၂၀၂၄ ရဲ့ တော်လှန်ရေးအရှိန်နဲ့ မြန်မာ့နိုင်ငံရေးအရွေ့ ပြန်လည်ဆန်းစစ်ခြင်း(စကားဝိုင်းအနှစ်ချုပ်)
ယိင်းမွေလျန်း (သျှမ်းလူငယ် တက်ကြွလှုပ်ရှားသူ)
၁။ ၂၀၂၄ ခုနှစ်ရဲ့ တော်လှန်ရေးအရွေ့ထဲကိုပြန်ကြည့်ရင် ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်း ဒေသတို့မှာ တော်လှန်ရေး အင်အားစုတွေရဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှုတွေဟာ စစ်ကောင်စီအပေါ် ဘယ်လောက်ထိ သက်ရောက်စေခဲ့လဲ။ ဒါက စစ်ကောင်စီရဲ့(အုပ်ချုပ်ရေးယန္တရား၊ စစ်ရေးကဏ္ဍ) တို့ကို ဘယ်လောက် အရှိုုက် ထိခဲ့လဲ။
စစ်ကောင်စီအနေနဲ့ ဘယ်လောက်ထိ ဆုံးရှုံးမှုကြီးမားလည်းဆိုတော့ အကုန်လုံး မြက်မြင်ကိုယ်တွေ့ပါပဲ။ အဓိက ကျမတို့ အသိသာဆုံးကတော့ ရမခ စစ်ဌာနချုပ်ကို စစ်ကောင်စီကနေတော့ လုံးဝမကျနိုင်ပါဘူးလို့ ယူဆထားတဲ့ ရမခ တခုလုံးကျသွားတယ် လားရှိုးလက်လွတ်လိုက်ရတယ်။ ဒါကတော့ စစ်ကောင်စီအပေါ် အရှိုက်အထိဆုံးလို့ ကျမအနေနဲ့မြင်တယ်။
နောက်တခုက ကချင်မှာဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်မြို့တွေအကုန်လုံးနီးကို စစ်ကောင်စီအနေနဲ့လက်လွတ်လိုက်ရတယ်။ ရှမ်းပြည်နယ်ဖက်မှာ ထိုနည်းတူပဲပေါ့လေ။ အထူးသဖြင့် တရုတ်ပြည်ဖက် ကုန်သွယ်ဖို့ တရားဝင်လမ်းကြောင်းကနေ မရှိသလောက်ဖြစ်နေတယ်ဆိုတာ ဒါက စစ်ရေးဖက်ကို အတော်လည်းအထိနာတယ်လို့ ပြောလို့ရပါတယ်။ ဒါက ကျမနဲ့နီးစပ်တဲ့ ကချင်နဲ့ ရှမ်းမြောက်အကြောင်းကိုပဲ ပြောတာပါ။ တခြားတနိုင်ငံလုံးအတိုင်းအတာမှာလည်း အများကြီးရှိပါတယ်။ ရခိုင်၊ ကရင်နီ၊ ကရင် တော်တော်များများမှာ ရှုံးနိမ့်နေတာတွေ့ရပါတယ်။ ဘယ်လောက်ထိ နစ်နာခဲ့လဲဆိုတော့ သူတို့အနေနဲ့ ရှမ်းမြောက် ရမခ ကို မိုင်းရယ်မှာပြန်ပြီးတော့ အခြချတယ်။
ဒါပေမဲ့ မိုင်းရယ်မြို့ကနေ မြို့ပြင် ၅ မိုင်အကွာလောက်ကို စစ်ကောင်စီတပ်သားတွေမသွားရဲဘူးဖြစ်နေတယ်။ ရမခ ဆိုတာ နာမည်ခံပဲ သူတို့လုပ်ထားနိုင်တယ်။ ရှမ်းမြောက်မှာဆိုရင် တန့်ယန်း၊ မူဆယ်မြို့နဲ့ မိုင်းရယ်မြို့ ဒီနှစ်မြို့ပြီးရင် ကျန်မြို့နယ်တွေအားလုံးက လွတ်မြောက်နယ်မြေဖြစ်သွားပြီ။ မူဆယ်ကနေလည်း ၅ မိုင်အကွာကို သူတို့မသွားရဲဘူး။ ဒါက စစ်ကောင်စီရဲ့ စစ်ရေးယန္တရား၊ အုပ်ချုပ်ရေးယန္တရားဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်။
၂။ တဘက်က တရုတ်ဖိအားပေးမှု ကြုံနေရတဲ့ EROs နဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တရုတ်ကို ထိရောက်အောင် ပြန်လည်တုန့်ပြန်မှုလုပ်ဆောင်နိုင်ရင် တော်လှန်ရေးအရှိန်နဲ့ မြန်မာ့နိုင်ငံရေးအရွေ့ကို ဘယ်လို အပြောင်းအလဲ ဖြစ်စေနိုင်မလဲ။
အဓိကတော့ တရုတ်နဲ့ပဲဖြစ်ဖြစ် ဘယ်နိုင်ငံနဲ့ပဲဖြစ်ဖြစ် ကိုယ်ကဘယ်အရာကို ကိုင်ပြီး ဘယ်လိုလုပ်ဆောင်မလဲ၊ ဘယ်လိုစည်းစည်းလုံးလုံးနဲ့သွားနိုင်မလဲဆိုတာ ကိုယ့်ရဲ့ပြည်တွင်းမှာပဲမူတည်ပါတယ်။ ကျမတို့က တရုတ်ကို ပြန်လည်တုန့်ပြန်ရမှာ၊ ဆန့်ကျင်ရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ တရုတ်ရဲ့ဩဇာ အာဏာလွမ်းမိုးမှု ပြည်တွင်းမှာ ဘယ်လိုချိန်ညှိနိုင်မလဲပေါ့။ ဒါကတော့ ကျမတို့ပြောတာထက် ပြည်တွင်းမှာ လက်တွေ့အလုပ်လုပ်နေတဲ့ NUG လို ERO လိုအဖွဲ့အစည်းတွေက ပိုပြီးဒါကိုတွေးရမယ်လို့ထင်ပါတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့လက်မှာ ကိုယ်ကဘယ်အရာကို ကိုင်ထားပြီလဲ ကိုယ်ကဘာကိုပိုပြီးလုပ်နိုင်ပြီလဲ စစ်ကောင်စီထက်ပိုပြီးမှ တရုတ်နိုင်ငံကလိုချင်တဲ့အရာကို ကျမတို့ဖက်က ပိုပြီးမှ အာမခံပေးနိုင်ခဲ့ရင် ကျမတို့တော်လှန်ရေးအရွေ့ကပိုပြီးတော့ ရှေ့ကိုသွားပါမယ်။ ဒါမဟုတ် စစ်ကောင်စီဖက်က အဲ့အရာကိုကိုင်ပြီး အသုံးချရင် သူတို့ဖက်က ပိုပြီးရှေ့ရောက်သွားမှာပါပဲ။ ဒီအရွေ့ကို ကျမတို့ကိုယ်တိုင်ရွေ့ရမှာ ဖြစ်ပါတယ်။
၃။ တော်လှန်ရေးအင်အားစုတွေဘက်ကို ပြန်ကြည့်ရင် “K2C” လို့ အတိုကောက် လူသိများတဲ့ KNU ၊ KNPP နှင့် CNF တို့က (တကယ်တော့ K3 C ပေါ့လေ) အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်ရာမှာ NUG နဲ့ တစ်လျှောက်လုံး လက်တွဲ တိုက်ပွဲဝင်နေတဲ့ အဓိကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်ကြပေမယ့် NUG အနေနဲ့ ကျန်အခြား တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေနဲ့ လက်တွဲနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်နေတာ တွေ့ရပါတယ်။ ဘာကြောင့် လို့ သုံးသပ်လို့ရမလဲ။ NUG နဲ့ EROs တွေရဲ့ ဆက်ဆံရေးက ၂၀၂၄ ခုနှစ်အတွင်း ဘယ်လောက်ထိ တိုးတက်မှု ရှိခဲ့လဲ။ စစ်ကောင်စီနဲ့ EROs တွေရဲ့ ဆက်ဆံရေးက ရော ၂၀၂၄ ခုနှစ်မှာ ဘယ်လို အခြေအနေကို ဦးတည်ခဲ့လဲ။
NUG အနေနဲ့ EROs နဲ့ ဆက်ဆံတာပဲဖြစ် သူတို့မှာ ဖက်ဒရယ်မူပဲဖြစ်ဖြစ် မူဝါဒတစ်ခုခိုင်ခိုင်မာမာမရှိတာတော့ သူတို့ရဲ့ အားနည်းချက်ဖြစ်တာမှန်တယ်။ ဒါပေမဲ့ ကျမတို့အနေနဲ့ ဒီလိုတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG ရဲ့ ဆက်ဆံရေးမတိုးတက်လာတဲ့နေရာမှာ ကျမတို့အနေနဲ့ NUG တစ်ခုကိုပဲ အပြစ်ပြောလို့တော့မရပြန်ဘူး။ NUG မှာလိုအပ်ချက်တွေတော့ရှိတယ်။ ဥပမာ တရုတ်ရဲ့ဖိအားတွေရှိတယ်။ တရုတ်ရဲ့ဖိအားကြောင့်ပဲ MNDAA အနေနဲ့ NUG နဲ့ လက်မတွဲဘူးဆိုပြီး စာထုတ်ပြန်တာရှိတယ်။ အဲ့ဒါအပြင်မှ EROs တွေတိုင်းကလည်း ဘုံရန်သူကတော့ စစ်ကောင်စီဆိုပေမဲ့ သူတို့လိုချင်လားရာ သူတို့သွားချင်တဲ့လမ်းကြောင်း ဒါတွေက တဖွဲ့နဲ့တဖွဲ့မတူကြဘူး။ ဒီအဖွဲ့တွေအကုန်လုံးနဲ့ အဆင်ပြေအောင် NUG လုပ်ဆောင်ရာမှာ အဲ့ဒီအချက်တွေကလည်း သူတို့ရဲ့ စိန်ခေါ်ချက်တွေလို့မြင်တယ်။ နောက်ထပ် NUG မှာ လိုအပ်ချက်တခုက သူတို့မှာ လုံးဝ ထိန်းချုပ်ထားပါတယ်ဆိုတဲ့ နယ်မြေမရှိသေးတာကို တွေ့ရတယ်။
ပြီးတော့ COC တခုထဲမှာမရှိတာရယ် သူ့တပ်တွေဟုတ်တာရော မဟုတ်တာတွေရော ပြည်မမှာ တပ်တွေပြန့်ကျဲနေတော့ EROs တွေအနေနဲ့လည်း စိတ်ပူတာပေါ့နော။ NUG အနေနဲ့ ဒီအဖွဲ့တွေကို သူတို့ Control လုပ်နိုင်မလားပေါ့။ အဲ့အခါမှာ သူတို့ NUG နဲ့ရှေ့ဆက်သွားဖို့ဆိုတာ နည်းနည်းစဉ်းစားစရာဖြစ်လာတာပေါ့လေ။ တိုးတက်လာလားမတိုးတက်လာလားဆိုတာကတော့ နှစ်ဖက်စလုံးကတော့ လိုအပ်ချက်တွေရှိနေတာအမှန်ပဲ။
နောက်တခုကတော့ စစ်ကောင်စီနဲ့ ERO တွေဆက်ဆံရေးပေါ့ အခုလက်ရှိတိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေကိုတော့ ကျမအနေနဲ့ ထည့်မပြောတော့ပါဘူး။ ဒါပေမဲ့ ကျမတို့သတိထားမိလာတာက အရင်က စစ်ကောင်စီနဲ့ NCA ထိုးထားတဲ့အဖွဲ့ စစ်ကောင်စီအစည်းအဝေးတွေအမြဲတမ်းတက်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပေါ့။ RCSS အနေနဲ့ စစ်ကောင်စီကို အရင်ကသူတို့ခေါ်ဆိုတာက တပ်မတော်လို့သုံးတယ်။ နီးစပ်တဲ့ဆက်ဆံရေး တွေရှိတယ်။ ဒါပေမဲ့ ၂၀၂၄ ဧပြီလမှာစပြီးတော့ RCSS ဖက်က ထုတ်တဲ့ ထုတ်ပြန်ချက်ထဲမှာ အရင် တပ်မတော်လို့ သုံးတဲ့ထဲကနေ စစ်ကောင်စီလို့သုံးနှုန်းလာတယ်။
နောက်တခုက ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ စစ်ကောင်စီနဲ့ RCSS ကြားမှာ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်။ ဒါက စစ်ကောင်စီနဲ့ ERO တွေကြား ဆက်ဆံရေးပိုပြီးမှ ဆုတ်ယုတ်လာ နိုင်ခြေရှိတယ်ဆိုတာကို ပြနေတာပါပဲ။
၄။ တဘက်က လူထုအများစုက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အတွက် အရေးတကြီး လိုအပ်နေတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက်ကိုလည်း ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း တိုက်တွန်းထားကြသလို စစ်အနိုင်တိုက်ရေးကို ရှေးရှုပြီး “မူ”အပေါ်မှာ အခြေပြုတဲ့ သွေးစည်းညီညွတ်ရေးနဲ့ ဗျူဟာမြောက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက် ရေးတို့ကို လက်တွေ့ကျကျ တာဝန်ယူမှု တာဝန်ခံမှုများနဲ့အတူ အလေးထားဆောင်ရွက်ပေးဖို့ တောက်လျှောက် တိုက်တွန်းတောင်းဆိုထားတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်လာဖို့ အလှမ်းဝေးနေဆဲပါ။ ဘာကြောင့်လို့ ထင်ပါသလဲ။ အဓိက ဘယ်အရာတွေက စိန်ခေါ်မှုတွေဖြစ်နေလဲ။ ဖြစ်လာနိုင်မယ့် အလားလာ ရှိပါသလား။
ဒီမေးခွန်းက ကျမတို့တပ်ပေါင်းစုဘာလို့ မပေါ်လာသေးလဲ။ တပ်ပေါင်းစုအနေနဲ့ ဘာလို့မပေါ်လာသေးလဲလို့ မေးတဲ့ မေးခွန်းလို့ ကျမထင်ပါတယ်။ ကျမအနေနဲ့ လက်ရှိမှာ အရမ်းအရေးကြီးဆုံးက ကျမတို့ နှစ်ပေါင်းများစွာ ကျမတို့ကို ဖိနှိပ်ချုပ်ချယ်လာတဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးဆိုတာ လက်ရှိမှာ အရေးကြီးဆုံးကဏ္ဍတစ်ခုဆိုတာတော့ မှန်ပါတယ်။
ဒါကိုလည်း တိုက်ရမှာလည်းဖြစ်တယ်။ လူတိုင်းကိုယ်တတ်နိုင်တဲ့ နေရာဘက်ကနေမှ အကုန်လုံးလုပ်နေကြတယ်လို့လည်း ကျမအနေနဲ့ မြင်တယ်။ ဒါပေမဲ့ ဘာလို့တပ်ပေါင်းစုမပေါ်လာသေးလဲဆိုတဲ့နေရာမှာတော့ ကျမတိုင်းရင်းသားလူငယ်တစ်ယောက်အနေနဲ့ ဒီဘက်က View အနေနဲ့ပြောတာပေါ့နော။ ဟို တစ်ခါသေဖူး ပျဉ်ဖိုးနားလည်တယ်ပေါ့။ အရင်ဆုံးစစ်အနိုင်တိုက်ရေး မူကိုပဲ ရှေးရှုပြီးတော့ အခြားအရာတွေပြန်ပြီးမှ စဉ်းစားဖို့ဆိုတဲ့ဟာမျိုးပုံစံပဲ။ ပြီးခဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ် ကတည်းက ကျမတို့ ကြုံခဲ့ပြီးသားပေါ့။ ဒါကလွတ်လပ်ရေးအရင်အတူတူယူမယ်။ လွတ်လပ်ရေးယူပြီးမှသာလျှင် ကျန်တဲ့ဟာတွေ ငါတို့ဖြေရှင်းမယ်ဆိုတဲ့ ပင်လုံစာချုပ်မှာ ကျမတို့တိုင်းရင်းသားတွေပါခဲ့ကြတယ်။ ပါခဲ့ပြီးနောက်ဆုံးမှာ ဘာဖြစ်လာလဲဆိုတော့ အားလုံးအသိပဲလေ။ ဒီလိုတစ်ခါကြုံဖူးပြီးတဲ့အခါမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဒီအပေါ်မှာ လာဝင်ဖို့ဆိုတာ နည်းနည်းတော့ဘယ်သူမဆိုကြောက်ကြ စိုးရိမ်ကြမှာပဲလေ။ ဒီအရာကို ဖြေရှင်းနိုင်ဖို့ကတော့ NUG မှာ အဓိက တာဝန်ရှိတယ်။
အဓိကတော့ လူမျိုးစုတွေက ကျမတို့ တိုင်းရင်းသားတွေအပေါ်မှာ အာမခံချက်တစ်ခုခုကို ပေးဖို့တော့လိုတယ်။ ကျမတို့အနေဲ့ သေချာတဲ့ အာမခံချက်မျိုး အခုထိအတွေ့ရသေးဘူး။ အဲ့ဒါအပြင် NUG ဖက်က တိုင်းရင်းသားတွေအကုန်လုံးပါတဲ့ တပ်ပေါင်းစု ဖွဲ့နိုင်ဖို့ဆိုရင် နောက်တစ်ခု စိန်ခေါ်ချက်ကဘာလဲဆိုတော့ ကျမတို့ လားရာမတူဘူး၊ လိုချင်တဲ့အရာလည်း မတူဘူး။ ဒီလိုလားရာမတူ အမြင်မတူတဲ့အချင်းချင်းတွေကို ညှိနှိုင်းပေးဖို့ ပြန်လည်သင့်မြတ်ပေးဖို့ဟာလည်း အခုပြောနေတဲ့ စစ်အနိုင်တိုက်ရေးနဲ့အတူလုပ်ဆောင်ဖို့လိုပါတယ်။
ကိုမိုးထက်နေ (နိုင်ငံရေးနှင့် သုတေသန အကြံပေး၊ Nyan Lynn Thit Analytical)
၁။ ၂၀၂၄ ခုနှစ်ရဲ့ တော်လှန်ရေးအရွေ့ထဲကိုပြန်ကြည့်ရင် ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်း ဒေသတို့မှာ တော်လှန်ရေး အင်အားစုတွေရဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှုတွေဟာ စစ်ကောင်စီအပေါ် ဘယ်လောက်ထိ သက်ရောက်စေခဲ့လဲ။ ဒါက စစ်ကောင်စီရဲ့(အုပ်ချုပ်ရေးယန္တရား၊ စစ်ရေးကဏ္ဍ) တို့ကို ဘယ်လောက် အရှိုုက် ထိခဲ့လဲ။
စစ်ကောင်စီရဲ့ အဆုံးအရှုံးတွေကို စပြောရမယ်ဆိုရင် အနီးသမိုင်းကတော့ ၁၀၂၇ နောက်ပိုင်း လက်တွေ့ဆုံးရှုံးမှုပေါ့လေ။ သူတို့ရဲ့ ကာကင်ကုန်းတွေ၊ တပ်စခန်းကုန်တွေ ဆုံးရှုံးတယ်။ နောက်ဆုံး တကစ ပေါ့ သူတို့ရဲ့ တပ်မအသွင်သဏ္ဍန်ရှိတဲ့ အခြေစိုက်စခန်းကြီးဆုံးရှုံးတယ်။ အဲ့ဒီကနေမှ စစ်တိုင်းဌာနချုပ်ဆုံးရှုံးတယ်။ အဲ့လိုပဲ အခုလည်း နမခ ဆိုလည်း အတိုက်ခံနေပြီ။
နောက် ရေတပ်ဌာနချုပ်တွေဆုံးရှုံးတယ်။ ကုန်သွယ်ရေးလမ်း ကြောင်းတွေဆုံးရှုံးတယ်။ ဒါတွေက သိပ်မကြားသေးတဲ့ တစ်နှစ်လောက်အတွင်းမှာ ဖြစ်သွားတဲ့ကိစ္စပေါ့လေ။ ဒါက စစ်တပ်ရဲ့ တရားမဝင်မှုကိုချပြတာပေါ့ဗျာ။ လက်တွေ့နိုင်ငံတကာကိုပြလိုက်တာလို့မြင်တယ်။ ဘာလို့လဲဆိုတော့ အရင်ကတည်းကလည်း အချို့နေရာတွေမှာ သူ့ရဲ့ တပ်ရင်း၊ တပ်မ၊ တပ်ဌာနချုပ်တွေသာ ရှိနေတာ တကယ်တော့ သူတို့သွားလာလှုပ်ရှားလို့မရဘူး။ သူတို့တပ်ဧရိယာအတွင်းလောက်သာ သွားလာနိုင်တယ်။ ကျန်တဲ့နေရာတွေကို ERO လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်တယ်။
အဲ့သလိုပဲ ၈၈ အရင်ကာလကလည်း ဗမာပြည်ကွန်မြူနစ်ပါတီတွေရှိစဉ်ကလည်း ဒီလိုနေရာမှာ စစ်တပ်တွေမရှိဘူးလားဆိုတော့ ရှိတယ်။ ဒါပေမဲ့ အခုနပြောတဲ့ မိုင်အနည်းငယ် ၅/၁၀ မိုင်လောက်ကျော်ရင် ဘာမှလုပ်လို့မရဘူးဆိုတာမြင်နေရတယ်။ အဲ့တော့ ဒီဒေသတွေက အရင်ကတည်းက ဩဇာအားဖြင့်တော့ တရားသော နည်းနဲ့ လူထုရဲ့အသိအမှတ်ပြုမှု တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဩဇာသက်ရောကမှုက ရှိပြီးသားပါ။ ၁၀၂၇ နောက်ပိုင်းကတော့ ဘာဖြစ်လာလဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာအရကို ဖွင့်ဟပြလိုက်တဲ့ အခြေအနေတရပ်လို့ ကျနောတို့ပြောလို့ရတယ်။ ဒါသည် နွေဦးရဲ့တဆင့်မြင့်သွားတဲ့ အပြောင်းအလဲကြီးတခုလို့လည်း ကျနော်ကတော့ အထူးဂုဏ်ပြုပြီးတော့ သုံးသပ်ချင်ပါတယ်။
၂။ ဒီနေရာမှာ ရှမ်းမြောက်ပိုင်း ညီနောင်သုံးဖွဲ့ဦးဆောင်တဲ့ မြို့သိမ်းတိုက်ပွဲ ၁၀၂၇ စစ်ဆင်ရေး စလာခဲ့တော့ တရုတ်က မီးစိမ်းပြလို့ လုပ်ဆောင်နိုင်တာလို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် ချိန်မှာတော့ တရုတ်က မီးနီပြသွားပြန်တယ်ဆိုပြီး ဆိုပါတယ်။ မြန်မာ့အရေး တရုတ်ရဲ့ ကြိုးကိုင်မှုက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု ဘယ်ဖက်ကို ဖိအားပိုဖြစ်စေလဲ။
နိုင်ငံတကာနဲ့ ပြည်တွင်းတော်လှန်ရေးအဆက်အစပ်ကိုတော့ ကျနော်တို့က အကန့်တစ်ကန့်ဆီမှာတော့ သွားကြည့်လို့မရဘူးပေါ့လေ။ သမိုင်းတလျှောက်လည်းကြည့်ဖို့လိုတယ်။ ကျနော်ပြောချင်တာက ဘယ်နိုင်ငံပဲဖြစ်ဖြစ် တရုတ်၊ အမေရိကန်၊ ထိုင်း၊ အိန္ဒိယပဲဖြစ်ဖြစ် အထူးသဖြင့် နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေက အာဏာနိုင်ကိုင်ထားတဲ့သူနဲ့လည်း ဆက်ဆံတယ်၊ တော်လှန်ရေးအစုအဖွဲ့တွေနဲ့လည်းဆက်ဆံတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ဆီက တော်လှန်ရေးအဖွဲ့တွေက အင်မတန်ရှင်းလင်းပါတယ်။ အယူအဆကို ကိုင်ဆွဲပြီးတော့မှ တော်လှန်နေတဲ့အစုအဖွဲ့တွေရှိခဲ့တယ်။
နောက်ပြီး သက်ဆိုင်ရာ လူမျိုးစုတို့ရဲ့ အမျိုးသားရေး အခွင့်အရေးတွေအတွက် တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေလည်းရှိခဲ့တယ်။ ဆိုလိုချင်တာက တရားရှိတယ်ပေါ့။ တခြားအကြောင်းနဲ့ အာဏာရှိသူကို တိုက်နေတာမဟုတ်ဘူး။ အဲ့တော့ နိုင်ငံတကာက အစုအဖွဲ့အများနဲ့ဆက်ဆံတယ်ဆိုတာ မေ့ထားလို့မရဘူး။ ဒါက သမိုင်းတစ်လျှောက်ပါပဲ။ တရုတ်ကိုပဲကြည့်ကြည့် အမေရိန်ကန်ကိုပဲကြည့်ကြည့်ပေါ့။ ထူးခြားချက်က ရုရှားတို့ကတော့ရှိတာပေါ့ဗျာ။ မြောက်ကိုးရီးယားလိုဟာမျိုးပေါ့။ သူတို့ကတော့ တဖက်သတ်ဆက်ဆံတာပေါ့။
နောက်တခုက ကျနော်တို့ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်ရဲ့အခန်းကဏ္ဍကိုလည်း စိတ်ဝင်စားတယ်။ တချို့ ERO ခေါင်းဆောင်တွေက ဘယ်လိုပြောလဲ ဆိုတော့ မီးစိမ်းပြတယ်ဆိုတဲ့ဟာမျိုးကို မပြောပါဘူး။ ကျနော့ဖက်ကလည်း မီးစိမ်းပြလို့ တရုတ်ကပဲ တိုက်ခိုက်လို့ တိုက်သလိုလိုပေါ့ဗျာ။ သူတို့ကတော့ ဘယ်လိုပြောလဲဆိုတော့ မီးနီမပြဘူးလို့ပြောတာပါ။ မီးနီမပြဘူးဆိုတာ တရုတ်နိုင်ငံပဲဖြစ်ဖြစ် ထိုင်းနိုင်ငံပဲဖြစ်ဖြစ် သူတို့နယ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်တယ်၊ ရုန်းရင်းဆန်ခက်ဖြစ်တယ်ဆို ရင် သူတို့ထိခိုက်မှာပေါ့လေနော။ ဒီလိုရုန်းရင်းဆန်ခက်ဖြစ်တာကို မျက်ကွယ်ပြုတယ်ဆိုရင် ပိုပြီးအဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒါကျနော်တို့ မြောက်ပိုင်းသုံးဖွဲ့အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပိုပြီးအလေးထားရာရောက်တယ်။
ကျနော်ကတော့ ဒီနေရာမှာ မီးနီမပြတာလို့ဘဲသုံးချင်ပါတယ်။ သူတို့အကျိုးစီးပွားထိခိုက်လာလို့ ထိတွေတာတွေ၊ ဆွေးနွေးတာတွေ လုပ်လာတာလို့ ကျနော်ကတော့နားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးပြောတဲ့ထဲမှာလည်းပါပါတယ်။ ကျနော်တို့ နယ်စပ်စီးပွားရေးကိစ္စတွေ ဒုက္ခရောက်လာတယ်။ ကျနော်တို့ချည်းပဲ ဒုက္ခရောက်တာမဟုတ်ပါဘူး။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုရင် သူတို့အနေနဲ့ ထရီလီယံချီတဲ့ GDP ရှိတယ်ဆိုပေမဲ့ တချို့ဟာတွေ ဒေသဆိုင်ရာ ကုန်သွယ်စီးပွားကိစ္စတွေမှာတော့ အရေးပါအရာရောက်တာတွေရှိပါတယ်။ ဒီအပေါ်မှာလည်း သူတို့စဉ်းစားကြမှာပဲ။ ဒါလည်း ကျနော်တို့က ကန့်ကွက်စရာမရှိပါဘူး။ အဲ့တော့ သူတို့ကိုယ်ပိုင်အကျိုးစီးပွားအရ မတူညီအချိန်တွေမှာ ဘယ်ဖက်ကိုပိုအလေးထားတယ်ဆိုတဲ့ အပြောင်းအလဲတွေကရှိနေမှာပဲ ဥပမာ စစ်တပ်ဖက်ကိုပိုပြီးတော့ အာရုဏ်ကျတဲ့ချိန်ရှိသလို တော်လှန်ရေးဖက်ကလူတွေဆီ အာရုဏ်ကျတဲ့အချိန်လည်း ရှိမှာပါ။
ဒါကို ကျနော်တို့ နွေဦးတော်လှန်ရေးဆိုတဲ့အဝန်းအတွင်းကပဲ မကြည့်ပါနဲ့ သမိုင်းတလျှောက်ကိုကြည့်ပါ။ ဒါက တရုတ်ပြည်သူ့သမ္မတနိုင်ငံပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုကြီးပဲဖြစ်ဖြစ် ဗြိတိန်နိုင်ငံပဲဖြစ်ဖြစ် ဒီလိုကွဲ သွားတာပါပဲ။ ကုလသမဂ္ဂ၊ အီးယူလတွေလည်း ဒီပုံစံပါပဲ။ နိုင်ငံတကာက အပြင်လူ သူစိမ်းလူတွေပဲဖြစ်ပါတယ်။ သူတို့သည် သူတို့အာရုဏ်ကျရင် သူတို့အကျိုးစီးပွားအရ ဟိုဖက်ကိုအလေးသာတဲ့အချိန်ရှိမယ်။ ဒီဖက်ကို အလေးသာတဲ့အချိန်ရှိမယ်။ အဓိကပိုအရေးကြီးတာကတော့ ရဲဘော်တို့မေးတဲ့ မေးခွန်းပေါ့လေ ဘယ်ဖက်ကို ပိုပြီး အလေးသာလဲဆိုတဲ့အပေါ်မှာ ကျနော်တို့ ဘယ်လောက်အသုံးချနိုင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ အခုနပြောသလိုပဲ တရုတ်က ကျနော်တို့ကို မီးနီမပြတဲ့အချိန်မှာ မြို့တွေအများကြီးသိမ်းနိုင်ခဲ့တယ်။
အခု မီးနီပြတဲ့ အချိန်မှာတော့ တရုတ်နဲ့စကားပြောရတာတွေရှိတာပေါ့ဗျာ။ ရှေ့မှာဆိုရင် ဟိုင်ကင်ရှိတယ်။ အဲ့ဒီမီးနီပြနေတဲ့ကြားကပဲ ကျနော်တို့က ၁၀၂၇ ရဲ့ အဆက်လို့ပဲပြောပြော ဒုတိယလှိုင်းလို့ပဲပြောပြော ကြိုက်သလို သတ်မှတ်လို့ရတယ်။ မြို့တွေအများကြီးသိမ်းပြနိုင်တယ်။ ဟိုင်ကင်ဖြစ်နေတဲ့အချိန်မှာတောင် နယ်မြေထိစပ်နေတဲ့ နေရာတွေမှာ ရိက္ခာအရ စီးပွားအရ လိုအပ်လာပြီ။ အဲ့လိုအချိန်မှာတောင် ရခိုင်မှာက ဆက်ပြီးတိုက်နေတာ သူတို့ တဆက်မှရပ်မသွားဘူး။ ဒီဖက်မှာကတော့ ရပ်သွားတာမျိုးတွေရှိတာပေါ့။ အဲ့တော့အခုနပြောသလို ပထမလှိုင်းမှာ လောက်ကိုင် (တကစ) လိုဟာမျိုးတွေ သိမ်းပြတယ်။ ကိုယ့်ဖက်ကိုမပါတော့တဲ့အချိန်မှာ ခနရပ်သွားတယ်။ ပြီးသာနဲ့ စစ်ဌာနချုပ်ကြီးကို သိမ်းပြလိုက်တယ်။
၃။ မြန်မာ့အရေး တရုတ်က ဝင်ရောက် စွက်ဖက်နေပြီလို့ ပြောလို့ရပြီလား။ တရုတ်ရဲ့ ကြားဝင် စေ့စပ်မှုတွေက မြန်မာ့အရေး တိုးတက်မှု ရှိလာနိုင်မလား။ ဒီအခြေအနေ တွေက နွေဦးတော်လှန်ရေး အရှိန်နဲ့ မြန်မာ့နိုင်ငံရေးအရွေ့ကို ထိခိုက်လာနိုင်ပါသလား။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တော်လှန် ပြည်သူတွေ အနေနဲ့ ဘာလုပ်ဖို့ လိုအပ်မလဲ။
ကျနော်တို့က တရုတ်ရယ်ဘာရယ်မဟုတ်ပါဘူး။ နိုင်ငံတိုင်းရဲ့ နိုင်ငံတကာဆက်ဆံရေးကို နားလည်ဖို့လို တာပေါ့။ နိုင်ငံအသီးသီးကတော့ သူဆန္ဒနဲ့သူရှိကြတာပေါ့။ နိုင်ငံတွေရဲ့ အမည်တွေကိုတော့ ကျနော်သပ်မပြော တော့ပါဘူး။ တချို့နိုင်ငံတွေကတော့ ၂၀၂၀ ရှေ့ပိုင်းက အခြေအနေလိုမျိုးကို ပြန်သွားစေချင်တာမျိုးရှိတယ်။ ဗိုလ်နေမြဲကျားနေမြဲပေါ့ဗျာ စစ်တပ်ကလည်း ပြန်သွားပေါ့။ ဒီမိုကရေစီကိုဘဲ ထိန်းသိမ်းကြပေါ့။ တချို့နိုင်ငံတွေက လည်း မဟုတ်ဘူး ဒါသည် လူထုရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တောင်းဆိုတာကို သဘောတူရမယ်ဆိုတာမျိုးလည်း ရှိခဲ့တာပေါ့။ စစ်တပ်အပေါ်သဘောထားကလည်း တခုနဲ့တခုမတူကြဘူးပေါ့ဗျာ။
သေချာတာကတော့ နိုင်ငံတကာရဲ့အမြင်မှာတော့ စစ်တပ်ကို အစုအဖွဲ့တခုအနေနဲ့ ထားနေတုန်းပဲပေါ့။ ကျနော်တို့ နွေဦးတော်လှန်ရေး အစုအဖွဲ့တွေဖက်ကတော့ စစ်တပ်သည် လက်နက်ချရေး ဆွေးနွေးဖက်တော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နိုင်ငံရေး ဆွေးနွေးဖက်ကတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့လည်း ပွင့်ပွင့်လင်းလင်းပြောပြီးသားပါ။ စစ်တပ်နဲ့ နိုင်ငံရေးဆွေးနွေးမှုမလုပ်ဘူးဆိုတာ လူထုနားလည်သိရှိပြီးသားဗျာ။
ဒါက ကျနော်တို့ဖက်က ရှိနေတဲ့ အနေအထား ပေါ့။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ သူ့စိတ်ကူးနဲ့သူရှိကြမှာပါ။ တရုတ်နိုင်ငံဆိုပိုဆိုးတာပေါ့ဗျာ သူ့နယ်နိမိတ် ကပ်နေတဲ့နေရာတွေမှာ သူ့ရင်းနီးမြုပ်နံမှုတွေအများကြီးရှိတယ်။ နောက်တဆင့် သူ့ရဲ့ တကယ့်ကို စူပါပါဝါဆိုတဲ့ ဟာမျိုးလည်း စီးပွားရေး၊ လူမှုရေး၊ စစ်ရေးရောပေါ့ ဒါမျိုးကိုသွားချင်တယ် နေရာရချင်တယ်။ သူ့ရဲ့ရည်မှန်းချက်ပေါ့။ ကျနော်တို့ဆီမှာ ရင်းနီးမြုပ်နံမှု ကြီးကြီးမားမား ၃ ခုရှိပါတယ်။ အိန္ဒိယလုပ်တဲ့ ကုလာတန်စီမံကိန်း၊ နောက်တခါ တရုတ်နဲ့လုပ်နေတဲ့ ပိုးလမ်းမစီမံကိန်း နောက်တခုက ထာဝယ်ရေနက်ဆိပ်ကမ်း ပေါ့။ ထာဝယ်ရေနက်ဆိပ်ကမ်းဆို စတာက ထိုင်းနဲ့စတယ်။
ကျနော့်နားလည်ချက်အရတော့ ထိုင်းက အဲ့ဒါကို သိပ်ပြီးတော့ အလေးအနက်မရှိဘူးလို့ထင်ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ ဒီဟာကို အသည်းအသန်လုပ်နေတာ မြန်မာတခုထဲမဟုတ်ဘဲနဲ့ ကမ္ဘာတခုလုံးကို မျှော်လင့်ပြီးလုပ်နေတာပေါ့။
နောက်တဖက်မှာလည်း အိန္ဒိယပေါ့ အိန္ဒိယဆိုလည်း ကုလာတန်စီမံကိန်းကို သူ့ရဲ့ အသက်သွေးကြောလိုထားပြီးလုပ်နေတာ။ သူတို့စီးပွားရေးတွေပိုလုပ်နိုင်အောင်ဆိုပြီး လုပ်နေတာရှိပါတယ်။ နောက် ကျနော်တို့အမြဲတမ်းပြန်စဉ်းစားသင့် တာက နောက်ပထမတကြိမ် ၈၈ ကနေ ၂၀၁၀ နအဖ/နဝတ လက်ထက်မှာ တရုတ်၊ ရုရှားလိုနိုင်ငံမျိုးက ပြောင်ကို ရပ်တည်တာ ဗမာဖက်ကနေ ဘာကိစ္စပဲဖြစ်ဖြစ် သူတို့ ဗတိုအာဏာနဲ့ ပ္ပါယ်ချတယ်။ ကုလသမဂ္ဂစဉ်မြှင့်မှာ ဘာမှ မလုပ်နိုင်ဘူး။
အခုချိန်ဆိုရင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိစ္စပဲကြည့်ကြည့် တခြားကိစ္စတွေပဲကြည့်ကြည့် သိပ်မစွက်ဖက်ဘူးပေါ့လေ။ သူတို့ ကြီးငါးကြီးရှိတဲ့ထဲမှာ သူတို့သိပ်ပြီးမပါတော့ဘူးပေါ့လေ၊ ရုရှားကတော့ သူ့အရှုပ်နဲ့သူဆိုတော့။ တရုတ်ကတော့ အသိရှိရှိနေကို ဒီနေရာမှာ ရှောင်ထားတယ်လို့ထင်ပါတယ်။ တဖက်မှာလည်း သူ့နယ်စပ်တည်ငြိမ်ရေးတို့ သူစဉ်းစားစရာရှိရင် သူစဉ်းစားမယ် ပြောလို့ရတာတွေ ပြောမယ်။
ပြီးတော့ MNDAA , TNLA, NDAA တို့ဆိုတာ တရုတ်နဲ့က တော်တော်ကိုရင်းနီးတဲ့ မိတ်ဖက်လို့ ပြောလို့ရပါတယ်။ သူတို့အချင်းချင်းပြောဆိုတဲ့အခါမှာလည်း ပုံမှန်ထက်ပိုနိုင်တယ်ဆိုတာကိုလည်း ထည့်စဉ်းစားဖို့လိုတာပေါ့ဗျာ။ အဲ့တော့ စွက်ဖက်တယ်လို့ ယူဆရင်လည်း စွက်ဖက်တယ်ပေါ့။ တရုတ်တင်မဟုတ်ပါဘူး။ နိုင်ငံတခုက အခြားနိုင်ငံ တခုကို စွက်ဖက်တာက လုပ်ကြတာပဲလေ။ နောက်တခါ ကျနော်တို့ ၂၀၂၁ ခုနှစ်ကနေကြည့်ရင် ၄ နှစ် ကြာလာတဲ့ အခါ သူတို့ ပြောကြဆိုကြမှာပဲ သူတို့က သူတို့လုပ်စရာအလုပ်ကို လုပ်နေတာပါပဲ။ ကျနော်တို့ကလည်း ကျနော်တို့ရဲ့ စဉ်းစားချက်တွေ ကျနော်တို့ရဲ့ တွေးခေါ်မှုတွေ ကျနော်တို့ဖြစ်ချင်တဲ့ခါတွေကို တဆိုင်းမတ်မတ် လျှောက်ဖို့လိုတယ်လို့ပဲ ကျနော် နားလည်ပါတယ်။
၄။ တော်လှန်ရေးအင်အားစုတွေဘက်ကို ပြန်ကြည့်ရင် “K2C” လို့ အတိုကောက် လူသိများတဲ့ KNU ၊ KNPP နှင့် CNF တို့က (တကယ်တော့ K3 C ပေါ့လေ) အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်ရာမှာ NUG နဲ့ တစ်လျှောက်လုံး လက်တွဲ တိုက်ပွဲဝင်နေတဲ့ အဓိကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်ကြပေမယ့် NUG အနေနဲ့ ကျန်အခြား တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေနဲ့ လက်တွဲနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်နေတာ တွေ့ရပါတယ်။ ဘာကြောင့် လို့ သုံးသပ်လို့ရမလဲ။ NUG နဲ့ EROs တွေရဲ့ ဆက်ဆံရေးက ၂၀၂၄ ခုနှစ်အတွင်း ဘယ်လောက်ထိ တိုးတက်မှု ရှိခဲ့လဲ။ စစ်ကောင်စီနဲ့ EROs တွေရဲ့ ဆက်ဆံရေးက ရော ၂၀၂၄ ခုနှစ်မှာ ဘယ်လို အခြေအနေကို ဦးတည်ခဲ့လဲ။
ဒီမေးခွန်းကို ဖြေဖို့ကတော့ အန္တရာယ်တော့များပါတယ်ပေါ့နော။ ကျနော်ပြောတာကို သဘောမတူတာမျိုးတွေလည်းရှိနိုင်ပါတယ်။ အဓိကကတော့ ကျနော်တို့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေ တစ်လျှောက်လုံး စစ်တပ်ကို ခုခံတိုက်ခိုက်လာတဲ့အဖွဲ့တွေပါ။ NUG နဲ့ PDF တွေကတော့ ဟိုးရှေ့ကတော်လှန်ရေး တွေကို ဆက်ခံပြီးတော့ ၂၀၂၁ ခုနှစ်မှာ ပေါ်လာတဲ့အစုပေါ့။ ကျန်တဲ့အစုတွေကတော့ လက်ရှိအခြေအနေမှာ တိုက်နေတာလည်းရှိမယ်။ မတိုက်ဘဲနဲ့ နေတာမျိုးလည်းရှိကောင်းရှိနိုင်တာပေါ့။ RCSS တို့ SSPP တို့ ပေါ့။ ဒါပေမဲ့ သူတို့မှာလည်း သူတို့တိုက်ပွဲပုံသဏ္ဍန်နဲ့ သူတို့ရှိပြီးသားလို့နားလည်ပါတယ်။
အဲ့ဒီတော့ လက်ရှိ Edit ဒီနယ်မြေတွေ တိုက်ခိုက်သိမ်းပိုက်နေကြတဲ့ အစုအဖွဲ့တွေမှာကြည့်မယ်ဆိုရင် ရဲဘော်ကြီး ပြောတဲ့အထဲမှာ မြောက်ပိုင်းသုံးဖွဲ့လို့ ရည်ရွယ်ရွယ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့မှာက သတင်းဓါတ်ပုံတွေအရေရော ဒီလှုပ်ရှားမှုတွေအရရော ဥပမာ MNDAA ရဲ့ ပွဲတွေမှာတချို့ NUG တာရှိန်ရှိသူတွေတက်ရောက်တာမျိုးတွေ တွေ့ရပါတယ်။ နောက်တခါ TNLA ဆိုရင်လည်း ကျနော်တို့ NUG နဲ့ တွဲဖက်လုပ်ဆောင်နေတယ်ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့အများကြီးမြင်ရတယ်ပေါ့။ နောက်တစ်ခါ ဥပမာ ဓိကတော့ ကျနော်တို့ PDF နဲ့ တွဲတိုက်နေတာမျိုးတွေလည်းရှိတယ်။ နောက်အထင်ရှားဆုံးကတော့ TPCC ပေါ့။ တအာင်းကြားကာလကောင်စီ ဆိုရင်လည်း NUCC မှာ အဖွဲ့ဝင်အနေနဲ့ပါတယ်။ နောက်တစ်ခုကတော့ TNLA နဲ့လည်း အချိတ်အဆက်ရှိတယ်ဆို တာမျိုး ကျနော်တို့ နားလည်းလို့ရတယ်။
ပြီးတော့ ကချင် ဆိုရင်လည်း ကျနော်တို့ ယာယီ သမ္မတကြီး ဒူဝါလရှီးလ ဆိုရင်လည်း ကချင်အမျိုးသားဖြစ်တယ်ပေါ့လေ။ ကျနော်တို့က ဆက်ဆံရေးပြတ်တောက်နေတယ်လို့ ယူဆလို့ရတာကတော့ AA နဲ့ပါ။ ကျနော်တို့ ဘယ်လိုမှလည်း မတွေ့ရဘူးပေါ့လေ။
အဲ့ဒီတော့ ကျနော်တို့ အနီးသမိုင်းကို ပြန်သုံးသပ်ဖို့လိုပါတယ်။ ဟို NLD လက်ထပ်မှာ ကျနော်တို့ ပြဿနာနှစ်ခုရှိခဲ့တယ်ပေါ့ဗျာ။ ရခိုင်ဒေသမှာ ပထမ တခုကတော့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေပေါ့။ နောက်တခုကတော့ AA နဲ့ တိုက်ပွဲတွေပေါ့။ အဲ့ဒီတော့ အနီးသမိုင်းနှစ်ခုက တော်တော်ပြဿနာကြီးပါတယ်။ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေတုန်းကလည်း နောက်ဆုံးပိတ်ဗျာ ICJ အထိ သွားခဲ့တာမျိုးတွေ စစ်တပ်ရဲ့ကျူးလွန်မှုတွေကို ကာကွယ်ပေးတာမျိုးတွေလုပ်ခဲ့သလို တဖက်မှာ AA နဲ့ စစ်တပ် ရဲ့ တိုက်ပွဲတွေမှာလည်း NLD အနေနဲ့ ဘယ်လိုပြုမူခဲ့ကြသလဲဆိုတာ အလုံးအမြင်ပါပဲ။ ဒါကျနော်က အနီးသမိုင်းကိုပဲ ပြောတာပါ။ နောက် ၂၀၁၅ လောက်ကိုင် တိုက်ပွဲတုန်းက ကျနော်တို့ဘယ်လိုရပ်တည်ခဲ့ကြသလဲပေါ့ဗျာ။
ဆိုတော့ အဲ့ဒီဟာက ကျနော်တို့မှာ တာဝန်ရှိပါတယ်။ လက်ရှိ NUG မှာ တာဝန်ယူနေတဲ့ လူတွေကိုယ်၌တောင်မှ အလွန်အကျွံ သူတို့ရဲ့ကိုယ်ပိုင်စာမျက်နှာတွေမှာပဲဖြစ်ဖြစ် အင်တာဗျူးတွေမှာပဲဖြစ်ဖြစ် ပြောခဲ့တာတွေလည်း အများကြီးရှိပါတယ်။ ဒါတွေက မျဉ်ကိုမခြောက်သေးပါဘူး။ ကျနော်တို့ အတွေးအခေါ်တစ်ခုလုံးအရတော့ ဗမာစစ်တပ်က လူမျိုးစုလက်နက်ကိုင်အဖွဲ့အတွေအပေါ်မှာရော ကျနော်တို့ အယူအဆအရတိုက်ပွဲဝင်နေတဲ့ အစုအဖွဲ့တွေပေါ်မှာရော နောက် ABSDF လိုမျိုးပေါ့ဗျာ။ တော်လှန်ရေးတပ်ဖွဲ့တွေပေါ်မှာရော ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအများကြီးပါ။ နောက်လူမျိုးစုအသီးသီးပေါ်မှာလည်း ကျူးလွန်ခဲ့တာတွေအများကြီးပါ။
ဒါတွေကို တောင်းပန်ဖို့လိုတာပေါ့ဗျာ။ အစိုးရတစ်ရပ်အနေနဲ့ တောင်းပန်ရင်တော့ပိုကောင်းတာပေါ့။ ကျနော်တို့ ဒီကိစ္စတွေကို တရားဝင်မပြောမချင်းကတော့ တင်းမာမှုတွေရှိကရှိနေမှာ။ အဲဒီတော့ AA နဲ့ ကျနော်တို့ ပိုပြီးနီးနီး ကပ်ကပ်ဆက်ဆံဖို့က တချို့အမှားတွေကို တရားဝင်ပြောဆိုဖို့လိုပါတယ်။ ကျနော့်အယူအဆကတော့ တချို့လည်း သဘောတူချင်မှတူပါလိမ့်မယ်။
ဒါကို ကျနော်တို့ မှားခဲ့တယ်လို့လည်း ကျနော်ယူဆပါတယ်။ ဒါတွေကို မသိချင်ယောင်ဆောင်ပြီးတော့ ငါတို့အခုရန်သူတူသွားကြပြီ ငါတို့အတူတူတိုက်ကြရအောင်ဆိုတာမျိုးတော့ လုပ်လို့မရပါဘူး။ ဒီအဆင့်ကို မကျော်လွှားနိုင်ပဲနဲ့တော့ AA နဲ့ ဆက်ဆံရေးကောင်းဖို့ တစုတစည်းထဲရှိဖို့ဆိုတာက ဖြစ်လာဖို့ကတော်တော်ခဲရင်းပါတယ်။ သူတို့အချင်းချင်းကြားမှာတော့ ရှိရင်လည်းရှိမှာပေါ့လေ၊ ဒါပေမဲ့ မီဒီယာပေါ်မှာ အများအမြင်မှာတော့ မတွေ့ရဘူးပေါ့။
၅။ တော်လှန်ရေးအင်အားစုတွေကြားမှာ ညီညွတ်ရေးတည်ဆောက်ဖို့ ကြိုးစားရုန်းကန်နေချိန် ၂၀၂၄ ခုနှစ်ထဲမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ပြင်ဆင်နေတာကို အင်တိုက်အားတိုက် လှုပ်ဆောင်လျက်ရှိနေပါတယ်။ ဘယ် လောက် အတိုင်းအတာထိ လှုပ်ရှားလာနိုင်ခဲ့တယ်လို့ ပြောလို့ရပါသလဲ။ ပြီးတော့ စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ မှာ အပိုင်းလိုက် ပြုလုပ်မယ်လို့ ပြောထားသလို အိမ်နီးချင်းနိုင်ငံ တချို့ရဲ့ ထောက်ခံမှု တစုံတရာ ရရှိထား ကြောင်း ထုတ်ပြောထားပါတယ်။ ဒီရွေးကောက်ပွဲလှုပ်ရှားမှုက ထိရောက်တဲ့အဆင့်တခုထိ ဖြစ်လာခဲ့ရင် တော်လှန် ရေးအရှိန်နဲ့ မြန်မာ့နိုင်ငံရေးအရွေ့ ဘယ်လောက်ထိ သက်ရောက်မှု ရှိလာနိုင်မလဲ။ ဘာတွေ ပြင်ဆင်ထားသင့် သလဲ။
ညီညွတ်ရေးဆိုတာတော့ အကဲဖြတ်ချက်တွေအများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ ချုံ့လိုက်ရင် ကျနော်တို့က နှစ်မျိုးပဲ မြင်ပါတယ်။ အတွေးအခေါ်အရ ညီညွတ်တာရယ် အလုပ်အကိုင်အရ ညီညွတ်တာရယ်ပေါ့။ အတွေးအခေါ်အရ ညီညွတ်တယ်ဆိုတာ ကျနော်တို့ စစ်တပ်ကို မကြိုက်ဘူးပေါ့။ ဒါအတွေးအခေါ်ညီညွတ်တာ။ လုပ်ဟန်အရ ညီညွတ်တာကတော့ Civil resistance လို့ခေါ်တဲ့ ဆန္ဒပြပွဲတွေလုပ်တာမျိုးပေါ့။ လက်နက်ကိုင်တော်လှန်ရေးသွားကြတာမျိုးလုပ်မလားဆိုတာမျိုး၊ ဒါကလုပ်ဟန်အရကတော့ ဒီလိုညီညွတ်ကြတာပေါ့။
ကျနော်တို့ နှစ်ထောင်ပြည့် နောက်ပိုင်းမှာ ကျနော်ကိုယ်တိုင် ကျောင်းသားသမဂ္ဂ ရဲဘော်တစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့တဲ့ ကာလတွေမှာရော ကျနော်တို့က အဲ့ဒီနှစ်ပိုင်းလုံးရှိပါတယ်။ အတွေးအခေါ် အရ ညီညွတ်ကြတယ်။ တစ်ပြည်လုံးတစ်နိုင်လုံးကိုလွမ်းခြုံတယ်လို့ပြောလို့ရတယ်။ ဘယ်အလံ အောက်ကိုပဲကြည့်ကြည့်၊ KNU ဖြစ်ချင်ဖြစ်မယ်။ KIA ဖြစ်ချင်ဖြစ်မယ်။ ကြိုက်တာဖြစ်ခွင့်ရှိတယ်။ ကျနော်တို့ ကျောင်းသား သမဂ္ဂဖြစ်ချင်ဖြစ်မယ်ပေါ့။ ကျနော်တို့ ကျောင်းသားသမဂ္ဂထဲမှာတောင်မှ ကွဲတဲ့ဟာတွေရှိတယ်။
ဒါပေမဲ့ ကျနော်တို့မှာ အတွေးအခေါ်အရ ညီညွတ်ပြီးသား ကျနော်တို့သည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရမယ်။ လုပ်ဟန်တွေတော့ မတူကြဘူးပေါ့ဗျာ။ ABSDF ကတော့ အဲ့ချိန်မှာ သေနတ်တွေနဲ့တိုက်ကြတယ်။ ကျနော်ကတော့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့အတွက် ၈၈ က ကျနော်ကြားဖူးတဲ့ ကျောင်းသားသမဂ္ဂရပ်တည်ချက်ပေါ့နော သုံးမြှောင့်ထောက်ပေါ်လစီလို့ခေါ်တယ်ထင်ပါတယ်။ ABSDF က စစ်တိုက်မယ်။ လူ့ဘောင်သစ်က နိုင်ငံရေးပါတီမှာ ဝင်ရောက်လုပ်ဆောင်မယ်ပေါ့။ ဗကသများအဖွဲ့ချုပ်ကတော့ ကျောင်းသားအနေနဲ့လုပ်ဆောင်ကြ မယ်ဆိုတာမျိုး ကျနော်မှတ်သားဖူးပါတယ်။ ဒါသည် ကျနော်တို့ အတွေးအခေါ်အရညီညွတ်ပြီးတော့ လုပ်ဟန်အရ ကျနော်တို့ ခွဲလုပ်ကြတာ။
ကျနော်တို့ နွေဦးတော်လှန်ရေးမှာ ပျောက်သွားတာ နှစ်ခုရှိပါတယ်။ တစ်ခုက ကျနော်တို့ အတွေးအခေါ်အရ ညီညွတ်ရေးနဲ့ လုပ်ဟန်အရညီညွတ်ရေးကို စောင်းပေးတာပါ။ မရှိတာတော့မဟုတ်ဘူး။ CDM လုပ်ကြတဲ့ခါမှာ အားလုံး CDM လုပ်ကြဖို့ တောင်းဆိုတာမျိုး။ လက်နက်ကိုင်တော်လှန်တဲ့အခါမှာ အလုံးဆုံဆန့်ကျင် ကြဖို့ပေါ့။
ဒီအားနည်းချက်တခုရှိတယ်။ နောက်တစ်ခုက ကျနော်တို့ တစ်လျှောက်လုံးကြားဖူးခဲ့တာက ရန် ငါ ကြား ဆိုပြီးပေါ့။ ရန်ရှိတယ်။ ငါ ရှိတယ်ပေါ့ဗျာ။ နောက် ကြား အုပ်စုရှိတယ်။ နောက် ဒီတော်လှန်ရေး အောင်မြင်ဖို့က ကျနော်တို့က ကြား အုပ်စုပေါ်မှာလည်း ကစားရတာပေါ့ဗျာ။ ဒီကြားအုပ်စု ဘယ်ဖက်ကိုရပ်လည်းပေါ့။
ကျနော်တို့ လက်ဝဲကျမ်းစာတွေမှာ ဖော်ပြချက်တွေရှိသလို လက်ယာစာအုပ်တွေမှာလည်း ဖောပြချက်တွေ အများကြီးရှိပါတယ်။ အဲ့တော့ နွေဦးတော်လှန်ရေးမှာ တစ်ခုပြုတ်သွားတာက ဒီရန်ငါပဲ ကျန်ခဲ့ပြီးတော့ ကြား ဆိုတဲ့ ဟာကို လက်မခံကြတော့တာပေါ့လေ။ ပျောက်သွားပါတယ်။ နောက်တဖက်ကတော့ စစ်တပ်ပေါ့ စစ်တပ်က အစလာကတည်းက သူသည် မတရားတဲ့သူတွေက ထူထောင်တဲ့ တရားကနေလာတာပေါ့။ သူအာဏာထိန်းလိုက် တယ်ပေါ့။ အာဏာသိမ်းတယ်လို့တောင်မပြောဘူး။ ပြီးရင် သူ့ရဲ့ Exist strategy က ဘာလဲဆိုတော့ သူရွေးကောက်ပွဲလုပ်ပေးမယ်။
ဒါက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းကလည်း ပြောခဲ့တယ်လေ။ အခြေအနေတည်ငြိမ်တာနဲ့ ရွေးကောက်ပွဲပြန်လုပ်ပေးမလိုလိုလုပ်ရင်း သူ့ကိုခုခံဆန့်ကျင်မှုတွေများလာတဲ့အခါမှာ သူမလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ တဖြည်းဖြည်း ရှေ့နှစ်ဆို ငါးနှစ်ထဲရောက်တော့မယ်။ ငါးနှစ်ထဲရောက်မယ်ဆိုတော့ အခြေအနေကို ပြန်ရောက်လာတာ။ ဒီအချိန်ထိလည်း သူကဒါကိုပဲ တစိုက်မတ်မတ်ပြောနေတာ။ အမှန်ဆိုအခု မြို့ပေါင်း ၈၇ မြို့က တရားဝင်ကျသွားပြီ။ နောက်ကျန်တဲ့မြို့တွေကလည်း ခြိမ်းခြောက်ခံနေရတာတွေလည်း အများကြီးပဲ။
ဒီကြားထဲမှာကို သူက ရွေးကောက်ပွဲလုပ်ဦးမယ်လို့ ပြောပြောတုန်းပဲ။ အစဉ်လိုက်လုပ်မယ်တို့၊ အစိတ်အပိုင်းလိုက် လုပ်မယ်တို့ဘာတို့ ဒီတစ်ခုတည်းနဲ့ပဲ သူက တိုက်ပွဲဝင်တာပေါ့။ သူတို့ရဲ့ မတရားတဲ့ တရားကို ထူထောင်တာပေါ့။ အဲ့ဒီတော့ ကျနော်တို့ဖက်မှာကျတော့ တစ်ချို့ဟာတွေက နိုင်ငံတကာအဝိုင်းအဝန်းကို Message ပေးဖို့လိုတယ်၊ ကျနော်တို့ စစ်တပ်ကို ဘယ်နေရာမှာပဲထားမယ်ဆိုတာမျိုးပေါ့။
ဒေါက်တာလှကျော်ဇော (နိုင်ငံရေး လေ့လာသုံးသပ်သူ)
၁။ ၂၀၂၄ ခုနှစ်ရဲ့ တော်လှန်ရေးအရွေ့ထဲကိုပြန်ကြည့်ရင် ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်း ဒေသတို့မှာ တော်လှန်ရေး အင်အားစုတွေရဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှုတွေဟာ စစ်ကောင်စီအပေါ် ဘယ်လောက်ထိ သက်ရောက်စေခဲ့လဲ။ ဒါက စစ်ကောင်စီရဲ့(အုပ်ချုပ်ရေးယန္တရား၊ စစ်ရေးကဏ္ဍ) တို့ကို ဘယ်လောက် အရှိုုက် ထိခဲ့လဲ။
၁၀၂၇ ပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးပဲဖြစ်ဖြစ် ဒါဟာ ကျမတို့တောက်လျှောက်ဆင်နွှဲလာတဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး တိုက်ပွဲစင်ကြီးရဲ့ တဆင့်မြင့်သွားတာပေါ့။ ကျမတို့က ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ကစခဲ့တဲ့ စစ်အာဏာရှင်စနစ်တိုက်ပွဲအဆက်ဆက်မှာ အနှစ်ခြောက်ဆယ်ကျော်ပြီ ကျမတို့ပြည်သူတွေက တခါမှ အဆုံးမပေးဘူး။ တဗိုလ်ကျတဗိုလ်တက် တမျိုးဆက်ပြီးတမျိုးဆက် တိုက်လာတာ ဒီပွဲမှာ တဆင့်မြင့်သွားတာပဲ။ ဘာကြောင့် တဆင့်မြင့်သွားတယ်ပြောလဲဆိုတော့ ဟိုးတုန်းကလည်း တိုက်တယ်ဆိုတာ မှန်တယ်။
ဒါပေမဲ့ ခများတို့ သတိထားမိလားမသိဘူး ၁၀၂၇ စစ်ဆင်ရေးရဲ့ အားကောင်းချက်တွေက တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့တွေရဲ့ ညီညွတ်မှု၊ ပြီးတော့ နွေဦးတော်လှန်ရေးထဲက ပေါ်ထွက်လာတဲ့ ပြည်မက တော်လှန်ရေးသမားတွေရဲ့ ပေါင်းစည်းမှု အဲ့ဒီဟာနဲ့တိုက်လိုက်တဲ့အခါမှာ ဒီလောက်နှစ်ရှည်လများတိုက် ပြီးတော့ ဒီစစ်တပ်ကို တိုက်မှတိုက်နိုင်ပါ့မလားဆိုပြီးတော့ သံသယဖြစ်နေတာတွေ အကုန်ပျက်သွားတာပဲ။ ဗိုလ်ချုပ် ၆ ယောက် လက်နက်ချရတာ နည်းတာမဟုတ်ဘူးလေ။ ဖမ်းမိတဲ့ စာရင်းလည်းကြည့်အုံးလေ။ ဒါဟာ ကျမတို့တော်လှန်ရေးကြီး အရည်အချင်းတရပ်ကိုပြောင်းသွားတာဗျ။
ဒီစစ်တပ် ဒီစစ်အာဏာရှင်စနစ်ကို မလိုချင်တဲ့လူတွေ တညီတညွတ်ထဲ တိုင်းရင်းသားအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ ကျမတို့ ပြည်မက အင်အားစုတွေ အားလုံးစုပေါင်းပြီး စနစ်တကျဟန်ချက်ညီညီ စည်းစနစ်ကျစွာ တိုက်မယ်ဆိုရင် ကျမတို့ နိုင်နိုင်တယ်ဆိုတာကို ပြသလိုက်တာပဲ။ ဒါပထမဆုံးအကြိမ်ပဲ ကျမတို့ မဆလ ကိုလည်း တိုက်ဖူးတယ်။ နအဖ/နဝတ ကိုလည်း ကြားဖို့တယ်။ သို့သော်လည်း ဒီစစ်တပ်ရဲ့ ချွတ်ခြုံကျလာမှုက ဒီတခါအကြီးဆုံးပဲ။ မဆလ ခေတ်တုန်းက တော်တော်မာရည်ကျောရည်ရှိသေးတယ်။ ပြောဖူးတယ် မိုင်းယန်းတိုက်ပွဲတွေမှာ မိတဲ့ စစ်ဗိုလ်တွေက လက်နက်မချဘူး ဗုံးကိုပိုက်ပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အတွန့်ရှည်ပါစေဆိုပြီး အသေခံ ခုန်ချတာတွေရှိတယ်။ ဒါပေမဲ့ ဒီစစ်တပ်က တဖြည်းဖြည်းနဲ့ စိတ်ဓါတ်အရရော တဖြည်းဖြည်းကျဆင်းလာတယ်။
ကျမတို့ ဟိုတုန်းက သုံ့ပန်းတွေမြင်ဖူးတယ်။ သူတို့ ကျနော်တို့ကို ပြောဖူးတာရှိတယ် ကျနော်တို့ တိုင်းပြည်ကြီးကို နိုင်ငံခြားတပ်တွေ (သူတို့ပြောချင်တာတော့ တရုတ်တွေပေါ့ဗျာ) ဝင်တိုက်လို့ ကျနော်တို့ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ တိုက်ရတာပါလို့ပြောဖူးတယ်။ နဝတ/နအဖ ခေတ်ကျတော့ အပစ်အခတ်ရပ်စဲရေး အနှစ် ၂၀ လုပ်ခဲ့တယ်။ ကျမတို့ဆီက ခွဲထွက်သွားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို လုပ်ပိုင်ခွင့်တွေပေး ဘိန်းလုပ်လုပ်ဘာလုပ်လုပ် အကုန်လုပ်ချင်တာခိုင်းပြီးတော့ တပ်ကြီးတခုက အဲ့ကတည်းက ပျက်တာဗျ။
တိုင်းမှူးတွေက စီးပွားရေးလုပ်ချင်တာလုပ် ဆင်းရဲတာက ရှေ့တန်းက ရဲဘော်လေးတွေက ဆေးလိပ်ကအစ တောင်းသောက်ရတာ။ အခု CDM လုပ်လာတဲ့ စစ်ဗိုလ်လေးတွေရဲ့ အင်တာဗျူး ကျမကြည့်ဖြစ်တယ် ဒီစစ်တပ်က ဘယ်လောက်ဆိုးတယ် ဆိုတာ လာပြီးအမိန်ပေးတဲ့ စစ်ဗိုလ်က သူကဗန်ကာထဲမှာနေတယ်တဲ့ စစ်သားတွေကိုတော့ အပြင်ကရပ်ခိုင်းတယ်တဲ့ သူ့အသက်ကျတော့ သူသေမှာကြောက်တယ်။ ဆိုတော့အခု ၁၀၂၇ က တော်လှန်ရေးအတွက် တဆင့်မြင့်သွားတာ ကျမတို့ညီညွတ်ရင် ဒီစပ်တပ်ကို နိုင်အောင်တိုက်နိုင်တယ်။ လက်ရှိ စစ်တပ်ရဲ့ အခြေအနေကိုလည်း ဖွင့်ပြလိုက်တာပေါ့ဗျာ။
၂။ တဘက်က တရုတ်ဖိအားပေးမှု ကြုံနေရတဲ့ EROs နဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တရုတ်ကို ထိရောက်အောင် ပြန်လည်တုန့်ပြန်မှုလုပ်ဆောင်နိုင်ရင် တော်လှန်ရေးအရှိန်နဲ့ မြန်မာ့နိုင်ငံရေးအရွေ့ကို ဘယ်လို အပြောင်းအလဲ ဖြစ်စေနိုင်မလဲ။
တရုတ်ကိုချဉ်းကပ်ဖို့ဆိုရင် တရုတ်ရဲ့မဟာဗျူဟာဘာလဲဆိုတာအရင်သိဖို့လိုတယ်။ တရုတ်က ကမ္ဘာကြီး မှာ တစ်နိုင်ငံထဲ စူပါပါဝါလုပ်နေတဲ့ အမေရိကကို ပြိုင်နိုင်ဖို့အတွက် Globe South ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံများ အဲ့နိုင်ငံတွေကို စုစည်းပြီးတော့ အမေရိကန်ရဲ့ တစ်ဦးတည်းဗိုလ်ကျ နေမှုကို တိုက်ဖို့လိုပ်နေတာဗျ။ အဲ့ဒါအတွက် သူကြိုးစားတာ။ ကြိုးစားတဲ့အခါမှာ သူ့ရဲ့နည်းဗျူဟာတွေက တဆင့်ပြီးတဆင့်ရှိတယ်။ အခုနပြောတာ ကမ္ဘာ့အဆင့် ပြီးတော့ ဒေသအဆင့်ရှိတယ်။ ဒေသဆိုင်ရာအဆင့်ဆိုတာ ဘာလဲဆိုတော့ အာရှနိုင်ငံ ၁၀ နိုင်ငံလုံးနဲ့ သူနဲ့ပေါင်းပြီးတော့ လွတ်လပ်တဲ့ဈေးကွက်ကြီးအတွက် သူကြိုးစားနေ တာ အဲ့ဒီအတွက် အာရှ ၁၀ နိုင်ငံထဲမှာ ကျမတို့နိုင်ငံကပါနေတော့။ ကျမတို့နိုင်ငံရဲ့ မအေးမချမ်း မငြိမ်းမချမ်း ဖြစ်နေတာကို သူကဖြေရှင်းဖို့လိုလာတယ်။
အဲ့တော့ တရုတ်က သူ့ရဲ့မဟာဗျူဖြစ်တဲ့ ပိုးလမ်းမက ကျမတို့နိုင်ငံပဲ ကိုးရိုးကားယားကျန်နေတယ်။ ပိုးလမ်းမက လာအို၊ ထိုင်း၊ မလေးရှား တော်တော်ပေါက်နေပြီ မနေတနေ့ကဆို နီပေါနိုင်ငံနဲ့ သူတို့စာချုပ်ချုပ်တယ်။ ပါကစ္စတန်တို့လည်း ဒီလိုပါပဲ။ ဒီထဲမှာ ကျမတို့နိုင်ငံပဲကျန်နေတော့ ကျမတို့ နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရစေချင်လို့ ဒါက သူ့အကျိုးစီးပွားပေါ်က သူစဉ်းစားတာပေါ့။ သူ့အကျိုးစီးပွား ပေါ်က သူစဉ်းစားတဲ့အခါ ကျမတို့အတွက်ဘာအကျိုးရှိလဲ၊ သူ့အကျိုးစီးပွားဖြတ်သန်းသွားနေတာတွေက ကျမတို့ တော်လှန်ရေးသမားတွေ လက်ထဲမှာဗျ။ အဲ့ဒါကြောင့်မို့လို့ ဒါကိုကိုင်ပြီးတော့ တရုတ်နဲ့လည်း မျက်နှာမပျက် အောင် တရုတ်ကလည်း လာပြီးတော့ အတင်းဖြည့်အားမပေးနိုင်အောင် ကျမတို့အသုံးချလို့ရတယ်။
တရုတ်ရဲ့ မဟာဗျူဟာတွေနဲ့ ကျမတို့က ထပ်တူကျချင်မှကျမယ်။ သို့သော်လည်း ကျမတို့ကတာကို အသုံးချရင်ချလို့ရ တယ်။ ကျမတို့နိုင်ငံက အနှစ်ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ပြည်တွင်းစစ်ကြီးနဲ့ တကယ့်ကို ကျဆုံးနိုင်ငံဖြစ်နေ တာ။ အဲ့တော့ တရုတ်လည်း အားလုံးနဲ့ဆက်ဆံရေးကောင်းဖို့လိုတယ်။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ကျမတို့နိုင်ငံ အပေါ်မှာ ထားတဲ့ အိန္ဒိယဆိုလည်း သူစီမံကိန်းရှိတယ်။ AA ဆိုရင်လည်း ကုလာတန်စီမံကိန်း မထိအောင်လုပ် တာ၊ ကျော်ဖြူကိုမထိခိုက်အောင်လုပ်တာ။ သဘောက စစ်ကောင်စီက သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ပေးလို့ အကျိုးမရှိပါဘူး။ ကျမတို့တော်လှန်ရေးတွေကသာ အကျိုးရှိပါတယ်ဆိုပြီး လုပ်ဆောင်ပြနိုင်ဖို့ လိုတယ်။
နောက်တခုက သူကဖြည့်အားပေးလို့ အပစ်ရပ်စဲတယ်ဆိုပေမဲ့ အဲ့ဒါက ကိစ္စဆိုးမဟုတ်ဘူးဗျ။ ကိစ္စကောင်းအဖြစ် လည်း လှည့်ပြောင်းနိုင်တယ်။ အဲ့လိုအချိန်မှ ကျမတို့သိမ်းပိုက်ထားတဲ့ မြို့တွေ၊ နယ်တွေ ပြန်လည်ကောင်းမွန် အောင် ပြန်လည်တည်ငြိမ်အောင် ပြန်ပြီးတော့ တည်ဆောက်ပြမယ်။ နောက်ပြီးတော့ စနစ်တကျပြန်လည်ပြီး တော့ အုပ်ချုပ်ပြမယ်ဆိုရင် ပြည်သူလူထုတွေကိုလည်း စည်းရုံးပြီးသားဖြစ်သွားတယ်။ စစ်အစိုးရလက်အောက် မှာ နေတာဘယ်လို အခုငါတို့လက်အောက်မှာနေတာဘယ်လိုဆိုတာကို ပြသပြီးသားဖြစ် သွားတယ်။ ဒါဟာ ရင်းနီးမြုပ်နံမှုဝင်လာတဲ့ တရုတ်တို့ဘာတို့အတွက်လည်း အင်မတန်မျက်စိပွင့်စေတာပေါ့ဗျာ။
တော်လှန်ရေး သမားတွေဟာ တည်ဆောက်ရေးသမားတွေဖြစ်တယ်ဆိုတာကို ပြနိုင်တယ်။ အဲ့လိုနည်းနဲ့ ကျမတို့က ကိုယ့် တော်လှန်ရေးကို တဆင့်ပြီးတဆင့် တက်ဖို့လိုတယ်။ အခုကြည့် MNDAA ဆို လားရှိုးတို့မှာ CDM ဆရာဝန်တွေနဲ့ ဆေးရုံတွေပြန်ဖွင့်တယ်။ ကျောင်းတွေပြန်ဖွင့်တယ်။ KIA ကလည်း တရုတ်နယ်စပ်တလျှောက် သိမ်းထားတဲ့ ဒေသတွေမှာ နောက်ကတခါတည်း တည်ဆောက်ရေးလိုက်လာတယ်။ သိပ်မြိုင်ဆိုင်တာပဲ။
အဲ့ဒီလို ဒေသဆိုင်ရာ တွေကို ကောင်းကောင်းတည်ဆောက်ပြမယ်ဆိုလို့ရှိရင် တရုတ်ကလည်း သူက ရင်းနီးမြုပ်နံမှာပဲ။ အခုတောင် KIA ကို မြေရှားကုမ္ပဏီတွေ သူတို့လည်း ရင်းနီးမြုပ်နှံပါမယ်။ အတတ်ပညာတွေလည်း ပေးပါမယ်ဆိုပြီး ဆွေးနွေး နေတယ်လို့ကြားတယ် ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ အဲ့လလိုတွေတော့ကြားလာနေပြီ။ အဲ့တော့ ကျမတို့ က ကိုယ့်တိုင်းကိုယ့်ပြည်ကို ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ဆောင်ရမယ်။ “ဝ” ၊ မိုင်းလားတို့မှာတော့ တရုတ် က ရင်းနီးမြုပ်နံထားတာအများကြီးဗျ။ အဲ့ဒေသတွေကိုလည်း သူကတည်ငြိမ်အောင်လုပ်ထားနိုင်တယ်။ “ဝ” ကလည်း သူ့ဒေသကို သူ အုပ်ချုပ်ရေး တော်တော်ကောင်းအောင်လုပ်နိုင်တယ်။ မိုင်းလားကလည်း အတူတူပါပဲ။ ကျန်တဲ့ဒေသတွေကလည်း အဲ့လိုလုပ်ကြမယ်ဆိုရင် ကျမတို့ တိုင်းပြည်က စစ်အာဏာရှင်လက်က လွတ်မြောက် တဲ့ဒေသတွေများများလာ်ပြီး နောင်တနေ့ကျရင် ဒီစစ်ကောင်စီ အပျက်ဖျက်နိုင်မှာပဲ။
ဒါဟာ တရုတ်က ဖြည့်အား ပေးလည်း ပူစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ တရုတ်က ဖြည့်အားပေးတယ်သာဆိုတာ ဒါမလုပ်ရင် ဒါလုပ်မယ်ဆိုပြီး အရေးယူတာ မတွေ့သေးဘူးဗျ။ MNDAA တို့ TNLA တို့က တရုတ်ကို မျက်နှာစာတော့ ပေးရတာပေါ့နော။ တရုတ်က ဒီလိုဝင်ပြောလို့ ကျနော်တို့က ဒီလိုတော့လုပ်ရပါတယ်ဆိုတာတော့ ပြောရတာပေါ့။ သို့သော် မလုပ်ရင် ဘာလုပ်မယ်ဆိုတာမှမရှိပဲ။ အဲ့တော့ ကျမတို့က တော်လှန်ရေးသမားတွေ ကိစ္စဆိုးတွေကို ကိစ္စကောင်းဖြစ်အောင် လုပ်နိုင်ရမယ်။ တရုတ်ကအပစ်ရပ်ဆိုလို့ရပ်ရတာပေါ့။ ပြီးရင်ကိုယ့်ဟာကိုယ် နလန်ထူ အောင်ပြန်လုပ်ရမှာပဲလ။ သိမ်းထားတဲ့ဒေသတွေကို ကျနော်တို့လည်း အုပ်ချုပ်နိုင်စွမ်းရှိပါတယ် လုပ်ကိုင်နိုင်စွမ်း ရှိပါတယ်ဆိုတာ တရုတ်ကို တဖြည်းဖြည်းပြရမှာပေါ့ဗျာ။
၃။ မြန်မာ့အရေး တရုတ်က ဝင်ရောက် စွက်ဖက်နေပြီလို့ ပြောလို့ရပြီလား။ တရုတ်ရဲ့ ကြားဝင် စေ့စပ်မှုတွေက မြန်မာ့အရေး တိုးတက်မှု ရှိလာနိုင်မလား။ ဒီအခြေအနေ တွေက နွေဦးတော်လှန်ရေး အရှိန်နဲ့ မြန်မာ့နိုင်ငံရေးအရွေ့ကို ထိခိုက်လာနိုင်ပါသလား။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တော်လှန် ပြည်သူတွေ အနေနဲ့ ဘာလုပ်ဖို့ လိုအပ်မလဲ။
တရုတ်က သူများပြည်တွင်းရေးကို ဝင်စွက်တယ်ဆိုတဲ့ဟာကို သူကဒီလိုအဓိပ္ပာယ်ဖွင့်တယ်။ နိုင်ငံရဲ့အစိုးရ အပြောင်းအလဲဖြစ်အောင်လုပ်တာမျိုးပေါ့။ ဥပမာ ဘင်္ဂလားဒေ့ရှ်ဖြစ်သွားတာဟာမျိုးပေါ့။ အဲ့ဒါမျိုးကို သူကပြည်တွင်းရေးကို စွက်ဖက်တယ်လို့ပြောတာပေါ့နော။ သို့သော်လည်း အခုဝိုင်းပြီးပြောနေပြုနေတာတွေက များသောအားဖြင့်အကြံပေးတဲ့သဘောပါပဲ။ သူတို့ကတော့ ဒီလိုဖြစ်စေချင်တယ်။ လုပ်တာမလုပ်တာက အပထားပေါ့။ အဲ့ဒီတော့ ဒါကို စွက်ဖက်တယ်ပြောလည်းရတာပေါ့ဗျာ။ သို့သော်သူတို့က ရိုးရိုးသားသားအကြံပေးပြီး သူတို့က ဒါမလုပ်ရင်တော့ ချင်ဗျားတို့က ဘာဖြစ်မယ်ညာဖြစ်မယ်လို့ပြောထားတာမှ မဟုတ်ဘဲ။
ပြီးတော့ “ဝ”နဲ့ ဆွေးနွေးတဲ့ကိစ္စ၊ ဝမ်ရိ ပြောတဲ့ကိစ္စ၊ လုံခြုံရေးကိစ္စ ကျမကဒီလိုမြင်တယ် တရုတ်သတင်းတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နေ့တိုင်းသူတို့မှာ သတင်းစာ Conference ရှိတယ်။ အဲ့ဒီမှာ သူတို့က ဗမာပြည်အကြောင်း ဘာကြောင်း ပါလာရင် သူတို့ပြောကြဆွေးနွေးကြ နောက်နေ့ဆို သူတို့နိုင်ငံပိုင် Xinhua News မှာ အင်္ဂလိပ်လိုထည့်ရေးတယ်။ အဲ့ဒီကပြောမှပဲ ကျမကလက်ခံတယ်. ကျန်တဲ့ဟာဆိုရင် လက်မခံဘူး။ အဲ့ဒီတော့ “ဝ” နဲ့ ပြောတယ်ဆိုတဲ့ ကိစ္စက အင်တာနက်ကထွက်တဲ့ သတင်းက ဘယ်ကလဲတော့မသိဘူးလေနော။ ကျမစဉ်းစားတာက ဒီဟာတွေက အမှန်လည်းပါနိုင်တာပေါ့နော။ ဒါပေမဲ့ တချို့က ကိုယ်ထည့်ချင်တာတွေကောက်ထည့်တယ်ထင်တယ်။ ထို့အတူပဲ ဒီလုံခြုံရေးကုမ္ပဏီကိစ္စကတော့ ကျမတို့ စောင့်ကြေည့်ဖို့လိုသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စကစ ကိုယ်တိုင်က သူတို့အခုမှ လေ့လာနေတုန်းရှိသေးတယ်လေ။ ဘယ်လိုလုပ်ရင်ကောင်းမလည်းဘာလည်းဆိုတာ။ ဒါကြောင့် အတိအကျဘာမှ သေချာမပြောနိုင်ဘူး။
ဝမ်ရိ ပြောတဲ့အထဲမှာ သူက သုံးချက်ပြောထားတာရှိတာပေါ့။ စည်းသုံးစည်းဆိုတာ ဒါအပြင် ဝမ်ရိက သူအရင်ကပြောထားတဲ့ဟာတွေရှိသေးတယ်။ ဥပမာ ဗမာပြည်ရဲ့ အရေးအခင်းကို ကျွန်တော်တို့က မုချဝင်ပြီးကူညီဖြေရှင်းပေးရမယ်ပေါ့။ အဲ့ဒီလိုကူညီဖြေရှင်းပေးတဲ့အခါမှာ ဗမာပြည်နိုင်ငံရေးမှာ ပါဝင်နေတဲ့လူတွေအားလုံး တန်းတူညီမျှဆက်ဆံရမယ်။ စံချိန်စံညွှန်းနှစ်ရပ်နဲ့မဆက်ဆံရဘူး။ ဘက်စုံကပါဝင်နိုင်အောင် စဉ်းစားပေးပါမယ်။ ကူညီပေးပါမယ်လို့ပြောသွားတယ်။ ဟိုနေ့ကလည်း အဲ့ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတဲ့အထဲမှာ အဲဒီစကားပါတယ်။ ကျမတို့တရုတ်ပြည်အနေနဲ့ ဗမာပြည်အခု ဖြစ်နေတာတွေကို တော်တော်စိတ်ပူတယ်တဲ့။
ဗမာပြည်ရဲ့အဖွဲ့အစည်းတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ တရပ်ကသာလျှင် ဗမာပြည်အရေးကို ဖြေရှင်းနိုင်မှာဖြစ်လို့ အဲ့လိုဖြစ်လာအောင် ကူညီဖြေရှင်းပေးနေပါတယ်လို့ ပြောတယ်။ အဲ့ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက အမျိုးသမီး အဲ့လိုပြောသွားတယ်။ ဒါအပြင် ဝမ်ရိ က ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ပြောတဲ့အခါမှာလည်း သူတစ်ခွန်းထည့်ပြောတယ်ဗျ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ပြောသွားတယ်။ စစ်ကောင်စီကလည်း ထုတ်ပြန်တာပေါ့လေ။ သူဗမာပြည်ပြန်ရောက်တော့ သူတို့ကို တရုတ်ပြည်က ဘယ်လောက်ထောက်ခံကြောင်း ဘာညာနဲ့ပေါ့။
အဲ့တော့ဒါမျိုးတွေကို ကျမတို့က သေချာသတိထားပြီးလေ့လာကြည့်သင့်တယ်။ နောက်တခုက ဦးကျော်မိုးထွန်း ကို တောက်လျှောက် ကုလသမဂ္ဂမှာ ကိုယ်စားလှယ်ဖြစ်နေတာ တရုတ်တို့ ရုရှားတို့ မကန့်ကွက်လို့ပေါ့။ ဗီဒိုအာဏာသုံးပြီးပျယ်လိုက်ရင်လည်း ပြီးသွားမဲ့ကိစ္စ။ ဒါပေမဲ့ သူတို့မသုံးခဲ့ကြဘူးလေ။ အရင်တုန်းက မြစ်ဆုံကိစ္စ တို့ဘာတို့ဖြစ်ပြီးကတည်းက တရုတ်ကသူတို့ဟာ သူတို့ နိဂုံးချုပ်ထားတာရှိတယ်ဗျ ဗမာပြည်ကို ဆက်ဆံတဲအခါမှာ အစိုးရနဲ့တင်မဟုတ်ဘဲနဲ့ ပြည်သူအချင်းချင်းကြးဆက်ဆံရေးကိုပါ သတိထားသင့်တယ်လို့ သူတို့နိဂုံးချုပ်ထားပါတယ်။
ဒါကြောင့်မို့လို့ သူတို့ဖက်ကလည်း အခုဘာပဲဖြစ်ဖြစ် ဗမာပြည်မှာလက်ရှိအုပ်ချုပ် နေတာက စစ်ကောင်စီဖြစ်တဲ့အခါကျတော့ စစ်ကောင်စီနဲ့မလွဲမသွေဆက်ဆ့ရတာပေါ့ဗျာ။ ဒါကလည်း တရုတ်တင် မဟုတ်ဘူးလေ။ ထိုင်းလည်းဒီလိုပဲ။ အိန္ဒိယလည်းဒီလိုပဲ။ ဒါကိုကြည့်ပြီးတော့ ကျမတို့က အပစ်ပြောလို့မရဘူး။ သူလည်း သူ့နိုင်ငံအကျိုးစီးပွားနဲ့ သူ့မဟာဗျူဟာနဲ့သူ ဆက်ဆံတာပဲ။ ကျမတို့ကလည်း ကိုယ့်အလုပ်ကို ဆက်လုပ်ကြတာပေါ့။
၄။ တဘက်က လူထုအများစုက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အတွက် အရေးတကြီး လိုအပ်နေတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက်ကိုလည်း ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း တိုက်တွန်းထားကြသလို စစ်အနိုင်တိုက်ရေးကို ရှေးရှုပြီး “မူ”အပေါ်မှာ အခြေပြုတဲ့ သွေးစည်းညီညွတ်ရေးနဲ့ ဗျူဟာမြောက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက် ရေးတို့ကို လက်တွေ့ကျကျ တာဝန်ယူမှု တာဝန်ခံမှုများနဲ့အတူ အလေးထားဆောင်ရွက်ပေးဖို့ တောက်လျှောက် တိုက်တွန်းတောင်းဆိုထားတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်လာဖို့ အလှမ်းဝေးနေဆဲပါ။ ဘာကြောင့်လို့ ထင်ပါသလဲ။ အဓိက ဘယ်အရာတွေက စိန်ခေါ်မှုတွေဖြစ်နေလဲ။ ဖြစ်လာနိုင်မယ့် အလားလာ ရှိပါသလား။
NUG နဲ့ပါတ်သက်လို့ အားနည်းချက်တွေရှိနိုင်ပါတယ်။ ကျမတို့ ဗကပ အနေနဲ့လည်း နည်းတဲ့အားနည်းချက်မဟုတ်ဘူးရှိခဲ့တာ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ဆက်ဆံရေး လူမျိုးစုတွေနဲ့ဆက်ဆံရေး တွေမှာ အများကြီး ပြဿနာတွေရှိခဲ့တယ်။ အခု NUG က အရင် NLD ခေတ်ကိုပြောရရင်။ အဲ့တုန်းက NLD က အမျိုးသားရင်ကြားစေ့ရေးဗျ။
အမျိုးသားရင်ကြားစေ့ရေးမှာ သူအဓိကထားတာက စစ်တပ်နဲ့သူက ရင်ကားစေ့ရေးကို ကြိုးစားတာ။ ဒေါ်အောင်ဆန်းစုကြည် တို့စဉ်းစားတာက စစ်တပ်နဲ့ရင်ကြားစေ့ရေးရပြီဆိုလို့ရှိရင် စစ်တပ်ကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲယူမယ်။ စစ်တပ်ကိုအများကြီး မျက်နှာသာပေးခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုပ်ဆောင်ချက်တရပ် နောက်ဆုံးဆွေးနွေးပွဲမှာ သူ့အနေနဲ့ ခများတို့ သမ္မတလုပ်ချင်ရင်လုပ် ကျမတို့ NLD အစိုးဖွဲ့ရရင်ပြီးရောဆိုတဲ့ သဘောမျိုးမဟုတ်ဘဲနဲ့ ဒီအမျိုးသားရင်ကြားစေ့ရေး စစ်တပ်နဲ့တော့လုပ်လို့မရပါဘူး။ ငါတို့ ဒီစစ်တပ်ကိုတော့ အပျက်ဖြေရှင်းမှဖြစ်တော့မယ်ဆိုတဲ့ အမြင်နဲ့ သူထောင်ထဲဝင်သွားတာဗျ။
ဒါဟာသူ့ရဲ့ အမျိုးသားရင်ကြားစေ့ရေးမူဝါဒ မှားသွားပြီဆိုတာကို သူသွယ်ဝိုက်စွာပြော သွားတာပဲ။ ဒါကိုကျမတို့လက်ခံပြီးတော့ ဗမာတစ်ပြည်လုံး ပြည်သူလူထုက အုံကြွလာခဲ့တာ။ အဲ့တော့ တိုင်းရင်းသားတွေအနေနဲ့လည်း ကျမကြည့်တယ် သူတို့လည်း သဘောပေါက်လာလို့သာ နွေဦးတော်လှန်ရေးကလာတဲ့ လူတွေကို ကူညီတာပေါ့။ MNDAA လည်း ကူညီတယ်။ AA လည်းကူညီတယ်။ အခု AA တပ်ဖွဲ့က ရခိုင်မှာလည်းရှိတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာလည်းကျန်နေခဲ့တာတွေရှိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ AA လိုင်ဇာမှာ စစ်သင်တန်းတက်နေတုန်း စစ်တပ်ကနက်နဲ့ပစ်လို့ AA က စစ်ဗိုလ်လောင်းလေးတွေ သေဖူးတယ်။ သူတို့သွေးတွေဒီဖက်မှာရှိတယ်။ သူတို့မမေ့ပါဘူး။ သူတို့စိတ်ထဲမှာ သူတို့က တိုင်းရင်းသား တစ်ဦးဆိုတာပဲ။
နောက်တစ်ခုက ကျမအခုကာလမှာ သိပ်သဘောကျနေတဲ့ အချက်နှစ်ချက်ရှိတယ်။ အဲဒါဘာလဲဆိုတော့ ဘယ်တိုင်းရင်းသားအဖွဲ့ကမှ ခွဲထွက်ဖို့မပြောတော့တာနော တစ်အချက်။ ဒါဟာသိပ်ကောင်းတဲ့အချက်။ ကျမတို့ပါတီ တစ်လျှောက်ပြောခဲ့တာရှိတယ်။ လူမျိုးလေးတွေက လူမျိုးကြီးမလွတ်မြောက်ရင် လူမျိုးစုတွေလည်း မလွတ်မြောက်နိုင်ဘူး။
ထို့အတူပဲ လူမျိုးစုတွေအားလုံး မလွတ်မြောက်ရင်လည်း လူမျိုးကြီးတစ်မျိုးတည်း မလွတ်မြောက်နိုင်ဘူးဆိုတာ ကျမတောက်လျှောက်ပြောတာ။ ဟိုတလောက တိုင်းရင်းသားခေါင်းဆောင်တွေပြောနေတယ် ကျွန်တော်တို့အခု မြို့တွေသိမ်းနိုင်တဲ့နယ်မြေရပေမဲ့ မဖြစ်ဘူး။ ဒီစစ်တပ်ပြိုမှဖြစ်မှာ။ ဒါမှမဟုတ်လို့ရှိရင် သူတို့ပြန်အင်အားစုပြီး ကျွန်တော်တို့ကို ပြန်တိုက်မှာ။
ဒါကြောင့်မို့လို့သာ နွေဦးတော်လှန်ရေးမှာပေါ်လာတဲ့ တပ်သားလေးတွေ၊ မြေပြန့်ကလာတဲ့ ဗမာတွေကို သူတို့ လက်ခံပေးခဲ့တာ။ အခုကျမတို့အားလုံး စစ်ကောင်စီပြုတ်ကျရေးပဲ အဓိက ထားသင့်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ တို့ အခုကတည်းက ငြင်းနေတာပြဿနာဖြစ်မယ်။ စစ်ကောင်စီကို မလိုလားတဲ့လူတွေအားလုံးပါဖို့။ အပြစ်အနာဆာတွေထားပြီး နာနေလို့မဖြစ်ဘူး။