သတင်း

ညီညွှတ်ရေးနဲ့ ပေါင်းစည်းရေးကို ဦးတည်ဆောင်ရွက်သွားမယ်လို့ ကယန်းတပ် KNA ပြော

ညီညွှတ်ရေးနဲ့ ပေါင်းစည်းရေးကို ဦးတည်ဆောင်ရွက်သွားမယ်လို့ ကယန်းတပ် KNA ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၄၊ ၂၀၂၄

ကယန်းအမျိုးသားတပ်မတော်(KNA)အနေနဲ့ ညီညွှတ်ရေးနဲ့ ပေါင်းစည်းရေးမူကိုပဲ ဦးတည်ဆောင်ရွက် သွားမှာဖြစ်ပြီး လူမျိုးတမျိုး၊ အစုအဖွဲ့တခုကို တိုက်ခိုက်ဖို့ရည်ရွယ်ပြီးတော့ ဖွဲ့စည်းလိုက်တာ မဟုတ်ဘူးလို့ KNAပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက ပြောပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံမြို့နဲ့ ကယန်းဒေသတွေရှိ ပြန့်ကြဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစုပြီး ကယန်းအမျိုးသား တပ်မတော်(KNA)ကို အောက်တိုဘာလ ၂၉ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။

ကယန်းအမျိုးသားတပ်မတော်ကို ကယန်းဒေသအတွင်းရှိ တော်လှန်ရေးမှာ ဦးဆောင် ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတရပ် ဖွဲ့စည်းကာ စုပေါင်းဦးဆောင်မှုနဲ့ ချီတက်သွားမှာဖြစ်ပြီး စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆက်လက်ချီတက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့က လူမျိုးစုတွေအလိုက် ပဋိပက္ခဖြစ်သွားနိုင်မလားဆိုပြီး မေးခွန်းတွေ၊ စိုးရိမ်မှုတွေ ရှိကြတယ်။ ကျနော်တို့က ညီညွှတ်ရေးနဲ့ ပေါင်းစည်းရေးကို ဦးတည်ပြီးသွားနေတယ်။ အဲဒီအခါကြတော့ KNAကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကိုက စစ်အာဏာရှင်ကို တိုက်ထုတ်ရေးပဲဖြစ်ပြီး လူမျိုးတမျိုး၊ အစုအဖွဲ့တခုကို တိုက်ထုတ်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ထိတ်လန့်တာမျိုး မဖြစ်စေချင်ပါဘူး။ ဘယ်တော့မှ ဒါမျိုးတွေ လုပ်မှာမဟုတ်ဘူးလို့ ပြည်သူတွေကို ပန်ကြားချင်ပါတယ်”လို့ ခွန်းဆောင်ဒူက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေ စုစည်းပြီး KNAကို အခြေခံမူ ၉ချက်၊ အမျိုးသား ရည်မှန်းချက် ၅ချက်နဲ့ တပ်ရင်း ၈ရင်းစုစည်းကာ ဖွဲ့စည်းလိုက်တာဖြစ်သလို အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်နေတဲ့ ဘယ်တော်လှန်ရေးအင်အားစုနဲ့မဆို အတူလက်တွဲတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကယန်းအမျိုးသားတပ်မတော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

#ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
#FJMM

Related Articles

Back to top button