၁။ မိုးဗြဲမြို့တွင် တိုက်ပွဲဆက်ဖြစ်နေ
December 17, 2024
ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်ထိုးစစ်ဆင်နေသည်မှာ တစ်လကျော်ရှိလာပြီး နေ့စဥ်တိုက် ပွဲများဖြစ်ပွားနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ မိုးဗြဲမြို့အခြေစိုက်ခြေမြန်တပ်ရင်း အမှတ်(၄၂၂) တပ် စခန်းအနီးတိုက်ပွဲများမှာ နိုဝင်ဘာတစ်လလုံးနှင့် ယခုဒီဇင်ဘာအထိရှိနေသည်ဟု ဆိုသည်။ “မိုးဗြဲအခြေအနေကတော့ စကစ ဘက်ကစစ်ကြောင်းထိုးနေလို့ ရက်တိုင်းနီးပါးတိုက်ပွဲရှိတယ်။ခမရ (၄၂၂)နဲ့ ခမရ(၃၃၆) ကနေ လက်နက်ကြီးပစ်ကူအနေနဲ့ နေ့စဥ် ပေးနေသလို ဒရုန်းနဲ့ ကျေးရွာတွေကို ဗုံးကြဲတာလည်းရှိတယ်”ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက ပြောသည်။ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲနှင့် လွိုင်ကော်မြို့ လမ်းပိုင်းထိန်းချုပ်ရန်နှင့် ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားသည့် စခန်းများပြန်လည်ရရှိရန် စစ်ကောင်စီ၏ ထိုးစစ်တွင် ပအိုဝ်းပြည်သူ့စစ် PNO အပါအဝင် တပ်အင်အား ၅၀၀ နီးပါးအသုံးပြုထားကြောင်းလည်း အသိပေး သည်။
“ရန်သူ့ဖက်က လက်နက်အင်အား သာလွန်နေတာမို့ ဆက်ပြီးခုခံနိုင်ဖို့ ကျနော်တို့ကို “ကျည်”ဘဲပေးပါ”ဟု KNDF နှင့် မိုးဗြဲ PDFတို့က ဦးစီးသည့် စုပေါင်းကူညီထောက်ပို့ကျည်ကမ်ပိန်းတာဝန်ရှိသူက ပြောသည်။ ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်က မိုးဗြဲမြို့ကို စစ်ကောင်စီဖက်မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် အဆိပ်ငွေ့ပြားများကိုပါထည့်သွင်းအသုံးပြုလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီဇင်ဘာ ၁၃ ရက်တွင် အသိ ပေးထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် ကရင်နီပြည်နယ်ကို ထိန်းချုပ်ရေးအတွက် ယခုနှစ်နှစ်လယ်ပိုင်းကစ၍ ဆီဆိုင်-လွိုင်ကော် နှင့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းများမှ မြေပြင်စစ် အင်အား ၃,၀၀၀ခန့် ဖြည့်ဆည်းထားသည်။ နိုဝင်ဘာ ၂၆ ရက်က မိုးဗြဲ နှင့် လွိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးစားသည့် စစ်ကောင်စီ၏ တပ်မ (၆၆)လက်အောက်ခံ ခလရ(၈၀) တပ်ရင်းကို ကရင်နီ ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၆ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီတပ်သားငါးဦး ဖမ်းမိခဲ့ပြီး လက်နက် ၂၀ ကျော် သိမ်း ဆည်းရရှိခဲ့သည်။ Read in Full
၂။ ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ ထိုးစစ်စတင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်စခန်း သိမ်းရ
December 16, 2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ် မတော်(KIA)က ဒီဇင်ဘာ ၁၅ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုသည်။ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့နယ်ရှိ အင်အား ၁၀၀ ခန့်ရှိသော လာဟူဆယ် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။ အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ခေါင်လန်ဖူး မြို့နယ်အတွင်း KIA ၏ ထိုးစစ်ဆင်မှု အတွင်းစခန်းသိမ်းရခဲ့ကြောင်း အတည်ပြုသည်။“ပြည်သူ့စစ်တွေ ထွက်ပြေးသွားတယ်။ စခန်းကို KIA သိမ်းလိုက်ပြီ”ဟုသတင်းရင်းမြစ်ကပြော သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။ KIA နှင့် မဟာမိတ်တပ်များသည် ဒီဇင်ဘာ ၄ ရက်တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များနှင့် မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်များကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ နှစ်ပတ်နီးပါး ကြာသည်အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာ အများစုကို KIA မဟာမိတ်တပ်များက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီက လည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် ခုခံလျက်ရှိသည်။တိုက်ပွဲကြောင့် မြို့ခံအများစု စစ်ဘေးတိမ်းရှောင်နေကြရသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် စစ်ကောင်စီက မံစီနှင့် ဗန်းမော်သို့ လေကြောင်းအသုံးပြု ရိက္ခာ၊လက်နက်ခဲယမ်းထုပ်များ ဖြည့်တင်းခဲ့ ကြောင်း သတင်းရင်းမြစ်က အသိပေးသည်။ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သကဲ့သို့ KIA ဘက်ကလည်း လက်နက်ကြီး ဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ဗန်းမော်အခြေ စိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)နှင့် ခလရ(၄၇)တပ်ရင်းအနီးဝန်းကျင်တွင်တိုက်ပွဲများ ဖြစ် ပွားနေခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA က ကချင်ပြည်နယ်တွင်အနည်းဆုံးမြို့ ၁၄ မြို့ကိုသိမ်း ပိုက်ထိန်းချုပ်ထားပြီး ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းပိုက်ရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဘိမ်းမြို့နှင့် နမ့်ဖက်ကာဒေသကိုလည်းသိမ်းပိုက်ထိန်း ချုပ်ထားသည်။ Read in Full
၃။ ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီက လေကြောင်းဖြင့် အသည်းအသန်ခုခံ
December 16, 2024
အာရက္ခတပ်တော်(AA)က ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို သိမ်းပိုက်နိုင်ရေး အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိုးစစ်ဆင် နေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေကြောင်းပစ်ကူများဖြင့် အသည်းအသန်ခုခံနေ၍ တိုက်ပွဲပြင်းထန်နေသည်။ မြို့ကာ တပ်ရင်း ခမရ(၅၆၃)ကို AA က ဒီဇင်ဘာလ ၁၃ ရက်မှစ၍ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများမှာ ယနေ့ နံနက်ပိုင်းထိ ပြင်းထန် လျက်ရှိနေကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံမှသိရသည်။“မနေ့ကဆိုရင် နေလယ် ၁၂ နာရီလောက်က တစ် စီး၊ ၁ နာရီလောက်မှာတစ်စီး ဗုံးလာချတာ။ ဆေးရုံရယ်၊ မြို့မရပ်ကွက်အလယ်ရွာဖက်က တစ်နေရာ၊ သံတွဲမြို့ဖက်ကိုထွက်တဲ့ ဂွမြို့အထွက်က ကျော်ဇံဆီဆိုင်တွေကို ဗုံးကြဲချတာဗျ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဂွမြို့တွင် စစ်ကောင်စီ ၏ ခမရ (၅၆၂)၊ ခမရ (၅၆၃) တပ်ရင်းတို့ရှိပြီး မြို့တွင်းအဆောက်အအုံဖြင့် မြို့အဝင်/ အထွက်တို့တွင် တပ်စခန်းများတိုးချဲ့ကာ ခံစစ်ပြင်ဆင်ထားသလို ဧရာတီဘက်ခြမ်း မကျေးငူရွာဘက်ကလည်း အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးခံတပ် ပြင်ဆင် ထားသည်။
ပြည်မဒေသနှင့်ထိစပ်နေသည့် ရခိုင်ပြည်တောင်ဘက်တကြောတွင် ဂွမြို့သာကျန်ရှိတော့ပြီး စစ်ကောင်စီက လက်ကျန် မြို့မကျရေး ဧရာတီဘက်က လူအင်အား၊ လက်နက်အင်အားများကို စစ်ကူတောက်လျှောက်ပို့ကာ ခုခံနေကြောင်း စစ်ရေးသ တင်းရင်းမြစ်များထံမှသိရသည်။“တိုက်ပွဲတွေကအရင်းကိုပြင်းထန်နေတာ။ တစ်ခုစိုးရိမ်စရာက မြို့ထဲမှာရှိနေသေးတဲ့ ဒေသခံ တွေအတွက်ပဲ။ တိုက်ပွဲမပြင်းခင်တုန်းက ဧရာဝတီဘက်မှာ စစ်ရှောင်နေသူတချို့ အဲ့ဖက်မှာ စားဝတ် နေရေး အဆင်မပြေလို့ မြို့ ကိုပြန်ဝင်လာကြတာရှိတယ်။ သူတို့အားလုံး အခုပိတ်မိနေပြီ”ဟု မြေပြင်အခြေအနေကိုသိရှိသူ ဂွဒေသခံတစ်ဦးက ပြောသည်။ ရခိုင်ဒေသအတွင်း မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် ကျန်နေသေးသည့် မြို့များကိုသိမ်းပိုက်နိုင် ရေးမရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်က မြို့နယ် ၁၂ ခု၊ အမ်းမြို့တို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်၍ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့သာကျန်ရှိတော့ပြီဖြစ်သည်။ Read in Full
၄။ နန်းယွန်းမြို့အဝင်ဂိတ်တွေက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို NSCN-K သတိပေး
December 16, 2024
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့ အဝင်ဂိတ်တွေမှာရှိတဲ့ စစ်ကောင်စီအဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်တွေကို NSCN-K/Yung Aung အဖွဲ့က သတိပေးမှု လုပ်ဆောင်ခဲ့ပြီးနောက် နှစ်ဖက်အဖွဲ့ကြား ဖိအားပေးမှု လုပ်ဆောင်လာနိုင်ဖွယ် ရှိတယ်လို့ ဒေစတွင်း သတင်းရရှိပါတယ်။ စစ်ကောင်စီအဖွဲ့က မြို့ရဲ့ အဝင်အထွက်နေရာတွေမှာ စစ်ဆေးရေးဂိတ်များထားရှိကာ ဖြတ်သန်းသွားလာကြတဲ့ ခရီးသွား အများပြည်သူများကို စိတ်အနှောက်ယှက်ဖြစ်အောင် စစ်ဆေးမေးမြန်းပြုမူခြင်း၊ မတရား အခွန်အခ ကောက်ခံမှုများလုပ်ဆောင်ခြင်း စတာတွေကိုလုပ်ဆောင်နေတာကြောင့် NSCN-K/Yung Aung အဖွဲ့က နန်းယွန်းမြို့ အခြေစိုက်တပ်ရင်းအမှတ် ၁၂၆ ကို သတိပေးစာပေးပို့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း နှစ်ဖက်အပြန်အလှန် ဖိအားပေးနေတာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်ကတဆင့် သိရပါတယ်။“အရင်က သူတို့ရှိတယ်ဆိုရင်လည်း ဂိတ်ထိုင်တာမရှိဘူးပေါ့။ အဲလို ကောက်ခံတာလည်း မရှိဘူး။ အခုနောက်ပိုင်းက ဂိတ်မှာဆိုလည်း မူးပြီး ရစ်တာ။ ဂိတ်ထိုင်တာက ၂၀၂၄ က စတာ၊ အခုနောက်ပိုင်း ငွေညစ်တာတွေ ရှိလာတယ်” လို့ နန်းယွန်းမြို့ခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက အများပြည်သူ လွတ်လပ်စွာ သွားလာရေး အခက်ခဲဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နာဂဆိုရှယ်လစ်ကောင်စီ NSCN-K/Yung Aung အဖွဲ့က စာဖြင့်ပေးပို့ကာသတိပေးမှု လုပ်ဆောင်ခဲ့တယ်လို့သိရကြောင်း သို့သော် အသိပေးပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့က ဆက်လက်လုပ်ဆောင်နေတာကြောင့် နှစ်ဖက်အဖွဲ့တွေကြား အပြန်အလှန် ဖိအား ပေးလာတာ လုပ်ဆောင်လာနိုင်ကြောင်း ဖြည့်စွက်ပြောထားပါတယ်။ မြို့အဝင်အထွက်နေရာတွေမှာ စစ်ဆေးရေးဂိတ်များထား ရှိကာ အများပြည်သူတွေကို မလိုအပ်ပဲ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်ဆောင်ခြင်း၊ အကြောင်းမဲ့ ငွေကြေးတောင်း ခံနေခြင်း တို့ကို စစ်ကောင်စီအဖွဲ့က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ Read in Full
၅။ ရခိုင်နှင့် ပလက်ဝတွင် ယခုနှစ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် အရပ်သား ၁၂၃ ဦး သေဆုံး
December 16, 2024
ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့်စစ်ကျန်လက်နက်ကြောင့် အရပ် သား သေဆုံးသူ ၁၂၃ ဦးထိ ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ၏ ဒီဇင်ဘာ ၁၃ ရက်နေ့ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ သေဆုံးသွားသူများမှာ မောင်တောမှ ၁၅ ဦး၊ ဂွ ၅ ဦး၊ သံတွဲ ၃ ဦး၊ တောင်ကုတ် ၄ ဦး၊ ရမ်းဗြဲ ၆ ဦး၊ ကျောက်ဖြူ ၁၆ ဦး၊ အမ်း ၉ ဦး၊ မြေပုံ ၄ ဦး၊ မင်းပြား ၁၀ ဦး၊ စစ်တွေ ၁၅ ဦး၊ ပုဏ္ဏားကျွန်း ၃ ဦး၊ ရသေ့တောင် ၆ ဦး၊ ဘူးသီးတောင် ၄ ဦး၊ ကျောက်တော် ၅ ဦး၊ မြောက်ဦး ၂ ဦးနှင့် ပလက်ဝတွင် ၁၆ ဦး ဖြစ်သည်။ AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ခံနေရသည့် စစ်ကောင်စီသည် မြေမြှုပ်မိုင်း အများအပြားအသုံးပြုကာ ခံစစ်ပြင်ဆင်ခြင်းကြောင့် ဒေသခံများမှာ မကြာခဏ မြေမြှုပ်မိုင်းပေါက်ကွဲ၍ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းအပြင် အသက်ဆုံးရှုံးခြင်းတို့ကိုပင် ကြုံနေကြရကြောင်း ရခိုင်ဒေသခံများက ပြောသည်။ ကျောက်ဖြူဒေသခံ လူငယ်တစ်ဦးက “ကျနော်တို့ဒေသမှာဆို စစ်တပ်အနီးအနားတောင် မဟုတ်ဘူး။ ဒေသခံတွေရဲ့ တောတောင်တွေမှာပါ မိုင်းတွေ ထောင်ထားတာ။ မိုင်းနင်းမိတဲ့လူတွေလည်း မနည်းတော့ဘူ။ အခုဆို ဘယ်မှ မသွားရဲကြတော့ လုပ်စားရတာလည်း တော်တော်အဆင်မပြေဖြစ်လာတယ် ” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများ စခန်းချခဲ့သည့်နေရာများတွင် မျက်စိဖြင့် မမြင်နိုင်သည့် မြေမြှုပ်မိုင်းများရှိနေ၍ ဒေသခံပြည် သူများအနေဖြင့် ထိုကဲ့သို့နေရာများအား သတိပြုရှောင်ရှားရန် လိုအပ်ကြောင်း လူမှုကူညီရေး လုပ်ဆောင်နေသူများက ပြောကြ သည်။“စစ်ကောင်စီတပ်တွေ စခန်းချခဲ့တဲ့နေရာတိုင်းမှာ မြေမြှုပ်မိုင်းအလွန်အကျွံသုံးတဲ့အတွက် စစ်ပွဲအလွန်ကာလမှာတောင် ဒေသခံတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်လာဖို့ သေချာတယ်။ အဲဒါကြောင့် စစ်တပ်တွေ စခန်းချခဲ့တဲ့ နေရာတွေ ကို မလိုအပ်ဘဲသွားလာတာမလုပ်ဖို့ အရေးကြီးတယ်”ဟု လူမှုကူညီရေးလုပ်ဆောင်နေသူ စာရေးဆရာ ဝေဟင်အောင် ကပြော သည်။ မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ပထမ (၉) လအတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန် လက် နက်တို့ကြောင့် သေဆုံးသူ ၈၈၉ ဦး ရှိခဲ့ကြောင်း UNOCHA ထုတ်ပြန်ချက်တွင် ပါဝင်သည်။
၆။ လွိုင်ကော်မြို့မှာ ညဖက်အဖမ်းအဆီးရှိနေတယ်လို့ ဒေသခံတွေပြော
December 16, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက်အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ် လို့ မြို့နေဒေသခံတွေက ပြောပါတယ်။ ညဖက် ၆ နာရီနောက်ပိုင်းမှာ မြို့တွင်းနေထိုင်သူတွေက အပြင်မထွက်ကြတော့ပေယ့် အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သူတွေကို ဖမ်းဆီးတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။“သိတာတစ်ခုက သူတို့ ( စစ်ကောင်စီ) ဖမ်းတယ်။ အရွယ်ကောင်းဆို အမှုအမျိုးမျိုးတပ်တယ်။ ဥပမာ ည အချိန်မတော်ထွက်ရင်ဖမ်းတယ် မသင်္ကာ မှုအဲ့လိုပေါ့။ ငွေနိုင်ရင်ငွေနဲ့ရွေးမနိုင်ရင်အဝေးပို့ပြီး စစ်သားလုပ်ခိုင်းတာနေမှာပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လွိုင်ကော် မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စစ်မှုထမ်းဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် စစ်ကောင်စီက တပ်သားခေါ်ယူဖို့ လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့တွင်းရှိရပ်ကွက်မှာ နေထိုင်သူတွေကို စစ်မှုထမ်းဖို့ အဓိကခေါ်ယူနေပြီး မြို့စွန်ရှိ ရပ်ကွက်တွေကိုတော့ ပြည်သူ့လုံခြုံရေးအဖြစ် ခေါ်ယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်ရောက် လွိုင်ကော်ဒေသခံတွေကိုလည်း လက်ရှိမှာ နေရပ်ပြန်နေဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့တွေက ပြောဆိုနေပါတယ်။ နေရပ်ပြန်ကြည့်လိုသူ၊ နေအိမ်တွင်း ပစ္စည်းပြန်လည်သယ်ယူလိုသူတွေကို စစ်ကောင်စီက ဒေသကွပ်ကဲရေးမှူးဌာနချုပ် စစ်ဦးစီးရုံးရဲ့ ထောက်ခံစာကို တစ်ပါးတည်း ယူလာခိုင်းထားပါတယ်။ ထောက်ခံစာသက်တမ်းက တော့ တစ်ရက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ထဲမှာ ပစ်ခတ်မှုတွေလည်းရှိနေသလို နေအိမ် မှာ မြေမြှုပ်မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။“လွိုင်ကော်မှာ မာရှယ်လော ပုံစံ မထုတ်ထားပေမဲ့ ဟိုအရင်တည်းက ပစ်တာမျိုးရှိတယ်။ ည လူရိပ်မြင်ရင်ပစ်တယ်။ နမ့်ဘော်ဝမ် လို အစွန်ကျတဲ့နေရာမျိုးနဲ့ သူတို့( စစ်ကောင်စီ) ရှိတဲ့နေရာတွေ သေနတ်သံတွေ ကြားကြားရတယ်ဗျ။ ကျနော်ရှိစဥ်တုန်းက” လို့ သူက ပြောပါတယ်။ လက်ရှိမှာတော့ မြို့တွင်းမှာ ဒေသခံလူငယ်အမျိုးသားတွေ ပြန်လည်နေထိုင်မှု နည်းပါးနေပြီး တချို့က လည်း စစ်ကောင်စီရဲ့ စစ်မှုထမ်း နဲ့ ပြည်သူ့လုံခြုံရေး ခေါ်ယူမှုကြောင့် ထပ်မံ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
၇။ ဒေသခံတွေကို အသက်အန္တရာယ်ခြိမ်းခြောက်စာပို့တဲ့ ကျွန်းစု ဒေါင်းနက်အဖွဲ့ဝင်လေးဦးကို ပကဖ ဖမ်းဆီး
December 16, 2024
ကျွန်းစုမြို့နယ်က အရပ်သားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အသက်အန္တရာယ်ခြိမ်းခြောက်စာပေးပို့တဲ့ ဒေါင်းနက် Black Peacock (စစ်ခွေးလက်ပါးစေသုတ်သင်ရေးအဖွဲ့)က အဖွဲ့ဝင်တချို့ကို မြို့နယ် ပကဖက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံ တွေဆီကစုံစမ်းသိရှိရပါတယ်။ အခုလ ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ဘန္ဒနဲကျေးရွာအုပ်စု၊ မုံချောင်းကြီးရွာမှာ ဒေါင်းနက်အဖွဲ့ဝင်လေးဦးဟာ လက်နက်တွေနဲ့အတူ အဖမ်းခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။“ကျွန်းစု(ပကဖ)ကို စာရင်းရှင်းစရာရှိတယ်လို့ ပြောပြီးလာတာ။ မုံချောင်းကြီးရောက်တော့ အဖမ်းခံလိုက်ရတာပဲ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဲဒီဒေါင်းနက်အဖွဲ့ဝင်လေးဦးကို ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တွေကအတည်ပြု ပြောဆိုပါတယ်။
ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကတော့ ဒေါင်းနက်အဖွဲ့ဝင် လေးဦးအဖမ်းခံရတယ်ဆိုတာဟာ မှန် ကန်ပြီး သူတို့ကိုစစ်ဆေးနေဆဲပဲလို့ ပြောပါတယ်။ “ဒေါင်းနက်အဖွဲ့ဝင်လေးဦးအဖမ်းခံရတာမှန်တယ်။ အသေးစိတ်တော့ မသိ ရသေးပါဘူး။”လို့ ကျွန်းစု(ပကဖ)ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ဒေါင်းနက်အဖွဲ့ဟာ ကျွန်းစုမြို့နယ်ထဲက ကော်ဇယာ၊ မဲတောနဲ့ ဘန္ဒနဲကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ ဒေသခံတချို့ကိုသတ်ဖြတ်မယ်လို့ ခြိမ်း ခြောက်စာတွေပေးပို့တဲ့အပြင် အသေး စား စီးပွားရေးလုပ်ငန်းရှင် တွေဆီကိုလည်း စာပို့ပြီး ခြိမ်းခြောက်ငွေတောင်းတာတွေလုပ်နေတဲ့အဖွဲ့ပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း ကျောက်ကုန်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေတဲ့ ရွှေဂဲညိုရွာသားတစ်ဦးကို ဒေါင်းနက်အဖွဲ့က ဖမ်းဆီးသတ် ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၈။ မင်းတပ်မြို့ပေါ်ကိုစစ်ကောင်စီက Y-12 ၊ဂျက်ဖိုက်တာလေ ယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ
December 17, 2024
မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က Y-12 ကင်းထောက်လေယာဉ်၊ဂျက်ဖိုက်တာဖြင့် ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က Y-12 ကင်း ထောက် ထောက်ပို့လေယာဉ်နဲ့ အတွဲလိုက် ဗုံးသီးတွေနဲ့ နေ့တိုင်းဆက်တိုက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဂျက်ဖိုက်တာဖြင့် ဒီကနေ့ မနက် ၆ နာရီ၀န်းကျင် မှာ ပေါင် ၅၀၀ အားရှိတဲ့ ဗုံးသီးနှစ်လုံးနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါ တယ်။
အဲဒါနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက” အခု ကင်းထောက်တွေနဲ့ တောက်လျှောက်ကြဲတာ။တစ်ခါလာရင် အနည်းဆုံး နာရီတစ်ချက်လောက်ကြာတယ်။ ဒီမနက်လည်း လာကြဲတယ်။အသံတွေကတအုန်းအုန်းပဲကြားရတယ်။ဒီမနက် ဂျက်ဖိုက်တာ တော့ နှစ်ကြိမ်လာပစ်တယ်” လို့ ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက် စီးမှုတွေရှိနိုင်ပေမယ့် လုံခြုံရေး၊ ဆက်သွယ်ရေးအခက်အခဲတွေကြောင့်အသေးစိတ်မသိရှိနိုင်သေးဘူးလို့သူကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် မနက် အစောပိုင်း နှစ် နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က မင်းတပ်မြို့ကို ကင်းထောက်လေယာဉ်ဖြင့် အတွဲလိုက်ဗုံးသီးတွေ အသုံးပြု ပြီး ၁၂၀ မမ အလုံးရေ ၆၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ Read in Full
၉။ စစ်ကောင်စီ နဲ့ MNDAA ကိုးကန့်အဖွဲ့ ဆက်လက်ဆွေးနွေးဖွယ်ရှိ
December 16, 2024
တရုတ်နိုင်ငံရဲ့ အစီအစဉ်နဲ့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်အဖွဲ့ ကိုယ်စားလှယ်တွေ တနင်္ဂနွေနေ့က ဆွေးနွေးမှုတွေ စတင်ခဲ့ကြတာပါ။ ဆွေးနွေးပွဲကို တရုတ် ကိုယ်စားလှယ်တချို့လည်း တက်ရောက်ခဲ့ပါတယ်လို့ အမည်မဖော်လိုတဲ့ကိုးကန့်အဖွဲ့ နဲ့နီးစပ်သူက ပြောပါတယ်။ ဆွေးနွေးမှု အသေးစိတ်တော့မသိရသေးသလို ဆွေးနွေးပွဲရလဒ် အဖြေမရသေးတဲ့အတွက် ရက်တိုးပြီး ဆက်လက် ဆွေးနွေးနိုင်ဖွယ်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ကိုးကန့်အဖွဲ့ နဲ့နီးစပ်သူ ကပြောပါတယ်။ မူလအစီအစဉ်အရ ဒီကနေ့မှာ အဖွဲ့တွေပြန်လာဖို့ စီစဉ်ထားပေမယ့် ဒီကနေ့ညနေပိုင်းထိ ပြန်လာနိုင်ခြင်းမရှိ သေးသလို ဘယ်နှစ်ရက်ထပ်တိုးမလဲ ဆိုတာ ကိုလည်း မခန့်မှန်းနိုင်သေးဘူးလို့ ကိုးကန့်အဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။ မနေ့က ဆွေးနွေးမှုမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ စစ်ရေးတင်းမာမှုတွေအပေါ်မှာ ဆွေးနွေးတာမျိုးရှိခဲ့တယ်လို့ သိထားရပါ တယ်။ ဘယ်လောက်ထိ ချပြဆွေးနွေးခဲ့သလဲ၊ စစ်ကောင်စီ ဘက်က ဘယ်လို တုံ့ပြန်ဆွေးနွေးခဲ့လဲဆိုတာ မသိရသေးပါဘူး။ ဆွေးနွေးမှု အတိအကျကိုတော့ သူကဖြေဆိုဖို့ ငြင်းပါတယ်။ ကိုးကန့်အဖွဲ့နဲ့နီးစပ်သူအဆိုအရလည်း ဆွေးနွေးပွဲ စတင်ချိန်နဲ့ တချိန်တည်းမှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရခိုင်ပြည်နယ်နေ့ နှစ်ငါးဆယ်ပြည့်မိန့်ခွန်းမှာ MNDAA အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်တပ်တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ဖို့ ထည့်သွင်းပြော ဆိုခဲ့တဲ့အတွက် ဆွေးနွေးမှုအပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ နီးစပ်သူအပြောအရ စစ်ခေါင်းဆောင်မိန့်ခွန်းအရ လက်ရှိစစ်ပွဲတွေ ဟာ တဖက်သတ် လုပ်ဆောင်သလို အပြစ်ပုံချတာမျိုး ခံစားရစေပြီးလုပ်နေတဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့အသုံးအနှုန်းဖြစ် တယ်လို့ တိုင်းရင်းသားတွေဘက်က ယူဆချက်တွေ ရှိနေတာပါ။
အခုဆွေးနွေးပွဲကိုတော့ တရုတ်- မြန်မာနယ်စပ်က အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူ သတင်းရင်းမြစ်ဆီက သိထားရသလောက် စစ်ကောင်စီဘက်က အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ဆွေး နွေးခဲ့ပြီး ကိုးကန့်အဖွဲ့မှာတော့ ဖုန်တာရွှင် သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေး ဌာနကြီးမှုး ဖုန်ခွင်းက ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး မကြာခင်ရက်ပိုင်းမှာလည်း အာရက္ခတပ်တော် AA၊ တအန်းပလောင် TNLA တပ်ဖွဲ့တွေနဲ့ ဆွေးနွေး ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ဆိုပေမယ့် ဒါကိုအတည်မပြုနိုင်သေးပါဘူး။ ဒီဆွေးနွေးပွဲဖြစ်မလာခင် တရုတ်ဘက် က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့၊ TNLA အဖွဲ့နဲ့ ဒီဇင်ဘာ ၈ ရက်နေ့၊ KIA အဖွဲ့နဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွေမှာ တွေ့ဆုံခဲ့သလို မြောက်ပိုင်းအဖွဲ့ဝင်မဟုတ်တဲ့ ဝအဖွဲ့နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ မှာ တွေ့ဆုံ တာတွေ လုပ်ခဲ့ပါသေးတယ်။ ဒါတွေအပြီး အခုလိုတိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီသီးခြားစီတွေ့ဖို့ဖြစ်လာခဲ့တာပါ။ စစ်ရေး နဲ့ ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ လားရှိုးမြို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ ကိုးကန့် MNDAA အဖွဲ့အပေါ် တရုတ်ရဲ့ဖိအား တွေ ရှိနေချိန်မှာ အခုလိုတရုတ်နိုင်ငံမှာ စစ်တပ်နဲ့ MNDAA ကိုယ်စားလှယ်တွေ တွေ့ဆုံကြမှာဖြစ်ပါတယ်။ တရုတ်ရဲ့ စီးပွားရေး အကျိုးစီးပွား အများအပြားရှိနေတဲ့ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အဆက်မပြတ် လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ Read in Full
၁၀။ KNU ဌာနချုပ်ဟောင်း မာနယ်ပလောကို နှစ် ၃၀ ကြာပြီးနောက် KNLA ပူးပေါင်းတပ် ပြန်သိမ်း
December 17, 2024
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)ဖားအံခရိုင် KNU ဌာနချုပ်ဟောင်း မာနယ်ပလောရှိ စစ်ကောင်စီအထိုင်ချ တပ်စွဲထားသည့် ပွိုင့် ၉၁၃ နို့ဒေးစခန်းကို KNLA ပူးပေါင်းတပ်မှ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်း တပ်မဟာ(၇) ဖားအံခရိုင် သတင်းရင်းမြစ်မှ အတည်ပြုသည်။ ၁၉၉၅ ခုနှစ်တွင် စစ်ကောင်စီတပ်က KNU ထံမှသိမ်းပိုက်ကာတပ်စွဲထားသည့် ပွိုင့် ၉၁၃ နို့ဒေးစခန်း(ခေါ်) ၉၁၃ ဗျူဟာစခန်းကို နှစ် ၃၀ နီးပါးကြာပြီးနောက် (ဒီဇင်ဘာ ၁၆ ရက်)ညနေပိုင်းတွင် KNLA ပူးပေါင်းတပ်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း ပွိုင့် 5 ၊ ၁၂၀ မမ ၊ ၈၁ မမ လက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ ပွိုင့် ၉၁၃ နို့ဒေးစခန်းကို KNLA ပူးပေါင်း တပ်က နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး တလခွဲခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။
မာနယ်ပလောနယ်မြေတွင် ပွိုင့် ၉၁၃ နို့ဒေးစခန်း၊ ကဆောဝါးလေးစခန်း၊ မြောက်ကုန်းစခန်း၊ သဒေါ့ဝါး လေးစခန်း၊ ကယ်ဂေါ်ကျိုးစခန်း၊ ဖူးလောကုန်းစခန်းတို့ကို KNLA ပူးပေါင်းတပ်မှ ၂၀၂၃ ခုနှစ်မှစတင်ကာ ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ပွိုင့် ၉၁၃ နို့ဒေးစခန်းမှအပ ကျန်စခန်းငါးခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။“စပြီးဖြတ်တောက်တာကတော့ ၂၃ နှစ်စ တည်းကပေါ့။ ဒါပေမယ့် ၂၄ မှ ထွက်သွားတဲ့စခန်းတွေရှိတယ်။ ကယ်ဂေါ်ကျိုးတို့ ဘာတို့ဆို ဒီ ၂၀၂၄ အစပိုင်းမှာမှ ထွက်သွား တယ်”ဟု အခြားသတင်းရင်းမြစ်တခုက ပြောသည်။ မာနယ်ပလောနယ်မြေရှိ နောက်ဆုံးကျန်ရှိနေသည့် ပွိင့် ၉၁၃ နို့ဒေးစခန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် KNLA ပူးပေါင်းတပ်မှသိမ်းပိုက်နိုင်ခဲ့ပြီး မာနယ်ပလောနယ်မြေရှိစခန်းများအားလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ မာနယ်ပလောကို ၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ပြီး KNU ဌာနချုပ်အထိုင်ချခဲ့ သည်။ မြန်မာစစ်တပ်က ၁၉၉၂ ခုနှစ်တွင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် KNU ထံမှ သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်ကသိမ်းပိုက်ထားသည့် မာနယ်ပလောရှိ KNU ဌာနချုပ်ဟောင်းကို KNLA ပူးပေါင်းတပ်များက နှစ်ပေါင်း ၃၀ နီးပါးကြာပြီးနောက် ပြန်လည်သိမ်းယူ နိုင်ခဲ့ခြင်းဖြစ်သည်။ Read in Full
၁၁။ ရွှေသောင်ယံမြို့က ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ဖိအားပေး ရွှေ့ပြောင်းခိုင်း
December 16, 2024
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့မှာ လာရောက်ခိုလှုံနေတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေ က ဒီဇင်ဘာ ၁၄ ရက်နေ့ကစလို့ တစ်ပတ်အတွင်း ပြောင်းရွှေ့ပေးဖို့ အကြောင်းကြားထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ စစ်ဘေးဒုက္ခသည်တွေက ဒီဇင်ဘာ ၁၆ ရက်နေ့ပြောပါတယ်။ ရွှေသောင်ယံမြို့မှာ ရခိုင်ပြည်နယ် ဂွမြို့နယ်က စစ်ဘေး ဒုက္ခ သည်တွေနဲ့ ရေလုပ်ငန်း လာရောက်လုပ်ကိုင်နေသူတွေ ရှိနေတာဖြစ်ပြီး သူတို့အားလုံးကို ရခိုင်ပြည်နယ်နဲ့ဝေးတဲ့ ဧရာဝတီတိုင်း က နောက်ထပ် မြို့ရွာတွေကို ပြောင်းရွှေ့ကြဖို့ ဖိအားပေးနေတာလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။“ရွှေသောင်ယံ မြို့မှာ ဂွဘက်က လုပ်ငန်းလုပ်တဲ့သူတွေ ရှိကြတယ်။ ကျွန်တော်တို့ စစ်ရှောင်တွေရော ဘာရောအကုန်လေ။ အဲဒါတွေကို အကုန် မနေရဘူးဆိုပြီးတော့ တစ်ပတ်အတွင်း ဖယ်ပေးရမယ်ဆိုပြီး ပြောတယ်။ ငါးဖမ်းလှေတွေကတော့ မဆင်းရတာ ကြာပြီလေ။ ငါးဖမ်းလှေတွေကို ပိတ်လည်းပြီးရော အခုကျတော့ ၁၄ ရက်နေ့ကနေ ထပ်ပြောတာပေါ့။ စစ်ရှောင်တွေ ဖယ်ပေးရမယ်။ နေလို့မရဘူးပေါ့” ဘာကြောင့် ရွှေ့ပြောင်းခိုင်းတယ်ဆိုတာ အတိအကျ မသိရသေးဘဲ နေရပ်စွန့်ခွာလာသူတွေကို ဧရာဝတီတိုင်း အတွင်း ရေလုပ်ငန်းလုပ်ကိုင်ခွင့် ကန့်သတ်တာ၊ စစ်ဆေးမှု တင်းကျပ်တာတွေလည်း တိုးလုပ်လာတယ်လို့ သူက ပြောပါတယ်။
ဒီ့အပြင် ချောင်းသာနဲ့ ရွှေသောင်ယံမြို့ကို ရခိုင်ပြည်နယ်ကနေ ရွှေ့ပြောင်းလာတဲ့အခါ နေထိုင်ခွင့်ရဖို့အတွက် ပုသိမ်မြို့ က အုပ်ချုပ်ရေးမှူးရုံးရဲ့ ထောက်ခံချက်ရဖို့ လူကိုယ်တိုင် ထောက်ခံစာ သွားလုပ်ရတယ်လို့ ချောင်းသာ ဒေသခံတစ်ဦးက ပြောပါတယ်။ရွှေသောင်ယံမြို့မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့်ရှိပြီး အခုလို ကန့်သတ်ချက်တွေ များလာတာကြောင့် နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် ခက်ခဲလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေကပြောပါတယ်။ ရခိုင်ပြည် နယ် ဂွမြို့အနီးမှာတိုက်ပွဲ ပြင်း ထန်လာပြီးနောက် အခုဒီဇင်ဘာအတွင်းမှာပဲ စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင် ပြည်နယ်အစပ် ရခိုင်ရိုးမတစ်လျှောက်မှာ အမြောက်လက်နက်ကြီးတွေ တပ်တာ၊ မြေမြှုပ်မိုင်း ထောင်တာနဲ့ ဧရာဝတီ တိုင်းဘက်က အရပ်သားတွေကို ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ Read in Full
၁၂။ သိမ်ဇရပ်မြို့ ပစ်ခတ်မှု နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ
December 17, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးရဲဘော်တွေထံကနေ သိရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဝါးဒက်ကွင်းကျေးရွာရှိ KKK ကြက်စာအရောင်းဆိုင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတို့ကြား နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ဒေသအခြေစိုက် တော်လှန် ရေး ရဲဘော်တွေရဲ့ ပြောပြချက်အရ အဲဒီပစ်ခတ်မှုဟာ နှစ်ဖက်အပြန်အ လှန် ကင်းပုန်းလာဝပ်စဉ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ အဲဒီပစ်ခတ်မှုအတွင်း ခရီးသွားကားတစ်စီး ကြားညှပ်ပစ်ခတ်ခံခဲ့ရပြီး ခရီး သည်တစ်ဦး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုပြီးနောက် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာနိုင်တဲ့ လမ်းကြောင်းတွေဘက်ကို လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ် ပြန်တာ မရှိသေးပါဘူး။ Read in Full
၁၃။ RCSS က SSPP ကို မိုင်းဆွဲတိုက်ခိုက်၊ ကလေးငယ်နဲ့ မိသားစုသုံးဦး ဒဏ်ရာရ
December 17, 2024
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စုမှာ SSPP ရဲ့ ယာဉ်တန်းကို RCSS က မိုင်းဆွဲတိုက် ခိုက်ရာမှာ ခရီးသည်တင်ယာဉ်ကို တိုက်ခိုက်မိတာကြောင့် သုံးလအရွယ်ကလေးငယ်နဲ့ မိသားစုဝင်သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။ အဲ့ဒိဖြစ်စဉ်မှာ RCSS က မိုင်း ၂၁ လုံးအသုံးပြုခဲ့ရာ ၁၉ လုံးပေါက်ကွဲပြီး မကွဲသေးတဲ့မိုင်း နှစ်လုံးကို SSPP က ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ တုံလောကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေတဲ့ SSPP စစ်ယာဉ်တန်းကို RCSS ကမိုင်းဆွဲတိုက်ခိုက်ပြီးနောက် အနောက်ကရောက်ရှိလာတဲ့ ခရီသည်တင်ယာဉ်ကို ထပ်မံမိုင်းဆွဲတိုက်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။ အဲ့ဒီ့တိုက်ခိုက်မှုကြောင့် SSPP ယာဉ် မိုင်းစထိမှန်တာနဲ့ အရပ်သားထိမှန်တာတွေ ဖေါ်ပြပေမယ့် တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်မှုအခြေအနေကို ဖေါ်ပြခြင်းမရှိပါဘူး။ ခရီးသည်တင်ကားပေါ် လိုက်ပါလာတဲ့ မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေလုံကျေးရွာအုပ်စု၊ နောင်လျှော်ကျေးရွာနေ ဆရာမ နန်းလောဝ်ဟွမ်ဖွေး ၂၅ နှစ်နဲ့သမီးဖြစ်သူ နန်းအွန်ဖွေးဆိုင် ၁ နှစ်အပါ အဝင် သုံးလသားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ SSPP ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒဏ်ရာအရှိန်ကြောင့် သုံးလအရွယ်ကလေးငယ်မှာ နားအတွင်းပိုင်းက သွေးထွက်လွန်တာကြောင့် စိုးရိမ်ရတဲ့အခြေ အနေဖြစ်ကြောင်းနဲ့ ဒဏ်ရာရရှိထားသူများတွေ ဆေးကုသမှုခံယူစေဖို့ ဒေသတွင်း ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဖော်ပြ ထား ပါတယ်။ ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး RCSS ဘက်ကို မဲခေါင်သတင်းဌာနက ဆက်သွယ် မေးမြန်းနေဆဲပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် နေ့ကလည်း မိုင်းကိုင်မြို့နယ်ထဲက SSPP တပ်စခန်းနှစ်ခုကို RCSS ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးသွားတယ်လို့ SSPP ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးလည်း RCSS ဘက်က တုံ့ပြန်ချက် တစုံတရာမရှိခဲ့ပါဘူး။ Read in Full
၁၄။ ဗန်းမော်မြို့မှ တိမ်းရှောင်လာသောစစ်ရှောင်များအတွက် ဆေးဝါးနှင့်အသုံးအဆောင်ပစ္စည်းအကူအညီများလိုအပ်န
December 17, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်လာသောတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်း ရှောင်လာရသော စစ်ရှောင်ပြည်သူများအတွက် ဆေးဝါးနဲ့ အခြားအသုံးအဆောင် ပစ္စည်းအကူအညီများလိုအပ်နေကြောင်း သိရ ပါတယ်။ တိုက်ပွဲများကြောင့် ဒေါ့ဖုန်းယန်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသော ဗန်းမော်စစ်ရှောင်များအတွက် ဆေးဝါးအကူ အညီများလိုအပ်သည်သာမက ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်စောင်များ၊ အစားသောက်များနှင့် အိမ်အသုံးအ ဆောင် ပစည်း အကူအညီများ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းမှသိရသည်။
“ကျွန်တော်တို့မိသားစုက လူလည်းများတယ် စောင် ၂ ထည်ကိုပေါင်းခြုံရတယ်၊ ကလေးက နေလည်းမကောင်း အဖျား လည်းမကျဘူး၊ ထမင်းချက်စားဖို့ရန်အတွက် အိုးခွက်ပန်းကန်တောင် မရှိလို့ သူများတွေနဲ့ဘဲ ပေါင်းပြီးချက်စားနေရတယ်”လို့ ဒေါ့ဖုန်းယန်သို့ စစ်ရှောင်လာသော ဗန်းမော်မြို့စစ်ရှောင်အမျိုးသမီးတစ်ဦးမှ အခုလိုပြောပါတယ်။ စခန်းအတွင်း လေဖြန်းဖြစ်တဲ့ သူတွေလည်းရှိသလို ဖျားနာသူများလည်းရှိနေပြီး ဆေးဝါးအကူအညီလည်းလိုအပ်နေပါတယ်။ လက်ရှိဒေါ့ဖုန်းယန်တွင် ဗန်းမော် မြို့မှ ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင်ပြည်သူ လူဦးရေစုစုပေါင်းမှာ ၂၈၀၀ ကျော်ဖြစ်ကြောင့် Camp ကော်မတီများထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့မှစ၍ ဗန်းမော်မြို့အတွင်း၌ တိုက်ပွဲများစတင်ခဲ့သောကြောင့် ပြည်သူအချို့မှာ မိမိလွတ် မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပြီး အချို့မှာတော့ဗန်းမော်မြို့အတွင်း ပိတ်မိနေကြတဲ့သူတွေလည်း ရှိကြောင်းကိုသိရပါတယ်။ Read in Full
၁၅။ ကံပေါက်တွင် မောရဝတီရေတပ်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်ပြီး လမ်းကိုလည်းပိတ်
December 17, 2024
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဇာဒီရွာဘက်နှင့် ကလိန်အောင်မြို့ဘက်သို့ ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်အစောပိုင်း တွင် မောရဝတီရေတပ်စခန်းဌာနချုပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လက် နက်ကြီး ပစ်ခတ်သံကြားရပြီးနောက် ယနေ့နံနက်တွင် ကံပေါက်တိုက်နယ်နှင့် ပြည်ထောင်စုကားလမ်းမကို ချိတ်ဆက်ထား သည့် ကလိန်အောင်-ကံပေါက်လမ်းနှင့် နဘုလယ်တိုက်နယ်ဘက်သွားသည့် ဇာဒီလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားလိုက် ကြောင်း ကားသမားများထံကသိရသည်။ ဒီဇင်ဘာလ ၁၆ ရက်ညက ကံပေါက်နှင့် ဖားချောင်းရွာအကြား ရေကန်တောင်ပေါ်ရှိ တာဝါတိုင်စောင့်သည့် စစ်ကောင်စီတပ်သားများ အလစ်ငိုက်တိုက်ခိုက်ခံရကြောင်း ဒေသခံများကဆိုသည်။
“ရေကန်တောင်ထက်ကနေ စစ်သားတွေ ပြေးဆင်းလာပြီး ညကတိုက်ခံရတယ်ဆိုပြီး ကံပေါက်ရဲစခန်းမှာ လာသတင်း ပို့ကြတယ်။ မနက်စောစောကတည်းက စစ်ကားငါးစီး ဒယ်ကိုမိုင်းဘက်ကို ဝင်သွားပြီး ရဲစခန်းလမ်းလည်း ပိတ်ထားလိုက်တယ်” ဟု ကံပေါက်နယ်မြေရဲစခန်းနှင့် ဒယ်ကို သတ္တုမိုင်းတည်ရှိသည့် ကံပေါက်ရွာ မြသီတာရပ်ကွက် နေသူတစ်ဦးက ပြောသည်။ လက်နက်ကြီးပစ်ခတ်သံများသည် ယနေ့နံနက် ၉ နာရီဝန်းကျင်အထိ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရေကန်တောင်သည် တောင်ပေါ်တွင် တစ်ဖက်ပိတ်ဆည်ကန်ပြုလုပ်ထားပြီး ယင်းဆည်မှ ရေများကို ဒယ်ကိုမိုင်း သတ္တုလုပ်ငန်း နှင့် ရပ်ရွာရေပေးဝေရေးအတွက် သုံးစွဲသည်။ ယင်းတောင်ပေါ်ရှိ တာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်သားအချို့ ကင်းစောင့် တပ်စွဲကြောင်း ကံပေါက်ဒေသခံများကပြောသည်။ Read in Full
၁၆။ ဘာသာရေးအခမ်းအနားနဲ့ ပွဲတွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေးထုတ်ပြန်
December 17, 2024
မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ကာလဖြစ်သလို လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝ မကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်းမကြာခဏလေကြောင်းကနေ တိုက်ခိုက်မှုတွေကိုပြုလုပ်လျက်ရှိနေတာကြောင့် ပြည်သူ တွေအနေနဲ့ လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ ပြီးခဲ့တဲ့ ဇွန်လ လောက်ကတည်းက အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ယခုချိန် မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ကာလဖြစ်လို့ လေကြောင်းတိုက်ိုခိုက်မှုလည်း ပိုများလာတာကြောင့် အခမ်းအနား ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့နဲ့ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမယ်လို့်လည်း ကြေညာထားပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်တဲ့ နိုဝင်ဘာလ (၉)ရက်နေ့ကစလို့ နေ့စဉ်နီးပါး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်း ၅ နာရီခွဲဝန်းကျင်မှာလည်း ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သလို ၁၂၀ ဗုံးသီး ၃ လုံးတွဲ၊ ၅ လုံးတွဲ၊ ၈ လုံးတွဲတွေနဲ့လည်း ၁၁ ကြိမ် ဗုံးသီး ၆၀ ကျော်နဲ့ လေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ မင်းတပ်ဒေသခံ တွေဆီကနေ သိရပါတယ်။ ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင်စစ်ဆင်ရေး(Operation CB) ကို ဖလမ်းမြို့ နဲ့ မင်းတပ်မြို့တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ တစ်လ ရှိလာပြီဖြစ်ပြီး ဖလမ်းနဲ့ မင်းတပ်မြို့က စစ်ကောင်စီတပ်စန်း တော်တော်များများကိုလည်း သိမ်းပိုက်ထားနိုင်ပြီလို့လည်း သိထားရပါတယ်။ Read in Full
၁၇။ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂွမြို့တွင်းနေအိမ်များ မီးလောင်
December 17, 2024
ရခိုင်ပြည်၊ ဂွမြို့ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် (AA)က အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိုးစစ်ဆင်နေချိန် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြို့တွင်းနေအိမ် အများအပြား မီးလောင်ပျက်စီးသွား ခဲ့ကြောင်း သိရသည်။ ခမရ (၅၆၃) တပ်ရင်းအနီးရှိ ဂွမြို့မရပ်ကွက် အလယ်ရွာ၊ ကမ်းခြေဦးကျေးရွာနှင့် အနီးတဝိုက်ကို ဒီဇင်ဘာ ၁၆ နံနက်ပိုင်းတွင် လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် မီးလောင်သွားခြင်း ဖြစ်သည်။“တိုက်ပွဲက ငါးရက်ဆက်တိုက် ပြင်းနေတာ။ မြို့မရပ်ကွက်က အလယ်ရွာ ဒေသအခေါ် တံငါရွာလည်း ဖြစ်သလို ကျူးကျော်လို့လည်း ပြောလို့ ရတယ်။ တဲအိမ်လေးတွေ မီးလောင်ပျက်စီးသွားတယ်။ အိမ်အရေအတွက်ကိုတော့ အတည်ပြုလို့မရနိုင်သေးဘူး” ဟု ယင်းအခြေ နေသိရှိသူ ဒေသခံတစ်ဦးကပြောသည်။ ဂွမြို့တွင် စစ်ကောင်စီ ၏ ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်ရင်းတို့ရှိပြီးလက်ရှိတွင် စစ်ကောင်စီ တပ်သားများမှာ ခမရ ၅၆၃ အတွင်း စုခံကာ AA ထိုးစစ်ကို ခုခံနေကြခြင်းဖြစ်သည်။
အာရက္ခတပ်တော်(AA) သည့် ဂွမြို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ထိုး စစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီ ဖက်ကလည်း ကြေး၊ရေ၊ လေ တို့ဖြင့် အပြင်းအထန် ခုခံနေသည်။ တိုက်ပွဲပြင်းထန်နေသည့်နှင့်အမျှ စစ်ကောင်စီသည် AA ထိုးစစ်ကိုခုခံရန် ဧရာဝတီဘက်မှ စစ်အင်အား၊ လက်နက်အင်အား ဆက်တိုက်ပို့ဆောင်နေသည်ဟုလည်း မြေပြင် စစ်ရေး သတင်းရင်းမြစ် ထံမှ သိရသည်။“အင်အားက နေ့တိုင်းလိုလို ဖြည့်နေတာ။ အမ်းဘက်ကိုလည်းပို့တယ်။ ဂွဘက်ကိုလည်း ပို့တယ်။ ကြားထဲမှာ PDF တပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်တာကိုလည်း မကြာမကြာ ကြုံနေရပါတယ်” ဟု ပြောသည်။ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ၍ ဂွမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့မှာ ဂွချောင်းတံတားကိုဖြတ်၍ ဧရာဝတီဘက်ခြမ်း မကျေးငူရွာဘက်သို့ ဆုတ်ခွာသွားသူများလည်း ရှိနေသည်။ Read in Full
၁၈။ ထိုင်းနယ်စပ်ရှိ တပ်စခန်းများဆုတ်ခွာပေးခြင်းမရှိဟု “ဝ” တပ် ပြော
December 16, 2024
ထိုင်း-မြန်မာနယ်စပ်ရှိ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တပ်စွဲထားသည့်တပ်စခန်းများကိုဆုတ် ခွာ ပေးခြင်းမရှိကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ “၀” တပ်ဖွဲ့၏ တပ်စခန်း ၉ ခုကို ဒီဇင်ဘာအတွင်း နောက်ဆုံးထား ဖယ်ရှားပေးရန် ထိုင်းဘက်က တောင်းဆိုမှုရှိထားသည့် အခြေအနေတွင် UWSA က တပ်စခန်းများ ဆုတ်ခွာပေးရန် သဘောတူညီခဲ့ကြောင်း သတင်းဖော်ပြမှုများ ရှိနေမှုအပေါ် ဦးညီရန်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ထိုင်းသတင်းဌာနအချို့၏ ဖော်ပြချက်အပေါ် မြန်မာသတင်းဌာနအချို့က ယမန်နေ့တွင် ရေးသားဖော် ပြမှုရှိခဲ့ရာ UWSA က တပ်စခန်းများ ဆုတ်ခွာပေးရန် သဘောတူခဲ့ပြီး ဆုတ်ခွာရန် အချိန် ၃ လမှ ၄ လအထိ ပေးရန် တောင်းဆို ထားသည်ဟု ဆိုသည်။ ယင်းနှင့်ပတ်သက်ပြီး ထိုင်းနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ဦးညီရန်းက ပြောသည်။
“တွေ့ဆုံမှု(ထိုင်းနှင့် UWSA တွေ့ဆုံမှု)မျိုး မရှိကြသလို ဆုတ်ခွာပေးမယ်ဆိုတာတွေလည်း မရှိပါ” ဟု ဦးညီရန်းက နယ်စပ်ရှိ တပ်စခန်းများ အရေးနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ဖြေကြားထားသည်။ ထိုင်းဘက်က ဖယ်ရှားခိုင်းသည် တပ်စခန်းများသည် “၀” တောင်ပိုင်း ၁၇၁ စစ်ဒေသ ဧရိယာ၌တည်ရှိသည်။ ထိုသို့ ဖယ်ရှားခိုင်းသည့်ကိစ္စသည် UWSA နှင့် မပြီးဘဲ နိုင်ငံအချင်းချင်း ဆွေးနွေးရမည့်ကိစ္စဖြစ်ကြောင်း ဦးညီရန်းက ယခင်ပြောကြားထားသည်။ UWSA ၁၇၁ စစ်ဒေသသည် ရှမ်းပြည် နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိသည်။ နယ်စပ်ရှိ တပ်စခန်းများ ဖယ်ရှားခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ရေး တင်းမာမှု၊ စစ်ရေးပြင်ဆင်မှုများရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း UWSA နှင့် ထိုင်းအစိုးရ နှစ်ဖက်လုံးက စစ်ရေး တင်းမာခြင်းမရှိ စစ်ရေးပြင်ဆင်ခြင်းမရှိဟု ဖြေရှင်းထားသည်။ Read in Full
၁၉။ ထားဝယ်နဲ့ လောင်းလုံးက စစ်ကောင်စီတပ်သားတွေ နှစ်ရက်အတွင်းသုံးကြိမ်မိုင်းဆွဲခံရ
December 16, 2024
ထားဝယ်နဲ့ လောင်းလုံးမြို့နယ်က စစ်ကောင်စီတပ်သားတွေ နှစ်ရက်ဆက် သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ အခုလ ၁၃ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့အခြေစိုက် အမှတ် ၂၅ ခြေလျင် တပ်ရင်းက ထွက်လာတဲ့ စစ်ကောင်စီကင်းလှည့်ကားတစ်စီးကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DDT) က မိုင်းဆွဲတိုက် ခိုက်ခဲ့ပါတယ်။ “ကားပေါ်မှာ ဆယ်ကျော်လောက်ပါလာတယ်။ တည့်တည့်ထိတယ်၊ ကွဲအားလည်းပြင်းပါတယ်။ ပဒေသာမိုင်းပါ” လို့ DDT တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုရေလှိုင်းကပြောပါတယ်။ မိုင်းဆွဲခံရတဲ့နေရာဟာ အမှတ် ၂၅ တပ်ရင်းက အဆောက်အအုံတွေနဲ့ နံရံတစ်ခုသာ ခြားတဲ့နေရာဖြစ်တယ်လို့လည်း ကိုရေလှိုင်းရဲ့ပြောပြချက်အရ သိရပါတယ်။ အဲဒီအခြေအနေကြောင့် စစ်ကောင်စီ တပ်သားတွေရဲ့ ထိခိုက်မှု နောက်ဆက်တွဲအခြေအနေကိုတော့ အသေးစိတ်မသိရတေ့ဘူးလို့ သူကဆက်ပြောပါတယ်။
လောင်းလုံးမြို့နယ်မှာတော့ ကုန်းလမ်းနဲ့ရေလမ်းပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အခုလ ၁၂ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က မင်းရပ်ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အခုလ ၁၃ ရက်နေ့ ညသန်းခေါင်ကျော်မှာလည်း အဲဒီစစ်ကြောင်းက စစ်ကောင်စီ တပ်သားတွေကို ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လောင်းလုံးမြို့နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ် နှစ်ခုအတွင်း စစ်ကောင်စီတပ်သားတွေဘက်က တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံး ပကဖက ထုတ်ပြန်ထားပါတယ်။ လောင်းလုံးမြို့နယ်က တိုက်ခိုက်မှုတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း၊ အမှတ်(၂)တပ်ရင်း၊ အရိပ်မဲ့အထူးပြောက် ကျားတပ်ဖွဲ့နဲ့ လောင်းလုံး ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းကတော့ ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေ့မှာ အင်းဇောက်ရွာက အသက် ၅၀ ဝန်းကျင် အရွယ် ဒေါ်နွဲ့သန်း ကိုအကြောင်းမဲ့ပစ်သတ်ခဲ့ပါတယ်။ Read in Full
၂၀။ CDF-Hualngo တပ်သားများက PDF Zoland တပ်သား ၃ ဦးကို အုပ်စုဖွဲ့ဝိုင်းရိုက်မှုဖြစ်ပွား
December 16, 2024
PDF Zoland တပ်ရင်း (၅)က တပ်သား ၃ ဦးကို ၎င်းတို့ ဂိတ်စောင့်တဲ့နေရာမှာ ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF Hualngo တပ်သား ၂၀ကျော်ကဝိုင်းရိုက်မှု ဒီဇင်ဘာ ၁၂ ရက်ည ၇ နာရီတွင် ဖြစ်ပွားခဲ့ပါတယ်။ နောက်နေ့ ဒီဇင်ဘာ ၁၃ ရက်တွင် CDF Hualngo တပ်သားအချို့ရောက်လာပြီး “မနေ့ညဖြစ်ပျက်တဲ့ကိစ္စပေါ် ငါတို့ဘက်ကမှားတာ။ ဒါပေမယ့် အဖွဲ့အစည်းနာမည် နဲ့တော့ မတောင်းပန်နိုင်ဘူး” လို့ ပြန်လာပြောတဲ့အကြောင်း PDF Zoland တပ်ရင်း (၅) commander ကပြောပါတယ်။ ဖြစ်စဉ်မှာ ZRA နဲ့တိုက်ပွဲဖြစ်ပြီးနောက်ပြန်လာတဲ့ CDF Hualngo တပ်သား များဟာ ဒီဇင်ဘာ ၁၂ ရက်ညတွင် တီးတိန်မြို့နယ်၊ ဟိုင်မွှာလ်ကျေးရွာအနီးတွင်ချထားတဲ့ ဂိတ်ဖြတ်သန်းစဉ် အခုလို ပြဿနာဖြစ်ပွားခဲ့တာဖြစ်တယ်။ PDF Zoland တပ်ရင်း (၅) commander က “ဂိတ်တာဝန်ရှိတဲ့ တပ်စုမှူးစျေးဝယ်နေတုန်း တပ်သားတစ်ယောက်က ဂိတ်ကိုစောင့်တယ်။ သူက CDF Hualngo တပ်သားတွေကို ခဏစောင့်ဖို့ပြောတော့ သေနတ်တွေ မောင်းတင်ကြတယ်။ သူတို့က အရက်လည်းမူးကြတယ်။ ပြီး တော့ သူ့ကိုထိုးကြိတ်ကြတယ်။ အဲ့ချိန်မှာ တပ်စုမှူးရောက်လာပြီး ဖြန်ဖြေပြီး အားလုံးကြေအေးကြတယ်။ သူတို့ဂိတ်ကိုဖြတ် ပြီးနောက် သူတို့ရှေ့မှာသွားတဲ့သူတွေကိုပါခေါ်ပြီး အဲ့ဂိတ်မှာရှိတဲ့ ဂိတ်စောင့် သုံးယောက်ကိုထပ်မံထိုးကြိတ်ကြတယ်။ တပ်စုမှူးနဲ့ တပ်သားတစ်ယောက်က မျက်စီဖူယောင်ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ သူတို့ခြေထောက်နဲ့ကန်လို့ နံရိုးအက်လို့ ဆေးရုံတက်ရတယ်။ သူတို့ဘက်က စုစုပေါင်း အင်အား ၂၀ ကျော်တယ်။ တိုင်းမှူးအဆင့်လည်းပါတယ်။ ကျနော်တို့ဖြစ်စေချင် တာက အချင်းချင်းလေးစားမှုရှိရှိနဲ့ ကြိုတင်အသိပေးစေလိုတယ်” လို့ပြောပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး CDF Hualngo ဘက်ကလည်း အခုလိုပြောပါတယ်။“အဲဒါက စစ်ဆင်ရေးကနေပြန်လာတဲ့ ကျွန်တော်တို့ရဲဘော်တွေကို သူတို့ကအရက်မူးပြီး သေနတ်ထောက် တားလို့ အခုလိုပြဿနာဖြစ်တာ။ သူတို့ဂိတ်ကိုကျွန်တော်တို့ ကောင်းကောင်းခွင့်တောင်းပြီးသား သူတို့ PDF-Zoland ခေါင်းဆောင်တွေလည်းသိတယ်။ ပြီးတော့ သူတို့တားဒါက အကုန်လုံး ကို မဟုတ်ဘူး။ CDF-Hualngoram ခေါင်းဆောင်ပိုင်းစီးတဲ့ ကားနှစ်စီးနဲ့ ဆိုင်ကယ်တစ်ချို့ကိုတော့လွှတ်ပေးလိုက်ပြီးတော့ နောက်ကျန်တဲ့ တပ်စုတစ်စုကိုတားတာ။ သူတို့တွေလည်း ကိစ္စတစ်ခုခုရှိရင် ကျွန်တော်တို့ကိုပြောရင် ကောင်းကောင်းလွှတ်ပေး တာပဲ သူတို့ဂိတ်မှာအဲ့လိုလုပ်တာ မဖြစ်သင့်ဘူး။ သူတို့ဂိတ်စောင့်တဲ့နေရာကလည်း CDF-Hualngoram ဒေသမှာ။ ကျွန်တော်တို့ ဂိတ်နှစ်ခုကြားမှာ သူတို့ကဂိတ်ထိုးတာ။ ဆိုတော့ သူတို့အရက်မူးလို့ဖြစ်တဲ့ကိစ္စကို တကူးတက ဖြေရှင်းဖို့မရှိဘူး။” လို့ CDF-Hualngoram ဒုအတွင်းရေးမှူး (၁) က ပြောပါတယ်။ Read in Full
၂၁။ မွန်ပြည်နယ်တွင် စစ်တပ်က အင်အားဖြည့်ပြီး ခံစစ်အတွက် ဘန်ကာများဆောက်နေ
December 16, 2024
တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အား အလုံးအရင်းဖြည့်တင်း တာနဲ့ ခံစစ်အတွက် ဘန်ကာတွေ အခိုင်အမာတည်ဆောက်နေတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက ပြောပါ တယ်။ နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ နယ်မြေအများစု ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ တော့ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အဲဒီထဲမှာ မွန်ပြည်နယ်ရဲ့ တောင်ပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသ ၂ ခုလုံးကို စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေ နဲ့ တပ်အင်အားအလုံးအရင်း တိုးမြှင့်ထားသလို လုံခြုံရေးအရ စိုးရိမ်ရတဲ့ တပ်ရင်းတပ်စခန်းတွေမှာလည်း မဟာဗျူဟာမြောက် စစ်ရေးပြင်ဆင်ထားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ (MSRF) ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။ တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် တောင်ပိုင်းဒေသက ရေးမြို့နယ်မှာ ရေကြောင်းကနေတဆင့် အင်အား အလုံးအရင်း ဖြည့်တင်းနေပါတယ်။
အဲဒီအပြင် မြောက်ပိုင်းဒေသက သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တွေမှာလည်း တပ်အင်အား ထောင်နဲ့ချီ ဖြည့်တင်းထားသလို ဂိတ်စခန်းတွေမှာလည်း ရှိရင်းစွဲအင်အားထက် ၂ ဆနီးပါး တိုးမြှင့်ထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း ကပြောပါတယ်။ တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ တပ်အင်အား လို အပ်ချက် ကြောင့် မွန်ပြည်နယ်အတွင်းက မြို့ပေါ်နဲ့ ကျေးရွာဘက်တွေမှာ ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းနေပါတယ်။ မွန်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှုတွေ လျော့ကျလာပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ အကြောင်းအမျိုးမျိုးပြပြီး ပိတ်ဆို့ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) တပ်မှူးဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း မွန်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အရင် သုံးလနဲ့ နှိုင်းယှဉ်ရင် အကြိမ် ၃၀ ထက်မနည်း လျော့ကျခဲ့ တယ်လို့ လဂွန်းစာစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ Read in Full
၂၂။ ဝိုင်းမော်မြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဖျောက်နေရာယူထား တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်နေ
December 16, 2024
စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြားက ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာအချို့တွင် တပ်ဖျောက်ကာ နေရာယူထားသဖြင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။ လဘန်ကထောင်ကျေးရွာနှင့် နောင်ချိန်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်ဖျောက်ထားကြခြင်းဖြစ်ပြီး အဆိုပါတပ်ဖွဲ့ဝင်များကို လာရောက်တိုက်ခိုက်လာပါက တိုက်ပွဲ ဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။“သူတို့ဝင်လာတာ နှစ်ပတ်လောက်ရှိပြီ။ တချို့ က ဦးလဆန်အောင်ဝါဆုံးတဲ့အချိန်ဝင်လာတာ၊ တချို့က နောက်မှထပ်ဝင်လာတာ။ အစကတော့ ရွာထဲမှာရော ရွာပြင်မှာရော ဝတ်စုံပြည့်နဲ့နေတာ။ အခုက လဘန်နဲ့ နောင်းချိန်းကြားက ခြံတချို့မှာ အရပ်ဝတ်နဲ့ နေကြတယ်။ အပြင်ထွက်ရင် လက်နက် မကိုင်လာကြဘူး” ဟုဆိုသည်။ တပ်ဖျောက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကို အတိအကျမသိရဘဲ ဧရာဝတီ မြစ်ရိုးတစ်လျှောက် ဧကထောင်ချီရှိသည့် စိုက်ပျိုးရေးခြံများတွင်နေရာယူထားခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ ထို့အပြင် လဘန်ကထောင်ကျေးရွာအပြင်ဘက်တွင်လည်း နံနက်မှ ညနေအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာယူထားကြ သဖြင့် အချို့ဒေသခံများက စိုက်ပျိုး ရေးခြံများသို့သွားရောက်အလုပ်မလုပ်နိုင်ကြကြောင်း ဒေသခံ အခြားတစ်ဦးက ပြောသည်။
“မနက်ဆို လန်ခရူဆာနဲ့နေရာလာချသွားတယ်။ ညနေမှောင်လာရင် လန်ခရူဆာနဲ့ လာခေါ်တယ်။ ရွာထိပ်ကခြံနားမှာ နေရာယူထားတာ။ အဲတာကျော်သွားရင် တောင်တစ်လုံးရှိတယ်။ အဲ့ဘက်ကနေ တောဘက်က လူဝင်လာမှာကို စိုးရိမ်လို့ နေရာ ယူထားတယ်နဲ့ တူပါတယ်။ သူတို့နေရာယူထားတာ အရေးမကြီးဘူးလေ။ သူတို့ရှိလို့ ဟိုဘက်က လာပစ်ရင် ဒေသခံတွေနစ်နာ တယ်လေ” ဟုဆိုသည်။ လဘန်ကထောင်ကျေးရွာတွင် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်တိုက်ပွဲများမှ တိမ်းရှောင်ခဲ့သည့် စစ်ရှောင်များနေထိုင်ကြသဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာပါက ထပ်မံတိမ်းရှောင်ရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်ဟု သူကဆိုသည်။ လဘန်ကထောင်ကျေးရွာသည် ဧရာဝတီမြစ်အနီးတွင်တည်ရှိသည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခု ဖြစ် ပြီး အောက်ဘက်တွင် မခေါဒီကျေးရွာနှင့် အထက်ဘက်တွင် နောင်းချိန်းကျေးရွာတည်ရှိသည်။ ဝိုင်းမော်မြို့အနီးရှိ နောင်တာ လောကျေးရွာကိုလည်း စစ်ကော်င်စီတပ်က ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင်လည်း အင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့ပြီး နောင်တာလောကျေးရွာအတွင်းရှိ ကျေးလက်ဆေးပေးခန်းအတွင်း ဝင်ရောက်တပ်စွဲခဲ့သည်။ Read in Full
၂၃။ တမူးမြို့နယ်တွင် ချင်းအမျိုးသားတစ်ဦး ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်
December 16, 2024
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နောင်ကတ်ရွာသစ်ကျေးရွာရှိ ချင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၅ ရက်နေ့က အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း ဒေသခံများထံကသိရှိရသည်။ သတ်ဖြတ်ခံရသူသည် အသက် (၃၇) နှစ်အရွယ် ဦးဆေးထန်ဟု သိရှိရပြီး၎င်းသည် အမျိုးသမီးနှင့် ကလေး လေးဦးကျန်ရစ်ခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက် နေ့က ဦးဆေးထန်သည် မြန်မာ-အိန္ဒိယနယ်စပ် ကျေးရွာတစ်ရွာတွင်ကားဖြင့် စပါးပို့ဆောင်စဥ် မင်းသာကျေးရွာမှဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်း နှင့် တိုး၍ ကားကိုတားဆီးစစ်ဆေးကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်။ “စစ်သားတွေက ကားကို မသက်ာလို့ဆိုပြီးတားတယ်။ ကား တားပြီး လူကိုရိုက်နှက်စစ်ဆေးတယ်။ မသေရုံ ရိုက်နှက်စစ်ဆေးပြီးမှ ဦးဆေးထန် ကိုသေနတ်နဲ့ ပစ်သတ်လိုက်တာ။ ကားသမား လည်း ရိုက်နှက်ဒဏ်ရာနဲ့ ပြင်းထန်ဒဏ်ရာရတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက ပြော သည်။ မင်းသာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းလက်အောက်ခံသည့် ကသည်း၊ ပျူ၊ ရှမ်းနီ၊ နာဂ တပ်ဖွဲ့ ဝင်များက အရပ်သားများကို မကြာခဏ ဖမ်းဆီးရိုက်နှက်ပြီး အကြောင်းမဲ့သတ်ဖြတ်လေ့ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း မင်းသာကျေးရွာမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝက်ရူ့ကျေးရွာရှိ အရပ်သား ခြောက်ဦးကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ငါးဦးကိုပြန်လွတ်ပေးသော် လည်း တစ်ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်။ “စစ်သားတွေ ဖမ်းတုန်းက ရွာသား ခြောက်ယောက်ပါ။ ငါးယောက်ကိုတော့ ပြန်လွှတ်ပေးတယ်။ ကိုချစ်ကိုဆိုတဲ့ တစ်ယောက်ကိုတော့ PDF လို့စွပ်စွဲပြီး ရိုက်နှက် စစ်ဆေးနေတုန်းပါ။ ပြန်မလွှတ်ပေးသေးဘူး။ သေသလား၊ ရှင်သလားဆိုတာ အဆက်သွယ်မရသေးဘူး။ ပြီးတော့ ရွာထဲက ဆိုင်ကယ်တစ်စီးလည်း လုယူသွားပါတယ်”ဟု တမူးမြို့နယ် ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ် ဖမ်းဆီးထားပြီး ပြန်လွတ်လာသည့် ငါးဦးအနက် သုံးဦးသည် အသက် အန္တရာယ်စိုးရိမ်ရ သည့်အတွက် ယနေ့ထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။ Read in Full
၂၄။ TNIA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုရှိလာ
December 16, 2024
သျှမ်းပြည်မြောက်ပိုင်း TNIA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ တွင် ဆေးရုံ ၊ ဆေးခန်းနှင့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု စတင်လာသဖြင့် ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံများ အချို့ စိုးရိမ်နေကြောင်း နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ ဆေးဝါးပြတ်လပ်သည့်ထဲတွင် ငှက်ဖျားဆေး သည် နမ့်းခမ်းမြို့နှင့် မူဆယ်မြို့နယ် ဘက်တွင် လုံးဝပြတ်လပ်သွားခြင်းကြောင့် ၎င်း ငှက်ဖျားရောဂါ ခံစားနေရသည့် ဒေသခံ တစ်ဦးသည် အသက် အန္တရာယ်ထိ စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။ ၎င်းတို့ အပြန်အလှန်ပိတ်ဆို့မှုများ ပြုလုပ်ပြီး နောက် နမ့်ခမ်းမြို့သည် ရွှေလီမြို့နှင့် မူဆယ်မြို့နယ်ကိုသာ ဝမ်းစာအတွက် အဓိက အားထားရသည့် ဒေသ တစ်ခုဖြစ်သည်။
“လက်ရှိ ဆေးရုံ၊ဆေးခန်းနဲ့ ဆေးဆိုင်ဘက်မှာဆို ဆေးဝါးတွေတော်တော်ပြတ်လပ်လာတာတွေ့ရတယ်။ နှစ်ရှည်ရော ဂါ ခံစားနေရတဲ့သူတွေ သောက်တဲ့ဆေးတွေဆို မရတော့ဘူး။ အခုလုံးဝပြတ်လပ်သွားတာ ငှက်ဖျားဆေးဖြစ်နေတယ်။ ငှားဖျား ရောဂါ ခံစားရတဲ့သူက သူ့ဆေးနဲ့ မှ သက်သာမြန်တာ ခုက အရမ်း စိုးရိမ်နေရတယ်”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာ လ ၁ ရက်)တွင်လည်း စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ဂိတ် စခန်း (၅) နေရာထက်မနည်းတွင် ခြံထွက်သီးနှံနှင့် တပိုင်တနိုင် ဈေးသည်များကို နှစ်ဘက်တပ်ဖွဲ့များမှ ဖြတ်သန်းခွင့် မပေးဘဲ အပြန်အလှန် ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။“၁၀၂၇ စစ်ဆင် ရေး” စတင်ပြီးနောက် မူဆယ်မြို့နယ်ရှိ အစိုးရဆေးရုံ သည် ဆရာဝန် လုံလောက်မှုမရှိသည့်အပြင် ဆေးဝါး လုံးလောက်မှုမရှိခြင်းကြောင့် ပုဂ္ဂလိကဆေးရုံကိုသာ အားကိုးနေရနေသည့် အခြေအနေမျိုး ရှိနေကြောင်း မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။“ပြောရမယ်ဆို “၁၀၂၇ စစ်ဆင်ရေး”ကတည်းက စပြတ် တာပဲ။ လက်ရှိ ပုဂ္ဂလိကဆေးရုံကိုသာ အားကိုးနေရနေတယ် ဆိုပေမဲ့ ဆေးဝါးမလုံလောက်မှုတွေ တော်တော်များလာတယ်။ အခု နမ့်ခမ်းမှာက ဆရာဝန်တွေ စုံလာတယ် မူဆယ်ကနေတောင် သွားကုကြသေးတယ် ဒါပေမဲ့ ဆေးဝါးလုံလောက်မှု မရှိတော့ ခက်ခဲဖြစ်စေတာမျိုးရှိတယ်”ဟု ၎င်းက ပြောသည်။ Read in Full
၂၅။ စစ်ဘေးရှောင်များအတွက် ဘတ်နှစ်သန်းတန်ဖိုးရှိ အကူအညီများပေးအပ်ခဲ့ကြောင်း KPSN ထုတ်ပြန်
December 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ခရိုင်(၄)ခုတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် စစ်ရှောင် ပြည်သူ များအား ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဘတ်နှစ်သန်းတန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက် အကူပြုကွန်ရက်-KPSN ကထုတ်ပြန်ထားသည်။ စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ကေအဲန်ယူ၏ ထိန်း ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင် (၉)သိန်းခန့်ရှိသည့်အနက် အရေးပေါ်အကူအညီလိုအပ်နေသည့် ခရိုင်(၄) ခုအတွက် စားနပ်ရိက္ခာ အကူအညီများနှင့်ငွေကြေး အထောက်အပံ့များကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ကွန်ရက်၏ ပြောရေးဆို ခွင့်ရှိသူ နော်ဝါးခူရှီးက ပြောသည်။ ၎င်းက “ခရိုင် (၇) ခုထဲမှာ ပြန်ကြည့်ရင် စစ်ဘေးရှောင်က (၉)သိန်းလောက်ရှိနေသေးတယ်။ တိုက်ပွဲက ပုံမှန် ဆက်ရှိနေသေးတော့ ရွာကို မပြန်နိုင်ကြသေးတဲ့အတွက် အကူအညီတွေ ဆက်လိုအပ်နေ သေးတဲ့အပေါ်မှာ ဘယ်နေရာကတော့ဖြင့် အဓိက ပိုလိုအပ်နေသလဲဆိုတာကို ခရိုင်မှူးတွေနဲ့ ဆွေးနွေးပြီး သူတို့ပြောလာတဲ့နေရာကို သူတို့ရဲ့ အကူ အညီနဲ့ သွားကူညီဖြစ်ခဲ့ကြပါတယ်”ဟု ပြောသည်။ KPSN အနေဖြင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေများဖြစ်သည့် ဒူးသထူ (သထုံ) ခရိုင်၊ ဒူးပလာယာခရိုင်၊ ညောင်လေးပင်ခရိုင် နှင့် မူတြော်(ဖာပွန်) ခရိုင် (၄)ခုအတွင်းရှိ စစ်ရှောင်နေရဆဲ စစ်ဘေးရှောင် (၅,၀၀၀) ကျော်အတွက် ခရိုင်အလိုက် လိုအပ်ချက်များအပေါ်မူတည်၍ အကူအညီများ ပေးပို့လှူဒါန်ခဲ့ကြောင်း KPSN က ပြောသည်။
ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ စစ်ဘေးရှောင်လူဦးရေ (၆၆၂)ဦး အိမ်ထောင်စု အားဖြင့် ၁၂၀ ခန့်ကို ဘတ်ငွေ(၅)သိန်း တန်ဖိုးရှိငွေကြေး အကူအညီများကို ပေးအပ်ခဲ့ပြီး ဒူးပလာ ယာခရိုင်၊ ကျုံဒိုး မြို့နယ်အတွင်းရှိ ရေပူကြီး ကျေးရွာအုပ်စုမှ ဒေသခံ စစ်ဘေးရှောင် (၁,၆၄၁) ဦး အိမ်ထောင်စုအားဖြင့် (၅၃၇) စုကို ဘတ် ငွေ (၃) သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာ အကူအညီများကို ပေးအပ်ခဲ့ကြောင်း KPSN ကထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ရှောင်အများဆုံးရှိရာ ညောင်လေးပင်ခရိုင် အတွင်းရှိ အကူအညီ အဓိကလိုအပ်နေသည့် ကျေးရွာ(၄)ရွာမှ စစ်ဘေးရှောင်(၂,၅၆၀)ဦးအတွက် ဘတ်ငွေ (၅)သိန်းတန်ဖိုးရှိ အရေးပေါ် စားနပ်ရိက္ခာအကူအညီများကို ပေးအပ်ခဲ့ကြောင်း KPSN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ယခုလိုကူညီ ထောက် ပံ့မှုများကို ကရင်လူမှုအသိုင်းအဝိုင်းအပြင် နိုင်ငံတကာရောက် ကရင်အမျိုးသားများ၊ ဘုရားကျောင်းနှင့် KPSN ကွန်ရက် အဖွဲ့ဝင် အဖွဲ့အစည်းများ၏ စုပေါင်းလှူဒါန်းသည့် အလှူငွေများဖြင့် အကူအညီပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီး နောက် ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကေအဲန်ယူ၏ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ပြီး နယ်မြေချဲ့ထွင်မှုများ ပြုလုပ်လာနိုင်ခဲ့သည်။ Read in Full
၂၆။ ကရင်နီပြည်ရှိ စစ်ရှောင်စခန်းတွေမှာ စောင်၊ အနွေးထည် လိုအပ်ချက်များနေ
December 17, 2024
ကရင်နီပြည်က စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ လိုအပ်ချက်များပြားနေဆဲဖြစ်ပြီး လက်ရှိမှာလည်း ဆောင်းတွင်းကာလဖြစ်တာကြောင့် စောင်၊ အနွေးထည်တွေ လိုအပ်နေတာကြောင့် တောင်းဆိုမှုတွေရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေဟာ တိမ်းရှောင်စဉ်က အသုံး အဆောင်ပစ္စည်းတွေ မပါလာတဲ့သူ များပြားသလို လက်ရှိအချိန်ထိ စောင်၊ အနွေးထည်လည်း လုံလောက်မှုမရှိဘူးလို့ စစ်ရှောင် ကူညီသူတစ်ဦးက ပြောပါတယ်။“စစ်စရှောင်ကတည်းက သူတို့မှာ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတော့ ပစ္စည်းတွေ ပါမလာကြတာများတယ်ပေါ့နော။ အခုကာလ ဆောင်းရာသီဆိုရင် သူတို့အတွက် စောင်မလုံလောက်မှုတွေရှိတယ်။ ခုဆို ပိုဆိုး ပေါ့။ အနွေးထည်တွေလဲ လုံလောက်မှုမရှိဘူး။ စောင်တွေ တောင်းဆိုလာတာ ရှိတာပေါ့။ ဖျာရော အရမ်းအေးလာလို့ ပိုလိုအပ် နေတယ်” လို့ သူကပြောပါတယ်။ ကြားကာ လ အစိုးရဖြစ်တဲ့ IEC ကို လိုအပ်ချက်နဲ့ပတ်သက်ပြီး တောင်းခံရသလို အလှူရှင်အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ဆောင် ရွက်နေတယ်လို့ ဆိုပါတယ်။ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းခွဲရှိပြီး စောင် ၊ အနွေးထည် အပြင် တခြားအခြေခံစားနပ်ရိက္ခာလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒေသတွင်း အဖွဲ့အစည်းတွေလည်း ကာလကြာရှည်စွာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးနိုင်ဖို့ အတွက် အလှူရှင်အဖွဲ့အစည်းတွေကို မှီခိုနေရပြီး လက်ရှိမှာလည်း ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ နည်းပါးလာတယ်လို့ သိရပါတယ်။ အလားတူ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ပျိုးခင်းလေး စစ်ရှောင်စခန်းမှာ ၂၀၂၃ ခုနှစ်၊ တစ်လေးလုံး စစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ စုပေါင်းနေထိုင်ကြပြီး စစ်ရှောင်စခန်းတည်ရှိတာ တစ်နှစ်ရှိနေပေမယ့် လူမှု အသင်းအဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုမရရှိသေးဘူးလို့ဆိုပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ လွိုင်ကော်၊ နာနတ်တောနဲ့တခြားနေရာ က စစ်ဘေးရှောင်တွေ နေထိုင်ကြပြီး အိမ်ခြေ ၂၇ အိမ် ၊ လူဦးရေ ၁၀၀ ရှိတယ်လို့ သိရပါတယ်။ ထောက်ပံ့လှူဒါန်းပေးတဲ့ အလှူ ရှင်အဖွဲ့အစည်းလည်းနည်းပါးသလို လိုအပ်နေတဲ့ စောင်၊ အနွေး ထည်တွေ ဝယ်ယူဖို့ကလည်း စစ်ဘေးရှောင်တွေက ငွေကြေး အခက်အခဲရှိကြတယ်လို့ ဆိုပါတယ်။“ကျမတို့ စထွက်လာတုန်းကဆို ဘာမပါဘူးလေးနော။ မလိုလောက်ပါဘူးဆိုတာမျိုး လည်း တွေးကြတာလည်း ဖြစ်မှာပါ အခုတော့ စောင်ကစလိုအပ်တယ်။ အေးနေပြီးလေး။” သူက ပြောပါတယ်။ Read in Full
၂၇။ လားရှိုးမှာ FYO အဖွဲ့မှ ဦးဆောင်ပြီး စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်
December 16, 2024
ရှမ်းမြောက် ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ ကလေးတွေ ပညာသင်ကြားနိုင်ဖို့အ တွက် လွတ်လပ်သော လူငယ်များအဖွဲ့ FYO မှ ဦးဆောင်ပြီး စတင်ဖွင့်လှစ်သွားမယ်လို့ FYO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက် ရှိ ပြန်လည်ထူထောင်ရေးကာလမှာ FYO အသင်းမှ ကျောင်းနေအရွယ် ကလေးတွေ စာသင်နိုင်ဖို့အတွက် Education Supporting Center ကို စတင်ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ FYO တာဝန်ရှိသူတစ်ဦးက “စာရင်းကတော့ ၂၀ နေ့ အထိ နောက်ဆုံးထားပြီး ကောက်မယ်။ တစ်တန်းကို ၃၀ လက်ခံဖို့ စီစဉ်ထားတယ်။ များလာရင် ထပ်လက်ခံဖို့ ရှိပါတယ်။ ကလေးတွေရဲ့ လုံခြုံရေးအတွက် နေရာကတော့ ခွဲသင်မယ်။ ဒီလ ၂၁ ရက်နေ့မှာ စာ စသင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါ တယ်။ အခု လာအပ်တဲ့ ကလေးတွေတော့ အယောက် ၂၀ ကျော်ပါပြီ။ အွန်လိုင်းပေါ်မှာလည်း ကျောင်းအပ်လက်ခံပါတယ်” လို့ ပြောပါတယ်။ ESC မှာ မူလတန်းကနေ ၁၂ တန်းအထိ လက်ခံထားပြီး ကျောင်းအပ်ခကိုတော့ မူလတန်းက ၂ သောင်းခွဲ၊ အလယ် တန်းက ၄ သောင်းနဲ့ အထက် တန်းကိုတော့ ဘာသာတစ်ခုကို ၁ သောင်းနှုန်းနဲ့ ကောက်ခံတယ်လို့ ဆိုပါတယ်။
“မတတ်နိုင်တဲ့ သူတွေကို ကျွန်တော်တို့ဖက်က ထောက်ပံ့ပေးပါတယ်။ အတန်းအလိုက် ဆရာမတွေအတွက်ဘဲ သတ် မှတ်ထားပါတယ်။ အထက်တန်းကတော့ မူလတန်းတွေကို ဆရာမတစ်ယောက်နဲ့ မရတော့ ဘာသာတစ်ခုကို ဆရာမ တစ်ယောက်ဆိုတော့ ဘာသာတစ်ခုကို တစ်သောင်းနဲ့ ကောက်ပါတယ်” လို့ FYO တာဝန်ရှိသူက ပြောပါတယ်။ ဒီကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်ပြီး စာမေးပွဲလည်း ဖြေခွင့် ပေးမယ်လို့ ၎င်းက ဆိုပါတယ်။ အလားတူ လားရှိုးမှာ MNDAA တပ်ဖွဲ့ကလည်း ကျောင်းနေအရွယ် ကလေးတွေအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က စာသင်ဝိုင်းတွေ စတင်ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၈။ တိုက်ပွဲများကြောင့် တနင်္သာရီတွင် တိမ်းရှောင်ရသူ ၆၈,၀၀၀ ကျော်ရှိလာ
December 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ နှင့် လက်နက်ကြီးပစ်ခတ်ခံရမှုများကြောင့် နိုဝင်ဘာကုန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ စုစုပေါင်း ၆၈,၀၀၀ ဦးကျော် အထိ ရှိလာပြီးဖြစ်သည်ဟု သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် FE 5 Tanintharyi က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။ ယခုလို စစ်ဘေးရှောင်နေရသူအများစုမှာ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းနှင့် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာ များမှ ဒေသခံများဖြစ်ပြီး ပွင့်လင်းရာသီတွင် စစ်ကောင်စီက ရက်ရှည် စစ်ကြောင်းထိုးမှုများကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ စစ်ဘေးရှောင်အရေးကူညီသူတစ်ဦးက “တိုက်ပွဲငြိမ်နေတဲ့အချိန် စစ်တပ်ကပြန်ပြီး စစ်ကြောင်းထိုးလို့ ပြန်ပြီး စစ်ဘေးရှောင်နေရတဲ့ အခြေအနေဖြစ်တယ်။ လူသားချင်း စာနာထောက်ထားတဲ့ကူညီမှုတွေ အများကြီး လိုအပ်နေတုန်းပဲ။ အကူ အညီရနေတယ်ဆိုပေမဲ့ လုံလောက်မှုမရှိသေးဘူး”ဟု ပြောသည်။
အဆိုပါ ဒေသခံစစ်ဘေးရှောင်များအနေဖြင့် နီးစပ်ရာ တော၊ တောင်၊ ခြံ၊ ရွာ နှင့် မြို့ပေါ်နေရာများတွင် ထွက်ပြေး တိမ်း ရှောင်နေကြရပြီး ယနေ့အချိန်ထိ နေရပ် မပြန်နိုင်ကြသေးကြောင်း ၎င်းက ဆက်ပြောသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တွင်လည်း စစ်ကောင်စီဘက်က ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များ ကန့်သတ်ထား၍ စစ်ဘေးရှောင်အများစုအတွက် ဆေးဝါးအပြည့်အဝကုသခွင့်များနှင့် ရိက္ခာလို အပ်ချက်များလည်း ယနေ့အချိန်ထိ ရှိနေသေးကြောင်း ထားဝယ်အရှေ့တောနယ် ဒေသခံများက ပြောသည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပဋိပက္ခများနှင့် ပြည်တွင်းစစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်သည် ယခင်နှစ်များ ထက် သိသိသာသာတိုးလာပြီး မြန်မာနိုင်ငံရှိ လူဦးရေ သုံးသန်းခွဲကျော် နေရပ် စွန့်ခွါထွက်ပြေးတိမ်းရှောင်နေရသလို ၎င်းတို့ထဲ တွင် သုံးပုံတစ်ပုံသည် ကလေးငယ်များဖြစ်ကြောင်း သိရသည်။ Read in Full
၂၉။ ဆေးဝါးပြတ်လပ်နေသော ရခိုင်ဒေသတွင် ကူးစက်ရောဂါအန္တရာယ် စိုးရိမ်စရာဖြစ်လာ
Decmeber 16, 2024
ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခပြင်းထန်နေမှုနှင့်အတူ ဆေးဝါးပြတ်လပ်မှုမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေ ပြီး ငှက်ဖျား၊ HIV၊ တီဘီ စသည့် ကူးစက်ရောဂါများ၏ အန္တရာယ်မှာ စိုးရိမ်စရာဖြစ်လာနေသည်။ အဆိုပါရောဂါဝေဒနာကို ခံစား နေရသူများမှာ ဆေးဝါးပြတ်လပ်၍ အသက်သေဆုံးမှု များလာနေသည့်အပြင် ရောဂါဖြစ်ပွားနှုန်းလည်း မြင့်တက်လာနေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။ “တီဘီဆေးက ပုံမှန်သောက်ပေးရတာ။ ဆေးရှားလို့ ဆေးပုံမှန် မသောက်ရတော့ ရောဂါက ပိုဆိုးလာပြီး ကူးစက်လွယ်လာတယ်။ အခုဆို တီဘီပိုးကူးစက်ခံရတဲ့သူတွေ တွေ့လာရတယ်” ဟု ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။ တီဘီရောဂါမှာ ချောင်းဆိုး၊ နှာချေ၊ သီချင်းဆို၊ စကားပြောခြင်းတို့မှ လေထဲ သို့ ပျံ့နှံ့လာသည့် တီဘီပိုးကို အခြားသူများက ရှူရှိုက်မိခြင်းဖြင့် ကူးစက်ခံရနိုင်သည့် ရောဂါဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာမှ တီဘီဝေဒနာရှင် အမျိုးသမီးတစ်ဦးနှင့် ခမောင်းတော ကျေးရွာမှ HIV လူနာ အမျိုးသားတစ်ဦးမှာ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။
လက်ရှိတွင် နာတာရှည်ရောဂါများနှင့် ကူးစက်ရောဂါများအတွက် ပိုးသတ်ဆေးကိုသာ အစားထိုး သောက်သုံးနေရ ကြောင်းပြောဆိုကြသည်။“တီဘီပိုးတွေ ကူးစက်ခံနေရတယ်ကြားလို့ အပြင်သွားရင်တောင် mask တပ်ပြီးသွားတယ်။ ဒီကာလ မှာ ဆေးဝါးပြတ်တာ၊ ရှာမရတာတွေကြောင့် ရောဂါတစ်ခုခုဖြစ်မှာကို အရမ်းစိုးရိမ်မိတယ်” ဟု မြောက်ဦးမြို့မှ အမျိုးသမီး တစ်ဦး က ပြောသည်။ တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ၍ စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသည်မှာ တစ်နှစ်ကျော်ထိ ကြာမြင့်လာပြီး ဒေသခံများမှာ ကုန်ပစ္စည်း၊ ဆေးဝါးပြတ်လပ်မှုအပြင် ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကို ခံစားနေရသည်။“တီဘီဆေးဆိုရင် ဈေးကွက်ထဲမှာ အနည်း အကျဉ်း ရနိုင်သေးတယ်။ HIV သမားတွေကျ သေမိန့်ကျနေတဲ့ သူတွေလိုပဲ။ HIV ဆေး ART က ဈေးကွက်မှာ လုံးဝမရှိဘူး” ဟု ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြော သည်။ လမ်းခရီးပိတ်ဆို့ထားမှုနှင့်အတူ ငွေကြေးအခက်အခဲကြောင့် နာတာရှည်ရောဂါသည်များမှာ ပြည်မဘက်သို့ သွားရောက် ဆေးကုသရန် အဆင်မပြေ၍ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်လာနေသည်။ Read in Full
၃၀။ ရှမ်းတောင်မှာ ထောက်ပို့ ငါးဦး ဖမ်းဆီးခံရ
December 16, 2024
ရှမ်းပြည်တောင်ပိုင်းဒေသအတွင်း တော်လှန်ရေးထောက်ပို့လုပ်နေသူ ငါးဦး အခုလ(ဒီဇင်ဘာ)အတွင်း ဖမ်းဆီးခံရတာ ကြောင့် လုံခြုံရေးဂရုစိုက်ဖို့နဲ့ တိမ်းရှောင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနေပါတယ်။ ဒီဇင်ဘာ ပထမပါတ် အတွင်း ပင်လောင်းမြို့နယ်ကနေ ဖယ်ခုံမြို့နယ်ကိုသွားရောက်တဲ့ ထောက်ပို့ နှစ်ဦး၊ ဒီဇင်ဘာဒုတိယပါတ်အတွင်းမှာ ဆီဆိုင်မြို့ နယ်ကနေ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်ကို သွားရောက်တဲ့ ထောက်ပို့နှစ်ဦး၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ညောင်ရွှေမြို့နယ်၊ အင်းတိန် စစ်ဆေးရေးဂိတ်မှာ ထောက်ပို့တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ဆေးဖေါ်ထုတ်ချက်အရ ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်၊ ညောင်ရွှေ၊ အင်းလေးတို့ကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးမယ်လို့ စစ်ကောင်စီတပ်တွင်း သတင်းပေး (ဖရဲသီး)တွေက သတင်းပေးပို့ လာတာတွေလည်း ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
“ဖမ်းခံရတဲ့ သတင်းတွေရပြီးကတည်းက အဆက်အသွယ်မရပဲပျောက်သွားတာ၊ ဖမ်းခံရတဲ့ နေရာတွေမှာပဲ ရွှေတွေ တစ်ခါတည်း ချွတ်ယူပြီးသိမ်းသွားတာလို့ သတင်းရတယ်၊ လူတွေကိုတော့ ဘယ်မှာဖမ်းချုပ်ထားလဲဆိုတာတောင် မသိရဘူး” လို့ ထောက်ပို့တစ်ဦးက ပြောပါတယ်။ ဒါကြောင့် တော်လှန်ရေးထောက်ပို့တွေအနေနဲ့ ဖုန်း အပါအဝင် တော်လှန်ရေးပတ်သက်တဲ့ အချက်အလက်တွေ၊ အဆက်အသွယ်တွေကို စစ်ကောင်စီလုံခြုံရေးစစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းသွားလာရာမှာ ဂရုစိုက် ကြဖို့ သတိပေးထားတာတွေ ရှိနေပါတယ်။ Read in Full
၃၁။ မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေကြောင့် လုယက်မှုအဖြစ်များလာ
December 17, 2024
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာလောင်းကစားဝိုင်းတွေ အကြီးအကျယ်ထည့်သွင်းကျင်းပ နေတဲ့အတွက် လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အခုရက် ပိုင်းအတွင်း မော်လမြိုင်မြို့ ပေါ်မှာ လုယက်ခံရတဲ့ဖြစ်စဉ် ခြောက်ခုထက်မနည်း ရှိနေပါတယ်။ အဲဒီဖြစ်စဉ်တွေထဲမှာ လမ်းသွားလမ်းလာနေတဲ့ ပြည်သူတွေ ဆီကနေ ပိုက်ဆံအိတ်နဲ့ဖုန်းတွေလုပြေးတာ၊ ရွှေဆိုင်တွေအတွင်း ဝင်ရောက်လုယက်တာ၊ လမ်းဘေးဖွင့်ထားတဲ့ ဈေးဆိုင်တွေမှာ ပိုက် ဆံဝင်လုတဲ့ဖြစ်စဉ်တွေအထိ ဖြစ်ပေါ်နေပါတယ်။ အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံတစ်ဦးက မြို့ပေါ်မှာလုယက်မှုတွေ ဖြစ်ပွားလာတာဟာ စစ်ကောင်စီက ခေါင်းစဉ်အမျိုးမျိုးနဲ့ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကြောင့်ဖြစ်တယ်လို့ ဝေဖန်ပါ တယ်။“ပွဲတွေဘုရားပွဲတော်တွေဆိုပြီး နာမည်တပ်တယ်။ လောင်းကစား ဝိုင်းကြီးပဲ။ အဲဒီအခါကျတော့ လူ ကြီးလူငယ်မှန်သမျှ လောင်ကစားဝိုင်းတွေမှာ ဝင်ကစားတယ်။ ကစားသလောက် ရှုံးတဲ့အခါကျတော့ အရင်းပြန်လိုက်ဖို့က အဓိကတော့ ဒီလူတွေရဲ့ အကျင့်စာရိတ္တပျက်ပြားအောင် လောင်းကစားဝိုင်းတွေလုပ်တယ်။ ရှုံးတဲ့အခါမှာ အရင်းလိုက်တယ်။ လိုက်ဖို့မရှိတော့ ပိုက်ဆံမရှိ တဲ့အခါကျတော့ ခိုးမယ်။ လုမယ်။ ယက်မယ်။ ဒါတွေပဲ ဖြစ်လာတာပေါ့”လို့ သူက ပြောပါတယ်။ လုယက်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေထံ တိုင်ကြားပါက ငွေကြေးပေးဆောင်နေရတာ၊ ကာယကံရှင်တွေကို အသေးစိတ် ပြန်လည်စစ်ဆေးမှုတွေ ရှိနေတဲ့အတွက် အများစု မတိုင်ကြားချင်ကြဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
မော်လမြိုင်မြို့ရဲ့ လူစည်းကားရာ နေရာတွေမှာ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်က ဖော် ထုတ်အရေးယူနိုင်ခြင်း မရှိတဲ့အပေါ် ပြည်သူတွေဘက်က မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။ အမည်မဖော်လိုတဲ့ မော်လမြိုင် မြို့ခံ နောက်တစ်ဦးကလည်း စစ်ကောင်စီရဲ့ လောင်းကစားဝိုင်းတွေကြောင့် နောက်ပိုင်းမှာ ခိုးဆိုးလုယက်မှုတွေ ဒီထက်အခြေ အနေ ပိုဆိုးလာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။“အခုဆို ကျွန်တော်တို့ မော်လမြိုင်မှာဆိုဗျာ။ ပွဲတော်တွေ အကြောင်းပြ ပြီး လောင်းကစားဝိုင်းတွေ အဓိကလုပ်တယ်။ လူတွေက ပိုက်ဆံရမလားဆိုပြီးတော့ အဲဒီလောင်းကစားကို သွားသွားထိုးတော့ လောင်းကစားသမားတွေကလည်း အဓိကဒိုင်တွေပဲနိုင်နိုင်ပြီးတော့ အကုန်လုံးပြန်လာတော့ ဒီမှာက အခုဆို တဖြည်းဖြည်းနဲ့ ဆိုင်ကယ်ခိုး၊ ပေါ်တင်ခိုးပေါ်တင်လုတာတွေ အကုန်လုံးဖြစ်လာပြီ။ ဒီထက်ပိုဆိုးဖို့ပဲရှိတယ်”လို့ ဆိုပါတယ်။ မော်လမြိုင်မြို့မှာ စစ်တပ်အာဏာမသိမ်းမီက လုယက်မှုဖြစ်စဉ်တချို့သာ ရှိခဲ့ပေမယ့် အာဏာသိမ်း လေးနှစ်နီးပါးကာလအတွင်း လုယက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားလာတဲ့အတွက် အိမ်ထဲကနေအပြင်ထွက်ဖို့တောင် လုံခြုံမှုမရှိတော့ဘူးလို့ သူကဆက်ပြောပါတယ်။ Read in Full
၃၂။ ကျားဖြန့်လုံခြုံရေး ပြည်သူစစ်နဲ့ စစ်ကောင်စီ မူဆယ်မှာ ပစ်ခတ်မှုဖြစ်၊ ကျားဖြန့်လုပ်ကိုင်နေသူတွေကို ပစ်ခတ်ဖမ်းဆီး
December 17, 2024
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ကျားဖြန့်လုပ်ငန်းကို လုံခြုံရေးယူထားတဲ့ ပြည်သူ့ စစ် နဲ့ စစ်ကောင်စီအကြား (ဒီဇင်ဘာ ၁၆)နေ့လည်မှာ ပစ်ခတ်မှုဖြစ်ပွါးခဲ့သလို ကျားဖြန့်လုပ်ကိုင်နေသူတွေကိုလည်း ပစ်ခတ်ဖမ်းဆီး တာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မူဆယ်မြို့၊ မန်ဝိန်းဂိတ်နဲ့ 97 ဆပ်ပြာစက်ရုံဘက်မှာ ကျားဖြန်လုပ်ငန်းတစ်ခု ကို ဒေသအခြေချ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးစဉ်မှာ ကျားဖြန့်လုပ်ငန်းကို အကာ အကွယ်ပေးနေတဲ့ ဌာနေပြည်သူ့စစ် အမည်ခံ လက်နက်ကိုင်အဖွဲ့နဲ့ နေ့လယ် ၂ နာရီခန့်မှစတင်ကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်သံတွေ ညနေပိုင်း အထိ ကြားနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့အခြေအနေနဲ့ ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။ ယခုနှစ်၊ စက်တင်ဘာ ၂၃ ၊၂၄ ၊ ရက်က မူဆယ်မြို့မှာ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၂၃ ဦးနဲ့ မြန်မာနိုင်ငံသား ၅၅၇ ဦးကို ဖမ်းဆီးပြီး မင်္ဂလာမူဆယ်က ၉ ထပ်တိုက်မှာ ချုပ်နှောင် ထားပြီး တရုတ်နိုင်ငံသားတွေကို တရုတ်ဘက်လွှဲအပ်ပေးခဲ့တာရှိခဲ့ပြီး အခုထပ်မံထမ်းဆီးတာလို့ သိရပါတယ်။
အခုလို ဖမ်းစီးတာဟာ တရုတ်ဘက်ကဖိအားကြောင့်ဖြစ်ပြီး မူဆယ်မြို့ဟာ တရုတ်နယ်စပ်မြို့ဖြစ်တာကြောင့် ကျားဖြန့် ဂိုဏ်းတွေနဲ့ တရားမဝင် လောင်းကစားဝိုင်းတွေ၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှုနဲ့ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ ပေါများလွန်းလို့ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်တာတွေလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိတဲ့မြို့လို့သိရပါတယ်။ အခုလိုမျိုး ဌာနေပြည်သူ့စစ် အကာအကွယ်နဲ့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ကျားဖြန့်အပါအဝင် လောင်းကစားနဲ့ မူးယစ်ဆေးလုပ်ငန်း ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်စတုံကျေးရွာအနီးရှိ လားဟူငါးကန်ခြံဝန်းမှာ ရှိနေပါသေးတယ်။ နာတလိပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းခါဟာ သူပိုင်ဆိုင်တဲ့ခြံဝန်းကို ကျားဖြန်လုပ်ငန်း၊ ကာစီနို၊ ဂုံကင်း၊ ဖဲဝိုင်း အစရှိတဲ့လောင်းကစားမျိုးစုံ၊ KTV လုပ်ငန်းနဲ့ မူးယစ်ဆေးရောင်းဝယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ငှားရမ်းထားသလို အဲ့ဒိလုပ်ငန်းသက်ဆိုးရှည်ရှည်နဲ့ အန္တရာယ်ကင်းကင်း လုပ် ဆောင်နိုင်ဖို့ သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ လုံခြုံရေးပေးထားပါတယ်။ Read in Full
၃၃။ ရခိုင် တောင်ကုတ်မြို့နယ်တခုလုံး AA သိမ်းပိုက်ထိန်းချုပ်
December 16, 2024
AA အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်အတွင်းမောင်တောမြို့နယ်ကို သိမ်းပြီး မကြာခင်မှာပဲ၊ တောင်ကုတ်မြို့ကို ထပ်မံသိမ်းယူလိုက်တာပါ။ တောင်ကုတ်မြို့နယ်တခုလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ညနေပိုင်းမှာ အပြီးသိမ်းပိုက်လိုက်တာဖြစ် ပြီး၊ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။“တောင်ကုတ်မြို့ အခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ စကခ ၅ တပ်မဌာနချုပ်ကို မနေ့က ညနေ ၄ နာရီဆယ်မိနစ်လောက်မှာ အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ပြီးဖြစ်ပါတယ်၊ အဲဒီကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းပဲ လိုက်လံဖမ်းဆီး ရှင်းလင်းနေတာရှိပါတယ်၊ အခုဆိုရင်တော့ တောင်ကုတ်မြို့နယ် တခုလုံးကို အာရက္ခတပ်တော် AA ကအပြီးသတ် သိမ်းပိုက်ထိန်းချုပ်ပြီးပြီဖြစ်ပါတယ်။” ရခိုင်တောင်ပိုင်း၊ ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း AA ဘက် က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေတယ်လို့လည်း ခိုင်သုခ က ပြောပါတယ်။
“ဂွမြို့တိုက်ပွဲအခြေအနေကတော့ ဂွမြို့အဝမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းနေရာတွေ နောက်ပြီးတော့ ဂွမြို့အနီးတဝိုက် မှာရှိတဲ့တိုက်ပွဲတွေ ဆက်လက်ပြီးတော့ အပြင်းအထန်ဖြစ်နေတာရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ ရေကြောင်းပစ်ကူတွေ လက်နက်ကြီးပစ်ကူတွေအမြောက်အများသုံး ပြီးတော့မှ ဆက်လက်ခုခံနေတာရှိပါတယ်။” ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့ နယ်အတွင်းက တခုတည်းကျန်ရှိနေသေးတဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကိုလည်းထိုးစစ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။“အမ်းမြို့ကတိုက်ပွဲ အခြေအနေကတော့ နောက်ဆုံးကျန်နေတဲ့ နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ရှင်းလင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။” ရခိုင်ပြည်နည်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြားပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကစပြီးတော့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုဆိုရင် ရခိုင်ပြည်နယ်တွင်း မြို့နယ် ၁၂ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA ဘက်ကသိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါ တယ်။ ဒါ့အပြင် အမ်းနဲ့ ဂွမြို့နယ်တွေလက်ရှိမှာ AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့ နယ်တွေကိုလည်း AA တပ်တွေပိတ်ဆို့ထားပါတယ်။ တောင်ကုတ်ကို AA ထိန်းချုပ်လိုက်တဲ့သတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က ထုတ်ပြန်ပြောဆိုမှုမရှိပါဘူး။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။