
၁။ တီးတိန်မြို့မှာ ချင်းတော်လှန်ရေးအဖွဲ့တွေကြား ပဋိပက္ခဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ
January 9, 2025
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ချင်းညီနောင်အဖွဲ့ကပြင်ဆင်နေပြီး ချင်းပြည်ကောင်စီ အဖွဲ့ကလည်း စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတာကြောင့် ဒေသခံတွေဟာ ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်းကြားမှာ ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ပြောကြပါတယ်။ ချင်းပြည်ကောင်စီအဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ် PDA တီးတိန်အဖွဲ့က ဒီအပတ်အတွင်း နောက်ဆုံးထားပြီး ပစ္စည်းတွေ ရွှေ့ပြောင်းကြဖို့ ဒေသခံတွေကို အကြောင်း ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ PDF Zoland အဖွဲ့ကတော့ မြို့သိမ်း တိုက်ပွဲအတွက် ပြင်ဆင်နေဆဲ ဖြစ်ပြီး နီးကပ်လာရင် ပြည်သူတွေကိုအသိပေး အကြောင်းကြားသွားမယ်လို့ ဇန်နဝါရီ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ချင်းပြည်ကောင်စီတပ်တွေအနေနဲ့ တီးတိန်မြို့ကို လက်ဦးမှုရယူကာ စစ်ရေးလှုပ်ရှားနေတာ တွေရှိနေတယ်လို့ PDF Zoland ဘက်က ပြောထားပါတယ်။
“ Zoland ကပြန်အသိပေးမယ်လို့ ပြောပေမယ့် CC က စာထုတ်မထားဘူး။ CB က မတိုက်သေးပေမယ့် CC က ဝင်တိုက်ချင်ရင် တိုက်မလား၊ ဘယ်ချိန်ဝင်တိုက်မလဲဘဲ စိုးရိမ်နေရတယ်။ ကျွန်တော်တို့ သဘောကတော့ နှစ်ဖွဲ့လုံး ညှိပြီး ပေါင်းတိုက်ကြဖို့မျှော်လင့်ပါတယ်။ ချင်းအဖွဲ့တွေကြားမှာ ကျွန်တော်တို့ကြားညှပ်မှာ စိုးရိမ်တာပေါ့။”လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။ လက်ရှိ တီးတိန်မြို့ ဒေသခံ သုံးရာထက်မနည်းဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ဇာတိကျေးရွာ တွေဘက်ကို တိမ်းရှောင် နေကြပြီလို့ ဆိုပါတယ်။“ပစ္စည်းတွေကတော့ အကုန်ရွှေ့ပြီးသလောက်ပါပဲ၊ တချို့ကတော့ လူတွေပါ ပြောင်းကြတယ်။ အခုမြို့ ထဲကျန်တဲ့ သူတွေကတော့ အကုန်အသင့်အနေအထားနဲ့ နေနေကြတယ်ပေါ့။ အရင်တစ်ခါလိုလည်းဖြစ်မှာ စိုးတာလည်းပါတာပေါ့၊ မြို့ထဲကနေထွက်ဖို့ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးကြရတယ်။”လို့ နောက်ထပ် တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။ Read in Full
၂။ ကချင် မံစီမြို့ KIA နဲ့ပူးပေါင်းတပ် အလုံးစုံထိန်းချုပ်
January 9, 2025
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်တပ်တွေဟာ ဗန်းမော်နဲ့ မံစီမြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကစတင်ပြီး တပြိုင်တည်းထိုးစစ်ဆင်ခဲ့တာပါ။ ဒီလ ၆ ရက်နေ့မှာတော့ ထိုးစစ်အရှိန်ကို ထပ်မံမြှင့်တင်ခဲ့ရာက ဒီနေ့ နေ့ခင်းပိုင်းမှာ မံစီမြို့ကိုအပြီးသတ်သိမ်းယူခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “မံစီမြို့က စခန်းသုံးခု ဒီနေ့ မနက်ပိုင်းပေါ့နော်။ ၁၁ နာရီဝန်းကျင်လောက်မှာ အပြီးသိမ်းပိုက်လို့ရတဲ့အနေအထားဖြစ်ပါတယ်။ ၆ ရက်နေ့ကနေ ပြန် ပြီးမှ တိုက်ပွဲဖော်ဆောင်ပြီးမှဖြစ်တာ။ ဒီမနက်ကတော့ အဲဘက်မှာ နည်းနည်း အင်အားပြန်ဖြည့်ပြီးမှ တိုက်ခိုက်လို့ ၁၁ နာရီ ဝန်းကျင်လောက်မှာ အပြီးသိမ်းနိုင်တဲ့အနေအထားဖြစ်ပါတယ်။ မြို့သိမ်းတာက တော့ကြာပါပြီ။ မြို့တွင်းဘက်ကတော့ ရဲစခန်း တွေ သိမ်းတာကတော့ ကြာပါပြီ။ မြို့တွင်းဘက်မှာတော့ ကျနော်တို့အဖွဲ့တွေပဲ နေနေတာ။ အခုတော့ မြို့ပြင်လို့ ပြောရမှာပေါ့ နော။ လုံခြုံရေး စခန်းတွေကတော့ အဲဒါကို သိမ်းတာဖြစ်ပါတယ်။” KIA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် မေလ-ပထမပတ်မှာ မိုးမောက်နဲ့မံစီကို တပြိုင်တည်းတိုက်ခိုက်ခဲ့သလို မံစီမြို့က ရဲစခန်းနဲ့ စစ်တပ်ကာကင်းအချို့ကို သိမ်းယူပြီး မြို့ကို ထိန်းချုပ်ထား ခဲ့တာပါ။ မံစီမြို့ခံအများစုဟာလည်း အဲဒီကာလမှာကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေခဲ့ကြရတာပါ။ ဒီကနေ့မှာတော့ မံစီမြို့က ကျန်ရှိနေတဲ့ ခမရ ၃၁၉၊ ၆၀၁ နဲ့ အမှတ် ၅၂၃ အမြောက်တပ် စခန်းတွေကို သိမ်းယူခဲ့တာဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူ က အတည်ပြုပါတယ်။ လက်ရှိ မှာတော့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ဗန်းမော်ဘက်ကတော့တိုက်ပွဲကတော့ပြင်းထန်ပါတယ်။ မြို့တွင်းကကာကင်းတွေ၊ နောက်ရဲစခန်းတို့ဘာတို့ကတော့ မရှိတော့ပါဘူး။ အားလုံးတပ်စခန်းဘက်ကို ဆုတ်ပြီးမှ ပြောင်းသွားကြတယ်။ ၄၇ တို့၊ ၂၁ တို့ ပေါ့နော်။ ဆက်သွယ်ရေးတပ်တို့၊ တက္ကသိုလ် ကျောင်းဘက်မှာ လုံခြုံရေးချထားတဲ့အဖွဲ့တွေ အားလုံးရှိပါတယ်။ အမြောက်တပ်တို့၊ ထောက်ပို့တို့ အကုန်လုံးရှိပါ တယ်။ ၉ ခုလားမသိဘူး ရှိပါသေးတယ်။ ကျနော်တို့ သိမ်းနိုင်တဲ့ အနေအထားမရှိသေးပါဘူး။ ရပ်ကွက်တချို့မှာတော့ ကျနော်တို့တွေလည်း ဝင်ထွက်လို့တော့ရပါပြီ။ ကျနော်တို့ ထိန်းချုပ်နိုင်တဲ့အနေအထားတော့ မဟုတ်ပါဘူး။ ဝင်ထွက်ရတဲ့ အနေအထားတော့ ဖြစ်ပါတယ်။” ဒေသတွင်းသတင်းမီဒီယာအချို့က ဗန်းမော်အခြေ စိုက် ခလရ ၄၇ ကို KIA က သိမ်းယူ ကြောင်းဖော်ပြပေမဲ့ ဗိုလ်မှူးကြီးနော်ဘူကတော့ အတည်မပြုပါဘူး။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁၊ ခလရ ၄၇၊ ၁၂၁၊ ၂၃၆၊ ၂၃၇၊ အမြောက်တပ်၊ သံချပ်ကာတပ်၊ တင့်ကားတပ်အပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စစ်မြေ ပြင်စစ်လက်နက်ပစ္စည်းတပ်၊ ထောက်ပံ့ရေး တပ်စတဲ့ လက်ရုံးတပ်ဖွဲ့တွေလည်း အခြေစိုက် ထားတာပါ။ စစ်ကောင်စီဘက်က ဗန်းမော်မြို့ မကျရေးအတွက် လက်နက်ကြီ၊ ဒရုန်းနဲ့ လေကြောင်းက အပြင်းအထန် ခုခံနေတာ လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်း တိုက်ပွဲအတွင်း အရပ်သား ၃၀ ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၅၀ ကျော်ရှိကြောင်း ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက ဒီဇင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ လူဦးရေ တသိန်းခွဲလောက်နေထိုင်တဲ့ ဗန်းမော်မြို့ရဲ့ မြို့ခံပြည်သူ သုံးပုံနှစ်ပုံလောက်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံ တွေကပြောပါတယ်။ ကချင်ပြည်နယ်တိုက်ပွဲ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။ Read in Full
၃။ ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူများ ဆေးဝါးအကူအညီလိုအပ်နေ
January 10, 2025
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သား ၄၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်မှာ ဒဏ်ရာရရှိသွား သူတွေကို ဆေးကုသဖို့ အရေးပေါ် ဆေးဝါးလိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရပ်သား သေဆုံးသူ ၄၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့ကာ လူနေအိမ် ၅၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ သေဆုံးသွားသူတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး သေဆုံးခဲ့တာရှိသလို မီးလောင်မှုကြောင့်လည်း သေဆုံးခဲ့တာရှိပြီး ဒဏ်ရာရရှိခဲ့သူတွေကို အရေးပေါ် ဆေးဝါးကုသဖို့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ကူညီဆောင်ရွက် ပေးနေသူ ရမ်းဗြဲဒေသခံတယောက်က ပြောပါတယ်။“မွတ်ဆလင်တွေ အများစုနေထိုင်ကြတဲ့ ရွာရဲ့တောင်ပိုင်းကို ဗုံးကြဲခဲ့တာ ဖြစ်ပြီး မီးကူးပြီးတော့ မြောက်ပိုင်း ရပ်ကွက်နဲ့ အလယ်ပိုင်းရပ်ကွက်တွေကို မီးကူးပြီးလောင်ခဲ့တယ်။ သေဆုံးသွားတဲ့ သူတွေမှာ လေကြောင်းတိုက် ခိုက်လို့ သေဆုံးမှုရှိကြသလို မီးလောင်ပြီးတော့လည်းသေဆုံးခဲ့ကြတာတွေရှိတယ်။ သေသွားတဲ့အထဲ ကလေးနဲ့ သက်ကြီးပိုင်းတွေအများကြီး ပါသွားတယ်။ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ အာရက္ခတပ်တော်က တတ်နိုင်သလောက်ဖြည့် ဆည်းပြီးတော့ ဆေးကုသပေးနေကြတယ်။ ဆေးဝါးမပြည့်စုံတာကြောင့် လိုအပ်ချက်ကတော့ရှိတယ်။” သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရရှိသူ အများစုဟာ မွတ်ဆလင်တွေဖြစ်ကြပြီး ကျောက်နီမော်ကျေးရွာဟာ ရခိုင်နဲ့ မွတ်ဆလင်၊ ကမန်တို့ အတူယှဉ်တွဲ နေထိုင်ကြတဲ့ စံပြရွာကြီးတခုဖြစ်ကာ မီးလောင်မှုကို ၆ နာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရ ပါတယ်။
လက်ရှိ မီးလောင်ရာမှာ ပါသွားတဲ့ အိမ်ထောင်စု ၅၀၀ ကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေး အထောက်အပံ့တွေ လိုအပ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက စစ်ရေးပစ်မှတ်တခုမှမရှိတဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတာ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာ ဖြစ်တယ်လို့ ရခိုင်ကလူ့အခွင့်အရေးလှုပ်ရှားသူတယောက်က ပြောပါတယ်။“ဒီရက် ပိုင်းမှာ စစ်ကောင်စီက ရခိုင်မှာ အရပ်သားပစ်မှတ်ထား တိုက်ခိုက်လာတာ ဆက်တိုက်ရှိတယ်။ ကျောက်နီမော်ဆိုရင်လည်း ULA/AA အခြေချတပ်စွဲထားတာ တခုမှလည်းမရှိဘူး။ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ စစ်ကောင်စီက တမင်ရည်ရွယ်ပြီး တိုက်ခိုက်တာဖြစ်တယ်။ စစ်ကောင်စီဟာ ရခိုင်မှာ စစ်ရေးအရတိုက်ခိုက်မနိုင်တဲ့အခါ ရခိုင်ပြည်သူတွေကို အငြိုးတေးထားပြီးတော့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေကို ဆက် တိုက်ကျူးလွန်လာတာ ဖြစ်တယ်။ ရခိုင်ပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ်ကို အရမ်းသတိထားကြဖို့ လိုအပ်လာပြီ။” ကျောက်နီမော် လေကြောင်းတိုက်ခိုက်မှုဟာ ရခိုင်တိုက်ပွဲ အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံး ဖြစ်စဉ်တခုလည်းဖြစ်လာပါတယ်။ Read in Full
၄။ လွိုင်လင်လေးတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
January 10, 2025
ရှမ်း-ကယားနယ်စပ်၊ လွိုင်လင်လေးမြို့၊ အိုက်စမ်းရွာမှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ၁၂ နှစ် ကလေးငယ် ၂ ယောက် ပွဲချင်းသေဆုံးကာ လသား ကလေးငယ်တယောက်လည်း လက်ပြတ်ခဲ့သလို အသက် ၄၀ အရွယ် ရွာသားတယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ လွိုင်လင်အခြေစိုက် (၅၃၀) တပ်က ရည်ရွယ် ချက်ရှိရှိကျေးရွာထဲကို လက်နက်ကြီးနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ အိုက်စမ်းရွာနေ အမျိုးသားတယောက်က ပြောပါ တယ်။ “တမင်ကိုပစ်တာ။ ကျေးရွာထဲ ဘယ်သူမှ မရှိဘူး။ ရွာသားပဲရှိတာ။ ကလေးငယ် နှစ်ဦးက ပွဲချင်းပဲသေသွားတယ်။ နေအိမ် ၅ လုံးလည်း ပျက်စီးသွားတယ်။ ခုဆို ရွာသားတွေ ရွာထဲမှာမနေရဲတော့ဘူး။” အိုက်စမ်းရွာနဲ့ ၆ မိုင်သာဝေးတဲ့ ရှမ်း-ကယား နယ်စပ် ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာမှာရှိတဲ့ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်စခန်း အသိမ်းခံရလို့ အခုလို လူနေကျေးရွာကို စစ်တပ်က ပစ်ခတ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
နောက်ဒေသခံတယောက်က “ရွှေတစ်ဂူရွာနားက သူတို့ ဂိတ်စခန်း အသိမ်းခံရတယ်။ လက်နက်ကြီးနဲ့ ရွာထဲ မပစ်လာ ခင်ကတည်း အဲဘက်ကလာတဲ့ သေနတ်သံတွေနဲ့ဆူညံနေတာပဲ နေလယ်ပိုင်းရောက်တော့ ရွာထဲ ပစ်ခတ်လာတာပေါ့ “လို့ပြော ပါတယ်။ ဆီဆိုင်မြို့နယ် တဘက်အုပ်စုရွှေတဂူကျေးရွာမှာရှိတဲ့ စစ်ကောင်စီ PNO ပြည်သူ့စစ်စခန်းကို ဇန်နဝါရီ ၉ ရက်မနက် ပိုင်းမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ပြီး PNO ပြည်သူ့စစ် ၃ ယောက် သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။ Read in Full
၅။ နမ့်စန်မြို့နယ်အတွင်း RCSS နှင့် SSPP တိုက်ပွဲဖြစ်
January 9, 2025
သျှမ်းပြည် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ ကျောက်မီးသွေးတွင်းများမှ အခွန်ကောက်ခံရန် သျှမ်းတပ်နှစ်တပ် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ပထမပတ်အတွင်း နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာ အုပ်စု နမ့်မိုကျေးရွာအနီးတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ ဒရုန်းဖြင့်အပြန်အလှန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာအနီးပတ်ဝန်းကျင် ကျေးရွာ များရှိ အိမ်ခြေ (၂၀၀) ကျော်မှ စစ်ဘေးရှောင်များသည် နမ့်စန်မြို့ပေါ် နီးစပ်ရာဆွေမျိုးနှင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသခံများက ပြောသည်။“အစောပိုင်းမှာ RCSS က ဒရုန်းနဲ့ အရင် ဗုံးသွားချတယ်။ ညရောက်လာတော့ ဟိုဘက်က ဒရုန်းနဲ့ ဗုံးပြန်ချတယ်။ အိမ်နောက်က ချောင်းနားမှာ ကျတာ အသံအကျယ်ကြီးပဲ အိမ်တောင်မှ တုန်တယ်။ ညနေ (၅) နာရီလောက်က စပစ်တာ ညသန်းခေါင်ထိပဲ။ တိုက်ပွဲဖြစ်တာတော့ကြာပြီ၊ အရင်ညက ပိုပြီးမှပြင်းလာတာ။ ရွာမှာက ကျောက်မီးသွေးလည်း တူးတော့ အခွန်ကောက်ဖို့ နယ်မြေလုတဲ့ပုံစံဖြစ်တာ”ဟု အသက် (၄၀) ကျော်အရွယ် နမ့်စန်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားနေသည့် နောင်ဟီးကျေးရွာအုပ်စုတွင် ယခင်က RCSS တပ်ဖွဲ့ အခြေစိုက်လှုပ်ရှားနေပြီး SSPP တပ်ဖွဲ့ကလည်း ၎င်းကျေးရွာအုပ်စုအနီးနှင့် လဲချားမြို့နယ် အရှေ့ဘက်မှ တောင်ဘက်အထိ အင်အားဖြည့်တင်းကာ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။
“အစိမ်း(SSPP)နဲ့ အကြား(RCSS) ပစ်တာ အဲ့လိုဖြစ်နေတာ ၃ နှစ်ကျော် ရှိပြီ။ အရင်ကတည်းက သူ့နေရာ ကိုယ့်နေရာ နေပြီးတော့ နီးနီးကပ်ကပ် ရှိနေတာ၊ အခုမှ ပစ်ကြတာမဟုတ်ဘူး၊ ဟိုးအရင်ကတည်းက ပစ်ကြတယ်။ တိုက်ပွဲစိပ်လာတာ မနှစ် က စတယ် နမ့်မိုမှာ။ ဖြစ်တာတော့ ကြာပြီ၊ အခုက ပိုရှုပ်နေတာ”ဟု နမ့်စန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ စစ်အာဏာ သိမ်းပြီးနောက် နမ့်စန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းတပ်နှစ်တပ် တိုက်ပွဲများကြောင့် နောင်ဟီးကျေးရွာအုပ်စုမှ ဟိုခို၊ ကွန်ဆဲ၊ ဝမ်ပန်၊ နမ့်အုတ်ကျေးရွာတို့တွင် နေထိုင်သူများသည် နမ့်စန်မြို့ပေါ်နှင့် ထိုင်းနိုင်ငံအထိ ထွက်ပြေးတိမ်းရှောင်သွားကြ ကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ အလားတူ နောင်ဟီးကျေးရွာအုပ်စုနေ ယင်းနက်၊ ယင်းကျားလူမျိုးများလည်း ကွန်လမ်းနှင့် နမ့်မော်ခေါက်ဆင့် ကျေးရွာဘက်သို့ စစ်ဘေးရှောင်နေကြရပြီး လတ်တလော တိုက်ပွဲများကြောင့် ပဲစင်းငုံနှင့် ခြံထွက်သီးနှံများ ရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ နမ့်စန်မြို့နှင့် (၁၃) မိုင်ခန့် အကွာအဝေး၌ တည်ရှိနေသည့် နောင်ဟီးကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ခွင့်ပြုထားပြီး ဧက (၅၀၀) ကျော် ကျယ်ဝန်းသည့် ကျောက်မီး သွေး တွင်း (၅) ခုထက်မနည်း တည်ရှိကာ နားယိုင်းပြည်သူ့စစ်အဖွဲ့များလည်း ပါဝင်တူးဖော်နေကြောင်း ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်ကလည်း ရပ်စောက်မြို့နယ် အင်တောမြို့အနီး (၃) နေရာတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ နှစ်ရက် ဆက်တိုက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနှစ်ဘက်တပ်ဖွဲ့ ထိခိုက်မှုများကြောင်း အင်တောမြို့ဒေသခံများကပြောသည်။
၆။ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖားကန့်တွင် အမျိုးသမီးတစ်ဦးသေဆုံး
January 9, 2025
စစ်ကောင်စီတပ်က ယမန်နေ့ည ၁၀ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ဘွမ်နန်အနီး လေယောဉ်ဖြင့် ဗုံးနှစ်လုံး လာရောက် ကြဲချသွားကြောင်းသိရသည်။ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဈေးဆိုင်သုံးခုထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။“မနေ့ည ဂျက်ဖိုက်တာနှစ်စီးလာပစ်သွားတာ။ ဈေးတန်းမှာထိတယ်လို့ သိရတယ်။ ဈေးတန်းမှာထိလို့ အမျိုးသမီးတစ်ယောက်ဆုံးသွားတယ်” ဟုပြောသည်။ သေဆုံးခဲ့သူမှာ အသက် ၄၀ ခန့်အရွယ် ဒေါ်လုပန် ဆိုသူဖြစ်ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးကပြောသည်။“ဂျက်ဖိုက်တာနှစ်စီးနဲ့ လာပစ်ပြီး ပြန်ဆင်းသွားပြီ။ အဖွားအိုတစ်ယောက်သေပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရတာတဲ့” ဟုပြောသည်။
ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနစ် စက်တင်ဘာ လဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး မြို့အတွင်းတွင်လည်း လှုပ်ရှားမှုများရှိနေကြာင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။ စစ်ကောင်စီတပ်က တပ်စခန်းများ လက်လွတ်ဆုံးရှုံးရချိန်တိုင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး ယမန်နေ့နံနက်က မံစီမြို့ရှိ စစ်ကောင်စီတပ် စခန်းသုံးခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖားကန့်မြို့နယ်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝှမ်းတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်၏ လေ ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်းက ဖော်ပြထားသော အချက်အလက်များအရ သိရသည်။ Read in Full
၇။ လောင်းလုံးတိုက်ပွဲမှာ နှစ်ဖက်အကျအဆုံးရှိ
January 9, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းရွာနဲ့ နောက်ပြင်ကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းက လက်ခတ်တောင်ဘက်ကနေ ပြန်ဆင်းလာတဲ့ တပ်အင်အား ၄၀ ကျော်ပါ စစ်ကောင်စီကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန် လေးနာရီနီးပါးကြာ ဖြစ်ပွားခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ ကြားဖြတ်တိုက် ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အအေးခန်းစက်ရုံတွေကို အကာအကွယ်ယူပြီး ပြန်ဆုတ်သွားကာ အဲဒီကနေတဆင့် လောင်းလုံးမြို့ပေါ်ကို ပြန်တက်သွားတာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးနီးပါး ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကတည်းက လောင်းလုံးမြို့ပေါ်ကနေ လက်ခတ်တောင်၊ အဲဒီကနေတဆင့် စမ်းလှမ်းကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေ ကို ဖောက်ထွင်းယူဆောင်သွားတဲ့ စစ် ကြောင်းဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ငါးရက်အကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော်နှစ်ဦးကျဆုံးခဲ့ပါတယ်။ Read in Full
၈။CDF-မတူပီ၊ တပ်မဟာ-၂ က ရဲဘော်များ တပ်မဟာ-၁ ထံပူးပေါင်းခြင်းမဟုတ်ဘဲ ခွင့်ဖြင့်နေရပ်ပြန်စဉ်ဖမ်းဆီးခံရခြင်းဖြစ်
Jnauary 10, 2025
CDF – မတူပီ၊ တပ်မဟာ – ၂ မှ တပ်မှူး – ၂ ဦးနှင့် ရဲဘော် ၆ ဦးသည် တပ်မဟာ- ၁ တပ်ဖွဲ့ထံ ပူးပေါင်းသည်ဟု ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိဘဲ ၎င်းတို့သည် ခွင့်ဖြင့်အိမ်ပြန်စဉ် တပ်မဟာ – ၁ က ဖမ်းဆီးထားခြင်းဖြစ်သည်ဟု CDF – မတူပီ၊ တပ်မ ဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။ CDF မတူပီ၊ တပ်မဟာ- ၂ ၊ တပ်ရင်း ၆ ၏ စခန်းမှူးသည် သား ဖြစ်သူ မိုင်ထိ၍ လက်ပြတ်သွားသောကြောင့် ခွင့်ယူ၍ အိမ်ပြန်စဉ် ဖမ်းဆီးခံရပြီး၊ တပ်ရင်း – ၆ စစ်ရေးဌာနမှူးသည်လည်း မိန်းမဖြစ်သူ အမွှာပူး ကလေးမွေးရန် ရှိနေ၍ ခွင့်ဖြင့် အိမ်ပြန်စဉ် တပ်မဟာ- ၁ က ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။ တပ်မဟာ ၂ ၏ ရဲဘော် ၆ ဦးသည်လည်း ခရစ္စမတ်ကာလအပါအဝင် ၎င်းတို့၏ ဇာတိနယ်မြေကိုပြန်ရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယင်းတို့ အထဲက ရဲဘော် ၁ ဦးနဲ့အမျိုးသမီးရဲဘော် ၁ ဦးတို့မှာ ချစ်ကြိုက်၍ လက်ထပ်ရန် အိမ်ပြန်ကြခြင်းဖြစ်သည်ဟု ဆလိုင်းနိုင်ဂျွန်ကိန်း က ပြောသည်။“သူတို့က ရွာဘက်ကို ပြန်ရင်းနဲ့ သူတို့ရွာဘက် ရောက်တဲ့အချိန်ဖမ်းသွားတယ်။ အကုန်လုံးဖမ်းပြီးမှ ကျနော်တို့နဲ့ လာပူးပေါင်းတယ်လို့ထုတ် ပြန်တာပါ။ ကျနော်တို့က ခရစ္စမတ်နေ့မို့ ခွင့်ပေးထားတယ်။ ကောင်းကောင်းမွန်မွန် ပြန်လာနိုင်ဖို့ ဆိုပြီးလုပ်ပေးတယ်။ ပြီးရင် တပ်မဟာ ၁ နဲ့ တိုင်ပင်ပြီးမှ ဝင်ထွက်သွားလာခွင့်လုပ်ပါ၊ အခန့်မသင့်ရင် အဖမ်းခံရနိုင်တယ်လို့ ကြို တင်ပြောပြီးသာ။ ကျနော်တို့ ထင်တဲ့အတိုင်းပဲ ဟိုဘက်ရောက်တော့ အကုန်လုံးဖမ်းသွားတယ်။ ဖမ်းသွားတာကို ဟိုဘက်ကို ပူးပေါင်းတယ်လို့ သူတို့ထုတ်ပြန်တာပါ။ ဒါကအမှားကြီးပါ”ဟု CDF-မတူပီ၊ တပ်မဟာ-၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း နိုင်ဂျွန်ကိန်း က ပြောသည်။
တပ်မဟာ – ၂၊ တပ်ရင်း ၆ သည် CDF မတူပီ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကွဲပြဲပြီးနောက် တပ်မဟာ -၁ ၊ တပ်ရင်း – ၁ မှ ခွဲ ထွက်ပြီး တပ်ရင်းအသစ်၊ တပ်ရင်း – ၆ အဖြစ် တည်ထောင်ထားခြင်းဖြစ်ကာ၊ တနယ်ထဲသားချင်းများ ဖြစ်ကြသည်ဟု သိရသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသော တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် မရဖြစ်ကြောင်း၊ လိုင်းသုံးခွင့်၊ ဆက်သွယ်ပြောဆိုခွင့်များ ပိတ်ပင် ထားသည်ဟု ယူဆကြောင်း တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် မတူပီ၊ တပ်မဟာ ၂ အဖွဲ့မှ တပ်မဟာ စစ်ဦးစီး ၁ ဦး၊ တပ်ရင်းစခန်းမှူး ၁ ဦး၊ ရဲဘော် ၆ ဦးတို့သည် ချင်းကာကွယ်ရေး တပ်ဖွဲ့ – မတူပီ စည်းလုံးညီညွတ်ရေးအတွက် ပူးပေါင်းဝင်ရောက် လာသည်ဟု CDF – မတူပီ၊ တပ်မဟာ ၁ က ဇန်နဝါရီလ ၈ ရက်က ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။“သူတို့ ဒီလိုလာတဲ့ အကြောင်းအရင်း အကုန်လုံး ခြုံကြည့်မယ်ဆိုရင် တပ်မဟာ- ၁ နဲ့ ပူးပေါင်းမယ်လို့ ပြော ဆိုတာရှိတယ်။ အကုန်လုံးတော့ မတူဘူး။ သူ့အကြောင်းရင်နဲ့ သူတော့ ရှိတယ်။ အဓိက အကြောင်းရင် ပြောရရင် တပ်မဟာ ၁ နဲ့ ပူးပေါင်းချင်လို့ ဆိုပြီး လာကြတာ။ သူတို့က စစ်ကောင်စီလည်း ကုန်ပြီးပြီ၊ ဘုံရန်သူလည်း မရှိတော့ဘူး ဆိုတော့ ကျနော်တို့က မတူပီ ညီညွတ်တာပဲ လိုချင်တယ်ဆိုပြီးတော့မှ ထွက်ဆိုတာတွေလည်း ရှိတယ်”ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့် ရှိသူ ကိုဘွေအုပ်က ယမန်နေ့က ပြောသည်။ Read in Full
၉။ ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေ နေရပ်မပြန်ရင် အိမ်ကိုချိတ်ပိတ်မယ်လို့ PNO ဖိအားပေးနေ
January 9, 2025
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်ကြဖို့ PNO ပြည်သူ့စစ်က ဖိအားပေးနေသလို မပြန်ပါက အိမ်ကိုချိတ်ပိတ် သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်နေကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှာ ဖယ်ခုံမြို့နယ်အစနဲ့ ပင်လောင်းမြို့နယ်အဆုံးမှာရှိတဲ့ ဗန်းမောက်ကျေးရွာ တိုက်ပွဲကြောင့် ဒေသခံတွေဟာ နီးစပ်ရာကျေးရွာနဲ့ မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ PNO က၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး အိမ်ပြန်ကြဖို့ဖိအားပေးနေတာကြောင့် အများစုမှာ ပြန်နေကြပြီလို့ သိရပါတယ်။
” ကျွန်တော်တို့ပြည်သူတွေက လက်နက်မရှိ၊ တုံ့ပြန်ဖို့အင်အားမရှိတော့ သူတို့ပြောတဲ့အတိုင်းပဲလုပ်ရတာပေါ့၊ မလွန် ဆန်ရဲတော့ မပြန်ရဲသေးလည်းပြန်ရတာပါပဲ”လို့ စစ်ဘေးရှောင် ကူညီသူတစ်ဦးကပြောပါတယ်။ပင်လောင်းမြို့မှာ စစ်ဘေးရှောင် သုံးထောင်ဝန်းကျင်ခန့်ရှိနေပြီး ဆန်၊ဆီ၊ဆားစတဲ့ အခြေခံစားသုံးကုန်တွေလည်း အကူအညီလိုအပ်နေပါတယ်။ အခုလက်ရှိ ရှမ်း နဲ့ ကရင်နီနယ်စပ်မှာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ဖက်က အဆက်မပြတ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ Read in Full
၁၀။ ကျောက်ကြီးမြို့နယ်ထဲက အရေးပါတဲ့ စစ်ကောင်စီစခန်း KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်
January 9, 2025
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်ထဲမှာရှိတဲ့ စစ် ကောင်စီရဲ့ အရေးပါတဲ့ စစ်စခန်းဖြစ်တဲ့ မူသယ်စခန်းကို KNU နဲ့ ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့တာပါ။ ဒီစခန်းဟာ တပ်မဟာ ၅ ဖာပွန်ခရိုင်ထိ ထောက်ပို့လုပ်ပေးနေတဲ့ အရေးပါတဲ့ စခန်းဖြစ်တယ်လို့ ကေအန်ယူဘက်က ဆိုပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် ဒေသခံငါးဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။“မူသယ်စခန်းဆိုတာ အထိုင်ချစခန်းပေါ့။ အဲဒီစခန်းကို KNU-KNDO-PDF ပူးပေါင်းတပ်တွေက ဝင်တိုက်လိုက်တာ ၃၁ ရက်နေ့ကစပြီး ဇန်နဝါရီလ ၃ ရက်နေ့လောက်က စခန်းသိမ်းနိုင်တာ။ စစ်ကောင်စီက လေကြောင်းကော၊ လက်နက်ကြီးကော၊ အရင်ကထက် ပိုပစ်တယ်။ လေကြောင်း ကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ အဲဒီနားက တပ်ရင်းအကုန်လုံးက ပစ်တယ်။ သူတို့ ထွက်ပြေးတော့ လက်နက်ခဲယမ်းတွေ ကျန်ခဲ့တာရှိတယ်။ သေတဲ့သူတွေက စစ်ကောင်စီ ၈ ယောက် လောက်သေတယ်။ ကျနော်တို့ ပြည်သူတွေ ထဲ့လည်း ၅ ဦး၊ ၆ ဦးလောက် သေတယ်။ မူသယ်စခန်း ဘေးက ကျေးရွာတွေက ပြည်သူတွေက အကုန်ထွက်ပြေးနေရတယ်။ နှစ်ဘက်တိုက်ပွဲတွေ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် နေရပ်မပြန်နိုင်ဘဲထွက်ပြေး နေရတဲ့ ဒုက္ခသည် သိန်းဂဏန်းနဲ့ရှိနေပြီး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
“ရွာထဲမှာ မတိမ်းမရှောင်နိုင်တဲ့သူတွေက.. ဆယ်ပုံတပုံလောက်ပဲကျန်တယ်။ ပြည်သူတွေက အကုန်တောထဲတောင် ထဲ ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျန်တဲ့သူတွေအကုန် တိမ်းရှောင်တယ်။ တောထဲ တောင်ထဲနေတယ်၊ မြို့ပေါ်တက်တယ်၊ စစ်မဖြစ်သေးတဲ့နေရာကို ရွှေ့နေကြတယ်။ ရွာကို ပြန်မလာရဲကြဘူး အခုက။ ရွာတွေက လူတွေက သိန်းနဲ့ချီရှိပြီ မပြန်ရဲကြဘူး။” မူသယ်စခန်းသိမ်းပိုက်စဥ် လက်နက်ခဲယမ်း အများအပြားရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး ကြောင်း KNU ပြောပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ညောင်လေးပင် ခရိုင်ဟာ စစ်ဘေးရှောင်ဦးရေ အများဆုံးထဲမှာပါဝင်ပြီး စစ်ဘေးကော၊ ရေဘေးကောသင့်တဲ့အတွက် ဒေသခံတွေက ပိုပြီး ဒုက္ခရောက်နေရပါတယ်။ အဲဒီ နယ်မြေထဲမှာ စစ်ကောင်စီ ဘက်က စခန်းအတော်များများ လက်လွှတ်ဆုံးရှုံးရတာရှိသလို နောက်ထပ် စခန်းသုံးခုလောက်ပဲ ကျန်တော့တယ်လို့လည်း ပူးပေါင်းတပ်တွေဘက်က ဆိုပါတယ်။ အခု မူသယ်စခန်းဟာ စစ်ကောင်စီရဲ့အရေးပါတဲ့စခန်းတခုဖြစ်ပြီး ထောက်ပို့လုပ်ငန်းတွေ ကို အဓိကလုပ်နေတဲ့ စခန်းလို့လည်း သိရပါတယ်။ Read in Full
၁၁။ ပြည်သူ့စစ်အားလုံး တော်လှန်ပြည်သူ့ဘက်ပူးပေါင်းကြရန် KPF ထံအလင်းဝင်လာသည့် ပြည်သူ့စစ်အရာရှိ တိုက်တွန်း
January 9, 2024
ပြည်သူ့စစ်များအားလုံး ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ စစ်အာဏာရှင်အုပ်စုကို တော်လှန်ကြရန် ခါကာဘိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(KPF)ထံ ခိုလှုံသူ ပြည်သူ့စစ်အရာရှိက တိုက်တွန်းလိုက်သည်။ အဆိုပါ အရာရှိက ပြည်သူ့စစ်များအား တိုက် တွန်းသည့် ပြောကြားချက် ရုပ်သံကို KPF က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိအချိန်မှာ ပြည်သူ့တော် လှန်ရေးနဲ့ စစ်အာဏာရူးအုပ်စုအတွက် အလုပ်လုပ်မလားဆိုပြီး ရွေးချယ်စရာ နှစ်ခုထဲက တစ်နိုင်ငံလုံး စစ်အာဏာရှင်လက် အောက်မှ လွတ်မြောက်နိုင်ရေးအတွက် ကျနော်လည်း ပြည်သူလူထုနဲ့အတူ စစ်အာဏာရှင်အုပ်စုကို တော်လှန်ဖို့ ရွေးချယ်ပြီး KPF ထံ ပူးပေါင်းခဲ့တာဖြစ်ပါတယ်”ဟု ပြည်သူ့စစ်အရာရှိက ပြောသည်။ လက်ရှိ စစ်ပွဲသည် လူမျိုးရေးတိုက်ပွဲ၊ နယ်မြေစိုးမိုးရေး တိုက်ပွဲမဟုတ်ကြောင်း ၎င်းက ဆိုသည်။ ” ကျနော်တို့ နိုင်ငံကို နှစ်ပေါင်းမြောက်များစွာ လက်နက်အားကိုးနဲ့အနိုင်ကျင့်ကာ မတရားဖိနှိပ် အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်အုပ်စုလက်အောက် မှ လွတ်မြောက်နိုင်ရေး ပြည်သူ့တော်လှန်ရေး တိုက်ပွဲဖြစ်တယ်ဆို တာ သိစေချင်တယ်။ ဒါကြောင့် ကိုယ့်အချင်းချင်းထိခိုက်မှုမရှိအောင် ကိုယ့်ဒေသခံအချင်းချင်း ထိခိုက်သေဆုံးမှု မရှိအောင် ဒီတိုက်ပွဲမှာ ပြည်သူလူထုပါဝင်တဲ့ စစ်အာဏာရှင်အုပ်စုကျဆုံးရေး တော်လှန်ပြည်သူ့ဘက်မှာ လာရောက်ပူးပေါင်းစေချင်ပါ တယ်”ဟု KPF ထံ အလင်းဝင်လာသည့် ပြည်သူ့စစ်အရာရှိက တိုက်တွန်းသည်။
KPF သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်အတူပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေသည့် တပ်ဖွဲ့ဖြစ် သည်။ KIA သည် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်များ စိုးမိုးထားသည့် ကချင်အထူးဒေသ(၁) နယ်မြေများဖြစ်သည့် ပန်ဝါ၊ ချီဖွေ၊ ဆဒုံး၊ ကန်ပိုက်တီ၊ ဆော့လော်၊ ဖီမော်၊ လန်ဆယ်၊ ကန်ဖန့် စသည့် ဒေသများကို သိမ်းပိုက်ခဲ့ရာ အဆိုပါစစ်ဆင်ရေးတွင်လည်း ပြည်သူ့စစ်များက KIA နှင့် ပူးပေါင်း အလင်းဝင်ခဲ့မှုများရှိခဲ့သည်။ Read in Full
၁၂။ ချင်းပြည်နယ် ဖလမ်းမြို့ တိုက်ပွဲဆက်ပြင်းထန်နေ
January 9, 2025
ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းညီနောင်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က နေ့ရောညပါ လေကြောင်းအသုံးပြု အပြင်းအထန် ခုခံတိုက်ခိုက်နေတာလို့ အနီးအနားမှာရှိနေတဲ့ မြို့ခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ ၉ ရက်နေ့ ၂၀၂၄ ကစလို့ ချင်းညီနောင်စစ်ဆင်ရေး စတင်ခဲ့ပြီး ဖလမ်းမြို့ သိမ်းတိုက်ပွဲ ဖြစ်ပွားလာတာ ဇန်နဝါရီ ၉ ရက် ၂၀၂၅ မှာ မနက်ဖြန်ဆိုရင် နှစ်လတိတိပြည့်ပြီးလို့ မြို့ခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က မနေ့ညကအထိ လေ ကြောင်းအသုံးပြုပြီး အပြင်းအထန် ခုခံတိုက်ခိုက်နေတဲ့အကြောင်း အနီးအနားမှာရှိတဲ့ မြို့ခံတဦးက ခုလိုပြောပါတယ်။ “လက်နက်ငယ်လည်း ကြားတယ်။ လက်နက်ကြီးတွေလည်း ကြားတယ်။ လေယာဉ်၊ ဖိုက်တာလည်း လာတယ်၊ ပြီးတော့ Y-12 လား အဲ့ဒါလည်း ဗုံးလာကြဲတယ်။ မနေ့ညအထိ သန်ခေါင်းယံအထိ (ကြဲတယ်)။ သေနတ်သံ အော်တိုဆွဲတဲ့အသံတောင်ကြားတယ် ငါတို့ရွာကနေ။ ဒီနေ့တော့ တခါတလေကြားတယ်။ (သေနတ်သံ) နည်းနည်း သိပ်မများဘူး။ ဒီနေ့က တခါတော့ကြားတယ်။ လက်နက်ငယ်ကြားတယ်။ ဒီနေ့က လက်နက်ကြီးကမရှိတော့ဘူး။” တိုက်ပွဲတွေကြား လက်နက်ကြီး၊လက်နက်ငယ်သံ ကြားနေရသလို လေယာဉ်ကပါ ကျေးရွာပေါ်မှာ ပျံဝဲနေတာကြောင့် ကလေး တွေ ကြောက်လန့်ပြီး ငိုယိုကြတဲ့အကြောင်း အနီးအနားမှာရှိတဲ့ မြို့ခံက ဆက်ပြောပါတယ်။
“ရွာအပေါ်ကနေ လေယာဉ်လာတဲ့အခါမှာ ကလေးတွေက ငိုကြတယ်လေ။ ဗုံးကြဲမှာကြောက်လို့ပေါ့၊ အောင်မလေး… ကြောက်တာပေါ့၊ ငါတို့က အကာအကွယ်လည်း မရှိဘူး၊ ရွာနားမှာပဲ ရှောင်တယ်၊ ပုန်းတယ်။ ပြီးတော့ အိမ်အောက်မှာ ပုန်းတယ် လေ။ ဗုံးကြဲမှာကြောက်လို့။ တခါတလေ ကျနော်တို့ ရွာနားထိလည်း လက်နက်ကြီးနဲ့ လာပစ်တယ်ဆိုတော့ တိုက်ပွဲရှိတဲ့အချိန် တော့လန့်တာ နည်းနည်းကြောက်တာ။” ဖလမ်းမြို့မှာတော့ စစ်ကောင်စီရဲ့ ဖလမ်းမြို့အခြေစိုက်အမှတ်(၂၆၈) ခြေလျင်တပ်ရင်း တခုသာကျန်ရှိတော့တယ်လို့ နောက်ထပ် ဖလမ်းမြို့ခံတဦးက ခုလိုပြောပါတယ်။ “လေယာဉ်နဲ့လည်း ဗုံးတွေချတယ်။ Y-12 က နေ ဗုံးတွေ တအားချတယ်။ (စစ်ကောင်စီက) အပြင်ကနေလည်း ခုခံတယ်။ တပ်ကုန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ (စစ်ကောင်စီစခန်း) တပ်ကုန်းတခုပဲ ကျန်တော့တယ်။ စကစက ၂၆၈ တပ်ရင်း တပ်ကုန်း အဲ့ဒီတခုပဲ ကျန်တယ်လေ။ အဲ့ဒါကို (ကာကွယ်ရေးတပ်က)သူတို့ဝိုင်းပစ်ကြတာပေါ့လေ။” ချင်းညီနောင်အနေနဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်တဲ့အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ Read in Full
၁၃။ သိမ်ဇရပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ နှစ်ဦး သေဆုံး
January 9, 2025
မွန်ပြည်နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်နယ်မြေရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါ တယ်။ ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်ကောင်စီတပ်သားတွေပါ တပ်စွဲနေထိုင်နေတဲ့ သိမ်ဇရပ်နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ ဗုံးသီး နှစ်လုံးဟာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သိမ်ဇရပ်အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ် သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းပေးတွေဆီကနေ အတည်ပြုနိုင်ခဲ့တယ်လို့ KRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၇၈၀၅ တပ်ရင်း ပူးပေါင်းအဖွဲ့တွေဘက်က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ရဲစခန်း ဗုံးချတိုက်ခိုက်ချိန် ပူးပေါင်းအဖွဲ့တွေဘက်က သုံးတဲ့ ဒရုန်းတစ်စီး GPS Error တက်လို့ ဆုံးရှုံးခဲ့ရပေမယ့် ပူးပေါင်းအဖွဲ့ဝင်တွေ ဘက်က တော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ Read in Full
၁၄။ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ဒီဇင်ဘာတစ်လအတွင်း ကလေးငယ်အပါအဝင်အရပ်သားပြည်သူ ၈ ဦသေဆုံး
January 9, 2025
ကရင်နီပြည်၊ လွိုင်ကော်မြို့နဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံမြို့တွေမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ တစ်လအတွင်း ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) စာရင်းအရသိရပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့က ဖယ်ခုံမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ဆိုင်ခွန်ကျေးရွာအနီးအနားကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဒီဇင်ဘာလ ၄ ရက်နေ့က မိုးဗြဲ ၊ စစ်ရှောင်စခန်းတစ်နေရာကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၃ ဦး ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက ဆင်စခန်း စစ်ရှောင်စခန်းကို လေကြောင်းနဲ့ ဗုံးကြဲမှုကြောင့် ၃ ဦး နဲ့ မိုးဗြဲမှာ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေပါ။ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပါတယ်။ စစ်ကောင်စီတိုက်ခိုက်တဲ့နေရာတွေဟာ စစ်ရေးလှုပ်ရှား မှုမရှိတဲ့ ဒေသတွေဖြစ်ပြီး အရပ်သားပြည်သူတွေနေထိုင်ကြတဲ့ နေရာဖြစ်တယ်လို့ ဒေသခံအမျိုးသားက အခုလို ပြောပါတယ်။“ စစ်ကောင်စီကတော့ သူတို့ရဲ့ပုံစံအတိုင်းပဲလုပ်မှာပဲလေ လူထုလည်းမသိဘူး ပစ်နေတာပဲ။ လေယာဉ်ကိုတော့ အခုဆိုရင် ပို ကြောက်ရတာပေါ့နော နှစ်ကူးကာလမှာလည်း ဗုံးကြဲတာ ဆက်တိုက်ရှိနေတော့လည်း စိုးရိမ်ရတယ် ဘယ်အချိန်လာကြဲမလဲပေါ့ နော။”လို့ သူက ပြောပါတယ်။
ဒီဇင်ဘာလ တစ်လအတွင်း ထိခိုက်သေဆုံးသူ ၈ ဦးမှာ ၁၀နှစ်အောက် ကလေးငယ် နှစ်ဦး နဲ့ အမျိုးသား ၃ ဦး ၊ အမျိုး သမီး ၃ ဦး ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းဗုံးကြဲမှုကြောင့် ထိခိုက် ဒဏ်ရာရသူ ၁၉ ဦးရှိပြီး နေအိမ်ပျက်စီးမှု (၇၈) လုံး ရှိပါတယ်။ တစ်လအတွင်း စစ်ကောင်စီက အရပ်သားပြည်သူရှိရာနေရာကို လေကြောင်းတိုက် ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက စစ်ရေး၊ နိုင်ငံရေးတွေမှာ ဆုံးရှုံး မှုများလာချိန် အရပ်သားတွေကို ဦးတည်တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိပြီး လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုး သမီးနဲ့ ကလေးငယ်တွေလည်း အသက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေကို ကြုံတွေ့နေရတယ်လို့ အမျိုးသမီးအရေးဆောင် ရွက်သူတွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကရင်နီပြည်နဲ့ ကယန်းဒေသမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရေအတွက် (၁၇၆၅) ကြိမ်ရှိပြီး အရပ်သားသေဆုံးသူ (၅၃၆) ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီလ ၁ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။ Read in Full
၁၅။ ကရင်ပြည်နယ် ကတိုင်တိဒေသမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
January 9, 2025
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကတိုင်တိဒေသမှာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ် ဖက်တိုက်ပွဲတွေ တစ်ပတ်ကျော်လာတဲ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ပစ်ကူပေးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဖာပွန်ခရိုင် ကမမောင်း-ဖာပွန်လမ်း ပေါ် ကတိုင်တိကျေးရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကတိုင်တိစခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။ ကမမောင်း-ဖာပွန်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းတွေဖြစ်ကြတဲ့ ကူးဆိပ်၊ မထော၊ တောင်သုံးလုံး၊ ဆင်စွယ်စခန်းတို့ကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တဲ့နောက် အဲဒီစခန်းတွေရဲ့ အောက်ဘက်မှာရှိတဲ့ ကတိုင်တိစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ကတိုင်တိတိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက်ပစ်ကူပေးနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်း မြစ်တွေကနေ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကတော့ ကတိုင်တိဒေသမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မြေပြင်အခြေအနေအသေးစိတ် မသိရသေးဘူးလို့ပြောပါတယ်။ ကတိုင်တိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က စစ်သားအချို့ ထွက်ပြေးတာတွေရှိသလို ထိခိုက်သေဆုံးတာတွေ လည်း ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ ကတိုင်တိစခန်း တိုက်ခိုက်သိမ်းပိုက်မခံရဖို့အတွက် စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူနဲ့ အဆက်မပြတ် လာရောက်ပစ်ကူပေးနေသလို မြေပြင်ကနေလည်း စစ်ကူစစ်ကြောင်းတွေ ပို့ဆောင်နေတာပါ။ ကတိုင်တိတိုက်ပွဲကြောင့် ကတိုင်တိကျေးရွာအပါအဝင် ဘောကြိုလယ်၊ ဘောကြိုထ၊ နိုဖောထီးစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထု ၁၀၀၀ နီးပါးဟာ ကမမောင်း၊ မြိုင်ကြီးငူဒေသနဲ့ KNU တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်ထဲက ကျေးရွာ တွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ Read in Full
၁၆။ စစ်တွေ ခံစစ်အတွက် စစ်မှုထမ်း မွတ်ဆလင် ၁၀၀၀ ကျော် ပြင်ဆင်ထား၊ စစ်မှုထမ်းရန် ဆက်လက်ခေါ်ယူနေ
January 10, 2025
အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော ရခိုင်ပြည်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များ အလုံးအရင်းဖြင့် တိုးမြှင့်ချထားပြီး ခံစစ်အသင့်အနေထား ပြင်ဆင်ထားကြောင်းသိရသည်။ ယင်းမြို့ထဲ တွင် ရခိုင်ပြည်၊ မြောက်ပိုင်း လက်ကျန် မြို့နယ်ဖြစ်သော စစ်တွေမြို့နယ်မှာ မွတ်ဆလင် စစ်သင်တန်းဆင်း ၁၀၀၀ ကျော်ဖြင့် စစ်တွေမြို့အတွင်း တပ်ရင်းများကို ပို့ဆောင်ထားပြီး ထိုးစစ်ကို ခုခံရင် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးစသည့်ကျေးရွာ အပါအဝင် ဒုက္ခသည်စခန်း တို့မှ မွတ်ဆလင်တွေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စစ်သင်တန်းတက်ရောက်စေရန် စစ်ကောင်စီက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အုန်းတောကြီးကျေးရွာ စစ်ရေးသတင်းရေးမြစ်တစ်ဦးက “စစ်တွေ ဒကစ ရယ်၊ ပြီးတော့ ခလရ ၂၀၊ ခလရ ၂၃၂၊ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတွေကို ပို့ထားတယ်လို့ သိထားတယ်။ အဲ့ဒီမှာ ၁၀၀၀ ကျော်လောက် ရှိနေတယ်လို့ သိရတယ်။ ဒကစ မှာ ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့သူတွေပါ။ ပြီးခဲ့တဲ့ နှစ်တွေ တက်တဲ့သူတွေကို နေရာချပေးလိုက်တာပါ”ဟုပြောသည်။ ယခုနှစ် ဇန်နရီ လဆန်ပိုင်းမှစ၍ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးစသည့်ကျေးရွာ အပါအဝင် ဒုက္ခသည်စခန်းတို့မှ စစ်မှုထမ်းဖို့အတွက် လာရောက်ပြီး စာရင်းကောက်သွားကြောင့် ဒေသခံတစ်ဦးက ပြောသည်။
သဲချောင်းက မွတ်ဆလင်တစ်ဦးက “ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စာရင်းကောက်တာပေါ့။ မဖြစ်မနေ လိုက်ရမယ်။ ထည့် ပေးရမယ်ဆိုပြီး အလုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်ပြောပါတယ်။ ရွာတွေကိုရော၊ ဒုက္ခသည်စခန်းတွေရောပဲ။ ပြီးခဲ့တဲ့ နှစ် ၂၀၂၄ ခုနှစ်မှာတော့ ဒီဖက်က အမှတ်စဉ်သင်တန်းတက်ရောက်ခဲ့တာ လူပေါင်း ၂၀၀၀ ကျော်လောက်ရှိတယ်။ တစ်ချို့ကတော့ စာရင်းပျောက်နေတာရှိတယ်”ဟုပြောသည်။ စစ်ကောင်စီဖက်က မွတ်ဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများကိုသွားရောက်ပြီး စစ်မှုထမ်းသူများ၏ မိသားစုအားလုံးကို ထောက်ပံ့ကြေးပေးမည်ဖြစ်ပြီး လုံခြုံ ရေးအရ ကင်းစောင့်ပေးရမည်ဟုသာ မတ်လုံးပေး ပြောဆိုခဲ့ကြောင်း ဘောဒူဖတွင် နေထိုင်သူတစ်ဦးက ပြောသည်။ “တစ်ချို့ကျတော့ စာရင်းမကောက်ပဲ ဒီအတိုင်းသူတို့ သဘော ဆန္ဒအရ လိုက်သွားတာရှိတယ်။ သူတို့ပြောတာက လစာလည်းပေးမယ်။ ပြီးတော့ မိသားစုထောက်ပံ့ကြေးလည်းပေးမယ်ပေါ့။ နေ့စရိတ်ဦစားစရတ်တွေ ပူစရာမလိုဘူးပေါ့။ စစ်တိုက်စရာမလိုဘူး။ လုံခြုံရေး ကင်းစောင့်ပေးရမယ်ဆိုပြီးတော့ခေါ်တာ”ဟု ပြောသည်။ Read in Full
၁၇။ မြိတ်မြို့ ခလရ(၁၇)ကို တော်လှန်ရေးတပ်များတိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ
January 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင် မြိတ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၇)တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပုလောမြို့နယ်၊ ပါဒစက်တော်ရာအနီးတဝိုက်တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းမြိတ်ခရိုင်အမှတ် (၁)တပ်ရင်း က သတင်းထုတ်ပြန်သည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ)လက်အောက်ခံ မြိတ်- ပုလောကားလမ်း၊ ဘုတ်လမ်းဆုံ အနီးရှိ ခလရ (၁၇)ကို (ဇန်နဝါရီလ ၉ ရက်)နံနက် ၈ နာရီကစပြီး တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းဟု သိရသည်။ တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ် သား သုံးဦး သေဆုံးခဲ့ကာ စစ်ကောင်စီက လေကြောင်း မှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကာ ဗုံးသီးစုစုပေါင်း ၁၆ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဆိုသည်။“သိမ်းပိုက်နိုင်ခြင်းတော့ မရှိပါဘူးဗျ၊ သိမ်းဖို့ ရည်ရွယ်ချက်လည်း မရှိခဲ့ဘူး။ ဒါပေမယ့် အဲဒီတပ်က အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးနဲ့ မြိတ်မြို့ရှောင်ကွင်းလမ်းကို ခွထိုင်ထားတဲ့တပ်ဖြစ်တယ်။ စစ်ရေးအရအရေးပါတယ်၊ ပြီး တော့ မြိတ်မြို့ကနေဆို မိုင် ၂၀ ကျော်ပဲဝေးတဲ့ တပ်ဖြစ်တယ်၊ ဒီတော့ သူတို့ဘက်မှာ ပွက်လောရိုက်ကုန်တာ ဖြစ်ပါလိမ့်မယ်ဗျ” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
အလားတူ ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားနေသည့် ပုလောမြို့နယ်၊ စက်တော်ရာရွာ၊ ပါဒစက် တော်ရာဘုရားအနီးတွင်လည်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။ ပါဒစက်တော်ရာ တိုက်ပွဲအတွင်း၌ လည်း စစ်ကောင်စီက ယမန်နေ့ တရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရ သည်။“ပါဒစက်တော်ရာအနီးမှာတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ မနေ့ညနေ ၆ နာရီအထိ လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်ရှိခဲ့တယ်ဗျ”ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းပြန်ကြား ရေးတာဝန်ခံက ဆက်ပြောသည်။ တိုက်ပွဲအတွင်း နှစ်ဖက် ထိ ခိုက်မှုများအား အသေးစိတ် မသိရသေးပါ။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်း- မောတောင်လမ်းပိုင်းတွင်လည်း စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား ပြီးခဲ့သည့် ဇန်နဝါရီလ ပထမအပတ်အထိ တိုက်ပွဲဖြစ်ပွားမှုရှိပြီး စစ်ရေးအခြေအနေတင်းမာနေကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။ Read in Full
၁၈။ သီပေါမှာ ဓားပြတိုက်မှုနဲ့ အဓ္ဓမပြုကျင့်မှု ကျူးလွန်ခဲ့သူ ၃ ဦးကို TNLA ဖမ်းမိ
January 9, 2025
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ အဓမ္မပြုကျင့်မှု နဲ့ ဓားပြတိုက်မှု ကျူးလွန်ခဲ့သူ ၇ ဦးထဲက အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့ကြောင်း TNLA က ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါ တယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် အောင်နိုင်စိုး၊ အသက် ၄၂ နှစ် အရွယ် ကိုရဲဟိန်းနဲ့ အသက် ၂၉ နှစ်အရွယ် ဇင်မင်းပိုင်တို့ကို TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က AAA ဓါတ်ဆီဆိုင်ရှေ့ ဆန်စက်ရုံမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ဖမ်းမိတဲ့ အဲဒီအမျိုးသား ၃ ဦးထဲမှ အောင်နိုင်စိုးဆိုသူဟာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှာ တပ်ကြပ်ကြီးစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဝန်ထမ်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ အောင်နိုင်စိုးနဲ့အတူ RPG7 (၁) လုံး၊ စကားပြောစက်အထိုင် (၁) လုံး၊ MA3 ကျည် (၄၇) ထောင့်၊ စလက်ကျည် (၁၉) ထောင့်၊ 60MM (၃ )လုံး၊ M9 (၂) လုံး၊ M9 ပြူ (၇) ခု၊ ဘိန်းဖြူ (၁) ဘူး၊ ဘက်ထရီ W27000 Mah (၁) လုံး၊ ရာမ(မူးယစ်ဆေးပြား)ဗူးခွံ အလုံး (၂၀) ၊ ဓားအတို (၁) လက်တို့ စတဲ့ သက်သေခံပစ္စည်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အထက်ပါ အမျိုးသား ၃ ဦးနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဝေဖြိုးအောင်၊ ငဖြိုး၊ အသားတု၊ ဇွဲပိုင်းထွန်းတို့ ၄ ဦးကတော့ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးမိတဲ့အမျိုးသား ၃ ဦးကို PSLF/TNLA ရဲ့ သီပေါမြို့ တရား ဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး လွတ်မြောက်နေသူ ၄ ဦးကိုလည်းအမြန်ဆုံးဖမ်းမိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ TNLA က ဆိုထားပါတယ်။ သီပေါမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၇ ရက်မှာလည်း ကျင်တီရွာမှာ အင်တာနက်လိုင်းသုံးဖို့သွားတဲ့ အမျိုးသားတစ်ဦး လမ်းမှာဓားပြတိုက်ခံခဲ့ရပြီး ဖုန်း ၂ လုံး၊ ကားအပြင် ငွေသားအနည်းငယ်လည်း ပါသွားတယ်လို့နီးစပ်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။ Read in Full
၁၉။ ဗန်းမော် စစ်ရှောင် တစ်သောင်းခွဲ အရေးပေါ် အကူအညီ လိုအပ်နေ
January 9, 2025
ဗန်းမော် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်လူဦးရေ တစ်သောင်ခွဲမှာ အရေးပေါ်အကူအညီမရရှိ တဲ့အတွက် အစားအသောက်နဲ့ နေရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။ မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော် စစ်ရှောင်များမှာ မြို့မြောက်ဘက်၊ တောင်ဘက်ပိုင်းနဲ့ ဧရာဝတီမြစ်ကမ်းတစ်လျောက် ကျေးရွာတွေမှာ အများဆုံးထွက်ပြေးတိမ်း ရှောင်နေကြတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ တောင်ဘက်ခြမ်း ဧရာဝတီမြစ်ကြောင်းတလျောက်ရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါစတဲ့ ကျေးရွာ ၃၀ ကျော်ခန့်မှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင် တစ်သောင်းငါးထောင်ခန့်အတွက် အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။“တိုက်ပွဲဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ကတည်းက ဒီကနေ့အထိဘာအကူအညီမှမရရှိသေးဘူး။ တစ်ချို့ ကတော့ ကူညီပေးမယ် လို့တော့ ပြောတယ်။ ဒါပေမယ့် ဘာအကူအညီမှ မရဘူး။ ထွက်ပြေးလာတဲ့သူတွေက အဝတ်တစ်ထည် ကိုယ်တစ်ထည် ထွက်ပြေးလာတဲ့သူတွေကြီးပဲ။ အဓိကတော့ စားစရာလည်းမရှိဘူး။ နေရာအခက်အခဲတွေဖြစ်တယ်။ အကူအညီ တောင်းဖို့ ဆိုရင်လည်း ဖုန်းလိုင်းအခက်အခဲဖြစ်တော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။ အဲဒီ စစ်ရှောင်ပြည်သူ တစ်သောင်း ငါးထောင်ခန့်မှာ ဘာသာရေးကျောင်း၊ ဘုန်းကြီးကျေင်း နဲ့ ဆွေမျိုးနေအိမ်တွေမှာ ခိုလှုံနေကြသလို အချို့မှာ တောတွင်း မိုးကာတဲတွေနဲ့ ခက်ခဲစွာခိုလှုံနေကြတယ်လို့ သိရပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစတင်ပြီး အဝတ်တစ်ထည်နဲ့ထွက်ပြေးလာကြသူများဖြစ်တဲ့အတွက် စစ်ရှောင်ကာလကြာမြင့်လာချိန်အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေတာလို့သိရပါတယ်။ ဒါ့အပြင်စစ်ရှောင်သူတွေမှာ ကလေး ငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုတွေပါဝင်သလို နာမကျန်းဖြစ်တဲ့ စစ်ရှောင်တွေအတွက် အရေးပေါ် ဆေးကုသမှု ခံယူဖို့ ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ လိုအပ်ချက်ထဲမှာ အစားအသောက်နဲ့ နေရာအခက်အခဲတွေအပြင် လက်ရှိဆောင်းတွင်းကာလအတွက် အရေးတကြီးလိုအပ်တဲ့ စောင်အနွေးထည်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ စစ်ရှောင်တွေကို မြေပြင်ထိ သွားရောက်ပြီး တွေဆုံ ကူညီမှုပေးနေတဲ့ ဗန်းမော်မြို့နယ်က ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးကလည်း မြေပြင်အခြေအနေကို ပြောပြပါတယ်။“ကျနော်တို့ သွားရောက်ကူညီခဲ့တဲ့ တုန်းက မြင်တွေ့ ခဲ့ရတဲ့ စစ်ရှောင် တွေရဲ့ အခက်အခဲကတော့ သူတို့ ဆွေမျိုးအချင်းချင်း အဆက်အသွယ် မရသေးလို့ လိုက်ရှာကြနေတုန်း၊ အချင်း ချင်းတွေ့ကြဖို့ ဆိုရင်လည်း ဖုန်းလိုင်းမရတော့ ဘယ်သူက ဘယ်ဘက်ရောက်သွားမှန်းမသိ ရှာနေကြတာ ဒါကအခက်အခဲတစ်ခု ပေါ့လေ။ နောက် တစ်ခုကတော့ ထွက်ပြေးလာတဲ့အခါမှာလည်း ကိုယ်လွတ်ထွက်ပြေးလာတဲ့အတွက် ထမင်းဟင်းချက်စားဖို့ ဟင်းအိုး၊ ထမင်းအိုးလည်းမရှိ။ စောင်၊ အဝတ်အစားတွေမရှိကြဘူး။ နောက်တစ်ခုအရေးကြီးဆုံးက အစားအသောက်ဖြစ်တယ်” လို့ ပြောပါ တယ်။ Read in Full
၂၀။ နမ္မတူမြို့နယ် နေအိမ်များ တအာင်း(ပလောင်)အမျိုးသားအလံလွှင့်ထူရန် TNLA ပြော၊ မလွှင့်ပါက ဒဏ်ငွေရိုက်မည်
January 10, 2025
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင်း နေထိုင်သူများကို လာမည့် ဇန်နဝါရီ ၁၂ ရက်တွင် အိမ်တိုင်း တအာင်းအမျိုးသား အလံ များလွှင့်ထူရန်နှင့် မလွှင့်ထူသည့်နေအိမ်များ ဒဏ်ငွေပေးဆောင်ရမည်ဟု တအာင်း(ပလောင်)အမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLA က ညွှန်ကြားစာပို့ထားကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီ ၁၂ ရက်သည် ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF တည်ထောင်ခဲ့ခြင်း (၆၂)ပြည့် ဖြစ်ကြောင်းသိရသည်။ ထိုနေ့ နံနက် ၅ နာရီမှ ညနေ ၅ နာရီအတွင်း နမ္မတူမြို့တွင်းနေအိမ်တိုင်း တွင် တအာင်း အမျိုးသားအလံလွှင့်ထူးရန် နှင့် မလွှင့်ထူသည့်နေအိမ်များ ဒဏ်ငွေ ကျပ်နှစ်သိန်းခွဲ (၂၅,၀၀၀၀)ပေးဆောင်ရမည်ဟု TNLA တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဇန်နဝါရီ(၆)ရက်တွင် လာရောက်ညွှန် ကြားထာကြောင်း နမ္မတူ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။“ အဲ့နေ့ အိမ်တိုင်းလွှင့်ရမယ်။ မလွှင့်ရ ဒဏ်ရိုက်မယ်။ သဘော က နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ လွှင့်ရမယ်။ အလံလည်း ဝယ်ရတယ်”ဟု ၎င်းဒေသခံက ပြောသည်။
လက်ရှိနမ္မတူမြို့သည် TNLA ထိန်းချုပ်သည့်ဒေသတစ်ခုဖြစ်ပြီး၊ တအာင်းအမျိုးသားအလံကို တစ်ခုလျှင် ကျပ်ငွေ တစ်သောင်း မှ ကျပ်ငွေ နှစ်သောင်း ထိပေးဝယ်နေရကြောင်း သိရသည်။“ အိမ်တိုင်းကို အလံလွှင့်ခိုင်း တာကလည်း ဒါက သူတို့ ထိန်းချုပ်တဲ့နယ်မြေဖြစ်သလို TNLA ဒေသခံတွေက ထောက်ခံတယ်လို့ ဟန်ပြလုပ်ခိုင်းတာပါ။” ဟု နမ္မတူမြို့ အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဉီးကပြောသည်။ နမ္မတူမြို့ကို TNLA သည် ၂၀၂၃ ခုနစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ ပြီး၊ ဘော်တွင်းသတ္တုတွင်းနယ်မြေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ခဲ့သည်။ နမ္မတူမြို့နယ်အတွင်း TNLA တပ်နှင့် KIA တပ်တို့အချင်းချင်းကြား နယ်မြေ အငြင်းပွားမှု ဖြစ်နေကြောင်း သိရသည်။ Read in Full
၂၁။ NUG က ချင်းပြည်တွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ
January 9, 2025
ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများခေါ်ယူနေ သည်ဟု ထုတ်ပြန်သည်။ လျှောက်ထားနိုင်သည့် တာဝန်များမှာ ဘာသာရပ်စုံအထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သွားနှင့်ခံတွင်း၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ၊ အထူးပြုသူနာပြုနှင့်သူနာပြုများ၊ စီမံဘဏ္ဍာ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာ၊ ဘွဲ့ ရရှိသူများ ပါဝင်သည်။ ထို့အပြင် ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူများ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလို မာဘွဲ့ရရှိသူများ၊ ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ(LHV)၊ ပြည် သူ့ကျန်းမာရေးကြီးကြပ်-၁ နှင့် ၂၊ သား ဖွား ဆရာမများ၊ ဌာနခွဲစာရေး(BC)အကြီးတန်းနှင့် အငယ်တန်းစာရေးများပါဝင်သည်။ လျှောက်ထားသူသည် မြန်မာနိုင်ငံဖွားနှင့် ကျန်းမာရေးကောင်းမွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူဖြစ်ရမည့်အပြင် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု ဖော်ပြသည်။
လျှောက်ထားလိုသူများအနေဖြင့် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား၍ နေ့စဉ်ပိတ်ရက်မရှိ၊ နံနက်(၁၀)နာရီမှ ည(၈) နာရီအထိ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊လူ့စွမ်းအားအရင်းအမြစ်ဌာန၏ TelegramAccount- https://t.me/HR_MOHNUG သို့မဟုတ် TelegramUsername-@HR_MOHNUG တွင်လျှောက်လွှာပုံစံများ ထုတ်ယူလျှောက်ထားနိုင်ကြောင်းထုတ်ပြန်သည်။ ရွေးချယ်ခံရသူများသည် တာဝန်ချထားမည့်နေရာများအတွက် လိုအပ်သည့်သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမည်ဖြစ်ပြီး NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ အစီအစဉ်ဖြင့် ဒေသအသီး သီးသို့ တာဝန်ချထားမည်ဟု အသိပေးသည်။ ” တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲ ကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိပြီး တော် လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒများနှင့် အညီ ပေးအပ်သွားမည်ဖြစ်ပါသည်”ဟု ဖော်ပြသည်။ Read in Full
၂၂။ ပူတာအို ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦးသေနတ်နဲ့အတူထွက်ပြေး၊ တစ်ဦးပစ်သတ်ခံရ
January 10, 2025
ပူတာအိုမြို့အခြေ စိုက် ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦး သေနတ်နဲ့အတူ ထွက်သွားပြီးနောက် တစ်ဦး ပစ်သတ်ခံ လိုက်ရတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ပူတာအို လေဆိပ်လုံခြုံရေးအတွက် ကင်းစောင့်တာဝန်ကျစဥ် ထွက် ပြေးခဲ့တာဖြစ် ပြီး တစ်ဦးပစ်သတ်ခံရကာ ကျန်တစ်ဦးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ပူတာအိုမြို့ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။“ပြေးတာက ပြီးခဲ့တဲ့ စနေနေ့တုန်းက ထွက်ပြေးသွားတာ လေဆိပ်လုံခြုံရေးအတွက်တောစပ်မှာ ကင်းပုန်းချထားတဲ့ချိန် နှစ်ယောက်စလုံး သေနတ်တွေနဲ့ ထွက်ပြေးသွားတာ တစ်ယောက်က မနေ့က မိသွားလို့ပစ်သတ်ခံလိုက်ရတယ်။ တစ်ယောက်က မမိသေးဘူး”လို့ ပြောပါတယ်။ ထွက်ပြေးသွားတဲ့ စစ်သားနှစ်ဦးကို ကျန်စစ်ကောင်စီတပ်သားတွေက မြို့တွင်းမြို့ပြင်မှာ လူစုခွဲ ရှာဖွေရာကနေ တစ်ဦးကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ နာမ်ရှယ်ကျေးရွာနဲ့ မလိခုံကျေးရွာအနီး တောစပ်တစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီးနေရာမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။“တစ်ယောက်ကိုပဲ တွေ့တယ်တဲ့ သေနတ်နဲ့ပါတော့ အဲ့မှာပဲ တစ်ခါတည်း ပစ်သတ်လိုက်တာ။ မလိခုံရွာ ရောက်ခါနီး သံဘောင်တံတား သေးသေးလေး ရှိတယ်။ အဲ့နားမှာ ပစ်သတ် လိုက်တာ အလောင်းလည်း အဲ့တံတားနားကတောထဲမှာပဲ မြှပ်ထားတယ်ပြောတယ်”လို့ လေယာဥ်ကွင်းရပ်ကွက်နေ အမျိုးသား တစ်ဦးက ဆက်ပြောပါတယ်။
ဒေသခံတွေ ပြောပြချက်အရ ထွက်ပြေးသွားတဲ့စစ်သားနှစ်ဦးဟာ နမ်ရှယ်၊ မလိခုံကျေးရွာတွေထဲက လမ်းသွားလမ်းလာ သူတွေဆီကနေ လက်နက်ပြ ငွေညစ်တာ၊ ပစ္စည်းလုယက်တာတွေ ပြုလုပ်ခဲ့တယ်လို့ အခြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါ တယ်။“လေယာဥ်ကွင်းထဲက အရောင်းအဝယ်လုပ်တဲ့ ရဝမ်ဦးလေးတစ်ယောက်ဆီကနေ ပိုက်ဆံတသိန်းတောင်းသွားတယ်တဲ့ ပြီးတော့ နမ်ရှယ်၊ မလိခုံဘက်ကလူတွေလည်း မြို့ထဲသွားတဲ့လူတွေဆီကနေပိုက်ဆံလုတယ်၊ ဖုန်းအကောင်းစားတွေဆို လုတယ် သေနတ်နဲ့ဆိုတော့ ကြောက်နေရတာ”လို့သူကပြောပါတယ်။ လွတ်မြောက်နေဆဲဖြစ်တဲ့ ကျန်စစ်သားတစ်ဦးဖမ်းမိဖို့ ပြည်သူ့စစ် နဲ့ စစ်ကောင်စီစစ်သားတွေ ပူးပေါင်းပြီး မြို့အနီးဝန်းကျင် ကျေးရွာတွေမှာ လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပူတာအိုမြို့နယ်ထဲတော့ အခုလိုထွက်ပြေးတာ ပထမဆုံးလို့သိရပါတယ်။ Read in Full
၂၃။ အောင်ပန်းမှာ ရဲအချုပ်က ထွက်ပြေးသူတွေအနက် နှစ်ဦးသာဖမ်းမိ
January 10, 2025
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းရဲစခန်းမှာ မနေ့က အချုပ်ဖောက်ထွက်ပြေးသူ ၁၀ ဦးအနက် နှစ်ဦးကိုဖမ်းမိပြီး ကျန်သူ တွေလွတ်မြောက်နေဆဲလို့ သိရပါတယ်။ မနေ့ က( ဇန်နဝါရီ၉) မနက် ၁ နာရီခွဲခန့်က အချုပ်ခန်း ဖောက်ပြေးသူ ၁၀ ဦးထဲက ညီညီအောင် (ခ) ညီညီ ကို အောင်ပန်း အချုပ်ဖောက်ပြေးစဉ်မှာပဲ ဖမ်းဆီးရမိခဲ့ပြီး ကလောမြို့က ခိုးမှုနဲ့ဖမ်းထားတဲ့ မိုးဆွေဟိန်း (ခ) ရဲလေးကို မနက် ၉နာရီခွဲလောက်မှာ မစခ( ၉၀၃) အနီးမှာ ဖမ်းမိတယ်လို့သိရပါတယ်။ အခင်းဖြစ်တဲ့အချိန်က အောင်ပန်း အချုပ်ခန်းထဲမှာ အချုပ်သား ကျား ၂၉ ဦး ၊ မ ၃ ဦး၊ စုစုပေါင်း ၃၂ ဦး ရှိနေပြီး ကင်းသမား ရဲတပ်သား ထွန်းမင်းကျော်ရဲ့ ကင်းချိန်မှာ ကျားအခန်းအိမ်သာဘက်ကနေ အသံကြားလို့ သွားကြည့်တဲ့အခါ အချုပ်ခန်းဖေါက်ပြီးထွက်ပြေးနေကြတာတွေ့လို့ အော်ခေါ်ခဲ့ ရာ ကင်းမှူးနဲ့ ကျန်ကင်းသမားတွေ နိုးပြီး ဝိုင်းပြီးဖမ်းကြလို့ ညီညီအောင် တစ်ဦးကိုသာ ပြန်လည်ဖမ်းမိလိုက်ပြီး ကိုးဦး လွတ် မြောက်သွားခဲ့တာပါ။
ထွက်ပြေးသွားတဲ့ အချုပ်သားတွေဟာ ကင်းမှူး ရဲတပ်ကြပ်ကြီး ထွန်းမြင့်ကိုင်ထားတဲ့ ၁၂ ဗို့ တစ်လက်ကို ယူဆောင် သွားပေမယ့် ကျည်ဆံပါမသွားဘူးလို့သိရပါတယ်။ အောင်ခိုင်မိုး(ခ) အောင်ကြီး(ရွှေညောင်- လူသေမှု နဲ့ လုယက်မှု) ၊ မင်းမင်းဦး (ခ) မင်းမောင်( ပင်လုံ – လူသေမှု နဲ့ လုယက်မှု )၊ မိုးမြင့်စိုး(ခ) ဇိုးဘိုင်း အောင်ပန်း (ခိုးမှု) ၊ ရန်ရှင်းအောင် (အောင်ပန်း- ခိုးမှု)၊ ငမိုး (အောင်ပန်း – ခိုးမှု) ၊ လွင်မိုး (ခ) လွင်မိုးအောင်(အောင်ပန်း- ခိုးမှု) ၊ သန့်ဇင်ဦး (အောင်ပန်း – ခိုးမှု) ၊ အောင်ကိုဦး (ခ) ဧရာ၀တီ (အောင်ပန်း – ခိုးမှု) တို့ လွတ်မြောက်နေဆဲဖြစ်ကြောင်းနဲ့ အသက် ၁၅ နှစ်ကနေ ၃၂ နှစ်အထိ အရွယ်စုံရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကလောခရိုင်ရဲမှူးကြီး ခင်နိုင် ဦးစီးကာ အင်အား ၁၇ ယောက်နဲ့လိုက်လံရှာဖွေ နေကြောင်းသိရပါတယ်။ Read in Full
၂၄။ တစ်နှစ်အတွင်း ကရင်နီပြည်ရဲ (KSP) မှ ဖမ်းဆီးအရေးယူတဲ့ အမှုပေါင်း (၁၄၉)မှုရှိ ၊ မူးယစ်ဆေးဝါးမှု အများဆုံးဖြစ်
January 9, 2025
ကရင်နီပြည် ရဲဌာန (KSP) စိုးမိုးနယ်မြေမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ဖမ်းဆီးအရေးယူတဲ့ အမှုပေါင်း(၁၄၉)မှု ရှိပြီး အဲ့ဒီထဲမှာ မူးယစ်ဆေးဝါးမှုအများဆုံးဖြစ်တယ်လို့ KSP ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုကပြောပါတယ်။ မူယစ်ဆေးဝါးမှု၊ ရာဇဝတ်မှု၊ လူသတ်မှု၊ ခိုးမှု၊ လုယှက်မှု၊ သုံ့ပန်းအမှုအပါအဝင် တခြားအမှုတွေ ဖြစ်တယ်လို့ဆိုပါတယ်။ “အဲ့မှာက မူးယစ်မှုက အဖြစ်များ ဆုံးပေါ့နော။ မူးယစ်မှုချည်းချည်း ၇၅ မှု ရှိတယ်။ ပြီးတော့ တခြားခိုးမှုတို့၊ လူသတ် မှု၊ ရာဇတ်ဝတ်မှု။ စစ်ပွဲမှာဖမ်းမိတဲ့ စစ်သုံ့ပန်းတွေရှိမှာပေါ့နော။ အဲ့လိုမျိုးတွေ အားလုံးပေါင်းက ၁၄၉ မှု ရှိပါတယ်။” လို့ ကိုဘိုဘိုက ပြောပါတယ်။ KSP အနေနဲ့ စိုးမိုးနယ်မြေ တွေမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ စစ်ရှောင်စခန်းအလိုက် ရှောင်တခင် စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ လမ်း သွားပြည်သူတွေကို စစ်ဆေးတာ ပြုလုပ်နေတယ်လို့လည်းဆိုထားပါတယ်။ မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီး ဖမ်းဆီးမှု၊ စစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှုတွေ ပြု လုပ်နေပေမယ့်သုံးစွဲမှုတွေလည်း တိုးမြှင့်နေဆဲဖြစ်တယ်လို့ဒေသခံတွေကဆိုကြပါတယ်။ ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ တရားရေးဌာနမှာ စစ်သုံ့ပန်းနဲ့ မူယစ်ဆေးဝါးအမှုကို အများဆုံး စီရင်နေရပြီး ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းအောင် အမျိုးသားတာဝန်အဖြစ် ဆောင်ရွက်နေကြတာရှိ တယ်လို့ ဌာနမှူးကြီး ခူးတော်ရယ်အက်(စ်) က ပြောပါတယ်။
“မူဝါဒတွေမှာကတော့ အဖွဲ့အစည်းအသီးသီးကလည်း ရှိကြတာပဲလေ။ မူးယစ်ဆေးဝါးကို အမျိုးသားတာဝန်အဖြစ် တိုက်ဖျက်တဲ့လုပ်ငန်းစဉ် ထားပြီးတော့မှ ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာလည်း ရှိကြတယ်။ ကြိုးစားနေတာပဲ အဲ့လိုကြိုးစားလို့ပဲ အရေးယူဖို့လုပ်လာတဲ့အခါမှာ ဒီဟာကတော့ အမှုစာရင်းမှာ အရေအတွက်အားဖြင့် သုံ့ပန်းပြီးရင် မူးယစ်မှုက ဒုတိယဖြစ်လာ တယ်ဆိုတဲ့ပုံစံမျိုးပေါ့။ ပ ပျောက်သွားအောင် လျော့နည်းသွားအောင် ကြိုးစားတဲ့ အစီ အစဉ်လို့ ပြောလို့ရနိုင်တာပေါ့နော။” လို့ သူက ဆိုပါတယ်။ သက်ဆိုင်ရာအလိုက် တာဝန်ရှိသူတွေအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုရဲ့ အရင်းအမြစ်ကို ဖော် ထုတ်နိုင်ပြီး ဖြတ်တောက်ထားနိုင်ဖို့ လိုအပ်တယ်လို့လည်း ဆိုထားပါတယ်။ KSP အနေနဲ့ အမှုတွေကိုတရားဥပဒေလမ်းကြောင်း အရ သက်သေစုဆောင်းတာ၊ စစ်ဆေးတာကိုပြုလုပ်ပြီး တရားစီရင်ရေးရုံးတွေမှာ စွဲချက်တင် စစ်ဆေးမှုတွေ ပြုလုပ်တယ်လို့ ကိုဘိုဘိုက ဆက်ပြောပါတယ်။“ကျနော်တို့ အမှုတွေ အကုန်လုံးကတော့ တရားဥပဒေတွေနဲ့ ဖြေရှင်းတယ်။ တရား ဥပဒေထဲမှာ အရင်ဆုံးကတော့ ပုံမှန် KSP ရောက်ပြီဆို ကျနော်တို့က လူအခွင့်အရေးနဲ့အညီ အခွင့်အရေးပေးတယ်။ ပြီးရင် ကျနော်တို့ ဆက် စပ်နေတဲ့အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ သက်သေအမှုတည်ဆောက်တယ် သက်သေစစ်ဆေးတယ် သက်သေစု ဆောင်းတယ်။ အမှုတည်ဆောက်တာနဲ့ ကျနော်တို့က ဥပဒေရုံးကို အကြံပြုတောင်းတယ် ဥပဒေအကြံပြုတောင်းပြီးရင် ကျနော် တို့က ဒီတရားစီရေးဌာနက တရားရေးရုံးတွေမှာ တရားဆွဲတင်တယ်။”လို့ ကိုဘိုဘိုက ဆိုပါတယ်။
၂၅။ ဆီဆိုင်မြို့နယ်ရှိ PNO နှင့် စစ်ကောင်စီစခန်းကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်
January 9, 2025
ဆီဆိုင်မြို့နယ် ရွှေတဂူကျေးရွာရှိ PNO ပြည်သူစစ်၊ စစ်ကောင်စီနှင့် ကရင်နီ တပ်ပေါင်းစုတို့ ဇန်နဝါရီ (၉)ရက် နံနက် ပိုင်းတွင် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်အုပ်စုရွှေတဂူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNO ပြည်သူ့စစ် (၃)ဦး သေဆုံးကာ ဒဏ်ရာရသူများရှိသည့်အပြင် လက်နက်ခဲယမ်းများပါ သိမ်းဆည်း ရမိကြောင်းသိရသည်။ “ဟုတ်တယ် တိုက်ပွဲဖြစ်တော့ ဒေသခံတွေလည်း နီးစပ်ရာထပ်ရှောင်ရပြန်တယ်။ လောလောဆယ်တော့ အသေးစိတ်မသိရသေးဘူး PNO ဘက်က(၃)ဦးသေဆုံးပြီး လက်နက်တွေလည်း သိမ်းရတယ်လို့သိထားတယ်”ဟု ဒေသခံတစ်ဦး က ပြောသည်။
စစ်ကောင်စီက တဘက်အုပ်စုကို လက်နက်ကြီးအဆက်မပြက်ပစ်နေခြင်းကြောင့် ရွာသားများရွာမှထွက်ခွာပြီး စစ်ဘေးရှောင်နေရကြောင်းသိရသည်။ နောက်ဒေသခံတစ်ဦးကလည်း “နောင်စကာ၊ ဝမ်းဟေ့၊ နောင်ပါရင်ကရွာသားတွေ အကုန်လုံး ပြေးကြရပြီ”ဟု ပြောသည်။ စစ်ကောင်စီနှင့် ကရင်နီတပ်ဖွဲ့တို့သည် ယခုရက်ပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့် နောင်ဝိုး ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် မကြာခဏပျံဝဲနေကြောင်း သိရသည်။
၂၆။ တိုက်ပွဲတွေကြား တနင်္သာရီတိုင်းမှာ လုံခြုံရေးတင်းကြပ်
January 9, 2025
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား အခုနှစ်စကတည်းက တိုက်ပွဲတွေ ပြင်းထန် လာနေပါတယ်။ စစ်ကောင်စီဘက်က ရေကြောင်းပစ်ကူတာတွေရှိသလို တိုက်လေယာဉ်နဲ့ အရပ်သားနေထိုင်တဲ့ နေရာတွေမှာ ဗုံးကြဲနေပါတယ်။ ထားဝယ်ခရိုင်ထဲမှာတော့ လက်နက်ကိုင်ပဋိပက္ခကြောင့် ယာယီစစ်ရှောင်ရတဲ့ အခြေအနေက မကြာခဏဆို သလို ကြုံနေရ တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။ “ကျနော်တို့ဆီမှာက အမြဲတမ်းစစ်ရှောင်ဆိုတဲ့ ပုံစံမျိုးတော့မရှိဘူး။ ဒီထားဝယ်ခရိုင်ထဲမှာဆိုရင်။ ဥပမာ စစ်ကောင်စီစစ်ကြောင်း ဝင်လာတယ်ဆိုရင် နီးစပ်ရာရွာတွေကို ထွက်ပြေးကြရတယ်။ ပြီးတော့ သူတို့ ပြန်သွားတယ်ဆိုရင် ရွာထဲပြန်ဝင်ကြတယ်။ အဲဒီလိုအခြေအနေ ရှိတယ်ဗျ။” ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်မှာလည်း နှစ်ကုန်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်လာခဲ့ တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက် က အကျအဆုံးများတယ်လို့လည်း တော်လှန်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ အခုရက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လက်ခတ် တောင်စခန်း ပစ်ခတ်ခံရပြီးတဲ့နောက် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတွေဟာ လက်နက် ရန်နဲ့ ဖမ်းဆီးခံရတာအပြင် ကုန်စည်သယ်ယူခွင့် ကန့်သတ်တာ၊ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်တဲ့ အခြေအနေတွေ ကြောင့် အခက်တွေ့နေရတာပါ။ တိုက်ပွဲတွေကြောင့် စစ်ရှောင်သူတွေအတွက် အခြေခံလိုအပ်ချက်တွေ များပြားနေတယ်လို့ လည်း စစ်ရှောင်တွေကို ကူညီနေတဲ့ DDMSC ကိုမင်းလွင်ဦးက ပြောပါတယ်။
“အဓိက အရေးကြီးဆုံးက စစ်ဘေးရှောင်တွေလိုအပ်တဲ့ အခြေခံစားသောက်ကုန်ပေါ့ဗျာ။ အခြေခံ စားကုန်ဆိုတာ ဆန်၊ ဆီ၊ ပြီးတော့ ဆေးဝါး၊ ကျန်းမာရေးပေါ့ဗျာ။ ဒီကိစ္စတွေက တော်တော်ခက်ခဲတဲ့ အနေအထားမျိုးတော့ရှိတယ်။ ဒါကတော့ အရင် ကတည်းက ခက်ခဲနေတာမျိုးပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုဆိုရင် စစ်ရှောင်မဟုတ်တဲ့ သာမန်အရပ်သားတွေတောင်မှပဲ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးဝန်ဆောင်မှုက မရှိတော့တဲ့အနေအထားပေါ့ဗျာ။ အဲလိုအခြေအနေမျိုးရှိတယ်။ အရင် ကဆိုရင် ကျေးရွာတိုင်း ကျေးရွာတိုင်းမှာ ကျန်းမာရေးဆေးပေးခန်းတွေ ရှိသေးတယ်။ အခုက ကျန်းမာရေး ဆေးပေးခန်းတွေ လည်း မရှိဘူး။” စစ်ရှောင်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကူညီနေသူတွေမှာလည်း အခက်အခဲတွေ ကြုံနေရ တယ်လို့ ကိုမင်းလွင်ဦးက ဆက်ပြောပါတယ်။ တနင်္သာရီမြို့နယ်ထဲမှာ အခုလက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သိန်ခွန်း ကျေးရွာနဲ့ ချောင်း နှစ်ပေါက်ကျေးရွာက ဒေသခံတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ တွဲလက်ညီညီ စစ်ရှောင်ကူညီ ရေးအဖွဲ့က ပြောပါတယ်။ စစ်ရှောင်သူဦးရေ ၁,၄၀၀ ဝန်းကျင်အတွက် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတာပါ။
၂၇။မူဆယ်မြို့မှာဖြစ်ပွါးနေတဲ့ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေကို စစ်ကောင်စီက အရေးယူမှုမရှိ
January 9, 2025
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေ နေ့စဉ်နဲ့အမျှဖြစ်ပွားနေပေမယ့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကကျူးလွန်သူတွေကို ထိရောက်စွာအရေးယူတာ မရှိဘူးလို့ ဖြစ်စဉ်ဖေါ်ပြပြီး TNLA ကထုတ်ပြန်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပိုင်ရှင်မဲ့ ရုပ်အလောင်း ခြောက်လောင်း နဲ့ လုယက်ဓားပြတိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်မှာ ပိုင်ရှင်မဲ့ရုပ်အလောင်း နှစ်လောင်း၊ ဒီဇင်ဘာ ၁၂ ရက် မှာ သုံးလောင်းနဲ့ ဒီဇင်ဘာလ ၂၅ ရက်မှာ တစ်လောင်း၊ ၁၇ ရက်အတွင်းမှာတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းခြောက်လောင်းဟာ မူးယစ် သုံးစွဲသူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဆေးသမားတွေက ဆေးလည်းမရတော့တာနဲ့ ရာသီဥတု အအေးပြင်းတော့ သေကြ မှာပဲ”လို့ မူဆယ်ဟိုမွန်ရပ်ကွက်နေသူ တစ်ဦးကပြောပါတယ်။ လုယက် ဓားပြတိုက်မှုတွေလည်း ဒီဇင်ဘာ ၂၁ ရက်မှ ၂၅ ရက် အထိ ငါးရက်အတွင်းမှာ သုံးမှု ဖြစ်ပွါးခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်က ဟိုမွန်ရပ်ကွက်မှာရှိတဲ့ အလှပြင်ဆိုင်တစ်ဆိုင်မှာ အမျိုးသမီးတစ်ဦး ခေါင်းလျှော်နေစဉ် အမည်မသိအမျိုးသားတစ်ဦးက ကားရွေ့ပေးမယ်ဆိုပြီး ကားသော့တောင်းယူရာက ကားမောင်းထွက်ပြေးသွားခဲ့တာ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်က ပစ္စည်းသွားပို့တဲ့ အမျိုးသမီး နှစ်ဦး ရွှေသမင်ကုန်းအဆင်းနားရောက်စဉ် အမျိုးသား နှစ်ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူသွားပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်မှ ကားစီးလာတဲ့ တရုတ် အမျိုးသားနှစ်ဦးက ဈေးရောင်းတဲ့ အမျိုးသမီးတစ်ဦးဆီက ငွေတွေ ဓားပြတိုက်သွားပါတယ်။“လုယက်နေကြတာကတော့ လူပြတ်တဲ့နေရာ၊ အလင်းရောင်နည်တဲ့ မနက်အစောနဲ့ ညပိုင်းတွေ အပြင်မထွက်ရဲသလောက်ပဲ၊ ထိန်းချုပ်တဲ့ တပ်တွေပြောင်း လဲ မထူးပါဘူး” လို့ မူဆယ် ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ မူဆယ်ကို ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ် အခြေစိုက် စကခ(၁၄)နဲ့ မိုင်းဖြတ်အခြေစိုက် စကခ (၁၈) လက်အောက်ခံ ခမရ(၃၃၄ )က ဒုရင်းမှူးဦးစီးတဲ့ စစ်ကြောင်းတစ် ကြောင်းက ထိန်းချုပ်ထားကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံက သိရပါတယ်။ Read in Full
၂၈။ အမ်း-ပဒါန်းလမ်းပေါ်ရှိ အမ်း ရိုးမဘက်ခြမ်းမှ စစ်ကောင်စီစခန်းအားလုံးကို AA သိမ်းပိုက်ထိန်းချုပ်
January 9, 2025
အမ်း-ပဒါန်းလမ်းပိုင်းရှိ အမ်းမြို့နယ်ဘက်ခြမ်းတွင်ရှိ သည့် စစ်ကောင်စီစခန်းအားလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ အမ်းရိုးမဘက်ခြမ်းမှ မကွေးတိုင်းအစပ်ထိ စစ်ကောင်စီတပ်စွဲထားရာ စခန်း အားလုံးကို AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အမ်းရိုးမတစ်ခုလုံးကို ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ “အမ်းဘက်ခြမ်း ကို AA ကအပြည့်အဝထိန်းချုပ်လိုက်ပြီ။ ပဒါန်းလမ်းပိုင်းမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတယ်။ စစ်တပ် က ပဒါန်းကနေ ကပစ တွေဘက် ဦးလှည့်လာမှာ စိုးရိမ်နေတယ်”ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ရခိုင်ရိုးမဘက် ခြမ်းရှိ ပဲပဒုံ၊ ပတ်ကွေ့၊ ဆင်ဂုံတိုင်၊ တောင်စောက်ဂိတ်၊ ငပြယ်၊ ကြက်ရေစမ်း၊ ပိန်းရေ စမ်း အစရှိသည့် စစ်ကောင်စီဂိတ် စခန်း များကို AA က ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ကောင်စီ၏ တောင် စောက်ဂိတ်နှင့် တရုတ်ဓာတ် ငွေ့ပိုက်လိုင်းစက်ရုံတို့ကို AAက သိမ်းယူထားပြီး ကျန်ရှိနေသည့် စခန်းအားလုံးကို ဇန်နဝါရီ ၈ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် လိုက်ကြောင်း သိရသည်။
စစ်ကောင်စီသည် အမ်းသို့ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်ထားသည့် နတ်ရေကန်စခန်းဘက်တွင် အင်အားဖြည့် တင်းနေပြီး အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အတွင်းသို့လည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကြောင်းသိရသည်။ AA သည် လတ်တလောတွင် အမ်း-ပဒါန်းလမ်းရှိ အမ်း ဘက်ခြမ်းကို ထိန်းချုပ်လိုက်ပြီး တောင်ကုတ်-ပန်း တောင်းလမ်းရှိ တောင်ပုံကြီးစခန်းကို သိမ်းပိုက်ကာ တောင်ကုတ်လမ်းပိုင်းကိုပါ ထိန်းချုပ်ထားကြောင်းသိရသည်။ ထို့အပြင် ဂွနှင့် ဧရာဝတီတိုင်း တို့ ထိစပ်လျက်ရှိသည့် ဂွ-ငါးသိုင်းချောင်းလမ်းကိုလည်း ပိတ်ဆို့ဖြတ်တောက်ရန် ကြိုးပမ်းနေပြီး နယ်ချင်းစပ်လျက်ရှိသည့် ဗေဒါဂိတ်စခန်းကိုပါ AA က သိမ်းယူထားသည်။ Read in Full
၂၉။ လန်ဆယ်ရွှေမှော်ကို KIA က တူးဖော်ခွင့် ရပ်နားခိုင်း
January 10, 2025
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လာချင်ကျေးရွာအုပ်စုရှိ လာချင်(ခ)လန်ဆယ်ရွှေမှော်ကို KIA ဘက်ကမူဝါဒအသစ် နဲ့စီမံခန့်ခွဲနိုင်ဖို့ ဇန်နဝါရီ ၃ ရက်ကစပြီး တူးဖော်ခွင့်ရပ်နားခိုင်းထားကြောင်း ဒေသခံတွေဆီကသိရပါတယ်။ ဒေသခံလူငယ် တယောက်က “လန်ဆယ် ရွှေတွင်းတော့ ပိတ်ထားတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ကတည်းက ပိတ်ထားတာ” လို့ ပြောပါတယ်။ လူတွေ အရမ်းများလာလို့ စီမံခန့်ခွဲဖို့ မလွယ်တာကြောင့် ကောင်းကောင်း ပြန်စီမံနိုင်ဖို့ဆိုပြီး ပိတ်လိုက်တာဖြစ်ပြီး နောက် လူတွေ အရမ်းဝင်လာလို့ သူလျှိုတွေပါလာနိုင်လို့လို့သိရကြောင်း သူကပြောပါတယ်။ ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာ အတိအကျမသိရဘဲ အပေါ်ယံကြားတာက ၂ လပိတ်မယ်လို့ ကြားကြောင်း သူကရှင်းပြပါတယ်။
ဒေသခံ အမျိုးသားတယောက်ကလည်း “လန်ဆယ်ရွှေတွင်းက မဖွင့်သေးဘူး။ အခုလောလောဆယ် နှင်းအရမ်းကျလို့ ဖြတ်သန်းသွားလာရလည်း ခက်နေတယ်။ နှင်းကျလို့ ပိတ်တာတော့ မဟုတ်ဘူး။ KIO အစိုးရက ပိတ်တာပါ” လို့ ပြောပါတယ်။ ဇန်နဝါရီလမကုန်ခင် ရွှေတူးဖော်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအသစ် ထုတ်ပြန်မယ်လို့သိရကြောင်း နောက်ထပ် ဒေသခံ တယောက်ကပြောပါတယ်။ မှတ်ပုံတင်အတုကိုင်ဆောင်ကာထောက်လမ်းရေးသဖွယ် ဝင်ရောက်လာသူတွေရှိတဲ့အပြင် သဘာဝ ပတ်ဝန်းကျင်လည်းများစွာ ထိခိုက်လာတာကြောင့် ပိတ်သိမ်းရတာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။ ရွှေကြောကောင်းတဲ့ လာချင် ခေါ် လန်ဆယ်ဒေသကို ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ Read in Full
၃၀။ ဖားအံတွင် လျှပ်စစ်မီးပေးဝေမှုအချိန် ပိုမိုတိုတောင်းလာသဖြင့် မြို့ခံများ၏ လူနေမှုအခက်အခဲ တိုးမြှင့်လာ
January 9, 2025
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ် ရပ်ကွက်များတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုရှည်ကြာလာသောကြောင့် စားဝတ်နေထိုင်ရေးနှင့် လူမှုစီးပွားအပေါ်များစွာ သက်ရောက်၍ အခက်အခဲပိုမိုဖြစ်ပွားလာ ကြောင်း မြို့ခံများထံမှသိရသည်။ ဖားအံ၊ မော်လမြိုင်၊ ဇာသပြင်၊ သထုံ၊ မြိုင်ကလေး လျှပ်စစ်ဓာတ်အားလိုင်းများမှ အဓိက ဓာတ် အား ပေးဝေလျက်ရှိသော ဖားအံမြို့ပေါ်ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ယနေ့ထိတိုင် တစ်နေ့တာပတ်လုံး စုစုပေါင်း (၃)နာရီခန့်သာ လျှပ်စစ်မီးရရှိနေခြင်းဖြစ်ပြီးအချို့ရပ်ကွက်များတွင် ထိုထက်ပိုမိုဆိုးရွားနေကြောင်း မြို့ခံများကပြော သည်။ တစ်နေ့လျှင် (၃)ကြိမ်ခန့်၊ တစ်ကြိမ်လျှင် ၁ နာရီကြာဝန်းကျင်သာ လျှပ်စစ်မီးပေးသောကြောင့် ထမင်းဟင်း ချက်ပြုတ် ရန်ပင် လုံလောက်ခြင်းမရှိပဲ ထင်း၊ မီးသွေးနှင့် ဂက်စ်များကို အားထားအသုံးပြုနေကြရ၍ နေ့စဥ် လူမှုလုပ်ငန်းဆောင်တာများ အတွက် ထိခိုက်မှုရှိလာသည်ဟု အိမ်ရှင်မတစ်ဦးက ယခုလို ပြောသည်။ ၎င်းက “ မီးပေးချိန်က ကြာလေ နည်းလာလေပဲ။ နောက် ဆို ပေးတောင်လာပါတော့မလား မသိဘူး။ အခု မနက် (၂) နာရီလောက်လာပြီ ဆိုရင် ရေတင် ထမင်းတွေဘာတွေ ထချက်ရတာပေါ့။ အလုပ်လုပ်တဲ့ သူဆိုရင် အဆင်မပြေဘူးလေ။ အိပ်ရမယ့် အချိန်တောင် မီးကိုစောင့်ပြီး ထမင်းချက်ရတာ။ မီးလာတဲ့အချိန် မှာ အိမ်အလုပ်တွေ လုလုပ်နေကြတော့ ဆွဲအားမနိုင်၊ ထမင်းတစ်အိုး မကျက်တဲ့ အခါတောင်ရှိတယ်။ မီးသွေး၊ ဂတ်စ်တွေ စျေးတက်နေလည်း အရေးပေါ်ဆို အဲဒါပဲ အားကိုးနေရတယ်။”ဟု ပြောသည်။
လက်ရှိ စက်သုံးဆီဈေးအပြင် ပြည်တွင်း၌ကုန်ပစ္စည်းအားလုံးနီးပါး ဈေးမြင့်တက်နေသည့်အချိန်တွင် လျှပ်စစ်မီးပြတ် တောက်မှု ဆိုးရွားသဖြင့် လုပ်ငန်းစီးပွားပိုမိုထိခိုက်သလို ရေရှည်အတွက် ဆုံးရှုံးနစ်နာမှု များလာသည်ဟု ဖားအံမြို့ရှိ အသေးစား လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။“တနေ့ကို အများဆုံးရမှ နှစ်နာရီ၊ သုံးနာရီဆိုတော့ တော်တော်ဆိုးဆိုးပဲ။ လုပ်ငန်း အတွက် နိုင်နင်းတဲ့ မီးစက်ပြန်ဝယ်ရတော့ မလိုလားအပ်တဲ့ ငွေကုန်ကျတာပေါ့။ တစ်ခါတလေ ဓာတ်ဆီဝယ်ရတာလည်း အရမ်း အခက်အခဲဖြစ်တယ်။ လိုအပ်တဲ့အချိန်လောက်ပဲ မီးစက်ဖွင့် အဲယားကွန်းတွေလည်း သုံးမရဘူး။ ရေရှည်အတွက် တော်တော့်ကို အဆင်မပြေဖြစ်ပါတယ်။”ဟု အလှပြင်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ အမျိုး သမီးတစ်ဦးက ပြောသည်။ ၎င်းအပြင် အများပြည်သူ နေထိုင်ရာ ရပ်ကွက်များတွင် လျှပ်စစ်မီးပြတ်တောက်မှု ကြာလေဆိုးရွား လေဖြစ်သည့်တိုင် စစ်ကောင်စီဌာနဆိုင်ရာရုံး၊ ဝန်ထမ်း အိမ်ရာနှင့် စစ်တပ်တပ်ဝင်း နေရာများတွင်မူ လျှပ်စစ်မီးအသုံးပြုခွင့်ပိုရနေသည့် အခြေအနေဖြစ်ကြောင်း ဖားအံမြို့ခံများ၏ ပြောပြချက်အရ သိရသည်။ စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနကမူ ပျမ်းမျှတစ်ရက်လျှင် လျှပ်စစ်ဓါတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ် ရှိသော် လည်း ဓါတ်အားထုတ်လုပ်နိုင်မှုမှာ တစ်ရက်လျှင် ၁၇၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သောကြောင့် တစ်နိုင်ငံလုံး တွင် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးစနစ်ပေးနေရကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ၃၅ ရာခိုင်နှုန်း အချိုး ကျ ဓာတ်အားခွဲဝေပေးနေရကြောင်း ယခု ဇန်နဝါရီလဆန်းပိုင်းက ထုတ်ပြန်သည်။ Read in Full
၃၁။ စစ်ခေါင်းဆောင်များ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေး မူဝါဒမရှိဟု AA ပြော
January 10, 2025
အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မူဝါဒမရှိသေးဘူးလို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီကနေ့မှာ ပြောပါ တယ်။ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့ တဲ့ရက်ပိုင်းက လေကြောင်းကတိုက်ခိုက်ခဲ့လို့ အရပ်သား ၅၀ နီးပါး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ စစ်တပ်ရဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ပြလိုက်တာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောဆိုလိုက်တာပါ။“ဘာတိုက်ပွဲမှမရှိဘဲ တည်ငြိမ် အေးချမ်းနေတဲ့နေရာက အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ် မီးလောင်တိုက်သွင်းပစ်တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အထူးယုတ်မာရက်စက်သူရဲဘောကြောင်သူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါဟာ ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှုဖြစ်သလို ဂျီနီဗာ ကွန်ဗင်းရှင်းကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပါတယ်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ ဒီဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်မှုတွေကို ကြည့်ရင် စစ်ခေါင်း ဆောင်တွေဘက်မှာ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မူဝါဒမရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာဖက်ဆစ်စစ်တပ်က စစ်ခေါင်းဆောင်တွေရဲ့ သူတို့ကျွမ်းကျင်တဲ့ အလုံးစုံဖျက်ဆီး ရေးမူဝါဒကိုကိုင်စွဲပြီး တိုင်းပြည်ကိုအလုံးစုံပျက်သုန်းရေးဆီ ဦးတည်လုပ်ဆောင်နေတာဖြစ်တယ်။” ရခိုင်မှာ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ တကျော့ပြန်တိုက်ပွဲတွေဟာ လက်ရှိမှာ တနှစ်ကျော်ရှိလာပြီ လည်းဖြစ်ပါတယ်။
တိုက်ပွဲတနှစ်ကျော်အတွင်းမှာ AA က ချင်းပြည်နယ် ပလက်ဝအပါအဝင် ရခိုင်မှာ မြို့နယ်ပေါင်း ၁၅ ခုအထိ သိမ်း ပိုက်ရရှိ ထားပြီး ကျန်ရှိနေတဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့အပါအဝင် ကျောက်ဖြူမြို့နဲ့ မာန်အောင်မြို့တွေကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ အခုလို ရခိုင်မှာ လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ များလာတာနဲ့အမျှ စစ်ရှုံး လာနေတာကြောင့် စစ်ခေါင်းဆောင်က အရပ်သားပြည်သူတွေကို ရည်ရွယ်ရှိရှိ ပစ်မှတ်ထားသတ်ဖြတ်ပြီး အလုံးစုံဖျက်ဆီးရေး မူဝါဒကို ကျင့်သုံးနေတယ်လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ AA က ရခိုင်မှာမြို့နယ် ၁၄ ခုကို သိမ်းပိုက်ရရှိပြီးနောက် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ နိုင်ငံရေးနည်းနဲ့ ဆွေး နွေးဖြေရှင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ တဖက်မှာ လည်း စစ်ခေါင်းဆောင်က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းမယ်ဆိုပြီး ပြောနေပေမဲ့ မြေပြင်မှာတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ Read in Full
၃၂။ ချင်းတောင်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ် ၃ ဦးသေဆုံး၊ အကူအညီများလိုအပ်
January 10, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီနှင့် ပလက်ဝမြို့နယ်တို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ် သုံးဦး သေဆုံးကာ ရောဂါပြန့်နှံ့မှု ပိုမိုဆိုးရွာလာနေပြီး ဆေးဝါးများနှင့် ဆေးကုသပေးမည့် ဆရာဝန်များ လိုအပ်လျက်ရှိကြောင်း ဒေသခံ များထံမှ သိရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှစ၍ မတူပီနှင့် ပလက်ဝမြို့နယ်အစပ်က ကျေးရွာပေါင်း ၃၀ ကျော်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေခြင်းဖြစ်ပြီး ကျေးရွာများတွင် ဆေးဝါးလုံလောက်မှုမရှိသလို ဆရာဝန်များလည်းမရှိသဖြင့် ကလေးငယ်များ အသက်ဆုံးရှုံးခဲ့ရကြောင်း ပလက်ဝဒေသခံတဦးက ပြော သည်။“ရွာအများစုမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိကြသလို ဆေးတွေလည်းမရှိဘူး၊ ဒါကြောင့်ကလေးတွေ အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးခဲ့ကြတယ်။ အခုဆိုရင် ဝမ်းပျက်ဝမ်းလျှောက လူငယ်ရောလူကြီးမှာပါ ကူးစက်ကြပါတယ်။ မရာဒေသ၊ မတူပီနဲ့ ပလက်ဝနယ်စပ်က ရွာတွေမှာ ဆိုးရွား စွာပြန့်နှံ့နေတာပါ။” ဟု ပလက်ဝဒေသခံက ဆို သည်။ ဇန်နဝါရီလ ၁ ရက်နှင့် ၃ ရက်နေ့တို့တွင် ပလက်ဝမြို့နယ်၊ ဒိုးချောင်းဝ ကျေးရွာမှ အသက် တနှစ်အရွယ် ကလေးငယ် နှစ်ဦးသည် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးခဲ့သည်ဟု ၎င်းဒေသခံထံမှ သိရသည်။ ပလက်ဝမြို့နယ်အောက်ပိုင်း လေးမြို့ချောင်းတလျှောက်ရှိ ရွာတိုင်းနီးပါးတွင် ကာလဝမ်းရောဂါပြန်နှံ့မှု အခြေအနေ သည် ပိုမိုဆိုးရွားနေပြီး ခြောက်လအရွယ်မှ နှစ်နှစ်အရွယ် ကလေးငယ်များတွင် အဖြစ်များကာ အသက် ၆၀ ကျော် အသက် ကြီး ပိုင်းများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
လက်ရှိ ပလက်ဝမြို့နှင့် ဆမီးမြို့နေ ဒေသခံအများစုသည် စစ်ဘေးရှောင်နေကြရပြီး မြို့ပေါ်တွင် ဆရာဝန်မရှိသဖြင့် ဆေးခန်းပြရန် ဒေသခံများအခက်အခဲကြုံတွေ့ရကြောင်း ဒေသခံတဦးကဆိုသည်။ ထို့ကြောင့် ပလက်ဝနှင့် မတူပီနယ်စပ်တွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)၊ တပ်ရင်း(၃)မှ ဖွင့်ထားသည့် Kaisi ဆေးခန်းတွင် ဆေးကုမှုခံယူနေကြပြီး ဆေးခန်းတွင်လည်း ဆေးဝါးပြတ်လပ်မှုကြုံတွေ့ရသည်ဟုတာဝန်ရှိသူက ပြောသည်။“ရောဂါဖြစ်ပျက်ခါစတုန်းက ပလက်ဝမြို့နယ်လို့ ပြောပေမယ့် မတူပီဘက်က ပင်ချောင်းအနီးတဝိုက် ရွာတွေကလည်း လူနာများလာတယ်။ မတူပီနဲ့ မိုင် ၃၀ ဝေးတဲ့ ကျွန်တော်တို့ ထိန်း ချုပ်နယ်မြေမှာဖွင့်ထားတဲ့ ကိုင်စီး (Kaisi)ဆေးခန်းရှိတယ်။ လက်ရှိ ဆေးခန်းမှာ ဝမ်းပျက်ဝမ်းလျှောလူနာက လူဦးရေ ၃၀ ကျော် ရှိပါတယ်။ ကိုင်စီးဆေးခန်းမှာတော့ ဆရာဝန်လုံလောက်တယ်။ ဆေးဝါးရဖို့လမ်းကြောင်းရှိပေမယ့် ဆေးဝါးအလှူရှင်မရှိတာ ပါ။”ဟု CDF -မတူပီ တပ်ရင်း(၃) တပ်ရင်းမှူးက ဆိုသည်။ ဇန်နဝါရီလ ၄ ရက်တွင် ကိုင်စီးဆေးခန်း၌ ဆေးကုသနေသည့် ပလက်ဝမြို့နယ်၊ဒီလောင်ကုန်းရွာနေ ဦးငလ်တာလ်၏ ငါးလအရွယ်သားလေးသည် ဆေးဝါးမလုံလောက်မှုကြောင့် အသက်ဆုံး ရှုံးခဲ့ရကြောင်း သိရသည်။ Read in Full
၃၃။ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ DPLA တပ်တို့အကြား တိုက်ပွဲဆက်ဖြစ်နေ
January 9, 2025
ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကျောက်ဂူဒေသမှာ စစ်ကူပို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အပြင် ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာကို စစ်ကူပို့နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။ “ပစ်ခတ်မှုနေ့စဥ်၊ တိုက်ပွဲနေ့စဥ်လိုလို ဖြစ်နေပါတယ်ဗျ” လို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကျောက်ဂူမှာ စစ်ကောင်စီရဲ့ အမြောက်တပ် (၃၄၉) တပ်စခန်း အခြေစိုက်ထားတာဖြစ်ပြီး ရပ်စောက်-ကျောက်ဂူ လမ်းပိုင်းဟာလည်း တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းကျေးရွာဘက် ကို စစ်ကောင်စီက စစ်အင်အား အဓိက ဖြည့်တင်းနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အမြောက်တပ်တွေ တည်ရှိရာ တောင်ခမ်းကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား နေ့စဥ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ပြောပါတယ်။ “တောင်ခမ်းဘက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ အုမ္မတီနဲ့ဘန်ဘွေးဘက်မှာ စစ်ကောင်စီက ဒရုန်းနဲ့ကြဲတာရှိတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီ တပ်ဘက်ကတော့ ကျောက်ဂူနဲ့ တောင်ခမ်းကျေးရွာက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။