
လဝါးကျေးရွာဝန်းကျင် လေကြောင်းဗုံးကြဲမှုရှိနေပြီး နှစ်ဖက်စစ်ရေးအရှိန် မြင့်မားလာနိုင်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၂၂၊ ၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာဝန်းကျင် နှစ်ဖက် စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး စစ်ကောင်စီက နေ့စဉ် ရက်ဆက် လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ ရှိနေတယ်လို့ သိရပါတယ်။
အခုသတင်းတပတ်အတွင်း မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်ကနေ တက်လာတဲ့ ဂျက်လေယာဉ် တို့ဟာ လဝါးကျေးရွာဝန်းကျင် ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ KIO ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသလို ဒေသတွင်း သတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
အဲဒီကျေးရွာတွေမှာ ပြီးခဲ့တဲ့ သတင်းတပတ်အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ ဒရုန်းတို့ကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို စာသင်ကျောင်း အဆောက်အဦး တွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ကချင်လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ကချင် လူ့အခွင့်အရေး စောင့်ကြည့် နေတဲ့အဖွဲ့(KHRW) ရဲ့ ဧပြီ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က လဝါးကျေးရွာရှိ ဒေသခံများ၏ နေအိမ် (၁၀၀)နီးပါးကို မီးရှို့ ဖျက်ဆီးခဲ့ကြသလို ဒေသခံပြည်သူနှစ်ဦး ဖြစ်တဲ့ အသက် ၃၉ နှစ်ရှိ ဒေါ် ပေါ်ခေါန်ရွယ် (Hkoi Roi) နှင့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ စိတ်ကျန်းမာရေးမကောင်းသူ အင်လာနော် (Nla Naw)ကိုလည်း သတ်ဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အခုသတင်းတပတ်အတွင်းမှာ လဝါးကျေးရွာဝန်းကျင်တွေမှာ စစ်ကောင်စီ တပ်ရင်း (ခလရ) ၂၉၇ နှင့် ၂၉၇ နဲ့ မင်းဇေသန့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ ခြေလျင်ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် ဧပြီ ၁၉၊ ၂၀ ရက်နေ့ကလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့နဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA)၊ ပူးပေါင်းတပ်ဖွဲ့တို့ကြား အဲဒီနယ်မြေတွေထဲမှာ နှစ်ဖက်တင်းမာနေပြီး စစ်ရေးလှုပ်ရှားမှု ရှိနေတာကြောင့် ဒေသခံ စစ်ဘေးရှောင်နေကြတဲ့ သူတွေ နေရပ်ပြန်ဖို့ အခက်အခဲ ရှိနေသေးတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
“အခုရက်ထဲမှာပဲ လေကြောင်းဗုံးကြဲ တိုက်ခိုက်တာတွေလည်း ရှိနေတယ်။ လက်ရှိ စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေကတော့ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူး။ လက်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ရက်ကြာလာပြီဖြစ်လို့ အရေးပေါ် ဆေးဝါးနဲ့ အစားအသောက် အကူအညီတွေလည်း လိုအပ်နေတယ်” လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဧပြီ ၂၂ ရက်နေ့ဟာ ယာယီအပစ်ရပ်ကြေညာချက်များ ပြီးဆုံးသွားပြီဖြစ်လို့ နှစ်ဖက် စစ်ရေးအရှိန်မြင့်တက်လာနိုင်ပြီး မြစ်ကြီးနား-ဖားကန့်-တနိုင်း လီဒီလမ်းပိုင်းတွေဟာ သတင်းအပတ်နဲ့ကြာ လမ်းပိတ်သွားတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာနေသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
ဓါတ်ပုံ – CJ (လဝါး စစ်ဘေးရှောင် ပြည်သူများ)