
အမေရိကန်ရဲ့ စစ်ရေးအကူအညီကိစ္စ အိန္ဒိယအစိုးရမေးမြန်းမှုရှိဟု CNF ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၂၁ ၊ ၂၀၂၅။
ဘင်္ဂလားဒေ့ရှ်ကတဆင့် အမေရိကန်နိုင်ငံဘက်က ချင်းပြည်နဲ့ ရခိုင်ပြည်ထဲက တော်လှန်ရေးတပ်ဖွဲ့တချို့ကို စစ်ဘက်ဆိုင်ရာ အကူအညီပေးအပ်ဖို့ စီစဥ်နေကြောင်း အိန္ဒိယအခြေစိုက်သတင်းဌာနတွေမှာ ရေးသားလာပြီးနောက် အိန္ဒိယအစိုးရဘက်က ဆက်သွယ်မေးမြန်း လာတာရှိတယ်လို့ ချင်းအမျိုးသား တပ်ဦး(CNF)ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒီကနေ့ ဧပြီ ၂၁ မနက်ပိုင်းမှာ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲကတဆင့် ပြောပါတယ်။
“ဒီကိစ္စ အိန္ဒိယအစိုးရကတောင် မေးလာတဲ့အနေအထားတွေရှိတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ကျနော်တို့ CNF အနေနဲ့ တိုက်ရိုက်ပတ်သက်တာမရှိတော့ အဓိကတော့ သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမေရိကနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်။ အဲဒါက ဖြစ်နိုင်တယ်လို့ ပြောလို့မရသလို၊ မဖြစ်နိုင်ဘူးလို့ တပ်အပ်ပြောလို့လည်း မရပြန်ဘူး။ နှစ်နိုင်ငံအစိုးရတွေရဲ့ ကိစ္စဖြစ်လို့ ပြောဖို့ခက်သလို သက်ဆိုင်ရာ CNF တပ်အကြီးအကဲတွေလည်း သတင်းနှင့် ပြန်ကြားရေးအတွက် အကြောင်းကြားတာမျိုးတော့ မရှိဘူး” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဒါပေမယ့် ချင်းအမျိုးသားတပ်ဦး(CNF) ကတော့ နွေဦးတော်လှန်ရေးကာလမှာ နိုင်ငံတကာအပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ တွေဆုံ ဆွေးနွေးမှု၊ ထိတွေ့ဆက်ဆံတာတွေ ရှိတယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ သူက ထည့်ပြောပါတယ်။
အိန္ဒိယအခြေစိုက် Northeast News သတင်းဌာနရဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ သတင်းဖော်ပြချက်အရ အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က တပ်ရင်းသုံးရင်းကတစ်ဆင့် ရခိုင်နဲ့ချင်းပြည်နယ်ထဲက ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် တော်လှန်ရေးတပ်တွေက စစ်ကောင်စီကိုအနိုင်ယူ ဖြိုခွင်းနိုင်တဲ့အထိ စစ်ရေး အထောက်အပံ့ဇုန်တစ်ခု ထူထောင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကိုအမေရိကန်အစိုးရရဲ့ ပစိဖိတ်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ် ချုပ်ကြီး ဂျိုဝယ်လ်ဗောင်ဝဲလ် ရောက်ရှိခဲ့ချိန်မှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ Northeast News သတင်းဌာနက ရေးသားဖော်ပြထားပါသေးတယ်။
ဓါတ်ပုံ – Getty Images