တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 10, February 4, 2025)

 ၁။  ဘောလခဲမြို့မှာတိုက်ပွဲ​တွေအချိန်မ​ရွေးဖြစ်နိုင်လို့ပြည်သူ​တွေ ၁၀ ရက်အတွင်း​ရွေ့​ပြောင်းရန်ကရင်နီတပ်​ပေါင်းစုသတိ​ပေး
Feberuary 3, 2025
ကရင်နီပြည်နယ်၊ဘောလခဲမြို့​ပေါ်မှာ အချိန်မ​ရွေးတိုက်ပွဲ​တွေဖြစ်လာတဲ့နိုင်ပြီး ဒေသခံပြည်သူ​တွေအ​နေနဲ့ ၁၀ ရက် အတွင်း ​ရွေ့​ပြောင်းကြဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သတိ​ပေးလိုက်ပါတယ်။ ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည် သူ့လွတ်မြောက်ရေးတပ်မတော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တို့ကအချက် ၄ ချက်ပါတဲ့ပူးတွဲထုတ်ပြန်ချက်ကို ​ဖေ​ဖော်ဝါရီ ၂ ရက်​နေ့မှာထုတ်ပြန်တာဖြစ်ပါတယ်။ “မြေပြင်စစ်ဆင်ရေးလိုအပ် ချက်အရ ထုတ်ပြန်တာ ဖြစ်ပါတယ်။အဲဒီတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြည်သူတွေကို စစ်ကောင်စီရှိနေတဲ့ ​ဘောလခဲ မြို့ကို ဝင်ထွက်သွားလာတာမလုပ်ဖို့ မေတ္တာရပ်ခံတာမျိုးပါ။ စစ်ဆင်ရေးတွေက ပြင်းထန်လာနိုင်တာမျိုးရှိတယ်”လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်စခန်း​တွေနား မသွားကြရန်၊ စစ်ကောင်စီ ရဲ့ ယန္တရားထောက်တိုင်​တွေနဲ့ မပတ်သတ်မပူးပေါင်းကြရန်၊ Non CDM ၀န်ထမ်း၊ စစ်မှုထမ်းဟောင်း​တွေ ရပ်ကွက်အုပ်ချုပ်​ရေး မှူးများအနေ​နဲ့ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်မှုမှာ မပါဝင်ကြရန်၊ စစ်ကောင် စီတပ်စခန်းအနီးမသွားရန်ဖို့ ပူးတွဲထုတ်ပြန် ချက်မှာသတိ​ပေးထားပါတယ်။

ဒါအပြင်ပူး​ပေါင်းတပ်က ပြည်သူ​တွေကို​မြို့က​နေရှောင်ရှားကြဖို့သတိ​ပေးတဲ့ဖေ​ဖော်ဝါရီ ၂ ရက်က​နေ ၁၀ ရက်အတွင်း ရှောင်ရှားကြရန်နဲ့ ​ရှောင်ရှားခြင်းမရှိပါက ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲကိစ္စများကို တော်လှန်ရေးတပ်ပေါင်းစုက ​ဖြေရှင်းမည် မဟုတ်ဘူးလို့သတိ​ပေးထားပါတယ်။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရဲ့ တာဝန်ရှိသူတဦးကလည်း “ပြည်သူတွေထိခိုက်မှာ မလိုချင်လို့ပဲ။ တိုက်ပွဲကတော့ ထုတ်ပြန်စာအတိုင်းအချိန်မရွေးဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။ လက်ရှိ ဘောလခဲမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်အင်အား ရိက္ခာနဲ့ဆေးဝါးများဆက်တိုက် ဖြည့်တင်းနေတယ်လို့ဆိုပါတယ်။ ဒါ​ကြောင့်နှစ်ဖက်ထိတွေ့ တိုက်ပွဲ​တွေအချိန်မရွေးဖြစ်ပွားနိုင်တယ်လို့ ကရင်နီပူး​ပေါင်းတပ်ကအသိပေးထားပါတယ်။”ဘောလခဲကတပ်မြို့လို့ပြောရတယ်။ စစ်အခြေချ ဗျူဟာပါရှိတာဆိုတော့ စကစ အသိုင်း အဝိုင်းများတယ်။ သိရသလောက် ဘောလခဲကို စကစ ဘက်က စစ်ပြင်တာ ပြီးခဲ့တဲ့လကတည်းက”လို့ ကရင်နီ​ဒေသခံ စစ်​ရေးသတင်းရင်းမြစ်တဦးကဆိုပါတယ်။ ဘောလခဲမြို့မှာ စစ်ကောင်စီတပ်ရဲ့အခြေ ချစစ်ဗျူဟာ၊ ခမရ (၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇)တို့ရှိပါတယ်။ ဒါအပြင်ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(စကခ-၂)လက် အောက်ခံတပ်ရင်းအချို့ကိုပါ အင်းအားထပ်ဖြည့်ထားပါတယ်။ ဘောလခဲမြို့နယ်မှာ ၂၀၂၀ ခုနှစ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ လူဦး​ရေ ၈,၀၈၉ ဦး​နေထိုင်ပါတယ်။ Read in Full

၂။ ဗန်းမော် စစ်ကောင်စီအမြောက်တပ် ၃၆၆ ကို KIA သိမ်းယူ
 February 3, 2025
ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီအမှတ် ၃၆၆ အမြောက်တပ်စခန်းကို ကချင်လွတ်လပ် ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည် ပြုပြောကြားပါတယ်။ ဗန်းမော်မြို့ အခြေစိုက် စစ်ကောင်စီ အင်အားအများအပြားတပ်စွဲထားတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၂၁) အနီးမှာရှိနေတဲ့ အမတ ၃၆၆ ကို မနေ့ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းမှာလည်း KIA နဲ့ ကချင်ဒေသ ကာကွယ် ရေးတပ် (KPDF) ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။“မနေ့က ၅ နာရီဝန်းကျင်လောက်မှာ အမတ ၃၆၆ ကို သိမ်းလိုက်တာဟုတ်ပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ အမြောက်တပ်ကို သိမ်းယူထားနိုင်ခဲ့ပြီး စစ်သုံ့ပန်း ဖမ်းဆီးရမိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်လည်စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်တွေအတွင်း အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းကို ဇန်နဝါရီ ၂၅ ရက်မှာ သိမ်းယူနိုင်ခဲ့သလို ဗန်းမော်လေဆိပ်ကိုလည်း KIA ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၆ ရက်မှာ စတင်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခု အမတ ၃၆၆ ကို ထပ်မံသိမ်းယူနိုင်ခဲ့ချိန် ဗန်းမော်မြို့အတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ရင်းစခန်း ၂ ခုနဲ့ လေဆိပ်ကို KIA က ထိန်းချုပ်လာနိုင်တာလည်းဖြစ်ပါတယ်။ ဗန်းမော်မြို့အတွင်း စစ်ကောင်စီ အဓိကဌာနချုပ်ဖြစ်တဲ့ စကခ ၂၁ ရှိနေပြီး လက်အောက်ခံ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့အမှတ် ၂၃၆ နဲ့အမှတ် ၄၇ တို့လည်းရှိနေသလို အမြောက်တပ်တွေဖြစ်တဲ့ အမတ ၃၆၆၊ အမတ ၃၀၄ နဲ့ အမှတ် ၇၀၀၆ သံချပ်ကာကားတပ်ရင်း၊ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းတို့လည်းရှိနေတာဖြစ်ပါတယ်။ Read in Full

၃။ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် လေးနှစ်အတွင်း ချင်းပြည်မှာ လူပေါင်း ၁၀၀၀ ခန့်သေဆုံး
 February 3, 2025
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၉၆၅ ဦးသေဆုံးသွားခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) အဖွဲ့က ပြောသည်။ ချင်းပြည်သူများအပေါ် စစ်ကောင်စီ ၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ မှတ်တမ်းကို ICA အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ထားသည်။ ချင်းပြည်သူ ၉၆၅ ဦး သေဆုံးခဲ့ရ သည့်အထဲတွင် အရပ်သား ၄၉၁ ဦးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးပါဝင်သည်ဟု ဆိုသည်။ သေဆုံးခဲ့ရသည့် တော်လှန် ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးထဲတွင် အမျိုးသမီး ၉ ပါဝင်ကြောင်း ICA က ပြော သည်။ ယင်းအပြင် လေးနှစ်တာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် ချင်းပြည်သူ ၇၇ ဦးသေဆုံးပြီး ၁၀၅ ဦးအထိ မိုင်းထိ၍ ဒဏ်ရာရရှိခဲ့သည်။ မြေမြှုပ်မိုင်းကြောင့် ထိခိုသေဆုံးသူများအားလုံးသည် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသော ချင်းပြည်သူများဖြစ်ကြ သည်ဟု ICA က ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသည် လေးနှစ်အတွင်းမှာ ချင်းပြည်ကိုလေကြောင်းတိုက်ခိုက်မှု၂၄၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၀၆၁ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ICA ကထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်သူ ၂၄၉ ဦး သေဆုံးခဲ့ရပြီး ၄၂၄ ဦးကျော် ဒဏ်ရာရရှိသွားကြောင်းနှင့် လူနေအိမ်ပေါင်း ၁၂၈၀ ကျော်၊ အစိုးရအဆောက် အဦး ၃၈ လုံး၊ ဘာသာရေးအဆောက်အဦး ၃၉ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်ဟု သိရသည်။ ဆက်လက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းပြည်သူများ၏နေအိမ် ၃၄၇၉ လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု လည်း ICA က ပြောသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းနီးပါးရှိသည့်အနက် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အိန္ဒိယနိုင်ငံသို့ ၆၅၀၀၀ ကျော် စစ်ရှောင်သွားရပြီး၊ ချင်းပြည်ထဲမှာ ၁၃၀,၀၀၀ ခန့်ရှိကြောင်း ICA က ထုတ်ပြန်ထား သည်။ Read in Full

၄။ ကရင်ပြည်နယ်တွင် နိုင်ငံရေးအရ ပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့များတွေ့ဆုံဆွေး နွေးမည်
 February 3, 2025
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေး ပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြကြောင်း ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) ဒုတိယဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။ “အခု ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ပါတီတွေ ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဟိုဘက်က လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင် ဖို့ ဆွေးနွေးနေကြတယ်။ ဒီဘက်က တပ်မတော်နဲ့တော့ မဟုတ်သေးဘူးပေါ့။ ဒီဘက်က အခြေအနေပေါ့။  အဲဒါ (တွေ့ဆုံဆွေး နွေးဖို့)ကို ကျွန်တော်တို့ အများကြီးမျှော်လင့်တယ်။ ဖြစ်လာစေချင်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အခက်အခဲအကြပ်အတည်းများအား လက်နက်ကိုင်ဖြေရှင်းခြင်းသည် သမိုင်းကြောင်းအရ အောင်မြင်ခဲ့ခြင်းမရှိသဖြင့် စားပွဲဝိုင်းအတွင်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည်သာ ဖြစ်နိုင်ချေရှိသည်ဟု သူ၏အမြင်ကို ထောက်ပြသည်။ “ဖြစ်လာနိုင်မလား၊ မဖြစ်လာနိုင်ဘူးလားဆိုတာကတော့ ပါဝင်ပတ်သက်နေတဲ့ ရင်ဆိုင်နေကြ တဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ်အများကြီးမူတည်တယ်”ဟု ဖြည့်စွက်ရှင်းပြသည်။ လက်ရှိတွင်တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်မြောက်ပိုင်း၌ တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲမှု သဘောတူညီမှုရရှိခဲ့သည်မှာ တွေ့ဆုံ ဆွေးနွေးခြင်း၏ ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း၎င်းက ဆိုသည်။ ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီသည် ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ UEC မှ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် ပါတီတစ်ခုလည်းဖြစ်သည်။ Read in Full

၅။ စစ်တွေမြို့မှာ ထိပ်ပိုင်းအရာရှိအချို့ကို စစ်ကောင်စီ အပြောင်းအလဲလုပ်
 February 3, 2025
ရခိုင်ပြည်ထဲက စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့တော် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့နှင့် ရေတပ်ဌာနတို့တွင် ထိပ်ပိုင်း အရာရှိအချို့ကို အပြောင်းအလဲလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့တွင် ရုံးစိုက်ထားသော ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် ရဲမင်းကြီး အပြောင်းအလဲနှင့် စစ်တွေရေတပ်ဌာနချုပ်တွင် ရေတပ်အကြီးအကဲကို ပြောင်းအလဲလုပ်ထားကြောင်း မြို့ခံတစ်ဦးကပြောသည်။ “နာမည်တွေဘာတွေနဲ့တော့တွဲပြီးမသိဘူး။ ဌာနဆိုင်ရာဝန်ထမ်းအချို့ပြောတာကရဲမင်းကြီးနဲ့ ရေတပ် အကြီးအကဲကို အပြောင်းအလဲလုပ်ထားတယ်။ ဇန်နဝါရီလထဲမှာ အပြောင်း အလဲလုပ်ထားတယ်လို့ သိထားတယ်။ ရဲမင်းကြီး အသစ်ရောက်လို့ ဧည့်စာရင်းစစ်တပ်၊ နေ့ခင်းဆိုရင်လည်း ကင်းလှည့်ဆောင်ရွက်တာ ပိုလုပ်တာ တွေ့ရပါတယ်” ဟု ပြောသည်။ လမ်းမတော်၊ တရားသီးစုရပ်ကွက်တို့တွင် အစစ် အဆေးများနေပြီး ကယ်ဆယ်ရေး အကွက် (၁)၊ အကွက် (၂) တို့တွင် ညအပါအဝင် နေ့ခင်းလည်း လာရောက်စစ်ဆေး မှုများရှိကြောင်း စစ်တွေမြို့ခံများက ဆိုသည်။

“ရာထူးကြီးတွေ အပြောင်းအလဲကြောင့်ဆိုပြီး စစ်တွေမြို့ထဲ စစ်တပ်ကားတွေ၊ ရဲကားတွေ အများကြီးနဲ့ သွားလာနေတာ ကို ပိုတွေ့လာရတယ်။ ရဲမင်းကြီးအသစ်က စစ်တွေမြို့ကို လှည့်ပတ်ကြည့်ပုံရပါတယ်။ မြို့ရဲ့ အနေအထားနဲ့ သူတို့ရဲ့ လုံခြုံရေးယူ ထားတဲ့ အခြေအနေတွေကို ကြည့်ပုံရပါတယ်”ဟု ကျောင်းကြီးလမ်းရပ်ကွက် ဒေသခံတစ်ဦးကဆိုသည်။ အာဏာသိမ်း စစ်ကောင်စီသည် အာဏာသိမ်း ၄ နှစ်ပြည့်ပြီးနောက် စစ်အုပ်ချုပ်ရေးကာလကို ထပ်မံ ၆ လအထိ ထပ်မံတိုးထားပြီး စစ်ကောင်စီ အဖွဲ့ကိုလည်း အပြောင်းအလဲလုပ်ထားသလို ဝန်ကြီးအချို့ကိုလည်း အပြောင်း အလဲထားကြောင်းသိရသည်။ စစ်တွေမြို့သည် အာရက္ခတပ်တော် AA နှင့် စစ်ရေးတင်းမာနေသော မြို့ဖြစ်ပြီး နေ့တိုင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း AA က ဆိုသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း စစ်တွေမြို့ထဲရှိ စစ်ကောင်စီ တပ်ရင်းအချို့က အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းနှင့် ပေါက်တောဒေသများသို့ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း မြို့ခံနောက်တစ်ဦးကဆိုသည်။ “လက်နက်ကြီးပစ်ခတ်ခံထပ်ပြီးကြားရပါတယ်။ မကြားရတာ ရက်တော်တော်ကြာပါပြီ။ ဒီနေ့ပြန်ကြားရပါတယ်။ တိုက်ပွဲဖြစ်နေလို့ ပစ်ခတ်တာလား၊ မဖြစ်ဘဲ ရမ်း သန်းပစ်ခတ်တာမျိုးလားတော့ မသိဘူး။ ပြည်သူတွေကတော့ ထိလန့်နေကြတာပေါ့”ဟုပြောသည်။  Read in Full

၆။ မဲပလီပျူဟာကုန်းစခန်းမှ စစ်သုံ့ပန်း (၂၇) ဦးကို လက်နက်ကြီးများနှင့်အတူ ဖမ်းဆီးရမိ
 February 3, 2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ မဲပလီဗျူဟာစခန်းကုန်းကိုသိမ်းပိုက်ရာ စစ်သုံ့ပန်း (၂၇)ဦးဖမ်း ဆီးရမိပြီး (၁၂၀)မမ ဟောင်ဝှစ်ဇာလက်နက်ကြီးအပြင် ပွိုင့်ဖိုက်နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိသည်ဟု နဂါးဖြူစစ် ကြောင်းထံမှ သိရသည်။ စစ်ရေးအရ အချက်အချာကြသော မဲပလီ(မယ်ပရေးခီး)ဗျူဟာစခန်းကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ နံ နက်(၉)နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက်(၁၀)နာရီခွဲတွင် သိမ်းပိုက်ရရှိသည်ဟု ဆိုသည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူ (၅)ကြိမ်ပေးခဲ့ပြီး နတ်ကြီးတပ်စခန်းမှလည်း လက်နက်ကြီးပစ်ကူ (၁၁)ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စခန်းသိမ်းပိုက်ရာ စစ်ကောင်စီသား(၄၀)ဦး ထက်မနည်းသေပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးကို ဖမ်း ဆည်းရမိကာ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော်(၄)ဦးကျဆုံးသည်ဟုသိရသည်။ ထို့အပြင်ဗျူဟာမှူးအပါ အဝင်အင်အား (၂၀)ခန့်ထွက်ပြေးနေ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လိုက်လံတိုက် ခိုက်နေသည်ဟုလည်း သိရသည်။ စခန်းသိမ်းတိုက်ခိုက်မှု ကို KLNA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း PDF ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ Read in Full

၇။  TNLA နှင့် ပြဿနာဖြစ်ပွားမှု ရှေ့တန်းတပ်မှူးများ တွေ့ဆုံဖြေရှင်းပြီးဖြစ်ဟု KIA ပြော
 February 4, 2025
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအချို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA) အကြား နယ်မြေဆိုင်ရာအငြင်းပွားပြီး ပြဿနာများဖြစ်ပွားခဲ့မှုကို သက်ဆိုင်ရာဒေသရှိ မြေပြင်တပ်မှူးများတွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ခဲ့ ၍လတ်တလောပြဿနာများမရှိတော့ဟု KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အပါအဝင် ဒေသအချို့၌ ဇန်နဝါရီလတွင် KIA နှင့် TNLA မြေပြင်တပ်ဖွဲ့များအကြား ပြဿနာများ မကြာခဏ ဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားမှု ပစ်ခတ်မှုမရှိသော်လည်း အပြန်အလှန် အချင်းများမှုများရှိခဲ့သည်။ အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး မကြာသေးမီက KIA နှင့် TNLA သက်ဆိုင်ရာတပ်မှူးများတွေ့ဆုံခဲ့သည့် သတင်းများအပေါ် ဗိုလ်မှူးကြီး နော်ဘူ ကအတည်ပြုဖြေကြားခဲ့ခြင်းဖြစ် သည်။“TNLA နဲ့ ဖြစ်တဲ့ပြဿနာတွေကတော့ဒေသခံ လူကြီးတွေနဲ့တွေ့ဆုံ ဆွေးနွေး ပြီးမှအခု ဒီဘက်ပိုင်းကတော့ပြဿနာတွေမရှိတော့ဘူး။ ပြန်ငြိမ်သွားပါပြီနော်။ စာချုပ်တွေချုပ်ထားတာလောက်တော့ မဟုတ် ပါဘူး။ ရှေ့တန်းကရှေ့တန်းမှူးတွေသူတို့ အချင်းချင်းတွေ့ပြီးတော့ အခုလိုမျိုးထိတွေ့ပွတ်တိုက်မှုမဖြစ်အောင် နှစ်ဖက်ကတော့ ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ပြောထားတယ်လို့ ကြားပါတယ်။”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

တွေ့ဆုံဆွေးနွေးမှု၌ သဘောတူညီချက်များအနက် လိုအပ်ပါက အချင်းချင်းအကြောင်းကြားပြီးသွားလာရန် ကိစ္စကို အချင်းချင်း ညှိနှိုင်းဖြေရှင်းခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။ KIA နှင့် TNLA အကြား ပြဿနာ ဖြစ်ပွားမှု၊ ဆွေးနွေးဖြေ ရှင်းနိုင်မှု အခြေအနေများနှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးအား ယနေ့ (​ဖေ​ဖော်ဝါရီ ၄ ရက်​နေ့) ထပ်မံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။ သို့ရာတွင် TNLA ဥက္ကဋ္ဌအပါ အဝင်ထိပ်ပိုင်းခေါင်းဆောင်များက မဟာမိတ်အချင်းချင်းအကြား ပြဿနာများကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းရမည်ဖြစ်ပြီး ဘုံရန်သူစစ်ကောင်စီကိုသာ ညီ ညွတ်စွာ တိုက်ခိုက်ကြရမည်ဟု သဘောထားများ ထုတ်ပြန်ပြောဆိုထားသည်။ Read in Full

၈။  လမ်းတွင်တားဆီးစစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးကို ရိုက်နှက်
 February 4, 2025
မြစ်ကြီးနားမြို့ပြင်၊ နောင်နန်းအုပ်စုတွင် ညအချိန် လမ်းမပေါ်လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ် သွားဖြတ်လာပြည်သူအချို့ကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကိုရိုက်နက်ခဲ့ကြောင်း သိရသည်။ ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ ဒေသအခေါ် ဂျော်ဘွမ်လမ်းခွဲတွင် ပြီးခဲ့သည့် ဖေဖော်ရီ ၂ ရက်နေ့ညက စစ်ဆေးရေးပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထား သူများမှ တစ်ဦးကို ရိုက်နက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။“ဂျော်ဘွမ်ကနေ လမ်းမကြီးဘက်ကို ဆင်းလာ တာ။ စစ်ကောင်စီတွေက လမ်းမပေါ်မှာရှိနေတာ အဲ့မှာဖမ်းပြီး စစ်တာ။ သေနတ်နဲ့လည်းချိန်တယ် သေနတ်ဒင်းနဲ့လည်း ခေါင်း မှာထုပေးတယ်။ သူတို့ထုပေးလို့ သွေထွက်သွားတော့ နည်းနည်းကြာတော့ သူတို့ကားပေါ်က အဝတ်ပြန်ယူပြီး ခေါင်းမှာဖုံးခိုင်း ထားတယ်”ဟုပြောသည်။ အဆိုပါအမျိုးသားမှာ ဦးခေါင်ညာဘက်ခြမ်းတွင်ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သွားဖြတ်လာ ပြည်သူ ၆ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ည ၁၁ နာရီခန့်တွင် ပြန် လွတ်ပေးခဲ့ကြောင်း ဖမ်းဆီခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကျမ်းစာသင်ကျောင်းဝင်းရှေ့မှာ သူတို့ကတားပြီးမှ ဘယ်ကပြန်လာတာလဲဆိုတာတွေ မေးတယ်။ ဖုန်းပါလား။ လွယ် အိတ်တွေစစ်ဆေးတယ်။ ပြီးရင်ကားလမ်းကိုမကြည့်နဲ့ဆိုပြီး ဒီတိုင်းကားလမ်းဘေးမှာထိုင်ခိုင်းထားတယ်” ဟုပြော သည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များက ည ၉ နာရီခန့်မှစတင်ကာ ကချင်ဓမ္မတက္ကသိုလ် (KTCS) ကျောင်းရှေ့တွင် အိမ်စီးကားနှစ်စီး ဖြင့် လာရောက်လုံခြုံရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ည ၁၁ နာရီခွဲခန့်တွင် ဆွမ်ပရာဘွမ်လမ်းမပေါ် နောင်နန်း ကျေးရွာအထက်ရှိ လမုန့်ဇွပ်ကျေးရွာကို အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကားသုံးစီးရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်သို့ လက် နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။“မီးပျက်တဲ့အချိန် ၁၀ နာရီလောက်ကနေလှုပ်ရှားပြီ။ လက် နက်ကြီးကိုလည်း မြစ်ကြီးနားကနေသယ်လာတယ်ထင်တယ်။ ထကြည့်တော့ အင်ခိုင်ဘွမ်ဘက် မီးလုံးတွေပျံသွားတယ်။ စစ်ဖြစ် ပြီတောင်ထင်သွားပြီး အထုပ်တွေတောင်ပြင်လိုက်တယ်”ဟုပြောသည်။ ယခုရက်ပိုင်းစစ်ကောင်စီတပ်ကမြစ်ကြီးနားမြို့အထက် ပိုင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းသို့ အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး ဇန်နဝါရီ ၂၉ ရက်နေ့ညက မြစ်ဆုံ အ နီးရှိ အောင်မြင်သာကျေးရွာနှင့် ကျိန်ခရန်ကျေးရွာတို့တွင် ညအိပ်တပ်စွဲသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်ခိုင်ဘွမ်သို့ ထွက်ခွာသွားကြောင်း သိရသည်။ Read in Full

၉။ နောင်ချိုမှာ စစ်ကောင်စီတပ်ထိုးစစ်ကြောင့်တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ TNLA ထိန်းချုပ်နေရာတချို့လက် လွတ်နေရ
February 4, 2025
ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာနဲ့ နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားရှိ ဂန့်ကော်ကျေးရွာအနီး တစ်ဝိုက်မှာစစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော် TNLA အကြားနေ့စဥ်လိုလိုတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့စုံစမ်း သိရှိရပါတယ်။ တောင်ခမ်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းကနေ TNLA ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က ထိုးစစ် ဆင်တိုက်ခိုက်တာတွေပြုလုပ်နေပြီး လက်နက်ကြီးနဲ့ ဒရုန်းသုံး တိုက်ခိုက်တာတွေကို စစ်ကောင်စီက ပိုသုံးလာတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီကဆက်တိုက်ထိုးနေတာ။ TNLA ကထိန်းချုပ်ထားတဲ့နေရာတွေ ပြန် ဆုတ်ပေးရတာရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်တယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းကို ဦးစားပေး သုံးလာတာတွေ့ရတယ်”လို့ ဆိုပါတယ်။

တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် (၉၀၂) အပါအဝင် အမြောက်တပ်တပ် စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး တောင်ခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ် အကြား တိုက်ပွဲပြင်းထန်နေတာလည်း ၅ လနီးပါးကြာရှိနေပြီဖြစ်ပါတယ်။ တောင်ခမ်းတိုက်ပွဲ စတင်ဖြစ်ပွားချိန် စစ်ကောင်စီရဲ့ အမြောက်တပ် ၂၀၆ ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ တောင်ခမ်းကျေးရွာရှိ အမြောက်တပ်စခန်း အားလုံးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားပါတယ်။ တောင်ခမ်းနဲ့ မိုင် ၂၀ ခန့်ကွာဝေးတဲ့ နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက် ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် ဘက်ကတော့ တောင်ခမ်းတိုက်ပွဲနဲ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ Read in Full

၁၀။ စစ်တပ်ကစစ်ကြောင်းထိုးခဲ့တဲ့သရက်ချောင်းမှာ သံဃာတော်သုံးပါးနဲ့ အရပ်သားနှစ်ဦး ပျောက်နေ
 February 3, 2025
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရက်တိုအထိုင်ချခဲ့တဲ့ သရက်ချောင်းမြို့နယ်၊ သဲလမ်းရွာမှာ သံဃာတော်တွေနဲ့ အရပ်သားတွေပျောက်ဆုံးနေတယ်လို့ ရွာခံတွေက ပြောပါတယ်။ ဂုံညင်းဆိပ်ကျေးရွာအုပ်စု၊ သဲလမ်းရွာက ရေကျော်တောင် ဘုန်းကြီးကျောင်းမှာသီတင်းသုံးနေတဲ့ သံဃာတော်သုံးပါးနဲ့အတူ အသက် ၆၀ ကျော်အရွယ် ဦးအေးမင်းနဲ့ လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးတို့ ပျောက်ဆုံးနေတယ်လို့ ရွာခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ကစပြီး သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာပါ။ အဲဒီစစ်ကြောင်းဟာ သဲလမ်းရွာထဲကို ၂၈ ရက်နေ့က ဝင်ရောက် လာပြီး ရွာမှာအထိုင်ချတပ်စွဲခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့က ရွာကနေပြန်ထွက်သွားခဲ့ပြီး ထွက်ပြေးတိမ်း ရှောင်နေရတဲ့ ရွာသားတွေ ရွာကိုပြန်လာချိန်မှာ သံဃာတော်တွေနဲ့ အရပ်သားတွေပျောက်နေတာကို သိခဲ့ကြရတာပါ။“စစ်တပ် ကပဲခေါ်လို့ပါသွားတာလားမသိဘူး အနီးအနား ဘုန်းကြီးကျောင်းတွေမှာ ဝင်ခိုနေတာလည်း မတွေ့ရဘူး လိုက်မေးကြည့်ပြီးပြီ” လို့ အသက် ၃၀ ကျော်အရွယ် ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ရွာထဲရောက်လာတဲ့စစ်ကောင်စီတပ်က ဂုံညှင်းဆိပ်နဲ့ သဲလမ်းရွာက အိမ်တွေကို ရွာလုံးကျွတ်မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့လည်း ရွာခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ညနေပိုင်းမှာ သဲလမ်းရွာက တိုက်တစ်ပိုင်း သစ်တစ်ပိုင်းဆောက်ထားတဲ့ နှစ် ထပ်အိမ်တစ်ဆောင်နဲ့ အိမ်ထဲမှာရှိနေတဲ့ ဆိုင်ကယ်နှစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။ အဲဒီအိမ်တွေ ဟာမီးရှို့ခံရတယ်လို့ပြောသူရှိသလို လက်နက်ကြီးကျည်ကျပြီး မီးလောင်ပျက်စီးတယ်လို့လည်းပြောဆိုနေကြပေမယ့်အတိအကျ ကိုတော့မသိရသေးပါဘူး။ စစ်ကြောင်းထိုးနေတဲ့ တစ်ပတ်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။“စစ်တပ်ဘက်ကလည်းထိတဲ့ပုံပဲ။ လက်အိတ်နဲ့အင်္ကျီတွေကျည်ထိပြီးပေါက်ပြဲနေတာတွေ့ရတယ်။ ကျန်တာတော့ဘာအစအနမှမကျန်ခဲ့ဘူး။”လို့ ရွာခံအမျိုးသား တစ်ဦးက ပြောပါတယ်။ Read in Full

၁၁။ ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
 February 3, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် ဆေးဝါးပြတ်လပ်မှု၊ ကျန်းမာရေးဝန်ထမ်းနည်းပါးမှုနှင့်အတူ လမ်းခရီး သွားလာရ ခက်ခဲမှုတို့ကြောင့် ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့နေရကြရကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားမှု နှင့်အတူ မြို့ပေါ်ဆေးရုံ/ဆေးခန်းများ မလည်ပတ်နိုင်သည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ကျေးလက်ဒေသများမှာ လည်း ဆေးရုံ၊ ဆေးပေးခန်းနည်းပါး၍ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြသည်။“ဆေးကုသဖို့ ဆေးရုံမရှိ၊ ဆရာဝန်မရှိတော့ ကျောက်တော်ထိ လာကုရတယ်။ မြို့ကိုတစ်ခါ ဆေးသွားကုရင် ဆေးဝါးစရိတ်၊ လမ်းစရိတ်နဲ့ ပိုက်ဆံ ၁၀ သိန်းကျော်ကုန်တယ်။ ပိုက်ဆံမရှိဘူးဆိုရင် အသက်ကိုလည်း အဆုံးရှုံးခံရမယ်” ဟု ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။ ကျေးရွာအချို့ မှာ ယာယီဖွင့်လှစ်ထားသည့် ဆေးခန်းများရှိသော် လည်း ဆေးဝါးမစုံလင်မှု၊ ခွဲစိတ်ကုသမှုများလည်း မလုပ်နိုင်သဖြင့် နာတာရှည် ရောဂါသည်များနှင့် အရေးပေါ်လူနာများအတွက်စိန်ခေါ်မှုများစွာရှိနေသည်။ ယင်းအပြင်မြို့ပေါ်ရှိ အောက်ဆီဂျင်စက်ရုံမှာလည်း မလည်ပတ်နိုင်သဖြင့် အရေးပေါ်အောက်ဆီဂျင်လိုအပ်သည့် လူနာများအတွက် မီးစက်နိုးပြီးအောက်ဆီဂျင်ပေးနေရသည်ဟုလူမှု ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

“နယ်မှာရှိနေတဲ့ ဆေးရုံတွေမှာတော့ slender အိုး မဟုတ်ဘဲ စက်နိုးပြီးပေးတဲ့နည်းနဲ့ ပေးကြတာတော့ရှိတယ်။ ကျနော်တို့ဆီမှာနဂိုကတည်းကဓာတ်မှန်စက်‌တွေလည်းမရှိတော့ အရေးပေါ်ဆိုရင် ကျောက်တော်၊ မြောက်ဦးကိုအားကိုးပြီးသွား ကြတယ်။ ဒီမှာကခွဲစိတ်ဖို့ကိစ္စတွေက ပစ္စည်းတွေကအစ ဆေးရုံမှာရှိတဲ့ ဆရာ/ဆရာမ မလုံလောက်မှု အဲလိုမပြည့်စုံတဲ့အခြေ အနေတွေရှိတယ်”ဟု ရသေ့တောင်နယ်က လူမှုကူညီရေးလုပ်နေသည့် အမျိုးသားတစ်ဦးက ပြော သည်။ ရသေ့တောင်မြို့နယ် သည် အခြားမြို့နယ်များနှင့် အလှမ်းဝေးလှသဖြင့် ဒေသတွင်းဆေးဝါးနှင့် အခြားကုန် ပစ္စည်း ဈေးနှုန်းများမှာလည်း နှစ်ဆခန့်မြင့် တက်နေပြီး ပါရာတစ်လုံးလျှင် ငွေကျပ် ၈၀၀၊ ဒိုင်ဂျေးတစ်လုံးလျှင် ငွေကျပ် ၅၀၀၊ အနာဂျင်တစ်လုံးလျှင် ငွေကျပ် ၁,၀၀၀ အထိ ရှိကြောင်း သိရသည်။ ဆေးဝါးရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ လမ်းခရီးအခက်အခဲကြောင့် အချိန်မီ ဆေးဝါး ကုသခွင့် မရ၍ အသက်သေဆုံးသွားသူများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။ ရခိုင်တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသတွင်း ဆေးဝါးအပါအဝင် ကုန်ပစ္စည်များပြတ်လပ်ကာ ဈေးနှုန်းအဆမတန်မြင့်တက်၍ ဒေသခံများ၏ နေ့စဉ်လူမှုဘဝရပ်တည်ရေးမှာ အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။ Read in Full

၁၂။ တစ်နိုင်ငံလုံးပြည်သူလူထုများလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း သူရဘွဲ့ရ ဗိုလ်မှူးဒါဘော ပြော
 February 3, 2025
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် တော်လှန်နေခြင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေး တစ်ခုအတွက် သာ မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူများလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်ဟု သူရဘွဲ့ ချီးမြင့်ခြင်းခံရသူ KNLA ၏ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူးဒါဘောက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကျရောက် သည့် ကရင့်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)-(ဗဟို) စစ်ဌာန ချုပ်က ဗိုလ်မှူးစောကိုကို (ခ) ဗိုလ်မှူးစောဒါဘောကို သူရဘွဲ့ချီးမြှင့်ပြီးနောက် ၎င်းက ယခုလိုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဗဟိုက ထုတ်ပြန်သည်။“ငါတို့တစ်မျိုးသားလုံးအတွက်ပဲ တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိ တဲ့ ပြည်သူလူထုတွေလွတ်မြောက်ဖို့အတွက် ငါတို့တိုက်ပွဲဝင်နေကြတာဖြစ်တယ်”ဟု စောဒါဘောက ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ဗိုလ်မှူးစောဒါဘောကို ရှေ့တန်းစစ်မြေပြင်တွင် မကြောက်မရွံ့ဘဲ စစ်ကောင်စီ နိုင်ငံတော်အဆင့် ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်ဆီးနိုင်ခဲ့သည့် ရဲစွမ်းသတ္တိနှင့်အတူ ခေါင်းဆောင်မှု အရည်အချင်းပြည့်မီသော ဗိုလ်မှူးတစ်ဦးအဖြစ် သူရဘွဲ့တံဆိပ်ကို (KNLA)-(ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း(G1) ဗိုလ်မှူးချုပ် စောတာမလာ သော ကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ထိုသို့ချီးမြှင့်ရခြင်းသည် ဗိုလ်မှူးစောဒါဘောအနေဖြင့် ရန်သူများကို ချေမှုန်းတိုက်ဖျက်ရာတွင် အချက် ၄ ချက်ကို အခြေခံ၍ ဘွဲ့တံဆိပ် လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်းသည် စစ်ကောင်စီတပ်ကို ချေမှုန်းတိုက် ဖျက်ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း အထက်မှ အဆင့်ဆင့် သောခေါင်းဆောင်များ၏ ထောက်ခံချက်အပြင် သူ၏ကွပ်ကဲမှု အောက်တွင် အတူတိုက်ပွဲဝင်သူများ (၃) ဦး၏ ထောက်ခံမှုအပေါ် ကာကွယ်ရေးဌာနမှူးအတည် ပြု လက်မှတ်ရေးထိုးခြင်း၊ ကောင်းမွန်သော အုပ်ချုပ်ကွပ်ကဲမှုနှင့် စစ်ရေးအရ ထိုးထွင်းကြံဆမှုရှိ၍ ဖြစ်ကြောင်း KNU မှ ထောက်ပြသည်။ ထို့အပြင် တိုက်ပွဲ တွင် ရဲစွမ်းသတ္တိပြည့်စုံစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းခြင်းနှင့် နိုင်ငံ တော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို ချိနဲ့အားနည်း သွားအောင် စွမ်းဆောင်နိုင်ခဲ့တို့ကြောင့် သူရဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် အသိပေး ပြောဆိုသည်။ Read in Full

၁၃။ မိုးဗြဲမြို့အနီးတစ်ဝိုက် တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီတပ်က ဗုံးလေးကြိမ် ကြဲချ
 February 3, 2025
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးလေးကြိမ် ဆက်တိုက်ကြဲချပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီ KNDF တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂ ရက် ဒီနေ့မွန်းလွဲ တစ်နာရီခွဲခန့်မှာ ဗုံးလာကြဲတာလို့ သူကပြောပါတယ်။“သူတို့ တစ်ခါကြဲရင် သုံး လုံး။ အခုထိနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်။ အထိအခိုက်တော့မရှိဘူး။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ဒရုန်းတွေ နဲ့ နေ့တိုင်းနီးပါး ကြဲတယ်။ မိုးဗြဲမြို့အခြေစိုက်တပ်ရင်း ခမရ – ၄၂၂ ကနေပြီး သူတို့က လက်နက်ကြီးတွေနဲ့ထုတယ်” ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ကနေ မိုးဗြဲမြို့ကို လေယာဥ်၊ လက် နက်ကြီး၊ ဒရုန်းတွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့ အတွက် အိမ်ပေါင်း သုံးဆယ်နီးပါးနဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်တဲ့သတင်းမှာ ဖော်ပြထားပါတယ်။

ရှမ်း-ကယား နယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့မှာ စစ်ကောင်ရဲ့ ခလရ -၄၂၂ တပ်အခြေစိုက်ထားပါတယ်။ အဲဒီတပ်က မိုးဗြဲမြို့ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက် အခုရက်ပိုင်းမှာ နေ့တိုင်း တိုက်ပွဲလေးတွေ ဖြစ်နေတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း KNDF နဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဆယ်ကျော်သေဆုံးပြီး ဒုအရာခံဗိုလ် တစ်ဦး၊ တပ်သား ကိုးဦး စုစုပေါင်း ဆယ်ဦး၊ သေနတ်ခုနစ်လက်နဲ့အတူ KNDF ကို ဘက်ပြောင်းခိုလှုံလာတယ်လို့လည်းဖော်ပြထားပါတယ်။ Read in Full

၁၄။ တနင်္သာရီတွင် စစ်ကောင်စီတပ်က အရပ်သားများကို အသုံးချပြီး စစ်ရေးလှုပ်ရှားနေ
 February 4, 2025
တနင်္သာရီမြို့နယ်ရှိ တနင်္သာရီ-မောတောင် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရပ်သားတွေ အသုံးချပြီး စစ်ရေးလှုပ် ရှားနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစပြီး အခုအချိန်အထိ တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ဦးဆောင်တဲ့ BLACK COBRA စစ်ကြောင်းတို့ စစ်ရေးပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ တနင်္သာရီ-မောတောင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတပ်ဖြန့်ရာမှာ အရပ် သားတွေကို အသုံးချပြီး စစ်ရေးဖော်ဆောင်နေတယ်လို့ တနင်္သာရီ ပကဖအဖွဲ့ (ဇုန် ၅) က ပြောပါတယ်။ တနင်္သာရီ ပကဖအဖွဲ့ (ဇုန် ၅) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီဘက်က စစ်ကားနဲ့ စစ်ကြောင်းထိုးဖို့အတွက် စစ်ကားမသွားခင် ၃၀၆ အမြောက်တပ်ရင်းကနေ လက်နက်ကြီးပစ်တယ်၊ ဒရုန်းချတယ်။ စစ်ကားသွားမယ့် လမ်းတလျှောက် တပ်ဖြန့်တယ်။ စစ်ကားတွေဖြတ်ပြီး တပ်ပြန်ဆုတ်ရင် နေအိမ်တွေကို မီးရှို့သွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးရာမှာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လေ့ရှိပြီး တချို့စစ်ရေးမစ်ရှင် တွေမှာ အရပ်သားပါနေတာကြောင့် ဖျက်လိုက်ရတဲ့ အခြေအနေတွေ ရှိတယ်လို့ မြေပြင်ရှိ ဒရုန်းတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ အခုလက်ရှိမှာတော့ စစ်ကောင်စီဘက်က သိန်းခွန်းရွာဘက်ကို အင်အား ၂၅၀ ဝန်းကျင်နဲ့ ထုံမခါဘက်ကို အင်အား ၃၀၀ ဝန်းကျင်လောက် စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီဘက်က တပ်ဖြန့်ပြီး ပြန်ဆုတ်ချိန် ဘန်းလမွတ်ကျေးရွာရှိ အရပ်သားနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Read in Full

၁၅။  ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေး ဂိမ်းဆိုင်နှင့်အာဝါဒေးဝိုင်းများ ပိတ်ခိုင်းကြောင်း DKBA ပြော
February 3, 2025
ထိုင်း-မြန်မာနယ်စပ်၊ နယ်ခြားစောင့်တပ်-BGF နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နယ်မြေ မြဝတီမြို့ရှိ ကျောင်းသားလူငယ်များ ဂိမ်းဆိုင်များနှင့်လောင်းကစားရုံ(အာဝါဒေးဝိုင်း)များကို ခုတုံးလုပ်၍ မူးယစ်ဆေးဝါးသုံးစွဲမှုမဖြစ်စေရန် ပိတ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ပြောသည်။ DKBA တပ်ဖွဲ့ဝင်များနှင့်မိသားစုများ သက်သာချောင်ချိရေးအတွက် မြဝတီနှင့်အနီးတဝိုက်တွင် တာဝန်ခံဖွင့်ထားသည့် ဂိမ်းဆိုင်နှင့်အာဝါဒေးဝိုင်းများအား ဇန်နဝါရီလ ၃၁ ရက်နေ့ကကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ပိတ်သိမ်းခိုင်းလိုက်သည့် ထုတ် ပြန်ချက်ကို ယင်းနေ့စွဲဖြင့် DKBA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ DKBA အနေဖြင့် မြဝတီမြို့နယ်ရှိကျောင်းသားလူငယ်များ ဂိမ်းရုံ နှင့်အာဝါဒေးဝိုင်းများ၌ မြင်းဆေးဟုအရပ်ခေါ်သည့် မူးယစ်ဆေးတစ်မျိုးကို အလွယ်တကူ သွားရောက်သုံးစွဲ၍ရနေသောကြောင့် BGF တပ်မှတာဝန်ရှိသူများနှင့်စည်းဝေးဆွေးနွေးပြီး ထိုသို့ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ဒုဗိုလ်ချုပ်ကြီး စောရွှေဝ ကပြောသည်။

“အဓိက ကလေးတွေပေါ့။ ဂိမ်းရုံမှာသွားပြီး မြင်းဆေးတွေသုံးတယ်။ ဒါကြောင့် BGF နဲ့ပူးပေါင်းပြီး ပိတ်ဖို့သဘောတူ ကြတာ၊ သူတို့လည်းသဘောတူတော့ ဂိမ်းရုံတွေကိုသွားဖြုတ်တာရှိတယ်။ ဒါကိုအမြဲလိုက်နာရမှာပါ။ မလိုက်နာရင်တော့ ဖမ်းဆီး ပြီး အချုပ်ထဲထည့်ပါမယ်။ အမိန့်ထုတ်ရဲ့သားနဲ့မလိုက်နာရင် အရေးယူခံရပါမယ်။” ဟု ဗိုလ်ရွှေဝက ပြောသည်။ ထုတ်ပြန်ချက် ထုတ်ပြီးနောက်ပိုင်း ယနေ့အထိ DKBA အနေဖြင့် မြဝတီအနီးတဝိုက်မှ DKBA တပ်ဖွဲ့ဝင်၊ တပ်မိသားစုနှင့်ဆက်နွယ်သည့် ဂိမ်း ဆိုင်ပေါင်းအလုံး(၆၀)ဝန်းကျင်ကို ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း DKBA က ဆိုသည်။ သို့သော် မြဝတီမြို့ခံအချို့၏ ပြောဆိုချက် အရမူ ယနေ့အထိ မြဝတီမြို့အတွင်းနှင့်အပြင်ဘက် တစ်ချို့ နေရာများတွင် ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားရုံများရှိနေ သေးပြီး တချို့လက်နက်ကိုင်များကပင် ဂိမ်းရုံစောင့်အဖြစ် တာဝန်ယူထားကြသည်ဟုသိရသည်။ မြဝတီမြို့နေအမျိုးသားတစ်ဦး ကလည်း “DKBA ဆက်ဆံရေးရုံးရှိတဲ့လမ်းကြားထဲမှာတောင် ဂိမ်းဆိုင်တွေရှိတယ်။ အဲဒီဆိုင်တွေတောင် အခုထိဖွင့်နေသေးတာ ပဲ။ မြို့ထဲမှာလည်း များတယ်။ တချို့ရုံတွေဆို လက်နက်ကိုင်တွေကရုံစောင့်လုပ်ပေးတာ။” ဟု ပြောသည်။ 

၁၆။ မော်လမြိုင်မြို့ပေါ်တွင် ဆက်တိုက်ဆိုသလို ပေါ်တာပြန်ဆွဲ
February 3, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ပေါ်တာပြန်ဆွဲလာ ကြောင်းသိရသည်။ စစ်မှုထမ်းနည်းဥပဒေပြဌာန်းလိုက်သည့် ဇန်နဝါရီ ၂၃ ရက် နောက်ပိုင်းမှစတင်ကာ နေ့ခင်းရောညပါ ပေါ်တာပြန်ဆွဲလာခြင်းဖြစ် ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူထံက သိရသည်။“နည်းဥပဒေထွက်လာလို့ ဆွဲတာတော့ မဟုတ်ဘူး။ နောက် အပတ်စဉ် စစ်မှုထမ်းသင်တန်းအတွက် စဆွဲတာ။ မော်လမြိုင်မြို့အဝင်အထွက်ဂိတ်တွေမှာ နေ့ခင်းဘက် တစ်ခုခု စစ်စရာရှိတဲ့ ပုံစံနဲ့ မျိုးနဲ့ဆွဲ တယ်။ညဘက်ကျတော့ မိုးမချုပ်သေးဘူး။မြို့အစွန်ပိုင်းတွေမှာ ဆွဲတယ်။ညနက်ကျတော့ အပြင်ထွက်တဲ့သူ တော် တော်နည်းသွားလို့ ဆွဲစရာလူမရှိဘူး”ဟု ၎င်းက ပြောသည်။ မော်လမြိုင်မြို့အထွက်ဂိတ်များမှ တာဝန်ကျစစ်သားများသည် ပေါ်တာဆွဲရန် တာဝန်မရှိသော်လည်း စစ်မှုထမ်းအတွက် လူတစ်ဦးဖမ်းပေးနိုင်လျှင် ငွေတစ်သိန်းကျော်ရရှိခြင်းကြောင့် ပေါ်တာ ဆွဲခြင်းဖြစ်ကြောင်း သိရသည်။“ဂိတ်စောင့်ရင်းနဲ့ ငွေရှာတာပေါ့။တကယ်ပေါ်တာဆွဲနေတာက စစ်ကောင်စီအဖွဲ့စုံနဲ့ ဆွဲတာ။ သူတို့လည်း လူဆွဲတာပိုက်ဆံရတယ်”ဟု ၎င်းကဆက် လက်ပြောသည်။ပေါ်တာဆွဲသူများသည် မော်လမြိုင်မြို့စွန်ပိုင်း၌ နေထိုင် ကြသော မြို့ခံမဟုတ်သည့် ပျံကျအလုပ်သ မားများကို ပစ်မှတ်ထားကြကြောင်း သိရသည်။

“တခြားအရပ်ကနေ မော်လမြိုင်မှာ အလုပ်လာလုပ်တဲ့ ပျံကျသမားတွေပေါ့။သူတို့ကို ဆွဲတော့သိပ်ပြီး အသံကျယ် ကျယ်လောင်လောင် မထွက်ဘူး။ စာရင်းပျောက်ပေါ့”ဟု ၎င်းကဆိုသည်။ မော်လမြိုင်မြို့ပေါ်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအတွင် ပေါ်တာအဆွဲကြမ်းခဲ့ပြီးနောက် ဇန်နဝါရီလအစပိုင်း၌ ပြန်ငြိမ်သွားခဲ့ကာ ဇန်နဝါရီလကုန်ပိုင်းမှ ပေါ်တာပြန်ဆွဲလာခြင်းဖြစ် သည်။ မော်လမြိုင်နှင့်ချောင်းဆုံမြို့နယ်ရှိ ဒေသခံများသည်စစ်မှုထမ်းဌားရန်အတွက် စစ်မှု ထမ်းကြေး လစဉ်ပေးနေရပြီး လက်ရှိတွင် စစ်မှုထမ်းတစ်ဦး ဌားရမ်းခပေါက်ဈေးမှာ ကျပ်သိန်း ၅၀ ဖြစ်သည်။ စစ်မှု ထမ်းအပတ်စဉ်ကိုးသင်တန်းကို ဇန်နဝါရီ ၂၀ ရက် တွင် စစ်ကောင်စီတိုင်းစစ်ဌာနချုပ် အသီးသီး၌ ဖွင့်လှစ်ခဲ့သည်။ Read in Full

၁၇။  တောင်ကြီးမြို့တွင် အမျိုးသမီး စစ်မှုထမ်းစာရင်းကောက်ယူရာ ကျောင်းသူများပါ ကောက်ယူထား
February 3, 2025
တောင်ကြီးမြို့ပေါ်တွင် အမျိုးသမီးစစ်မှုထမ်းစာရင်းရောက်ယူရာကျောင်းတက်နေသည့် ကျောင်းသူများပါစစ်မှုထမ်းရန် စာရင်းပါဝင်နေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ဇန်နဝါရီနောက်ဆုံးပတ်၌ အမျိုးသမီး စစ်မှု ထမ်းစာရင်းစတင်ကောက်ယူပြီး ကျောင်းသူဖြစ်လျှင် ကျောင်းထောက်ခံတောင်းခံရကြောင်း ဒေသခံဆီမှာသိရသည်။”စစ်မှုထမ်း ဖို့ မိန်းကလေးတွေလည်း သူများခေါ်ပြီ၊ ကျွန်မ သူငယ်ချင်းဆို လေး၊ ငါး ယောက်တောင် နာမည်စာရင်းထွက်လာပြီ အခုတော့ ဘာမှမဖြစ်သေးဘူး ကျောင်းတက်တယ်လို့ပြောတာ ကျောင်းထောက်ခံစာ ပါသူတို့တောင်းခိုင်းတယ်”ဟု နာမည်စာရင်းတွင် ပါ ဝင်သူ တစ်ဦးကပြောသည်။ အမျိုသမီး စစ်မှုထမ်းစာရင်း ကောက်ယူခြင်းကြောင့် ကျောင်းသူများသည် အမျိုးသမီးစစ်မှုထမ်း စာရင်းလာကောက်မည်ကို စိုးရိမ်နေရကြောင်းဒေသခံအမျိုးသမီးကပြောသည်။အခြားဒေသခံအမျိုးသမီးကလည်း “အသိသူငယ် ချင်းထဲ အခုလိုနာမည်ထွက်လာတော့ ကိုယ်လည်း ဘာလုပ်ရမလဲမသိဘူး အခုကမလာသေးပေမဲ့ လာခဲ့ရင်ပြေးရမလိုလိုပဲ စိတ်ညစ်လိုက်တာ” ဟု  ထပ်ပြောသည်။

ထို့ပြင် အမျိုးသမီး စစ်မှုထမ်းစာရင်းကောက်ယူခြင်းကြောင့် အချို့သည် ကျောင်းပြန်တက်ရန် ပြင်ဆင်နေကြသူများ လည်းရှိကြောင့် မြို့ခံတစ်ဦးထံမှသိရသည်။“အဲ့တာမျိုးကြောင့်လေ ကျောင်းသူတွေ အကုန်ကျောင်းပြန်အပ်ကြတယ် ကျောင်း ပြန်တက်ကြမယ်လို့တချို့လုပ်ကြတယ်၊ ကျောင်းတက်နေကြတဲ့သူကတော့ နည်းနည်းလွတ်တဲ့ပုံစံဆိုတော့၊ တက္ကသိုလ်တွေ ပြန် အပ်ကြတာမျိုးတွေရှိတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။  တောင်ကြီးမြို့ပေါ်၌ အမျိုးသမီး စစ်မှုထမ်းအတွက်  အသက် ၁၈-၃၅ နှစ်ရှိသည့်လူဦးရေသည် သန်းခေါင်းစာရင်းအရရှိ ပြီးသော်လည်း ၎င်းတို့သည် နောက်ထပ်တိုးလာမည် အသက်ပြည့်သူတို့ ထပ်မံ ရရှိချင်သည့်အတွက် ဖြစ်ကြောင်းသိရပါသည်။ စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးမှ အမျိုးသမီး စစ်မှုထမ်းစာရင်း ကောက်ယူ ထားခြင်းမရှိသေးကြောင်း ဇန်နဝါရီ ၂၉ ရက်ကထုတ်ပြန်ထားသော်လည်းမြေပြင်တွင်ကောက်ယူနေပြီဖြစ်သည်။ 

၁၈။ ပူတာအို ထဝါဒမ်းကျေးရွာအထိုင်တပ် စစ်အင်အားဖြည့်ပြီး လုံခြုံရေးတင်းကြပ်ထား
 February 3, 2025
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ထဝါဒမ်းကျေးရွာအထိုင်တပ်ကို စစ်ကောင်စီတပ်က စစ်အင်အားဖြည့်နေပြီး လုံခြုံရေးလည်းတင်းကြပ်ထားတယ်လို့သိရပါတယ်။ ပူတာအိုမြို့အရှေ့ဘက်ခြမ်း၊ ထဝါဒမ်း စစ်ကောင်စီ အထိုင်တပ်(ထောက်ပို့တပ်)ထဲမှာ စစ်အင်အားအလုံးအရင်းဖြည့်တင်ထားတဲ့အပြင် တပ်တွင်း၊တပ်ပြင် လုံခြုံရေးတွေလည်းတင်း ကြပ်ထားတယ်လို့ ထဝါဒမ်းကျေးရွာနေ အမျိုးသားတစ်ဦးကပြောပါတယ်။“အခုကတော့ရှင်းရှင်းပြောရရင် ခွေးတိုးပေါက်လေး တောင်မကျန်ထားဘူး။ ဘေးပတ်ပတ်လည် သုံဆူးကြိုး နှစ်ထပ်ကာထားတယ်ပြီးတော့ ဘန်ကာတွေလည်း အဆင့်ဆင့်ပဲ လုပ် ထားတယ် တပ်ပတ်ပတ် လည်မှာလည်း ဂတုတ်ကျင်းတွေပတ်ပတ် လည်တူးနေတယ်”လို့ အသက် ၄၃ နှစ်အရွယ်ရှိ အထက်ပါ အမျိုးသားက ပြောပါတယ်။ ထဝါဒမ်းကျေးရွာ အထိုင်တပ်ကို ခြံစည်းရိုးအသစ်ခတ်တာ၊ ကတုတ်ကျင်း တူးတာတွေအပြင် ဘန်ကာတွေအထပ်ထပ် တည်ဆောက်တာတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်ကတည်းကလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ ၄၆ လက်အောက်ခံတပ်ဖြစ်တဲ့ ထဝါဒမ်း (ထောက်ပို့)တပ်ဟာ ပုံမှန်အားဖြင့် စစ်အင်အား ၅၀ ဝန်းကျင်လောက်သာရှိတယ်လို့သိရပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲအင်အား  ၁၂၀ ဝန်းကျင် လောက်အထိ အင်အားတိုးမြင့် ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ ထဝါဒမ်းစစ်တပ်ဟာ ရွာအဝင်မှာ ထိုင်ထားတာဖြစ်ပြီး လက်ရှိ ရွာအဝင်အထွက်ကိုဂိတ်ထိုင်ပြီး အစစ်အဆေးလုပ် တာ၊ စစ်တပ်ပတ်ပတ်လည် မှာ ကင်းပုန်းချထားတာတွေကြောင့် ဒေသခံတွေ လွတ်လွတ်လပ်လပ် သွားလာလို့မရဖြစ်နေတယ် လို့ ထဝါဒမ်းကျေးရွာနေအခြားဒေသခံတစ်ဦးက ပြောပါတယ်။“အရင်ကတော့ရွာသားတွေလည်းတပ်ထဲမှာ စျေးရောင်းဘာညာ ဝင်လို့ ရတယ်အခုကတော့လုံးဝအဝင်မခံဘူး တစ်လလောက်ရှိပြီ ပြီးတော့ ဂိတ်ရှေ့မှာလည်းစစ်ဆေးမေးမြန်းရှိလာတယ် တပ် အနီးတဝိုက် တောစပ်တွေမှာလည်းသူတို့ စစ်သားတွေကင်းစောင့် တာရှိတယ်ဗျ။ ရွာသားတွေတော့ လွတ်လွတ်လပ်လပ် တော့ မရှိတော့ဘူးသတိထားနေရတယ်”လို့ သူကပြောပါတယ်။ ထဝါဒမ်းကျေးရွာထောက်ပို့တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မေလတုန်း ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးနောက် ဇွန်လလကုန်ပိုင်းက ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို တပ်ဆုတ်သွားခဲ့ပေမယ့် လအနည်း ငယ်အကြာမှာ ပြန်ထိုင်လာတာဖြစ်ပါတယ်။ မျက်မြင်တွေ့တဲ့ဒေသခံတွေပြောပြချက်အရ အဲ့ဒီထဝါဒမ်းတပ်ထဲမှာ စားနပ်ရိက္ခာ တွေ နဲ့လက်နက်၊ခဲယမ်းတွေအများပြား သိုလှောင်ထားတယ်လို့ ဆိုပါတယ်။ ပူတာအို ခ.လ.ရ ၄၆ တပ်ဟာ လက်ရှိ ထဝါဒမ်း ထောက်ပို့တပ်ကို အခုလို အင်အားဖြည့်ပြီး စစ်ရေးပြင်ဆင်နေတဲ့အပြင် ပူတာအို–မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ လုံရှာယာန်၊ တန်ဂျာ၊ ဆွမ်ပီယန်ကျေးရွာတွေမှာလည်း စစ်သားအင်အားတွေအလုံးအရင်းချထားတယ်လို့ သိရပါတယ်။ Read in Full

၁၉။ ဒီးမော့ဆို၊ ကျွန်းပင်ကုန်း(၂)စစ်ဘေးရှောင် ကလေး/လူကြီးအပါအဝင် အရေပြားရောဂါအဖြစ်များဆေးဝါး‌ ကူညီလိုနေ
 February 4, 2025
ကရင်နီပြည်၊ ဒီးမော့ဆို(နောက် )မြို့နယ် ဒေါတငူးကျေးရွာအုပ်စု ကျွန်းပင်ကုန်း (၂) စစ်ရှောင်စခန်းနေ လူထုတွေဟာ ရေဘေးနဲ့စစ်ဘေးဒဏ် ခံစားနေခဲ့ရပြီး ၃ လကြာအထိ ကလေး/လူကြီး အပါအဝင် အရေပြားရောဂါ အဖြစ်များနေပြီး ဆေးဝါးလုံ လောက်မှု မရှိတဲ့အတွက် အကူအညီလိုအပ်တယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “အယားနဲ့ပတ်သက် တာ ညအိပ်လို့တောင်မရဘူး၊ တူမလေး တစ်ယောက်ဆို သေတော့မယ်လို့ပဲ တွေးတော့တယ်၊ အဲ့လောက်ထိဆိုးတာ ခေါင်းမာ၊ ခြေထောက်မှာဆို နည်းတာ မဟုတ်ဘူး” ကလေးမိခင်တစ်ဦးက ပြောပါတယ်။ ၃ လကြာအထိ အရေပြားရောဂါ ခံစားနေရတာ ကို စစ်ရှောင်စခန်းနဲ့အနီးဆုံးဖြစ်တဲ့ KNA ဆေးပေးခန်းမှာ အခမဲ့ပြသပြီး အကူအညီရရှိနေပေမယ့် လုံလောက်တဲ့ ဆေးဝါးမရှိတဲ့ အတွက် အရေပြားရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေဟာ ပျောက်ကင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။“မပျောက်ဘူးလေး၊ မပျောက်ဘူးဆိုတာက တချို့ကတော့ ဆေးနဲ့တည့်လို့လားမသိဘူး၊ ပျောက်တယ်၊ ဒီအရေပြားက သွေးနဲ့ပဲ ဆိုင်တယ်ထင်တယ်၊ တအိမ်ထဲနေလည်း မကူးတဲ့သူလည်း ရှိနေတယ်လို့” ကူညီပေးနေတဲ့ ဆေးဆရာမတစ်ဦးက ပြောပါတယ်။

အရေပြားဖြစ်ပွားသူတွေဟာ ၈ နှစ်အောက်အရွယ်နဲ့ အသက် ၄၀ ကျော်လည်းပါဝင်နေပြီး ဆေးဝယ်ယူနေရသူတွေက လည်း အခက်အခဲရှိတယ်လို့ သူကဆက်ပြောပါတယ်။“ရှိပြီးသားလူတွေကသိပ်မဖြစ်ဘူး၊ နောက်မှ လွိုင်ကော်အရှေ့ဘက်ခြမ်း က ပြောင်းလာတဲ့သူတွေက ပိုဖြစ်များတယ်၊ လက်တွေမှာဆို မြင်လို့တောင် မကောင်းဘူး၊ အချို့ဆို ဆေးရုံထိ ပို့ရတာရှိတယ် လို့” ကူညီပေးနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။ ကျွန်းပင်ကုန်း (၂) စစ်ဘေးရှောင်များဟာ ၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလ က စတင်ပြောင်းရွေ့လာတဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်း လူထုအပါအဝင် ဆော်ခီးဒေါ၊ ထေးငှားလျားနဲ့ ဒီးမော့ဆိုဒေသခံတွေ လည်း ပါဝင်ပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၀ ရှိပြီး လူဦးရေ ၁၀၀ ကျော် နေထိုင်ပါတယ်။ Read in Full

၂၀။ ဂွတွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးသေ ၂ ဦးဒဏ်ရာရ
 February 4, 2025
ရခိုင်ပြည်၊ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာတွင် စစ်ကျန်လက်နက်ဗုံးသီးတစ်ခုလုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်၍ ၅ နှစ်အောက် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။  ဖေဖော်ဝါရီ ၃ ရက် နေ့လည်ပိုင်းတွင် ၅ နှစ်အောက်ကလေးငယ်သည် မည်သည့်နေရာကမှန်းမသိရရှိလာသော ဗုံးသီးတစ်လုံးကို ဆုံထဲထည့်ထောင်ပြီး ဆော့ကစားမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် အဆိုပါ ၅ နှစ်အောက် ကလေးငယ်နှင့် အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၄၀) အရွယ် ကိုဂွတို ဆိုသူတို့ သေဆုံးသွားခဲ့ပြီး အနီးအနားရှိ နှစ်ဦးမှာဒဏ်ရာရရှိသွားခဲ့သည်။“ငါးနှစ်အောက် ကလေးကတော့ဗိုက်ပွင့်ထွက်ပြီးဆုံးသွားတယ်။ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံ ပို့တဲ့အခါ နှစ်ယောက်ထပ်ဆုံးသွားတယ်။ ကျန်တဲ့ဒဏ်ရာရသူ နှစ်ယောက်ကတော့ ဆေးကုသမှုခံယူနေတယ်”ဟု ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့တာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။ ဂွမြို့နယ်တွင် မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်ကြောင့် သေဆုံးဒဏ်ရာရှိမှုများတိုးလာနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်ကလည်း ကင်းပုံကျေးရွာမှ အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဖခင်ယူဆောင်လာသည့် စစ်ကျန်လက်နက်တစ်လုံးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ သေဆုံးသွားခဲ့သည်။

လက်ရှိ ဂွမြို့နယ်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်နှင့်ပတ်သက်၍ ဂွမြို့နယ် စစ်ဘေးရှောင် ကူညီရေးပူး ပေါင်းအဖွဲ့မှအသိပညာပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။“မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရန်ရှောင် ရန်တွေကို အသိပညာပေးတာတော့ အေအေက တာဝန်ရှိတဲ့လူတွေနဲ့ ပေါင်းပြီးလုပ်နေတာရှိတယ်။ ပြည်သူလူထုအနေနဲ့လည်း ဒါတွေကို ဂရုစိုက်လာအောင် ပိုပြီးအားစိုက်လုပ်ဖို့တော့ စဉ်းစားထားပါတယ်” ဟု ကိုနိုင်အောင်လင်းက ပြောသည်။ ရခိုင်ပြည် နယ်မြေအများအပြားကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်မက်ဖြစ်ပွားရာဒေသများတွင်မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ကလေးငယ်အပါအဝင် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။  ဂွဒေသခံများမှာ တိုက်ပွဲ ဒဏ်ကို ယခုအခါမှစတင်ကြုံဖူးကြသဖြင့် စစ်ပွဲနောက် ဆက်တွဲ မိုင်းနှင့်စစ်ကျန်လက်နက် အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောဆိုကြသည်။  Read in Full

၂၁။ ဘီးလင်းမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ
 February 4, 2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒညင်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အ မှတ် ၃ ခြေမြန်တပ်ရင်း ကနေ တိုက်ပွဲမရှိဘဲ ဒညင်းကုန်းကျေးရွာအနီး ပတ်ဝန်းကျင်ကို လက်နက်ကြီးအလုံး ၂၀ ထက်မနည်းပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒညင်းကုန်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဒေါ်သန်းနုဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံး ခဲ့ပြီး နောက်ထပ်ဒေသခံနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် နေအိမ်သုံးလုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပြီး နွားနှစ်ကောင်နဲ့ ဝက်ငါးကောင် သေဆုံးခဲ့ပါတယ်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတချို့ ယာယီတိမ်းရှောင်ခဲ့ ကြပေမယ့် လက်ရှိမှာတော့ ကျေးရွာထဲပြန်လည်နေထိုင်ကြပြီလို့သိရပါတယ်။ အလားတူ ဖေဖော်ဝါရီ ၁ ရက်‌နေ့ကလည်း ကျိူက်ထိုမြို့နယ် သုံးခွကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူခုနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ Read in Full

၂၂။ ပြည်ထောင်စုအဆင့် နိုင်ငံရေးဘုံသဘောတူညီချက်ထဲ ချင်းညီနောင်အဖွဲ့ CB ပါဝင်လာ
 February 4, 2025
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် NUG အပါအဝင် တော်လှန် ရေးအင်အားစုများ၏ နိုင်ငံရေးဘုံသဘောတူညီချက်ထဲ ချင်းညီနောင်အဖွဲ့ – CB ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။  အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင် စုလွှတ်တော်ရွေး ကောက်ခံကိုယ် စားပြုကော်မတီ (CRPH) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ချင်းညီ နောင်အဖွဲ့ (CB)တို့သည် နိုင်ငံရေး ဘုံသဘောတူညီ ချက် ၆ ရပ်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။  ယင်းနိုင်ငံရေးဘုံသဘောထား ရပ်တည်ချက် ၆ ချက်သည် K2C ဟုခေါ်သော KNPP၊ KNU၊ CNF နှင့် NUG တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်က ပူးတွဲထုတ်ပြန်သော ဘုံ သဘောထား ရပ်တည်ချက်များနှင့် အတူ တူပင်ဖြစ်သည်ကို တွေ့ရှိရသည်။  နိုင်ငံရေးဘုံသဘောတူညီချက် ၆ ရပ်မှာ စစ်အာဏာ သိမ်းမှုကို ဖယ်ရှားပြီး အနာဂါတ်တွင် စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက် ရန်တို့  ပါဝင်သည်။

“ပူးတွဲထုတ်ပြန်ချက်ကို ချုပ်ပြောရရင် ကျနော်တို့ကြားထဲမှာ ညီညွတ်မှု ရှိနေတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်း ချက်တွေ ခိုင်ခိုင်မာမာနဲ့ ဖော်ပြရင်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ် ဆိုတာကို ဖော်ပြထားခြင်းဖြစ်တယ်။ ဒီနေရာမှာ အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ လက်ရှိကာလမှာ စစ်ရေးအရှိန်အဟုန် အားကောင်းနေတယ်။ ကျနော်တို့ အနာဂါတ် နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ ချဉ်းကပ်မှုမှာ ပြည်နယ်ဖက်ဒရယ်ယူနစ် အားကောင်းရေး ကနေ ပြည်ထောင်စု အားကောင်းရေးလို့ ခေါ်တဲ့ bottom – up ဖက်ဒရယ်လစ်ဇင်းကို ကျင့်သုံးရင်းနဲ့ အားလုံးက နိုင်ငံတော်သစ် တခုကို ပြည်နယ်ပေါင်းစု ပြည်ထောင်စု၊ ဖက်ဒရယ်ယူနစ်တွေ အားလုံး စုပေါင်းပြီးတော့မှ လက်တွဲချီတက်ပြီးတော့ နိုင်ငံတော် သစ်ကို ထူထောင်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ဒီနေရာမှာ ဦးတည်လျှောက်လှမ်းနေပြီးဆိုတာမျိုးကို ဖော်ပြထားတယ်” ဟု CRPH မှ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောသည်။  Read in Full

၂၃။ တန့်ယန်းမြို့၌ ဖွင့်လှစ်ထားသည့် သက်စမ်းရေဘော်ဒါမှ ကလေး သုံးဦး ပျောက်ဆုံးနေ
 February 3, 2025
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှတန့်ယန်းမြို့သို့ စစ်ရှောင်နေရင်းသက်စမ်းရေဘော်ဒါ၌ အပ်နှံထားသည့် ကလေးငယ် သုံးဦး ပျောက်ဆုံးနေပြီး ယနေ့ ၅ ရက်ကြာသည့်အထိ ရှာမတွေ့သေးကြောင်း သိရသည်။ ဇန်နဝါရီ ၃၀ ရက်က တန့်ယန့်မြို့၌ ကျင်းပနေသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို သွားရောက်လည်ပတ်ရင်းစတင်ပျောက်ဆုံးခဲ့ကြောင်း သက်စမ်းရေမိဘမဲ့ ကလေး စောင့်ရှောက်ရေး ဘော်ဒါက အသိပေးထားသည်။ သို့ပေမယ့် ကလေးများ ဘော်ဒါကထွက်ခွာသွားခြင်းဖြစ်ကြောင်း ပျောက်ဆုံး ကလေးများ၏ မိခင်ဖြစ်သူက ပြောသည်။“ကျွန်မတို့သိတာတော့ ကလေးတွေက ထွက်သွားတာ၊ ပွဲဈေးသွားရင်း မျက်စိလည် လမ်းမှားတာ မဟုတ်ဘူး၊ ဒီနေ့လားရှိုးမြို့ကို ပြန်ဖို့လုပ်နေကြတာ၊ ကလေးတွေက အခုလို ပျောက်သွားတော့ မပြန်ဖြစ်တော့ဘူး၊ အားလုံး ဝိုင်းကူရှာနေကြတာပေါ့နော်” ဟု ကလေးမိခင်က ပြောသည်။

သက်စမ်းရေ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဘော်ဒါသည် မိဘမဲ့ကလေးများနှင့် စစ်ရှောင်ကလေးများကိုကျွေးမွေး စောင့်ရှောက်ထားပြီး လားရှိုးမြို့မှ စစ်ရှောင်ရင်း တန့်ယန်မြို့၌ပြန်လည်ဖွင့်လှစ်ထားသည့် ခရစ်ယာန်ကလေးစောင့် ရှောက်ရေး ဘော်ဒါတစ်ခုဖြစ်ကြောင်း သိရသည်။ ယခုပျောက်ဆုံးနေသည့် ကလေး သုံးဦး အနက် အကြီးဆုံးကလေးမှာ အသက် ၁၀ နှစ်ရှိပြီး မိဘနှစ်ဦးလုံးရှိကာ အသက် ၈ နှစ်နှင့် အသက် ၇ နှစ်ဝန်းကျင် ကလေးနှစ်ဦးအနက် တစ်ဦးကသာ မိဘရှိနေသော်လည်းလာ ရောက်ခြင်းမရှိဟုဒေသခံတစ်ဦးကပြောသည်။“ပျောက်ပျောက်ချင်းမှာ ဂေဟာမှူးဆရာမကချက်ချင်းမရှာဘူး၊ ကျွန်မတို့အရမ်း စိတ်ပူတယ်၊ ကလေးအဖေ၊ အမေတွေ(အကြီးဆုံကလေး၏ မိဘ) ကလည်း ငိုငိုရီရီ(ရယ်ရယ်)နဲ့ အဲ့ထဲမှာ၊ အငယ်ဆုံး ကလေး တစ်ဦးက မိဘရှိပေမဲ့ တောဘက်မှာနေတာ၊ သူတို့ကလေးကိုလည်း သူတို့လာမမေးဘူး”ဟု ပျောက်ဆုံးကလေးများကို ရှာဖွေပေး နေသည့် ဒေသခံတစ်ဦးက ပြောသည်။ တန်ယန်မြို့နယ်တွင် တရုတ်နှစ်သစ်ကူးကာလကတည်းက ပျော်ပွဲရွှင်ပွဲတွေကျင်းပနေ ကြပြီး စစ်ကောင်စီ၊ “ဝ”ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) တပ်များ သွားလာလှုပ်ရှားနေကြောင်း သိရသည်။ Read in Full

၂၄။  တီးတိန်မြို့နယ်တွင် ကားတစ်စီး မတော်တဆဖြစ်ပွား၍ အမျိုးသား နှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ
 February 3, 2025
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဂျစ်ကားတစ်စီး မတော်တဆဖြစ်ပွား၍ ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား နှစ်ဦးသည် ပွဲချင်းပြီး သေဆုံးပြီး အမျိုးသားတစ်ဦးသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင့် ဒေသခံများထံက သိရှိရသည်။ တီးတိန် မြို့သို့ ဦးတည်မောင်းနှင်းလာသည့် ဂျစ်ကားတစ်စီးသည်ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် တွီးထန်ကျေးရွာနှင့် မဏိပူရမြစ်ကူး တံတားအနီးတွင် ကားအရှိန်မထိန်းနိုင်ဘဲ လမ်းချော်ပြီး မတော်တဆဖြစ်ပွားခဲ့သည်။ “ကားက အရှိန်ပြင်း မောင်း လာပြီး လမ်းချော်တာနဲ့ အရှိန်မထိန်းနိုင်ပဲ မတော်တဆဖြစ်သွားတာဖြစ်မယ်။ ဖြစ်တာက ၁ ရက်နေ့၊ သူတို့တွေ့တာက မနေ့က နေ့လယ်လောက်မှာ ပြန်တွေ့တယ်။”ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

ကားမောင်းသည့် အမျိုးသားတစ်ဦးအပါအဝင် နှစ်ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ် အမျိုးသားတစ်ဦးလည်း ဦးခေါင်းဒဏ်ရာ ပြင်းထန်ရရှိပြီး တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကာ ဆေးကုသမူခံယူနေရသည်။ “ကားပေါ်မှာ အမျိုးသားသုံးဦးပါတယ်။ နှစ်ယောက်တော့ သေဆုံးသွားတယ်။ တစ်ယောက်ကိုတော့ ZYA Tuithang အဖွဲ့က ဆေးရုံပို့ဆောင် ပေးတယ်။ လောဆယ် လူနာအခြေအနေ မသိရသေးဘူး။” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသည့်ရုပ် အလောင်းကို ZYA Tuithang အဖွဲ့က ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးပြီး ၎င်းတို့နေရပ်တွင် ပို့ဆောင်ကာ သဂြိုလ်ပေးခဲ့ ကြောင့် သိရှိရသည်။ Read in Full

 
၂၅။ စစ်အာဏာရှင် အမြတ်ဖြတ်ချေမှုန်းရေး တအာင်း၊ ‘ဝ’ နှင့် မွန်လူငယ်များ တိုက်ပွဲဝင်မည်
 February 3, 2025
တော်လှန်ရေးအင်အားစုတွေအနေနဲ့ သွေးစည်းညီညွတ်တဲ့တပ်ပေါင်းစု တည်ဆောက်ပြီး စစ်ကောင်စီကို ဆန့်ကျင်သူ အားလုံးနဲ့အတူ စစ်အာဏာရှင် အမြစ်ပြတ် ကျရှုံးတဲ့အထိ လူငယ်တွေ တိုက်ပွဲဝင်သွားမယ်လို့ နိုင်ငံလုံးဆိုင်ရာတော်လှန် လူငယ် တွေ့ဆုံပွဲမှာ တအာင်း၊ ‘ဝ’ ၊ မွန်လူငယ်တွေက ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလထဲမှာ လူတွေ့နဲ့ အွန်လိုင်း ပေါင်းစပ်ပြီး ၄ ရက်တာ ကျင်းပခဲ့ပြီးနောက်  ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်လိုက် တာပါ။ ဒီနေ့အချိန်ထိ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်ပြင်းပြင်း ရှိနေသလို သမိုင်းတလျှောက်မှာ အဆိုးရွားဆုံး စစ်ရေး၊ နိုင်ငံရေး ရှုံးနိမ့်နေတဲ့ စစ်ကောင်စီကလည်း စစ်သည်အင်အားဖြည့်တင်းဖို့ အဓမ္မစစ်သားသစ် စုဆောင်းတာကို အရင်က ထက် လုပ်နေသလို သူတို့အတွက် နိုင်ငံရေးထွက် ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲကို လုပ်ဖို့လည်း ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ရေရှည်တော်လှန်ရေးဆင်နွှဲလာရချိန်မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကြောင့် မြို့ပြကျေးလက်မကျန် အရင် ကနဲ့မတူတဲ့ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရပြီး အခက်ခဲဆုံး အချိန်ကာလကို ခေါင်းမော့ ရင်ကော့ပြီး ရင်ဆိုင်ဖြတ်သန်း နေတဲ့ ဒေသအသီး သီးက လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ တိုက်ပွဲဝင်စိတ်ပိုင်းဖြတ်မှုကိုလည်း နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲ တက်ရောက်သူ လူငယ်တွေက မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မှပဲ နှစ် ၈၀ နီးပါး ယိုယွင်းလာတဲ့ အခြေအနေတွေကို အမှန်တကယ် ပြောင်းလဲ နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ သွေးစည်းညီညွတ်တဲ့တပ်ပေါင်းစု တည် ဆောက်ပြီး လူမျိုးစု ပြည်သူလူထုနဲ့အတူ စစ်သုံးစစ် (စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တရား) တိုက်ဖျက်ရေး မဆုတ် မနစ် တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲမှာ တော်လှန်ရေးအင်အားစု အသီးသီးနဲ့ လှုပ်ရှားမှုနယ်ပယ် အသီးသီးက လူငယ်ခေါင်းဆောင် ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ စစ်တပ်က အာဏာ သိမ်းခံရတာ ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း တအာင်း၊ ‘ဝ’၊ မွန် လူငယ်တွေက ပူးပေါင်းသဘောထားထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးကာလအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားပြီး ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်နေတယ် လို့ ဆိုပါတယ်။ Read in Full

၂၆။ စေ့စပ်ဆွေးနွေးမှု လက်မခံဘူးလို့ နွေဦးတော်လှန်ရေးအင်အားစုတွေ အသိပေး 
 February 4, 2025
စစ်အုပ်စုက ၂၀၀၈ အခြေခံဥပဒေအောက် ပြန်ဆွဲသွင်းမယ့် ရွေးကောက်ပွဲနည်းလမ်းထဲ တွန်းပို့ဖို့ စေ့စပ်ဆွေးနွေးခြင်းကို လက်ခံမှာမဟုတ်ဘူးလို့ နွေဦးတော်လှန်ရေးအင်အားစုတွေက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သောင်ရင်းသဘောထား ထုတ်ပြန်ပါ တယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သောင်ရင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး နွေဦးတော် လှန်ရေးနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် ဘုံသဘောထား ၁၀ ချက်ကို ပြည်သူလူထုထံ အသိပေးခဲ့တာ ဖြစ်ပါတယ်။ သောင်ရင်းဆွေးနွေး ပွဲမှာ ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ CDM တွေ၊ သမဂ္ဂတွေ၊ သပိတ်အဖွဲ့တွေ၊ မြေပြင်ခုခံ တော်လှန်အင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။ သောင်ရင်း တွေ့ဆုံပွဲဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရဦးထွန်းကြည်က အာဆီယံမူငါးချက်နဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ဘက်က မလိုက်နာနိုင်တဲ့အတွက် ဆွေးနွေးရေးဟာ အဖြေမဟုတ်ဘူးလို့ ပြောပါတယ်။“ဒီလိုမျိုးအခင်းအကျင်းတွေရှိရဲ့သားနဲ့ စစ်အာဏာရှင်တွေနဲ့ လက်သည်တရားခံ နိုင်ငံတကာ ရာဇဝတ်ကောင်နဲ့ ဆွေးနွေးဖို့ တွန်းအားပေးနေတာက တကယ်တမ်းကျ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် တွန်းအားလည်းဖြစ်လာမှာမဟုတ်ဘူး။ အထောက်အကူလည်းပြုမှာမဟုတ်ဘူး။ လက်တွေ့လည်းမကျဘူး။ အဖြေလည်း မဟုတ်ဘူးဗျာ”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တိုက်ပွဲမှာ ရှုံးနိမ့်နေပြီလို့ဝန်ခံကာ လက်နက်ချ အညံ့ခံတဲ့ အခြေအနေ‌ရောက်မှသာ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂအပါ အဝင် နိုင်ငံတကာ အစိုးရ တွေက အာဏာသိမ်းလေးနှစ်ပြည့်မှာ စစ်ကောင်စီကို တိုက်တွန်းတဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ အဲဒီ တိုက်တွန်းချက်တွေပါတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ကိုယ် တိုင် လက်မှတ်ရေးထိုးထားပေမယ့် လက်ရှိအချိန်အထိ အကောင် အထည်မဖော်နိုင်ခဲ့ပါဘူး။ ဦးထွန်းကြည်က စစ်‌ကောင်စီ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေတာတွေကို တရုတ်အပါအဝင် နိုင်ငံတကာအနေနဲ့ ထောက်ခံစရာမလိုဘဲ ပြတ်ပြတ် သားသား ဆန့်ကျင်ရမယ့်ကိစ္စလို့ ပြောပါတယ်။ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းဖယ်ရှားရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးဟာ တော် လှန်ရေးရဲ့တိုက်ပွဲနည်းလမ်းတွေအားကောင်းမှသာ ပန်းတိုင်သို့အမြန်‌ရောက် ရှိမယ်လို့ သောင်ရင်းဆွေးနွေးပွဲက ဘုံသဘောထား ထုတ်ပြန်ခဲ့တာပါ။ Read in Full

၂၇။  မင်းပြားမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

February 3, 2025
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ လက်မ(မွတ်ဆလင်)ကျေးရွာမှ အုပ်ချုပ်ရေးမှူးတစ်ဦးမှာ သတ်ဖြတ်ခံရ၍ သေဆုံးသွား ကြောင်း ဒေသခံများထံမှသိရသည်။ သတ်ဖြတ်ခံရသူမှာ ဦးမောင်သိန်းနိုင် (၃၅)နှစ်ဖြစ်ပြီး ၎င်းမှာ ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၇ နာရီကျော်ခန့်တွင် ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင်ရှိနေစဉ် အမည်မသိလူအချို့၏ ဓားဖြင့်ခုတ်သတ်ခြင်းကို ခံခဲ့ရခြင်းဖြစ် သည်။“သူ့(ကျေးရွာအုပ်ချုပ်ရေးမှူး)ကို ဓားနဲ့ခုတ်သတ်ခဲ့ကြတာ။ အုပ်ချုပ်ရေးမှူးကို မကျေနပ်တာတွေများလို့ သတ်တာလို့‌ တော့ပြောကြတယ်” ဟု ဖြစ်စဉ်အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

အသတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှုး၏ ခန္ဓာကိုယ်တွင် ဓားဖြင့်ခုတ်သတ်ခံထားရသည့် ဒဏ်ရာများကို တွေ့ရှိရ သော်လည်း သတ်ဖြတ်သွားသူကို မသိရှိရသေးကြောင်း ၎င်းကပြောသည်။ လက်မ(မွတ်ဆလင်)ကျေးရွာသည် အုပ်စုလိုက် ခိုးယူ လုယက်မှုများအပြင် လူသတ်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားမှုရှိနေသည့် ကျေးရွာဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက် အရ သိရသည်။ လက်ရှိတွင် အာရက္ခတပ်တော်(AA)၏ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန “ဒီလပ်”အဖွဲ့မှ ကျူးလွန် သူကို ဖော်ထုတ်နိုင်ရေး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။ Read in Full

၂၈။ မြိတ်မြို့ပေါ်ကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်၊ နေ့ရောညပါ ဆိုင်ကယ်ဖမ်း
 February 3, 2025

မြိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီ တပ်သားတွေ၊ ပျူစောထီးတွေနဲ့ ယာဥ်ထိန်းရဲစုစုပေါင်း ၁၀ ဝန်းကျင်လောက်က မြိတ်မြို့ရဲ့ လမ်းဆုံလမ်းခွနေရာ တွေမှာ မနက် ၉ နာရီကနေ ည ၁၀ နာရီအထိ စစ်ဆေးဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။  မြို့သစ်လမ်းဆုံ၊ ကမ်းနား လမ်း ကဏန်းရုပ်လမ်းဆုံ၊ တပ်ပြင်လမ်းဆုံ၊ ရေပုန်းလမ်းဆုံ၊ နတ်စင်လမ်း၊ စပါးရွှေဝါလမ်း၊ တောရကျောင်းလမ်းဆုံနဲ့ အဝေးပြေး ကားကွင်းသစ်အနီးလမ်းဆုံ စတဲ့လမ်းဆုံနေရာတွေမှာ စစ်ဆေးနေတာပါ။ အရင်က မြို့ရဲ့ လမ်းဆုံလမ်းခွဲ နေရာသုံးခုလောက်မှာ ပဲ ယာဥ်ထိန်းရဲတွေက ဆိုင်ကယ်တွေကို ဖမ်းဆီးလေ့ရှိတာပါ။ ဖမ်းတဲ့အချိန်မှာလည်း မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာပဲ အလှည့် ကျဖမ်းလေ့ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဒါပေမယ့် အခုကတော့ ယာဥ်ထိန်းရဲတွေအပြင် စစ်သားတွေ၊ ပျူစောထီးတွေပါ နေရာယူထားပြီး မနက်ပိုင်းကနေ ညအချိန်အထိ ဖြတ်သွားတဲ့ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါ တယ်။ “မြို့ပေါ်မှာကိုပဲ စစ်တဲ့နေရာတွေများပြီး လုံခြုံရေးလည်း မြှင့်ထားတဲ့ပုံရှိတယ်” လို့ မြိတ်မြို့ခံ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ယာဥ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ အဲဒီအဖွဲ့တွေဟာ အမျိုးသားနှစ်ယောက်စီးတဲ့ဆိုင်ကယ်၊ ဆိုင်ကယ်ဦး ထုပ်၊ ဆိုင်ကယ်နံပါတ်ပြားနဲ့ ယာဥ်မောင်းလိုင်စင်တွေကို အဓိကထားစစ်ဆေးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။​“မိုးလင်း ကတည်းကနေဖမ်းတာညအထိပဲ။ ဖမ်းတဲ့နေရာတွေကလည်းအများကြီး။ တော်တော်ကို ရှောင်ပြီးသွားနေရတယ်”လို့ မြိတ်မြို့ခံ လူငယ်အမျိုးသားတစ်ဦးကဆိုပါတယ်။ အဖမ်းခံရသူတွေဟာ အနည်းဆုံးဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်နေရတယ်လို့လည်း ဆိုင်ကယ်စစ်ဆေးဖမ်းဆီးခံခဲ့ရတဲ့ မြို့ခံတချို့ကပြောပါတယ်။ မြိတ်မြို့အပြင် တနင်္သာရီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ထားဝယ်မြို့ပေါ် မှာလည်း ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းကစလို့ စစ်ဆေးဖမ်းဆီးတာတွေ ပိုများလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ Read in Full

၂၉။ NLA ထိန်းချုပ်ဒေသများတွင် ဗုံးကြဲခံရ၍ တစ်လအတွင်း အရပ်သား ၄၀ ခန့် ထိခိုက်သေဆုံး
 February 4, 2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်သော မြို့နယ်များ ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၃) ဦးသေဆုံးပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း TNLA မှ သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့အရှေ့ပိုင်းကို လေကြောင်းဖြင့် ဗုံး(၂၀)လုံးခန့် လာရောက်ကြဲကျတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် မော်တော်ယာဥ် (၁)စီး ထိမှန်ပျက်စီးသွားခဲ့သည်။ ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်ကလည်း နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး (၄)လုံး ကြဲချ တိုက်ခိုက်မှုကြောင့်  အမျိုးသား (၅)ဦး၊ အမျိုးသမီး (၄)ဦး သေဆုံးပြီး အမျိုးသမီး (၃)ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၉)လုံးနှင့် ဘုန်ကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ကျောက်မဲမြို့နယ်ကိုလည်း  ဇန်နဝါရီလ ၂၅ ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး (၄)လုံး လာရောက် ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး သေဆုံးပြီး အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၈)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၂)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။ စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း TNLA မှ ထုတ်ပြန်ထား သည်။ Read in Full

၃၀။ ထားဝယ်မြို့နယ်၊ မေတ္တာမြို့မှာ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်
February 3, 2025
ထားဝယ်မြို့နယ်၊ မေတ္တာမြို့မှာ ဥယျာဥ်ခြံထဲကိုသွားတဲ့ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးကို မိုင်းနင်းမိပြီး ခြေ ထောက်တစ်ဖက် ပြတ်တောက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုင်းနင်းမိတဲ့သူကတော့ အသက် ၆၀ ဝန်းကျင်အရွယ် မေတ္တာ မြို့ခံ ကရင်တိုင်းရင်းသူ နော်ဂျူးနီးထာ ဖြစ်ပါတယ်။ သူဟာ မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ ထားဝယ်-ထီးခီးလမ်းပေါ်က မေတ္တာမြို့အထွက် တံတားအနီးမှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။“ခြံရှင်းဖို့သွားတာတဲ့။ မိုင်းထိ တာက စစ်တပ်ဗျူဟာကုန်း ခြေရင်းနားပဲ။ အဲဒီဘက်တွေ၊ တံတားနားတွေမှာ မိုင်း‌က ဗလပွဖြစ်နေပြီ” လို့ မိုင်းနင်းခံရသူနဲ့ နီးစပ် တဲ့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ မေတ္တာမြို့ဟာပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်က သူတို့အခြေစိုက်ထားတဲ့ မေတ္တာမြို့ဗျူဟာကုန်းတစ်ဝိုက်မှာ မိုင်းတွေထောင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တဖက်မှာ လည်း မေတ္တာမြို့ စစ်ကောင်စီဗျူဟာကုန်းကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ဒေသခံတွေ မြို့ထဲမှာပြန်နေဖို့အတွက် ခေါ်ယူနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒေသခံအနည်းစုက မေတ္တာမြို့ထဲမှာ ပြန်လည်နေထိုင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။“လူတွေက ပြန်နေရင်လည်း သွားလာဖို့လိုသေးတယ်။ သူတို့က မိုင်းတွေကိုပြန်လည်းမဖော်ဘူး။ သူတို့ထောင်တဲ့ မိုင်းနေရာတောင် သူတို့သိတဲ့ပုံမပေါ်တော့ဘူး။ မိုင်းထောင်တဲ့သူတွေကလည်း သေလားရှင်လား၊ ဘယ်ရောက်ကုန်မှန်း မသိဘူး လေ”လို့ ဒေသခံ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုင်းရှိတာကြောင့် ဥယျာဥ်ခြံတွေဘက်ကို မသွားကြဖို့ကို တော့ စစ်ကောင်စီဘက်က သတိပေးထားတာရှိတယ်လို့ ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက် နေ့ကလည်း ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာက ဥယျာဥ်ခြံထဲမှာ ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက် ပြတ်တောက်ခဲ့ပါတယ်။ ဝကုန်းရွာမှာနင်းမိတဲ့မိုင်းကတော့ KNU ဘက်က ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ရွာခံတွေကပြောကြ ပြီး မိုင်းတွေကိုပြန်ဖော်ပေးဖို့ ဒေသခံတချို့ ဆန္ဒပြတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။ Read in Full

၃၁။ ရွှေညောင်တွင် စစ်မှုထမ်းစာရင်းပါသည့်လူငယ်တစ်ဦးမိမိကိုယ်မိမိ ကြိုးဆွဲချသေဆုံး
 February 4, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စစ်မှုထမ်းစာရင်းပါသည့် လူငယ်တစ်ဦးမိမိကိုယ်မိမိ ကြိုးဆွဲချသေကြောင်းကြံခဲ့ကြောင်း လူမှုကူညီရေး အသင်း ထံမှ သိရသည်။ ရွှေညောင်မြို့၊ ရေနံဝန်း ၊ ဝန်ထမ်းလိုင်းခန်း မှ ဟု ယူဆ ရပြီး ရွှေညောင် စလီဗာတုံး စက်ရုံအနီး ညောင်ပင်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားပြီး ဖေဖော်ဝါရီ လ ၄ ရက် မနက်ပိုင်း ၇ နာရီခွဲ အချိန်အကြောင်း ကြားလာသဖြင့် လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။‘  ဟုတ် ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲ အချိန်လောက် အကူအညီတောင်းလာလို့ သွား ရောက်ကူညီပေးခဲ့တယ်။ စဝ်စံထွန်းဆေးရုံ ကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။  ’ဟုနာရေးကူညီမှုအသင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုလူငယ် အမျိုးသားသည် အသက် ၁၉ နှစ်ရှိပြီး ၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်မှုထမ်း သွားရမည် ဖြစ်ပြီး၊ အိမ်က မိသားစုနှင့်လည်း အဆင်ပြေကာ စစ်မှုထမ်းပါသဖြင့် သွားမည်ဟုလည်း ပြောကြောင်း သိရသည်။ ထို သေဆုံးသူအလောင်းကို တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ Read in Full

၃၂။ တရုတ်-ကချင် နယ်စပ်ဂိတ်များပြန်ဖွင့်သော်လည်း မြန်မာနိုင်ငံသားများကို ဝင်ထွက်ခွင့်မပြု
 February 4, 2025
တရုတ်နိုင်ငံနဲ့ ကချင်ပြည်နယ် နယ်စပ်ဂိတ်တွေ လက်ရှိ ဖွင့်ထားတာဖြစ်ပေမဲ့ မြန်မာနိုင်ငံသားတွေ ဝင်ထွက်ခွင့်မပြု ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ နယ်စပ်ဒေသခံ အမျိုးသမီးတယောက်က “ပစ္စည်းတွေ ဖြတ်လို့မရသေးဘူး။ ဒီမှာ မဖွင့် သေးဘူး။ ကြံသယ်ယူဖို့တောင် အချိန်ပြည့်မဖွင့်ဘူး။ အကန့်အသတ်နဲ့၊ အချိန်ကန့်သတ်ပြီးမှပဲ ဖွင့်ပေးတယ်။ ဒီ မိုင်ဂျာယန်၊ လွယ်ဂျယ်ဘက်မှာတော့ ပစ္စည်းတွေ ပေးမဖြတ်သေးဘူး” လို့ ပြောပါတယ်။ တရုတ်တွေ ကြံလာသယ်ယူတဲ့အချိန်ပဲ ဂိတ်ဖွင့်ယူ ကာ မိုင်ဂျာယန်မှာရော လွယ်ဂျယ်မှာရော အတူတူပဲလို့ သူကပြောပါတယ်။ လိုင်ဇာဒေသခံတယောက်က “တရုတ်ဘက်က ဘာမှပေးမဖြတ်ဘူး။ ဒီကျမတို့ဘက်ကတော့ ကြံတွေ၊သူတို့ရဲ့ သံ၊ ကျောက် တွေပဲ ပေးဖြတ်သေးတာ။ ခပ်မာမာပဲ လောလော ဆယ် တရုတ်တွေ” လို့ ပြောပါတယ်။ လောလောဆယ် ဂိတ်ကနေ လူဝင်လို့ မရသေးသလို ကုန်ပစ္စည်းတွေလည်း လောလောဆယ် တရုတ်ဘက်က တရားဝင် ဝင်တာမျိုးမရှိဘဲ မှောင်ခိုသယ်တဲ့သဘောပဲ ရှိတယ်လို့ သူက ပြောပါတယ်။

ယာဉ်မောင်းတယောက်က “ပန်ဝါဘက်ကျတော့ လဂွေသွားတဲ့ဘက်လမ်းက နယ်ခြားမှတ်တိုင် ၇ ဘက်ကနေ တရုတ် ကားတွေက ကျနော်တို့ ချန်းယင်ခူးဘက်ကို ဝင်လာတာပေါ့။ ကျနော်တို့က ချန်းယင်ခူး နားကနေစောင့်၊ အဲမှာ ကုန်တင် အဲလို လုပ်ရတယ်” လို့ ပြောပါတယ်။ ကံပိုင်တည် နယ်စပ်ဂိတ်မှာတော့ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် သက် တမ်းမကုန်သေးတဲ့ မြန်မာ နိုင်ငံသားတွေ ဝင်ထွက်လို့ရတယ်လို့ သူကပြောပါတယ်။ ပန်ဝါဒေသနဲ့ ကချင်-တရုတ်နယ်စပ်က မြေရှားသတ္တုသိုက် တွေမှာ တော့ အသစ် ထပ်မံတူးဖော်တာမျိုး မရှိသေးပေမဲ့ တရုတ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံထားပြီးသား ကုန်စည် (တစ်သျှူးငှက် ပျော၊ မြေရှားသတ္တု) တွေကိုတော့ တရုတ်ဘက် သယ်ယူခွင့်ပြုတာမျိုး ရှိတယ်လို့ KIA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ Read in Full

၃၃။ ဧရာဝတီက ကုန်စည်များကို ရခိုင်သို့မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
 February 3, 2025
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ပြည်သို့ စားသောက်ကုန်စည်နှင့် ဆေးဝါးများ မပို့ကြရန် ဒေသခံများကို စစ်ကေင်စီက ထပ်မံသတိပေး ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်ပြည်သိမ်း တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာမှစတင်ကာ ရခိုင်ပြည်သို့ ကုန်စည်တင်ပို့သည့် ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို စစ်ကောင်စီက ပိတ် ပင်လိုက်ပြီး ယခုတစ်ကြိမ်တွင် ဧရာဝတီတိုင်းကနေ ဂွမြို့နယ်သို့ ရရာနည်းလမ်းဖြင့် ပို့ဆောင်နေသည့် ကုန်စည်များကို ထပ်မံ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ငါးသိုင်းချောင်းမြို့ခံများ၊ ကုန်သည်များ၊ ကားသမားများနှင့် ဆိုင်ကယ်သမားများကို ဇန်နဝါရီ ၃၀ ရက်တွင် မြို့မရဲစခန်းကိုခေါ်ယူပြီး ရခိုင်ပြည်ဖက်သို့ ကုန်စည်မပို့ကြရန်နှင့် တောလမ်းများမှတစ်ဆင့် ဂွမြို့နယ်သို့ မသွားကြရန် စခန်းမှူးက ဝန်ခံလက်မှတ်များ ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။ ငါးသိုင်းချောင်းမြို့ခံတစ်ဦးက “ရခိုင်ဖက်ကို ကုန်စည်၊ ဆေးဝါး တွေနဲ့ လူတွေမပို့ရဘူးဆိုပြီး မြို့မရဲစခန်းမှူးက ခေါ်ပြီးပြောတာ။ ခရီးသွား လူအငှားခေါ်ရင်တောင် ရဲစခန်းမှာ အရင်ဆုံး သတင်း ပို့ရမယ်ဆိုပြီး ပြောတယ်။ ကုန်စည်တွေ ပို့ဆောင်တာဖြစ်ဖြစ်၊ လူပို့တာဖြစ်ဖြစ် အရေးယူခံရမယ်ပြောတာ။ မလုပ်ပါဘူးဆိုပြီး တော့လည်း ဝန်ခံလက်မှတ်ထိုးခဲ့ရတယ်” ဟု ပြောသည်။

ငါးသိုင်းချောင်းသည် ရခိုင်ပြည် ဂွမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့ဖြစ်ပြီး ယခင်က ရခိုင်တောင်ပိုင်းက ဂွ၊ သံတွဲမြို့နယ်တို့အတွက် လိုအပ်သည့် စားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်များကို ယင်းလမ်းပိုင်းက အဓိကတင်သွင်း ကြခြင်းဖြစ်သည်။ ဂွမြို့သိမ်းတိုက်ပွဲကာလကတည်းက ဂွ-ငါးသိုင်းချောင်းလမ်းပိုင်းတွင် ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီ က ပိတ်ဆို့ထားခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါ ဂွမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထား ပြီဖြစ်သဖြင့် စစ်ကောင်စီက ငါးသိုင်းချောင်းကနေ ထပ်မံပိတ်ဆို့နေခြင်းဖြစ်သည်။“ဂွ-ငါးသိုင်းချောင်း လမ်းမကြီးက တိုက်ပွဲ ကြောင့် သွားလာလို့မရတာ လနှင့်ချီကြာနေပြီ။ တစ်ချို့ ကယ်ရီသမားတွေကတော့ အရင်က သစ်ခုတ်တဲ့လူတွေ ဖောက်ထားတဲ့ တောလမ်းတွေက သွားနေတာရှိတယ်။ အဲဒီလမ်းကြောင်းတွေကိုပါ ပိတ်ဆို့ဖို့လုပ်လာတာ။ ဂွရိုးမတစ်လျှောက်ကိုလည်း AA က စိုးမိုးထားပြီး စစ်ကောင်စီက မသွားရဲတော့ ဆိုင်ကယ်သမားတွေကို အကျပ်ကိုင်လာတာ”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button