တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 2, January 7, 2025)

၁။ ပုဏ္ဏားကျွန်းမြို့နယ် စစ်ကောင်စီမှ ဗုံးကြဲ၍ အမျိုးသမီး ၃ ဦးနှင့်ကလေးငယ်တစ်ဦးသေဆုံးပြီး  အများအပြားဒဏ်ရာရရှိ
January 6, 2025
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီမှဗုံးလာကြဲ၍ အမျိုးသမီး ၃ ဦးနှင့်ကလေးငယ်တစ်ဦး၊ စုစုပေါင်း  ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိကြောင်းသတင်းရရှိသည်။ သေဆုံးသွားသူများမှာ ကျောက်တော်မြို့နယ် ၀ကင်း (၀ကင်) ရွာမှ မွတ်ဆလင် အမျိုးသမီး ၂ ဦးနှင့် အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေး ၁ ဦး ၊ အောင်ဇုံပြင်ရွာမှ ရခိုင်အမျိုးသမီး တစ်ဦးဖြစ်သူ မဇင်မာခိုင်(၁၇)နှစ် (ဘ)ဦးလှဝင်း တို့ဖြစ်ကြောင်းသိရှိရသည်။ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အောင်ဇုန်ပြင်ကျေးရွာအနီးဖုန်းပြောသည့် လူအုပ်ထဲသို့ ဂျက်ဖိုက်တာဖြင့်ဗုံးသုံးလုံးလာကြဲချခဲ့ရာမှ နေရာသုံးခုတွင် ကျရောက် ပေါက်ကွဲကာ ယခုကဲ့သို့သေဆုံးထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု ပုဏ္ဏားကျွန်းဒေသခံအမျိုးသားတစ်‌ဦးက ပြောသည်။ “ဗုံးတစ်လုံးကျတာ မွတ်ဆလင်သားအမိနဲ့ နောက်ထပ်မွတ်ဆင် အမျိုး သမီး တစ်ဦးကပွဲချင်းပြီးသေတယ်။သူတို့က ၀ကင်းရွာမှာနေတာပါ။ သူတို့က ဖုန်းလိုင်းမိလို့ ဖုန်းလာဆက်ဖို့လာကြတယ်လို့သိရပါ။ ကလေးငယ်ရုပ်ပျက် သွားတာခန္ဓာကိုယ် တခုလုံးထိ သွားတာ။ နောက်တခုက  အောင်ဇုံပြင်ရွာမှာကျလို့ ၁၇ နှစ်အရွယ် ရခိုင်အမျိုးသမီးတစ်ယောက်ပါသေတယ်။ တုတ်တုတ်တစ်စီး ပြိုပျက်သွားတယ်”ဟု ပြောသည်။

သေဆုံးသူ မဇင်မာခိုင်မှာ ဖုန်းလာပြောသူများအား စျေးဆိုင်ရောင်းနေသူဖြစ်ပြီး လူအုပ်ထဲကို ဗုံးချစဉ် ထိမှန်သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ လေယာဉ်ပေါ်မှ ကြဲချခဲ့သည့်ဗုံးမှာ အောင်ဇုံပြင် အရှေ့မြောက်ဘက်တွင် တစ်လုံး၊ အောင်ဇုံပြင်ရွာ ယာဉ်ရပ်နားထားသည့်နေရာတွင်တလုံး၊ အောင်ဇုံပြင်ရွာ တောင်တန်းအနီးတွင်တစ်လုံးတွင် ကျရောက်ခဲ့သည်ဟု နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။ “ဒဏ်ရာရသူတွေလည်းရှိတယ်။ အရေအတွက်ကိုလည်း မသိရဘူး။ လက်ရှိဖုန်းလိုင်း တွေကအဆင်မပြေတော့ အခြေအနေတွေအတိအကျ မသိရပါဘူး”ဟု ပြောသည်။ ပြီးခဲ့သည့်ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့၍ အမျိုးသမီး ၂ ဦးနှင့် အသက် ၉ နှစ်အရွယ်‌ယောက်ျား ကလေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ Read in Full

၂။  ဖလမ်းတွင်  စစ်သုံ့ပန်းများထားရှိရာနေရာကို စစ်ကောင်စီက ဗုံးကြဲ၍ CNDF တပ်ဖွဲ့ဝင် ၁ ဦးနှင့် စစ်သုံ့ပန်း ရဲ ၇ ဦးသေဆုံး
 January 6, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်းလုံကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့၊ ည ၁၁ နာရီကျော်ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး စစ်ကောင်စီ လက်အောက်ခံ စစ်သုံ့ပန်းရဲတပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးသွားကြောင်းသိရသည်။ ဖလမ်းနှင့် ရိအကြားတွင်တည်ရှိသော ခွန်းလုံရွာသည် စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် ကျေးရွာဖြစ်ကြောင်းသိရပြီး စစ်ကောင်စီက MIG-29 ဖြင့် နှစ်ကြိမ် တိုင် ဗုံးကြဲချခဲ့ကြောင်း သိရသည်။ “အဲ့ဒီမှာ ကျွန်တော်တို့ယာယီ စစ်သုံ့ပန့်ထားတဲ့ နေရာကို ထိတယ်။ နောက်ပြီးတော့ အဲ့ဒါက စစ်ရေးနဲ့ မဆိုင်တဲ့ ရွာပေါ့။ နောက်ပြီးတော့ တိုက်နယ်ဆေးရုံတစ်ခုကိုလည်း ဗုံးကြဲတယ်။ ပြည်သူဘက်ကတော့ ထိခိုက်မှုမရှိပါ ဘူး။ ဒါပေမယ့် စစ်သုံ့ပန့်ထဲက ခုနစ်ဦးရယ်၊ ကျွန်တော်တို့ CNDFဘက်က စစ်သုံ့ပန်း တွေကို စောင့်ပေးတဲ့ ရဲတစ်ဦးဆုံးသွား တာ ပေါ့”ဟု CNDF ပြောခွင့်ရ ဆလိုင်းတင်မီ ကပြောသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က CNDF ထံတွင် လက်နက်ချအလင်းဝင်ခဲ့ကြသည့်  ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွင် နောက်ထပ်စစ်သုံ့ပန်းရဲတပ်ဖွဲ့ဝင် သုံးဦးလည်း ထပ်မံဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

ထို့အပြင်  စစ်ကောင်စီသည် ဇန်နဝါရီလ ၄ ရက်နေ့တွင်ပင် ဖလမ်းမြို့နယ်ရှိ အခြားကျေးရွာ များကိုလည်း   ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်းသိရပြီး ဒေသခံပြည်သူများ ထိခိုက်မှုမရှိကြောင်းသိရသည်။ “ပြည်သူနဲ့ တော်လှန်ရေးတပ်သားတွေကြားမှာ အမြင်လွဲအောင် စစ်ကောင်စီက လုပ်နေခြင်းဖြစ်တယ်လို့ ယူဆတယ်။ ဘယ်ပြည်သူမဆို တော်လှန်ရေးဘက်ကို ထောက်ခံအား ပေးတဲ့အခါကျတော့ စစ်ရေးနဲ့ မဆိုင်တဲ့ ရွာတွေကို ဗုံးချပြီးတော့ ပြည်သူနဲ့ တော်လှန်ရေးကြားမှာ စိတ်ဝမ်းကွဲအောင် လုပ်ဆောင် နေတယ်လို့ပဲ ကျွန်တော်တို့က မြင်ပါတယ်။  ပြည်သူကတော့ တော်လှန်ဘက်မှာပဲ အားလုံးက ပါဝင်နေကြတယ်။ ဘယ်သူမဆို ပေါ့။ ချင်းတောင်မှ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံတစ်ဝှမ်း လုံးမှာပေါ့။ အဲ့ဒါကြောင့် ပစ်မှတ်တိုက်ခိုက်တာလို့ မြင်ပါတယ်”ဟု ဆလိုင်းတင်မီ က ဆက်လက်ပြောဆိုသည်။ စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကိုလည်း အချင်းချင်းငဲ့ညှာခြင်းမရှိ သလို ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းဖြင့်မညှာမတာဗုံးကြဲမှုများလုပ်ဆောင်နေခြင်းဖြစ်၍  စစ်ကောင်စီထံတွင်ပါဝင်သော ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံးအမြင်မှန်ရကာ ပြည်သူလူထံ အလင်းဝင်ကြရန်လည်း CNDF က တိုက်တွန်းထားသည်။ Read in Full

၃။ ဗန်းမော်နှင့် မံစီမြို့ကို KIA က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေ
 January 6, 2024
ကချင်ပြည်နယ်ရှိ ဗန်းမော်နှင့်မံစီမြို့အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်မဟာမိတ်တပ်များက (ဒီဇင်ဘာ ၆ ရက်)ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောသည်။ (ဇန်နဝါရီ ၆ ရက်)နံနက် ၅ နာရီမှစ၍ ဗန်းမော်နှင့်မံစီမြို့တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ကချင်စစ်ရေးသတင်းရင်း မြစ်က ပြောသည်။ “ငါတို့ ဘက်က ထိုးစစ်အရှိန်မြှင့်တင်တာ”ဟု ၎င်းက ပြောသည်။ KIA သည် ဒီဇင်ဘာ ၄ ရက်ကစ၍ ဗန်းမော်နှင့် မံစီ ဒေသတစ်ခုလုံး သိမ်းနိုင်ရေးတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲတစ်လကျော်အကြာတွင် ထပ်မံထိုးစစ်အရှိန်မြှင့်လိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း နေ့စဉ်လေကြောင်း ပစ်ကူ၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံနေသည်ဟု သတင်းရင်းမြစ်တို့က ပြောသည်။ ကချင် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း ယနေ့တွင် ဗန်းမော်နှင့် မံစီမြို့တွင် KIA ၏ ထိုးစစ်ပြန်စ၍ တိုက်ပွဲပြင်းထန်နေ ဆဲဖြစ်သည်ဟု ပြောသည်။

“ဒီလထဲမှာပိုပြီးပြင်းထန်နိုင်။ KIA ကတော့ မရရအောင် တိုက်ယူလိမ့်မယ်။ စကစဘက်လည်း အပြင်းအထန်ခုခံနေဆဲ။ KIA ဘက်ကလည်း ပျောက်ကြားထိုးစစ်ဆင်နေတယ်လို့ KPDF အရာရှိတစ်ယောက်က သတင်းပေးပို့ထား။ စကစက ဒရုန်းနဲ့ လက်လက်ကြီးပစ်တာများနေတယ်လို့ သိရပါတယ်။ ဒီလထဲတော့ ဗန်းမော်နဲ့မံစီ အဖြူအမဲ အဖြေထွက်မယ်ထင်တယ်”ဟု ဦးဇော်ဆန်က ပြောသည်။ ပြီးခဲ့သည့် တစ်လတာတိုက်ပွဲအတွင်း ဗန်းမော် နှင့်မံစီမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို KIA ဘက်က သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရင်းမြစ်တို့က အသိပေးသော်လည်း တိုက်ပွဲရလဒ် အသေးစိတ် အချက်အလက်များ ကို KIA ဘက်က သတင်းထုတ်ပြန်ခြင်း ပြောပြခြင်းမရှိသေးပေ။ ထို့အပြင်နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပြီး စစ်ကောင်စီဘက်က အလံဖြူ ထောင် လက်နက်ချသူများလည်း ရှိခဲ့သည်ဟု သတင်းရင်းမြစ်တို့က ပြောသည်။ လက်ရှိ စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ 

၄။ ပုလောက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ရေလုပ်သားလေးဦးကို PDF လို့စွပ်စွဲဖမ်းဆီး
 January 6, 2025
ပုလောမြို့နယ်၊ စက်တော်ရာရွာမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ရေလုပ်သားလေးဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တပ်သားတွေလို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။ သက်လတ်ပိုင်းအရွယ် ရေလုပ် သား လေး ဦးဟာ အခုလ ၅ ရက်နေ့မနက် ၁၁ နာရီလောက်က စက်တော်ရွာက စစ်တပ်ဂိတ်မှာ အဖမ်းခံခဲ့ရတာပါ။ အဖမ်းခံရတဲ့သူ တွေဟာ ထားဝယ်မြို့ဘက်ကလာတဲ့ အံစာတုံးကားမှာ လိုက်ပါလာသူတွေဖြစ်ပြီး မြိတ်မှာ ရေလုပ် ငန်းသွားရောက်လုပ်ကိုင်မယ့်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။“ခေါင်းစဉ်အမျိုးမျိုးတပ်ပြီးဖမ်းနေတာ အဓိကကတော့ စစ်သားစုဆောင်းချင်လို့ပဲဖြစ်မယ်။ ဂိတ်မှာ တင် ရိုက်နှက်ထုထောင်းပစ်ထားတာ တအားပဲ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ သူတို့ဟာ ပုလောဒေသခံ မဟုတ် တာသေချာပေမယ့် ဘယ်ဒေသကဆိုတာကိုတော့ မသိရဘူးလို့ ရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စက်တော်ရာရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းက ဇရပ်ဆောင်တွေမှာ တပ်စွဲထားတာပါ။  လက်ရှိမှာတော့ အဖမ်းခံရတဲ့ ရေလုပ်သားလေးဦးစလုံးဟာ စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ အဆောက်အအုံတွေမှာ အဖမ်းခံထားရတယ်လို့ ခန့်မှန်းနေကြပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။ စက်တော်ရာရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလလယ်လောက်ကစလို့ စစ်ကောင်စီစစ်ကြောင်းထိုးလားပြီးနောက်မှာ စစ်ဆေးရေးဂိတ် အထိုင်ချထားတာဖြစ်ပါ တယ်။ တနင်္သာရီတိုင်းမ်ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တိုင်းအတွင်းမြို့နယ်ရှစ်ခုက အရပ်သား ၁၇၉ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးခဲ့ပြီး ၂၁၉ ဦးကိုတော့ ကော့သောင်းလှေဆိပ်မှာ အတင်းအဓမ္မစစ်သားစုဆောင်းခဲ့ပါတယ်။ 

၅။ အနန်းကွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံး
 January 6, 2024
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်လာပါ တယ်။ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA၊ အထူး စစ်ဆင်ရေးတပ်ဖွဲ့ SOF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနန်းကွင်းဗျူဟာမရောက်ခင် ပိတ်ဆို့တိုက်ခိုက်ခဲ့တာ ပါ။ ဒီဇင်ဘာ ၃၀ ရက်နေ့ကနေ ဇန်နဝါရီ ၂ ရက်နေ့အထိ လေးရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ် ဖွဲ့ဝင် ၄၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း ၃၀ ကျော် သိမ်း ဆည်းရမိခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ထုတ်ပြန် ထားပါတယ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းအရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများ အပြားသေဆုံးနေတာ တွေ့ရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တာပါ။

တော်လှန်ရေးအင်အားပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလေးကြိမ်၊ လက်နက်ကြီး ပစ်ကူပေးမှုအကြိမ် ၁၅၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တောင်ပိုင်းစစ်ဒေသကလည်း အနန်းကွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားနေကြောင်း ဇန်နဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ရေးအရ အရေးပါတဲ့ အနန်းကွင်းဗျူဟာကို တော်လှန်ရေးတပ်ဖွဲ့တွေကလနဲ့ချီ ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ဗျူဟာမကျရေးအတွက် လေကြောင်းခုခံတာအပြင် စစ်ကူအများအပြား ပို့ဆောင်နေတာပါ။ ဒါပေမယ့် စစ်ကောင်စီ စစ်ကူ စစ်ကြောင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အနန်းကွင်းဗျူဟာမရောက်ဘဲ စစ်ကြောင်းပျက်ပြီး နောက်ပြန်ဆုတ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အနန်းကွင်းတိုက်ပွဲတွေကြောင့် အနန်းကွင်း၊ လွတ်ရှမ်းကျေးရွာ အပါအဝင်ကျေးရွာပေါင်း ခုနှစ်ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီ မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ မုဒုံမြို့တွေအပြင် ဘေးလွတ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြရပါတယ်။ Read in Full

၆။ စစ်ကောင်စီ အင်အား ၅၀ ပါ ကားနှစ်စီးကို CDF အရှိုတပ်တိုက်ခိုက်၊ အမ်းမှ ပြေးလာသော တပ်သား ၁၁ ဦးကိုဖမ်းဆီးရမိ
January 6, 2025
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းရမိပြီး စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Chin Defence Force -Asho တပ်ဖွဲ့မှ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်း နယ်ကြား ရခိုင်ရိုးမပေါ်ရှိ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာတို့ အနီးရှိ စစ်တပ်စခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို လက်နက်ငယ် ၉ လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။“မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြား ရခိုင်ရိုးမကြောပေါ်ပဲ၊ အဲဒီမှာရှိတဲ့ ဂုတ်စီးရိုးကျေးရွာရဲ့ အနီးတဝိုက်မှာ ဖမ်းဆီးရရှိခဲ့တာပါ။ ပစ်ခတ်ဖမ်းဆီးရတာမျိုးတော့ မရှိပါဘူး။ မကွေးတိုင်းနယ် ဘက်ကို ရောက်လာတဲ့အချိန်မှာ ကျနော်တို့ကြိုတင်နေရာယူထားတဲ့ နေရာကနေ လက်နက်ချဖို့ တားဆီးရတဲ့ အဆင့်ပဲရှိပါ တယ်။ ပစ်ခတ်ဖမ်းဆီးရတာမျိုးတော့ မရှိပါဘူး။ အဲဒီ တော့ အပြစ်ပေးအရေးယူမှုလတ်တလောတော့ မလုပ်နိုင်သေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းထားတယ်၊ စစ်ဆေးမေးမြန်းနေဆဲ ကာလပဲဖြစ်ပါသေးတယ်” ဟု Chin Defence Force -Asho တပ်ဖွဲ့မှ ဆလိုင်းရိုချင်း က ပြောသည်။

စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော စစ်သားများအနေဖြင့် ခြေဦးတည်ရာထွက် ပြေးနေခြင်းမပြုလုပ်ဘဲ တော်လှန်ရေးတပ်ဖွဲ့များကို ချိတ်ဆက်၍သော်လည်းကောင်း၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသွား ရောက်၍သော်လည်းကောင်း အသာတကြည်အလင်းဝင်ကြရန် တိုက်တွန်းထားသည်။“ဖမ်းဆီးရရှိတဲ့ သုံ့ပန်းတွေ ခဏခဏ ဖြေကြားမှုအရ နိုင်ငံခြားကို ထွက်ပြီးတော့ အလုပ်လုပ်ကြမယ်ဆိုတဲ့သူတွေ နိုင်ငံပြင်ပကို ထွက် ပြေးသွားချင်တယ်ဆိုတဲ့သူတွေ အနေနဲ့တော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုပဲ ပူးပေါင်းပြီးတော့ အလင်းဝင်ကြပါလို့ပဲပြောချင်တယ်။ စစ်တပ်ထဲမှာ ဝါဒဖြန့်ထား တဲ့သတင်းမှားတွေဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ပြီဆိုရင်တွေ့တဲ့နေရာမှာ ပစ်သတ်ပစ်တယ်ဆိုတာတွေကလည်း မဟုတ်ဘူးဆိုတဲ့အကြောင်း အချိန်တွေနဲ့ လုပ်ရပ်တွေနဲ့ တွေဆုံမှုတွေနဲ့လည်း သက်သေပြခဲ့ပြီးပြီဖြစ်တဲ့အတွက် တော်လှန်ရေး တပ်ဖွဲ့တွေအပေါ်မှာစိစစ်ပြီးတော့ယုံကြည်မှုထားပြီး အလင်းဝင်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်”ဟု ဆလိုင်းရိုချင်းက ဆက်လက်ပြော သည်။ ထို့ပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကောင်စီအင်အား ၅၀ ပါ စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း CDF အရှိုချင်းတပ်ကထုတ်ပြန်ထားသည်။ ငဖဲမြို့ နယ် ညောင်ကိုင်းကျေးရွာအနီးအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ Read in Full

၇။ စစ်ကောင်စီက ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပဒန်မနောင်အကလည်း ထည့်သွင်းဆင်နွှဲသွားမည်ဟုဆို
 January 6, 2025
စစ်ကောင်စီက ဇန်နဝါရီလ ၁၀ ရက်နေ့တွင်ကျရောက်မည့် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင်စစ်ပွဲအောင်ချိန် အောင်ပွဲခံသည့်အနေဖြင့် ကလေ့ရှိသည့် ပဒန်မနောင် (Padang Manau) အကထည့်သွင်း ဆင်နွှဲသွားမည်ဖြစ် ကြောင်း သိရ သည်။ ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယမန်နေ့က မနောင်တိုင်စိုက်ထူလိုက်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထား သည်။ ကချင်ပြည်နယ်နေ့ အခမ်း အနားတွင် ပဒန်မနောင် (Padang Manau) အပြင် စည်းလုံးခြင်းနှင့် စီးပွားလာဘ်လာပတိုးပွားစေခြင်း အထိမ်းအမှတ် မနောင် အကများလည်း ပါဝင်သွားမည်ဟုဖော်ပြထားသည်။ အဆိုပါ မနောင်တိုင်စိုက်ထူပွဲတွင် ကတ်သလစ်ဘုန်းတော်ကြီးနှင့် နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာများ ဦးဆောင်ပြီး မနောင်ပွဲဦးဆောင်သူ နောင်ရှောင်များ၊ ကချင်ပြည်ကောင်စီဝင် များနှင့် တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ကချင် ပြည်နယ်နေ့ အခမ်းအနားပြုလုပ်မည့် ပြည်နယ်အစိုးရရုံး ခြံဝင်းအတွင်းပတ်ပတ်လည်တွင်လည်း နှစ်ထပ်ဘန်ကာများကို တည် ဆောက်နေကြောင်း ဒေသခံများထံမှသိရသည်။ ပဒန်မနောင် (Padang Manau) ဆိုသည်မှာ စစ်အောင်ချိန်တွင် အောင်ပွဲခံသည့် အနေဖြင့် ကျင်းပသည့် မနောင်အကအမျိုးအစားတစ်ခုဖြစ်ကြောင်း ကချင်ရိုးရာယဉ်ကျေးမှုစာအုပ်များတွင် ဖော်ပြထားသည်။

ကချင်လူမျိုးတို့၏ ဓလေ့ရိုးရာတွင် အဓိကအားဖြင့် ပဒန်မနောင် (Padang Manau)၊ ဆွတ်မနောင်(Sut Manau)၊ ဂျူမနောင်(Ju manau)၊ ကွမ်ရန်မနောင်(Gumran Manau )၊ ရှဒစ်ဖော့မနောင်(Shadip Hpaw Manau) စသည့်မနောင် ငါးမျိုး ရှိပြီး လုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စရပ်များနှင့် အချိန်အခါလိုက်ပြီး ထိန်ထန်မနောင်၊ နော်ယင်မနောင်၊ ဒိန်ရှောင်မနောင်နှင့် ဖရင်ရောဒ်မနောင် စသဖြင့်အခေါ်အဝေါ်အမျိုးမျိုးရှိသည်။ ယမန်နှစ်က စစ်ကောင်စီပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်နေ့ အခမ်း အနားကို စစ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ မ.ပ.ခ တိုင်းမှူးဟောင်းနှင့် လက်ရှိနယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒေါ်ဒွဲဘူ၊ ဦးဂျန်ဖန်နော်တောင်နှင့် အဖွဲ့ဝင် စုစုပေါင်း ၁၄ ဦး တက်ရောက်ခဲ့ပြီး ယခုနှစ်တွင်မှု မည်သူမည်ဝါတက်ရောက်မည်ကို မသိရသေးပါ။ ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်နှင့် မြို့ပေါင်း ၁၀ မြို့ကျော်တို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။ 

၈။  ပလက်ဝမြို့နယ်မှာ ကာလဝမ်းရောဂါဖြစ်ပွားပြီး ကလေးငယ်တွေ သေဆုံးမှုအထိရှိ
January 6, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ကာလဝမ်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်ပြီး ကလေးငယ်တွေ အသက်ဆုံးရှုံးမူအ ထိ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတာဟာ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ဖြစ်ပွား ခြင်းဖြစ်ပြီး အခုနှစ် ဇန်နဝါရီလမှာ ရောဂါဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာတာဖြစ်ပါတယ်။ ကာလဝမ်းရောဂါကြောင့် ဒိုးချောင်းဝ ကျေးရွာမှ အသက် (၁) နှစ်အရွယ် ကလေးငယ် နှစ်ဦးဟာ ဇန်နဝါရီလ ၁ ရက် နဲ့ ၃ ရက်နေ့မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ “ဆေး ကုသဖို့ ဆေးဝါးမရှိတာက ပိုဆိုးတယ်။ ရွာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း တခြားဒေသတွေမှာ ထွက်ပြေးကုန်တော့ ဆေးထိုးပေးမဲ့လူလည်း မရှိဘူး။ ဆေးကုသရင် အသက်ဆုံးရှုံးမယ် မထင်ဘူး။ အခုတော့ အသက်မဆုံးသင့်ဘဲ အသက် ဆုံးရှုံး နေရတယ်။”လို့ ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။ ပလက်ဝမြို့နယ်မှာ ရွာတိုင်းနီးပါးကာလဝမ်းရောဂါဖြစ်ပွားပြီး ၆ လအရွယ် မှ အသက် ၂ နှစ်အရွယ် ကလေးငယ်တွေမှာအဖြစ်များသလို အသက် (၆၀) ကျော် အသက်ပိုင်းတွေမှာလည်း ရောဂါ ဖြစ်ပွားမှု ပိုများတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ်အောက်ပိုင်း လေးမြိုချောင်းတလျောက်ရှိ ကျေးရွာတွေမှာလည်း ကာလဝမ်းရောဂါ ဖြစ်ပွားမှု နှုန်းမြင့်တက်လာပြီး လက်ကျန်ဆေးဝါးတွေနဲ့ကုသပေးနေရတာကြောင့် ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ “အခုဖြစ်တဲ့ ကာလဝမ်းရောဂါဟာ ရာသီကြောင့်မဟုတ်ပဲ ကပ်ရောဂါတမျိုးလိုဖြစ်နေတယ်။ ရာသီကြောင့်ဆိုရင် အသက်အရွယ် မရွေးဖြစ်နေမယ်။ ပြီးတော့ ကာလဝမ်းရောဂါဟာ ဆောင်းရာသီလိုမျိုးမှာဖြစ်ခဲတယ်။ အခုအဖြစ်များတာက ခုခံအားနည်းတဲ့သူတွေမှာ အဖြစ်များနေတယ်။”လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ကာလဝမ်းရောဂါပြန်နှံ့မှု အခြေအနေသည် ပိုမို ဆိုးရွားနေကြောင့် ပလက်ဝမြို့နယ်အောက်ပိုင်း လေးမြို့ချောင်းတစ်လျောက်တွင်လည်း ရွာတိုင်းနီးပါး ရောဂါဖြစ်ပွားနေကြောင့် သိရှိရသည်။ “လေးမြို့ချောင်းတလျောက် ကျေးရွာအကုန်အနီးပါး ကူးစက်ခံနေရတယ်။ ကလေးငယ်တွေ ၂၅ ရာခိုင်နှုန်းလောက် ကူးစက်ခံနေရတယ်။ ဒါပေမဲ့ ဒီဘက်မှာက သေဆုံးတာမျိုး မရှိသေးဘူး။” လို့လူမှုကူညီရေးဆောင်ရွက်နေသည့် ခရစ်ယာန်ဓမ္မ ဆရာတစ်ဦးက ပြော သည်။ လက်ရှိမှာ ဒေသခံတွေဟာ ဆေးဝါးဝယ်ယူဖို့ နိုင်ငံရေးအခြေအနေကြောင့်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် ဝယ်ယူဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ Read in Full

၉။ ဂုဏ်ထူးဆောင်ပေးအပ်တာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါရာဇိက ကျမခံဘူးလို့ SNLD တုန့်ပြန်
 January 6, 2025
ဂုဏ်ထူးဆောင် ပေးအပ်တာဟာ လူထုလက်မခံတော့တဲ့ ၂၀၀၈ ခြေဥကိုအစွဲပြုပြီး သေနေတဲ့ သူ့နိုင်ငံရေး ပြန်ရှင်လို ရှင်ငြားဆိုတဲ့မျှော်လင့်ချက်နဲ့ SNLDခေါင်းဆောင်တွေကို အမှုတွဲကာ သေဖော်ညှိတဲ့သဘော လုပ်ဆောင်တာဖြစ်လို့ နိုင်ငံရေး ပါရာဇီက ကျမခံဘူးလို့ SNLD ပါတီရဲ့တာဝန်ရှိသူက တုန့်ပြန်ပါတယ်။ ၂၀၀၈ ခြေဥရေးဆွဲရာမှာ အသေး စိတ်အခြေခံရမယ့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့ကြသူတွေကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ် ရာမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဟောင်းနဲ့ လက်ရှိ ဥက္ကဋ္ဌလည်း ပါဝင်လာတာဖြစ်ပါတယ်။“၂၀၀၈ ကို ဖျက်သိမ်းဖို့ဆိုတာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ SNLD ပါတီက တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးသား ပါ၊  ၂၀၀၈ ခြေဥအရေးဟာ နိုင်ငံရေးပါရာဇိကကျမယ့်ကိစ္စမို့ ကျွန်တော်တို့ လုံးဝပတ်သက်စရာ မရှိပါဘူး”လို့ သူက ပြောပါတယ်။ ပါတီအကြီးအကဲတွေကို ဂုဏ်ထူးဆောင်ပေးအပ်တာဟာ ရည်ရွယ်ချက်တစ်ခုခုရှိနိုင်တယ်လို့ ပါတီနဲ့ နီးစပ်သူက ယူဆကြောင်းနဲ့ သူ့ဟာသူပေးအပ်တာဖြစ်လို့ ပါတီပုံရိပ်လည်းထိခိုက်စရာမရှိဘူးလို့ သူကပြောပါတယ်။

SLND ပါတီအကြီးပိုင်းနှစ်ဦးကို ဂုဏ်ထူးဆောင်ပေးတာနဲ့ပါတ်သက်ပြီး “ ကျွန်တော်ထင်တာကတော့ ရည်ရွယ်ချက် တစ်ခုရှိဦးမယ်ထင်တယ်ဗျ၊ ဒီအတောအတွင်းမှာအပြောင်းအလဲတစ်ခုခုရှိလာနိုင်တယ်ထင်တယ်ဗျ၊ အဲ့လိုအပြောင်း အလဲတစ်ခုခု ရှိလာရင် ပါတီဥက္ကဌကို ထည့်သုံးဖို့အစီအစဉ်ရှိတယ်လို့ ကျွန်တော်ထင်တယ်”လို့ SLND ပါတီနဲ့နီးစပ်သူက ပြောပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့ (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အနေနဲ့ ပြစ်ဒဏ်အသီးသီးနဲ့ အကျဉ်း ကျခံနေရသူတွေထဲက လွတ်ရက်နီးသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတယ်ဆိုပြီး ထောင်ကလွှတ်ပေးခဲ့တာနဲ့ တပြိုင် တည်းမှာပဲ ၂၀၀၈ ခြေဥပေါ်ပေါက်လာရေး လုပ်ဆောင်ခဲ့သူ ၂၄၉ ဦးကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်ရာ မှာ SNLD ပါတီအကြီးအကဲတွေအပါအဝင် ရှမ်းပြည်က လူပုဂ္ဂိုလ် ၄၀ ဦးပါဝင်တာ ဖြစ်ပါတယ်။ SNLD ပါတီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းတရားဝင်ကြေညာထားတဲ့ ပါတီဖြစ်ပြီး ၂၀၂၃ မှ ပါတီကို စစ်ကောင်စီက ဖျက်သိမ်းကြောင်း ကြေညာထားပေမယ့် လွတ်လပ် ရေးနေ့မှာ ဆုတံဆိပ်တွေပေးအပ်ကြောင်း စစ်ကောင်စီရဲ့ သတင်းစာကနေ ကြေညာတာ ဖြစ်ပါတယ်။ Read in Full

၁၀။ ငွေပေးဆောင်နိုင်မှသာ  ရပ်စောက်မြို့နယ် စစ်ကောင်စီဂိတ်သို့ ဖြတ်သန်းခွင့်ပြု
 January 6, 2025
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ စစ်ကောင်စီတပ်သည် သျှမ်းတောင်မှ သျှမ်းမြောက်သို့ တက်မည့် ကုန်ကားကြီး များကို ငွေကြေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် (စက်တင်ဘာလ) တွင် စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းတောင်မှ သျှမ်းမြောက်သို့သွားမည် ခရီး သည် လိုင်းကားများ၊ ကုန် တင်ယာဉ်များကို  စတင်ပိတ်ပင်ရာ (ဇန်နဝါရီလ ၆ )ရက်၌  ၄ လနီးပါး ရှိပြီ ဖြစ်ကြောင်း ၎င်းလမ်းကို အသုံးပြုသည့် ကားသမား များက ပြောသည်။ အဆိုပါ ဂိတ်ကိုဖြတ်လိုသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များသည် စစ်ကောင်စီတပ်မှ တောင်း သည့် ငွေပမာဏပေးနိုင်မှသာ သွားခွင့်ပြုပြီး စစ်ဆေးရေးလည်း ယခင်ကထက် ပိုတင်းကြပ်နေကြောင်း ၎င်းလမ်း ကြောင်းကို အသုံးပြုသည့် ကားသမားတစ်ဉီးက ပြောသည်။ “ပိတ်တာတော့ တော်တော်ကြာနေပြီ ၄ လ တောင်ရှိပြီ။ ကုန်တင် ကားမဟုတ် ဘဲ ဒီတိုင်းရိုးရိုး ဒီဘက်မြို့နဲ့ ဟိုဘက်ဆိုရင်တော့ ပိုက်ဆံထိုးပေးရင်ပေးဖြတ်တယ်။ အဓိက လိုင်းကားတွေ ကုန်ကား ကြီးတွေဆို လုံးဝပေးမဖြတ်ဘူး။ ဖြတ်ချင်ရင်တော့ သူတို့တောင်းတဲ့ ငွေပမာဏပေးနိုင်ရင်တော့ ပေးဖြတ်တယ်၊ တချို့ဆို သိန်း(၁၀)လောက် ထိပေးရတဲ့သူလည်းရှိတယ်”ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ရပ်စောက် မြို့နယ်အတွင်း ရှိ ကျောက်ဂူကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ တိုက်ပွဲဖြစ်ပွား နေစဉ် သျှမ်း တပ်နှစ်တပ်လည်း အင်တောမြို့အနီး (၃) နေရာတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်စောက်မြို့အနီး၊ ကျောက်ဂူရွာတွင် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်မတော်(DPLA)နှင့် စစ်ကောင်စီတပ် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၈)ရက် တိုက်ပွဲပြင်းထန်ပြီး နေအိမ်များ ထိခိုက်ပျက်စီးသွားကာ ထမင်းပေါင်းရွာမှ အရပ်သား (၁) ဦး သေဆုံးခဲ့ကြောင်းသိရသည်။ ၎င်းတိုက်ပွဲမှ စစ်ရှောင်သွားသည့် ဒေသခံများသည် နေရပ်သို့ပြန်နေထိုင်ရန် ရပ်ကွက်လူကြီး ထောက်ခံစာပါမှသာ ပြန်လည်နေထိုင်ခွင့်ပြုသည်ဟု စစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။“ကျောက်ဂူကနေစစ်ရှောင်သွား တဲ့ စစ်ရှောင်တွေဆိုလည်း လူကြီးထောက်ခံစာပါမှ ပေးဝင်တာ။ ကိုယ့်အိမ်ပြန်တာတောင် သူတို့ထောက်ခံချက်ပါမှ ပေးဝင်တာ မဖြစ်သင့်ဘူး။ ကျနော်တို့လည်း ဝမ်းစာအတွက် ရုန်းကန်နေရသူတွေ အိမ်ကိုပြန်နေချင်ကြတယ်။ မပါရင်ဗထူးဂိတ်ကပေးမဖြတ် ဘူး။ ၁၃ မျဉ်းစောင်းဆိုလည်း ခုထိ ပေးမဖြတ်သေးဘူး”ဟု ၎င်းက ပြောသည်။ ရပ်စောက်မြို့နယ်သည် သျှမ်းပြည် မြောက်ပိုင်း နှင့် တောင်ပိုင်းအကြား ချိတ်ဆက်ထားသည့် အချက်အချာနေရာတွင်တည်ရှိပြီး စစ်ကောင်စီတပ်၏ ဗိုလ်သင်တန်း လေ့ကျင့်ရေး ကျောင်းများနှင့် ခြေလျင်တိုက်ခိုက်ရေးတပ်များ အခြေစိုက်သည့် ဗထူးတပ်မြို့လည်း တည်ရှိသည်။ 

၁၁။ တီးတိန်မြို့မှာ ကလေးငယ်တွေ ဆော့ကစားနေရင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်တာကြောင့် ကလေး  ၃ ဦး ဒဏ်ရာရ
 January 6, 2025
ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့မရပ်ကွက်မှာ ဇန်နဝါရီလ ၅ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ ကလေးငယ်တွေ ဆော့ကစား ကြရင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွါးတာကြောင့် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကလေးတွေဟာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ဆောက်လုပ်ရေးရုံးကြား ချုံပုတ်ထူတဲ့နေရာမှာ အပင်ပေါ်က ပုတ်သင်ညိုကို ကျောက်ခဲပစ်ပေါက်ပြီး ဖမ်းဆီးရာ မြေမြှုပ်မိုင်း ထိမှန်တာကြောင့် ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာ လူသွားလာနေကျ လမ်းမဟုတ်ပဲ ချုံပုတ်နည်းနည်း ထူတယ်။ ကလေးတွေက အဲနေရာသွားပြီး ထောပတ်ပင်ပေါ်က ပုတ်သင်ညို ခဲနဲ့ပစ်ပေါက်ပြီး ဖမ်းနေကြတယ်။ သူတို့ပစ်တဲ့ ခဲလုံးက မိုင်းနဲ့သွားထိပြီး ပေါက်ကွဲတာဖြစ် တယ်” မိုင်းစထိမှန်တဲ့ ကလေးတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ ခြေထောက်တွေမှာတော့ ပြင်းထန်ဒဏ်ရာရတာ ကြောင့် တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။

အဲဒီမြေမြှုပ်မိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလတုန်းက စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်တို့ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲတုန်းက စစ်တပ်တွေ သူတို့တပ်စွဲတဲ့နေရာမှာ မိုင်းတွေထောင်ထားခဲ့တယ်။ တိုက်ပွဲပြီးတော့လည်း မိုင်းရှင်းလင်းရေးတွေ သေချာမလုပ်ခဲ့ ဘူး။ မြို့မရပ်ကွက်ဘက်မှာဆို တိုက်ပွဲတုန်း မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်းတွေကျန်သေးတယ်” တီးတိန်မြို့မှာ ဒေသခံတွေ အနေနဲ့ အများပြည်သူတွေ အသုံးမပြုတဲ့ လမ်းတွေ တားမြစ်ထားတဲ့နေရာတွေမှာမသွားဖို့ မိုင်းနဲ့စစ်ကျန်ပစ္စည်းတွေရဲ့ အန္တရာယ် သတိပြုဖို့ ဒေသခံလူမှုအဖွဲ့စည်းတွေက အကြိမ်ကြိမ်သတိပေးထားပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) ရဲ့ ဇန်နဝါရီ လ ၄ ရက်နေ့ ထုတ်ပြန်ထားတဲ့စာရင်းအရ ချင်းပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းနင်းမိလို့ ကလေး အပါအဝင် အရပ်သား ၃၇ ဦး သေဆုံးပြီး ၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ Read in Full

၁၂။ တောင်ကြီးတွင် စစ်ကောင်စီက ညစဉ်ဆက်ရက် ပေါ်တာဆွဲ၊ အမျိုးသမီး ၁ ဦးဖမ်းဆီးခံရ
 January 6, 2025
သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီက လူငယ်တွေကို ညစဉ်ဆက်ရက် ပေါ်တာလိုက်ဆွဲနေပြီး ယခုသီတင်း ပတ် အတွင်း အမျိုးသမီး ၁ ဦး ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က တောင်ကြီးမြို့မှ ရွှေညောင် မြို့သို့ အလည်သွားသော အမျိုးသမီးတစ်ဦးကို  စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးကပြောသည်။“ရွှေညောင်ကိုသွားရင်း လမ်းမှာဖမ်းခံရတာ။ အဲ့မှာဖုန်းစစ်တော့ ငွေလှူထားတာတွေ့တယ် ပြောတယ်။ စစဖမ်းမိတုန်းကတော့ အိမ်နဲ့ ဖုန်းခဏပေးပြောတယ်။ ဖမ်းမိပြီး ဘာညာပေါ့။ မကြာဘူး ဖုန်းသိမ်းသွားပြီး၊ အဆက်အသွယ်မရ တော့တာ”ဟု ၎င်းကပြောသည်။ ထိုအမျိုးသမီးတစ်ဦးကို လက်ရှိတွင် ရွှေညောင်ရဲစခန်း၌ ဖမ်းဆီးထားပြီး ပြန်လည်လွှတ်ပေး လာခြင်းမရှိသေးကြောင်းသိရသည်။ အလားတူ ၂၀၂၄ ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီက လူငယ်များ ကို ပေါ်တာလိုက်ဆွဲရာ ကျောင်းကြီးစုရပ်ကွက်မှ လူ ၃၂ ဦး ဖမ်းဆီးခံရပြီး လက်ရှိအချိန်ထိ ပြန်လည်လွှတ်မြောက် လာခြင်းမရှိ ကြောင်း၊ သတင်းအစအနပျောက်ဆုံးနေကြောင်း ကျောင်းကြီးစုရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။“သုံးရက်အတွင်း တစ်သုတ်ဆွဲတဲ့အထဲမှာ ၂၂ ရပ်ကွက်လုံး ကျနော်တို့ရပ်ကွက်က အများဆုံးပါသွားတယ်။ ပထမပတ်ထဲတုန်းကလည်း အရှေ့ ပင်စည်က ၃ ယောက်ပါသွားတယ်။ အဲ့လူတွေက တစ်ယောက်မှ ပြန်လွတ်လာတာမရှိဘူး။ ဘာသတင်းမှမရတော့တာ”ဟု ၎င်း ကပြောသည်။

ထို့ပြင် ယခုလတွင်း အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်များကိုလည်း နယ်မြေအလိုက်စာရင်းပြုစုပေးရန် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားသေးကြောင်း သိရသည်။“အခုအပေါ်ကနေပြီးတော့ နယ်မြေအလိုက် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်စာရင်းတွေ ကောက်ခိုင်းထား တယ်။ ဥပမာ-ဒီဇင်ဘာလမှာ အသက် ၁၈ နှစ်ပြည့်တဲ့သူ၊ ဇန်နဝါရီလမှာ အသက် ၁၈ နှစ်ပြည့်တဲ့သူတွေကို ကောက်ခိုင်းထားတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူစာရင်းတောင်းနေတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ပြောသည်။ ထိုသို့ စစ်ကောင်စီက လူငယ်များကို အတင်း အဓမ္မ လိုက်လံဖမ်းဆီးမှုကြောင့် လူငယ်အများစုသည်ထွက်ပြေးတိမ်းရှောင်နေရပြီး၊ အချို့သည်နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သွား နေရကြောင်းသိရသည်။“ဖမ်းဆီးတယ်ရှိတာကမဖြစ်သင့်ဘူး။ ဆင့်ခေါ်စာနဲ့တောင်ခေါ်ပြီးပြီပဲ။ အခုအပြင်မှာ ဖမ်းတယ်ဆိုတာ က လုပ်စားနေတာပဲ။ ဖမ်းပြီးတော့ အဲ့ကောင်တွေ စာရင်းဖျောက်၊ ဆင့်ခေါ်စာနဲ့ခေါ်တဲ့ကောင်တွေကခေါ်။ ခေါ်ပြီးရင် မင်းတို့ လူတွေမသွားနိုင်ရင် ပိုက်ဆံ ၈ သိန်းပေး၊ ၁၀ သိန်းပေး၊ ၁၅ သိန်းပေး။ ပြီးတော့ ဖမ်းတဲ့ကောင်သူတွေ နာမည်ထည့်၊ ပိုက်ဆံပေး တဲ့သူက တာဝန်ကြေပေါ့”ဟု အထက်ပါ အမျိုးသားတစ်ဦးကထပ်လောင်းပြောသည်။ Read in Full

၁၃။ စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်ထဲ လွိုင်ကော်အကျဉ်းသားတွေမပါဝင်၊ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်ရရှိဖို့ KPPA တောင်းဆို
 January 6, 2025
၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်၊ အချုပ် ထောင် အသီးသီးက လွတ်ငြိမ်းခွင့်ရတဲ့ထဲ လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေ မပါဝင်ဘူးလို့သိရပါတယ်။  လွိုင်ကော် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းခွင့်မရသလို ကျန်တဲ့အမှုတချို့ထဲက ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ သက်သာခွင့်ရ တယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“ လွိုင်ကော်ထောင်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာကတော့ အခုထိ မကြားမိသေးဘူး လွှတ်တာမပါဘူး။ လွိုင်ကော်ထောင်မှာ ကျန်ခဲ့တဲ့သူ တွေက လွတ်ငြိမ်းခွင့်ပေးတဲ့စာရင်းထဲ မပါဘူး။ ပြောရမယ်ဆိုရင် အမှုတွေမပါဘူး ပြစ်ဒဏ်ပေါ့လျော့တာပဲပါလိမ့်မယ်။ ဥပမာ – နိုင်ငံရေး အကျဉ်းသားထဲမှာဆိုရင် တစ်သက်တစ်ကျွန်းချထားတဲ့သူတွေရှိတယ် နှစ်အကန့်အသတ်ချထားတဲ့သူတွေရှိတယ်။ အဲ့ဒီသူတွေကတော့ ပြစ်ဒဏ်လျော့ပေါ့တာမျိုးပါတာပေါ့နော။ ”လို့ KPPA တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်း ထောင်၊ အချုပ်ထောင်အသီးသီးက အကျဉ်းသားပေါင်း ၅၈၆၄ ဦးကို လွတ်ငြိမ်း ခွင့်ပေးတယ်လို့  စစ်ကောင်စီက ကြေညာထားတာပါ။ ထောင်ဒဏ်တစ်သက် ကျခံနေရသူ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးကို လည်း ထောင်ဒဏ်တသက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ဖျက်ရေး၊ မတရားအသင်းဆက်သွယ်မှု၊ လက်နက်များအက်ဥပဒေ၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေစတဲ့ အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေသူ တွေကလွဲပြီး အခြားသော အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို လျှော့လိုက်တယ် လို့လည်း ဆိုထားပါတယ်။ လွိုင်ကော်အကျဉ်းထောင်ထဲမှာ ကျန်ရှိတဲ့ အကျဉ်းသားပေါင်း ၄၀၀ ကျော်ရှိပြီး အဲ့ဒီထဲ နိုင်ငံရေး အကျဉ်းသား (၁၂၀) ကျော် ရှိပါတယ်။ နှစ်ရှည်ထောင်ဒဏ်ကျခံရသူတွေ အများဆုံးရှိနေတာကြောင့် ပြစ်ဒဏ်သက်သာလျော့ပေါ့ ခွင့်သာ ရရှိတယ်လို့ KPPA တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ လွိုင်ကော်အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်ချက်ရှိနေပြီး ထောင်ဝင်စာပို့ခွင့်လည်း မရရှိသေးဘူးလို့ ဆိုပါတယ်။“လွိုင်ကော် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသူ၊ အကျဉ်း သားတွေရဲ့ အခြေခံ ရပိုင်ခွင့် အခွင့်အရေးတွေကို လေးစားရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အစားအသောက်လုံလောက်မှုအတွက် လွိုင်ကော်အကျဉ်းထောင်အနေနဲ့ တာဝန်ခံရမယ်။ ဒါတွေ မလုံလောက် လို့ရှိရင် အသက်အန္တရာယ်နဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လို့ရှိရင် လွိုင်ကော်ထောင်အနေနဲ့ တာဝန်ခံရမှာပေါ့ နော။ ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေအပါအဝင် အကျဉ်းသူ၊ အကျဉ်းသားတွေအားလုံးရဲ့ လူ့အခွင့် အရေး အခြေခံရပိုင်ခွင့်တွေကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ လိုအပ်တယ်လို့တော့ တောင်းဆိုချင်တယ်။” လို့ KPPA တာဝန်ရှိ သူတစ်ဦးက ဆိုပါတယ်။ Read in Full

၁၄။ မောင်တော-စေတီပြင်တောင်ကျော်လမ်းတွင် ခရီးသွားသုံးဘီးအား အာဆာ တိုက်ခိုက်၍ ခရီးသွားဒေသခံတစ်ဦးသေဆုံး
 January 6, 2025
ရခိုင်ပြည်၊ မောင်တော-ရသေ့တောင် စေတီပြင်တောင်ကျော်လမ်း မြိုယုကျေးရွာအနီး၌ သုံးဘီးတစ်စီးအား အကြမ်း ဖက် အာဆာ(ARSA)အဖွဲ့မှ ဇန်နဝါရီလ ၄ ရက် ည ၇ နာရီခွဲခန့်၌ ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် ခရီးသွားဒေသခံ၁ ဦး ပွဲချင်းပြီး သေဆုံး သွားခဲ့ကာ သုံးဘီး‌ မောင်းသူမှာလည်းအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်းသိရှိရသည်။ ဒဏ်ရရှိသူမှာ အင်းဒင်ကျေးရွာမှ ကိုသန်းဇော် (၃၀)နှစ်ဖြစ်ပြီးသေဆုံးသူ၏အမည်ကို မသိရသေးဟု ကျောက်ပန္ဒူဒေသခံတစ်ဦးကပြောဆိုသည်။ ဒဏ်ရာရရှိသူ ကိုသန်းဇော် ညာလက်ချောင်း ၃ ချောင်းပြတ် ထွက်သွားခဲ့ရပြီး ကျော့ကုန်း ၌ သေနတ်ကျဥ်စများထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာ များရရှိသွားခဲ့သည်ဟုသိရသည်။ ကျောက်ပန္ဒူဒေသခံက”မနေ့က ည ၇ နာရီကျော်လောက်မှာ ကျောက်ပန္ဒူကနေ စေတီပြင် တောင်ကျော်လမ်းကိုသွားတဲ့ သုံးဘီးတစ်စီးကိုအာဆာအကြမ်းဖက်အဖွဲ့ကမြိုယုကျေးရွာအနီးမှာ ခြုံခိုတိုက်ခိုက်ခံရတာလို့ သိရ တယ်။ တစ်ယောက်ကပွဲချင်ပြီးသေသွားတယ်။ သုံးဘီးမောင်းသမားကတော့အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရတယ်” ဟု ပြောသည်။

ကျောက်ပန္ဒူက နေ စေတီပြင်တောင်ကျော်လမ်းအတိုင်း ဇန်နဝါရီလ ၄ ရက် ည ၇ နာရီကျော်၌ သုံးဘီးတစ်စီးဖြင့် သွား ရောက်ကြစဉ် ကျောက်ပန္ဒူ-စေတီပြင်တောင်ကျော်လမ်းရှိ “မြိုယု”မြို သို့ မရောက်မှီ  အာဆာက ခြုံခိုတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မေယုတောင်ကျော်လမ်းအထိ အာဆာအကြမ်းဖက်အဖွဲ့မှ ခြုံခိုတိုက်ခိုက်မူများရှိလာသဖြင့် ကျောက်ပန္ဒူ ဒေသခံပြည်သူများ အပါအဝင် စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်မူများရှိနေကြရကြောင်း‌ ဒေသခံများကပြောဆိုသည်။ “မောင်တောဒေသကို စိုးရိမ်စရာတွေက တစ်နေ့ထက်တစ်နေ့များလာနေတယ်။ မောင်တောနဲ့ ရသေ့တောင်တောင် စေတီပြင်တောင်ကျော်လမ်းအထိ လာပြီးအာဆာ အဖွဲ့ကခြုံပြီး တိုက်ခိုက်လာနိုင်တာကိုတော့ အထူးသတိပြုဖို့လိုနေပါတယ်” ဒေသခံတွေကပြောဆိုသည်။ ပြီးခဲ့ သည့် ဇန်နဝါရီလ ၂ ရက်နေ့ ဘင်္ဂလာ-မြန်မာနယ်ခြားမှတ်တိုင်အမှတ် ၄၅ နဲ့ ၄၆ ဝေလာတောင်သွားလမ်း၌ ပုန်းခိုနေသည့် ARSA အဖွဲ့အား အာရက္ခတပ်တော် AA ဖက်က ရှင်းလင်းတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ကြ‌ ကြောင်းသိရသည်”ဟု ဒေသခံ တစ်ဦးကပြောဆိုသည်။ Read in Full

၁၅။ ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးမရှောင်နိုင်သော သက်ကြီးသူနှင့် နာမကျန်းသူများ အကူအညီလိုအပ်နေ
 January 6, 2025
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ဘေးမရှောင်နိုင်ဘဲကျန်ရှိနေသော သက်ကြီးရွယ် အိုနှင့် နာမကျန်းဖြစ်နေသူများ အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံသတင်းရရှိသည်။  ဖယ်ခုံမြို့နယ် အတွင်းရှိကျေးရွာများသို့ စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ ဗုံးကြဲမှုများကြောင့် ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိတွင် သက်ကြီးရွယ်အိုများနှင့်နာမကျန်းဖြစ်နေသူများမှာ တိမ်းရှောင်နိုင်ခြင်းမရှိဘဲ တောတောင်အတွင်းခက်ခဲစွာနေထိုင် နေရကြောင်း စစ်ရှောင် အရေးကူညီပေးနေသူ အမျိုးသမီးတစ်ဦးမှ ပြောသည်။ “လက်နက်ကြီးဒဏ်၊ လေယာဉ်ဒဏ်ကြားမှာ ခုထိနေနေရသူတွေရှိပါသေးတယ်၊ ခုရွာလေးက ဟိုဖက် ဒီဖက်လက်နက် ကြီးကျော်လွှားသံတွေ ညတိုင်းကြားနေရတဲ့ နေရာပါ၊ အကုန်အိုးအိမ်စွန့်ပြီးထွက်သွားကြပေမယ့် နာမကျန်းသက်ကြီးရွယ်အိုတွေလည်းများလို့ ပြောင်းရွှေ့ဖို့မလွယ်၊ စစ်ရှောင်စခန်း တွေကလည်း အတော်နာမကျန်းသူပါလို့ လက်မခံရဲလို့ တောင်ကြားထဲ တောင်ယာတဲတွေမှာပဲ မဖြစ်မနေ နေနေကြပါတယ်”ဟု စစ်ရှောင် အရေးကူညီပေးနေသူ အမျိုးသမီး တစ်ဦးမှ ပြောသည်။

လက်ရှိမှာ ကျန်းမာရေးအခြေအနေဆိုးဝါးနေသော သူများပါဝင်နေခြင်းကြောင့် စစ်ရှောင်စခန်းများမှာလည်း လက်မခံရဲ ကြဘဲ နာမကျန်းဖြစ်နေသူများသည် တောတောင်များထဲတွင် တဲထိုးပြီးနေနေရကြောင်းသိရသည်။ ထို့အပြင်‌ ဆောင်းရာသီဖြစ် သောကြောင့် ရာသီဥအအေးဒဏ်ကိုလည်း ပြင်းထန်စွာခံစားနေရပြီး သက်ကြီးရွယ်အိုများအတွက် အဆင်မပြေကြောင်း ၎င်း အမျိုးသမီးကဆက်ပြောသည်။“မိသားစု ၉ စု စာလောက်ကျန်နေခဲ့ပါသေးတယ်၊ အန္တရာယ်များတဲ့နေရာလည်းဖြစ်တာကြောင့် အလှူရှင်တွေလည်းမသွားရဲကြပါဘူး၊ ဒီဘက်ကို ဆေးခန်းလာပြတဲ့ ရပ်ဆွေရပ်မျိုးတစ်ဦးက ပြောပြလာတာကြောင့်သိရတာပါ” ဟု ၎င်းအမျိုးသမီးမှ ဆက်ပြောသည်။ ထို့ကြောင့် ထိုဒေသများသို့ အလှူရှင်များအနေဖြင့် ဆက်သွယ်စုံစမ်း လှူဒါန်းပေးနိုင်ရန် လည်း ထိုအမျိုးသမီးမှ တိုက်တွန်းထားသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ သျှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခုံမြိုနယ်အတွင်း ကျေးရွာများကို စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ ဗုံးကြဲမှုများပြန်လည်ပြုလုပ်လာပြီး အရပ်သားများ ကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာကြောင်း စစ်ရှောင်လူငယ်အမျိုးသားတစ်ဦးကပြောသည်။ အလားတူပြီးခဲ့သည့် (ဇန်နဝါရီလ ၁ ရက်) ညနေပိုင်းတွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာများကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှသတင်းရရှိသည်။ Read in Full

၁၆။ ဝေါလေဒေသ၊ ကနဲလေးထ စစ်ရှောင်စခန်းမှ စစ်ရှောင်များ ၃ နှစ်ကျော်ကြာအထိ နေရပ်မပြန်နိုင်သေး
 January 6, 2025
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ ပြည်တွင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် ၃ နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် ကနဲလေးထသို့ စစ်ရှောင်ခဲ့ရခြင်းဖြစ်သည်။ ယခု ၃ နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးလိုရေရှည်အတွက် လူသားချင်း စာ နာထောက်ထားမှု အကူအညီများ ဆက်လက်လိုအပ်လျက်ရှိနေသည်ဟု ကနဲလေးကျေးရွာ ကရင်အမျိုးသမီး အစည်းအရုံး (KWO)မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။ “စစ်ဘေးရှောင်နေရတာ သုံးနှစ်ကျော်ရှိလာပြီး။ အခုချိန်ထိ နေရပ်မပြန်နိုင်သေးဘူး။ နောက်ပြီးတော့ စစ်ဘေးရှောင် နေရသူတွေအတွက် လိုအပ်ချက်တွေရှိလာတယ်။ အခုဆိုရင် အကူညီအထောက်အပံ့တွေ မရတာဆိုရင် တစ်လကျော် ပြီးပေါ့နော်။ စစ်ကောင်စီရဲ့လုပ်ရပ်တွေ အပေါ်ကိုလည်းနိုင်ငံတကာ အလျင် အမြန် အရေးယူပေးဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

အိမ်ခြေ ၁၀၀ ကျော်ရှိ ကနဲလေးထစစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်များအမျိုးသမီးများအတွက် ဆေးဝါးလိုအပ် ချက်များရှိသလို စစ်ရှောင်များထဲမှ ရောဂါပြင်းထန်နေသူများကို ဆေးဝါးမလုံလောက်၍ နယ်စပ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူ နိုင်ရန် လုပ်ဆောင်ပေးနေရခြင်းများလည်း ရှိသည်ဟု ၎င်းက ဆက်ပြောသည်။ ၎င်းအပြင် စစ်ကောင်စီတပ်ဘက်မှ ကနဲလေးထ ရွာအနီးသို့ လက်နက်ကြီးပစ်ခတ်မှု မကြာခဏ လုပ်ဆောင်နေ သည့်အတွက် စစ်ဘေးရှောင်ဒေသခံများအနေဖြင့် လက်ရှိအချိန် ထိ နေရပ်မပြန်ရဲသေးကြောင်း ကနဲလေးထ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။ စစ်ရှောင်တစ်ဦးက “စစ်တပ်က လက်နက်ကြီးပစ်ခတ်နေတာတွေ ရှိနေတုန်းပဲဆိုတော့ နေရပ်မပြန်ရဲသေးဘူး။ နောက်ပြီး တော့အမျိုးသားတွေကို ပေါ်တာဆွဲတာတွေလည်း ရှိနေသေးတယ်။ ပြီးတော့ ဆေးဝါး အလုံအလောက်မရှိတော့ တုပ်ကွေးဖြစ်မှာတွေ၊ ဝမ်းလျောရောဂါ ဖြစ်လာမှာတွေကိုတော့ ကြောက်နေရတာပေါ့”ဟု ပြောသည်။ Read in Full

၁၇။  ဟားခါးမှာ ရဲမြို့နယ်မှူးနဲ့အဖွဲ့စီးလာတဲ့အိမ်စီးကားကိုတိုက်ခိုက်လို့ ၃ ဦးဒဏ်ရာရ
 January 7, 2025
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်မနက်ပိုင်းမှာ ရုန်းတောင်ပေါ်မှာထိုင်တဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲမြို့နယ်မှူးနယ်ထိန်း နဲ့ အဖွဲ့များစီးလာတဲ့ ကားကို မြို့တွင်းတစ်နေရာမှာတိုက် ခိုက်ခဲ့ရာ ရဲမြို့နယ်မှူး အပါ အဝင် ၃ ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း CDF-Hakha က ဒီကနေ့သတင်း ထုတ်ပြန်ပါတယ်။ ဟားခါးအခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဟားခါးမြို့ ဘော်လုံးကွင်းမှာမလုပ်ရဲဘဲ အစိုးရရုံးမှာ တိတ်တဆိတ်လေးလုပ်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါအခမ်းအနားကို တက် ရောက်ဖို့အတွက် မနက်ပိုင်း  ၄ နာရီ ၂၀ မိနစ်မှာ ရုန်းတောင်ပေါ်ကနေဆင်းလာတဲ့ ရဲမြို့နယ်မှူးနဲ့အဖွဲ့စီးလာတဲ့ကားကို တိုက် ခိုက်ခဲ့တာကြောင့် ရဲမြို့နယ်မှူး မျက်လုံးထိသွားတဲ့အပြင် ကျန် နှစ်ဦးလည်း ကျည်ထိဒဏ်ရာရခဲ့ကြတယ်။

အဆိုပါကားက မြို့ထဲဆိုင်ခန်းနှစ်ခန်းကို ဝင်တိုက်ခဲ့ပြီး အပျက်အဆီးများတာကြောင့် JCB နဲ့ ပြန်ဆွဲခဲ့ရတယ် လို့သိရပါ တယ်။ နောက်ပိုင်းသတင်းပြန်ကြားချက်အရ တိုက်ခိုက်ခံရတဲ့ ရဲမြို့နယ်မှူးနဲ့အဖွဲ့ဟာ ဒဏ်ရာပြင်း ထန်တယ်လို့ CDF-Hakha ကဆိုပါတယ်။ အထက်ပါ စစ်ဆင်ရေးတွေအတွင်း CDF-Hakha ရဲဘော်တွေဘက်ကနေ အထိ အခိုက်မရှိခဲ့ဘူးလို့ဆိုကာ ပြည် တွင်းပြည်ပရှိ ပြည်သူများအနေနဲ့ ဆက်လက်ထောက်ပံ့ပေးကြရန်လည်းတိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ မှာ ဟားခါးမြို့အနီး ကီယမ်တောင်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးဟာ MA11 သေနတ်တစ်လက်နဲ့အတူ CDF- Hakha ထံအလင်းဝင်လာခဲ့တယ်လို့ အသိပေးထားပါတယ်။ Read in Full

၁၈။  တော်လှန်ရေးကာလ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း(၂၂၃) လုံးပျက်စီး
 January 6, 2025
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းမှာ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ်၊ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှု နဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း (၂၂၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း မှာ ထီးပေါ်ဆို၊ မြို့မ၊ မာခရော်ရှေး စတဲ့ ကျေးရွာအုပ်စုတွေမှာ နေအိမ်ပျက်စီးမှု အများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ထီးပေါ်ဆိုကျေးရွာအုပ်စုအတွင်းက နေအိမ်အများအပြားနဲ့ စပါးကျီတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ် လို့ ဒေသခံတစ်ဦးဖြစ်သူ ခူးကူးရယ်က ပြောပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပေမယ့် ကျေးရွာထဲ မြေမြှုပ် မိုင်းနဲ့ လက်နက်ကြီးအန္တရာယ်ကြောင့် ဒေသခံတွေဟာပြန်နေထိုင်လို့မရသေးပါဘူး။“ကျနော်တို့ရဲ့နေအိမ်တွေကို ပြန်ပြီးတော့ ကြည့်တယ်။ ကျန်ရှိနေသေးတဲ့ ပစ္စည်းတချို့တလေတွေကို ပြန်သိမ်းတာတွေရှိတယ်။ ပြန်ရင်လဲ လွတ်လွတ်လပ်လပ်နဲ့လဲ မပြန် နိုင်သေးဘူး၊ တိုးတိုး တိတ်တိတ်နဲ့ဘဲ သွားလာရတယ်။ ကျနော်တို့ နေတာက ရွာနဲ့အရမ်းဝေးတဲ့နေရာလဲမဟုတ်ဘူး၊ အရမ်းလဲ မနီးဘူး မနီးမဝေးနေရာမှာဆိုတော့ တောင်ယာတွေနည်းနည်းပါးပါးပြန်ပြီးတော့ လုပ်ကိုင်တာမျိုးရှိတယ်။ ဒါပေမဲ့လုံလုံလောက် လောက်ဆိုတာမျိုးတော့ မရှိဘူး၊ တစ်နှစ်စာတစ်နှစ် လုပ်ရင်းစားသောက်သွားတာမျိုးဘဲရှိတယ်။ ကျနော်တို့ ပြည်သူ လူထုတွေ လိုချင်တာက အေးချမ်းပြီး ကိုယ်ရွာမှာအေးအေးဆေးဆေး ပြန်နေချင်တာမျိုးရှိတယ်။”လို့ ခူးကူးရယ်က ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၁ နဲ့ ၄၂၈ ၊ အမှတ် (၁၄) တန်းမြင့် စစ်လေ့ ကျင့်ရေးကျောင်း တည်ရှိနေတာပါ။ အဲ့ဒီတပ်တွေကနေ ကျေးရွာတွေထဲကို ရံဖန်ရံခါ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေ တာကြောင့် ဒေသခံတွေဟာ သတိထားနေထိုင်ကြရတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ၁ရက်နေ့အထိ ကရင်နီပြည်နဲ့ ကယန်းဒေသမှာ ပျက်စီးသွားတဲ့ နေအိမ်စုစုပေါင်း (၂၈၆၆) လုံး ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ Read in Full

၁၉။ လောင်းလုံး လက်ခတ်တောင်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုး
 January 6, 2025
လောင်းလုံးမြို့မှ စမ်းလှမ်းကျေးရွာ ကမ်းခြေဘက်သို့ သွားသည့်လမ်းပိုင်းတွင်ရှိသော စစ်ကောင်စီ လက်ခတ်တောင် စခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စမ်းလှမ်းကျေးရွာသို့ စစ်ကြောင်းဝင်ရောက်နေကြောင်း ဒေသခံအချို့က ပြော သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက လက်ခတ်တောင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့အား ဇန်နဝါရီလ ၅ ရက် နံနက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။“ပစ်တာကတော့ ခဏလေးပဲ။ ပစ်ပြီးမှ လေယာဉ်လာဝဲလို့ ဆုတ်သွား ကြတယ်တဲ့”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင်မူ တပ်ဖွဲ့ ဝင်အင်အား ၄၀ ခန့်ပါဝင်သော စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်း လောင်းလုံးမြို့ထဲမှ ထွက်လာပြီး စမ်းလှမ်းကျေးရွာသို့ ရောက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါစစ်ကြောင်း ဝင်ရောက်လာသဖြင့် စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအချို့လည်း ရှိနေကြောင်း ဒေသခံအချို့က ဆိုသည်။ စမ်းလှမ်းကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် တီဇစ်ကျေးရွာအနောက်ဘက် ပင်လယ်ပြင်တွင်မူ စစ် သင်္ဘောတစ်စင်း ရပ်နား‌ထားသဖြင့် စိုးရိမ်နေကြကြောင်း ၎င်းတို့ကပြောသည်။ ယခုမူ စမ်းလှမ်းကျေးရွာသို့ စစ်ကြောင်းဝင်သည့် သတင်းကြားသဖြင့် တီးဇစ်ကျေးရွာဒေသခံအချို့လည်း တိမ်းရှောင်နေကြကြောင်းပြောဆိုသည်။“စမ်းလှမ်းကို စစ်ကြောင်း ဝင် နေတာဆိုတော့ သူတို့နဲ့ နီးနေတဲ့အခါကျတော့ တီဇစ်ရွာသားတွေလည်း နည်းနည်းပါးပါး ရှောင်နေကြတာတော့ရှိတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ကျောက်နီမော် စစ်ကောင်စီစခန်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်မှစပြီး တစ်ပတ်ခန့်ကြာ အကြီးအကျယ် တိုက်ခိုက်ခံရပြီးနောက် လောင်းလုံးကျွန်းဆွယ် အနောက်ဘက်ပင်လယ်ပြင်တွင် စစ်သင်္ဘော တစ်စင်း လှည့်ပတ်သွားလာလျက်ရှိသည်။ ပင်လယ်ထဲငါးဖမ်းထွက်သည့် ‌လှေများကို အဆိုပါစစ်သင်္ဘောက ခေါ်ယူပြီး စစ်ဆေး မေးမြန်း‌နေကြောင်း ဒေသခံအချို့က ပြောသည်။ Read in Full

၂၀။ ကချင်မှာ တစ်နှစ်တာအတွင်း အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို KHRW ထုတ်ပြန်
January 6, 2025
ကချင်ပြည်နယ်တစ်ခုလုံး ၂၀၂၄ တစ်နှစ်တာ ပဋိပက္ခအတွင်း အရပ်သားသေဆုံးသူ ၁၄၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၇ ဦး နဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူ ၂၁၉ ဦး ရှိတယ်လို့ Kachin Human Rights Watch-KHRW အဖွဲ့က ထုတ်ပြန်ပါတယ်။ ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွေမှာ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်နဲ့ တနိုင်းမြို့နယ်တွေမှာ ဖြစ်ပျက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်သမ်း ပစ်ခတ်မှုတွေအပြင် လေကြောင်းပစ်ခတ်မှု၊ ဒရုန်း ဗုံးကြဲတိုက် ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးရတာ ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံး နို့တိုက် ကလေးသူငယ်မှ စတင်ကာ အသက်အကြီးဆုံး ၆၀ ဝန်းကျင်အရွယ်အထိ ပါဝင်ပြီး ထိခိုက်သေဆုံးမှုအများဆုံးမှာ အသက် ၂၀ ဝန်းကျင်အရွယ် ဖြစ်တယ်လို့ KHRW အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့ပ် (Jacob) က ပြောပါတယ်။“အခုအချိန်မှာဆိုရင်‌ နေရာတိုင်းလိုလို တိုက်ပွဲဖြစ်နေတဲ့အခြေအနေမှာရှိပါတယ်။ စစ်ကောင်စီကတော့ သူတို့စစ်ရှုံးပြီဆိုရင် ပြည်သူလူထုရှိတဲ့နေရာ တွေမှာ ဗုံးကြဲတိုက်ခိုက်တာတွေကတော့ အလေ့အထရှိပါတယ်။ ဒါကြောင့်လူထုအနေနဲ့သတိရှိရှိနေဖို့ တိုက်တွန်းချင်ပါတယ်ဗျ” လို့ ဆိုပါတယ်။ ဖော်ပြပါ အချက်အလက်တွေဟာ Kachin Human Rights Watch အဖွဲ့က ဆက်သွယ်ရေးအခက်အခဲတွေကြား လက်လမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက် မြေပြင်အခြေအနေမှာတော့ အနည်းငယ် ကွဲလွဲနိုင်ပြီး ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးမှုကတော့ ဒီထက်မိုများ နိုင်ချေရှိတယ်လို့ ဆိုထားပါတယ်။

KHRW အဖွဲ့ဖော်ပြချက်အရ ကချင်ပြည်နယ်အတွင်းမှာ မတရားဖမ်းဆီးခံရသူ ၂၁၉ ဦးထိရှိပြီး များသောအားဖြင့် စစ်တပ်နဲ့ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးမှုတွေ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွှတ် ရေးအစိုးရ NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ကောင်စီက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၇၃၉၄ ခု ထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၂၀၂၄ ခုနှစ်မှာ လူ့အခွင့် အရေးချိုးဖောက်ခံရမှု ဖြစ်စဉ် နှစ်ဆနီးပါး မြင့်တက်သွားတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ရရှိထားတဲ့ အချက်အလက်တွေ က သက်သေအထောက်အထားတွေဖြစ်ပါတယ် ဒီသက်သေ အထောက်အထား တွေကို စနစ်တကျစုံစမ်းပြီးတော့ မှတ်တမ်းတင် ပြီး တရားစွဲဆိုနိုင်ဖို့လုပ်ဆောင်နေတဲ့ double I double အဖွဲ့ ယန္တရားကိုလည်း ကျွန်တော်တို့ရဲ့ သတင်းတွေကို ပေးပို့ပြီးတော့ တရားမျှတမှုနဲ့ အပြစ်ပေးအရေးယူမှုတွေပြုလုပ်နိုင်ဖို့ ဆက်လက်လုပ်ဆောင် နေပါတယ်” လို့ အမျိုးသားညီညွှတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဇန်နဝါရီ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။ Read in Full

၂၁။ ကျောက်ဖြူတွင်လူနာများကိုလိုက်ပို့သည့် ကားနှင့်ယာဉ်မောင်းဖမ်းဆီးခံရ
 January 6, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ဆေးကုသ၍ ပြန်လာသည့်သက်ကြီးပိုင်း အမျိုးသား ၄ ဦးကို တင်ဆောင်လာသော ကား တစ်စီးကို စစ်ကောင်စီ‌ ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်မှ တားဆီးကာ ယာဉ်မောင်းနှင့် ကားကိုဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသူမှာ ရမ်းဗြဲမြို့နယ်၊ရမ်းသစ်ကြီးရွာမှ ကိုစိုင်းဝေဖြိုး အသက်( ၃၁) နှစ် ဖြစ်သည်။ ဇန်နဝါရီ ၂ ရက်နေ့က  ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်တွင် အဆိုပါကားကို တားဆီးကာ ယာဉ်မောင်းကို ဖမ်းဆီးလိုက်ပြီး ခမရ-၅၄၃ ကို ခေါ်ဆောင် သွားသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူတို့ကဒီဇင်ဘာလအတွင်းက ရမ်းဗြဲကနေ ကျောက်ဖြူကို လူနာတွေနဲ့အတူ ဆေးကုဖို့လာခဲ့တာ။ အခုအဖမ်းခံရတဲ့ ယာဉ်မောင်းက  အရင်ကတည်းက ကျောက်ဖြူနဲ့ နယ်ကိုအသွားအပြန် လုပ်နေတဲ့သူပါ။ ကားကိုလည်း လက်တလောသိမ်းဆည်းထားတယ် စစ်ကောင်စီက” ဟု ပြောသည်။ ၎င်းကားပေါ်တွင် လိုက်ပါ လာသည့် သက်ကြီးပိုင်း လူနာအမျိုးသား ၄  ဦးအားငွေညှစ်ပြီး ပြန်လွတ်ပေးလိုက်သည်ဟု ၎င်းက ပြောသည်။

” အစကတော့ ၅ယောက်လုံးကိုဖမ်းတယ်။ ပြီးမှ ယာဉ်မောင်းတစ်ယောက်ထဲကို  ဖမ်းပြီးကျန်တဲ့ လေးယောက်ကိုလွတ် လိုက်တယ်။ ငွေညစ်ပြီးပြန်လွတ်ပေးလိုက်တာ”ဟု ပြောသည်။ လူနာ ၄ ဦးမှာ တောင်ကုတ်ဒေသခံများဖြစ်ပြီး ရမ်းဗြဲမှတဆင့် ကျောက်ဖြူမြို့သို့ ဆေးလာကုခြင်းဖြစ်သည်။ ကျောက်တလုံးစစ်ဆေးရေးဂိတ်သည် ကျောက်ဖြူမြို့တွင် အစစ်အဆေးကြမ်း သည့် ဂိတ်တခုဖြစ်ကာ အဆိုပါဂိတ်တွင် စစ်သင်တန်းဆင်းမွတ်ဆလင်များအပါအဝင် စစ်သားနှင့်ရဲများ အင်အားအပြည့်ဖြည့် ထားကြောင်းသိရသည်။ ယခင်ကလည်း ကျောက်တလုံး စစ်ဆေးဂိတ်တွင် အမျိုးသမီးများ ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုများ၊ ‌ဖမ်းဆီး ငွေညှစ်မှုများပြုလုပ်သည့် ဂိတ်တခုဖြစ်သည်။ ကျောက်တလုံးစစ်ဆေးရေးဂိတ်ပြီးလျှင် ရဲတပ်ရင်း (၃၂)ဂိတ်ရှိပြီး လက်ရှိတွင် ၎င်းဂိတ်ကို ဖြတ်သန်းခွင့် လုံးဝပိတ်လိုက်ပြီဟု သိရသည်။ Read in Full

၂၂။ ကလိန်အောင် အင်းပြားရွာသားနှစ်ဦး လက်နက်ကြီးကျည်စထိမှန်
 January 6, 2025
ကလိန်အောင်မြို့၊ ရှင်ကိုးရှင်စာရင်းဝင် ရှင်ဆံတော်ဘုရား တောင်တက်ကားလမ်းဘေးရှိ အင်းပြားရွာတွင် ဇန်နဝါရီလ ၅ ရက်ညက လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံနှစ်ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။ အသက် ၆၀ ဝန်းကျင်အရွယ် ဦးကြီးမြင့်ဆိုသူနှင့် ၎င်း၏ဘေးအိမ်မှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ ခြေတောက်တွင် ကျည် စထိမှန်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။ “ညကဆေးရုံသွားမရဘူး။ တစ်ညလုံးလက်နက်ကြီးပစ် နေလို့ မနက်မှဆေးရုံပို့ရတယ်။ အခုထိ ဒဏ်ရာတွေတောင် ဘာမှမလုပ်ရသေးဘူး”ဟု ဆေးရုံတွင်လူနာသွားမေးခဲ့သည့် မြို့ခံ တစ်ဦး က (ဇန်နဝါရီ ၆) နံနက်ပိုင်းတွင် ပြောသည်။ လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ ရက်) က ကလိန်အောင်တံတားကြီး ဂိတ် အဝင်အထွက် နှစ်ဘက်ရှိ စစ်ကောင်စီဂိတ်များ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ ရက် နှင့် ၅ ရက် နှစ် ရက်ဆက်တိုက် ကလိန်အောင်မြို့ပတ်ဝန်းကျင်ရှိ အင်းပြားရွာနှင့် ဇင်းဘာရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ် ကြောင်း မြို့ခံများက ပြောသည် ။

ကလိန်အောင် တံတားဂိတ်တိုက်ခိုက်ခံရမှုတွင် ထိခိုက်မှုရှိမရှိ ကိုစုံစမ်းနေဆဲဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက်တိုက် ခိုက်ခဲ့သည်ကိုလည်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ကလိန်အောင်တံတားဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက တံတား ဖြတ်သန်းခွင့်ကို တစ်နာရီခန့်ပိတ်ချလိုက်ပြီး တံတားအနီး အမှတ် ၁ ရပ်ကွက်မှ လူငယ်အချို့လည်း ရိုက်နှက်စစ်ဆေး ခံခဲ့ရသည် ဟု အမှတ် ၁ ရပ်ကွက်နေသူတစ်ဦးကပြောပြသည်။ ဇန်နဝါရီလ ၆ ရက်နံနက်ပိုင်တွင်းမူ အထက–ကလိန်အောင်စာသင်ကျောင်း တစ်ရက်ပိတ်လိုက်ကြောင်း ကျောင်းသားမိဘများထံကသိရသည်။ Read in Full

၂၃။ တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် ခရီးမသွားရန် BLACK COBRA စစ်ကြောင်း ထုတ်ပြန်
 January 7, 2025
တနင်္သာရီတိုင်း၊ တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ စစ်ရေးပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာ တာတွေ မပြုလုပ်ဖို့ KNLAလက်အောက်ခံ BLACK COBRA column က ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန် ပါတယ်။ တနင်္သာရီ-မောတောင် လမ်းတလျှောက်ရှိ ရေဖြူရွာကနေ သဲဖြူရွာကို ယာဥ်သွားလာခွင့် ကန့်သတ်ထားပြီး သဲဖြူရွာမှ မောတောမြို့ကို ဒေသခံမှအပ ပြင်ပခရီးသွားတွေ ဖြတ်သန်းခွင့် မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ BLACK COBRA column ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက “လောလောဆယ် နေ့စဉ် တိုက်ပွဲတွေ ရှိနေတာမို့ ပြည်သူလူထုအနေနဲ့ ထုတ်ပြန်ချက် အထဲ ကအတိုင်းပဲလိုက်နာပေးဖို့နဲ့ ဖြတ်သန်းသွားလာဖို့ အန္တရာယ်ကင်းတဲ့ အနေအထား ရောက်ရင်လည်း အချိန်နဲ့တပြေးညီ ထုတ်ပြန် ပေးပါ့မယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစပြီး တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာ တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

BLACK COBRA Column စစ်ကြောင်းမှာ ကရင်အမျိုးသားလွတ်မြောက်တပ်မတော် (KNLA) က ဦးဆောင်ပြီးတော့ KNLA တပ်ရင်း ၁၁၊ KTLA ထီးဆဲ့မယ်ယွာတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဒေသတွင်း တော်လှန် ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက် ခိုက်မှုတွေ ပြုလုပ်နေပြီး တနင်္သာရီ-မောတောင်လမ်းရှိ သိန်းခွန်းနဲ့ ချောင်းနှစ်ပေါက်ရွာ အပါအဝင် တခြားကျေးရွာက အရပ်သား ၁,၂၀၀ ကျော် စစ်ရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာလည်း ဖြစ်ပါတယ်။ 

၂၄။ ကချင်ပြည်နယ်အစိုးရရုံးဝင်း ပတ်ပတ်လည်တွင် နှစ်ထပ်ဘန်ကာများတည်ဆောက်နေ
 January 6, 2025
မြစ်ကြီးနားမြို့ရှိ ခေတ်အဆက်ဆက်ပြည်နယ်အစိုးရရုံးစိုက်သည့် ခြံဝင်းအတွင်း နှစ်ထပ်ဘန်ကာများကို လွန်ခဲ့သည့် အပတ်မှစတင်ကာ တည်ဆောက်နေကြောင်း ဒေသခံများထံမှသိရသည်။ ဧရာရပ်ကွက်ရှိ ပြည်နယ်အစိုးရရုံးတွင် ဆယ်ပေ ပတ် လည်ဝန်းကျင်ရှိသည့်ဘန်ကာများကို ခြံဝင်းထောင့်များတွင် တည်ဆောက်နေခြင်းဖြစ်သည်ဟု အဆိုပါရုံးအနီးဆိုင်ဖွင့်ထားသည့် ဒေသခံတစ်ဦးက ပြောသည်။“ခြံဝင်းထောင့်ပတ်ပတ်လည်မှာ ဆောက်နေတာပါ။ နှစ်ထပ်ဘန်ကာလိုမျိုးပေါ့။ လမ်းမကြီးကနေမြင်ရတာက နှစ်ခုနဲ့ တခြားဘက်တွေမှာလည်း ဆောက်နေကြတယ်။ တော်တော် ကြီးကို ခိုင်ခိုင်ခံ့ခံ့ဆောက်နေတာ” ဟုဆိုသည်။ နှစ်ထပ်ဘန်ကာအသစ် လေးခုတည်ဆောက်နေခြင်းဖြစ်ပြီး မည်သည့်ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေသည်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ ပြည်နယ်အစိုးရရုံးဝင်းအတွင်း လုံခြုံရေးတိုးမြင့်သည့်အနေဖြင့် ဘန်ကာများကိုတည်ဆောက်ခြင်းသည် မြစ်ကြီးနားမြို့လက်မလွတ်ရရေးအတွက် စစ်ကောင်စီကကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ကချင်အရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။

“ဗန်းမော်မြို့မှာလည်း စစ်တပ်က တော်တော်အထိနာနေတဲ့အပြင် မြို့တွေလည်း ၁၀ မြို့ကျော်လောက် သိမ်းခံထား ရတော့ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ရုံးစိုက်တဲ့ ပြည်နယ်မြို့တော်မကျစေရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောလို့ မြင်တယ်။ ဖြစ်လာခဲ့ရင် လက်မလွတ်စေဖို့ပေါ့လေ” ဟုပြောသည်။ ပြည်နယ်အစိုးရရုံးဝင်းအတွင်း လုံခြုံ ရေးတိုးမြင့်နေမှုသည် စစ်ရေးအထိနာနေသည့် စစ်ကောင်စီတပ်၏ စစ်ရေးအရကျရှုံးနေမှုကို ဖော်ပြနေသည်ဟု သူကဆက်ပြောသည်။“အဓိကက သူ (စကစတပ်) ဘယ်လောက်အထိ စစ်ရေးအထိနာနေသလဲဆိုတာကို ပြနေတယ်လို့ပြောရမယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာ ဆယ်နှစ်ကျော်လာပေမဲ့ ဘယ်တုန်းကမှ အဲလောက်မလုပ်ခဲ့ရဖူးဘူး။ အခုတော့ ပထမဆုံးပဲ။ သူ့ရဲ့ကျရှုံးမှုကို အထင်း သားမြင်ရတယ်လို့ ပြောနိုင်တယ်”ဟု ဆိုသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက အဓိကလုံခြုံရေးယူထားကာ စစ်သားများကိုလည်း မကြာခဏတွေ့ရလေ့ရှိသည်ဟု ဒေသခံများကဆိုသည်။ Read in Full

၂၅။ ကျောက်နီမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်ခန့် သေဆုံးကြောင်း ကာကွယ်ရေးအဖွဲ့ပြော
 January 6, 2025
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်ခန့် သေဆုံးကြောင်း လောင်းလုံးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီလ ၆ ရက်နေ့ပြောပါတယ်။ ကျောက်နီမော်ရွာက စစ်ကောင် စီတပ်စခန်းတွေကို ထားဝယ်ခရိုင်အခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၇ ရက်အထိ ငါးရက် ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၀၅) တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်သားတွေ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံကတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းပြန်ထိုးလာတာရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့ဆိုရင် အင်အား လေးဆယ်လောက်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ရှမ်းမော်ဘက်ကနေ စစ်ကြောင်းထိုး လာတယ်။ ရွာတွေကို စီးနင်းတယ်။ ကျောက်နီမော်ရွာဘက်ကို ပြန်လာမယ်လို့ ခန့်မှန်းရပါတယ်။ လတ်တလော တိုက်ပွဲတော့ မရှိသေးဘူး” ထားဝယ် မြစ်ဝမှာရှိတဲ့ ကျောက်နီမော်ရွာဟာ စီးပွားရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီ ဘက်က လက်မလွှတ်ရရေး အပြင်းအထန်ထိုးစစ်ဆင်နေတယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ကျောက်နီမော် ရွာမှာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတပ်စခန်းတစ်ခုရှိတဲ့အပြင် ရေလမ်းကြောင်းအတွက် စစ်ရေးဗျူဟာအရ ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။ တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ထဲကို ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ယူခွင့် ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၂၆။ အမ်းကို စစ်ကြောင်းထိုးရန်ပြင်ဆင်ထားသည့် အမြောက်စခန်းကို AA ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်
 January 6, 2025
အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကျပြီးနောက် အမ်းမြို့ကိုပြန်လည်စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် လက်နက်ကြီးစခန်း တောင်စောက်ကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်လိုက်ကြောင်း သိရသည်။ အမ်းမြို့နယ် တရုတ်ဓာတ်ငွေ့ ပိုက် လိုင်းအနီး တပ်စွဲထားသည့် ဗျူဟာမြောက် အမြောက်စခန်း တောင်စောက်တောင်ကို ဇန်နဝါရီ ၅ ရက်နေ့တွင်  AA က ဝင်ရောက် တိုက်ခိုက် ထိန်းချုပ်လိုက်ကြောင်း သိရသည်။ “တောင်စောက်အမြောက်ကြီးစခန်းရော၊ ဓာတ်ငွေ့စက်ရုံကိုပါ သိမ်းလိုက်ပြီလို့ သိထားပါတယ်”ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။ တောင် စောက်တောင်စခန်းသည် အမ်းနှင့် မိုင် ၂၀ ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်များသည် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူကာ အမ်းသို့ တစ်မိုင်ချင်းရှေ့တိုးချီတက်နေသည့် စခန်းကြီးဖြစ်ကာ AA က တောင်စောက်တောင် အမြောက်စခန်းကိုသိမ်းယူပြီးနောက် ဓာတ်ငွေ့စက်ရုံကိုပါ ထိန်းချုပ်လိုက်ကြောင်းသိရသည်။ ထို့အပြင် စစ်ကောင်စီ ၏ နတ်ရေကန် လက်နက်ကြီးစခန်းကိုပါ AA က ဝင်ရောက်တိုက်ခိုက်နေပြီး မြေပြင် ထောက်ပို့လမ်းကြောင်းများကိုပါ ဖြတ်တောက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် တောင်စောက်စခန်းမှ စစ်ကောင်စီတပ်များ ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူ ကာ အမ်းနှင့် ၁၅ မိုင်အကွာထိ ချဉ်းကပ်လာသည်ကို AA ကဖြတ်၍တိုက်ခိုက်ရာ မိုင်၂၀ ထိပြန်၍ တပ်ဆုတ်ခဲ့ရကြောင်းသိရ သည်။ နတ်ရေကန်ဂိတ်နှင့် ကံမြင်းကန်ဂိတ် စခန်းများမှာလည်း A A ၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် စစ်ကူမရဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးကြကြောင်း သိရသည်။ AA အနေဖြင့် အမ်းမြို့ကို သိမ်းပိုက်ပြီး အမ်း- ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ စခန်းများကို တိုက်ခိုက်နေသလို၊ တောင်ကုတ်- ပြည်၊ပန်းတောင်းလမ်းပိုင်းမှ တောင်ပုံကြီးစခန်းကိုလည်း တိုက်ခိုက်လျက်ရှိကာ ဂွ- ငသိုင်းချောင်း လမ်းတွင်လည်း တိုက်ပွဲဖော်ဆောင်ထားကြောင်း သိရသည်။ Read in Full

၂၇။ ပုလော စစ်ဘက်ရေးရာ လုံခြုံရေး-စရဖရုံးကို PDF ဝင်စီးပြီး မီးရှို့
 January 7, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ပေါ်ရှိ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ရုံးကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဇန်နဝါရီ ၆ ရက်၊ ယမန်နေ့ည ၁၁ နာရီ အချိန်ခန့်က ဝင်ရောက်စီး နင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အဆိုပါ စစ်ထောက် လှမ်းရေးရုံးဟု လူသိများသည့် စရဖရုံးသည် ပုလောမြို့ပေါ် အမှတ် -၂ ရပ်ကွက်အတွင်း တည်ရှိပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ ယခုလို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့မှုအခြေအနေနှင့် ပတ်သက်၍ PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ယခုလို ပြောသည်။“ကျနော်တို့ ဝင်စီးနင်းမှုမလုပ်ခင် RPG နဲ့အရင်ဆုံးပစ်တယ်။ ပြီးတော့ စပြီးဝင်ရောက်စီးနင်းဖို့ လုပ်တဲ့အချိန်မှာ သူတို့ဘက်ကသေနတ် ၆ ချက်လောက်‌ဖောက်ပြီးတော့ ထွက်ပြေးသွားတဲ့အတွက်ကြောင့် သေဆုံးခဲ့သူတော့ မရှိခဲ့ဘူး”ဟု ပြောဆိုသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက အဆိုပါ ပုလောမြို့ရှိ စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဝန်ထမ်းအိမ်ရာအနီးရှိ မြန်မာ့စီးပွားရေးဘဏ်များ ကို ဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ယခု စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးသို့ ဝင်ရောက်တိုက်ခိုက်ခြင်းသည် ပထမ ဆုံးအကြိမ်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ယခုလို စစ်ကောင်စီ၏ ပုလော စစ်ထောက်လှမ်းရေးရုံးကို ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီးနောက် ရုံးတွင်းမှ သေနတ်ကျည်ဘောက်(၂)ခု၊ ကျည်တောင့် (၁၀၀)နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရ မိခဲ့ပြီးနောက် မီးရှို့ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ Read in Full

၂၈။ ဇန်နဝါရီ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA ကြေညာ
 January 6, 2025
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ နန့်တိန်မင်း တပ်စခန်းကို အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်ကြာင်း မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇန်နဝါရီ ၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း လောင်ကိုင်ဒေသက နောက်ဆုံးလက်ကျန် တပ်စခန်းကြီးဖြစ်တဲ့ နန့်တိန်မင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ထောင်ကျော် လက်နက်ချခဲ့ပြီး နောက်ပိုင်းမှာ လောက်ကိုင်ဒေသ တစ်ခုလုံးကို MNDAA အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါဟာ ၂၀၀၉ ခုနှစ်မှာ ကိုးကန့်ဒေသ ကို လက်လွှတ်ခဲ့ရပြီးနောက် ၁၄ နှစ်ကြာမှ အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ MNDAA က ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းဖြစ်တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀၀ နီးပါး (၁၇၈၃ဦး) သေဆုံးပြီး ရှစ်ရာကျော် (၈၀၁ ဦး) ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီ တပ်သားက (၉၆၇ ဦး) တစ်ထောင်နီးပါးရှိပြီး ဗိုလ်မှူးချုပ် ခုနစ်ဦး ပါဝင်တဲ့ စစ်ကောင်စီ တပ်သား ၄၆၃၂ ဦး လက် နက်ချခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ချသူတွေနဲ့အတူ တပ်မိသားဝင် နှစ်ထောင်နီးပါးလည်း MNDAA ထံ ခိုလှုံလာတယ်လို့ ဖော်ပြပါတယ်။

စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ MNDAA တပ်ဖွဲ့ဝင် တစ်ဦးကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA နဲ့ မဟာမိတ်တွေ ဘက်က သုံးရာနီးပါး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။“သေဆုံးတဲ့ သူတိုင်းကို သီးသန့် ဂူသွင်းပေးတယ်။ ပထမလှိုင်းမှာတော့ အနည်းဆုံး နှစ်ရာကျော် သေဆုံးခဲ့တယ်။ ဒုတိယလှိုင်းနဲ့ဆိုရင်တော့ သုံးရာကျော်တော့ ရှိမယ်” ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းဟာ တရုတ်ရဲ့ကြားဝင်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရပ်တန့်သွားခဲ့ပြီး ရှမ်းမြောက်ဒေသက မြို့ပေါင်း ၁၇ မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့ကိုတော့ သြဂုတ် ၃ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေး အပါအဝင် စစ်သုံ့ပန်း ထောင်နဲ့ချီပြီ MNDAA က ဖမ်းဆီးထားပါတယ်။ Read in Full

၂၉။ စစ်တပ်ပိုင် ဆန်အိတ် သုံးထောင်နီးပါးတင်လာတဲ့ စက်လှေတစ်စီးကို KNU သိမ်းဆည်း
January 6, 2025
တနင်္သာရီမြို့နယ်ထဲက ပင်လယ်ကမ်းစပ်တစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဆန်အိတ်တွေတင်ဆောင်လာတဲ့ စက်လှေ တစ်စီး သိမ်းဆည်းရမိခဲ့တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။ ဆန် အိတ်ပေါင်း ၂၈၅၀ အိတ်နဲ့ တခြားရိက္ခာပစ္စည်းတွေသယ်လာတဲ့ မြတ်သီရိအောင် အမည်ရှိ စက်လှေတစ်စီးကို KNU တပ်မဟာ (၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၁)က အခုလ ၂ ရက်နေ့မှာ သိမ်းဆည်းလိုက်တာပါ။ “အဲဒီ‌ လှေက ပစ္စည်းပို့ဖို့သွားတဲ့အချိန် တားဆီးပြီး ဖမ်းမိတာပါ။ တပ်ရင်း ၁၁ ကဖမ်းတာပါ” လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ် ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။
သိမ်းမိတဲ့ ပစ္စည်းတွေကို လိုအပ်သလို အသုံးပြုသွားမှာဖြစ်ပြီး မလိုအပ်တွေကိုတော့ ဖျက်ဆီးသွားမယ်လို့ ပဒိုအယ်နား က ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတွေကိုသယ်လာတဲ့ အဲဒီစက်လှေဟာ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုရွာက ပျူစောထီးခေါင်းဆောင် ဦးရှိန်ညွန့်နဲ့ အဆက်အသွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းကလည်း ဆန် ၆၈ အိတ်၊ ဆီနဲ့ စားသောက်ကုန်တွေ တင်ဆောင်လာတဲ့ စစ်တပ်ရဲ့ ရိက္ခာကားတစ်စီးကို ထားဝယ်မြို့နယ်၊ ဟိန္ဒူးချောင်းရွာအနီးမှာ KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း ၁၂ ကဖမ်းဆီးခဲ့ပါတယ်။ 

၃၀။ ပေါက်တောက မွတ်ဆလင်ဒုက္ခသည်များကို AA စားနပ်ရိက္ခာထောက်ပံ့
 January 6, 2025
ရခိုင်ပြည် ၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲ မွတ်ဆလင်ဒု က္ခသည်စခန်းမှ ဒုက္ခသည်များကို အာရက္ခတပ်တော် (AA) က စားနပ်ရိက္ခာအကူအညီများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက်နေ့က အနောက်ရဲ မွတ်ဆလင်ဒုက္ခသည် စခန်းရှိ အိမ်ထောင်စု ၁၄၀ ကို ကနဦးအနေဖြင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) က ယနေ့ ထုတ်ပြန်သည်။ အဆိုပါ ဒုက္ခသည်များမှာ စားနပ်ရိက္ခာ အရေး ပေါ် လိုအပ်နေသူများဖြစ်သဖြင့် အာရက္ခတပ်တော်အနေဖြင့် တတ်နိုင်သလောက် ကူညီပေးခြင်းဖြစ်ပြီး၊ နောက်ထပ်စခန်းများ နှင့် အခြားလိုအပ်ချက်များကိုလည်း ကူညီပေးရန် အစီစဉ်များရှိနေကြောင်း AA က ပြောထားသည်။

အနောက်ရဲ မွတ်ဆလင်ဒုက္ခသည်စခန်းတွင်း နေထိုင်နေသူများမှာ အာဟာရပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာခံစားနေကြ ရပြီး ဆေးဝါးရှားပါးမှုနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းကြောင့် အချိန်မှီဆေးကုသမှုမခံယူနိုင်ဘဲ အသက်သေဆုံးသူ များလည်းရှိကြောင်း သိရသည်။ လက်ရှိတွင် စားနပ်ရိက္ခာလိုအပ်ချက်များထောက်ပံ့ခြင်းအပြင် အခြေခံကျန်းမာရေးစောင့် ရှောက်မှုများ လုပ်ဆောင်ပေးနိုင်ရန် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။ Read in Full

၃၁။ တိမ်းရှောင်သူတွေပြန်လာဖို့ စစ်ကောင်စီဖိတ်ခေါ်ချက် ယုံကြည်စရာမရှိ
 January 6, 2025
အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ထိန်းချုပ်နယ်မြေနဲ့ ပြည်ပနိုင်ငံတွေ မှာ တိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာဖို့ စစ်ကောင်စီ ဖိတ်ခေါ်ချက် ယုံကြည်စရာမရှိဘူးလို့ ပြည်သူတွေက ပြောပါတယ်။ အင်အားချိနဲ့မှုနဲ့အတူ စိုးမိုးနယ်မြေများစွာ ဆုံးရှုံးနေရတဲ့ စစ်‌ကောင်စီက အာဏာသက်ရောက်မှု လျော့ကျလာ နေတဲ့အခြေအနေမှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးကို ရောက်ရှိနေသူတွေ ပြန်လာကြဖို့ ဇန်နဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ စစ်တပ်ကနေ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ကျောင်းသူကျောင်းသား တွေ၊ လူငယ်လူရွယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေဟာ EAO တွေရှိတဲ့နေရာတွေနဲ့ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင် နေရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ ဒါဟာ NLD ပါတီဝင်တွေ ထောက်ခံသူတွေ CRPH နဲ့NUG တို့အပါအဝင် ပြည်တွင်း ပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ခြောက်လှန့်မှုတွေကြောင့် စိုးရိမ်စိတ်နဲ့ ထွက်ပြေးတိမ်းရှောင်နေရ တာလို့ ကြေညာချက်မှာ စွပ်စွဲအပြစ်ဖို့ထားတာပါ။ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေမှာ ရောက်ရှိနေတဲ့ CDM ဝန်ထမ်း တစ်ဦးက စစ်ကောင်စီရဲ့ မတရားဖမ်း ဆီးမှုနဲ့ စစ်မှုထမ်းရမှာကြောက်လို့ ရှောင်တိမ်းနေရတာမို့ လုပ်ရပ်ကိုကြည့်ရင် မယုံကြည်နိုင်ဘူးလို့ ပြောပါတယ်။ “အဝေးရောက်နေသူတွေသာခေါ်ပြီး ပြည်တွင်းမှာ နေ့စဉ်လုပ်ကိုင်စားသောက်နေတဲ့ လူငယ်တွေသာမ က ဘယ်လိုအရွယ်နေနေ စစ်မှုထမ်းဥပဒေအရ အတင်းကို ဖမ်းဆီးခံနေရတာက နေ့စဉ်နဲ့အမျှ အကြုံနေရတာ။ အရင်ကဆိုရင် မြို့ပေါ်လောက်ပဲပေါ့။ အခုနောက်ပိုင်း တောရွာတွေကနေ ဈေးဝယ်တွေ အလုပ်လုပ်သွားတဲ့သူတွေ ကားတွေ ဆိုင်ကယ်တွေကို ဖမ်းဆီးခံရတာတွေက နယ်မှာကြားနေရတာဆိုတော့လုပ်ရပ်ကသက်သေပြနေတယ်။ ပါးစပ်ကသာဒီလိုပြောနေပေမယ့်တကယ့် လုပ်ရပ်တွေက ရွံစရာကောင်းအောင်လုပ်နေတာ။ သူ့ရဲ့လုပ်ရပ်ကိုကြည့်ပြီး ပြည်သူတစ်ယောက်အနေနဲ့ လုံးဝ ၁၀၀ ရာခိုင်နှုန်း ထက် ကျော်ပြီး မယုံကြည်နိုင်ဘူး။ ယုံကြည်မှုလုံးဝမရှိဘူး” လို့ ဆိုပါတယ်။

ဒါဟာ ပြည်ပမှာ အခက်အခဲဖြစ်နေတဲ့ နိုင်ငံသားတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတယ်ဆိုတဲ့ ပြယုဂ်ကို နိုင်ငံတကာကသိအောင် လုပ်ဆောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေပြန်လာပြီး မဲပေးနိုင် တဲ့ အခြေအနေရောက်အောင် ပုံဖော်နေတာလို့ ထောက်ပြကြပါတယ်။ “ဘယ်အခြေအနေရောက်ရောက် စကစနဲ့ဆို ယုံကြည်မှု ကို မရှိတာဗျ။ မရှိဘူးဆိုတာ အရင်ကလည်း ဒီလိုအခက်အခဲမျိုး ကြုံလာရင် သူတို့ကထွက်ပေါက်ရတဲ့နည်းနဲ့ ရှာမှာပဲ။ ရတဲ့နည်း လမ်း ကောက်ကျစ်တဲ့ပုံစံနဲ့ သူတို့ကထွက်ပေါက်ရအောင်ရှာပြီး ပြည်သူတွေကို ဆွဲဆောင်တဲ့သဘောနဲ့ လုပ်ဆောင်နေတာ အရင် ကသင်ခန်းစာတွေလည်း ရှိခဲ့တာပေါ့”လို့ဆိုပါတယ်။ အခုလို စစ်ကောင်စီဘက်က ကြေညာချက်ထုတ်ပြန်လာတဲ့အပေါ် ပွင့်လင်း မြင်သာမှုရှိဖို့ နိုင်ငံတကာကလက်ခံနိုင်တဲ့ စံနှုန်းသတ်မှတ်ချက်တွေအပေါ် အာမခံချက်ရှိမရှိမူတည်ပြီး ပြည်သူလူထုက ကွဲကွဲ ပြားပြားသိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။ ပြစ်မှုကျူးလွန်ထားသူတွေကလွဲရင် စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူတွေ အနေနဲ့ ပြည်တွင်းရှိ မိမိနေရပ်ကို ပြန်လည်ဝင်ရောက်လိုရင် နီးစပ်ရာ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီတွေကို ဆက်သွယ် နိုင်သလို ပြည်ပရောက်သူတွေကတော့ သက်ဆိုင်ရာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ စစ်ကောင်စီက အသိ ပေးထားတာပါ။ Read in Full

၃၂။ ရခိုင်က မြို့နယ်အများအပြားတွင် အရေပြားရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေဆဲဟုဆို
 January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါးမလုံ လောက်မှုတို့ကြောင့် အရေပြားရောဂါ ဖြစ်ပွားနေမှုဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အမြန်ဆုံးဆေဝါးကုသရန် လိုအပ်နေကြောင်း ဒေသခံအများအပြားက ပြောကြားသည်။ သုံးရေမသန့်သည့်အပြင် ဆေးဝါးလုံးဝ ပြတ်လပ်နေသဖြင့် စစ်ဘေးရှောင်ထောင်နှင့် ချီပြီးအရေပြားရောဂါ ခံစားနေကြရကာ ထိုအထဲတွင် ပွေး၊ဝဲ၊ ခူနာအဖြစ်များနေကြောင်း၊ကူးစက်မှုများလည်းရှိနေကြောင်း သံတွဲ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စလို့ဖြစ်တာက တိုက်ပွဲ‌ တွေကြားက အသက်လုပြီးထွက်ပြေးလာရတဲ့အချိန်ကနေစပြီး ဖြစ်တာ။ အခုအဖြစ်များနေတာက ပွေးတို့၊ဝဲတို့၊ခူနာရောဂါတွေဖြစ်နေတာ။ အဲဒီရောဂါတွေက ကူးစက်တတ်တယ်။ ကုသဖို့လိမ်း ဖို့ ဆေးလုံးဝမရှိဘူး”ဟုပြောသည်။ စစ်ရှောင်များမှာ ဖြစ်ပွားနေသည့် ရောဂါများကို  တိုင်းရင်းဆေးများဖြင့် ကုသနေသော်လည်း ပျောက်ကင်းမှုမရှိသဖြင့် အခြေအနေဆိုးဝါးလာနေပြီး ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်အရေး ကူညီပေး နေသူ အမ်းဒေသခံအမျိုးးသားတစ်ဦးက ပြောသည်။ “တိုင်းရင်းဆေးနဲ့ ကုသပေမယ့် တခဏပဲ သက်သာတယ်။ ပြီးရင်ပြန်ဖြစ် တယ်။ ဒီအနာတွေကို လိမ်းဖို့ကုဖို့ ဆေးဝါးတွေကိုသိရက်သားနဲ့ ဆေးက လုံးဝမရှိတာကဆိုးနေတယ်။ မကြည့်ရက်ဘူး ခံစား နေရတာတွေကို”ဟုပြောသည်။ ယင်းအပြင် စစ်ရှောင်စခန်းတွင်နေထိုင်သည့် စစ်ရှောင်များအပါအဝင် ဒေသခံများမှာ တစ်ကိုယ် ရည်သန့်ရှင်းပြီးပိုးမွှား ရောဂါကာကွယ်သည့်  ဆပ်ပြာများလည်း လိုအပ်နေသည်ဟု ရမ်းဗြဲဒေသခံ စစ်ရှောင်အမျိုး သမီးတစ်ဦး က ပြောသည်။ ” စစ်ရှောင်တွေမှာ ရေချိုးရင်တောင် ဆပ်ပြာမတိုက်ရတဲ့ လူ တွေရှိတယ်။  ရောဂါကို ဆေးဝါးမလုံ လောက်လို့ မကုသနိုင်တဲ့အချိန်မှာ တစ်ကိုယ်‌ ရေသန့်ရှင်းမှုအပိုင်းလည်း အရမ်းအရေးကြီးတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းကပင် အရေပြားရောဂါဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် တဖြည်းဖြည်းပွား များလာကာ ၅ ကျော်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ကျောက်တော်မြို့နယ်စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ “ကိုယ် လက်တွေယားယံတော့ ကုတ်ရင်း အခုဆိုပိုပွားလာတာမကောင်းတော့ဘူး။ ဆေးခန်းတစ်ခါပြရင် သုံးသောင်းလောက် ကုန် တယ်။ သုံးလေးရက်နေရင်တစ်ခါ ဆေးခန်းပြရတယ်။ စားသောက်ရေးတောင်မနိုင်တာ အဆင်မပြေတဲ့ကြားကြ ပြရတာပေါ့လေ ” ဟုပြောသည်။ ” ကလေးက တစ်ကိုယ်လုံးဖြစ်နေတာ။ ညဘက်ဆိုရင် ယားလို့နေမယ် ငိုတာလေ အိမ်နီးနားချင်းတွေကိုတောင် အားနာတယ်။ သူငယ်နာထင်လို့ မရှိတဲ့ကြားထဲက ဆေးခန်းသွားပြတာ သုံးခေါက်ရှိပြီ။ တစ်ခါပြရင် ပိုက်ဆံ ၈ သောင်း။ ဆေး ခန်းမှာဆက်ပြဖို့အတွက် ပိုက်ဆံကလိုတယ်။ အခုတော့ ကံ့နဲ့အုန်းဆီလိမ်းပေးထားတယ်”ဟုပြောသည်။ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ထိုသို့ အရေ ပြားရောဂါဖြစ်ပွားနေခြင်းမှာ အသက်အရွယ်အားဖြင့် ၅ လသားအရွယ်မှ သက်ကြီး အထိဖြစ်ပွားနေသည်။ စစ်ဘေးရှောင်တစ်ခုလျှင် နှစ်ပုံတစ်ပုံခန့် ၎င်းရောဂါများခံစားနေရသည်ဟု သိရသည်။ စစ်ဘေးရှောင် စခန်းများတွင် ဆေးဝါးမလုံလောက်မှုနှင့် အဓိကနေရာဒေသ မသန့်ရှင်းမှုများလည်း ဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ လက်ရှိတွင်သံတွဲ၊ ဂွ၊ တောင်ကုတ်၊အမ်းနှင့် ရမ်းဗြဲစသည့် မြို့နယ်များမှ ဒေသခံနှင့်စစ်ရှောင်များမှာ အဆိုပါ ရောဂါ များခံစားနေကြရကြောင်း ဒေသခံများကပြောသည်။ Read in Full

၃၃။  BGF ဗိုလ်လှကြိုင်အဖွဲ့ လာရောက်ပူးပေါင်းခြင်းမရှိကြောင်း KNLA ပြော
 January 7, 2025
မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ (ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်) ကမမောင်း-ကတိုင်တိ အခြေစိုက် ဗိုလ်လှကြိုင် ဦးဆောင်သည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၃) တပ်ရင်းတစ်ရင်းလုံး ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNU/KNLA နှင့် လာရောက်ပူး ပေါင်းခြင်းမရှိဘဲ စခန်းနေရာရွှေ့ပြောင်းခြင်းသာဖြစ်ကြောင်း KNLA တပ်မဟာ(၅)ဘက်က ပြောသည်။ ကတိုင်တိအခြေစိုက် စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းကုန်းကို KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်လျက်ရှိသည့် ဒီဇင်ဘာလကုန်ပိုင်းက ဗိုလ်လှကြိုင်ဦးဆောင်သည့် BGF-၁၀၁၃ တပ်ရင်း တစ်ရင်းလုံး KNU/KNLA ထံပူးပေါင်း၍ တပ်ဖွဲ့ဝင်အချို့ တော် လှန်ရေးတပ်ဖွဲ့နှင့်အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်လျက်ရှိ သည့် သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ သို့ရာတွင် BGF ၁၀၁၃ တပ်ရင်းမှာ ၎င်းတို့မူလစခန်းနေရာ ကတိုင်တိမှ စခန်း ရွှေ့ပြောင်းနေထိုင်ကြခြင်း သာဖြစ်ပြီး KNU ထံလာရောက်ပူးပေါင်းခြင်းမရှိသလိုKNLA နှင့်ပူးတွဲတိုက်ခိုက်ခြင်းလည်းမရှိကြောင်း တပ်မဟာ(၅)ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။ ၎င်းက “လှကြိုင်အဖွဲ့က KNLA တပ်မဟာ(၅)နဲ့ လာ ပေါင်းတာမဟုတ်ဘူး။ သူတို့က ကတိုင်တိနဲ့ ဘောကျို့လယ်ကထွက်သွားပြီး KNLA တပ်မဟာ(၁)ဘက်ကို ဆင်းသွားတာ။ ပြီး တော့ အောက်ဘက်က ပြန်လှည့်ပြီး ပွယ်ထ/နိုထဘက်မှာနေရာပြန်ယူတယ်။ ရှေ့ဆက်ဘယ်လိုဆက်လုပ်မယ်တော့ မသိရသေး ဘူး” ဟု ပြောသည်။

ကတိုင်တိစစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်မှု၊ BGF တပ်ရင်းတစ်ရင်းလုံး စခန်းနေရာ ရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တပ်မဟာ(၅)၊ မူတြော်ခရိုင်၊ နိုဖောထီး‌ကျေးရွာရှိ ကရင်နှစ်သစ်ကူး ကျင်းပရာနေရာများ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်ဟုလည်း ဒေသခံ အချို့သုံးသပ်ပြောဆို ကြသည်။ တပ်မဟာ(၅)နယ်မြေတွင် ဗိုလ်လှကြိုင်ဦးဆောင်သော BGF ၁၀၁၃ တပ်ရင်းနှင့် ဗိုလ်မောင်ချစ် ဦးဆောင်သော BGF ၁၀၁၄ တပ်ရင်းနှစ်ခုရှိသည်။ ယခင်ကစစ်ကောင်စီနှင့်ပူးပေါင်း၍ လမ်းပြလုပ် ဆောင်ခြင်း၊ စစ်ကောင်စီသို့ စစ်မှုထမ်းရန် လူအင် အားစုဆောင်းဆော်ဩပေးခြင်းတို့ လုပ်ဆောင်မှုရှိသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။ လက်ရှိ KNLA မဟာမိတ်ပူးပေါင်းတပ်နှင့် ကတိုင်တိစခန်းရှိစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားနေကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့က သတင်းဖြန့်ဝေလျက်ရှိသည်။ သို့သော် ကေအိုင်စီ‌အနေ ဖြင့်မူ တပ်မဟာ(၅)ဘက်သို့ အတည် ပြုရန် လုပ်ဆောင်နေဆဲဖြစ်သည်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button