တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံနိုင်ခြင်းဟာ ငြိမ်းချမ်းရေးလမ်းစဖြစ်တယ်လို့ PPST ဆို

ဓါတ်ပုံ – Tai Freedom

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၂
အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံနိုင်ခြင်းဟာ ငြိမ်းချမ်းရေးလမ်းစဖြစ်တယ်လို့ PPST ဘက်က ဆိုပါတယ်။
“ကျနော်တို့နိုင်ငံမှာရှိတဲ့ ပြည်သူလူထုအားလုံး၊ နိုင်ငံသူနိုင်ငံသားများအားလုံးကလည်း ငြိမ်းချမ်းရေး အသီးအပွင့်ကို ခပ်မြန်မြန်ခံစားရနိုင်မှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တင်ပြပြောဆိုမှုအရ သော်လည်းကောင်း ကျနော်တို့ တိုင်းရင်းသားများဘက်က ပြန်လည်ပြီးတော့ ထပ်လောင်း တိုက်တွန်းမှုတွေ ကသော်လည်းကောင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကိစ္စရပ်သည် ကျနော်တို့ ပြည်သူလူထုလိုလားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့ လမ်းစကောင်း တခုဖြစ်တဲ့အတွက်ကြောင့် ဒါတွေအားလုံးက ပြည်သူလူထုအတွက် အကျိုးရလဒ် ကောင်းတခုလို့ ကျနော် မြင်မိပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့် က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။  
ယခုလို တွေ့ဆုံမှုဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးအဆင့် တက်လှမ်းနိုင်ဖို့အတွက် အစပျိုးတဲ့ ခြေလှမ်း ဖြစ်မယ်လို့ PPST ဘက်က ယုံကြည်ထားပါတယ်။
“နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ယုံယုံကြည်ကြည်နဲ့ တစိုက်မတ်မတ်ကိုင်ဆွဲတဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်ကိုလည်း တင်ပြနိုင်တဲ့အပေါ်မှာ လက်ရှိမြန်မာ့နိုင်ငံရေး အကြပ်အတည်း တခုလုံးကို ဖြေရှင်းပေးနိုင်တဲ့ ကျနော်တို့နိုင်ငံကို ပြည်ထောင်စု ငြိမ်းချမ်းရေးအဆင့်တခုအထိ၊ ဒါမှမဟုတ် ဖက်ဒရယ် ဒီမိုကရေစီစနစ် အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်တဲ့အထိ လုံလောက်တဲ့ရလဒ် အခင်းအကျင်း မဖြစ်သည်ထိတိုင်အောင် အဲ့ဒီလိုမျိုး လုံလောက်တဲ့ ရလဒ်၊ အခင်းအကျင်း ကျနော်တို့ မျှော်မှန်းခဲ့တဲ့ ပြည်ထေင်စု ငြိမ်းချမ်းရေးအဆင့် တက်လှမ်းနိုင်ဖို့အတွက် အခု ပထမ တွေ့ဆုံဆွေးနွေးပွဲသည် ကောင်းသော အစပျိုးရေး၊ ပထမခြေလှမ်း အနေနဲ့ကတော့ အတိုင်းအတာတခုထိ ကျနော်တို့အားရ ကျေနပ်မိတယ်” လို့ ဗိုလ်မှူးကြီးစောကျော်ညွန့် က ဖက်ဒရယ်ဂျာနယ်သို့ ဆက်ပြောပါတယ်။ 
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ PPSTရဲ့ စုပေါင်း ကိုယ်စားလှယ်များဟာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဖြေရှင်းရေး၊ ပါဝင်သင့်သူ အားလုံး ပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ အရပ်သားများကို ကာကွယ်ပေးရေးဆိုတဲ့ NCA အနှစ်သာရပေါ်မှာ အခြေခံပြီး တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို သက်ဆိုင်သူများအားလုံး ခွဲခြား ဆက်ဆံမှုမရှိပဲ လွတ်လပ်စွာ လက်ခံရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးရန်ကိုလည်း တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတွေ့ဆုံမှုမှာ အာဆီအထူးကိုယ်စားလှယ် H.E Prak Sokhonn ဘက်ကတော့ အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ရေးနှင့် အမှန်တကယ် ဒုက္ခရောက် နေသူများထံ အကူအညီများ ရောက်ရှိရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတို့ကို ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆိုသည်ဟု PPST အဖွဲ့ဘက်က ထုတ်ပြန်ထားချက်မှာ ဖော်ပြထားပါတယ်။
သို့သော် အာဆီယံအဖွဲ့က လူသားချင်းစာနာဆိုင်ရာလုပ်ငန်းစဉ် သဘောတူ ဆုံးဖြတ်ချမှတ်ထား ရာတွင် စစ်ကောင်စီကို အဓိကထားပြီး ဆောင်ရွက်ရန် ဆုံးဖြတ်ထားမှုသည် လက်တွေ့မကျသကဲ့သို့ အမှန်တကယ် လိုအပ်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များထဲ ရောက်ရှိနိုင်ဖို့ ခက်ခဲတယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများက ထောက်ပြဝေဖန် ထားကြပါတယ်။
အာဆီယံ အထူကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲတွင် PPST အဖွဲ့ဝင်များဖြစ်သည့်  ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ် ပါတီ (NMSP) တို့၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Related Articles

Back to top button