သတင်း

WFP ကပေးတဲ့ အထူးအဟာရဖြည့် ဘီစကွတ်များ ရောင်းချပါက အရေးယူမယ်လို့ UN ပြော

WFP ကပေးတဲ့ အထူးအဟာရဖြည့် ဘီစကွတ်များ ရောင်းချပါက အရေးယူမယ်လို့ UN ပြော

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၂၄၊ ၂၀၂၅
 
လူမှုကွန်ရက် (ဖေ့စ်ဘုတ်) သုံးစွဲတဲ့သူတွေကြား UN World Food Programme (WFP) ဘက်က မြန်မာ့ငလျင်ဘေး သင့်သူတို့အတွက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီအနေနဲ့ ထောက်ပံ့ပေးထားတဲ့ အထူးအဟာရ ဖြည့်အစားစာ ဘီစကွတ်များကို ပြန်လည် ရောင်းချနေတဲ့ဆိုတဲ့ ဝေဖန်ရေးသားမှုတွေ ရှိလာ ပြီးနောက် United Nations Myanmar ဘက်က ဒီကနေ့ ဧပြီ ၂၄ ရက်မှာ သတိပေး ထုတ်ပြန်ချက်တစ်ခု ထုတ်လာ ပါတယ်။
 
WFP က မြန်မာ့ငလျင်ဘေးသင့်သူတို့အတွက် အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု အကူ အညီအနေနဲ့ ထောက်ပံ့ပေးထားတဲ့ အထူးအဟာရဖြည့်အစားစာ ဘီစကွတ်ဟာ အရေးပေါ် အခြေ အနေ ဖြစ်လာချိန် ပုံမှန်အစားသောက်များကို ချက်ပြုတ်ရန်နှင့် ဝယ်ယူ စားသုံးရန် မဖြစ်နိုင်တဲ့ အခြေ အနေ မျိုးမှာ ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုအကူအညီ တစ်မျိုး ဖြစ်တယ်လို့လည်း United Nations Myanmar က အသိပေးထားပါတယ်။
 
ဒါ့အပြင် WFP အနေဖြင့် မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်း ငလျင်ဘေးသင့်ပြည်သူများအတွက် အဟာရဖြည့် ဘီစကွတ်များကို စတင်ပြန်ဝေခဲ့ခြင်းဖြစ်ပြီး ပုံမှန်စားသောက်နိုင်သူများအနေနဲ့ ပိုလျှံနေခဲ့မယ်ဆိုရင် မိမိထက်လိုအပ်နေသူများကို ပြန်လည်မျှဝေပေးကြဖို့ United Nations Myanmar က တိုက်တွန်းထားတာပါ။
 
ဒါ့ကြောင့် WFP က ထောက်ပံ့ပေးထားတဲ့ ဘီစကွတ်များကို ပြန်လည်ရောင်းချဖို့ မသင့်ဘူးလို့ တိုက်တွန်းထားသလို ရောင်းချနေတာကို သက်သေအထောက်အထားနှင့်အတူ တွေ့ရှိပါက အရေးယူ သွားမယ်လို့လည်း United Nations Myanmar က ထုတ်ပြန်ထားပါတယ်။
 
WFP ဘက်က ဖြန့်ဝေပေးသည့် ဘီစကွတ်များဟာ စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်၀စွာပါဝင်တဲ့ စားစရာတစ်ခုဖြစ်ပြီး ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1၊ B2၊ B6၊ B12 နဲ့ အခြားဓာတ်များလည်း ပါဝင်နေတာကြောင့် ခြောက်လအောက်ကလေးငယ်များကို ကျွေးလို့ မရသလို၊ ခြောက်လအထက် ကလေးများကို ကျွေးမည်ဆိုပါကလည်း မိခင်နို့၀အောင် တိုက်ပြီးမှ ကျွေးနိုင်ကြောင်းလည်း အသိပေးထားပါတယ်။
 
ဓါတ်ပုံ – United Nations Myanmar

Related Articles

Back to top button