တော်လှန်ရေးခရီးကို လျှောက်လှမ်းတဲ့အခါ စိတ်ဓါတ်တွေ အရှိန်မကျအောင် ဘယ်လို ထိန်းသိမ်းသင့်သလဲ?
ဟန်နရီမင်း | အတွေးအမြင်
လူသားတွေဟာ ရည်မှန်းချက်တစ်ခုကို ရရှိအောင်ဆောက်ရွက်ကြတဲ့အခါမှာ အစပြုကောင်းပေမဲ့ လမ်းတစ်ဝက်မှာ အခက်အခဲကြုံတာ သို့မဟုတ် ရှေ့ဆက်လျှောက်ရမယ့်လမ်းခရီးက အလှမ်းဝေးနေသေးရင် စိတ်ဓာတ်ကျတတ်ကြ စမြဲပါပဲ။ အခုလည်း မြန်မာ့နွေဦးနဲ့အတူ တော်လှန်ရေးခရီးကို နှင်လာခဲ့ကြတာ လာမယ့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ဆိုရင် (၄)နှစ်တင်းတင်းပြည့်ပါတော့မယ်။ ဒီကြားထဲမှာ နောက်ပြန်လှည့်တဲ့သူတွေ၊ ရှေ့မတိုးဘဲ ရပ်တန့်သွားတဲ့သူတွေနှင့် လမ်းကြောင်းပြောင်းသွားတဲ့သူတွေ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရပါတယ်။ ဒါက “အချိန်က စကားပြောပါလိမ့်မယ်” ဆိုတဲ့စကားအတိုင်း ဖြစ်လာပါတယ်။
Human Resources ရှုထောင့်အရ ကုမ္ပဏီတွေအနေနဲ့ မိမိရဲ့ ဝန်ထမ်းတွေကို အလုပ်မှာ စိတ်ဓာတ်မြင့်တတ်နေအောင်(to be motivated) ဟောပြောပွဲတွေ တက်ရောက်စေတာ သို့ဟုတ် ဆုလာဒ်ဆောင်တွေကို အချိန်အခါအရ လုပ်ဆောင်ပေးဖို့ လိုအပ်တယ် လို့ ပညာရှင်တွေက အားပေးခဲ့ကြပေမဲ့ ခုနောက်ပိုင်းနှစ်တွေမှာတော့ ၎င်းပညာရှင်တွေကိုယ်တိုင်က “စိတ်ဓာတ်တတ်ကြွနေဖို့ဆိုတာ အတွင်းဘက်ကနေ လာမှရမယ်” ဆိုပြီး ထပ်ပြောကြပြန်ရော။ ဆိုလိုတာက အပြင်ဘက်ကလာတဲ့ အားပေး အားမြောက်ဖြစ်စေတဲ့အရာတွေက ရေရှည်မခံဘူး ဆိုတာပါပဲ။ ဒီလိုပါပဲ တော်လှန်ရေးခရီးမှာလည်းပဲ ဒီသဘောတရားက အတူတူပါပဲ။
တော်လှန်ရေးခရီးမှာ လက်နက်နဲ့ တော်လှန်တဲ့သူရှိသလို၊ စာရေးခြင်းဖြင့် တော်လှန်တဲ့သူ၊ အနုပညာအရတော်လှန်တဲ့သူ…..စသဖြင့် ဘက်ပေါင်းစုံကနေ ပါဝင်နေကြတာကို မမေ့လျော့ဖို့ လိုအပ်ပါမယ်။ တော်လှန်ရေးသတင်းတွေ၊ ဖက်ဒရယ်ပညာရပ်တွေကို သင်ကြားဖို့ချပေးနေတဲ့ တော်လှန်ရေးသတင်းဌနတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာကို သတိပြုကြရပါမယ်။ တော်လှန်ရေးခရီးမှာ စိတ်ဓာတ်ကို ဘယ်လို ဆက်လက်ထိန်းသိမ်းကြမလဲ? ဆိုတာ သေချာမသိပေမဲ့ ၎င်းစိတ်ဓာတ်တွေကို ပျောက်ပျက်သွားစေနိုင်တဲ့အချက်တချို့ကို ရေးသားဖော်ပြသွား ပါမယ်။
၁။ ဘာကြောင့် မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တာလဲ?
တော်လှန်ရေးဆိုတာ လူ့သမိုင်းတစ်လျှောက်ကို ကြည့်လိုက်ရင် “စိတ်ဓာတ်က အစပြုခဲ့တာ”ပဲ ဖြစ်ပါတယ်။ ဥရောပတော်လှန်ရေးမှာ ပြုပြင်ပြောင်းရေးလဲသမားကြီးတွေ(Reformers)က ဘုရင်နှင့် ဘုရင်စနစ်တွေကို မကြိုက်လို့၊ မခံချင်လို့၊ မခံမရပ်နိုင်ဖြစ်လို့ “တော်လှန်ခဲ့ကြတာ” ဖြစ်ပါတယ်။ ဒါက အပြင်ဘက်က ရောက်ရှိလာတဲ့ သက်ရောက်မှုကြောင့်ဖြစ်ပေမဲ့ လူသားတွေရဲ့ ပင်ကိုယ် လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့အခါ အတွင်းစိတ်ဓာတ်တွေက မခံမရပ် နိုင်ဖြစ်ပြီး အပြင်ဘက်သို့ တွန်းလှန်ပေါက်ကွဲစေတာကြောင့် တော်လှန်ရေးလှုပ်ရှားမှုဆိုတာတွေ အစပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒီတော်လှန်တဲ့စိတ်ဓာတ်က သူ့တို့လိုပဲ တခြားမခံမရပ်နိုင်ခဲ့တဲ့သူတွေကို လှုပ်ရှားမှုတစ်ခုအဖြစ်သို့ အကုန်ကူးစက်သွား(contagious)စေခြင်းဖြင့် တော်လှန်ရေး ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သူတို့ တော်လှန်ရေးက ၎င်းတို့ မခံမရပ်မှုကို ဖြစ်စေတဲ့ နိုင်ငံ/ဒေသတစ်ခုလုံးအပေါ် အုပ်စိုးလွှမ်းမိုးတဲ့ ဘုရင်နှင့် ၎င်းစနစ်တွေကို အကုန် ဖျက်ချပြီး အသွင်သဏ္ဌာန်ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာတဲ့ အချိန်မှ သူတို့ အနားယူခဲ့ ကြပါတယ်။ နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကို စနစ်သစ်နဲ့ အစားထိုးနိုင်ပြီးမှ ရပ်နားခဲ့ကြတာပါ။
မြန်မာ့နွေဦးတော်လှန်ရေးခရီးက ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ အသေအချာ မတွက်ချက် နိုင်ပါဘူး၊ ဒါပေမဲ့ မိမိဘာကြောင့် တော်လှန်ရေးမှာ ပါဝင်ခဲ့သဲဆိုတာကို မေ့လျော့နေမယ်ဆိုရင် အပြင်ဘက်က လာမယ့်စိတ်ဓာတ်တတ်ကြွစေမဲ့ ငွေကြေး သို့မဟုတ် တခြားဟာတွေကို မျှော်လင့်နေမိမှာပဲ ဖြစ်ပါတယ်။ ဒီလို မျှော်လင့်တာက အမှား မဟုတ်ပေမဲ့ မိမိရဲ့ တော်လှန်ရေးမှာ ဘာကြောင့်ပါဝင်ခဲ့သလဲ? ဆိုတာကို မသိတော့တာမျိုးဆိုရင် မကြာဘူး တော်လှန်ရေးခရီးကို ဆက်လျှောက်ဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် တော်လှန်ရေးမှာ စိတ်ဓာတ်တက်ကြွစေမဲ့ အခရာဆိုတာ အပြင်ဘက်ကနေ အစပြုလို့ မရဘူး၊ အတွင်းဘက်ကနေသာ အစပြုရပါလိမ့်မယ်။ သို့မဟုတ်ရင် အရှုံးပေးစိတ်ဓာတ်က နေရာယူသွားပါမယ်။ သင် ဘာကြောင့် (၄)နှစ်နီးပါး လျှောက်လှမ်းလာနိုင်ခဲ့သလဲ? (၄)နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ဘယ်လို ဖြတ်ကျော်ခဲ့သလဲဆိုတာ ပြန်ပြောင်းသတိမရနိုင်ဘူးဆိုရင် သင် အရှုံးပေးရလိမ့်မယ်။
၂။ ဘာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့တော်လှန်ရေးခရီးကို ဆက်လက် လျှောက်လှမ်းနိုင်ကြသေးတာလဲ။
သင်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁)ရက်နေ့ နောက်ပိုင်းမှ တော်လှန်ရေးခရီးကို လျှောက်လှမ်း လာခဲ့တာဖြစ်ခဲ့မယ်ဆိုရင်၊ သင့်ရဲ့ခရီးစဉ်က (၄)နှစ်တောင် မပြည့်သေးဘူးဆိုတာ မမေ့ပါနဲ့။ သင့် စိတ်ဓာတ်က အရှုံးပေးချင်နေပြီဆိုရင် မြန်မာနိုင်ငံက တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ(ဥပမာ-KIA/KNU/CNF… စသဖြင့်)ကို သတိရလိုက်ပါ။
သူတို့ရဲ့ တော်လှန်ရေးခရီးစဉ်က တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတူဘူး၊ မြန်မာ့စစ်တပ်နဲ့ အင်အားချင်း မမျှဘူး။ ဒါပေမဲ့ သူတို့တွေ အရှုံးပေးခဲ့သလား? အဖြေက နိုးပါပဲ။ သူတို့ ခေါင်းဆောင်တွေတောင် အသက်ကြီးလို့ ကွယ်လွန်သွား ကြတာတွေရှိပေမဲ့လို့ သူတို့လမ်းခရီးက မရောက်သေးတဲ့ ပန်းတိုင်ကို လက်ဆက်ခရီးနှင်နေဆဲပါပဲ။ သူတို့ရဲ့ပန်းတိုင်ကို မမြင်ရဘူး၊ ဒါပေမဲ့ သူတို့လိုချင်တဲ့အရာကို သေချာသိရှိ၊ စွဲကိုင်ထားတဲ့အတွက် လမ်းကြောင်းမလွဲကြဘူး။ သူတို့လိုချင်တဲ့ အရာပုံရိပ်(blueprints)က သူတို့လက်ထဲမှာ ရှိနေပြီးသား။ ဒါပေမဲ့ အဲဒီအရာရဲ့ ထိတွေ့ကိုင်တွယ်လို့ မရသေးတဲ့အရာက သူတို့လက်ထဲမှာ မရောက်သေးတော့ ဆက်လက် ခရီးနှင်ကြရတယ်။
သူတို့ နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားတွေကို တတ်နိုင်သလောက် လည်ပတ်ကြတယ်။ ဒီလို စိတ်ဓာတ်နှင့် ရရှိထားတဲ့ နယ်မြေလေးတွေကို လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ခြင်းကြောင့် သူတို့ကို စိတ်ဓာတ်မကျစေဘူး။ ဒါနဲ့ တဆက်တည်းမှာပဲ အာရပ်နွေဦးနဲ့အတူ အစပြုခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးဟာ (၁၄)နှစ်လောက်အကြာမှ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒါက အာရပ်နွေဦးမှာ အကြာဆုံးသော တော်လှန်ရေးခရီးပဲ ဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေးခရီးကို လျှောက်လှမ်းတဲ့အခါ တခြားတိုင်းရင်းသားညီနောင်များရဲ့ တော်လှန်ရေးခရီးစဉ်အကြောင်းတွေကို လေ့လာသင်ယူခြင်း မပြုလုပ်နိုင်ဘူးဆိုရင် မိမိရဲ့ တော်လှန်ရေးခရီးစဉ်က အဓိပ္ပါယ်မရှိသလိုလို သို့မဟုတ် အဆုံးသတ်ရမယ့် ပန်းတိုင်နေရာ (destination) မရှိသလိုလို ခံစားနိုင်ပါတယ်။
၃။ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ရှိအောင်မြင်မှုတွေနှင့် စကစထိန်းချုပ်ထားတဲ့ နယ်မြေတွေက ပြည်သူတွေရဲ့ ဘဝအခက်အခဲတွေကို အသိအမှတ်ပြုသလား?။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁)ရက်နေ့ နောက်ပိုင်း တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များနှင့် နယ်မြေတချို့ကို စကစလက်မှ သိမ်းယူနိုင်တဲ့အပြင် တချို့သော နေရာဒေသတွေမှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တာကို အသိအမှတ်ပြုရပါမယ်။ ဒါက ကြီးမားတဲ့အောင်မြင်မှုအတွက် အရေးပါတဲ့ ခြေလှမ်းကလေးတွေပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက မခံချင်လို့ တော်လှန်ခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ လက်တွေ့အုပ်ချုပ်တဲ့အခါ မိမိတို့အဖွဲ့အစည်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ(သို့မဟုတ် ၎င်းရဲ့ ကြားဖြတ် အခြေခံဥပဒေအရ) အတတ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်နေတဲ့ အစမ်းနေရာ (autopilot areas) တွေပဲ ဖြစ်ပါတယ်။ ဒီလို တဖြေးဖြေးနဲ့ ထိန်းချုပ်လာနိုင်တာက မိမိတို့မျှော်မှန်းနေတဲ့ တော်လှန်ရေးနှင့်အတူ လွတ်မြောက်ခြင်းဆိုတဲ့ အခြေအနေတွေကို မြင်တွေ့လာရတဲ့အတွက် မိမိစိတ်ဓာတ်ကို တတ်ကြွစေပါလိမ့်မယ်။
၄။ သင့်ရဲ့တောထဲက အခက်အခဲက စကစထိန်းချုပ်ထားဆဲ မြို့ပေါ်ကထက် သာလွန် ကောင်းမွန်နေနိုင်ပါသေးတယ်။
နောက်တစ်ခုက သင်စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်းမှာ စကစထိန်းချုပ်ထားတဲ့ မြို့တွေနှင့် မြို့တော်ကြီးတွေမှာ ဘယ်လောက်အထိ ခက်ခဲနေသလဲဆိုတာ သတိရလိုက်ပါ။ လူတစ်ဦး တစ်ယောက်ချင်းစီမှာ ကိုယ်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ မိမိရဲ့ ဖုန်းတွေကို စကစက စစ်ချင်သလို စစ်လို့ရတယ်၊ personal privacy ဆိုတာ မရှိဘူး၊ ကိုယ်က ခါးရင် ခါးတယ်၊ ချဉ်ရင် ချဉ်တယ်ဆိုတဲ့ ကိုယ်ပိုင် ခံစားချက်တွေကိုတောင် လူသိရှင်ကြား ပြောလို့ မရဘူး။ မိမိရဲ့ စိတ်ခံစားချက် ကောင်း/ မကောင်းပြောပိုင်ခွင့် မရှိဘူး။ “တိုက်မှာ မီးမလာလို့ ဒုက္ခရောက်တယ်”၊ “ကုန်ပစ္စည်းတွေ ဈေးကြီးတယ်”၊ “ဆေးရုံမှာ ဆေးထိုးဖို့ ဆေးမရှိဘူး” လို့ သွားပြောလို့ မရဘူး။ ကိုယ့်ရှေ့မှာ စကစတွေက လူတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ရင်တောင် “အိုး၊ ဟား” လို့တောင် အသံထွက်လို့ မရဘူး။ လူသားဖြစ်ပေမဲ့ စိတ်ခံစားချက်မရှိတဲ့ တိရိစ္ဆာန်လိုပဲ အသက်ရှင်ရတာပါ။
အစိုးရကျောင်း တွေမှာ “တန်းစီတာ မညီမချင်း နေပူကြဲကြဲမှာ ကျောင်းသား/သူတွေကို မက်တက်ရပ် တန်းစီခိုင်းတာ၊ နေပူထဲအကြာကြီးရပ်နေရတော့ တချို့ကျောင်းသား/သူတွေ မူးလဲပြီး အရေးပေါ် ဆေးရုံပို့ရတာ….စတာတွေကို သွားပြောရင် အသက်ပါ ပျောက်သွားနိုင်တယ်။ စကစက သူတို့ ထိန်းချုပ်ထားတဲ့နေရာက လူတစ်ဦးတစ်ယောက်ကို သံသယနဲ့ ဖမ်းမိတာတောင် မနက်ဖြန် အသက်ရှင်လျက် ပြန်တွေ့ရဖို့ (၉၉)ရာခိုင်နှုန်း မသေချာဘူး။ ဟိုနားဒီနား သွားလာတာတောင် ကြောက်နေရတယ်။ ဥပမာ – ရန်ကုန်မြို့ အင်းစိန်မြို့နယ်လိုမျိုးမှာ နိုင်ငံရေးသမားတွေအတွက် ရှေ့နေလိုက်ပေးတဲ့ ရှေ့နေတွေကိုတောင် ပျူစောထီးတွေက ခြေရာခံလိုက်ပြီး သုတ်သင်ခံ နေရတဲ့ဘဝတွေ၊ ဒီလိုအဖြစ်အပျက်တွေကို တော်လှန်ရေးမီဒီယာတွေထံ ပေးပို့ချင်ကြပေမဲ့ ကျန်နေသေးတဲ့ မိသားစုဘဝလုံခြုံရေးအတွက် မပြောပြဘဲ လူတွေ မသိလိုက်ရတဲ့ သတင်းတွေ အများကြီးပါပဲ။
ဒါတွေထက် အဆပေါင်းများစွာ ခက်ခဲနိုင်ပါသေးတယ်။ သာမန်လူတစ်ဦး တစ်ယောက်ရဲ့ လွတ်လပ်ခွင့်မပြောနဲ့ ၂၀၀၈ အရ ပေးထားတဲ့ နိုင်ငံသားတစ်ဦးရဲ့ လွတ်လပ်ခွင့်တောင် မရှိဘူးဆိုတာ စဉ်းစားကြည့်ပါ။ လူတွေ နေ့တိုင်း အကြောက်တရားနဲ့ ရှင်သန်ကြရတာကို သတိရပါ။ တောထဲမှာ သို့မဟုတ် တခြားနေရာမှာ တော်လှန်ရေးခရီး လျှောက်လှမ်း နေတယ်ဆိုရင် မြန်မာနိုင်ငံက မြို့ကြီးတွေက သူဌေးတွေထက် သင်ဟာ လွတ်လပ်မှု အပြည့်အဝ ခံစားနေရာတယ်ဆိုတာ သတိရလိုက်ပါ။ အခြေအနေအမျိုးမျိုးကြောင့် မြို့ပေါ်က မိသားစုကို ထားခဲ့လို့မရနိုင်သေးတဲ့ သူတွေ၊ ပြည်သူတွေက သင့်ရဲ့နာမည်ကို သူတို့မသိပေမဲ့ သင့်လိုမျိုး တော်လှန်ရေးသမား တစ်ဦးတစ်ယောက်ချင်းရဲ့ ပေးဆပ်မှုကို အသိအမှတ်ပြုရင်း ဂုဏ်ယူနေကြပါတယ်။
ဒါကြောင့် မိမိရဲ့ တော်လှန်ရေးခရီးစဉ်မှာ စိတ်ပျက်နေပြီဆိုရင် ဒီအချက်တွေကို အမြဲတမ်း စဉ်းစားကြည့်ဖို့ ကြိုးစားပါ။ ဒါဆိုရင် အတွင်းဘက်ကနေ သင့်စိတ်ဓာတ်ကို ပြန်လည် မီးမွှေပေး(ignite)မှာပဲ ဖြစ်ပါတယ်။ အပေါ်မှာ ပြောသွားတဲ့ အချက်(၄)ချက်က နမူနာတချို့ပဲ ရှိပါသေးတယ်။ တခြားအကြောင်းတရားတွေအများကြီးရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီအချက် တွေကို အမြဲသတိရ စေခြင်းဖြင့် ကျွန်တော်တို့အားလုံးရဲ့ မပြီးဆုံးသေးတဲ့ တောလှန်ရေး ခရီးကို ရှေ့ဆက်ကြရမှာပါပဲ။