ကနေဒါ ဖက်ဒရယ်စနစ်
ဖက်ဒရယ်နိုင်ငံဆိုသည်မှာ မတူခြားနားသော နိုင်ငံရေးအသိုက်အဝန်းများကို ဘုံတူညီသောအရေး ကိစ္စများအတွက် ဘုံအစိုးရတရပ် (အမျိုးသားအစိုးရ) ဖွဲ့စည်းခွင့်ရှိခြင်းနှင့် မတူကွဲပြားခြားနားသော ပေါင်းစပ် ထားသည့် စနစ်ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျ နှင့် ဆွစ်ဇာလန်နိုင်ငံများသည် ဖက်ဒရယ်နိုင်ငံများဖြစ်ကြသည်။ ဆာဂျွန် အေ. မက္ကဒေါ်နယ် ပြောခဲ့သလို “ဒေသဆိုင်ရာကိစ္စရပ်များကိုဖြေရှင်းရန် ‘ဒေသဆိုင်ရာအစိုးရများနှင့် ဥပဒေပြုအဖွဲ့အစည်းများပါဝင်သည့်’ တမျိုးသားလုံးဆိုင်ရာကိစ္စများကိုဖြေရှင်းရန် အမျိုးသားအစိုးရတရပ်နှင့် ဥပဒေပြုအဖွဲ့အစည်း” လည်းဖြစ်ပေသည်။
“ကွန်ဖက်ဒရေးရှင်း” ဆိုသည်မှာ (အမေရိကန်ပြည်ထောင်စုက ၁၇၇၆ ခုနှစ်မှ ၁၇၈၉ ခုနှစ်အထိ ကျင့်သုံး ခဲ့သလို) သီးခြားလွတ်လပ်သောနိုင်ငံများ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ကြီးဖြစ်သည်ဟု မကြာခဏ အဓိပ္ပါယ် ဖွင့်ဆိုကြသော်လည်း ကနေဒါနိုင်ငံကို စတင်တည်ထောင်ခဲ့သူများအတွက်မူ ထိုသို့လိုလိုခြင်းမဟုတ်ချေ။ ပြင်သစ် စကားပြောသူများရော၊ အင်္ဂလိပ်စကားပြောသူများကပါ ၎င်းတို့အနေဖြင့် “နိုင်ငံတော်တရပ်”၊ “နိုင်ငံရေး ဆိုင်ရာ လူမျိုးသစ်တရပ်”၊ “ကမ္ဘာ့နိုင်ငံများအကြား ဝင်ရောက်နေရာယူရန် အင်အားတောင့်တင်းသော အမျိုးသား နိုင်ငံတရပ်” ၊ “မဟာ အင်အားကြီး နိုင်ငံတရပ်” ထူထောင်နေကြခြင်းဖြစ်ကြောင်း ထပ်ခါတလဲလဲပြောခဲ့ကြသည်။
၎င်းတို့အနေဖြင့် ဖက်ဒရယ်အဖြစ်စုဖွဲ့လိုက်သော ပြည်နယ်/တိုင်းများ သို့မဟုတ် ကိုလိုနီများ၏ ဝိဒေသ လက္ခဏာများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းထားနိုင်ရန် စွဲစွဲမြဲမြဲရပ်တည်ပြောဆိုခဲ့ကြသည်။ အဓိက အားဖြင့် ကနေဒါ အရှေ့ဖက်ခြမ်း (ကွိဘက်ပြည်နယ်)ရှိ ပြင်သစ်စကားပြော၊ ကက်သလစ်ခရစ်ယန်ဘာသာ ဝင်များသည် ၎င်းတို့၏ ဘာသာစကား၊ ပြင်သစ်ပုံစံ တရားဥပဒေနှင့် ထူးခြားသည့် ပညာသင်ကြားရေးဆိုင်ရာ ဘာသာရေးစနစ်တို့ကို အင်္ဂလိပ်စကားပြောသည့် ပရိုတက်စတင့်ခရစ်ယန်ဘာသာဝင်တို့၏ လွှမ်းမိုးဖျက်ဆီးခြင်း ခံရမည့်အရေး စိုးရိမ်ပူပန်နေရသည့် အနေအထားမှလွတ်ကင်းလိုကြသည်။ အင်္ဂလိပ်ဘာသာစကားပြော ပရိုတ် စတင့်တို့လွှမ်းမိုးသည့် ကနေဒါအနောက်ခြမ်း (အွန်တေရီယို) နယ်များအနေဖြင့်မူ ပြင်သစ် လွှမ်းမိုးမှုအန္တရာယ်မှ ကင်းလွတ်ရေးဖြစ်သည်။ နိုဘာစကိုးရှားနှင့် နယူးဘန်းစဝစ်က်တို့ကမူ ကနေဒါ နယ်ပယ်များ၏ သိမ်းပိုက်ဝါး မြိုခံရမည်ကို မလိုလားချေ။ အဆိုပါ ကနေဒါနယ်ပယ်များမှာ အမြဲတမ်းလို နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပြင်သစ်-အင်္ဂလိပ်တို့၏ ပြင်းထန်သောရန်လိုအငြင်းပွားမှုများ တရစပ်ဖြစ်နေသည့်ဒေသများဟု မှတ်ယူကာ ယုံကြည်မှု မရှိကြချေ။
အခြားတဘက်တွင်မူ အားလုံးက အမေရိကန်ကျူးကျော်မှုနှင့် စီးပွားရေးအရ အမေရိကန်တို့၏ လည်ပင်း ညှစ်ခံရမည်ကိုလည်း စိုးရိမ်ကြသည်။ အကြောင်းမှာ ကနေဒါအနေဖြင့် တနှစ်လျှင် ခြောက်လခန့်မှာ အဓိက ကုန်ပစ္စည်းထုတ်လုပ်ရာ ဗြိတိန်နှင့် အဆက်အသွယ်ပြတ်နေတတ်ပြီး အမေရိကန်ဆိပ်ကမ်းများမှ တဆင့်သာ ကုန်သွယ်ကြာရသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ကနေဒါ ကွန်ဖက်ဒရေးရှင်းကို တည်ထောင်ခဲ့ သူများက သူတို့မကြာခဏခေါ်ဆိုခဲ့ကြသလို တကယ်စစ်မှန်သော ယူနီယံတခု၊ အစစ်အမှန် ဖက်ဒရေးရှင်း တရပ်ကို တည်ထောင်ရန် စိတ်ထက်သန်ခဲ့ကြခြင်းဖြစ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများ သို့မဟုတ် တဝက်တပျက် လွတ်လပ်သောပြည်နယ်များ စုပေါင်းပါဝင်သည့် သမဂ္ဂ ကြီးမျိုးတည်ထောင်ရန် စိတ်ကူးခဲ့ကြခြင်း မဟုတ်ချေ။
ကွန်ဖက်ဒရေးရှင်းကို စတင်တည်ထောင်သူများသည် “ကျယ်ဝန်းလွန်းလှသော ဧရိယာအတွင်း ပြန့်ကြဲနေသည့် လူဦးရေခပ်ပါးပါးသာစုစည်းနေထိုင်သော သေးငယ်သည့် လူ့အဖွဲ့အစည်းများကို” တစုတစည်းထဲ ဖြစ်စေရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ကြရသည်။ ဤလူ့အဖွဲ့အစည်းအား သဘာဝအတားအဆီးများကသာ ပိုင်းခြား ထားသည်မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ အကျိုးစီးပွား၊ ဘာသာစကား၊ ကိုယ်းကယ်ရာအယူဝါဒ၊ ဥပဒေနှင့် ပညာရေးစသည်တို့ကလည်း နက်ရှိုင်းစွာပိုင်းခြားထားလေသည်။ လမ်းပန်းဆက်သွယ်ရေးမှာ ဆိုးဝါးညံ့ဖျင်း လှသည်။
ဤပြဿနာများကို ဖြေရှင်းရန်မှာ တခုတည်းသောအဖြသာရှိပြီး ၎င်းမှာ ဖက်ဒရယ်စနစ် ပင်ဖြစ်သည်။ ပြည်နယ်/ဒေသများအနေဖြင့် အထီးတည်းခွဲမနေလိုသည့်နည်းတူ ဝါးမြိုခြင်းလည်းမခံလို၊ သူတို့အနေဖြင့် အားကောင်းသော ဗဟိုအစိုးရနှင့် ဥပဒေပြုလွှတ်တော်ရှိသလို ဖက်ဒရေးရှင်း အဖွဲ့ဝင်ပြည်နယ်/တိုင်းဒေသများ အတွက် လုံလောက်သော ကိုယ်ပိုင်အုပ်ချုပ်မှုအာဏာရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးအစိုးရများပါဝင်သည့် ဖက်ဒရေးရှင်းကိုဖွဲ့စည်းနိုင်ခဲ့ကြလေသည်။
ခန့်အပ်ခံရသူများဖြင့် ဖွဲ့စည်းထာသည့် အထက်လွှတ်တော်ရှိသော ဖက်ဒရယ်နိုင်ငံ
ကနေဒါဖက်ဒရေးရှင်းကို ၁၈၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ကနေဒါဖက်ဒရယ်စနစ်မှာ ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်တို့နောက် တတိယမြောက်သက်တမ်းအရင့်ဆုံး ဖက်ဒရယ် ပြည်ထောင်စုဖြစ်သည်။ ဧရိယာအကျယ်အဝန်းအားဖြင့် ရုရှားနိုင်ငံပြီးလျှင် ဒုတိယမြောက် အကြီးမား ဆုံး နိုင်ငံတခုဖြစ်သော်လည်း လူဦးရေအားဖြင့် နဲပါးလှသည်။ မူလက အင်္ဂလိပ်နှင့် ပြင်သစ် ကိုလိုနီ နယ်သား များသာ အဓီကအားဖြင့်နေထိုင်ခဲ့ကြသော ကနေဒါဖက်ဒရေးရှင်းမှာ ၂၀၁၆ ခုနှစ် သန်းကောင် စာရင်းများအရ လူဦးရေ ၃၆ သန်းရှိပြီဖြစ်သည်။ ပြင်သစ်အခြေချနေထိုင်သူများက ၁၆၀၄ ခုနှစ်တွင် စတင်လာရောက် အခြေချ နေထိုင်ခဲ့ကြသော်လည်း ယနေ့ ကနေဒါလူဦးရေတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ လူမျိုးများပါရှိပြီဖြစ်သည်။ ကွိဘက်သည် ပြင်သစ်စကားပြောသော လူများစုများနေထိုင်ရာ ပြည်နယ်ဖြစ်ပြီး ဒနေဒါနိုင်ငံရှိ ပြင်သသစ် လူမျိုးအားလုံး၏ ၈၀% နေထိုင်ကြသည်။
ကနေဒါဖက်ဒရယ်စနစ်တွင် လွတ်လပ်အမှီအခိုကင်းသော အမျိုးသားအစိုးရတရပ်နှင့် လွတ်လပ်အမှီ အခိုကင်းသော ဒေသဆိုင်ရာ အစိုးရများရှိကြီပြီး ၎င်းတို့၏ ဥပဒေပြုပိုင်ခွင့် အဝန်းအဝိုင်းအတွင်း အုပ်ချုပ်ရေး အာဏာ ကျင့်သုံးကြသည်။ သို့ဖြစ်လေရာ ကနေဒါနိုင်ငံရေးအာဏာကို ဖက်ဒရယ်အစိုးရ (အမျိုးသားအစိုးရ) နှင့် ဒေသဆိုင်ရာ အစိုးရများအကြား ခွဲဝေကျင့်သုံးသည်ဟု ဆိုရမည်။ ၎င်းတို့အား ခွဲဝေသတ်မှတ်ပေးထားသော ဥပဒေပြုခွင့်အာဏာသတ်မှတ်ချက်အရ ဖက်ဒရယ်အစိုးရနှင့် ဒေသဆိုင်ရာအစိုးရတို့မှာ ထက်-အောက်ဆက်ဆံရေးမဟုတ်ဘဲ မိမိလုပ်ပိုင်ခွင့်အာဏာအတွင်းလွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။ ပြည်နယ် ဥပဒေပြု အဖွဲ့အစည်းများနှင့် ကနေဒါ ပါလီမန်တို့၏ တာဝန်များခွဲဝေမှုကို ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေဖြင့် ပိုင်းခြားသတ်မှတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ အက်ဥပဒေကို “၁၈၆၇ ခုနှစ် အခြေခံဥပဒေ”ဟု ခေါ်တွင်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်း (အင်္ဂလန်)မှာကဲ့သို့ပင် ကနေဒါတွင် (House of Commons) ခေါ် အောက်လွှတ်တော်နှင့် (Senate) ခေါ် အထက်လွှတ်တော်တို့ပါဝင်သော လွှတ်တော် နှစ်ရပ် စနစ်ရှိသည်။ သို့သော် ကနေဒါ အထက်လွှတ်တော်မှာ အမေရိကန် အထက်လွှတ်တော်နှင့် သိပ်မတူလှဘဲ အင်္ဂလိပ် အထက်လွှတ်တော်နှင့် ပိုမိုဆင်တူသည်။ အကြောင်းမှာ ကနေဒါ အထက်လွှတ်တော်အမတ်များကို ရွေးကောက်တင်မြှောက်ခြင်းမဟုတ်ဘဲ ရွေးချယ်ခန့်ထားသည့် စနစ်ကြောင့်ဖြစ်သည်။ သို့သော် အထက်လွှတ်တော်မှာ ပြည်သူလူထု၏ ရွေးချယ်တင်မြှောက်ထားသော ကောက်လွှတ်တော်၏ လွှမ်းမိုးမှုအောက် တွင်ရှိသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်တိုင်းမှ တူညီသောအရေအတွက်ရှိသည့် အထက် လွှတ်တော် အမတ် အရေအတွက်ကို သတ်မှတ်ထားသည်။ ကနေဒါ အခြေခံဥပဒေတွင် ထိုသို့မဟုတ်ဘဲ ပြည်နယ် တခုစီ အလိုက် အထက်လွှတ်တော်အမတ် အရေအတွက်ကို သတ်မှတ်ထားသည်။ ကနေဒါတွင် အထက် လွှတ်တော် အမတ်နေရာ ကိုယ်စားပြုမှုကို မဲဆန္ဒနယ်ယူနစ်များကို အခြေမခံဘဲ ဒေသများကို သတ်မှတ် ထားသည်။ ဤသည်မှာ ကနေဒါရှိ ဘာသာစကားအရ လူနဲစုများ (အထူးသဖြင့် ပြင်သစ်စကားပြော ကွိဘက်)၏ ကိုယ်စားပြုမှုကို လုံလောက်စွာ အာမခံချက်ရှိစေလို၍ဖြစ်သည်။
ကနေဒါနိုင်ငံမှာ အင်္ဂလန်ကဲ့သို့ ပါလီမန်စနစ်ကျင့်သုံးသော နိုင်ငံဖြစ်သဖြင့် အမေရိကန်ကဲ့သို့ သမ္မတစနစ် ကျင့်သုံးသည့် နိုင်ငံမဟုတ်ချေ။ ထိုသို့ဆိုခြင်းကြောင့် ကနေဒါနိုင်ငံ၏ အုပ်ချုပ်ရေးမှာ ဖွဲ့စည်းပုံဆိုင်ရာ အုပ်ချုပ်သူနှင့် နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်သူအကြား တနည်းအားဖြင့်ဆိုလျှင် “ဘုရင်ခံချုပ်နှင့် ဝန်ကြီးချုပ် ခေါင်းဆောင်သည့် သူ၏အစိုးရအဖွဲ့”တို့အကြား လုပ်ပိုင်ခွင့်တာဝန်များ ခွဲဝေကျင့်သုံးခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ကွန်ဂရက်စနစ် (သမ္မတအုပ်ချုပ်ရေးစနစ်)တွင် သမ္မတသည် နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်သလို အဓိက အနိုင်ရ နိုင်ငံရေးပါတီခေါင်ဆောင်လည်း ဖြစ်သည်။ ကနေဒါနိုင်ငံတွင်မူ ဝန်ကြီး ချုပ်သည် နိုင်ငံ့အကြီးအကဲမဟုတ်ပေ။ ဤတာဝန်ကို ဘုရင်ခံချုပ်က ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်သည်။ ဖွဲ့စည်းပုံဆိုင်ရာ အုပ်ချုပ်မှုအာဏာမှာ ဘုရင်မတွင်ရှိသည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအဓိပ္ပါယ်အရ ကနေဒါသည် ဘုရင်စနစ်အုပ်ချုပ်ရေး အစိုးရဖြစ်သည်။ ဘုရင်ခံချုပ်က သဘောတရားအရ ဘုရင်မ၏ကိုယ်စား အထူးအခွင့် အာဏာနှင့် လုပ်ပိုင်ခွင့်များကျင့်သုံးခွင့်ရှိသည်ဆိုသော်လည်း အမှန်တကယ် လုပ်ပိုင်ခွင့်အာဏာမှာ ဝန်ကြီး ချုပ်နှင့် သူ၏အစိုးရအဖွဲ့တွင်သာရှိပါသည်။ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ် ချက်များ မှာ ဘုရင်ခံချုပ်၏ ရာဘာတံဆိပ်တုံးထုနှက်ခြင်းဖြင့် အသက်ဝင်ရခြင်းဖြစ်သည်။ အမှန်စင်စစ်အာဖြင့် အစိုးရ၏ အကြံပြုချက်အရသာ ဘုရင်ခံချုပ်က ဆောင်ရွက်ရန် နားလည်မှုရှထားချက်ဖြစ်သဖြင့် အမှန်တကယ် အာဏာ ရှိသူမှာ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဖြစ်ပါသည်။
ကွန်ဂရစ်စနစ် (သမ္မတအုပ်ချုပ်ရေးစနစ်)နှင့် ပါလီမန်စနစ်တို့၏ နောက်ထပ်ခြားနားချက်တခုမှာ ကွန်ဂရစ်စနစ်က အာဏာကိုခွဲဝေကျင့်သုံးခြင်းဖြစ်ပြီး ပါလီမန်စနစ်က အာဏာများကို စုစည်းကျင့်သုံးသည်။ အမေရိကန်သမ္မတနှင့် သူ၏အစိုးရအဖွဲ့ဝင်များမှာ မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်ရပေ။ ထို့အတူ သမ္မတနှင့် သူ၏အစိုးရအဖွဲ့ဝင်များမှာ ကွန်ဂရက်တွင် ဥပဒေတရပ်ကို တင်သွင်းခြင်း၊ မေးခွန်းများကို ဖြေကြားခြင်း သို့မဟုတ် အစိုးရ၏ ပေါ်လစီများကို ဝေဖန်တိုက်ခိုက်မှုအား တုံ့ပြန်ဖြေရှင်း ခြင်းများ လုပ်ဆောင် ရန် မလိုပေ။
အခြားတဖက်တွင် ကနေဒါ ဝန်ကြီးချုပ်နှင့်သူ၏ အစိုးရဝန်ကြီးများသည် ထုံးစံအားဖြင့် လွှတ်တော် တခုခု၏ အမတ်များဖြစ်ကြရမည်။ အစိုးရ၏ ဥပဒေကြမ်းများမှာ အစိုးရဝန်ကြီးတဦးဦး သို့မဟုတ် ၎င်းကို ကိုယ်စားပြုသူတဦးဦးကတင်သွင်းရမည်ဖြစ်ပြီး ဝန်ကြီးများသည် ပါလီမန်သို့တက်ရောက်၍ အစိုးရ၏ ဥပဒေ ကြမ်းများကို ခုခံချေပရှင်းလင်းရမည့်တာဝန်ရှိသည့်အပြင် အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ချက်နှင့် ပေါ်စီများနှင့် ပတ်သက်သည့် ပါလီမန်တွင်း မေးခွန်းများကို ဖြေကြားပေးရန် တာဝန်ရှိလေသည်။ သို့ဖြစ်၍ ပါလီမန် စနစ်ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့ ပေါင်းစပ်ထားသည့် အခြေခံမူအပေါ် အခြေပြု ထားသည်ဟု ဆိုရပေမည်။ ဥပဒေပြုလွှတ်တော်အတွင်း အများစုနေရာရထားသည့် နိုင်ငံရေးပါတီသည် အုပ်ချုပ်ရေးအပိုင်းကိုလည်း ထိန်းချုပ်ခွင့်ရပေလိမ့်မည်။ အနိုင်ရပါတီတခုတည်း၏ ခေါင်းဆောင်များက အစိုးရ၏ အုပ်ချုပ်ရေး အာဏာရော၊ ဥပဒေပြုအာဏာကိုပါ ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်သည်။ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ယန္တယားများအကြား ပေါင်းကူးတံတားမှာ ကက်ဘိနက် (အစိုးရအဖွဲ့)ဖြစ်၏။ အဆိုပါအဖွဲ့သည် ဥပဒေပြု လွှတ်တော်ကို စုပေါင်းတာဝန်ခံရသည်ဖြစ်၍ လွှတ်တော်တွင် အများစုထောက်ခံမှုရနေသ၍ အစိုးရ အာဏာကို ဆုတ်ကိုင်ထားပေလိမ့်မည်။
ကွန်ဂရက်စနစ် (သမ္မတစနစ်)တွင်မူ ဥပဒေပြုအာဏာနှင့် အုပ်ချုပ်ရေးအာဏာ ပေါင်းစပ်ကျင့်သုံးခြင်း မဟုတ်ဘဲ အာဏာကို ခွဲဝေကျင့်သုံးသည့် စနစ်ဖြစ်သည်။ ဤအာဏာခွဲဝေကျင့်သုံးမှုကို အပြန်အလှန် ထိန်း ကျောင်းမှုများဖြင့် ထိန်းညှိထားသည်။ ဥပမာအားဖြင့် သမ္မတသည် ဥပဒေပြုခွင့်အာဏာမရှိသော်လည်း ကွန်ဂရစ်က အတည်ပြုထားသော ဥပဒေကို ဗီတိုအာဏာသုံး၍ ပယ်ချခွင့်ရှိသည်။ သူ၏ဗီတိုကို ပြန်လည် ချေဖျက်ရန်အတွက် လွှတ်တော်နှစ်ရပ်လုံးတွင် သုံးပုံနှစ်ပုံထောက်ခံမဲရရှိရန်လိုသည်။
ကနေဒါ ပြည်နယ်အစိုးရများမှာ အမျိုးသားအစိုးရ (ဗဟိုအစိုး)ကို ရောင်ပြန်ဟပ်သည်။ ပြည်နယ် အဆင့်တွင် အုပ်ချုပ်ရေးကဏ္ဍမှာ ဝန်ကြီးချုပ်နှင့် လက်ထောက်အုပ်ချုပ်ရေးမှူးတို့အကြား ခွဲဝေထားသည်။ မည်သို့ ဆိုစေကာမူ ပြည်နယ်များတွင် လွှတ်တော်နှစ်ရပ်စနစ်မဟုတ်ဘဲ ရွေးကောက်တင်မြှောက်သည့် လွှတ် တော် တရပ်သာရှိသည်။ ကနေဒါနိုင်ငံသည် ဖက်ဒရယ်စနစ်ကျင့်သုံးသည့် ဒီမိုကရေစီ နိုင်ငံတခုဖြစ်သည်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့၏ ဆက်ဆံရေးမှာ ဤသို့ဖြစ်သည်။ ဖက်ဒရယ်အဆင့် (အမျိုးသား အဆင့်)မှာ ကဲ့သို့ပင် ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများတွင်လည်း တနေရာနှင့်တနေရာ ကွဲပြားခြားနား နိုင်သော် လည်း အများစုမဲဖြင့် ဆုံးဖြတ်သည့်စနစ်မှာအတူတူပင်ဖြစ်သည်။ ဒီမိုကရက်တစ် အမြင်အယူအဆများကို ဖေါ်ပြ ခြင်းနှင့်ပတ်သက်၍ မည်သည့် အများစုက အခြားသော အများစုထက် ပိုမိုသာလွန်ခြင်းသော်၎င်း၊ ယုတ်လျော့ ခြင်းသော်၎င်း မရှိချေ။ အကြောင်းအရာတူကိစ္စရပ်တခုအပေါ် တုံ့ပြန်ဆောင်ရွက်ရာတွင် ပြည်နယ်တခု နှင့်တခု သည် မတူညီသော သီးခြားပေါ်လစီများကို ချမှတ်နိုင်သည်။
တချိန်ထဲမှာပင် ဖက်ဒရယ်အစိုးရသည် ကနေဒီယန်းများ၏ တမျိုးသားလုံးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်စေရန် တနိုင်ငံလုံးဆိုင်ရာသူ၏ ဥပဒေပြုပိုင်ခွင့်ဘောင်အတွင်းမှ ဆောင်ရွက်ပေးသည်။ သို့ဖြစ်၍ ကနေဒါ ဖက်ဒရယ်စနစ်သည် နိုင်ငံသားများကို ဖက်ဒရယ်အဆင့် (အမျိုးသားအဆင့်)မှာရော ပြည်နယ် အဆင့်တွင်ပါ တပြိုင်နက်ထဲတွင် မတူကွဲပြားခြားနားသော စုပေါင်းလှုပ်ရှားမှုများကို တခုနှင့်တခု မဆန့်ကျင် စေဘဲ ဆောင်ရွက်စေသည်။
ကနေဒါ ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာစေသည့် အကြောင်းရင်းများ
ကနေဒါနိုင်ငံ၏ လက်ရှိဖက်ဒရယ်စနစ်ဖြစ်ပေါ်တိုးတက်လာပုံကို ကောင်းစွာနားလည်သဘောပေါက်စေ ရန်မှာ ၎င်းကိုပုံသွန်းလောင်းပေးခဲ့သော အင်အားစုများအကြောင်းကို သိရှိနားလည်ရန်လိုပေသည်။ ကနေဒါ ဖက်ဒရယ်စနစ်မှာ ၁၉ ရာစုအလယ်က ဗြိတိသျှမြောက်အမေရိက ရင်ဆိုင်နေခဲ့ရသော နိုင်ငံရေးနှင့် လူမှုရေး ဆိုင်ရာ ပကတိဘဝအကြောင်းအချက်များကို တုံ့ပြန်ခဲ့ရသည့် နိုင်ငံရေးနှင့် ဥပဒေရေးရာ ဖြေရှင်းချက် အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
၁၈၆၀ ခုနှစ် (အမေရိကန်လွတ်လပ်ရေးရပြီး ၈၄ နှစ်အကြာ)တွင် ဗြိတိသျှ မြောက်အမေရိက ဆိုသည်မှာ နယူးဖေါင်လန်၊ နိုဘာစကိုးရှား၊ နယူးဘန်းစ်ဝစ် နှင့် ကတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေရှိ ပရင့်စ်အက်ဝပ်ကျွန်း စသည့် ဗြိတိသျှကိုလိုနီများကို ခေါ်ဆိုခြင်းဖြစ်သည်။ တဒေသနှင့်တဒေသ ဆက်စပ်မှုမရှိဘဲ တကွဲတပြားစီ ဖြစ်သည်။ ပစ္စိဖိတ်ကမ်းခြေဖက်တွင် ဗင်ကူးဗားကျွန်းနှင့် ဗြိတိသျှကိုလံဘီယာ တို့ရှိသည်။ အလယ်ခေါင်တွင် ကြီးမားသော ကနေဒါ ပြည်နယ်/တိုင်းဒေသကြီး တည်ရှိပြီး ၎င်းအထဲတွင် ပြင်သစ် – ကက်သလစ် လွှမ်းမိုးသော ကနေဒါ အောက်ပိုင်းနှင့် အင်္ဂလိပ်-ပရိုတက်စတင့် လွှမ်းမိုးသော အထက်ပိုင်း ကနေဒါတို့ ပါဝင်သည်။ အဆိုပါ ကိုလိုနီများမှာ ပထဝီအရ၎င်း၊ နိုင်ငံရေးနှင့် စီးပွားရေးအရ၎င်း တဒေသနှင့်တဒေသ တကွဲတပြားစီ ဖြစ်နေသော်လည်း ၎င်းတို့အားလုံး ဗြိတိသျှနှင့် ရင်းနှီးသောဆက်ဆံရေးရှိကြသည်။
၁၈၄၁ ခုနှစ်တွင် ဗြိတိန်က ယခင်တကွဲတပြားစီရှိနေခဲ့သော အထက်ပိုင်းနှင့် အောက်ပိုင်း ကနေဒါ ကိုလိုနီများကို နိုင်ငံရေးအရ ဇွတ်အတင်းအကြပ် ပြည်ထောင်စုတရပ်ဖွဲ့စေသည်။ အောက်ပိုင်းကနေဒါသည် အထက်ပိုင်းကနေဒါထက် လူဦးရေအရ ပိုမိုများပြားသော်လည်း ဒေသကြီးနှစ်ခုလုံးမှ တူညီသော အရေအတွက် ရှိသည့် ကိုယ်စားလှယ်များကိုသာ ရွေးချယ်စေလွှတ်ခွင့်ပေးခြင်းဖြင့် အောက်ပိုင်းကနေဒါရှိ ပြင်သစ်၊ ကနေဒီယန်များကို မကျေမနပ်ဖြစ်စေလေသည်။
ထိုသို့ ကိုလိုနီများအတွင်း ဖိအားများရှိနေစဉ်အတွင်း တေင်ဘက်ရှိ အမေရိကန်ပြည်ထောင်စုမှ ခြိမ်းခြောက်မှုများကလည်းရှိပြန်သည်။ ပထမ ခြိမ်းခြောက်မှုမှာ မြောက်အမေရိကရှိ အင်္ဂလိပ်ကိုလိုနီများကို တိုက်ခိုက်ခြင်းဖြင့် အိုင်ယာလန်လွတ်လပ်ရေးရရှိရန်မျှော်လင့်ကြသော အိုင်းရစ်ရှ် ကက်သလစ် အုပ်စုတခု ဖြစ်သော Fenian တို့၏ ခြိမ်းခြောက်မှုဖြစ်သည်။ ၁၈၆၆ ခုနှစ်က Fenian ၁၅၀၀ လောက်က အထက်ကနေဒါကို ကျူးကျော်လာသည့်အတွက် တိုက်ထုတ်ခဲ့ရသေးသည်။
ထို့ပြင် နောက်ထပ်ခြိမ်းခြောက်မှုတခုမှာ အမေရိကန်ပြည်ထောင်စု၏ သိမ်းပိုက်ခံရမည့် အရေးဖြစ်ပြီး နှစ်ကြိမ်နှစ်ခါ ကျူးကျော်တိုက်ခိုက်ခံရကာ နှစ်ကြိမ်လုံး မအောင်မြင်ချေ။ တကြိမ်မှာ ၁၇၇၅ ခုနှစ်ကဖြစ်ပြီး အမေရိကန် တပ်မတော်က ကွိဘက်ကိုကျူးကျော်တိုက်ခိုက်ပြီး မွန်ထရီယယ်ကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယ တကြိမ်မှာ ၁၈၁၂ ခုနှစ်တွင်ဖြစ်ပြီး အွန်တေရီယိုရှိ နိုင်ယာဂရာဒေသကို ဝင်ရောက်ကျူးကျော် ခဲ့ခြင်းဖြစ်သည်။
ဗြိတိသျှ လူထု၏အမြင်တွင် စစ်စားရိတ်လျှော့ချရေးကိုသာ လိုလားသည်။ သို့ဖြစ်ရာ မြောက်အမေရိက တွင် အသုံးပြုမည့်အစိုးရ အသုံးစရိတ် (အထူးသဖြင့် ကာကွယ်ရေးစားရိတ်)ကို ဖြတ်တောက်လိုကြသဖြင့် ကိုလိုနီများအဖို့ နောက်တခေါက် တိုက်ခိုက်ခံရလျှင် မိမိကိုယ်ကို ကာကွယ်ရမည့်ပုံပေါ် နေပေတော့သည်။
ထိုသို့ဖြင့် ၁၈၆၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ကျူးကျော်သိမ်းပိုက်မှုအန္တရာယ်ကို ကာကွယ်ရန်နှင့် အပြန်အလှန် စီးပွားကုန်သွယ်ရေးတည်ဆောက်ရနအတွက် ဗြိတိသျှမြောက်အမေရိကယူနီယံ ဖွဲ့စည်းရန် ပရင့်စ်အက်ဒဝပ်ကျွန်းရှိ ရှားလော့တောင် (Charlottetown) တွင် အတ္တလန်တိတ်ကမ်းခြေ ပြည်နယ်များနှင့် ကနေဒါပြည်နယ်မှ ကိုယ်းစားလှယ်များတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပုံစံအမျိုးမျိုကို ဆွေးနွေးစဉ်းစားခဲ့ကြသည်။ တပြည်ထောင်စနစ်ပုံစံကို ထောက်ခံ ဆွေးနွေးမှုများရှိသိလို ဆန့်ကျင်ကန့်ကွက်မှုများလည်း ရှိခဲ့သည်။ အထူးသဖြင့် ကွိဘက်အနေဖြင့် ကနေဒါ တိုက်ငယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ခွဲဝေခံစားလိုသကဲ့သို့ အခြားသော ပြည်နယ်များရှိ ဈေးကွက်များတွင်လည်း ရောင်းဝယ်ဖောက်ကားလိုသည်။ သို့သော် ၎င်းအနေဖြင့် တပြည်ထောင်စနစ်တွင် လူနဲစုအနေအထားသို့ ကျရောက်သွားမည်ကို လက်မခံလိုပေ။ ထိုသို့သောအနေအထားမှာ ကွိဘက်ပြည်သူအဖို့ လက်ခံနိုင်ဘွယ်ရာ မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ယုံကြည်ကိုယ်းကွယ်မှု၊ ဘာသာစကား၊ ဥပဒေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်း ထားလိုပြီး သီးခြားဖြစ်ခြင်းအပေါ် ဂုဏ်ယူကြသည်။ ကွိဘက်များအနေဖြင့် ဒေသယူနစ် တခုစီ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ထောက်ခံအသိအမှတ်ပြုမှုရှိသော ဖက်ဒရယ်ပြည်ထောင်စုကသာ သူတို့၏ ထူးခြားမှုများ ကို အကောင်းဆုံးထိန်းသိမ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကိုယ်စားလှယ်များသည် အထပ်ထပ်အခါခါ ဆွေးနွေးပြီးနောက် ဖက်ဒရေးရှင်းတခုကသာ အဖွဲ့ဝင်ယူနစ်များ၏ အကျိုးစီးပွား ကိုကာကွယ်ရင်း တခုလုံး၏ အကျိုးစီးပွားမှ ခွဲဝေခံစားနိုင်ကြလိမ့်မည်ဟု ယုံကြည်သဖြင့် ဖက်ဒရယ်ပြည်ထောင်စု တရပ် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း ပြည်ညနယ်အားလုံးက ထိုသို့ ယုံကြည်ခဲ့ကြခြင်း မဟုတ်ချေ။ ပဥင့်စ်အက်ဒ်ဝပ် ကျွန်းနှင့် နယူးဖေါင်လန်တို့က ဖက်ဒရေးရှင်းသည် ၎င်းတို့၏ ကွဲပြားခြားနားသော ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု မယုံကြည်သဖြင့် ချက်ခြင်းမပါခဲ့ကြဘဲ ၁၈၇၃ ခုနှစ်တွင်မှ ပရင့်အက်ဒ်ဝပ်ကျွန်းက ၎င်း၊ ၁၉၄၉ ခုနှစ်တွင်ကျမှ နယူးဖေါင်လန်က၎င်း ပူးပေါင်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။
အားကောင်းသော ဗဟိုအစိုးရလော၊ အားနဲသော ဗဟိုအစိုးရလော
ဖက်ဒရေးရှင်းပြည်ထောင်စုဖွဲ့စည်းရန် ဆုံးဖြတ်ပြီးဖြစ်သော ကိုယ်စားလှယ်များသည်။ နောက်တလ အကြာတွင် ကွိဗက်မြို့တွင် ထပ်မံတွေ့ဆုံကာ အသေးစိတ်ကိစ္စများကို ထပ်မံညှိနှိုင်းခဲ့ကြပြန်သည်။ ဖက်ဒရေးရှင်း တွင် အားကောင်းသော ဗဟိုအစိုးရလော သို့တည်းမဟုတ် အားနဲသော ဗဟိုအစိုးရလော ဆိုသည့်ကိစ္စမှာ အဓိကငြင်းခုံရသော ပြဿနာဖြစ်သည်။ နယူးဗန်းစ်ဝစ်ကိုယ်စားလှယ်များက ပြည်နယ်ရှိ လုပ်ပိုင်ခွင့် အာဏာ များကို ဗဟိုသို့ပေးလိုက်ရလျှင် ၎င်းတို့မှာ မြူနီစီပယ်ကော်ပိုရေးရှင်းသာသာမျှသာ အာဏာရှိတော့မည်ဟု ဆိုကြ သည်။ အားကောင်းသော ဗဟိုအစိုးရကိုလိုအားသူများက အမေရိကန်၏ ပြည်တွင်းစစ်အတွေ့အကြုံကို ညွန်ပြ၍ အားနဲသောဗဟိုအစိုးရသာရှိသည့် ဖက်ဒရေးရှင်းကြောင့် ပြည်နယ်များ အချင်းချင်းအကြား ပဋိပက္ခများ ထိန်းမနိုင်သိမ်းမရ ဖြစ်ရပုံကိုဆွေးနွေး၍ အားကောင်းသော ဗဟိုအစိုးရလိုအပ်ပုံကို တင်ပြသည်။ ထိုကဲ့သို့သော ကံကြမ္မာ ၎င်းတို့ထံတပတ်ပြန်လည်လာမည်ကို စိုးရိမ်းသဖြင့် ၎င်းတို့ တည်ဆောက်မည့် ပြည်ထောင်စုတွင် ဗဟိုကို အားကောင်းစေချင်သည်။
အထက်ကနေဒါမှ ကွန်ဆာဗေးတစ် ခေါင်းဆောင်တယောက်လည်းဖြစ်၊ နောက်ပိုင်းတွင် ကနေဒါ၏ ဝန်ကြီးချုပ်အဖြစ်လည်း ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆာဂျွန် အေ. မက်ဒေါ်နယ်က အမေရိကန် ပြည်ထောင်စုဖွဲ့စည်းစက အဓိကအမှားတခုမှာ ပြည်နယ်တိုင်းက အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မစွန့်လွှတ်ဘဲ ထိန်းသိမ်းထားကြပြီး သေးငယ်သောလုပ်ပိုင်ခွင့်အာဏာကိုသာ ဗဟိုအစိုးရသို့ လွှဲအပ်ခဲ့ကြခြင်းဖြစ်သည်ဟု ယုံကြည်လေသည်။ မက်ဒေါ်နယ်အနေဖြင့် အမေရိကန်တို့ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်ကို ပြောင်းပြန် လုပ်ခြင်းဖြင့် ဗဟိုအစိုးရကို အားကောင်းစေရန်အတွက် ပြည်နယ်များ၏ ဒေသဆိုင်ရာ ရည်မှန်ချက်များအတွက် လိုအပ်သော လုပ်ပိုင်ခွင့်အာဏာကိုသာထိန်းသိမ်းရန် ပြည်နယ်များနှင့် တိုင်ပင်ညှိနှိုင်းရမည်ဟု ယူဆလေသည်။ မက်ဒေါ်နယ်အနေဖြင့် အင်အားတောင့်တင်းသော စည်းလုံးညီညွတ်သည့် ကနေဒါနိုင်ငံကသာ အမေရိကန် ပြည်ထောင်စု၏ နောက်ထပ်တဖန် ကျူးကျော်တိုက်ခိုက်လာမှုကို ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။
၁၈၆၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ အက်ဥပဒေ
ဖက်ဒရယ်စနစ်ဆိုင်ရာ အဆိုနှစ်ရပ်လုံး၏ ကောင်းကွက်များကိုကိုင်စွဲကာ ပြင်းပြင်းထန်ထန်ဆွေးနွေး ငြင်းခုံကြပြီး၊ နောက်ဆုံးတွင် မက်ဒေါ်နယ်နှင့် သူ့ကိုထောက်ခံသူများ၏အမြင်ယူဆချက်က လွှမ်းမိုးသွား လေတော့သည်။ သို့ဖြစ်၍ ၁၈၆၇ ခုနှစ် ဂျူလိုင်လ (၁)ရက်နေ့တွင် အတည်ပြုသက်ဝင်ခဲ့သော ဖက်ဒရေးရှင်မှာ ဗဟိုချုပ်ကိုင်မှုများသော အခြေခံဥပဒေဖြစ်ခဲ့လေသည်။ ဥပမာအားဖြင့် ဗဟိုဖက်ဒရယ်အစိုးရအား ကန့်သတ်ချက် မရှိ အခွန်ကောက်ယူခွင့်အာဏာပေးထားသော်လည်း ပြည်နယ်အစိုးရများမှမူ ပြည်နယ်အတွင်း တိုက်ရိုက်အခွန် ကောက်ယူခွင့်နှင့် ပတ်သက်၍ ကန့်သတ်ချက်များရှိလေသည်။ ထို့ပြင် ဖက်ဒရယ်အစိုးရအနေဖြင့် ဒေသဆိုင်ရာ လုပ်ငန်းတခုခု သို့မဟုတ် စီမံကိန်းတခုခုအပေါ် တရားစီရင်ခွင့်အာဏာရှိပြီး အကယ်၍ အဆိုပါ လုပ်ငန်းမှာ ပြည်နယ်တခု အတွင်းလုံးဝ ကျရောက်တည်ရှိနေခဲ့လျှင်သော်မှ ကနေဒါနိုင်ငံအတွက် အထွေထွေ ဦးစား ပေးမှုအရဖြစ်စေရမည်ဟု ကြေငြာလျက် ဗဟိုတရားစီရင်ပိုင်ခွင့်အောက်သို့ ဆွဲသွင်းနိုင်သည်။ အချို့သော အခြေအနေ အချက်အလက်များအောက်တွင် ဖက်ဒရယ်အစိုးရအနေဖြင့် ပြည်နယ်ကပြဌာန်းထားသော ဥပဒေ များအား ပယ်ဖျက်ခွင့်ကိုလည်း ပေးအပ်ထားသေးသည်။
ကနေဒါ ဖက်ဒရယ်အစိုးရအနေဖြင့် ၎င်းအရှေ့ကတည်းရှိနေသော အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန် ဖက်ဒရယ်စနစ်များတွင် ဗဟိုကရရှိသော လုပ်ပိုင်ခွင့် အာဏာများထက်ပိုသော အထူးသီး သန့်လုပ်ပိုင်ခွင့် အာဏာများရရှိရုံသာမကသေး Residual Power ခေါ် ကြွင်းကျန်သော အာဏာများကိုလည်း “ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အစိုးရကောင်းဖြစ်ရေး” ဆိုသည့် အထွေထွေပြဌာန်းချက်ဖြင့် ဖက်ုရယ်အစုးရသို့ ပေးအပ်ထားသေးသည်။ အမေရိကန်၊ ဆွစ်ဇာလန်နှင့် ဩစတြေးလျ ဖက်ဒရယ်စနစ်များတွင်မူ Residual Power ခေါ် ကြွင်းကျန်အာဏာကို ဒေသဆိုင်ရာနှင့် ပြည်နယ်များသို့ ပေးအပ်ထားလေသည်။
အထက်လွှတ်တော်အမတ်များ တသက်တာပတ်လုံးတာဝန်ထမ်းဆောင်နိုင်ရန် ဘုရင်ခံချုပ်က ခန့်ထားပေးထားခြင်းသည်လည်း ဖက်ဒရယ်အစိုးရကို ပိုမိုအားဖြည့်ပေးရာရောက်လေသည်။ အစောပိုင်း ကာလက အမေရိကန်ပြည်ထောင်စုတွင်မူ အထက်လွှတ်တော်အမတ်များမှာ ပြည်နယ်အကျိုး ဆောင်ရွက်ရန် အတွက် ပြည်နယ်ဥပဒေပြုလွှတ်တော်မှ ကွန်ဂရက်လွှတ်တော်သို့ ခန့်အပ်စေလွှတ်ခြင်းဖြစ်သည်။ အခုအခါတွင်မူ အမေရိကန် အထက်လွှတ်တော်အမတ်များကို ပြည်နယ်တွင်းရှိ ပြည်သူလူထုက တိုက်ရိုက် ရွေးကောက် တင်မြှောက်သည့် စနစ်သို့ပြောင်းလဲပြီးဖြစ်သော်လည်း ကနေဒါနိုင်ငံတွင်မူ ဖက်ဒရယ်အစိုးရက ခန့်အပ်ခြင်း ဖြစ်နေသေးသည်။
ကနေဒါ ဖက်ဒရယ်အငိးရအနေဖြင့် အထွေထွေအယူခံတရားရုံး တည်ထောင်ခွင့်ရှိသလို တရားသူကြီး များကိုလည်း ခန့်အပ်ခွင့်ရှိလေသည်။ ၁၈၇၅ ခုနှစ်က ကနေဒါ ပြည်ထောင်စုတရားရုံးချုပ်ကို ဖွဲ့စည်းစဉ်ကလည်း ဆိုခဲ့ပါ အခွင့်အာဏာကို အသုံးပြုခဲ့လေသည်။ အဆိုပါ ပြည်ထောင်စုတရားရုံးချုပ်မှာ ပြည်နယ်အစိုးရနှင့် ဖက်ဒရယ်အစိုးရတို့အကြား အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို နောက်ပိတ်ဆုံး အဆုံးအဖြတ်ပေး ရာဌာနလည်းဖြစ်လေသည်။ ကနေဒါ ပါလီမန်သည် ပြည်နယ်တရားသူကြီးများ၊ ခရိုင်အဆင့်နှင့် အထက်အယူခံ တရားရုံးတရားသူကြီးများနှင့် တရားရေးဝန်ထမ်းများကို ခန့်ထားခွင့်ရှိသည့်အပြင် ၎င်းတို့၏ လစာ၊ ခံစားခွင့်နှင့် ပင်စင်များအတွက်လည်း တာဝန်ရှိလေသည်။
မူလပြည်နယ်များက ဖက်ဒရယ်တွင်ပါဝင်ဖွဲ့စည်းပါမည်ဟူသော စေ့စပ်ညှိနှိုင်းသဘောတူမှုကို အခြေခံ ဥပဒေ ရုပ်လုံးဖော်မရခြင်းဖြစ်သည်။ လူနဲစုများ၏ အခွင့်အရေးကို ထိန်းသိမ်းပေးခြင်းသည် အဆိုပါ လူနဲစုများ ဖက်ဒရေးရှင်းထဲဝင်လာစေသည့် အချက်အလက အကြောင်းအရင်းလည်းဖြစ်သလို အဆိုပါအခြေခံအပေါ်မှ နိုင်ငံ၏တည်ဆောက်ပုံကို ဖော်ဆောင်ရခြင်းလည်းဖြစ်လေသည်။
ဖက်ဒရယ်နှင့် ပြည်နယ်အကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုကို ပြဌာန်းခဲ့သည့် အခြေခံဥပဒေကို ၁၈၆၇ ခုနှစ် ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေဟုခေါ်တွင်သည်။ အကြောင်းမှာ အဆိုပါအက်ဥပဒေကို ဗြိတိသျှ ပါလီမန်က ပြဌာန်းပေးခဲ့သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ၁၈၆၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ အက်ဥပဒေဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ အဆိုပါ အက်ဥပဒေဖြင့် အနေဒါ ဒိုမီနီယံကို ဖန်တီးလိုက်ကာ အရှေ့ ကနေဒါ၊ အနောက် ကနေဒါ၊ နို်ဘာစကိုးရှားနှင့် နယူးဘန်းစ်ဝစ် ပြည်နယ်များကို စုစည်းလိုက်သည်။ အဆိုပါ ဥပဒေက ဗြိတိသျှမြောက်အမေရိက၏ အခြားသော အစိတ်အပိုင်းများကို ဝင်ခွင့်ပြုရေးနှင့် ပတ်သက်၍လည်း စည်းဘောင် ပြဿနာပေးသည်။ ထို့ပြင် ဖက်ရယ်ပါလီမန်နှင့် ပြည်နယ်ဥပဒေပြုလွှတ်တော်များအကြား ဥပဒေပြုရေး အာဏာ များကိုလည်း ခွဲခြားသတ်မှတ်ပေးသည်။
၁၇၈၇ ခုနှစ် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သူ၏ပြင်ဆင်ချက်များနှင့် မတူဘဲ ကနေဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ကြီးမားသည့် အစိတ်အပိုင်းမှာ စာချုပ်စာတန်း တခုတည်းအတွင်းမတည်ရှိပေ။ “၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံအက်ဥပဒေ” ပုဒ်မ ၅၂ (၂)တွင်ပါသည့် မပြည့်စုံသေးသော အခြေခံဥပဒေ ဇယား ၂၅ ခုက ကနေဒါ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား ၂၅ ခုက ကနေဒါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည့်စုံစေလေသည်။ မည်သို့ဆိုစေကာမူ ကနေဒါဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကြီးမားသောအစိတ်အပိုင်း (တချို့သော ပြောစကားများ အရ အခြေခံအကျဆုံး အစိတ်အပိုင်း) လည်းဖြစ်ပြီး ရေးသားမထားသည့် အခြေခံမူများက အခြေခံဥပဒေ ဖြစ်ပေါ်လာရန် လှုံ့ဆော်ပုံသွင်းပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတူညီ ချက်များ (constitutional conventions) ဟု ခေါ်တွင်သည်။
ရဲထွန်း (သီပေါ)
စာကိုး: Federalism in Canada by Chief Justice John D. Richard
: A Federal-State by Dr Eugene A. Forsey