
စစ်ခေါင်းဆောင်များက စနစ်ပြောင်းရေး ဆွေးနွေးလျှင် တော်လှန်ရေးအဖွဲ့များ “ငြင်းပယ်လိမ့်မည် မထင်ဘူး” လို့ ဦးရည်မွန်ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၀၊ ၂၀၂၅
အာဏာသိမ်း စစ်ခေါင်းဆောင်များ အမြင်မှန်ရပြီး စနစ်ပြောင်းရေးကို ဦးတည်ကာ၊ နိုင်ငံရေးစကားဝိုင်းတွင် ဆွေးနွေးဖြေရှင်းရန် ဆန္ဒရှိမည်ဆိုပါက တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ထိုနည်းလမ်းကို “ငြင်းပယ်လိမ့်မည်ဟု မထင်ဘူး” လို့ NUG ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်ပါတယ်။
“အာဏာသိမ်းစစ်ခေါင်းဆောင်တွေ အမြင်မှန်ရပြီးတော့ စနစ်ပြောင်းရေးကို ဦးတည်မယ် ။ ဒီဦးတည်ချက်နဲ့ နိုင်ငံရေးစကားဝိုင်းမှာ ဆွေးနွေးဖြေရှင်းဖို့ ဆန္ဒရှိမယ်ဆိုရင် တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့ ဒီနည်းကို ငြင်းပယ်လိမ့်မည်ဟု မထင်ဘူး” လို့ NUG ၏ အာဘော် သတင်းဌာန PVTV နှင့် သီးသန့် တွေ့ဆုံ မေးမြန်းခန်းကတဆင့် ဦးရည်မွန်က ပြောဆိုခဲ့တာပါ။
နွေဦးတော်လှန်ရေးဟာ လူငယ်များနှင့် ပြည်သူများ၏ စစ်ကျွန်ခံရခြင်းထက် သေရခြင်းက မြတ် သည်ဟူသော ခံယူချက်ဖြင့် တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေကြခြင်းဖြစ်ပြီး၊ အကယ်၍ စစ်တပ်က ဗိုလ်ကျကြီးစိုးရေးဝါဒကိုသာ အသေဆုပ်ကိုင်ထားမည်ဆိုပါက ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် စစ်တပ်မှာ အလုံးစုံပျက်သုဉ်းမှုဖြင့်သာ လမ်းဆုံးမည်လို့လည်း သူက ပြောဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်သူများဟာ စစ်အုပ်စုအနေဖြင့် နိုင်ငံရေးထဲ ဝင်မပါဖို့နှင့် ကိုယ့်အလုပ်ကိုယ်လုပ်ရန် အတွက် ခေတ်အဆက်ဆက် ငြိမ်းချမ်းသော နည်းလမ်းများကို အားပြုကာ ကြိုးစားခဲ့ကြသော်လည်း ရလဒ် အနေဖြင့် နိုင်ငံရေးမျိုးဆက်များ တဆက်ပြီးတဆက် စတေးလိုက်ရခြင်းသာ အဖတ်တင်ခဲ့တယ်လို့ ဦးရည်မွန်က ထောက်ပြပါတယ်။
ဒါပေမယ့် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်များနှင့် ပြည်သူများကတော့ စစ်တပ်နဲ့ပတ်သက်ပြီး “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဟူသည့် ကြွေးကြော်သံကို အခိုင်အမာ ဆက်လက်ကိုင်ဆွဲထားတာပါ။



