ဆောင်းပါး

ရက္ခိုင့်အမျိုးသားရေးညှို့ဓာတ်

▣  ရက္ခိုင့်အမျိုးသားရေးညှို့ဓာတ်

  • ရခိုင်တွေဟာ သူတို့ရဲ့ အမျိုးသားရေးကို ဘယ်လို တည်ဆောက်နေပါသလဲ။
  • ဒါဟာ လေ့လာစရာ အကွက်အကွင်းတစ်ခုဖြစ်သလို၊ ဆက်လက်လေ့လာပြီး ကျယ်ပြန့်စွာ ဆက်လက် လုပ်ဆောင်ရမယ့် အရာလို့လည်း ယူဆပါတယ်။
  • ရခိုင်တွေဟာ၊ ရက္ခိုင့်နိုင်ငံတော်အိပ်မက်ကို ပီပီပြင်ပြင် မက်နေကြတယ်ဆိုရင်တော့ – အမျိုးသားရေး ညှို့ဓာတ်ကို အင်အားကြီးအောင်တည်ဆောက်ရေးလုပ်ငန်းတွေကို အတွင်းစည်းမှာ လုပ်ကောင်း လုပ်နေနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
  • ဒီနေရာမှာ ယေဘုယျကျတဲ့ အမျိုးသားရေးတည်ဆောက်မှုချည်းကပ်ပုံတချို့ကို တင်ပြချင်ပါတယ်။
  • အဝန်းအဝိုင်း (၃) ရပ်နဲ့ အမျိုးသားရေးနျူကလီးယက်ရဲ့ ဆက်စပ်ဖြစ်တည်မှုကို တင်ပြချင်ပါတယ်။

▄ အမျိုးသားရေးနျူကလီးယက်

ဒီနေရာမှာ – အမျိုးသားရေးနျူကလီးယက်ဆိုတဲ့ ဝေါဟာရကို – အမျိုးသားရေးအမြုတေလို့ နားလည်စေချင်ပါ တယ်။ အမြုတေဆိုတာ – အနှစ် လို့ အနက်အဓိပ္ပာယ်ထွက်ပါတယ်။ အနှစ် – အနှစ်သာရဆိုတဲ့သဘောဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း – အစွမ်းရှိတဲ့အခဲမာတစ်မျိုးလို့လည်း သဘောအနက်ဆောင်ပါတယ်။ ဆိုလိုချင်တာက – စွမ်းအားရှိတယ်၊ ကျစ်လစ်တယ်၊ အနှစ်အသားပြည့်တဲ့အစိုင်အခဲတစ်ခုဖြစ်တယ်။ ဖျက်ဆီးဖို့ မလွယ်ဘူး။ စွမ်းနိုင် တဲ့အရာ၊ ဆောင်နိုင်တဲ့အရာလို့ နားလည်နိုင်ပါတယ်။

ရခိုင်တွေရဲ့ အမျိုးသားရေးအမြုတေဟာ ဟိုးနှစ်ပေါင်းများစွာကတည်းက၊ “ကလလရည်ကြည်” ပဋိသန္ဓေတည်ခဲ့ ပြီးသား အမျိုးသားရေးမျိုးစေ့ ဖြစ်ပါတယ်။ အခုဆိုရင် တစ်စုံတစ်ရာအတိုင်းအတာအထိ ပေါက်ရောက်ကြီးထွား၊ သီးပွင့်နေနိုင်ပြီးဖြစ်တဲ့ အမျိုးသားရေးသစ်ပင်တစ်ခု ဖြစ်နေပါပြီ။ သို့သော်လည်း တာဝန်က မပြီးဆုံးသေးပါ။ ဆက်လက်ပြီး သီးပွင့်ဖို့ဆိုတာထက်၊ မျိုးစေ့ ဖြန့်ချိရေးနဲ့ အမျိုးသားရေးပျိုးပင်တွေ အပြိုင်းအရိုင်း အားကောင်း မောင်းသန် ပေါက်ရောက်ဖို့ လိုနေပါသေးတယ်။ ဒါမှ သစ်တော သစ်အုပ်ကြီးသဖွယ် ကြီးမားကျယ်ပြန့်နိုင်ပါတယ်။ သို့မဟုတ်ရင်တော့ ဒီနေရာမှာတင် ရပ်နေနိုင်ပါတယ်၊ တန့်နေနိုင်ပါတယ်။

သစ်တောသစ်အုပ်ကြီးသဖွယ် ပြန့်နှံ့ကျယ်ပြောဖို့ ဆိုရင် လိုအပ်ချက်တွေ ပိုလာပါတယ်။ အထူးသဖြင့် ဒီလို လိုအပ် ချက်တွေထဲမှာ၊ အမာထည်ဆန်တဲ့အရာတွေထက် အပျော့ထည်သဘောသက်ရောက်နိုင်တဲ့လိုအပ်ချက်တွေ ခပ်များများ ပိုလိုအပ်တယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ အမျိုးသားရေးဆိုတာကို အနက်အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။

▄ အမျိုးသားရေးဆိုတာ –

  • သွေးသားဗီဇမျိုးနွယ်အရသော်လည်းကောင်း၊
  • ဒေသအားဖြင့်သော်လည်းကောင်း
  • ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအားဖြင့်သော်လည်းကောင်း၊
  • ဘာသာစကားအရသော်လည်းကောင်း၊
  • ကိုးကွယ်ယုံကြည်မှုအရသော်လည်းကောင်း၊
  • နိုင်ငံရေးအရသော်လည်းကောင်း၊

သိုင်းဝိုင်းတည်ဆောက်ထားတဲ့ လူမှုအသိုက်အမြုံစက်ဝန်းကြီးတစ်ခုဖြစ်ပါတယ်။ ဒါကို လူမှုစိတ်ပညာအရ ပေါင်းစည်းဖြစ်တည်နေတဲ့အရာတွေ များစွာ ရှိကြောင်း ပြောချင်ပါတယ်။

ရခိုင်တွေရဲ့ အမျိုးသားရေးအမြုတေကို ကိုယ်စားပြုထားတာက နိုင်ငံရေးပါတီတစ်ခုကလည်း ဖြစ်ချင်ဖြစ်မယ်၊ သို့တည်းမဟုတ် ရခိုင်လက်နက်ကိုင် အင်အားစုတစ်ခုကလည်းဖြစ်ချင် ဖြစ်နိုင်တယ်။ အထူးသဖြင့် နိုင်ငံရေးအရ သိုင်းဝိုင်းတည်ဆောက်ထားမှုကို၊ ရက္ခိုင့်တပ်တော်က ဦးဆောင်နေတယ်လို့ လောလောဆယ်အားဖြင့် ယူဆထားလို့ ရနိုင်ပါတယ်။ ဒါဟာ လက်နက်ကိုင်အဖွဲ့က ဦးဆောင်တဲ့ နိုင်ငံရေးတည်ဆောက်မှုဖြစ်လို့၊ အမာထည်ကနေ ဆင်းသက်တယ်လို့ ပြောနိုင် ပါတယ်။ အနာဂတ်မှာ အကောင်အထည်ဖော်မယ့် ရခိုင်တွေရဲ့ အိပ်မက်အတွက် – အမာထည်တစ်ခုကိုသာ တည်ဆောက်လို့ မရပါဘူး။ ယဉ်ကျေးမှုအားဖြင့် အနုပညာအားဖြင့် ဓလေ့ထုံးတမ်းအစဉ်အလာအားဖြင့် ကျယ်ပြန့် တဲ့ဆက်ဆံရေးတစ်ရပ်ကို ထူထောင်နိုင်မှ၊ တည်ဆောက်နိုင်မှ ကျေးဇူးပြုထောက်ပံ့အား ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒီ့အတွက် ဘာလုပ်ဖို့ လိုပါသလဲ။

အမျိုးသားရေးစိတ်ဆိုတာဟာ သွေးသားတော်စပ်မှုအရ ရှိနေပြီးသားဖြစ်ပါတယ်။ မွေးလာကတည်းက နဂိုဗီဇ ဓာတ်ခံမှာ ပါလာပြီးသားဖြစ်ပါတယ်။ ဒါကို ဘယ်လို ပုံဖော်ယူမလဲ၊ ဘယ်လို ပုံဖော်ယူသလဲဆိုတာနဲ့ပဲ သက်ဆိုင်ပါ တယ်။

▄ အလွှာသုံးခု၊ အဝန်းအဝိုင်း သုံးခုရှိတယ်လို့ ယေဘုယျ တွက်ဆနိုင်ပါတယ်။

(၁) ပြည်နယ်တွင်းက ရခိုင်အမျိုးသားရေးအင်အားစုတွေ

(၂) နိုင်ငံအတွင်းပျံ့ကျဲနေထိုင်နေတဲ့ရခိုင်လူမျိုးတွေ

(၃) ပြည်ပရောက်ရခိုင်ဆွေမျိုးစုတွေ – ဖြစ်ပါတယ်။

▄ ပြည်နယ်တွင်းက ရခိုင်အမျိုးသားရေးအင်အားစုတွေ

ပြည်နယ်ဆိုတာ ဒေသကို အခြေခံပြီး ပြောဆိုသုံးနှုန်းတာဖြစ်ပါတယ်။ အမျိုးသားရေးအင်အားစုတွေကို ပထဝီအရ မကွာခြားအောင် ဒေသတွင်းမှာ စုစည်းထားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုတွေ အတူ တစ်အိမ်တည်းမှာ နေကြတယ်။ တစ်ဝန်းထဲမှာ နေကြတယ်။ တစ်ခြံတည်းမှာ အတူနေကြတယ်။ တစ်ရွာတည်းမှာ အတူနေကြတယ် – ဆိုတဲ့သဘောအနက်ဖြစ်ပါတယ်။ မြင်ပါများရင် ချစ်ခင် ကြင်နာတတ်ကြ၊ သံယောဇဉ်တွယ် တတ်ကြတာမို့၊ ဒေသအားဖြင့် မဝေးကွာဘဲ ပြည်နယ်အတွင်းမှာ အတူ မှီတင်းနေထိုင်နိုင်ခြင်းဟာ အမျိုးသားရေး ဝိသေသအတွက် အထူး အားသာချက်ဖြစ်ပါတယ်။ ဒါကို အမျိုးသားရေးအမြုတေအင်အားစုက ဆက်လက် စည်းနှောင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ တည်ဆဲ လုပ်ဆောင်နေတဲ့အရာတွေလည်း ဖြစ်ကောင်းဖြစ်မှာပါ။

အတူတစ်အိမ်တည်း၊ တစ်ရွာတည်း၊ ဒေသတစ်ခုတည်း ဆက်စပ်ပြီး စုပေါင်းနေထိုင်သူတွေအတွက်ကတော့ ထူး ထွေသော အကြောင်း မရှိပါ။ ကိုယ့်မိသားစု ၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်ဓလေ့၊ ကိုယ့်အစဉ်အလာ၊ ကိုယ့်ကိုးကွယ်ယုံကြည်မှုနဲ့ ကိုယ့်ယဉ်ကျေးမှုအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းကြဖို့သာ ဖြစ်ပါတယ်။ ရိုးရာအားဖြင့် မပျက်ကွက်ခြင်းကတော့ အမျိုးသားရေးတည်ဆောက်မှုမှာ အင်မတန်အရေးကြီးတဲ့အရာလို့ ပြောချင်ပါတယ်။

▄ နိုင်ငံအတွင်းပျဲ့ကျဲနေထိုင်နေတဲ့ ရခိုင်လူမျိုးတွေ

အကြောင်းအမျိုးမျိုးကြောင့် ပြည်နယ်အတွင်းမှာ မနေထိုင်ဖြစ်ဘဲ၊ ဒေသအသီးသီး ၊ ပြည်နယ်အသီးသီး၊ တိုင်းဒေသကြီး အသီးသီးကို ပျံ့နှံ့နေထိုင်နေတဲ့ ရခိုင်လူမျိုးတွေ ရှိပါတယ်။ အမျိုးသားရေးစိတ်ဆိုတာကို မိသားစု စိတ်၊ ဆွေမျိုးသွေးချင်းစိတ်တွေလို့ ယေဘုယျယူဆနိုင်ပါတယ်။ ထိုနည်းလည်းကောင်း ဇာတိ၊ ပဝတ္တိကို ချစ်ခင် မြတ်နိုးတဲ့စိတ်လို့လည်း နားလည်နိုင်ပါတယ်။ ဒေသအားဖြင့် ကွဲကွာနေတဲ့ ရခိုင်လူမျိုးတွေကို ရခိုင်အမျိုးသားရေး အမြုတေအင်အားစုက ဘယ်လို ဆွဲညှို့နိုင်မလဲ။ ဘယ်လို နည်းအားဖြင့် ဆွဲဆောင် စည်းရုံးနိုင်မလဲ။

မီးဝေးရင် ချိပ် မာ … သတဲ့။

အနေဝေးရင် သွေးအေးတယ်ဆိုတဲ့ စကား ရှိပါတယ်။

အနေဝေးပေမယ့် တို့သွေးမအေးဘူး ဟေ့ … လို့ ဘယ်လိုပဲ မာန်တင်းမာန်တင်း ယဉ်ကျေးမှုရဲ့သဘောက ဝေးလေလေ၊ ဖျော့တော့လေလေ ဖြစ်တာမို့ အမျိုးသားရေးသံလိုက် ဓာတ်ဟာ ဝေးကွာရင် ဝေးကွာသလောက် ဆွဲအား မရှိနိုင်ပါ။ ဒါကို ထည့်သွင်းစဉ်းစားဖို့ဖြစ်ပါတယ်။ ဒါကို ဘယ်လို ချည်းကပ် အဖြေရှာမလဲ။ အဖြေက အမာထည်သဘော မဟုတ်ပါ။ soft power ကို တတ်နိုင်သရွေ့ ခပ်များများ ဖြန့်ကျက် တည်ဆောက်ဖို့ ဖြစ်ပါတယ်။

အမျိုးသားရေးတည်ဆောက်မှုတွေမှာ၊ soft power ရဲ့ စွမ်းအားကို အထင်မသေးဖို့ ဖြစ်ပါတယ်။ ရခိုင်တွေဟာ ရှေးနှစ်ပေါင်းထောင်ချီကတည်းက ယဉ်ကျေးမှုအရ မြင့်မားနေပြီးသား လူမျိုးစုဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှု အရ ၊ မြန်မာတွေထက်တောင် ပိုရှေ့ကျပါတယ်။ ယဉ်ကျေးမှုအနုလက်ရာတွေကို တတ်မြောက်တဲ့နေရာမှာလည်း အစဉ်အလာအားဖြင့် ကောင်းမွန်တဲ့သမိုင်းအမွေကို ပိုင်ဆိုင်ပြီးသားဖြစ်ပါတယ်။ ထုံးတမ်းအစဉ်အလာအရလည်း ခိုင်မာကျစ်လစ်တဲ့ ယဉ်ကျေးမှုဓလေ့ကို တည်ဆောက်ထားနိုင်ပြီးသားဖြစ်ပါတယ်။ ဒီနေ့ခေတ် ဂလိုဘယ်လိုက်ဇေး ရှင်းဖြစ်နေတဲ့အခြေအနေမျိုးမှာ၊ ခေတ်ပေါ်နည်းပညာရပ်တွေနဲ့ အဝေးက ပျံ့ကျဲနေထိုင်နေတဲ့ အမျိုးသားရေးစိတ် တွေကို စနစ်တကျ ပြန်လည် စုစည်းကြဖို့ ဖြစ်ပါတယ်။ ဒါဟာ စာပေ – ယဉ်ကျေးမှု – အနုသုခမတွေနဲ့ သက်ဆိုင် နေပါတယ်။

ဒီနေရာမှာ တည်ဆဲလုပ်ငန်းစဉ်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ သို့သော်လည်း ဒီလုပ်ငန်းစဉ်တွေကို အလွတ် သဘောတည်ဆောက်တာမျိုး မဟုတ်ဘဲနဲ့ သေချာ စနစ်တကျ ပေါ်လစီတစ်ခုအကောင်အထည်ဖော်သလို၊ ကြီးမှူး ဖို့၊ ဦးဆောင်ဖို့၊ ဆော်ဩတိုက်တွန်းလှုံ့ဆော်ဖို့ ဖြစ်ပါတယ်။ သို့မဟုတ်ရင်တော့ ဒေသအရ ကင်းကွာခြင်းဟာ အမျိုးသားရေးစိတ်ကို ဖျော့တော့စေကြောင်း သတိချပ်စေလိုပါတယ်။

▄ ပြည်ပရောက်ရခိုင်ဆွေမျိုးစုတွေ

နိုင်ငံအတွင်းမှာကို မဟုတ်ဘဲ ပြည်ပနိုင်ငံတွေမှာ ဖြန့်ကျက်နေထိုင်နေတဲ့ ရခိုင်တွေ ရှိပါတယ်။ ဒါကိုလည်း အာရုံ မပျက်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ – တရုတ်တွေရဲ့ ကျင့်ထုံးတချို့ကို လေ့လာစေချင်ပါတယ်။ ပြည်ပရောက် တရုတ်လူမျိုးတွေကို တရုတ်ကွန်မြူနစ်ပါတီ (တနည်း) တရုတ်နိုင်ငံတော်အစိုးရဟာ ဘယ်လို သဘောထားပါ သလဲ၊ ဘယ်လိုအမြင်မျိုးနဲ့ လက်ကမ်းသလဲ၊ ထိတွေ့သလဲ၊ ချိတ်ဆက်သလဲ၊ ဆက်ဆံရေးတစ်ရပ်ခိုင်မာအောင် ဘယ်လို မီဒီယံမျိုးကို ကြားခံထားပြီး တရုတ်အမျိုးသားရေးစိတ်ကို တည်ဆောက်ပါသလဲ။ ရခိုင်တွေအတွက် လေ့လာစရာတွေ ရှိနိုင်မယ်ထင်လို့ လက်တို့လိုက်ရပါတယ်။

နိုင်ငံတကာမှာ ပျံ့နှံ့ရောက်ရှိနေတဲ့ ရခိုင်ဆွေမျိုးစုတွေမှာ၊ ဗီဇအားဖြင့် လူမျိုးချစ်စိတ် နိုင်ငံချစ်စိတ် တိုင်းချစ် ပြည်ချစ်စိတ် ရှိထားပြီးသားဖြစ်ပါတယ်။ သို့သော်လည်း အမျိုးသားရေးစိတ်ဆိုတာ အကြောင်းတိုက်ဆိုင်မှ ပေါ်လာတတ်ပါတယ်။ သာမန်အားဖြင့် ငုပ်လျှိုးနေတတ်တဲ့သဘော ရှိပါတယ်။ တိမ်နေတာ မြုပ်နေတာတွေကို ဘယ်လို ပြန်ဖော်မလဲဆိုတာ စဉ်းစားဖို့ ဖြစ်ပါတယ်။ အကယ်၍ စဉ်းစားပြီးရင်လည်း လက်တွေ့အကောင် အထည် ဖော်ကြဖို့ ဖြစ်ပါတယ်။ လက်တွေ့အကောင်အထည်ဖော်ရင်လည်း၊ soft power ကို ကျယ်ကျယ်ပြန့်ပြန့် သုံးကြဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ – စစ်ရေးအားဖြင့် နိုင်ငံရေးအားဖြင့် မစွမ်းနိုင်တာတွေ ရှိပါတယ်။ နိုင်ငံရေးအားဖြင့် မစွမ်း နိုင်တာတွေကို – စာပေ – ယဉ်ကျေးမှု – အနုပညာ – သီချင်း၊ ဂီတ တွေကို သုံးပြီးတော့ ပြည်ပရောက် ရခိုင်အမျိုးသား ရေးစိတ်တွေကို ပြန်လည် ညှို့ယူကြဖို့ ဖြစ်ပါတယ်။

▄ နိဂုံး

နိဂုံးအနှစ်ချုပ်အနေနဲ့ သတိချပ်စရာတွေတော့ ရှိနိုင်ပါတယ်။ အမျိုးသားရေးဆိုတာ အသွားနှစ်ဖက်ပါတဲ့ ဓားသွားနဲ့ တူပါတယ်။ အပျက်ကို ဆောင်တဲ့ အမျိုးသားရေးလျှောက်လမ်း ရှိတယ်။ အပြုသဘော၊ အဖြစ်သဘော၊ တည်ဆောက်မှုသဘောကို ဆောင်တဲ့ အမျိုးသားရေးလျှောက်လမ်း ရှိပါတယ်။ တတ်နိုင်သရွေ့ မျက်တောင်မွှေး တစ်ဆုံး မကြည့်ပဲ၊ မျက်စိတစ်ဆုံးကြည့်ပြီး အမျိုးသားရေးညှို့ဓာတ်ရဲ့ ပြင်းအားကို ဖြည့်ဆည်းဖို့ ဖြစ်ပါတယ်။ ရေရှည်သဘောကြည့်မြင်ပြီး၊ နောင် ဖြစ်လာလတ္တံ့သော နှစ်ပေါင်း (၅၀) ၊ (၁၀၀) ကို မျှော်ကြည့်ပြီး စုပေါင်း သိုင်းဝိုင်းတည်ဆောက်နိုင်ကြဖို့ ဖြစ်ပါတယ်။ 

မင်းသေ့ (ဆောင်းပါး) 

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၇၊ ၂၀၂၁ 

Related Articles

Back to top button