သတင်း

နေ့စဉ်သတင်းအကျဉ်း

မေလ – ၁၂ – ၂၀၂၂ ခုနှစ်

  • ယနေ့ မေလ(၁၂)ရက်နေ့ မြန်မာပြည် ဒေသအသီးသီးမှ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းဖော်ပြပါသည်။

 

  • စစ်တပ်မှအာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင် လူထုလှုပ်ရှားများအပေါ် အာဏာသိမ်း စစ်ကောင်စီမှ အကြမ်းဖက်ပစ်သတ် ဖမ်းဆီးမှုများကြောင့် ယနေ့ မေလ (၁၂)ရက်အထိ ပြည်သူ (၁၈၃၅)ဦးရှိခဲ့ပြီး ပြည်သူ(၁၃၆၇၂)ဦးမှာ မတရားဖမ်းဆီးခံခဲ့ရကြောင်း AAPP မှ ထုတ်ပြန်ထားသည်။

 

  • ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲအင်း အရှေ့ဘက်ကမ်းရှိ ထီရိကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ ဂိတ်စခန်းကို ယနေ့ မေလ ၁၂ ရက် နံနက် အစောပိုင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင် စီတပ်သား ၅ ဦး ကို အရှင်ဖမ်းမိကြောင်း၊ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ထံမှ သိရှိရသည်။ ထီရိကျေးရွာတွေ တပ်စွဲထားသော စစ်ကောင်စီစခန်းကို ဖယ်ခုံ PDF တပ်ရင်း ၂ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ တို့က ပူးပေါင်း ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ်ကားလမ်းတွင် အရပ်သားအိမ်စီးကား များဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေသော စစ်တပ်ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးပြီး PDF တပ်ဘက်မှ ၂ ဦး ကျဆုံးကြောင်း People Security And defense Army – Muse က သတင်းထုတ်ပြန်သည်။ မေလ ၄ ရက်နေ့ ၊ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် လားရှိုး-မူဆယ် ပြည်ထောင်စုကား လမ်းမကြီးပေါ်တွင် ခမရ ၂၄၁ နှင့် ခမရ ၄၂၀ တပ်ဖွဲ့က အရပ်သားကား ၅ စီးဖြင့် မူဆယ်သို့ ပြန်လာစဉ် မော်တောင်းရွာနှင့် တာလုံရွာကြား နမ့်ဖာတန်းလမ်း ခွဲအနီးအရောက် မူဆယ် PSDA ပြည်သူ့လုံခြုံရေးနှင့် ကာကွယ် ရေးတပ် ဖွဲ့ ၁၁၁ တပ်ရင်းနှင့် ၂၂၂ တပ်ရင်းပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ရာ စစ် သား ၂၀ ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာလမ်းခွဲတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မေလ ၁၂ ရက် နံနက်တွင် လွိုင်ကော် PDF က စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။ ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ပြောက်ကျားစနစ်ဖြင့် သွားရောက်ပစ်ခတ် ခြင်းဖြစ်ပြီး ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း လွိုင်ကော် PDF များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာကြောင်း သိရှိရသည်။

 

  • ယခုလာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင် တပ်မဟာ(၇) နယ်မြေတွင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) စီမံခန့်ခွဲမှုအောက်ရှိ အထက်တန်းနှင့် အလယ်တန်း ကျောင်းများတွင် ယခင်နှစ်ထက် ကျောင်းသူ၊ ကျောင်းသားဦးရေ တိုးလာနေကြောင်း သက်ဆိုင်ရာ ခရိုင်ပညာရေး တာဝန်ရှိသူများ ထံမှ သိရသည်။ KNU ၏ ထိန်းချုပ်နယ်မြေ တပ်မဟာ၊ ခရိုင်ဒေသတချို့တွင် စစ်ရေးပဋိပက္ခများ ပြင်းထန်နေခြင်းနှင့် မြန်မာ အစိုးရကျောင်းများတွင် မတက်ရောက်လိုသူများ ကော်သူးလေကျောင်းများတွင် ပိုမိုပြောင်းရွှေ့ လာခြင်းကြောင့် လာမည့် ရက်ပိုင်းအတွင်း ကျောင်းအပ်လက်ခံခြင်း မပြုသေးသည့်အထိ ပြောင်းရွှေ့ ကျောင်းသူ၊ ကျောင်သား အများအပြား ရောက်နှင့်နေပြီးဖြစ်ကြောင်း ဖားအံခရိုင် KECD ပညာရေးမှူး စောဖလဲ့ထူး က ပြောဆိုသည်ဟု ဒေသအခြေစိုက်သတင်းဌာန KIC တွင်ဖော်ပြထားသည်။

 

  • သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် စစ်ခေါင်းဆောင် ဖိတ်ကြားသည့် အမည်ခံ ငြိမ်း ချမ်းရေးဆွေးနွေးပွဲအား တက်ရောက်မည်ဟု ယနေ့ ထုတ်ပြန်လာသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးသည် အကောင်းဆုံးနည်းလမ်းဖြစ်၍ စစ်ခေါင်း ဆောင် ၏ ဖိတ်ခေါ်မှုကို လက်ခံပြီး တွေ့ဆုံပွဲသို့ တက်ရောက်ရန် ကိုယ်းစားလှယ်အဖွဲ့ စေလွှတ်မည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။ ” တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းခြင်းသည် အ ကောင်းဆုံးနည်းလမ်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေး အတွက် အ ပြန်အလှန် ယုံကြည်မှုတည်ဆောက်ခြင်းသည် မရှိမဖြစ်လိုအပ်သည် ” RCSS ၏ ထုတ်ပြန်ချက်က ဆိုသည် ။

 

  • ရှမ်းမြောက် ကွတ်ခိုင်-မူဆယ်ကြားက နောင်ပိန်နဲ့ နမ့်ကွတ်ရွာကြားမှာ ကချင်တပ်မတော် (KIA) က ကားသမားတွေဆီ အခွန်ကောက်လေ့ရှိပြီး လာမယ့် မေလ ၁၅ ရက်မှာ နောက်ဆုံးထားပြီးတော့ အခွန်ပေးဆောင်ဖို့ ကားသမားတွေကို သတိပေးထားတယ်လို့ သိရပါတယ်။ KIA တပ်ဖွဲ့ဟာ နောက်ပိုင်းမှာ ကုန်တင်ကားနဲ့ ခရီးသည် တင်ဆောင်တဲ့ ကားသမားတွေဆီလည်း အခွန်အတင်း အကြပ် ကောက်ခံနေတယ်လို့ သိရပါတယ်

 

  • ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီနှင့်BGF-၁၀၁၄ ပူးပေါင်းစခန်းမှ အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးအပါအဝင် အရပ်သားပြည်သူ (၉၂)ဦးကို စခန်း အတွင်း ဖမ်းဆီးထားကြောင်းသိရသည်ဟု ကေအဲန်ယူ ဒူးသထူသတင်းက ယနေ့တွင်ဖော်ပြ ထားသည်။ ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများမှာ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းမှ (၇၀) ဦးနှင့် ဘီးလင်းမြို့နယ်မှ (၂၂)ဦး ဖြစ်ကာ အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးပါဝင် ကြောင်းသိရသည်။ “တင်ဝင်းဦးဆောင်တဲ့ BGF-၁၀၁၄နဲ့ စစ်ကောင်စီပူးပေါင်းတပ်က လေးကေ စခန်းကို စစ်ကူလာရင်းနဲ့ လမ်းတစ်လျှောက် တွေ့သမျှ လူတွေကိုပေါ်တာဖမ်းတယ်၊ ကျောက်ဖျာရွာ က အသက်မပြည့်သေးတဲ့လူငယ်လေး (၄) ယောက် လည်းပါတယ်၊ အားလုံးပေါင်း (၉၂) ယောက်၊ အခုချိန်ထိ သူတို့ပြန်လွှတ်ပေးတာ မရှိသေးဘူး၊ လေးကေBGFစခန်းထဲမှာ ဖမ်းထားတယ်” ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှပြောသည်။

 

  • မြို့တော် တောင်ကြီးရှိ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်တွင် ဝယ်လက် မရှိသဖြင့် အရောင်းအဝယ် မရှိသလောက် ဖြစ်နေကြောင်း သိရသည်။ ယခင်က ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများမှ လာရောက် ရင်းနှီးမြှုပ်နှံ ဝယ်ယူကြသဖြင့် အရောင်းအဝယ် အနည်းငယ် ရှိခဲ့သော် လည်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း လာရောက် ဝယ်ယူခြင်း မရှိတော့သဖြင့် အိမ်ခြံမြေ ဈေးကွက် အေးစက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ “အရင်က မြို့ကြီးတွေဘက်က ဝယ်လက် တွေ လာပြီး ရင်းနှီးမြှုပ်နှံကြတော့ မြေကွက် အရောင်းအတယ် နည်းနည်း ပါးပါး ဖြစ်သေးတယ်။ အခုနောက်ပိုင်း ငွေသွင်းငွေထုတ် အခက်အခဲ ဖြစ်တာရယ်၊ နိုင်ငံရေးအခြေအနေ မကောင်းတာရယ် နဲ့ ရန်ကုန်၊ မန္တလေးက ဝယ်လက်တွေ မလာတော့ အရောင်းအဝယ်က လုံးဝကို မရှိတော့ဘူး” ဟု တောင်ကြီး မြို့နေ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

  • လောင်းလုံးမြို့နယ်တွင် ယနေ့ မေလ ၁၂ ရက်နေ့၌ “တော်လှန်ရေး ခရီးကြမ်းကို ရင်ဆိုင်ကြ အောင်ပွဲဆီချီတက်ကြ” စာတန်း ကိုင်ဆောင်ကာ လောင်းလုံး တော်လှန်လူငယ်များ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကလေးမြို့ ပင်မ သပိတ် အင်အားစုမှ ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၂ ရက်နေ့ တွင် “နွေဦးရဲ့ သစ္စာဖောက်ဟူသမျှ သုတ်သင်ကြ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များက ယနေ့ မေလ ၁၂ ရက်နေ့တွင် “အာဏာရှင်က အာဏာရူးကိုအားပေးရုံနဲ့ မြန်မာပြည်သူတွေဆန္ဒက ရပ်တန့်သွားမယ်ထင်လား ? အာဏာရှင်ဟွန်ဆန် (သံဃသမဂ္ဂ)” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ် ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းပွဲ သံဃာတော်များ မတက်ရောက်ဘဲ သပိတ်မှောက်ရန် ယနေ့ မေလ ၁၂ ရက်နေ့တွင် သံဃသမဂ္ဂ ဆရာတော်များ တောင်းဆို ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ပြီး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တနေရာတွင် မုံရွာလူငယ်အစည်းအရုံးမှ တော်လှန်လူငယ်များသည် ယနေ့ မေလ ၁၂ ရက် နံနက်၌ ‘နွေဦးအစ CDM က၊ နွေဦးအသံ သပိတ်မာန်၊ နွေဦးအသက် PDF၊ တော်လှန်ရေးအဆုံးသတ် အတူချီတက်’ ဘန်နာကိုင်ဆောင်ကာ ချီတက်ဆန္ဒပြကြသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး “ပြည်သူ့အသက်တွေ ကယ်တင်ဖို့ စစ်ကောင်စီဝင်ငွေ ဖြတ်တောက်စို့” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ‘မြေပေါ် မြေအောက် အတူချီတက်၊ ဘုံရန်သူကို အမြစ်ဖြတ်’ ခေါင်းစဉ်ဖြင့် ယနေ့ မေလ ၁၂ ရက်နေ့တွင် ၄၂၈ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင် ချေမှုန်းရေး ချီတက်ဆန္ဒပြကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၂ ရက်နေ့တွင် “မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကိုအမြစ်ဖြတ်” စာတန်းကိုင် ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင် မြို့နယ်တွင် ရုန်းထတော်လှန် ရွာငယ့်အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အဆိုပါ သပိတ် စစ်ကြောင်းသို့ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ဦးဆောင်ကော်မတီမှ အဖွဲ့ဝင် များဝန်းရံကာ နိုင်ငံရေးတရားများ ဟော ကြားခဲ့သည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၂ ရက်နေ့တွင် “မြေပေါ်မြေ အောက်အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို မေ ၁၂ ရက်နေ့တွင် ပြုလုပ်ကြသည်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံဒေသ၌ ယနေ့ နံနက်ပိုင်းက စစ်ဘေးရှောင်တချို့ လိုက်ပါလာသည့် ကားတစ်စီး ပေ၄၀၀ ခန့်အနက်ရှိ ချောက်အတွင်းကျပြီး တိမ်းမှောက်ခဲ့သဖြင့် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ပေးခဲ့သည့် ဒေသခံများက ပြောသည်။ သေဆုံးသူများသည် ဒီးမော့ဆိုအနီးတစ်ဝိုက်မှ စစ်ရှောင်နေသူများဖြစ်သည်။ ” ကားပေါ်ပါ ငါးဦး ထဲက နှစ်ဦးပွဲချင်းပြီးသေဆုံးတယ် ။ ကျန် သုံးယောက်ကိုတော့ သက်ဆိုင်ရာကျန်းမာရေး ကားနဲ့ပဲ သယ်ယူသွားပြီ ။ အဲ့ထဲကဆေးပေးခန်းမှာ တစ်ယောက်ထပ်သေဆုံးတယ်။ ကျန်နှစ်ယောက်လည်း ဒဏ် ရာပြင်းထန်တယ် “ ဟု ဖြစ်စဉ်တွင် ကူညီကယ်ဆယ်မှု ပြုလုပ်ခဲ့သူ ရို့စလင်းအိက ပြောသည်။

 

  • မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာ ရပ်ကွက် (၃) တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဈေးသည် တစ်ဦးကို ဓားပြတိုက်ခံရကြောင်း သိရသည်။ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးက ရပ်ကွက်အတွင်း ဆိုင်ကယ်ဖြင့် ဖျာလိုက်ရောင်းသည့် ဈေးသည်ထံမှ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေများ ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် The 74 Media သတင်းဌာနတွင် ဖော်ပြထားသည်။ “သူ့မှာရှိတဲ့ ဖုန်း၊ ဆိုင်ကယ်တွေ အကုန်လုသွားတယ်။ လူက ဘာမှ မဖြစ်ဘူး။ လမ်းကြားဖြတ်လမ်းဘက် ဟုတ်တယ်။ အဲ့ဒီဘက်မှာ အိမ်ခြေတွေလည်းသိပ်မရှိဘူး” ဟု ယင်းဖြစ် စဉ်ကိုသိရှိသူ ပြည်သူတစ်ဦးကပြောသည်။

 

  • စစ်ကောင်စီ၏ ခမရ(၃၄၉)တပ်သည် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာ အုပ်စု၊ အင်းနက်‌ကျေးရွာ အထက်ကျောင်း ဘုန်းကြီးကျောင်းရှေ့သို့ မေလ ၁၀ရက် ညနေ ၅ နာရီ ဝန်းကျင်တွင် (၆၀)မမ လက်နက်ကြီးကျည်တစ်လုံးကို ဒရုန်းတွင်တပ်ဆင်ကာ ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ(ဗဟို) က ယနေ့ သတင်းထုတ်ပြန်သည်။ ယင်းပစ်ခတ်မှုကြောင့် အင်းနက်ကျေးရွာနေ ကိုဝင်းနိုင်၊ မသန္တာဝင်းတို့၏ အသက်(၈)နှစ်အရွယ်သမီး မထက်ထက်စံကို ထိမှန်ခဲ့ပြီး ဘယ်ဘက် ရင်အုံမှ ကျောဘက်သို့ပေါက်ထွက်ကာ အဆုတ်ထိသွားသည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက် အရသိရသည်။

 

  • မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကို ပြည်သူများ က ယနေ့ မေလ ၁၂ ရက်နေ့တွင် အောင်သပြေပန်းများဖြင့် ကြိုခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် များထံ သိရသည်။ ယနေ့ မေလ ၁၂ ရက်နေ့၌ ရေစကြိုမြို့နယ် နွယ်နီရွာနှင့် သောင်ရှေ့ရွာကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သာ ၃ဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ “ရေလည်ကျွန်းတိုက်ပွဲမှာ စစ်ခွေး ၃ဝ ကျော်သေပြီး ခွေးပြေး ဝက်ပြေးပြေးသွားတယ်။ အောင်ပွဲရ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူများက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့တယ်” ဟု ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြော ဆိုသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်အရှေ့ခြမ်းရှိ ကျေးရွာများအား ရွာစဉ်ပတ်၍ မီးရှို့နေသည့် အာဏာသိမ်း စစ်အုပ်စု၏ တပ်ကို ယနေ့မေလ (၁၂)ရက်နေ့တွင် ရှေ့ထွက်မိုင်း(၁၈)လုံးဖြင့် (၆)ကြိမ်တိုက်ခိုက်ရာ အများအပြားသေကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ ရွှေဘို၊ ဝက်လက်နယ်အစပ်ရှိ ရွာသစ်ကုန်းကျေးရွာအား မီးရှို့ပြီး ငါးပိအိုးရွာအဝင် နေ့လည် (၂)နာရီ ဝန်းကျင်တွင် အနီးကပ်စောင့် ကြည့်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

  • မန်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကြားတပ်ဖွဲ့ဝင်တွေအနေဖြင့် ဘာသာရေးအဆောက် အဦးနှင့် ဘာသာရေးပွဲတော်များကို ထိခိုက်အောင်လုပ်မည်မဟုတ်ကြောင်း မန္တလေး UG မဟာမိတ် အဖွဲ့ များက ထုတ်ပြန်ထားသည်။ ယနေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ စစ်တပ်လော်ဘီများက လာမည့် မေလ (၁၄)ရက် ကဆုန်လပြည့်နေ့မှာ စကစမှကျင်းပမည့် မန္တလေးကျုံးပတ်လည်ရှိ သံဃာအပါး တစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းပွဲကို UG များက တိုက်ခိုက်မည်ဟူသော သတင်းလွှင့်နေခြင်း အပေါ် တုံ့ပြန်လိုက်တာလည်း ဖြစ်သည်။

 

Related Articles

Back to top button