ရွေးကောက်ပွဲဆိုင်ရာ

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ်  အင်အားစုအသီးသီးတို့၏ ရှုမြင်မှုများကို လေ့လာခြင်း

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ်  အင်အားစုအသီးသီးတို့၏ ရှုမြင်မှုများကို လေ့လာခြင်း

  • နောက်ခံအခြေအနေ

၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုဟူသည့် စွက်စွဲချက်ဖြင့် မြန်မာ့စစ်တပ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါသည်။ မြန်မာ့စစ်တပ်သည် အာဏာသိမ်း အပြီးတွင် မဲစာရင်းများပြန်လည်စီစစ်ခြင်း၊ လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရပါတီကို အာဏာပြန်လည်လွှဲပြောင်းပေးမည်ဟု ဆိုခဲ့သည်။ သို့သော် အာဏာ သိမ်းကာလ (၄)နှစ်ကျော် လာသည်အထိ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်သည့် အခြေနေမရှိဘဲ  အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များသည် ထိန်းချုပ်နယ်မြေများစွာဆုံးရှုံးခြင်း၊ စစ်ကောင်စီ၏ ဗဟိုအချက်အချာ နေရာဖြစ်သည့် နေပြည်တော် ကဲ့သို့သော မြို့ကြီးများအထိ တော်လှန်ရေးအင်အားစုများ ထိုးဖောက်ဝင် ရောက်လာနိုင်သည့် အခြေအနေများ တွေ့လာရပြီး နိုင်ငံအဝန်းတွင် စစ်ရေးအရှိန်ပိုမိုကျယ်ပြန့်လာနေ ခြင်း၊ စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူလူထုများ အပေါ်နေ့စဥ် အကြမ်းဖက်မှု၊ လေကြောင်းတိုက်ခိုက်မှု များစွာတွေ့နေရခြင်း၊ ကျူးလွန်နေခြင်းများကို နေ့စဥ်တွေ့ရှိနေရဆဲ ဖြစ်သည်။

ထိုအခြေအနေများကြားမှ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ၂၀၂၅ နှစ်ကုန်ပိုင်းမှ ၂၀၂၆ နှစ်ဆန်းပိုင်းအတွင်း  ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကောင်စီမှ အခိုင်အမာပြောဆိုထားပြီး၊ စစ်ကောင်စီ ခန့်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း “ နိုင်ငံရေးပါတီတည်ထောင်တာ၊ မှတ်ပုံတင်တာ၊ ပါတီတွေ ပူးပေါင်းတာတွေကို ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ဖို့ ပါတီတည်ထောင်ခွင့်ကို ၂၀၂၅ခုနှစ်၊ မေလ ၉ ရက် နောက်ဆုံးထားပြီး လျှောက်ထားကြဖို့လိုတယ်၊  နိုင်ငံရေးပါတီများ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် အချိန်လုံလောက်စေဖို့ ဒီလို သတ်မှတ်ရတာ ဖြစ်တယ်(DVB April 9, 2025) “စသည့်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ အတည် ပြုချက်ကိုလည်း သိရှိရသည်။ သို့သော်လည်း  လက်တွေ့ စစ်ရေး၊ နိုင်ငံရေး၊ မြေပြင် အခြေအနေများအရ ရွေးကောက်ပွဲ ကျင်းပရမည့် နယ်မြေ တည်ငြိမ်မှု၊ ပြည်သူလူထု၏ယုံကြည်မှု၊ နိုင်ငံရေးပါတီများ၏ ကန့်ကွက်မှု သို့ ထောက်ခံမှု၊ တော်လှန်ရေး အုပ်စုများ၏ ရှုမြင်မှု၊ နိုင်ငံတကာအဖွဲ့အစည်များနှင့် အိမ်နီးချင်းနိုင်ငံများ၏ ချဥ်းကပ်မှုများ စသည့်ဖြင့် စစ်ကောင်စီ ပြင်ဆင်နေသည့် ရွေးကာက်ပွဲနှင့်ပတ်သက်ပြီး စဥ်းစားရမည့်ကိစ္စများ ကျန်နေဆဲဖြစ်ပါသည်။

ထို့ကြောင့် ယခု ရွေးကောက်ပွဲဆိုင်ရာလေ့လာမှု စာတမ်းထဲတွင် စစ်ကောင်စီ ကျင်းပမည်ဟု ပြင်ဆင်ထားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လက်ရှိမှတ်ပုံတင်ထားသည့် တည်ဆဲနိုင်ငံရေးပါတီများ၏ သဘာထားအမြင်များ၊ မှတ်ပုံတင်ပယ်ဖျက်ခံရသည့် သို့မဟုတ် စစ်ကောင်စီ UEC ထံသို့ ပြန်လည်မှတ်ပုံ မတင်ထားသော နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များ၊ EAOs၊ EROs များအပါအဝင် တော်လှန်ရေး အုပ်စုများ၏ သဘောထားထုတ်ပြန်ချက်များအပြင်၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ တတ်သိ ပညာရှင်များ၏ ယူဆချက်များစသည့်တို့ကို လေ့လာ၍ ယခုစာတမ်းတွင် သုံးသပ်မည်သည်။

ထိုသို့လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအုပ်စုအသီးသီး၏ သဘောထား၊ မှတ်ချက်များကိုဖော်ပြထားကြသည့် သတင်းများ၊ အဖွဲ့အစည်းများ၏ သဘောထား ကြေညာချက်များ၊ ခေါင်းဆောင်များကို သီးသန့်မေးမြန်းခြင်းများနှင့် ဖက်ဒရယ်ဂျာနယ်မြန်မာမှ စီစဉ်ကျင်းပသော ရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွင်း ဆွေးနွေး တင်ပြချက်များကိုလည်း အဓိက ကိုကားသည့်အချက်အလက်များအဖြစ် အသုံးပြုထားပါသည်။

ရွေးကောက်ပွဲဆိုင်ရာ အမြင်များကိုစုစည်းခြင်း

(က) မှတ်ပုံပြန်တင်သည့် ပါတီများ၏အမြင်များ

စစ်ကောင်စီဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီ အဖြစ်နောက် ဆုံးလျှောက်ထားရန်ခွင့်ပြုရက်ကို ၂၀၂၅ ခုနှစ် မေလ (၉) ရက်နေ့ အဖြစ်သတ် မှတ်ထားခဲ့ရာ လက်ရှိ အချိန်အထိ နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်မှတ်ပုံတင်ထားသောပါတီ နှင့် ပါတီသစ်အဖြစ် လျှောက်ထားမှုများမှ ခွင့်ပြုထားသော ပါတီစုစုပေါင်း (၅၄)ပါတီ ရှိပြီးဖြစ်ကြောင်း သိရှိရသည်။ (ပါတီများပြန်လည် မှတ်ပုံတင်ရာတွင် ပါတီအဟောင်း (၄၀)ပါတီ နှင့် ပါတီအသစ်(၁၄)ပါတီတို့ ပါဝင်သည်)။ အသေးစိတ်ကို ဖော်ပြပါ (ဇယား…) တွင်ကြည့်ရှုနိုင်ပါသည်။

ယင်းပါတီများသည် အခါအားလျော်စွာ စစ်ကောင်စီ သို့မဟုတ် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများ၏ ဖိတ်ကြားထားသော အစည်းအဝေးများ တက်ရောက်ခြင်းနှင့် UEC နှင့်တွေ့ဆုံ ခြင်းများကို စစ်ကောင်စီ ထိန်းချုပ်ထား သည့် မြို့ကြီး များဖြစ်သော ရန်ကုန် နှင့် နေပြည်တော်များတွင် ပြုလုပ် ကြ လေ့ ရှိသည်။ တော်လှန်ရေး အင် အားစု များ၏ ထိန်းချုပ်မှုကလည်း တဖြည်း ဖြည်း ပိုမိုကျယ်ပြန့်လာခြင်း၊ မြန်မာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ပြည်သူများ မှာ ငလျင်ဘေးဒဏ် ဆိုးရွား စွာ ခံစား ကြရခြင်းများနှင့် ပြည်သူလူထု၏ ရွေး ကောက်ပွဲအပေါ် ယုံကြည် မှု အားနည်း နေသည့် အချိန်ဟု ဆိုနိုင် သော်လည်း  စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ နဲ့ ပတ်သက်သည့် အမြင်များ၊ ပြင်ဆင် မှုများ၊ အခက်အခဲ စိန်ခေါ်မှုများ၊  ရွေးကောက်ပွဲမှ ၄င်းတို့၏ မျော်လင့်ချက်များ စသည့်ဖြင့် အောက်တွင် ဖော်ပြထားမည် ဖြစ်သည်။

လက်ရှိစကောင်စီထံ ပါတီမှတ်ပုံတင်ထားသူများ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်း၊ လူမှုစီးပွားချွတ် ခြုံကျမှု၊ လုံခြုံမှုကင်းမဲ့လာခြင်း၊ စစ်ရေးကျယ်ပြန့်လာခြင်းတို့အတွက် ထွက်ပေါက်သည် စစ်ကောင်စီ ကျင်းပရန် စီစဥ်နေသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး၊ ပါဝင်ရေးနှင့် ကူညီရေးသည်သာ ဆိုခဲ့ပါ ထွက် ပေါက်တစ်ခု ဖြစ်သည်ဟု ယူဆကြသည်ဟုဆိုနိုင်ပါသည်။ “၂၀၂၅ ခုနှစ်၊ မေလ(၁၂)ရက်နေ့တွင် ပြည်သူအတွက် နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍမြင့်တင်ရေးဆိုတဲ့ ခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နိုင်ငံရေးပါတီ (၃၂) ပါတီက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၄င်းတို့၏ထုတ်ပြန်ချက်အရ သိရပါသည်။ ထုတ်ပြန်ချက်ထဲတွင် ဆွေးနွေးချက် (၁၇)ချက် ပါဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်အတိုင်း ပါတီစုံစနစ်ကို ဦးတည်ကျင့်သုံး သွားမည်ဖြစ်ကာ ပြည်သူများ မဲပေးရေးကို စိတ်ဝင်စားလာစေရန် အသဲကြားက မဲတစ်ပြား သို့မဟုတ် ဦးနှောက်ထဲက မဲတစ်ပြားသည် သူတို့နှင့် သူတို့မိသားစု၏ အနာဂတ်အတွက် မည်မျှအရေးပါသည်ကို သိရှိ နားလည်ရန် ရည်ရွယ်သည့် ပါတီမဲဆွယ်ခြင်းမျိုးထက် မဲပေးရေး လှုပ်ရှားမှုများအား ပါတီစွဲကင်းစွာ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ ထို့အပြင် (၃၂) ပါတီတို့သည် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် (UEC)၏ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကြိုးပမ်း ဆောင်ရွက်မှုအပေါ် ပံ့ပိုး ကူညီသွားကြမည်ဟုလည်း ဖော်ပြထားကြသည်။” (Federal Journal Myanmar, 13 May 2025)။ အထက်ဖော်ပြ ထားသော (၃၂) ပါတီတွေ့ဆုံမှု၏ ရည်ရွယ်ချက်ကို လေ့လာရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ပါတီနိုင်ငံရေးအပြိုင်မဲဆွယ် အနိုင်ရရေးကြိုးပမ်းမှုထက် စစ်ကောင်စီ စီစဥ်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးနှင့် ကျင်းပရေးကို အဓိကထား ပံ့ပိုးကြမည့်အဖွဲ့ဟု ဆိုနိုင်သကဲ့သို့ ထိုအဖွဲ့ကိုလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှ င့်ဖွံ့ဖြိုးရေးပါတီမှ ကမကထပြု ဦးဆောင်နေသည်ကိုလည်း တွေ့ရပါသည်။

တိုင်းရင်းသားပါတီတချို့အပါအဝင် လက်ရှိပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင် နေသူများ၏ တူညီသည့်အမြင်တစ်ခုမှာ ယခုမြန်မာနိုင်ငံတွင်တွေ့ကြုံရသော နိုင်ငံရေးအခက်အခဲ၊ စစ်ရေး ကျယ်ပြန့် လာမှုနှင့် လုံခြုံရေးကင်းမဲ့လာမှုများအား ရွေးကောက်ပွဲကနေတဆင့် ဖြေရှင်းရေးသည် ဖြစ်သင့် ဖြစ်ထိုက်သည့် ချဥ်းကပ်မှု၊ ဖြစ်နိုင်သည့်လမ်းစဥ်ဟု ရှုမြင်ကြခြင်းဖြစ်သည်။ ထိုအခြေနေတွင် စစ်ကောင်စီ၏ ဦးဆောင်မှု ကြိုက်နှစ်သက်မှု ဟုတ်ခြင်း၊ မဟုတ်ခြင်းထက် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် တခြားနည်း လမ်းရွေး ချယ်ရန် မရှိသည့်အတွက်ဟုလည်း တစ်ဖက်တွင် စဥ်းစားနိုင်ပေသည်။

ထိုသို့ဆိုသော် လက်ရှိနိုင်ငံရေးပါတီများတွင်လည်း အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှု များစွာ ကြုံတွေ့နေရပြန်သည်။ လက်ရှိအခြေအနေတွင်လည်း ရွေးကောက်ပွဲအတွက်ပြင်ဆင်ရာမှာ ပါတီကြီးများအနေနဲ့ အဆင်ပြေနိုင်သော်လည်း တိုင်းဒေသကြီး/ပြည်နယ်တစ်ခုမှာသာ ဝင်ပြိုင်မယ့်ပါတီတွေအနေနဲ့ ငွေရေးကြေးရေး၊ ပါတီဝင်စုဆောင်းခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် ရုံးခန်းဖွင့်တဲ့ကိစ္စတွေမှာ အခက်အခဲတွေ ရှိနေကြောင်း သိရှိသည်။ ထိုအခြေနေနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီမှ ဦးအေးလွင်မှ “ဆိုင်းဘုတ် သွားတင်မယ်လုပ်ရင် သေနတ်နဲ့ လာပစ်မလား၊ ဗုံးလာခွဲမလား၊ ဒါမှမဟုတ်ရင် အစည်းအဝေးလုပ်နေတဲ့အချိန်မှာ လာပြီး စစ်သားစုဆောင်းရေးလုပ်ပြီးတော့ စစ်မှုထမ်းဥပဒေအရ လာဖမ်းမလား၊ အဲဒီအတွက် အာမခံ ချက်ပေး နိုင်လား၊ ပြဿနာတွေအများကြီး ရာနှုန်းပြည့်ရှိနေတယ်”စသည့်ဖြင့် ( DVB 26 Apr 2025 ) နှင့်မေးမြန်း ချိန်တွင် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် UEC ဘက်မှရွေးကောက်ပွဲ ကျင်းပမည်ဟု အကြိမ်ကြိမ်ပြောဆိုကြသော်လည်း လက်ရှိအချိန်အထိ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ မထုတ်ပြန်သေးနိုင်ခြင်း၊ ဘယ်ဒေသကို ဦးစားပေး၍ ရွေးကောက်ပွဲကျင်းပမည်နည်း စသည့်ကိစ္စများကြောင့် ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေအနေနဲ့လည်း အခက်အခဲ တွေရှိနေကြောင်း တွေ့ရှိရသေးသည်ဟု မှတ်ပုံတင်ထားသည့်ပါတီများထံမှ သိရှိရသည်။ ထိုအကြောင်း အရာနဲ့ ပတ်သက်၍ ဦးညီညီလွင်၊ ဒုဥက္ကဌ၊  ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ က “ ဒီနေ့ထိ update တော့ UEC ကတရားဝင် ထုတ်ပြန်သေးခြင်း မရှိသေးဘူး၊ သို့သော်လည်းပဲ ကျနော်တို့ခန့်မှန်းချက်အရဆိုရင်တော့ ရွေးကော်ဥပဒေတွေ၊ နည်းပဒေတွေက အခုဇွန်လမှာ ထွက်ကိုထွက်ရမယ်၊ မထွက်လို့မရဘူး။ ထွက်မှပဲ တပ်ချုပ်ကြီးပြောခဲ့တဲ့ နိုင်ငံတော်ဝန် ကြီးချုပ်ပြောခဲ့တဲ့ ဒီဇင်ဘာလမှာ လုပ်နိုင်မှာ မထွက်ရင်လုပ်လို့မရဘူး” ဟုရွေးကောက်ပွဲ နည်းဥပေဒေ များနဲ့ပတ်သက်၍ (BBC 20 Mar 2025) ပြောဆိုထားသည်ကို တွေ့ရသည်။

မှတ်ပုံတင်ထားသော်လည်း ယခုချိန်အထိ ရွေးကောက်ပွဲစနစ် ရှင်းရှင်းလင်းလင်းမသိရသေးခြင်းနှင့် မဲပေးရမည့်စနစ် သတ်မှတ်အတည်ပြုရှင်းလင်းမှု မရှိသေးခြင်းသည်လည်း ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ များအတွက် အခက်အခဲ၊ စိန်ခေါ်မှုအဖြစ် တွေ့နေရဆဲဖြစ်သည်။ ထိုအခြေအနေများ နဲ့ပတ်သက်၍ ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပဖို့ လျာထား တယ်ဆိုတဲ့ အကြောင်းကြားစာကိုသာ UEC က ပေးပို့လာတဲ့အတွက် ဘာမှလုပ်လို့ မရသေးဘူးလို့ ပြောပါတယ်။ “ဒီဇင်ဘာလမှာ လုပ်မယ်လို့ ကြေညာထားတယ်ဆိုပေမယ့် ဘယ်ရက်လဲ ဘယ်နေရာတွေလုပ်မှာလဲ ဘယ်နေ့ အတိအကျလဲ ဆိုတဲ့ဟာက မလာသေးတဲ့အတွက် ကျွန်တော်တို့လည်း စောင့်နေတာပဲ။ ပါတီထောင် ထားပြီး ဖြစ်တဲ့အတွက် ရွေးကောက်ပွဲတော့ ဝင်ရမှာပေါ့။ ကျွန်တော်တို့က မြို့နယ်တိုင်း ရွေးကောက်ပွဲ လုပ်ပေးမှာလား အဆင်ပြေတဲ့ မြို့နယ်လောက်ပဲလား။ အဲဒါက မသိရသေးသ‌ရွေ့ ကျွန်တော်တို့ ဘာမှလုပ်လို့ မရဘူး” ဟုဆိုသည်။ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးကလည်း “ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်ဖြစ်ဖြစ် ခရိုင်ဖြစ်ဖြစ် အရင်ကြေညာရမှာပေါ့။ အဲဒီအပေါ် မူတည်ပြီးမှ သက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ ရွေးချယ်ဖို့ အစီအစဉ်ရှိတာပေါ့။ ဘယ်မြို့နယ် ဘယ်ဒေသကို မလုပ်သေးဘူး၊ ဘယ်‌ဒေသကို လုပ်မယ်ဆိုတဲ့ဟာ ကျွန်တော်တို့အရင် ပြတ်ပြတ်သားသားသိဖို့ အရင်လိုမှာပေါ့။ အဲဒါပြီးတော့မှ ဒုတိယအဆင့် ကိုယ်စားလှယ်လောင်းကို စဉ်းစားရမှာပေါ့”။ ဒါကြောင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာ အရင်လား၊ ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးတော့မှ မဲဆွယ်စည်းရုံးရေး ကာလ အချိန်ဘယ်လောက် သတ်မှတ်မယ်ဆိုတဲ့အပေါ် မူတည်ပြီး မီးစင်ကြည့်ကရမယ်”လို့ဆိုပါတယ်။ စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထား သတ်မှတ်ပြီးဖြစ်၍ အချိန်မီ ကြိုတင် ထုတ်ပြန်ပေးမယ်လို့ မေ ၁၆ ရက်နေ့မှာ အသိပေးထုတ် ပြန်ချက် အပေါ်သဘောထားများကို (သံလွင်တိုင်းမ်၊ မေ ၁၈ ၊၂၀၂၅)တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ရွေးကောက်စနစ်ကို အချိုးကျစနစ် ပြောင်းလဲမည်ဟုသိရှိရသည့် ကိစ္စနဲ့ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ မှ ဒေါက်တာအေးမောင်က  “ပီအာစနစ်နဲ့ အမျိုးသားလွှတ်တော်ကို ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ရခိုင်ပြည်နယ် ကဲ့သို့ ပြည်နယ်တွေ တိုင်းဒေသကြီးတွေ မဲဆန္ဒနယ် ဘယ်လောက်သတ်မှတ်မှာလဲ၊ တစ်ခုသတ်မှတ်မှာလား၊ နှစ်ခုသတ်မှတ်မှာလားပေါ့။ ရခိုင်ပြည်နယ် ၁၇မြို့နယ်လုံးကို ရွေးကောက်ပွဲမဲဆန္ဒနယ် တခုတည်းအောက်ကို ရောက်သွားပြီးကာမှ အမျိုးသားလွှတ်တော်ကို ပီအာရ်စနစ်နဲ့  ရွေးကောက်တင်မြှောက်နိုင်ချေ ရှိပါတယ်။ နစကထိန်းချုပ်တဲ့မြို့က ၃ ခုပဲရှိတော့တာဖြစ်တဲ့ အ တွက် တကယ်လို့များ ပီအာရ်စနစ်နဲ့ သွားမယ်ဆိုရင် နစကရဲ့ ၃မြို့နယ်သည် ၁၇မြို့နယ်လုံးကို လွှမ်းမိုး နိုင်ခြေရှိတယ်” စသည့်ဖြင့် (THN 16 Mar 2025) ရခိုင်ပြည်နယ်၏ အခြအနေကို ဥပမာယူပြီး ပြောထားသည်။ မဲထည့်သည့်အရေးအတွက် မည်မျှရာခိုင်းနှုန်းရရှိမှ မဲဆန္ဒနယ် တစ်ခုအတွက် အနိုင်ဟု သတ်မှတ်ရမည်၊ ရွေးကောက်ပွဲအထမြောက်မည်ဟူသည့် ပြဌာန်းချက် မရှိသည့်အတွက် မဲလာထည့်သည့် ဦးရေနည်းလည်း ရွေးကောက်ပွဲ အထမြောက်နိုင်သည်။ ယင်းနဲ့ပတ်သက်၍ ရှမ်းနှင့် တိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ကလည်း (ဧရာဝတီ ၁၆၊ မေ ၂၀၂၅) “မဲကတော့ ဘယ်လိုဖြစ်ဖြစ် ဥပဒေအရ မဲပေးနိုင်တဲ့သူ တစ်သိန်းရှိတဲ့မဲဆန္ဒနယ်မြေတစ်ခုမှာ လူတစ်ထောင် လာပေးလည်း ရွေးကောက်ပွဲ အထမြောက်သွားပြီလေ။ ဥပဒေမှာ မပြဌာန်းထားဘူးလေ မြို့နယ် တစ်ခုမှာ လူတစ်သိန်းရှိရင် တစ်သိန်း လာပေးရမယ်၊ ငါးသောင်းမဲပေးမှ အထမြောက်မယ်လို့ ဥပဒေမှာ မပြဌာန်းထားဘူး။ တစ်ထောင်ပဲလာထည့်လည်း ရွေးကောက်ပွဲအထမြောက်တာပဲ။ တစ်ယောက်ပဲ လာပေးလည်း အထ မြောက် တာပဲ။ အဲ့တော့ မဲမထည့်ဖို့ စဥ်းစားသူတွေ ကျနော်မေတ္တာ ရပ်ခံချင်တယ်၊ မဲလာပေးပါလို့” ဟုပြောထားသည်။

စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများသည် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီလမ်းကြောင်းပေါ်  ပြန်လည်ရောက်ရှိစေမည့် လမ်းကြောင်းနှင့် မြန်မာ့ အကျပ် အတည်းကို အဖြေရှာရမည့် လမ်းကြောင်းအဖြစ် ထင်မြင်ယူဆချက် များရှိကြသော်လည်း လက်ရှိ အချိန်အထိ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည့်ပါတီများကိုယ်တိုင် ရွေးကောက်ပွဲအစီအစဥ်၊ နည်းဥပဒေ ဆိုင်ရာ အခက် အခဲများ၊ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ၊ ရွေးကောက်ပွဲစနစ်ဆိုင်ရာနှင့် မဲဆန္ဒနယ်မြေ သတ်မှတ် ခြင်းဆိုင်ရာ မရှင်းလင်းမှုများရှိနေဆဲဟု တွေ့ရှိရပါသည်။

(ခ) မှတ်ပုံပြန်မတင်သည့် ပါတီများ၏ အမြင်များ

လက်ရှိအချိန်တွင် စစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါ တီအဖြစ် ပြန်လည် မှတ်ပုံတင်ထားခြင်းမရှိတော့သည့်အတွက် ဖျက်သိမ်းသည်ဟု ကြေငြာခံထားရ သောပါတီ ၄၅ ပါတီရှိပါသည်။ ထိုအထဲတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသော ထင်းရှားသည့် ပါတီများ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင် အမျိုးသား ပါတီ(ANP) နှင့် တအာင်း(ပလောင်)အမျိုးသားပါတီ(TNP) တို့လည်း ပါဝင်သည်။ ထိုပါတီ ၄ ခု၏ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့မှုသည် တနိုင်ငံလုံး မဲဆန္ဒနယ် မြေစုစုပေါင်း၏ (၉၀) ရာခိုင်နှုန်း ရှိသည်ကိုတွေ့ရသည်။ ဤမျှလူထုထောက်ခံမှု များပြားခဲ့သည့်ပါတီများ ပြန်လည်မှတ်ပုံမတင်ဘဲ ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲသည် မည်သည့်အဓိပ္ပါယ်ကိုဆောင်သည်ကို ထင်ထင်ရှားရှား တွေ့ရသည် လည်းဖြစ်သည်။ စစ်ကောင်စီထံသို့ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသည့် ပါတီများ၏ စစ်ကောင်စီကျင်းပရန် ပြင်ဆင်သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမြင်များ၊ သဘောထားများကို စုစည်းဖော်ပြထားပါသည်။

ယခုကျင်းပမည်ဟု စီစဥ်နေသော ရွေးကောက်ပွဲသည် နိုင်ငံရေးအရတရားဝင်မှု၊ လူထုထောက်ခံမှု၊ တရားမျှတမှု မရှိသည့်အပြင် ပြည်သူလူထုအကြား စိတ်ဝမ်းကွဲပြားမှု အကြမ်းဖက်မှုများဆီသို့ ပို၍ တွန်းပို့ လာနိုင်သည့်အတွက် ပါတီစုံဒီမိုကရေစီကို အမှန်တကယ်လိုလားပါက အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ရေခံမြေခံ သဘောထားချပြဖို့လိုပါတယ်။ (Federal Journal Myanmar, Aug 22, 2024 “စစ်ကောင်စီရွေးကောက်ပွဲ လုပ်ခွင့်ရှိ သလား” စကားဝိုင်း) တိုင်ရင်းသားပါတီတစ်ခု ဖြစ်တဲ့ Zomi Congress for Democracy – ZCD ပါတီမှ တွဲဖက်အတွင်းရေးမှူး ပူးကမ်လမ်ခုပ်က “စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အတင်းအဓမ္မ လုပ်မယ်ဟေ့ ဆိုလို့ရှိရင်တော့ လုပ်နိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာသုံးရပ်လုံးကို သူ့လက်ထဲမှာ ရှိတာကိုး၊ အဲ့ဒါတွေက သူ့လက်ထဲမှာရှိတယ်ဆိုတော့ အတင်းအဓမ္မ လုပ်မယ်ဆိုရင်တော့ လုပ်နိုင်ပါတယ်။ လုပ်နိုင်တဲ့ နေရာကတော့ အကန့်အသတ်နဲ့ပေါ့နော်။ ပါတီစုံရွေးကောက်ပွဲဆိုကတည်းက ပါတီတွေအားလုံးကို ပါဝင်ခွင့်ပေးရမယ်။ သူတို့ ဝင်ပြိုင်နိုင်အောင် နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိရှိ ဆွဲခေါ်နိုင်တဲ့အားက စစ်ကောင်စီမှာ လုံးဝမရှိတဲ့အခါကျတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ခဲ့သည် ရှိသော် ရလာဒ်ကတော့ ရလာဒ်ကောင်းမဖြစ်လာနိုင်ဘူးလို့ပဲ ကျနော် သုံးသပ်မိ ပါတယ်”ဟုဆိုသည်။ ထိုအတူ ဦးအောင်မိုးဇော် (ဥက္ကဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)ကလည်း “ရွေးကောက်ပွဲကတော့ ယုံလို့မရဘူး။ စစ်ကောင်စီကိုလည်း ယုံလို့မရဘူး။ မြန်မာ့စစ်တပ် ရှိနေသ၍ ကျနော်တို့ တိုင်းပြည် ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး။ အခုကောင်းချင်ယောင်ဆောင်လည်း ခဏပဲ နောက်တခါအာဏာ ထပ်ပြန်သိမ်းမှာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံးနှင့် ကျနော်တို့ နိုင်ငံရေးစနစ်တခုလုံး ပြောင်းပစ်မှ ရမယ်။ တကယ့် ဒီမိုကရေစီကို အခြေခံတဲ့စနစ်၊ တကယ့်ဖက်ဒရယ်ကို အခြေခံတဲ့စနစ်ကို ကျနော်တို့ ခိုင်ခိုင်မာမာ ပြန်တည်ဆောက်နိုင်မှ၊ အဲ့ဒီတည်ဆောက်တဲ့အထဲမှာ စစ်အုပ်စုပါလို့မရဘူး၊ အဲ့တော့ ကျနော်တို့အလုပ်က ဒီစစ်တပ်ကို မောင်းထုတ်ရမယ်” စသည့်ဖြင့် မြန်မာ့စစ်တပ်နှင့် ၎င်းစီစဥ်သည့် ရွေးကောက်အပေါ် အမြင်ကို ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ၏ ဗဟိုအလုပ်ကော်မတီ – CWC အဖွဲ့ဝင် ဖြစ်သူ ဦးထွန်းမြင့် ကလည်း စစ်ကောင်စီနှင့် စီစဥ်ထားသည့်ရွေးကောက်ပွဲအပေါ်ပြည်သူများ၏ ယုံကြည်မှုကို အောက်ပါအတိုင်း “စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက အတုအယောင်သာဖြစ်လိမ့်မယ်၊ ကျနော်တို့ NLD မပြောနဲ့ တရားမျှတမှုကို လိုလားတဲ့ ဘယ်ပြည်သူ တစ်ဦးတစ်ယောက်ကမှ လက်ခံမှာ မဟုတ်ပါဘူး။ ပါတီကို ကိုယ်စားပြု ပြီး မည်သူတစ်ဦးတစ်ယောက် ကမှ ဝင်ရောက်ယှဉ်ပြိုင်ဖို့မရှိပါဘူး” ဟု (RFA 10 Mar 2025) ဖြေကြား ထားသည်။

နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီအောက်တွင် ပါတီမှတ်ပုံပြန်လည်မတင်သည့်ပါတီများသည် စစ် ကောင်စီ၏ တရားဝင်မှုကို အသိအမှတ်မပြုခြင်းဖြစ်ပြီး ၎င်းလုပ်ကိုင်သည့် ကိစ္စရပ်များနှင့် စီစဥ်သည့် ရွေးကောက်ပွဲအပေါ် မေးခွန်းထုတ်ကြသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဒေါ်နှင်းနှင်းမွေး၊ တွဲ ဘက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကလည်း “စစ်ကောင်စီဟာ တရား မဝင်တဲ့ အဖွဲ့အစည်းဖြစ်လို့ ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့် မရှိသလို၊ ကျင်းပလာမယ့် ရွေးကောက်ပွဲကလည်း အတုအယောင်အဖြစ်သာ သတ်မှတ်ထား တာကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ မဟုတ်ပဲ တော်လှန်ရေးအရှိန်က ဆက်လက် မြင့်တက် နေဦးမှာ ဖြစ်ပါတယ်” ဟုပြောဆိုထားသည်။ (ဖက်ဒရယ်ဂျာနယ်၊ မြန်မာ။ ဇန်နဝါရီလ ၂၈၊ ၂၀၂၅။ )

စစ်ကောင်စီထံတွင် ပြန်လည်မှတ်ပုံမတင်သည့် ပါတီများအနေဖြင့် စစ်ကောင်စီ၏ တရာဝင်မှု၊ ရွေး ကောက်ပွဲ ကျင်းပခွင့်မရှိခြင်းများကို ထောက်ပြကြပြီး၊ လက်ရှိမြန်မာ့စစ်တပ် ဖန်တီးထားသည့် အကျပ် အတည်း များသည် ရွေးကောက်ပွဲဟူသည့် အခင်းအကျင်းမျိုးဖြင့် ဖြေရှင်း၍မရဘဲ ၊ ရွေးကောက်ပွဲ ကျင်းပရန် အတင်းအဓမ္မ ကြိုးစားမှုသည်လည်း မတည်ငြိမ်မှုနှင့် သွေးထွက်သံယိုဖြစ်နိုင်မှုသာ ပိုမိုများလာနိုင်ကြောင်း ဖော်ပြထားကြ သည်ကို လေ့လာတွေ့ရှိရပါသည်။

(ဂ) ) EAOs၊ EROs နှင့် တော်လှန်ရေးအင်အားစုများ၏ အမြင်

လက်ရှိအချိန်တွင် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်မှုသည်လည်း (၄) နှစ် ကျော်ရှိလာရာ တိုင်းရင်းသားလက်နက်ကိုင်များ အခြေစိုက်ထားသည့် ပြည်နယ်အများစုတွင် မြို့ သိမ်းနိုင်သည့် အခြေအနေ၊ ထိန်းချုပ်နယ်မြေများ တဖြည်းဖြည်း ကျယ်ပြန်လာနေသည်ကိုတွေ့ရသည်။ ထိုအခြေအနေတွင် တိုင်းရင်းသားနယ်မြေများအတွင်းတွင် ယင်းတော်လှန်ရေးအဖွဲ့များ၏ သဘောတူညီချက်မရှိဘဲ မည်သည့် ရွေးကောက်ပွဲမှ ကျင်းပနိုင်မည်မဟုတ်ပေ။ ဤနေရာတွင် တိုင်းရင်းသားEROတွေနှင့် အခြားတော်လှန်ရေး အင်အားစုများ၏ စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲအပေါ် တုံ့ပြန်ချက် သဘောထားများကို လေ့လာသွားမည် ဖြစ်ပါသည်။

စစ်ကောင်စီကျင်းပမည့် ရွေကောက်ပွဲနှင့်ပတ်သက်၍ ဝါရင့်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး(KNU) ၏ပြောရေးဆိုခွင့်ရ ဖဒိုစောတောနီး က ( DVB  TV News,  2 May 2025) “ကျနော်သဘောထားက ရှင်းရှင်းလေးပဲ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲက တရားမဝင်ဘူး။ လူထုဆန္ဒကို လည်း ကိုယ်စားမပြုဘူး။ ၂၀၀၈ပေါ်မှာ အခြေတည်ပြီးတော့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး လုပ်ဆောင် တာပဲဖြစ်တယ် ဘယ်လိုမှလက်ခံလို့မရဘူး။ ကျနော်တို့ နယ်မြေမှာလည်း ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး။ အဲ့ဒါတော့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ဒီကိစ္စတွေကို ဘယ် နည်းလမ်းနဲ့မဆို ဆန့်ကျင်သွားမယ်ဆိုတာ ပြောတာဖြစ်တယ်။ ဘာဖြစ် လို့လဲဆိုရင် ဒီစစ်အာဏာရှင်စနစ်က ကျနော်တို့အတွက် လုံလောက်သွားပြီး ကျနော်တို့အတွက်သာမက နောက်မျိုးဆက်အထိပါ မသယ်ဆောင် တော့ဘူး အပြီးသတ် ချုပ်ငြိမ်းအောင်လုပ်သွားဖို့ တာဝန်ရှိတဲ့ အပေါ်မှာတော့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကို မဖြစ်အောင် ဟန့်တားဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ အဲ့ဒါကိုတော့ ဆက်လက်လုပ်ဆောင်သွားမယ်” စသည့်ဖြင့် ရှင်းလင်းသည့် ရပ်တည်ချက်ကိုပြောထားသည်။ စစ်ကောင်စီ စီစဥ်သည့်ရွေးကောက်ပွဲသည် စစ်အာဏာရှင်၏ ထွက်ပေါက်နှင့် ဆက်လက်အသက်ဆက်ပေးမည့်ကိစ္စဟု ဖော်ညွန်းထားသည်ကိုတွေ့ရသည်။ ဒါကြောင့် ပြတ်ပြတ် သားသား ဆန့်ကျင်ဟန့်တားရမည်ဟုဆိုသည်။

၂၀၂၁ အာဏာသိမ်းအပြီး နယ်မြေများစွာလွတ်မြောက်လာပြီဖြစ်တဲ့ ချင်းပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရ  ဆလိုင်းထက်နီကလည်း “မင်းအောင်လှိုင် ကတော့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်အမြဲပါဝင်ရေးကတော့ သူရဲ့ အဓိကဦးတည်ချက်ပေါ့။ အဲ့ဒါကြောင့် ရွေးကောက်ပွဲကို တွန်းနေတာဖြစ်တယ်။ ဘယ်လိုပဲတွန်းနေတွန်းနေ ဒီရွေးကောက်ပွဲလည်း ဘာမှအဓိပ္ပါယ် ရှိလာမှာ မဟုတ်ဘူး။ အဲ့ရွေးကောက်ပွဲရလာဒ်က ကျနော်တို့တော်လှန်ရေး၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ဖြေရှင်းနိုင်မှာလည်း မဟုတ်သလို၊ အနည်းဆုံး ကျနော်တို့ချင်းပြည်မှာ အခုအနေအထားမှာတော့ ဘယ်လိုမှ ပြုလုပ်လို့ရမှာတော့မဟုတ်ဘူး။ အဓိကကတော့ သူတို့ခြေကုပ်ယူတဲ့စခန်း နေရာဝန်းကျင်က နေပြီးတော့ နယ်မြေတခုလုံးနီးပါးကို ကျနော်တို့ဘက်က စိုးမိုးထားပြီဆိုတော့ လုပ်လို့တော့ရမှာ မဟုတ်ဘူးပေါ့” စသည့်ဖြင့် ချင်းပြည်နယ်အခြေနေကိုပါထည့်သွင်းပြီး ပြောဆိုထားသည်ကို (Western News,  7 May 2025) တွင်ဖော်ပြ ထားသည်။ ထိုရွေးကောက်ပွဲနဲ့ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ဖြစ်တဲ့ 7 EAO Alliance ၏သဘောထားရပ်တည်ချက်များကိုလည်း ပြောရေးဆိုခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က “ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်တယ်၊ သို့သော်လည်း လက်ရှိ အခြေအနေအရ ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုရှိတယ်၊ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်ခံတဲ့ နိုင်ငံရေးပါတီတွေ၊ အိမ်နီးချင်းနိုင်ငံများ ရှိနေသလို ဆန့်ကျင်ကန့်ကွက်တဲ့ အင်အားစုများ လည်း ရှိနေပြီဖြစ်တဲ့အတွက် ရွေးကောက်ပွဲကြောင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ပေါ်လာမှာကို စိုးရိမ်တယ်” စသည့်ဖြင့် (လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ မေ ၁၄၊ ၂၀၂၅။) သို့ပြောကြားထားသည်ကိုတွေ့ရသည်။

ထို့အတူ နွေးဦးတော်လှန်ရေးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း “ကျနော်တို့မှာရွေးကောက်ပွဲရလဒ်က ရှိပြီးသားလေ၊ ရွေး ကောက်ပွဲရလဒ်က ရှိပြီးသားကို သူမကြိုက်လို့သူဖျက်ပစ်တယ်။ ပြီးတော့မှ သူ့စိတ်တိုင်းကျ ပြန်လုပ် မယ်ဆိုပြီးတာ့ လုပ်တာလေ။ လုပ်တဲ့သူကလည်း ပြည်သူလူထုကို အင်မတန်မှညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ခေါင်း ဆောင်လေ။ ပြီးတော့ နိုင်ငံတကာဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ဝရမ်းပြေးလေ။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုက တရားဝင်မှုမပေးအပ်ထားတဲ့ အာဏာလုတဲ့အဖွဲ့အစည်းလေ။  ဒီလိုအဖွဲ့အစည်းကလုပ်တဲ့ ရွေးကောက်ပွဲက တရားမဝင်ရွေးကောက်ပွဲသာဖြစ်လို့ ကျနော်တို့က ဆန့်ကျင်နေကြတာ ဖြစ်တယ်။ ဒီနေရာမှာ လည်း တရားမဝင်အတုအယောင်ရွေးကောက်ပွဲမှ  မဟုတ်ဘူး၊ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ကိုင် ဆောင်ရွက်မှု မှန်သမျှဟာ ဘာတရားဝင်မှုမှမရှိဘူး။ ဒါတွေအကုန်လုံးကို တိုက်ဖျက်သွားမယ်” ပြောဆိုထားကြောင်း (ခေတ်သစ် မီဒီယာ 1 Jun 2025)တွင် ဖော်ပြထား သည်ကိုတွေ့ရသည်။

ထို့ကြောင့် စစ်ကောင်စီ စီစဥ်ထားသည့် ရွေးကောက်ပွဲသည် တော်လှန်ရေးအင်အားစုများဘက်မှ သဘောထားရှုမြင်မှုကို သုံးသပ်ရာတွင် အထူးသဖြင့် အချက်သုံးချက်ကို တွေ့ရှိရသည်ဟု ဆိုရမည်။ ၄င်းတို့မှာ စစ်တပ်တွင် ပြည်သူလူထုပေးထားသည့် ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်မရှိခြင်း၊ တဖက်သတ် အာဏာတည်မြဲရန်အတွက် အကျပ်အတည်းထွက်ပေါက်ကို  အဖြေရှာသည့် နည်းလမ်းအသွင်ဖြင့် လှည့်ဖျားမှု ဖြစ်ကြောင်း၊ ထိုအခြေအနေသည် ရလဒ်ကောင်းမွန်မည်မဟုတ်ဘဲ အကြမ်းဖက်သွေးထွက်သံယိုမှုသာ ပိုများ စေမည် ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ထိုအစီစဥ်ကို ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်မည် စသည့်ဖြင့်တွေ့ရသည်။

(ဃ) နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်တို့၏အမြင်များ

လက်ရှိစစ်ကောင်စီ ကျင်းပရန်စီစဥ်နေသည့် ရွေးကောက်ပွဲနဲ့ပတ်သက်၍ နိုင်ငံများ၏ ရပ်တည်ချက်၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ရှုမြင်မှုများနှင့် တတ်သိပညာရှင်တို့၏ သုံးသပ်ချက်များသည်လည်း ကွဲပြားမှု တွေ့ရပါသည်။ အာဆီယံကဲ့သို့သော ဒေသတွင်းစုဖွဲ့မှုများ၏ ရပ်တည်ချက်များကို လေ့လာရာတွင်လည်း ထောက်ခံကန့်ကွတ် အဖြူအမဲ တိကျသည့် ချဥ်းကပ်မှုမျိုးမတွေ့ရဘဲ မီးစင်ကြည့်က ချဥ်းကပ်မှု မူဝါဒမျိုးကိုသာ ကျင့်သုံး နေကြသည်ဟုဆိုနိုင်သည်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်ခုချင်း အလိုက် ရပ်တည်မှုများသည် ပိုမိုကွဲပြား ကြသည်ဟု တွေ့ရှိရသည်။ လက်ရှိ အာဆီယံ ဥက္ကဌသည် မြန်မာနိုင်ငံ စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖွဲ့အစည်းများ အားလုံးမပါဝင်ခြင်း၊ ပြည်သူများ၏ စိတ်ဆန္ဒ သဘောထားဖြစ်သည့် စစ်ကောင်စီ၏ လုပ်ဆောင်မှုများ ကန့်ကွက်နေကြခြင်း၊ နိုင်ငံ့နေရာ အများအပြား ထိန်းချုပ်နိုင်မှုမရှိခြင်းများကိုထောက်၍ “စစ်ကောင်စီ၏ ရွေးကောက်ပွဲ အစီအစဥ်သည် နိုင်ငံရေးလှည့် ဖျားမှုသာဖြစ်သည်” (MPA 26 May 2025) စသည့်ဖြင့်ပြောကြားထားသည်ဟု သိရှိရသည်။ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကလည်း “စကစ  နိုင်ငံရေးအင်အား စုများယုံကြည်မှုရရှိရန် နိုင်ငံရေးဖြေ လျှော့မှုနှင့် ရွေးကောက်ပွဲလုပ်ငန်းစဥ်များကို ပြည်သူတွေယုံကြည် မှုမရှိဘဲ ရွေးကောက်ပွဲကနေ နိုင်ငံရေးအရ အသာစီး ရယူမှုကိုသာ ဦးတည်နေမယ်ဆိုရင် နိုင်ငံအတွင်း ပဋိပက္ခကို ပိုမိုကြီးထွား စေနိုင်တယ်” စသည့်ဖြင့် သုံးသပ်ထားသည်။ ( ဖက်ဒရယ်ဂျာနယ်၊ မြန်မာ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) ကလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကို ဖယ်ထားပြီး စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပြင် အရပ်သားတွေအပေါ် အကြမ်းဖက်တိုက် ခိုက်မှုများကလည်း မကြုံစဖူးမြင့်တက်လာတာကြောင့် စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသည့် ကြေညာချက်ထုတ်ပြန်ခဲ့ ကြောင်း (RFA Burmese 2025.03.03) သိရှိရပါသည်။ အလားတူ Human Rights Watch အဖွဲ့မှလည်း “အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့လို အာရှနိုင်ငံတွေအနေနဲ့ စစ်တပ်ထိန်းချုပ်မှုကို တရားဝင်ဖြစ်စေမဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သင့်တယ်၊ ရွေးကောက်ပွဲဆိုင်ရာနည်းပညာအကူညီမပေးသင့်ကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ အာဏာသိမ်းပြီးနောက် အတိုက်အခံ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေကို ဖမ်းဆီးဖျက်သိမ်းမှု အပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့လည်း တိုက်တွန်းကြောင်း (RFA Burmese 2025.03.12) သိရှိရပါသည်။ အခြား နိုင်ငံတကာအဖွဲ့အစည်းများကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် အာဏာတည်မြဲရေးအတွက် လှည့်ဖျားသည့် နိုင်ငံရေးအကြံအစည်ဖြစ်သည့်အတွက် မြန်မာ နိုင်ငံအတွက် မည်သည့်ကောင်းကျိုးမှ ယူဆောင်မလာနိုင်ကြောင်း၊ ရွေးကောက်ပွဲတရားမျှတမှုဆိုတာ ဖြစ်လာ စရာအကြောင်း မရှိဟု ရှုမြင်ကြသည်။

သို့သော်အခြားတဖက်တွင် မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲသည်သာအဖြေဟု ယုံကြည်သည့် နိုင်ငံများလည်း ရှိသည်။ ဥပမာ ၊ မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စစ်ကောင်စီ ထောက်ခံသည့် ရုရှား၊ ဘီလာရုစ် ကဲ့သို့သော နိုင်ငံများသည် စစ်ကောင်စီနှင့် နီးကပ်သည့် ဆက် ဆံရေးများ တည်ရှိနေခြင်းနှင့် ရွေးကောက်ပွဲကိုပါကူညီပေးမည်ဟု ပြောဆိုထားကြသည်များလည်း ရှိသည်။ တခြားအစုအဖွဲ့ များနှင့် နိုင်ငံများသည် ရွေးကောက်ပွဲတရာမျှတခြင်း ရှိမရှိကို မကြည့်ဘဲ ရွေးကောက်ပွဲ ဟန်ပြဖြစ်ဖြစ် ပြီးမြောက်ပါက ပေါ်ပေါ်ထင်ထင် ဆက်ဆံရေးပြန်တည်ဆောက်လာ မည့် အရိပ်အယောင်များလည်း တွေ့ရသည်။

ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်ချက်

အထက်တွင်ဖော်ပြထားပြီးသည့်အတိုင်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းအပေါ် မတူညီသည့်နိုင်ငံရေး ရပ်တည်ချက်နှင့် ကွဲပြားသည့်ချဥ်းကပ်မှုများဖြင့် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၏ ရှုထောင့်များ၊ အယူအဆနှင့် တွေးခေါ်မြော်မြင်မှုများကို လေ့လာဆန်းစစ်ကြည့်ရာတွင် ကွဲလွဲမှုကြီးမားသည့် အစွန်းနှစ်ခုကို တွေ့ရှိ ရပါသည်။ စစ်ကောင်စီနှင့် စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်၍ စစ်ကောင်စီ စီစဥ်မည့် ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သည့် နည်းလမ်းဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာ မည့်လမ်းကြောင်းနှင့် စစ်ကောင်စီထံပြန်လည်မှတ်ပုံမတင်ဘဲ ပြည်သူလူထု ယုံကြည်ကိုးစားမှုရရှိခဲ့ကြသည့် နိုင်ငံရေးပါတီများ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင် နေသော EAOs၊ EROsများနှင့် အာဏာသိမ်းမှုကိုဆန့်ကျင်၍ တော်လှန်ရေးလုပ်ဆောင်နေသော အင်အားစုများကမူ စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပရန် လုပ်ဆောင်မှုသည် တရားဝင်မှုမရှိဘဲ အောင်မြင်မည့် အစီစဥ် မဟုတ်သည့်အပြင်၊ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်ရာ နယ်မြေများတွင် ကျင်းပခွင့်ပြုမည်မဟုတ်ဘဲ တခြားမြို့ကြီးများတွင်လည်း ရွေးကောက်ပွဲကျင်းပရန် မရမကကြိုးစားမှုများသည် သွေးထွက်သံယိုမှုများကိုသာ ဖြစ်လာစေမည်ဟူသည့် အမြင်တို့ဖြစ်သည်။

လက်တွေ့မြေပြင်အခြေအနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ၅ နှစ်အတွင်း လူမှုစီးပွား ဘက်ပေါင်းစုံချွတ်ခြုံကျနေပြီဖြစ်တဲ့နိုငံ့အခြေနေနှင့် နေစဥ်စိုးရိမ်မှုများကြားတွင် ပိုင်ဆိုင်မှု၊ မျော်လင့်ချက်၊ အနာဂတ်မရှိတော့သည့်ဘဝများနှင့် အနာဂတ်ကလေးသူငယ်များ၏ ရှေ့ရေးကို တန်ဖိုးထားနိုင်ရန်အတွက် ဘက်ပေါင်းစုံကနေ ထွက်ပေါက်တစ်ခု ဖြစ်ပေါ်လာရေးသည် အရေးကြီးလှသည်။ ထိုအခြေနေသည် ဆိုခဲ့ပါ အစွန်းနှစ်ဖက်လုံးမှ ချဥ်းကပ်မှုများသည် ဖြစ်နိုင်ရန် ခက်ခဲကြောင်းလည်း တွေ့ရှိရသည်။ ထို့ကြောင့် အကျပ် အတည်းအတွက် အဖြေရှာရာတွင် ဖြစ်တန်ခြေရှိသော ပုံစံကို မှန်းဆကြည့်ရာတွင်  စစ်ကောင်စီ အနေဖြင့် ရွေးကောက်ပွဲကို မည်သည့်တော်လှန်ရေးအဖွဲ့များ၏သဘောထားနှင့် မှတ်ပုံပြန်လည်တင်ခြင်းမရှိသည့် နိုင်ငံရေး ပါတီများ၏ အမြင်များကို စိုးစဥ်းမျှ ထည့်တွက်ခြင်းမရှိဘဲ ကနဦးရည်ရွယ်ချက်အတိုင်း ရွေးကောက်ပွဲကို အတင်းအကြပ် ကျင်းပနိုင်ပါသည်။

အဘယ့်ကြောင့်ထိုသို့ ပြောနိုင်သနည်းဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်သည့် လွှတ်တော် အရပ်ရပ်တွင် ၂၅ ရာခိုင်နှုန်း ယူထားပြီးဖြစ်သည်။ လွှတ်တော်အထမြောက်ရန်အတွက် နေရာအများအပြားတွင် ရွေးကောက်ပွဲ လုပ်ဆောင်နိုင်ရန်မလိုအပ်ဟု ဆိုနိုင်သည်။ မဲဆန္ဒနယ်တစ်ခုအတွက် မဲပေးနိုင်သည့်ဦးရေ မည်မျှမဲပေးမှ လွှတ်တော်အမတ်သည် ကိုယ်စားလှယ်အဖြစ်တရားဝင်သည်ဟူသည့် စံသတ်မှတ်ချက်မရှိပေ။ တဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ၏ တိုင်းရင်းသားဒေသများတွင် နယ်မြေရှုံးဆုံးလာမှုနှင့် လုံခြုံရေး အခြေအနေများနှင့် ပတ်သက်၍ စိန်ခေါ်မှုများရှိသည်ဟူသည့် ပြောဆိုချက်များလည်း ကျယ်ပြန့်စွာ ထွက်ပေါ် ချိန်နှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တရားဝင်မှုရှုထောင့်ကနေ မေးခွန်းထုတ်မှုများကိုလည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒပါ ပုဒ်မအချို့ကို ကိုးကားပြီး အထမြောက်တရားဝင်ကြောင်းကို စစ်ကောင်စီ ခေါင်းဆောင် ကာကွယ်ပြောဆိုထားသည်ဟုလည်းသိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ လွှတ် တော်အစည်းအဝေးများ ကျင်းပခြင်း ဆိုင်ရာ ပုဒ်မ ၈၅၊ ၁၂၈၊ ၁၅၅ များအရ လွှတ်တော်ခေါ်ရန် ရွေးကောက်ခံ ကိုယ်စားလှယ် ၅၆ ဦး၊ စစ်တပ်ကိုယ်စားလှယ် ၁၆၆ ဦး ရှိရုံနှင့် လုံလောက်သည်ဟု မင်းအောင်လှိုင်က မေလ ၁၉ ရက်နေ့က ကျင်းပခဲ့သော စစ်ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအတွင်း ပြောဆိုခဲ့သည်” (မေလ ၂၇ ရက်နေ့ Myanmar Now) တွင်ဖော်ပြထားသည်။  ထိုသို့ဆိုသော် ရွေးကောက်ပွဲကို ရန်ကုန်တိုင်းတွင် ကျင်းပရုံဖြင့် ပြည်ထောင်စုလွှတ်တော် အထမြောက် စေရန်လိုအပ်သည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ရရှိနိုင်သည့်အခြေအနေဟု တွေ့ရသည်။

သို့သော် လက်ရှိအခြေအနေတွင် ပြည်သူအများစုသည် မဲထည့်ရန်လုံးဝစိတ်ဆန္ဒမတွေ့ရဘဲ စစ်ကောင်စီ ကျင်းပမည့် ၂၀၂၅၊ ဒီဇင်ဘာလတွင် မဲပေးမည်ဟု မျှော်လင့်ရန်လွန်စွာခက်ခဲသည်။ ထိုအခြေအနေ သည် စစ်ကောင်စီက ကြားကာလတွင် မည်ကဲ့သို့သော နိုင်ငံရေးကတိကဝတ် ပေးမည်နည်း၊ နိုင်ငံငြိမ်းချမ်းရေးအတွက် လက်တွေ့ကျသော စိတ်ဆန္ဒ မည်သို့ပြသမည်နည်းဟူသည့် လုပ်ဆောင်ချက်များအပေါ်တွင်လည်း မူတည်မည် ဖြစ်သည်။ ဥပမာ – ဖမ်းဆီးခံနိုင်ငံရေး အကျဥ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးခြင်းနှင့် ယုံကြည်ရလောက်သည့် နိုင်ငံတကာရှေ့မှောက်တွင် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် နိုင်ငံရေးအခင်းအကျင်းတွင် စစ်တပ်နိုင်ငံရေးတွင် ပါဝင်မှုလျော့ချရေး၊ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးလုပ်ဆောင်မည့် ကတိကဝတ်များပါရှိသည့် နိုင်ငံရေးလမ်းစဥ် ချမှတ်ခြင်းများ လုပ်ဆောင်ရန်လိုအပ်သည်။ ထိုသို့သော အခြေခံ စိတ်ဆန္ဒများမရှိဘဲ ဖြစ်ပေါ်လာသည့် ရွေးကောက်ပွဲသည် အဖြစ်သဘောမျှရွေးကောက်ပွဲသာဖြစ်မည့် အခြေအနေနှင့် မှတ်ပုံတင်သည့် နိုင်ငံရေးပါတီများကို တော်လှန်ရေးအင်အားစုများနှင့် တိုက်ရိုက်စစ်ခင်းပေးသည့် အခြေသို့လည်း ဦးတည်သွား နိုင်သည်။ စစ်ကောင်စီ စီစဥ်နေသည့် ရွေးကောက်ပွဲတွင် မဲပေးသည့် စနစ်ပြောင်းလဲခြင်းနှင့် ရွေးကောက်ပွဲစနစ်ကို အချိုးကျစနစ်ကို တချို့လွှတ်တော်များအတွက် ပြောင်းလဲမည် ဖြစ်ကြောင်းပြောဆိုမှုများသည် ရွေးကောက်ပွဲ မဲမသမာမှုနှင့် မဲထည့်သည့် လူဦးရေများကိုလည်း အတိုး အလျှော့လိုအပ်သလို လုပ်ဆောင်နိုင်သည့် အခြေအနေ မျိုးဟုလည်း ဆိုနိုင်သည်။

 

နိဂုံး

စစ်ကောင်စီ အာဏာသိမ်းသည့်ကာလ ၅ နှစ်တာကာလအတွင်း နာကျင်ခက်ခဲမှုပေါင်း များ စွာ ပြည်သူများ ဖြတ်သန်းကြရပြီးဖြစ်သည်။ ဤ အထွေထွေအကျပ်အတည်းများကို စစ်ကောင်စီ၏ အထွေထွေ ရွေးကောက်ပွဲက ဖြေရှင်းနိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် စစ်ကောင်စီနှင့် မှတ်ပုံတင် နိုင်ငံရေး ပါတီများ သွားမည့်လမ်းကြောင်းနှင့် EAOs၊ EROs များနှင့် တော်လှန်ရေးအင်အားစုများ၏ လမ်းကြောင်း ချဥ်းကပ် မှုများသည် အစွန်းနှစ်ဘက် ဖြစ်နေခြင်းကြောင့်ဟုဆိုနိုင်သည်။ ထို့ကြောင့် ၎င်းအစွန်းနှစ်ခုကို နီးကပ်သည် လမ်းကြောင်းပေါ်ရောက်ရှိစေရန်မှာ စစ်ကောင်စီ လုပ်ဆောင်မည့် နိုင်ငံရေးကြားခံ၊ နိုင်ငံရေးကတိကဝတ်နှင့် နိုင်ငံရေး စိတ်ဆန္ဒအပေါ်တွင်သာမူတည်နေသည် သုံးသပ်ရပါသည်။

ကိုးကားချက်များ

  • လွတ်လပ်သော သတင်းမီဒီယာများ
  • တိုင်းရင်း သတင်းမီဒီယာများ
  • ဖက်ဒရယ်ဂျာနယ် မြန်မာမှ သီးသန့်မေးမြန်းချက် စုဆောင်းချက်များ

Download Link, the FJMM Election Report Paper (PDF File)

Back to top button