောက်ပို့၊ သုနေသနအခြေပြု ထိန်းကြောင်းရေး အစသဖြင့် အခုလို ထုနဲ့ထည်နဲ့ တည်ရှိနေတဲ့ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာသုံးသပ်တဲ့ ယန္တရား အခိုင်အမာနဲ့တည်ရှိနေတဲ့ အစုအဖွဲ့တွေ ကိုလည်း တော်လှန်ရေး နဲ့ နိုင်ငံတော်သစ်တည်ဆောက်ဖို့ရာမှာထည့်သွင်းစဉ်းစားကြရပါမယ်။

 သူတို့ဆက်ပြီး စောင့်ကြည့်ရေးယန္တရားဆက်ပြီး အလုပ်လုပ်ကိုင်နိုင်လောက်တဲ့ ပံ့ပိုးကူညီမှုမျိုးတွေကို နိုင်ငံတကာနဲ့ တော်လှန်အစိုးရဖြစ်တဲ့ NUG ကဖန်တီးပေးရပါမယ်၊ ဒါတွေဟာ အခုတော်လှန်ရေး ကာလတွင်း သာမကပဲ Transitional Justice လို အကူအပြောင်းကာလ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဥ်တွေ အတွက်လည်း အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်လို့ ပြောချင်ပါတယ်။   

၃) လက်ရှိ ပြည်တွင်းက လူငယ်တွေအပါအဝင် မိဘတွေကို စိတ်ပူပင်သောက ရောက်စေတဲ့ စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်နှင့် အားပေး အကြံပြုချက်လေး ပြောပေးစေချင်ပါတယ်။

စစ်မှုထမ်းဉပဒေဟာ အိမ်တိုင်းအိမ်တိုင်းကို တော်လှန်ရေးမပြီးသေးဘူးဆိုတဲ့ အချက်ပေးတံခါး လာခေါက် လိုက်တာပါ၊ ဒီတိုက်ပွဲဟာ ဇွဲရှိသူသာ အနိုင်ရမှာပါ။

အခုစစ်အုပ်စုရဲ့ လူထုခုခံနိုင်စွမ်းကို နောက်တဆင့်သွေးတိုးစမ်းလိုက်တာကို ကျမတို့တော်လှန် ဘက်တော်သား တွေဟာ စိတ်ဓါတ်မပြိုလဲစေဘဲ ဆက်ပြီး ရတဲ့နည်းပေါင်းစုံနဲ့ ပြန်လည်တုံ့ပြန်ကြရပါမယ်။

ရေရှည်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းရေး ကိစ္စတွေ ရပ်တန့်ဖို့က စစ်အုပ်စု အမြန်ပြုတ်ဖို့လည်း လိုပါတယ်။ ဒါကြောင့်လည်း လေယာဉ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုကို ဘီအမ်စီက အားသွန်ခွန်စိုက် ပြည်တွင်းပြည်ပ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးလှုပ်ရှားနေတာပါ ပြည်သူတစ်ဉီးချင်းစီကလည်း နိုင်ရာနည်းလမ်းနဲ့ပါဝင်ပေးပါ။

လေယာဉ်ဆီ ပြတ်ရင် စစ်အုပ်စု လေကြောင်းအားကိုးလို့ မရတဲ့အခါ အမြန်ရှုံးမှာပါ ဒါဆို စစ်သားစုဆောင်းဒါကို ခံရမှာ ပြည်သူတွေ ကြောက်နေစရာ မလိုတော့ပါဘူး။

ကျမတို့ BMC သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့သူအဖွဲ့သားတွေလည်း  လူထုအခက်အခဲ ကို ဖြေရင်း ကူလျော့ဖို့ တော်လှန်ရေးအဆုံးထိတိုင် အတူတကွရပ် တည်နေမှာဖြစ်ကြောင်း သစ္စာပြုပြောကြားပါရစေရှင်။

Related Articles

Back to top button