သတင်း

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်လာတယ်လို့ လေ့လာသူတွေပြော

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်လာတယ်လို့ လေ့လာသူတွေပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

နိုဝင်ဘာ ၁၁၊ ၂၀၂၄

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်လာတယ်လို့ စောင့် ကြည့်လေ့လာနေတဲ့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS)က ပြောပါတယ်။

အခုလက်ကျန် စာသင်နှစ် ဒါမှမဟုတ် လာမယ့်ပညာသင်နှစ်တွေမှာ စစ်တပ်ရဲ့ မတရား စစ်မှုထမ်းဥပဒေ၊ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုတွေကို ပုံဖျက်ရေးဆွဲထားတဲ့ အကြမ်းဖက်ဥပဒေစတဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသူ/ ကျောင်းသားတွေ သင်ယူရဖို့ ရှိနေတယ်လို့ BACS ရဲ့ ထုတ်ပြန်ပြောဆိုမှုအရ သိရပါတယ်။

ပြီးခဲ့သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည် နဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမ တွေကို စစ်တပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု ဥပဒေတွေနဲ့ပတ်သက်ပြီး ရက်တိုသင်တန်းတွေ ပေးနေပါတယ်။ ဒီသင်တန်းတွေရဲ့ ရည်ရွယ်ချက်က စစ်ကောင်စီရဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို ဆရာ/ဆရာမတွေက တဆင့် Grade  11 နဲ့ Grade 12 အတန်းအပါအဝင် အခြေခံပညာကျောင်းတွေက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက် လူငယ် တွေဆီ ပျံ့နှံ့ရောက်ရှိဖို့ပဲ ဖြစ်ပါတယ် လို့ BACS က ပြောပါတယ်။

ဒီသင်တန်းတွေကို‌ စစ်ကောင်စီရဲ့ ဥပဒေရေးရာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ရန်ကုန်မှာ အောက်တိုဘာ ၂၈ က စတင်ခဲ့ပြီး အခြေခံပညာ ဆရာ/ဆရာမ  ၃၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ မကွေးမြို့မှာတော့ နိုဝင်ဘာ ၂ ရက်က စတင်ခဲ့ပြီး ဆရာ/ဆရာမ ၃၀၀ ကျော်၊ မွန်ပြည်နယ် မော်လမြိုင်မှာ နိုဝင်ဘာ ၄ ရက်က စတင်ခဲ့ပြီး ဆရာ/ဆရာမ ၉၈ ဦးတက်ရောက်ခဲ့ကြတယ်လို့ စစ်ကောင်စီ သတင်းစာတွေက ဖော်ပြထားပါတယ်။ သင်တန်းကာလ အနေနဲ့ အချို့သင်တန်းတွေက ၁၀ ရက်ကြာမြင့်မှာ ဖြစ်ပြီး၊ အချို့သင်တန်းတွေကတော့ ၁၂ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။ အခြား စစ်ကောင်စီထိန်းချုပ်ထားတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း မကြာမီ အလားတူသင်တန်းမျိုးတွေ စတင်အကောင်ထည် ဖော်လာနိုင်ချေရှိနေတယ်လို့လည်း ဆိုပါတယ်။  

အလားတူ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ၊ ကလော ၊ ဟဲဟိုး နဲ့ ကရင်နီပြည်နယ်ထဲက လွိုင်ကော်မြို့တို့မှာလည်း မှုခင်းအသိပညာပေး သင်တန်းတွေနဲ့ တွဲဖက်ပြီး ဥပဒေပညာဖြန့်ဝေရေးလို့ အမည်တပ်ထားတဲ့ ဒီဝါဒဖြန့်သင်တန်း အမျိုးစားတွေကို အခြေခံပညာအထက်တန်းကျောင်း အသီးသီးမှာ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းအပတ် (အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်) အတွင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ တိုင်းစစ်ဌာနချုပ် အသီးသီးက လက်အောက်ခံတပ်နယ်တွေမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသူ/ ကျောင်းသား တွေကို စစ်တိုင်းမှုးတွေက ကျောင်းဝတ်စုံ၊ စာရေး ကိရိယာနဲ့ ပညာသင်ထောက်ပံ့စရိတ်ပေးပြီး စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်၊ ပုသိမ်၊ မန္တလေးနဲ့ ပဲခူးက တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲဝင် ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူတွေကို ဂုဏ်ပြုဖျော်ဖြေပွဲတွေ၊ စခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲတွေ ပြုလုပ်ခဲ့ပြီး တောင်ငူမြို့က တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပဲခူးတိုင်း ဝန်ကြီးချုပ်နဲ့ တောင်ပိုင်းတိုင်း စစ်တိုင်းမှုးတို့ က သွားရောက်တွေ့ဆုံ စည်းရုံးမှုတွေလုပ်ခဲ့တာ ရှိပါတယ်။ စစ်တပ်က ဝါဒဖြန့်ချိရေး နဲ့ စိတ်ဓာတ်စစ်ဆင်၊ စည်းရုံးရေး ကိစ္စတွေကို အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်ရပ်ဝန်းတွေကို ဦးတည်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

အရင်က တက္ကသိုလ်ရောက်မှသာ ဥပဒေပညာရပ်ကို သီးသန့်လေ့လာသင်ယူကြရတာဖြစ်ပြီး ယခုလက်ရှိ အခြေအနေမှာတော့ အခြေခံပညာကျောင်းတွေက စပြီး စစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းဥပဒေ၊ စစ်တပ်က စိတ်ကြိုက်ရေးစွဲထားတဲ့ အခြေခံဥပဒေနဲ့ တိုင်းပြည်ရဲ့ ဒေသအသီးသီးကနေ စစ်တပ်ကိုတော်လှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံဖျက်တံဆိပ်ကပ်ထားတဲ့ အကြမ်းဖက်ဥပဒေတွေကို ဆယ်ကျော်သက် ကလေးငယ် တွေဆီ ဝါဒဖြန့်သင်ကြားဖို့ ပြင်ဆင်လာတာပဲ ဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာကို နေ့စဉ် စောင့်ကြည့်နေတဲ့ BACS အဖွဲ့က ပြောပါတယ်။

Related Articles

Back to top button