သတင်း

နေ့စဉ်သတင်းအကျဉ်း

ဧပြီလ – ၆ – ၂၀၂၂ ခုနှစ်

မြန်မာနိုင်ငံဒေသအသီးသီးတွင် ယနေ့ ဧပြီလ (၆)ရက်နေ့ဖြစ်ပွားခဲ့သည့် သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ အကျဉ်းချုံး စုစည်းဖော်ပြခဲ့ပါသည်။

  • ကယားပြည်နယ် လွိုင်ကော်မြို့ ပဒါးညေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၃နာရီခန့်တွင် ကျေးရွာအတွင်းသို့ ကျရောက် ခဲ့ပြီး မနုနှင့် မမိအေးတို့ ပွဲချင်းပြီးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရ သည်။ အကြမ်းဖက် စစ်တပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် ပဒါးညေး ကျေးရွာရှိ နေအိမ် ခြံဝန်းအတွင်း ကျရောက်ခဲ့ကာ အသက် ၄၆နှစ်အရွယ် မနုသည် ခြေနှစ်ချောင်းပြတ်ကာ သွေးထွက်လွန်ကာ သေဆုံးခဲ့ပြီး အသက် ၃၆နှစ်အရွယ် မမိအေးသည် ကိုယ်ခန္တာအနှံ ယမ်းစထိမှန် ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

 

  • ဧပြီလ ၄ ရက် ပင်းတယမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့ပစ်ခတ်မှုအတွင်း ကျဆုံး ခဲ့သူများမှာ UGR အဖွဲ့မှ ဖြစ်သည်ဟု အောင်ပန်း မြို့ပြပြောက်ကျားတပ်စု (UTF-ABN) မှ ထုတ်ပြန် သည်။ ယမန်နေ့ ဖြစ်ပွားသည့် အဆိုပါ ပစ်ခတ်မှုအတွင်း UGR အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန် ချက်အရ သိရသည်။

 

  • နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ထားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်ရက် ဆက်ကျူးလွန်နေသော စစ်အာဏာရှင်လူတစ်စုကို အခြားတိုင်းရင်းသားများနှင့်အတူ ဆက်လက် တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံးက တိုက်တွန်းလိုက်သည်။ ကယန်း အမျိုးသမီးအစည်းအရုံးမှ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၂၂ ကြိမ်မြောက် ကယန်း အမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ တွင် ရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေးပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် မိမိတို့ ၏စုစည်းမှုနှင့် စည်းလုံးညီညွတ်မှုကို အထိခိုက်မခံကြရန် အထူးသတိပြုရန်လည်း သတိပေးဖော်ပြထားသည်။

 

  • တောင်ကြီးမြို့မှ အသက် ၂၀ အရွယ် လူငယ် တစ်ဦး ဖြစ်သည့် ကိုကျော်ဇင်ခန့် ကို စစ်ကောင်စီ တရားရုံးက ယမန်နေ့ ဧပြီလ ၅ ရက်တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်ဟု သိရသည်။ ၎င်းကို ပုဒ်မ ၅၁ က နှစ်မှု၊ ၅၀၅ က တစ်မှုနဲ့ တရားစွဲခံရတာဖြစ်ပြီး ကိုကျော်ဇင်ခန့် သည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၈)တွင် နေထိုင်သူ ဖြစ်ကာ အေးသာယာမြို့၌ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရသူ ဖြစ်ပြီး ဖမ်းဆီး ခံရစဉ်က ညှင်းပန်း နှိပ်စက်မှုများလည်းခံရသည်ဟုသိရသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ချေမှုန်းရေး နှင့် KIA PDF NUG ထောက်ခံ ကြောင်း ချီတက် ဆန္ဒပြကြသည်။ ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေဟု ဆုတောင်း ပေး ခဲ့ကြပြီး NUG အစိုးရ ဒို့အစိုးရ ၊ အားတင်းထားပါ KIA မင်းတို့နဲ့အတူ ဖားကန့် ရှိတယ် ၊ အားတင်းထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ် ၊ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက် ဖြတ် တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေး တော်ပုံအောင်ကို အောင်ရမည်ဟု ကြွေးကြော်ချီတက် သပိတ် မှောက်ကြသည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်များက ယနေ့ ဧပြီလ ၆ရက်၊ နေ့လယ်ပိုင်းတွင် ” ကျောင်းနံရံတစ်ဝိုက်မှာ ဒေါင်းလံပြန်စိုက်ကြမယ်” ခေါင်းစဥ်နှင့် အကြမ်းဖက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ပြည်သူများသည် ဧပြီလ ၆ ရက်နေ့တွင် ၄၂၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည် ဆန္ဒပြကြသည်။

 

  • တမူးမြို့ စစ်တပ်ကုန်းအနီး စော်ဘွား ၅ ရပ်ကွက် အာရှလမ်းမကြီးပေါ်၌ ယနေ့ ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် ကျောင်းသားသပိတ် ဦးဆောင်အဖွဲ့(တမူးမြို့)၊ မုံရွာ လူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီ၊ မော်လိုက် သပိတ် ဦးဆောင်ကော်မတီနှင့် တမူးခရိုင် လူငယ်ရေးရာ ကော်မတီတို့ ဦးဆောင်သော အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(တမူးမြို့) တပ်ရင်း(၄)၊ ဗမာ့ ကျောင်းသားများ အဖွဲ့အစည်း(BSO)၊ ပကဖတို့က လိုက်ပါဝန်း ရံခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် လက်အောက် ကျင်းပမည့် အပျော်သင်္ကြန်တွင် ဝင်ရောက်ဆင်နွှဲမည် မဟုတ်ဘဲ တော်လှန်သင်္ကြန်သာ ဆင်နွှဲမည်ဖြစ်ကြောင်း ရန်ကုန်ရှိ အလုပ်သမားပြည်သူများက ယနေ့ ဧပြီလ ၆ ရက်နေ့တွင် အိမ်တွင်းသပိတ်ပြုလုပ် ဆန္ဒပြကြသည်။ “ဟေ့အာဏာရှင်နှင့် ဘောမ တသိုက်တို့၏ သင်္ကြန်သည် စစ်သင်္ချိုင်းသာဖြစ်သည်” “အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန် သင်္ကြန် ပြည်သူ့အသံ” “ဖက်ဒရယ် ဒီမိုကရေစီရမှ ပြည်သူ့သင်္ကြန် ပြည်သူဆင်နွဲမည်။” “ပျော်စရာ သင်္ကြန်လုပ်ပေးလည်း စကစကို ပြည်သူ့အမုန်းတရားက ဘယ်တော့မှမပြောင်းလဲဘူး” “အတာ သင်္ကြန်ကို အကုသိုလ်နဲ့ဖုံးလွှမ်းနေတဲ့စကစသင်္ကြန်” “ရှေ့တန်းစစ်သားသေလဲ မအလက ဝမ်းမနည်း၊ သင်္ကြန်ပျော်ဖို့မဏ္ဍာပ်ဆောက်ဆဲ” “ထောင်တွင်းရဲဘော်နှင့်သူရဲကောင်း PDF/CDMတို့ အောင်ပွဲဝင်မှ ငါတို့အပျော်သင်္ကြန်ဆင်နွဲမယ်” စသည့် စာသားများဖြင့် အိမ်တွင်းသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြသည်။

 

  • တော်လှန်ရေးသည် ပွဲတော်မဟုတ် “Revolution is not a festival” စာတန်းအား ရန်ကုန်မြို့ရှိ လူကူးကုန်းတံတားတစ်ခုမှာ ချိတ်ဆွဲ၍ စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲတော်ကို မပါဝင်၊ မပူး ပေါင်းရန် ရန်ကုန်လူထုသပိတ်က ယနေ့ လှုံ့ဆော်ခဲ့သည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၆ ရက်နေ့ တွင် စစ်ကျွန်ဘဝမှ လွတ်​မြောက်ရန် တိုက်ပွဲဝင်နေကြသည့် ကဏ္ဍအသီးသီးမှ တော်လှန်ရေး တပ်သားများ၊​ အကျဉ်းထောင်အတွင်းရှိ တော်လှန်ရေး ရဲ​ဘော်​များ၊ PDF ရဲဘော်များနှင့် ပြည်သူ​အတွက် အန္တရာယ်ကင်း ပရိတ်ရွတ် မေတ္တာပို့ ဆုတောင်းပေးပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် သပိတ်အင်အားစု ဦးဆောင် ယနေ့ ပြီလ ၆ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ❝အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ❞ ဆိုတဲ့ စာတန်းနဲ့အတူ လက်ပံတောင်း တောင်ဒေသ လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ပြီး ကျေးရွာတွင်းတနေရာမှာ ထိုင်သပိတ်လည်း ပြုလုပ်ခဲ့ပါတယ်။

 

  • အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် ကျေးရွာလူထု ပူးပေါင်းပြီး ယနေ့ ဧပြီလ ၆ ရက်တွင် ❝‌ လူထုအားနဲ့ အာဏာရှင်ရဲ့ သေနတ်ပြောင်းတွေကို ရိုက်ချိုးကြ❞ စာတန်း ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီ ၆ ရက်နေ့တွင် “အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲတွင် မပါဝင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်၊ဆားလင်းကြီး ရွာ ပေါင်းစုံသပိတ်ဟာ ဧပြီလ (၆) ရက်နေ့က စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း (၃၉၂) ရက်မြောက်နေ့အဖြစ် ဆက်လက်ချီတက်ခဲ့ကြပါတယ်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၆ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြောက်ခြမ်းရှိ ကျေးရွာ သုံးရွာပေါင်းစုပေါင်းကာ ကျဆုံးရဲဘော်တစ်ဦးအတွက် ၁၀ လ ပြည့်အထိမ်းမှတ်အဖြစ် အလေးပြုရင်း ဝေမြဲနှင်းဆီတွေနှင့်အတူ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး(MVRF) – တပ်ခွဲ(၁)၏ ကာကွယ်စောင့်ရှောက်မှုဖြင့် မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ “အပျော် သင်္ကြန် တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ´´ ခေါင်းစဉ်ဖြင့် စစ်အုပ်စုက ကျင်းပမယ့် သင်္ကြန်ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ဘဲ နေကြရန် နှင့် အကြမ်းဖက်စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခြင်းကို ယနေ့ ဧပြီ ၆ရက်နေတွင် ပြုလုပ်ခဲ့ကြသည်။

 

  • ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းထားဒေသရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA စခန်းတစ်ခုကို ယမန်နေ့ ဧပြီလ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၁၇၁ စစ်ဒေသက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိကာ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ “ဧပြီ ၅ ရက်နေ့ ထိုင်းစံတော်ချိန် ၁၁ နာရီ (မြန်မာစံတော်ချိန် ၁၀ နာရီခွဲ) လောက်မှာ UWSA ၁၇၁ စစ်ဒေသ ရဲ့ လက်အောက်ခံတပ်တွေက ကျနော်တို့ RCSS တပ်ဖွဲ့တွေ ရှိတဲ့နေရာကို တက်ပြီးတော့ ပစ်ခတ် တာပေါ့။ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲ ကြာတယ်၊ သူတို့ ပြန်ဆုတ်သွားတယ်။ အခုလက်ရှိ အခြေ အနေကတော့ တည်ငြိမ်နေတယ် ခင်ဗျ၊ ဒါပေမယ့် စစ်ရေးတင်းမာမှုတော့ ရှိနေတုန်းပဲ” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက အတည်ပြုပြောဆိုတဲ့အကြောင်း ရန်ကုန်ခေတ်သစ် သတင်း ဌာနတွင်ဖော်ပြထားသည်။

 

  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာတွင် လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ခံထားရ သည့်အလောင်း ၁ လောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ ရဲဘော် များက ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။ KNDF တပ်ရင်း ၉ ရဲဘော်များက နယ်မြေရှင်းလင်းစဉ် အဆိုပါ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသူမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း KNDF ထံမှ သိရှိရသည်။

 

  • ၂၀၂၂ ခုနှစ် ဧပြီလ (၆) ရက် နံနက်ပိုင်းအချိန်တွင် The Youth Force (Saw&Kyaukhtu) အခြေခံ စစ်ပညာသင်တန်း သင်တန်းအပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်းသိရသည်။ သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ သဝဏ်လွှာပေးပို့ခဲ့ပြီး သင်တန်းဆင်းပွဲသို့ မဟာမိတ်အဖွဲ့များမှ တပ်ရင်းမှူးများလည်း တက်ရောက်ခဲ့ကြသည်။

 

  • မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ကို စစ်ကောင်စီ တရားရုံးက သက်သေ တစ်စုံတစ်ရာမပြနိုင်ဘဲ အကြမ်းဖက်ဥပဒေဖြင့် ဧပြီလ ၄ ရက်နေ့တွင် ထောင် ၅ နှစ်ချမှတ်လိုက်ကြောင်း ဒေါက်တာသန်းထိုက်၏ မိတ်ဆွေများထံမှ သိရှိရသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်နေ ဒေါက်တာသန်းထိုက်ကို နေအိမ် တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲခဲ့ ကြောင်း၊ သို့ရာတွင် တရားရုံးတွင် ပုဒ်မ ၅၀ (ည) ဖြင့် ငြိစွန်းကြောင်း သက်သေ တစ်စုံတစ်ရာ မပြနိုင်ဘဲ ဖြစ်နေသဖြင့် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 

  • ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့အား တရားစွဲဆို ထားသည့် ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ဧပြီ ၆ ရက်(ယနေ့)တွင် စစ်တွေအကျဥ်းထောင်တွင်း အထူးတရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။ ဦးညီပု နှင့် ဦးမင်းအောင်တို့အား ရွေးကောက်ပွဲဆိုင်ရာမလျှော်သြဇာသုံးမှုဖြင့် ထောင်ဒဏ် ၄ လ(သို့)ငွေဒဏ် ၅၀၀၀၀ ကျပ်ပေးဆောင်ရန် အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

  • စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်ဖောက်ကားနေတဲ့ ကရင်နီပြည် လွိုင်လင်လေးမြို့ ဝမ်းပန်ကျေးရွာနေ လင်မယားနှစ်ဦးကို ကရင်နီပြည် ရဲဌာန (KSP)နဲ့ ပူးပေါင်းတပ်က ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ မနေ့ ဧပြီလ ၅ ရက်မှာ R.G Forces, KNDF/B-12, KSP တို့က သွားရောက်ဖမ်းဆီးရာ WY ဆေးပြား (၁,၂၉၃)ပြား၊ ငွေ ၄ သိန်းခန့် (၃၉၀,၃၅၀ ကျပ်) ဖမ်းဆီးရမိခဲ့ပြီး KSP ထံ ပစ္စည်းနဲ့အတူ အပ်နှံခဲ့တယ်လို့ KNDF/B-12 က ဒီနေ့လယ် ၁၂ နာရီကျော်မှာ ထုတ်ပြန်လာပါတယ်။

 

  • ကျောက်ထုမှ မတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော ယာဉ်တန်းနှင့် ဆင်းကြိုသော မတူပီ အခြေစိုက် စကစ တပ်ဖွဲ့ဝင်များသည် ယနေ့ နေ့လယ် ၁၂:၀၀ နာရီမှ စ၍ မိုင်တိုင်(၈၄) ရှိ ရမ်တိန်း ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းသိရသည်။ ထို့ကြောင့် ဒေသခံပြည်သူများ လွတ်ရာသို့ အရေးပေါ် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း CDF-Matupi က ထုတန်ပြထားပါသည်။

 

  • စစ်အာဏာသိမ်း တစ်နှစ်ကျော်ကာအတွင်း သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရတယ်လို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Detained Journalists Information Myanmar အဖွဲ့ က ပြောပါ တယ်။ ဒါဟာ မြန်မာ့သမိုင်းတလျှောက်မှာ သတင်းသမားတွေ အများဆုံး ဆိုးဆိုးရွားရွား အဖမ်းခံ ရတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ သတင်း သမားတွေ ဖမ်းဆီးခံရမှု ဒုတိယ အများဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။ အဖမ်းခံရတဲ့ သူတွေထဲမှာ ၁၀၉ ယောက်ဟာ အမျိုးသားတွေဖြစ်ပြီး ၂၆ ယောက်က အမျိုးသမီးတွေ ဖြစ်တယ်လို့ Detained Journalists Information Myanmar အဖွဲ့ ပြောခွင့်ရ ကိုဟန်ဇော်က ပြောတဲ့အကြောင်း RFA သတင်းဌာနတွင်ဖော်ပြထားပါတယ်။

 

Related Articles

Back to top button