တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ကောင်စီတပ်က KIA ဖားကန့် ဆယ်ဇင်းတပ်စခန်းရှိရာသို့ လေကြောင်းဖြင့် ပစ်ခတ်

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၁၉

စစ်ကောင်စီတပ်က KIA ဖားကန့် ဆယ်ဇင်းတပ်စခန်းရှိရာသို့ လေကြောင်းဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

“၃ရက်လောက်ရှိပြီလို့ပြောတယ် လေယာဉ်ပျံနဲ့လာပစ်တာ။ တိုက်ပွဲဖြစ်တာက ဆယ်ဇင်းရွာ နားက ဘုရား၅ဆူကုန်းမှာပဲ ဖြစ်တယ်လို့ပြောတယ်။ ရွာနဲ့လည်းနီးတယ်၊ အိမ်တစ်လုံးလည်း ထိသွားတယ်” လို့ ကချင်လူမှုဖွံ့ဖြိုးရေးဖောင်းဒေးရှင်း အတွင်းရေးမှူး ဒါ့ရှီနော်လောမ်က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

အဲဒီ ဖားကန်ဆယ်ဇင်းတိုက်ပွဲဟာ ပြင်းထန်လာနိုင်ပြီး စစ်ရေးအရှိန်မြင့်လာနိုင်ကြောင်း ၎င်းက သုံးသပ် ပြောဆိုပါတယ်။

“၃၊၄ ရက်ရှိနေပြီး ဖြစ်တာ၊ ကျနော်သိထားသလောက်ကတော့ လွန်ခဲ့တဲ့ ၃၊၄ရက်ကတည်းက အဲဒါဖြစ်တာ။ KIA စခန်းကို စကစဘက်ကလာတိုက်တာပေါ့၊ လာတိုက်တော့ အဲမှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖြစ်တာ ပေါ့။ အဲဒီမှာ လေယာဉ်ပျံနဲ့လည်း လာပစ်တယ်။ အခုအခြေအနေ ကတော့ စစ်ဖြစ်လာမယ့် အခြေအနေရှိ တယ်၊ စစ်ကူတွေ ဘာတွေ လာတယ်ပေါ့” သူက ဆက်ပြောပါတယ်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် SNA ရှမ်းနီအဖွဲ့ဘက်ကလည်း ပူးပေါင်းပြီး ပါဝင်နေတယ်လို့ ဒေသခံများပြောကြားနေကြပါတယ်။ ဒါ့အပြင် ဆယ်ဇင်းဘက်တွင် SNA ရှမ်းနီအဖွဲ့တွေ ကလည်း လှုပ်ရှားနေကြတဲ့ နေရာဒေသ ဖြစ်တယ်လို့ သိရပါတယ်။

ဆယ်ဇင်းရွာသည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၌ တည်ရှိသည့် နေရာလည်းဖြစ်ပါတယ်။

Related Articles

Back to top button