မေလ – ၁၆ – ၂၀၂၂ ခုနှစ်
- စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ခဲ့သည့် ပြည်သူများကို မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်ကောင်စီတပ်မှ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယနေ့ မေလ(၁၆)ရက်နေ့ထိ အသက်သေဆုံးခဲ့ရ သည့် ပြည်သူ ( ၁၈၃၅ )ဦးအထိရှိပြီဖြစ်သည်။ ထို့အပြင် မတရား ဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျနေရသူ ( ၁၃၇၀၁ ) ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။
- အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင် တို့ ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ တို့အကြားတွင် ယနေ့ မေလ ၁၆ ရက်နေ့ မနက်ပိုင်းတွင် ၂ နာရီကြာ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ် ပြန်သည်။ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။
- ကရင်နီ(ကယား)ပြည််နယ်တွင် စစ်ကောင်စီတပ်များမှာ ရှားတော-လွိုင်ကော်လမ်းကိုအသုံးပြု၍ ရှားတော-လွိုင်ကော် သွားလာနေသောပြည်သူတစ်ချို့ထံ ရိက္ခာများမှာယူနေကြောင်းသိရှိခဲ့ရသည့် အတွက် KNDF B17 အနေဖြင့် ရှားတော-လွိုင်ကော်လမ်း မေလ ၁၆ ရက်နေ့မှ စတင်၍ ယာယီ ပိတ်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။ ဖယ်ခုံမြို့နယ် တောင်ပို့ကွဲရွာရဲ့အရှေ့ဘက် တောင်ပေါ်မှာ စစ်ကောင်စီတပ်အင်အား (၂၀၀) ခန့် တပ်စွဲထားပြီး ရွာထဲရှိ အိမ်များကလည်း တောင်ပေါ်ထိ ထမင်းတက်ပို့နေကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။
- ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်နှင့် PNO ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးပြီး ယနေ့၊ ညနေပိုင်း၌ ရွာလုံးကျွတ်မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရ သည်။ ဆောင်နန်းခဲကျေးရွာကို PDF များကို ခိုအောင်းခွင့်ပေးသည်ဟူသည့် အကြောင်းပြချက်ဖြင့် အပြစ်မဲ့အရပ်သားများ၏ နေအိမ်များကို မီးရှို့နေခြင်းဖြစ်ပြီး ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေး နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ညနေ ၅ နာရီလောက်ကတည်းက စရှို့နေတာ။ ရွာထဲ ကိုဝင်လာကတည်းက နားမခံသာအောင် အော်ဆဲနေကြတယ်။ PNO ယူနီဖောင်းနဲ့လူတွေလည်း ပါလာတာ တွေ့လိုက်တယ်။ ဘယ်အငြိုးနဲ့များလုပ်နေလဲတော့မသိပေမယ့် ကိုယ့်အမေအရွယ်၊ အဖေအရွယ်ကို မိုက်မိုက်ရိုင်းရိုင်းဆဲတာကတော့ လွန်လွန်းတယ်” ဟု ၎င်းကပြောသည်။
- အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ခြင်းကို တက်ရောက် မည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို အာရက္ခပြည်သူလူထုက ကန့်ကွက်ရှုတ်ချ ကြောင်း ရခိုင်ပြည်ရှိ လူငယ်အဖွဲ့အစည်းများက ယမန်နေ့ မေလ ၁၅ ရက်ရက်စွဲဖြင့် ထုတ်ပြန်လိုက် သည်။ ကြေညာချက်ကို ရက္ခိုင့်ပြည်ကျောင်းသားသမဂ္ဂ၊ သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ကမန်ကျောင်းသားလူငယ်အဖွဲ့၊ မြိုတက္ကသိုလ်ကျောင်းသား/သူများအသင်း၊ မဟာရက္ခိတအဖွဲ့နှင့် အာရက္ခပြည်ရှိ လူငယ်အဖွဲ့အစည်း ၂၄ ဖွဲ့တို့ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်လွတ် မြောက်ရေးပါတီသည် အကြမ်းဖက်စစ်ကော်စီ အလိုကျ ကြိုးဆွဲရာ ကပြ အသုံးချခံနေရသော အမျိုးသားရေးကို ကိုယ်စားပြုခြင်း အလျှင်းမရှိသည့် ရခိုင်အမည်ခံ အဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားသည့် အစည်းအဝေးကို တက်ရောက်ရန် ပြင်ဆင်နေ သည်ဟု ကြားသိရကြောင်း၊ တော်လှန်ရေးအမည်ခံ ALP အနေနှင့် အာရက္ခပြည်နှင့် အာရက္ခလူမျိုး များကို ကိုယ်စားပြုအဖွဲ့အစည်းမဟုတ်သည့်အပြင် အဆိုပါ လုပ်ရပ်များကို များစွာ စိတ်ပျက် ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
- ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့မှာ ပြီး ခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်သားများက အင်အားသုံးပြီး မြို့ထဲက ဆယ်ကျော်သက် လူငယ် တွေကို လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ၁၄ – ၅ – ၂၀၂၂ ညနေပိုင်းမှာ RCSS တပ်သား များက အင်အားသုံးပြီး ဆယ်ကျော်သက်လူငယ် နှင့် အရွယ်မရောက်သေးသော ကလေးသူငယ် အယောက် 54 ယောက် ကိုဖမ်းဆီးပြီး ကား 3 စီးဖြင့် ခေါ်ဆောင်သွားတယ်လို့ သိရှိရပါ တယ်။ ၁၆ – ၅ – ၂၀၂၂ ရက်မှာတော့ ဖမ်းဆီးခံထားရတဲ့ ကလေးမိဘ တစ်ချို့က တစ်ယောက်ကို ကျပ်ငွေ ၁၀ သိန်း ဖြင့် ပြန်ရွေးခဲ့ရပြီး ဆယ်ကျော်သက်လူငယ်တစ်ချို့ကတော့ တပ်သားသစ်အဖြစ် စုဆောင်း ခံလိုက်ရသည် ဟုသိရှိရပါသည်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာ၌ရှိသည့် စစ်ကောင်စီ စစ်တပ်စခန်းသို့ ရိက္ခာ လာချသည့် စစ်ရဟတ်ယာဉ်တစ်စီးမှာမေလ ၁၅ ရက်နေ့ လယ် ၁နာရီအချိန်ခန့်တွင် ပစ်ခတ်ခံ လိုက်ရသည်ဟု ဒေသခံများကပြောသည်။ အဆိုပါရိက္ခာတင်လာသည့် ရဟတ်ယာဉ်မှာ စခန်းသို့ ဆင်းသက်နေစဉ် လက်နက်ငယ်ဖြင့် ၄ချက် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ပြီး ထိခိုက်မှု ရှိ၊မရှိကိုမှု မသိရှိကြောင်း အမည်မဖော်လိုသည့် ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။ “ဘယ်အဖွဲ့က ပစ်လိုက် လည်းတော့ မသိဘူး။ လက်နက်ကြီးနဲ့ပစ်တာ မဟုတ်ဘူး။ လက်နက် ငယ်နဲ့ပစ်တာ။ အဲဒီဖက်မှာ ကတော့ CDF တွေလည်းရှိတယ်။ AAတွေလည်း ရှိတယ်”ဟု ပြောသည်။
- မွန်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေတွင် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရေးအတွက် တော်လှန်ရေး အဖွဲ့များအားလုံး စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်ရန် သဘောတူဆုံးဖြတ်လိုက်ကြောင်း ယနေ့ တရားဝင် ကြေညာချက်ထုတ်ပြန်သည်။
- ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကျေးရွာတွင် ယမန်နေ့ မေလ ၁၅ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနှင့်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ လေယာဉ်နှင့်သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီဘက်က အင်အား ၈၀ ဝန်းကျင်နှင့် စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံးရှိခဲ့ကြောင်းသိရသည်။ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ PNA ပြည်သူ့စစ်အဖွဲ့တို့ မွန်းလွှဲတစ်နာရီအချိန်တွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ကြောင်း KNDF B-03 က မေလ ၁၅ ရက်ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
- ချင်းပြည်နယ်၊ မင်းတပ်မြို့ စိချဲ့နားတွင် မြို့ထဲသွားမယ့် လူငယ် ၂ ဦးကို ယနေ့ မေ ၁၆ ရက်မနက်က စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြတယ်လို့သတင်းရရှိပါတယ်။ ယမန်နေ့ မေ ၁၅ ရက်ကလည်း မြို့ထဲ ဆိုင်ကယ်ပြင်ရန်သွားတဲ့ လူငယ် တစ်ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး ယခု ချိန်အထိ ပြန်မလွှတ်သေးပဲ မိဘ များကို ၂၇၄ တပ်ရင်းထဲလာရန်ခေါ်ဟုသိရပါတယ်။
- ရက္ခိုင့်တပ်တော် AA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား နှစ်ဖက် တင်းမာမှုများ မြင့်တက်နေသဖြင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်၍ ပြည်သူများ စစ်တပ်နှင့် ဝေးဝေး နေကြရန် AA က မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်သည်။ အကြမ်းဖက် စစ်တပ်က ရက္ခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့် အယှက်ပေးခြင်း၊ အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေသော မိမိတို့၏ တရားရေး ဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရား ရုံးများကို မြန်မာစစ်တပ်မှ ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရက္ခိုင်-မူဆလင် အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာ စစ်တပ်သည် ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိကြောင်း AA က ပြောသည်။
- ထားဝယ်ခရိုင် လောင်းလုံးတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ မေ ၁၆ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။
- ကလေးမြို့ပင်မသပိတ်အင်အားစုသည်“ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် အမြန်ဆုံးရရှိစေမည် ပြည်သူ့အစိုးရ NUG “ စာတန်းအားကိုင်ဆွဲကာ လူအင်အားအများအပြားဖြင့်စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ကြောင်း ၄၆၃ ရက်မြောက်အဖြစ် ယနေ့ မေလ ၁၆ရက်နေ့တွင် ချီတက်သပိတ်မှောက် ခဲ့ကြသည်။
- ရန်ကုန်မြို့တွင် ”အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်” ကြွေး ကြော်သံဖြင့် ယနေ့နံနက် ပိုင်းတွင် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြသည်။ ထိုလှုပ်ရှားမှုကို ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် မြို့နယ်သမဂ္ဂများ ၊ Yangon Rable Strike Committee (YRSC) ၊ Pazundaung Botahtaung Youth Strike Committee (PBYSC ၊ Tharkayta Youth Strike Committee (TYSC) ၊ Burma Youth Network(BYN) တို့က ပူးပေါင်းပါဝင် ကြသည်။
- မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၁၆ ရက်နေ့ တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မန္တလေး သံဃသမဂ္ဂ သပိတ် ဆရာတော်များ ယနေ့ မေလ ၁၆ ရက်နေ့တွင် “တိုက်မှရမည်ပွဲမို့ ဘဝနဲ့အသက်ပေးပြီး PDF က တိုက်ရင် ပြည်သူက ကူပေး လှူပေးကြပါ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မုံရွာတွင် လက်ပံတောင်းတောင်ဒေသ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေ ၁၆ ရက်နေ့တွင်” Please! sanction MOGE ” စာသားနှင့် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။
- မုံရွာမြို့နယ်ကျေးရွာတစ်ရွာတွင် မုံရွာပင်မသပိတ်ကော်မတီမှ ဦးဆောင်၍ “ငါတို့အားလုံး သွေးမအေး ဖက်ဆစ်တော်လှန်ရေး” စသည့်ဘန်နာစာတန်းကိုင်စွဲကာ ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျေးရွာလူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြသည်။ မုံရွာပင်မသပိတ်မှ ကိုသန်းကျော်ဦး၊ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် တစ်ဦး လာရောက်ပူးပေါင်းဝန်းရံကာ သပိတ်တရား ဟောပြောခဲ့သည်။
- စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက ယင်းမာပင် အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်းတို့ ပူးပေါင်းထားတဲ့ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ဒီနေ့မနက်မှာ စစ်အာဏာရှင် ဆန့်ကျင် ရေး ၄၃၂ ရက် မြောက် ဆန္ဒပြပွဲ ကို ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက “Please! Sanction MOGE”၊ “ဖိနှိပ်မှုနဲ့နေသားမကျနဲ့ တော်လှန်ခြင်းဖြင့် အောင်ပွဲဆင်ကြ” ဆိုတဲ့စာသားတွေကိုင်ဆွဲ ပြီးအကြမ်းဖက် စစ်အာဏာရှင်ကျရှုံးရေး ဟစ်ကြွေးသံတွေနဲ့ ဆန္ဒပြ ချီတက်လှည့်လည် ခဲ့ကြတာပါ။
- စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်တွင် ကျောင်းသားလူငယ်များဦးဆောင်သည့် အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ယနေ့ မေ ၁၆ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။
- ယင်းမာပင် မြို့နယ်တွင် ကယ်တင်ရှင် မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၆ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို မေ ၁၆ ရက်နေ့တွင်ပြုလုပ် ကြသည်။
- ကျနော်တို့ မြန်မာနိုင်ငံမှာ ဖွဲ့ထားတဲ့ ရဲတွေ၊ ပြည်သူ့စစ်တွေ၊ BGF တွေကတော့ စစ်ကောင်စီ လက်အောက်ခံပေါ့။ စစ်ကောင်စီဘက်ကနေ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ လက်နက်တွေကလည်း စစ်ကောင်စီ ဘက်က တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ကျနော်တို့ KIO အနေနဲ့ကတော့ လက်နက်ကိုင်ထားတဲ့အဖွဲ့တွေကိုတော့ ရန်သူအဖြစ်သတ်မှတ်တဲ့ သဘောဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူ့စစ်တွေ၊ ရဲတွေကလည်းပဲ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အောက်မှာပဲ ရှေ့တန်းလည်းထွက်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာလည်း သူတို့ ခဏခဏပါနေတာ တွေ့ရပါတယ်။ Website တွင် ဖတ်ရန် https://bit.ly/3wfpxf4
- ရေဖြူမြို့နယ် ကံပေါက်ဒေသက ဒေသခံ(၃)ဦးကို စစ်ကောင်စီတပ်ကမနေ့ညက လာရောက် ဖမ်းဆီးခဲ့ကြေင်းသိရပါတယ်။ ဖမ်းဆီးခံရသူများမှာ မိကျောင်းအိုင်ရပ်ကွက်က ဦးနီကိုဝင်း၊ မိကျောင်းအိုင်စက်ကုန်းရပ်ကွက်က ဦးနိုင်ဦး နဲ့ လှည်းကုန်း၊ အမှတ်(၁) ရပ်ကွက်က ဦးစိုးသန်းထွန်း တို့ဖြစ်ပါတယ်။ မနေ့ညနေပိုင်းကတည်းက ကံပေါက်ရွာထဲကို မောရဝတီရေတပ်က စစ်ကောင်စီ တပ်သားတွေရောက်ရှိလာပြီး ဒေသခံအိမ်တွေကို စာရင်းနဲ့တကွ လိုက်ဝိုင်းခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ည(၁၂)နာရီကျော်မှာ ဦးနီကိုဝင်း၊ ဦးနိုင်ဦးနဲ့ ဦးစိုးသန်းထွန်းတို့ကို ကံပေါက်၊ မောရဝတီရေတပ်စခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့မနက်မှာ ဦးနိုင်ဦး တစ်ယောက်ပဲ ပြန်လွတ်လာတယ်လို့သိရပါတယ်။
- ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာက အသက် ၆၇ နှစ်အရွယ် ဦးအောင်သာထွန်းနဲ့ အမ်းမြို့နယ်၊ ဒါးလက်မြောက်ရွာက အသက် ၃၀ အရွယ် ဦးသန်းမင်းနိုင်တို့ဟာ မြေမြှုပ်မိုင်းနင်းမိ ပြီး သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီမြေမြှုပ်မိုင်းတွေဟာ ရခိုင်ပြည်နယ်တိုက်ပွဲကာလအတွင်း စစ်တပ်က ထောင်ထားခဲ့တဲ့ မိုင်း အကြွင်းအကျန်တွေ ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဦးသန်းမင်းနိုင်ဟာ မေလ ၁၄ ရက်နေ့က ဒါးလက်မြောက်ရွာထဲက ဥယျာဉ်ခြံမြေထဲမှာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ရသလို ဦးအောင်သာထွန်းဟာလည်း မေလ ၁၅ ရက်နေ့မှာ ပန်းမြောင်းရွာနဲ့ လေးမိုင်ဝေးတဲ့ သူ့ရဲ့ လယ်ထဲ မှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့ရပါတယ်။
- စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ဝယ်မယ့်ငွေတွေ အလွဲသုံးစားလုပ်သွားတဲ့ ပင်လုံ နည်းပညာတက္ကသိုလ်က ကျောင်းသားတယောက်ကို ရာသက်ပန်ကျောင်းရပ်နားပြီး ယာယီ တက္ကသိုလ်ကောင်စီက အမည်ပျက် ကြေညာပါတယ်။ ကျောင်းသား စိုင်းထင်အောင်(ခ) လင်းထင် ဟာ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)ရဲ့ လက်နက်ဝယ်ဖို့ ငွေကျပ် သိန်း ၁၂၀ ကို အလွဲသုံးစားလုပ်ခဲ့တာလို့ ဆိုပါတယ်။ အပြည့်စုံဖတ်ရန်- http://burmese.dvb.no/archives/533507
- မူဆယ်၊ ကျင်စန်းကျော့ ဂိတ်သစ် မှ ကြံများကို မေလ ၁၅ ရက်နေ့ကစပြီး တင်ပို့နေပြီဖြစ်ကြောင်း ကြံလုပ်ငန်း ကုန်သည်များထံ မှ သိရသည်။ “မြန်မာပြည်ဘက်က ကြံကားတွေကို ကရိန်းကားနဲ့ ချိတ်ပြီး တရုတ်ဘက် ကားပေါ်တင်ပို့ ရတာပါ။ မနေ့က၇ စီးဝင်တယ်။ ကျင်စန်းကျော့ နောက်တပေါက်ကနေ” ဟု မြန်မာ လုပ်ငန်းရှင် တဦးက ပြောသည်။ တစ်ရက်လျှင် ကြံအစီး ၅၀ ထိ တင်ပို့နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး ယခုလ တရုတ်ဘက်က ကြံတွေကို နောက်ဆုံးအနေနဲ့ လက်ခံမှာဖြစ်သောကြောင့် နယ်ခြားစည်းရိုးဖျက်ပြီး ဂိတ်ပေါက် အသစ်ဖွင့်ကာ လမ်းများညှိ၊ ကရိန်းများ အထိုင်ချခြင်းများ ပြုလုပ်ကာ အမြန်ဆုံး စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
- မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ မင်္ဂလာမူဆယ်အနီးမှာ ကားရပ်ထားတဲ့ ဒေသခံ ၂ ဦးဟာ မနေ့ နေ့လယ် ၂ နာရီမှာ ဓားပြတိုက်ခံပြီး ငွေ ၆ သိန်း ပါသွားတယ်လို့ သိရတယ်။ ဖြစ်စဥ်မှာ အသက် (၂၀)ကျော်ရှိ အမျိုးသား ၃ ဦးဟာ အိမ်စီးကားအဖြူ၊ ရဲဝတ်စုံဝတ်နဲ့ သေနတ်တွေ ကိုင်ဆောင်ထားပြီးတော့ တရုတ်ငွေ ယွမ် ၂ ထောင် (၆ သိန်း)တောင်းတယ်လို့ ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောပြပါတယ်။ “နှစ်ယောက်က ရဲဝတ်စုံနဲ့လာတယ်။ ကားမောင်းတဲ့ တစ်ယောက်တော့ အရပ်သားဝတ်စုံနဲ့ပဲ။ အဲချိန် ကျမတို့ဖုန်းလည်း အကုန်သိမ်းတယ်။ ဘယ်သူ့ကိုမှ မဆက်ရဘူးတဲ့။ သူများကို ပြောပြရင် ရဲစန်းခေါ်သွားမယ်လို့ ပြောတယ်။ အစက ဆယ်သိန်းတောင်းတယ်။ သူတို့ကို တောင်းပန်လိုက်တယ် ပိုက်ဆံမရှိဘူး” “နောက်မှ ၆ သိန်း ပေးလိုက်တယ်။ သူတို့မေးသေးတယ်။ ပိုက်ဆံ ဘယ်လိုပေးမှာလဲတဲ့။ K-Pay နဲ့ Wave ထဲ လွှဲပေးမယ်ပြောတော့ သူတို့မသုံးဘူးတဲ့။ နောက်တော့ ပိုက်ဆံ လာပို့ခိုင်းတယ်။ ပြီးတော့ ရဲဝတ်စုံဝတ်တဲ့ နှစ်ယောက် မင်္ဂလာမူဆယ်ထဲ ဝင်သွားတယ်။ ပြန်ထွက်လာတော့ အဲဝတ်စုံ မဝတ်တော့ဘူး” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်ဟု ရွှေဖီမြေသတင်းဌာနတွင်ဖော်ပြထားသည်။
- နေပြည်တော်တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေး ထောက်ခံပွဲနှင့် ပြည်ပစွက်ဖက်မှု ရှုတ်ချပွဲအတွက် လူစုဆောင်း တန်းစီနေစဉ် ဗုံးပေါက်ကွဲကြောင်း ဒေသခံများနှင့် နေပြည်တော် သတင်းရင်းမြစ် Naypyi Taw Revolution News-NRN က သတင်း ဖော်ပြသည်။ မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိသော အမျိုးသမီးရေးရာဌာနရှေ့တွင် အကြမ်းဖက် စစ်တပ်ထောက်ခံပွဲအတွက် ကြံ့ဖွတ်အမာခံများ လူစုပြီးစီတန်းနေစဥ် ဗုံး ၂ လုံးဖောက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
- ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့(မေလ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ကာ မေလ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ရမ်းဗြဲမြို့နယ်အပြင် အခြားမာန်အောင်နှင့် တောင်ကုတ်မြို့နယ်တို့မှလည်း လှေလှော် ပြိုင်ပွဲတွင် ပါဝင်လာကြသည်ဟု လှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဦးကံကောင်း ကပြော သည်။ “ဒီနှစ်က မာန်အောင်၊ တောင်ကုတ်၊ ကျောက်နီမော်ဖက်တို့ကလဲ ပါလာကြတယ်။ အသင်း အားလုံး စုစုပေါင်းကတော့ ၁၈ သင်းရှိတယ်။ အောက်တန်းမှာ ၉ စီး၊ အထက်တန်းမှာ ၉ စီးပါ တယ်”ဟု ၎င်းကဆိုသည်။