သုံးသပ်ချက်

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်း တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်း ၆ ဖွဲ့တို့၏ ဆွေးနွေးပွဲအပေါ် ဥပဒေရေးရာသုံးသပ်ချက်နှင့် တရုတ်နိုင်ငံအစိုးရသို့ မေတ္တာရပ်ခံချက် LAN ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၃၊ ၂၀၂၁
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့တို့တွင် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ နှင့် (ကေအိုင်အို မပါဝင်သော) မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့ တို့၏ တွေ့ဆုံဆွေးနွေးမှုအပေါ် ဥပဒေရေးရာ သုံးသပ်ချက် တစောင် ဥပဒေ အထောက်အကူပြု ကွန်ရက်(LAN)က ထုတ်ပြန်ထားသည်။ 
 
၁။ မြန်မာနိုင်ငံသမိုင်းတွင် ၁၉၅၈ ခုနှစ်ဖြစ်ရပ်ကိုပါ ထည့်သွင်းရေတွက်ပါက စစ်အာဏာသိမ်းမှု လေးကြိမ် ဖြစ်ပေါ်ခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်များအား ဥပဒေကြောင်းအရ အ‌ရေးယူနိုင်ခြင်းမရှိခဲ့ပါ။ ၎င်းတို့သည် အစဉ်တစိုက်ကင်းလွတ်ခွင့်ရနေခဲ့သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့အလိုရှိပါက နောင်ကိုလည်း ဆက်လက်ကျူးလွန်ဦးမည် မုချဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းမှုကို အဖြေရှာရာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဟူသည့်မူ သက်သက်ဖြင့်သာ ချဉ်းကပ်၍မရတော့။ နိုင်ငံတကာအဆင့်ပြစ်မှုကြီးများ ကျူးလွန်ထားကြောင်းဖြင့် နိုင်ငံတကာတရားရုံးကြီးနှစ်ခုလုံး အပြင် နိုင်ငံခြား နိုင်ငံတခု၏ ပြည်တွင်းတရားရုံး တွင်ပါ အရေးယူခံနေရသော စစ်ကောင်စီအပေါ် ဥပဒေအရတာဝန်ခံမှုကို ရှာဖွေရပါတော့မည်။ သို့မှသာ ဥပဒေစိုးမိုးရေးအခြေခံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ပါမည် ဖြစ်ကြောင်း ဆိုထားသည်။
 
၂။ သို့ရာတွင် ယနေ့အထိ တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းတချို့ နှင့် စစ်ကောင်စီတို့က စွဲကိုင်ထားဆဲဖြစ်သည့် တနိုင်ငံလုံးအပစ်ရပ် စာချုပ်တွင်၎င်း၊ ယင်းမတိုင်မီနှင့် ယင်းကိုအခြေခံ၍ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး အမည်တပ် ဆွေးနွေးပွဲများတွင်၎င်း စာချုပ်လက်မှတ်မထိုးခင် စစ်အစိုးရ အဆက်ဆက်က ကျူးလွန်ခဲ့သည့် ဆိုးဝါးပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုကြီးများအတွက် ထည့်သွင်းဆွေးနွေး အဖြေရှာရန် ကြိုးပမ်းနိုင်ခဲ့ခြင်းပင် မရှိခဲ့ပါ။ တာဝန်ခံမှုရှာဖွေနိုင်ရန်ဝေးလွန်းလှသည်။ အကျိုးဆက်အနေဖြင့် တပ်မတော် စစ်ခေါင်းဆောင်များ၏ လက်ရဲဇက်ရဲ ဆက်လက်ကျူးလွန်နေမှုများကြောင့် ရိုဟင်ဂျာများအပါအဝင် ပြည်သူအားလုံးတို့သည် ဆိုးသွမ်းသံသရာ လည်ပြီးရင်း လည်နေခဲ့ကြသည်ဟု ဆိုသည်။
၃။ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံ၌ သက်ဆိုင်ရာပြည်နယ်များအတွင်း အုပ်ချုပ်ရေးတစုံတရာ ချထားနိုင်သော တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများအနေဖြင့်လည်း တိုင်းပြည်နှင့်လူထုအပေါ် တာဝန်ခံသော အစိုးရများ အဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားသင့်သည်။ ထို့အတွက် ဥပဒေစိုးမိုးရေးအခြေခံတွင် နိုင်ငံတကာဥပဒေများ နှင့် နိုင်ငံတကာစံချိန်စံညွန်းများအား လိုက်နာရန် တာဝန်ရှိပါသည်။ မြောက်ပိုင်း ခြောက်ဖွဲ့အနေဖြင့် မလွှဲမရှောင်သာ တွေ့ဆုံဆွေးနွေးခဲ့ကြရခြင်းမျိုးဖြစ်လျှင်လည်း မည်သည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည် ကို လူထုအား ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားရန် တိုက်တွန်းအပ်ထားသည်။
 
၄။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်က ၂၀၁၈ ခုနှစ် စက်တင်္ဘာလ (၁၇) ရက်နေ့တွင် တင်သွင်းခဲ့သောအစီရင်ခံစာတွင် တရားခံများအဖြစ် စွပ်စွဲထားသော အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်၏ ထိပ်ပိုင်းစစ်ခေါင်းဆောင်ခြောက်ဦး နှင့် ယခုစစ်အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သော စစ်ခေါင်းဆောင်များအပေါ် အမိန့်ပေးခြင်းအရတာဝန်ခံမှု (Superior/Command Responsibility) နိုင်ငံတကာ ဥပဒေစံထားချက်အရ ကိုင်တွယ်သင့်သည်။ ၎င်းတို့သည် နိုင်ငံတကာအဆင့် ရာဇဝတ်ကောင်များအဖြစ်သို့ သက်ဆင်းနေပြီဖြစ်သည်။ ၎င်းတို့က ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဖြစ်သည့် ဆိုးဝါးပြင်းထန်သော နိုင်ငံတကာ အဆင့်ပြစ်မှုကြီးများ အရေးယူကို ယူရမည့် နိုင်ငံတကာဥပဒေစံထားချက် Peremptory Norm/ Jus Cogens စံနှုန်းတွင် အကျုံးဝင်သည်။ ယင်းအား တကမ္ဘာလုံးရှိနိုင်ငံအသီးသီးက လိုက်နာရန်တာဝန်ရှိသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းတခုလုံးက ထပ်ဆောင်ရမည့်တာဝန် Erga Omnes လည်းဖြစ်သည်။ သို့ဖြစ်၍ အာဏာသိမ်းစစ်ကောင်စီအား အရေးယူရန် ကမ္ဘာ့နိုင်ငံများတွင် မဖြစ်မနေ တာဝန်ရှိကြောင်း ဆိုးထားသည်။
၅။ တရုတ်နိုင်ငံကဲ့သို့ ကမ္ဘာကိုဦးဆောင်နိုင်သည့် အနေအထားသို့ ဦးတည်လာနေသော မဟာအင်အားကြီး နိုင်ငံတနိုင်ငံ အနေဖြင့် နိုင်ငံတကာဥပဒေစိုးမိုးရေးအခြေခံမှနေ၍ မြန်မာနိုင်ငံအရေးကို ချဉ်းကပ်ဆောင် ရွက်သင့်ပါသည်။ နိုင်ငံတကာအဆင့်ရှိ ရာဇဝတ်ကောင်များဖြစ်သည့် စစ်ကောင်စီခေါင်းဆောင်များအား အရေးယူရန် ကြိုးပမ်းမည့်အစား ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်ပံ့ပိုးနေခြင်းမျိုး မဖြစ်သင့်ပါ။ ထိပ်တန်းရောက် နိုင်ငံကြီးတနိုင်ငံအနေဖြင့် ကမ္ဘာတွင် နိုင်ငံရေးဂုဏ်သိက္ခာတက်လာနေပြီဖြစ်သော တရုတ်နိုင်ငံသည် Jus Cogens နိုင်ငံတကာဥပဒေစံထားချက်အရ မဖြစ်မနေတာဝန်ရှိမှုကို အိမ်နီးချင်း နိုင်ငံအနေဖြင့် ဥပက္ခာမပြုသင့်ပါ။ အာဆီယံကချမှတ်ထားသော အပြုသဘောဆောင်သည့် ဆွေးနွေးမှု (Constructive Dialogue) ဟူသည်ကို အထက်ပါနိုင်ငံတကာဥပဒေစံထားချက်များအားကိုင်စွဲလျက် တရုတ်နိုင်ငံအနေဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကျင့်သုံးသင့်ပါသည်။ ယင်းတို့ကို အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲများအား အောက်ပါအတိုင်း ကမကထပြု ကျင်းပပေးပါရန်တရုတ်နိုင်ငံအစိုးရအား မေတ္တာရပ်ခံကြောင်း ထုတ်ပြန် ပြောဆိုထားသည်။
 
(က) နိုင်ငံတကာရာဇဝတ်ကောင်အဆင့် ရောက်နေပြီဖြစ်သော မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်အုပ်စုအား (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးဆိုင်ရာအဆောက်အအုံများ) နိုင်ငံတကာ ဥပဒေစံထားချက် ဖော်ဆောင်ရေး မည်သည့် ဆွေးနွေးပွဲများတွင်မျှ ဖိတ်ကြားခြင်းမပြုသင့်ပါ။
(ခ) မြန်မာနိုင်ငံပြဿနာ ဖြေရှင်းနိုင်ရေးအတွက် စစ်ကောင်စီမှအပ အင်းအားစု အသီးသီးပါဝင်သော နိုင်ငံတကာအဆင့် ဆွေးနွေးပွဲအား အမေရိကန်၊ ရုရှားနှင့် အာဆီယံခေါင်းဆောင်များကိုပါ ဖိတ်ကြားကာ တရုတ်နိုင်ငံတွင် ကျင်းပသင့်ပါသည်။ အကယ်၍ ဥပဒေအထောက်အကူပြုကွန်ရက်ကို ဖိတ်ကြားပါက နိုင်ငံတကာဥပဒေရှုထောင့်မှဖြစ်စေ၊ ပြည်တွင်းဥပဒေရှုထောင့်မှဖြစ်စေ ဥပဒေဆိုင်ရာအထောက်အကူပြု သွားမည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု က ကမကထ ပြု၍ ကျင်းပမည်ဆိုလျှင်လည်း ဖိတ်ကြားပါက မြန်မာနိုင်ငံမှလွဲ၍ အခြားမည်သည့် နိုင်ငံတွင်ကျင်းပသည်ဖြစ်စေ ဥပဒေရှုဒေါင့်မှ အထောက်အကူပြုသွားရန် အသင့်ရှိပါသည်။
(ဂ) အလားတူဆွေးနွေးပွဲအား လိုင်ဇာမြို့တွင် လက်ခံကျင်းပရန် ကေအိုင်အို က သဘောတူပါက ဖြစ်နိုင်လျှင် တပြည်လုံးရှိနိုင်ငံရေးအင်အားစုများတက်ရောက်နိုင်ရေး တရုတ်နိုင်ငံက ကမကထ ပြုသင့်ပါသည်။ ယင်းသို့ဖြစ်လျင်လည်း အကူအညီလိုအပ်ပါက ဥပဒေကြောင်းအရ ကူညီရန် အသင့် ဖြစ်ပါသည်။
(ဃ) တရုတ်၊ အမေရိကန် နှင့် ရုရှနိုင်ငံတို့အကြားတွင် ဖြစ်ပွားနေသော လက်ရှိတင်းမာမှုများသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုးရိမ်ဘွယ်ဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံပြဿနာသည် တပူအပေါ်နှစ်ပူ မဆင့် သင့်။ ကုလသမဂ္ဂ ပဋိညာဉ်ပါ နိုင်ငံတကာ ငြိမ်းချမ်းမှုနှင့်လုံခြုံမှုအား လက်တွေ့ပိုမိုအားဖြစ်စေနိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အာဆီယံတို့အနေဖြင့် မြန်မာနိုင်ငံ ပြဿနာကို ကမ္ဘာလုံးဆိုင်ရာ ဖွဲ့စည်းပုံစနစ် (Global Constitutionalism) နှင့် ဆက်စပ်လျက် နိုင်ငံတကာ ဥပဒေစိုးမိုးရေး (International Rule of Law) အခြေခံဖြင့် ဖြေရှင်းနိုင်ရေး ပံ့ပိုးကူညီကြပါရန် ပန်ကြားပါသည်။

Related Articles

Back to top button