တိုင်းရင်းသားများသတင်း

အရေးတကြီး လိုအပ်နေသည့် စားနပ်ရက္ခာစီမံမှုဆိုင်ရာ KSCC အထူးပန်ကြား

ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ဖက်ဒရယ်ဂျာနယ်
မတ် ၁၊ ၂၀၂၂

ကရင်နီပြည် ဒေသတွင် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်လာနေသည့် စားနပ်ရက္ခာ စီမံမှု ဆိုင်ရာ ကြေညာချက် တရပ် KSCC မှ ယနေ့ အထူးပန်ကြားလွှာ ထုတ်ပြန်ထားသည်။

ပြည်သူတွေကိုယ်၌က လက်ကျန်ရိက္ခာကို တတ်နိုင်တမျှစုဆောင်းပြီး ရှိတဲ့သူက မရှိတဲ့လူတွေ ဖေးမကူညီပြီး မျှဝေစားသုံးဖို့လိုပါမယ်လို့ KSCC ၏ စားနပ်ရက္ခာဆိုင်ရာ စီမံမှု ပန်ကြားရေး အဖွဲ့ဝင် တဦးဖြစ်သူ ကိုဗညား က ဖက်ဒရယ်ဂျာနယ်သို့ အခုလိုပြောသည်။

ကိုဗညားက “ကျွန်တော်တို့ KSCC ကော်မတီအဖွဲ့ဝင်တွေ မြေပြင်ကို ကွင်းဆင်းပြီးတော့ လူထုနဲ့ တွေ့ဆုံ စကားပြောဖြစ်ခဲ့တယ်။ အဲ့ဒီကထွက်လာတဲ့ ရလဒ်ကိုအခြေခံပြီးမှ ထုတ်ပြန်ခဲ့တာဖြစ်တယ်။ အဲ့အတွက် ကြောင့် ဒီထုတ်ပြန်ချက်ကို အထူးလိုက်နာဖို့ ပန်ကြားလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ နှစ်လ သုံး လ အတွင်းမှာ နိုင်ငံတကာက အကူအညီတွေ ကျွန်တော်တို့ ဘယ်လိုမှမရနိုင်တော့တဲ့ အခြေနေမှာရှိတယ်။ တအားနေမှ ရရှိလို့ရှိရင်တောင် စားနပ်ရိက္ခာတွေကို ဖြန့်ဝေဖို့ အခက်အခဲတွေအများကြီးရှိပါတယ်။ ကုန်စျေးနှုန်း တော်တော်လည်း စျေးအဆမတန်ကြီးနေတယ်။ အဲ့ဒီအတွက်ကြောင့် ပြည်သူတွေကိုယ်၌က လက်ကျန် ရိက္ခာကို တတ်နိုင်တမျှစုဆောင်းပြီး ရှိတဲ့သူက မရှိတဲ့လူတွေ ဖေးမကူညီပြီး မျှဝေစားသုံးဖို့ လိုပါတယ်။ အဲ့ဒီအတွက် လူထုတွေကို ကျေးဇူးလည်းတင်ပါတယ်။ တောင်းလည်းတောင်းပန်ပါတယ်။ ဒီထုတ်ပြန်ချက် တွေကိုလည်း လူထုတွေလိုက်နာပေးဖို့ မေတ္တာရပ်လိုပါတယ်” ဟု ပြောသည်။

နိုင်ငံတကာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ ရရှိရေး နှင့် စပ်လျဉ်းပြီး သူ ဆက်ပြောသည်မှာ….

ကိုဗညားက “ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဘာမှအကူအညီမှမရဘူးလို့ ပြောလို့ရပါတယ်။ စားနပ်ရိက္ခာနဲ့ ပါတ်သက်ရင်တော့ အရင်နှစ်က သူတို့စီမံကိန်းနဲ့ ဖြန့်ဝေတဲ့ လက်ကျန်တွေကိုတော့ ဇန်နဝါရီလ အလယ် လောက်မှာ ဖြန့်ဝေတာတွေရှိတယ်။ သူတို့ပြောတဲ့အတိုင်း သုံးလပြည့်ရင် ရပ်နားနိုင်တယ်ပေါ့ အခုလည်း ရပ်နားနေပြီလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ လက်တွေ့ လုပ်ဆောင်နေတဲ့ နေရာမှာ စစ်ရှောင်တွေ နေထိုင်ဖို့အတွက်လည်း ပြီးတော့ သူတို့ကနေတိုက်ရိုက် စီမံခန့်ခွဲတဲ့ Camp တွေကို ပြန်ပြီး ထူထောင်ပြီးတော့မှ စစ်ဘေးရှောင်တွေရဲ့  စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို တိုက်ရိုက် အုပ်ချုပ်စီမံဖို့ဆိုတာက ဘယ်လိုမှ ဖြစ်မလာဘူးဆိုတာ အခုချိန်ထိ ရှင်းရှင်းလင်း တွေ့မြင်နေရပါတယ်” ဟု ဆက်ပြောသည်။

NUG က ကရင်နီပြည်ရှိ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနိုင်မှု ကဏ္ဍနှင့် စပ်လျဉ်းပြီး မေးရာ မှာတော့…..

ကိုဗညားက “ကျွန်တော်သိလောက်ပြောရရင်တော့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခံခန့်ခွဲရေး ဝန်ကြီးဌာန ကနေပြီး ဇန်နဝါရီလထဲမှာတော့ သိန်းတစ်ရာ ဝန်းကျင်လောက် ကူညီထောက်ပံ့ ပေးမှုတွေကို ကျွန်တော်တို့ ရရှိပါတယ်။ နှစ်ခါလောက်ရှိပါတယ် ဒါက ကျွန်တော်သိရ သလောက်ပါ။ အခြားတဘက်မှာ NUG အစိုးရက လက်နက်ကိုင်တွေကို‌ ပေးတယ်ဆိုတာကြားရတယ် KNPP ကိုပေါ့ ဘယ်လောက်ပေးလည်းဆိုတာတော့ မသိဘူး‌ပေါ့။ ဒါပေမဲ့ KNPPကနေပြီးတော့ ကျွန်တော်တို့ KSCC ကို ပြန်ပြီး လွဲပေးတာတွေရှိပါတယ် အဲ့လိုနဲ့ NUG အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေကို ကျွန်တော်တို့  ၂၀၂၂ ခုနှစ်တွင်းမှာ ရရှိတာတွေရှိပါတယ်” ဟု ပြောသည်။

ကရင်နီပြည်နယ် နေရာဒေသတချို့တွင် လက်ရှိစစ်ဘေးရှောင်နေရသည့်နေရာ၌ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသောကြောင့် စစ်ဘေးရှောင်ပြည်သူများ ထပ်ဆင့်၍ ပြောင်းရွေ့ ထွက်ပြေးသိမ်းရှောင်နေရသည်။ ယင်းသို့သော် အခြေအနေများ ကြုံတွေ့နေရ၍  စစ်ဘေးရှောင် ပြည်သူများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ပိုမို၍ ထိခိုက်ခံစားနေကြရသည်။

ထပ်မှန် ရွေ့ပြောင်းထားသည့် နေရာများတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးများ၊ လေကြောင်းမှ ဗုံးကြဲခြင်းများ မဆင်မခြင် ပစ်ခတ်တိုက်ခိုက်လာနိုင်သောကြောင့် စစ်ဘေးရှောင်များ စိုးရိမ် မကင်းဖြစ်နေကြရသည်။ တဖက်တွင်လည်း စစ်ကောင်စီ၏ တားဆီး ပိတ်ပင်မှုများကြောင့် အခြေခံ ဆေးဝါးများ၊ အခြေခံ စားနပ်ရိက္ခာများ ရရှိနိုင်ရန် ပိုမို၍ အခက်အခဲ ရှိနေသည်။

Related Articles

Back to top button