
FJMM ကဗျာ | Burmese Sloths
ကဗျာ – မိုးသစ်ဆက်ထွန်း
တောထွက်ရတာ လွယ်သလောက်
ဘုရားဖြစ်ဖို့က ခက်တယ်
သဗ္ဗညုတ ခဏထား
Internet တောင် အခက်သားလား
ရခဲလှစွာသော နှေးနှေးကွေးကွေးအင်တာနက်လေးနဲ့
ကမ္ဘာကြီးကို လှမ်းမော်ကြည့်တော့
Sloth ကလေးတစ်ကောင် သေမှာစိုးလို့တဲ့
လူအုပ်ကြီးက ဝိုင်းဝန်းကယ်တင်နေကြရဲ့။
ငါတို့နဲ့ Sloth အတူတူပါပဲ
လှုပ်လှုပ်… လှုပ်လှုပ်… ပါပဲ
လှုပ်လှုပ် လှုပ်လှုပ် ပညာသင်တယ်
လှုပ်လှုပ် လှုပ်လှုပ် အလုပ်,လုပ်တယ်
လှုပ်လှုပ် လှုပ်လှုပ် တိုးတက်တယ်
လှုပ်လှုပ် လှုပ်လှုပ် မျိုးပွားတယ်။
မတူတာလေးက တစ်ခုတည်းရယ်
Sloth က ရှားပါးမျိုးစိတ်
ငါတို့က ပေါများမျိုးစိတ်
ငါတို့မှာ ပေါလိုက်ရတာ
လုပ်အားပေါ
အချိန်ပေါ
လူပေါ
အသက်တွေလည်း ပေါမှပေါပဲ
ငါတို့က ပေါတယ်
Sloth တွေက ရှားတယ်
ရှားပါးမျိုးစိတ်များကို စောင့်ရှောက်ပါ
ပေါများမျိုးစိတ်များပေးပို့သော
“How many dead bodies needed UN to take action?” ဆိုတဲ့ Message ကို လက်ခံပါ။
ကမ္ဘာကြီးရေ…
မင်းက ရှားရှားပါးပါးရွာကြီးဖြစ်ခဲ့တာ
နှစ်ကာလများစွာ ကြာပေါ့
ငါတို့ ပေါပေါပဲပဲကောင်တွေက
မင်းတို့အစွန် ဇနပုဒ်မှာ
အမှောင်ထဲ ကုပ်ရင်း
ဝီစကီအတုတွေ သောက်ရင်း
ဆေးခြောက်အညံ့တွေ ရှူရင်း
စာအုပ်အဟောင်းတွေ ဖတ်ရင်း
ရုပ်ရှင်အပေါတွေ ကြည့်ရင်း
မင်းတို့ Aircon တွေက စွန့်ထုတ်လိုက်တဲ့
မင်းတို့မော်တော်ကားတွေက မှုတ်ထုတ်လိုက်တဲ့
ညစ်ငြမ်းလေထုကို ရှိုက်ရင်း
မင်းတို့ရိုက်ပြတဲ့ အပြာကားထဲက
ကုတင်ကြီးတွေကို မှန်းဆ
ငါတို့မှာ ပုဆိုးစုတ်ခင်းပြီးလိင်ဆက်ဆံရ
လိင်ဆက်ဆံတော့ကျလည်း slothတွေနဲ့တူပြန်တာပဲ
ကြမ်းကြမ်းတမ်းတမ်းဆို ဘေးခန်းကကြားလိမ့်မယ်
ငါတို့က နေတော့လည်းခပ်ပေါပေါပဲလေ
စားတော့လည်း ပေါပေါပဲပဲ
အတွေးအခေါ်လည်း ပေါတောတောပါပဲ။
ကမ္ဘာ့Slothသားထုကြီးကို ကမ္ဘာကြီးကကြင်နာသလောက်
Burmese Sloth တွေကို စာနာကြောင်းစာပို့ရုံထက်မပိုသေး
ကမ္ဘာ့လူသားထုကြီးက လူ့အခွင့်အရေးကိုထဲထဲဝင်ဝင်စားသုံးနေသလောက်
Burmese Sloth တွေက ငရဲမှာနေသားကျလေတော့
ဘဝမှာ အကုသိုလ်တွေချည်းရွေးလုပ်နေရ။
လေးလေးကန်ကန် တလှုပ်လှုပ်ရွေ့ရင်း
အရေးပေါ်ထွက်ပေါက်မှာ စုပြုံတိုးရင်း
သေတော့ကျ မြန်မြန်ဆန်ဆန်သေကြရ
ကမ္ဘာကြီးရေ
Burmese Sloth တွေ ဈေးပေါတယ်
Burmese Sloth တွေက ဈေးအရမ်းပေါလွန်းပါတယ်…။
မိုးသစ်ဆက်ထွန်း