၁။ အင်အားကြီး ခေါပုတ်တပ်စခန်းကို KNLA/PDF သိမ်းပိုက်
October 31, 2024
ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အင်အားကြီးတပ်စခန်းတစ်ခုဖြစ်တဲ့ ခေါပုတ်တပ်စခန်းကို KNLA/PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မ ဟာ ၅ နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထား တဲ့ ဖာပွန်မြို့ အရှေ့မြောက်ဘက်ခြမ်း ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ခေါပုတ်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တို ဘာ ၂၉ ရက်မှာ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် အောက်တို ဘာ ၃၀ ရက်နေ့မှာ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက တက်ရောက်သိမ်းပိုက်ခဲ့တာပါ။ ခေါပုတ်တပ်စခန်းသိမ်းပိုက်ရရှိမှုအတွင်း စစ်လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့တယ် လို့လည်း တပ်မဟာ ၅ နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တချို့ရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။ ခေါပုတ်တပ်စခန်းက စစ်လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ ၂ တာဝန်ရှိသူတစ်ဦးကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။
ခေါပုတ်တပ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုစည်းနေထိုင် တဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ခြောက်လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ အဲဒီ တပ်စခန်းမှာ စစ်ကောင်စီရဲ့ အမှတ် ၁၉ ခြေလျင်တပ်ရင်းအပါအဝင် အမှတ် ၃၄၀၊ ၃၄၁ ၊ ၄၃၄ ခြေမြန် တပ်ရင်းပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲနေထိုင်ခဲ့တဲ့ စခန်းကြီးတစ်ခုလည်းဖြစ်ပြီး စစ်ကောင်စီဘက်က စခန်းမကျရေးအ တွက် နေ့စဉ်နဲ့အမျှလေကြောင်းနဲ့အပြင်းအထန်ခုခံခဲ့တာပါ။ KNU ဖာပွန်ခရိုင်တပ်မဟာ ၅ နယ်မြေထဲမှာခေါပုတ်တပ် စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်သာကျန်ရှိတော့တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU တပ် မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြောဆိုထားပါတယ်။ Read in Full
၂။ ကချင်အထူးဒေသ (၁) က နောက်ဆုံးကျန်နေတဲ့ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်
November 1, 2024
ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်အထူးဒေသ (၁) ဒေသမှာ နောက်ဆုံးကျန်နေတဲ့ အမှတ်-၁၀၀၁ နယ်ခြားစောင့် တပ်ရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။ ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသ ဂမ်ခွန်းရွာမှာရှိတဲ့ အဲဒီနယ်ခြားစောင့်တပ်စခန်းကို အောက်တိုဘာ ၃၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက် နေ့ ညနေမှာ သိမ်းယူနိုင်ခဲ့တာ KIA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။“တိုက်တာက ၃၀ ရက်နေ့က တိုက်တာ၊ မနေ့က ညနေပိုင်းက သိမ်းပြီးပြီ။ အခုတော့ ရှင်းလင်းရေးတွေ လုပ်နေတယ်” အဲဒီတပ်စခန်းဟာ တရုတ်-မြန်မာနပ်စပ် ဖီမော်ရွာကိုသွားတဲ့ လမ်းပေါ်မှာရှိတဲ့ တပ်စခန်းဖြစ်ပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဆက်သွယ်ရတဲ့ခက်တဲ့ ဒေသဖြစ်တဲ့အတွက် တိုက် ပွဲ ဖြစ်နေတဲ့အကြောင်းပဲသိရပြီး စခန်းသိမ်းတဲ့ အခြေအနေကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။ ဦးဇခုန်တိန့်ယိန်းရဲ့ ကချင် အထူးဒေသ (၁) နယ်မြေ ပန်ဝါမြို့အနီးမှာရှိတဲ့ အမှတ်-၁၀၀၂ နဲ့ ကန်ပိုက်တီမြို့အနီးက အမှတ်-၁၀၀၃ နယ်ခြားစောင့်တပ်ရင်း တွေကိုလည်း KIA က အောက်တိုဘာလအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ ၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ အခုအချိန် အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ မိုးမောက်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စတဲ့ မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်း ပိုက်ထိန်းချုပ်ထားပါတယ်။ Read in Full
၃။ BGF တပ်ဖွဲ့ဝင်များ DKBA ဘက် မပြောင်းစေဖို့ စစ်ကောင်စီ အမိန့်ထုတ်
October 31, 2024
ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် (BGF) မှ စစ်သားများအနေဖြင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုး သားတပ်မတော် (DKBA) အဖွဲ့သို့ ကူးပြောင်းခြင်းကို ခွင့်မပြုရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။ မကြာသေးမီ ရက်ပိုင်းအတွင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ရှိ တပ်မှူးများ အစည်းအဝေး၌ ရတခ စစ်တိုင်းမှူးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် DKBA အဖွဲ့ထံ ဝင်ရောက်သွားသော BGF တပ်ဖွဲ့များအား ပြန်လည်လွှဲပြောင်း ပေးရန်နှင့် BGF သို့ ကူးပြောင်းလာသည့် DKBA တပ်ဖွဲ့ဝင်များကိုလည်း မူရင်းအဖွဲ့သို့ ပြန်ပို့ရန် တိုင်းမှူးက ညွှန်ကြားထား ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်ခြားစောင့်တပ်မှ အရေးယူခံရသည် ဖြစ်စေ ထုတ်ပယ်ခံရ၍ဖြစ်စေ မိမိသဘော ဆန္ဒအလျောက်ဖြစ်စေ BGF တပ်ကထွက်ကာ DKBA တပ်ဖွဲ့ထံ ဝင်ရောက်သူ များစွာ ရှိခဲ့သည်။
မြဝတီဒေသခံ စစ်ရေးလေ့လာသူတဦးက “အခု နောက်ပိုင်း BGF ကနေ DKBA ကို ပြောင်းတဲ့သူများလာတယ်လို့ ပြော ကြတယ်။ အချို့ကလည်း စည်းကမ်းမလိုက်နာလို့ ထုတ်ခံရတာလည်းရှိတယ်။အချို့ကတော့ BGF က လူတွေ မကြိုက်လို့ ပြောင်း တာလည်း ဖြစ်နိုင်တယ်” ဟု ဆိုသည်။ ထို့ပြင် BGF ၊ DKBA နှင့် KNU/KNLA (PC) အဖွဲ့တို့က လုံခြုံရေးကိစ္စ စစ်ရေးကိစ္စအားလုံးကို ဗိုလ်မှူးကြီး စောဒိဒိ၏ အမိန့်အတိုင်း မသွေမတိမ်းဆောင်ရွက်ရန် တိုင်းမှူးက ညွှန်ကြားထားသည်။ ကရင် အမျိုးသားအစည်း အရုံး (KNU) မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်လာသော DKBA သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က စစ်တပ်နှင့် အပစ်ရပ်သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက်၌ NCA လက်မှတ်ရေးထိုးကာ လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့်အဖွဲ့ဖြစ်သလို ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်သည့် BGF တပ်ဖွဲ့သည်လည်း စစ်ကောင်စီနှင့်လက်တွဲဆောင် ရွက်နေသည့် အဖွဲ့တဖွဲ့ဖြစ်သည်။ Read in Full
၄။ တောင်ကုတ်တွင် တစ်ရက်အတွင်း ကျေးရွာနှစ်ရွာ ဗုံးကြဲခံရ၍ အရပ်သား ၁၀ ခန့် သေဆုံးဒဏ်ရာရ
October 31, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက် အတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲသွား၍ အရပ်သား ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ သွားခဲ့သည်။ ဗုံးကြဲမှုအတွင်း မောင်းကျေးရွာမှ မစုမြတ်ဝင်း (၁၄) နှစ်၊ မဝတ်ရည်ဝင်း (၁၄)နှစ်၊ ဒေါ်မကျန်တင် (၄၈)နှစ်နှင့် ဒေါ်ကျန်တင် (၄၉)နှစ်၊ ကိုနိုင်လင်းစိုး (၃၁)နှစ်တို့ သေဆုံးသွားခဲ့ပြီး မစုမာဖြိုး (၁၇)နှစ်၊ ဒေါ်တင်အေး (၆၅)နှစ်၊ ဒေါ်ခင်ခင်စန်း(၄၇)နှစ်၊ ဦးမောင်ဖြူချေ (၃၆)နှစ်နှင့် ဦးသောင်းအေး (၅၆)တို့ဒဏ်ရာရရှိခဲ့သည်။“မနေ့က နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့လာကြဲသွားတာ။ မောင်းကျေး ရွာ ကို ဗုံးနှစ်လုံးကြဲချသွားတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ လေးယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ တစ်ယောက်က တော့ ဆေးကုသဖို့ သွားတဲ့လမ်းမှာ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် မောင်းကျေးရွာသားများမှာ လက်ရှိဆေးဝါးကုသမှုခံယူနေပြီး ဒဏ်ရာအခြေ အနေ မစိုးရိမ်ရကြောင်း သိရသည်။ တောင်ကုတ်ဒေသခံတစ်ဦးက “တောင်ကုတ်မှာက တိုက်ပွဲမဖြစ်တဲ့ နေရာဆိုရင်လည်း စကစ (စစ်ကောင်စီ) က ဗုံးလာကြဲတာပဲ။ လူမဆန်တာတွေပဲ ပြည်သူကို အကြောက်တရားသွင်းနေတာ” ဟု ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့သဖြင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက် ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သားထိခိုက် သေဆုံးသူ ၄၈ ဦးအထိရှိသည်။ Read in Full
၅။ လောင်းလုံးမှာ စစ်ကောင်စီဂိတ်ရှေ့ဖြတ်တဲ့ အရပ်သားတစ်ဦးကိုပစ်သတ်ပြီး PDF လို့ဝါဒဖြန့်
October 31, 2024
လောင်းလုံးမြို့ပေါ် မှာ စစ်ဆေးရေးဂိတ်ကိုဖြတ်တဲ့ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ် လိုက်ပြီး PDF ကိုပစ်သတ်လိုက်တယ်လို့ စစ်ကောင်စီအာဘော်တယ်လီဂရမ်ချန်နယ်တွေက ဝါဒဖြန့်ရေးသားထားပါတယ်။ ဒီနေ့ မနက် ၉ နာရီလောက်မှာ ထားဝယ်ဘက်ကနေ လောင်းလုံးမြို့ဘက်ကို ဆိုင်ကယ်နဲ့လာချိန် လောင်းလုံးမြို့ပေါ်က လူဝင်မှုကြီးကြပ်ရေး (လဝက)ရုံးရှေ့မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ ပစ်သတ်ခံရသူဟာ လောင်းလုံးမြို့နယ်၊ ကဘူကျေးရွာက ပန်းရံလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ကိုကျော်ခိုင် ဖြစ်တယ်လို့ ဒေသခံတွေက ပြော ပြချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ဝါဒဖြန့် အမဲလိုက်မုဆိုးတယ်လီဂရမ်ချန်နယ်ကတော့ PDF တွေက စစ်ကောင်စီဂိတ်ကို လာရောက်ပစ်ခတ်တာကြောင့် သူတို့ဘက်ကပြန်လည်ပစ် ခတ်ချိန် PDF တစ်ဦးသေဆုံးတယ်လို့ ဝါဒဖြန့်ရေးသားထားပါတယ်။ လောင်းလုံးဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ ပစ်သတ်ခံရသူဟာ သာမာန်အရပ်သားတစ်ဦးပဲဖြစ်တယ်လို့ ဆိုပါတယ်။
” PDF လုံးဝမဟုတ်တာသေချာပါတယ်။ သေနတ်ထိသွားပြီးတော့ ဆိုင်ကယ်ရောလူရောလဲသွားတယ်။ အဲဒါကိုတောင် အကြာကြီးပစ်ထားပြီး တော်တော်ကြာမှထွက်ကြည့်တာ”လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ ပြန်ကြားရေးတာဝန်ခံကလည်း ဒီနေ့မနက်ပိုင်းမှာ ဂိတ်ကိုသွားရောက် ပစ်ခတ်တာမရှိ သလို ပစ်သတ်ခံရသူဟာ ပြည်သူ့ကာကွယ်ရေးရဲဘော်မဟုတ်ကြောင်း ပြောပါတယ်။ “လောင်းလုံးပကဖကရော တခြားအဖွဲ့က ရောသွားပစ်တာမရှိပါဘူး။ သူတို့ဘာသာ ဂိတ်ရှေ့ဖြတ်တဲ့သူကို ပစ်သတ်တာပါ။ ပစ်သတ်ခံရတာလည်း သာမာန်အရပ်သားပါပဲ” လို့ လောင်းလုံး ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက အတည်ပြုပြောဆိုပါတယ်။ စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ဟာ ကိုကျော်ခိုင် ကို ပစ်သတ်ပြီးနောက် ပြည်သူ့ကာ ကွယ်ရေးတပ်တွေ ဝတ်ဆင်လေ့ရှိတဲ့ ပြောက်ကျားဝတ်စုံကို ဝတ်ဆင်ပေးပြီး ဓာတ်ပုံရိုက်ယူနေတယ်လို့ လောင်းလုံးဒေသခံတွေက ဆိုပါတယ်။ Read in Full
၆။ ဗန်းမောက်က စစ်ရှောင်တွေကို စစ်ကောင်စီဗုံးကြဲလို့ ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရ
October 31, 2024
ရှမ်း-ကယားနယ်စပ် ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် နယ်စပ်မှာရှိတဲ့ ဗန်းမောက်ရွာက ဒေသခံတွေကို စစ်ကောင်စီ က အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။ မနက် ၉ နာရီအချိန်လောက်မှာ ဗန်းမောက်ကနေ စစ်ရှောင်ဖို့ပြင်နေတဲ့ ထော်လာဂျီကို ဒရုန်းဗုံး ၂ လုံးနဲ့ ကြဲချခဲ့တဲ့အတွက် ပြည် သူ ၁ ဦး ချက်ချင်းသေဆုံးခဲ့ပြီး နောက်ထပ် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ “ကလေးမလေးတယောက် လည်း ကျွန်တော်လက်ပေါ်မှာတင် တကိုယ်လုံး အေးစက်လာတာ။ဘယ်လိုကြောင့် ပြည်သူတွေကိုပါ အလွတ်မပေးလဲ မသိဘူး။ အတော်လူမဆန်တဲ့လုပ်ရပ်တွေပါ။ ခုက ရွာထဲမှာ လူတော်တော်များများ ကုန်ကုန်ပြီ”လို့ Karenni Hope က ကိုလွှမ်းက ပြောပါ တယ်။ ပင်လောင်းမြို့နယ်က နောင်ဝိုး၊ လွယ်ကျိုင်း၊ ပင်စုံ၊ နမ့်ဖာမူ၊ ဗန်းမောက် နဲ့ ဖယ်ခုံမြို့နယ်က ဆောင်းပြောင်းနဲ့ လတိန် ကျေးရွာ အနီးနားတွေမှာ PNO ပြည်သူ့စစ်တွေ၊ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တလကျော်ကြာ ဖြစ်ပွားနေခဲ့တာပါ။
စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံပြည်သူ အယောက် ၂၀ ထပ်မနည်း ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေပြီး ဒေသ အသီးသီးကို စစ်ရှောင်နေရတဲ့အတွက် အရေအတွက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်က ပြည်သူ့နေအိမ်တွေကို မီးရှီု့ဖျက်ဆီးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံး ကျဲတာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ နောက်ဆုံးအပတ်ထဲမှာ စစ်ကောင်စီ တပ်နဲ့ PNO တွေက ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာက နေအိမ်တွေနဲ့ ဖယ်ခုံမြို့ ဆေးရုံကုန်းအနီးက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပျက်စီးသွားတဲ့နေအိမ်အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ Read in Full
၇။ ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး
November 1, 2024
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဒီမနက် ၃ နာရီခွဲဝန်းကျင် ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့လမ်း Asia World တိုးဂိတ်အနီးတဝိုက် လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦး ပြောပါတယ်။“လူတော့ တစ်ဦးသေ တယ် အရင်က မူးယစ်ရုံးတွေ၊ Asia Worl အနီးတဝိုက်ကို လာချတာဟုတ်တယ်။ ပြီးတော့ ပြည်သူတွေနေတဲ့ ရပ်ကွက်ဘက် မှာလည်း တစ်လုံးကျတယ်။ အဲဘက်တော့ လူဘာမှမဖြစ်ဘူး။မီးဖိချောင်ပျက်စီးသွားတယ်။ TNLA တွေအဓိကနေတဲ့ နေရာမှာ တော့ နောက်ထပ်တစ်ဦးထိတယ်။ ပြည်သူလား ဘာလားသေချာမသိရဘူး” လို့ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါ တယ်။ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးသလို စစ်ဘက်ဆိုင်ရာ ယူနီဖောင်းဝတ် ဆင်ထားခြင်းမရှိဘူးလို့ သူမကပြောပါတယ်။
ဒီမနက် ဗုံးကြဲချခံရတဲ့နေရာတွေဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေ အဓိကတပ်ချနေထိုင်ရာ နေရာတွေမှာဖြစ်တယ်လို့ သိရပြီး သတင်းပေးမှုကြောင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်လို့ ဒေသခံတွေဘက်က ခန့် မှန်းပါတယ်။“သတင်းပေးမှုကြောင့် လာပစ်တယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့ ရက်က ဒီဘက်ကို လက်နက်ကိုင်တပ်ဖွဲ့ဘက်က လူကြီးတစ်ဦးဦး ရောက်သလို သတင်းတွေပျံ့နှံ့နေတာဟုတ်တယ်။ အဲလိုကြားတာနဲ့ ဒီလိုဗုံးလာချတာဆိုတော့ သတင်းကြားတာကြောင့် သတင်း ပေးမှုကြောင့်လို့ပဲ ယူဆပါတယ်။ အခုသူတို့ ဗုံးချတဲ့နေရာကလည်း TNLA တွေပဲ အဓိက တပ်ချနေတဲ့နေရာဖြစ်တယ်”လို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ စက်တင်ဘာလ လဆန်းပိုင်းကစပြီး ရှမ်းမြောက်မှာ တော်လှန်ရေးတပ်ဖွဲ့ တွေဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချူပ်နေတဲ့ဒေသနေရာဒေသတွေကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး အဓိက အများပြည်သူနဲ့သက်ဆိုင်ရာ ဘာသာရေးအ ဆောက်အဦးတွေ များစွာထိခိုက်ပျက်စီးမှုရှိနေတာဖြစ်ပါတယ်။ Read in Full
၈။ တော်လှန်ရေးတပ်များက အောင်ဇေယျစစ်ကြောင်းအား ခံစစ်မှ တိုက်စစ်ပုံစံပြောင်းတိုက်
October 31, 2024
ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ခံစစ်အနေအထားမှ တိုက် စစ်ပုံစံပြောင်းလဲတိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အောက်တိုဘာ ၂၈ ရက်တွင် ဒေါနတောင် ပေါ်ရှိ အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းကို KNLA နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက် ရာ လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ အဆိုပါ စခန်းနေရာအား အောက် တိုဘာ ၂၈ ရက်တွင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၂၉ ရက်တွင် နယ်မြေရှင်းလင်းခဲ့သည်ဟု ဆိုသည်။ “အောင်ဇေယျ က တက်လာတဲ့အချိန်မှာ တိုးတာ။ အခုက KNU က ခံစစ်ကနေ တိုက်စစ်ပုံစံပြောင်းပြီး တိုက်တဲ့အနေအထားဖြစ်သွားပြီ။ စွယ်တော် ကုန်းက အင်အားလည်း အောင်ဇေယျဆီ အာရုံရောက်သွားပြီ။ အောင်ဇေယျကအရင်က ရင်ဆိုင်နေရတာထက် ခုက လေးငါးဆ ပိုများတဲ့ အင်အားနဲ့ ရင်ဆိုင်ရတော့မယ်။ ပွင့်လင်းရာသီလည်းရောက်ပြီဆိုတော့ ပွဲကကြည့်ကောင်းပြီ”ဟု ကရင်စစ်ရေးသတင်း ရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၂၀ရက်ကလည်း အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အောင်ဇေယျစစ်ကြောင်းသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပစ်ကူသုံးပြီး ပစ်ခတ်တိုက် ခိုက်ခဲ့သော်လည်း အထိနာပြီး အလောင်း ခုနစ်လောင်း ရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် တော်လှန် ရေးတပ်များက အပိုင်းပိုင်းဖြတ် တောက် ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်းမှာ နောက်ပြန်ဆုတ်၍ မရတော့သည့် အခြေအနေမျိုးရောက်နေသည်ဟုလည်း ကရင် စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။ “မြဝတီကို သွားတဲ့လမ်းကို ခုထိ ရှာမတွေ့သေးတဲ့ အောင်ဇေယျလေးကို ဗိုလ်ဒါဘော ရဲ့ သားများက လမ်းပြပေးလို့တဲ့ကျေးဇူးပြန်ဆပ်တဲ့ လက်ဆောင်တွေ အများကြီးပဲ။ လမ်းတော့ လမ်းပဲ ငရဲကိုသွားတဲ့လမ်း”ဟု ကော်ဘရာစစ်ကြောင်း၏ တပ်ခွဲ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)က သိမ်းရသော လက်နက်ခဲယမ်းများဖြင့် အသိပေးထား သည်။ အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာ အမြှောက်တပ် စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ ရက်တွင် သိမ်းပိုက်ခဲ့သည်။ Read in Full
၉။ အာဏာသိမ်းကာလ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော် သေဆုံး
October 31, 2024
ချင်းပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦးဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ် ပြန်ပါ တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်က ချင်းပြည်နယ်ထဲမှာ လေကြောင်း တိုက်ခိုက်မှု ၅၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၂၃၉ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၀၈ ဦးထဲမှာ ကလေး ၂၉ ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၂၃၁ ဦးထဲမှာ ကလေး ၂၁ ဦး ပါ၀င်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၄၇၀ ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၂၂ ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း ၂၁ ခု၊ ဘုန်းကြီးကျောင်း ငါးကျောင်းနဲ့ ကျန်းမာရေး အဆောက်အအုံ ခြောက်ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော လေကြောင်းတိုက်ခိုက်မှုအနေနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က မတူပီမြို့ အနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဟားခါးနဲ့ ထန်တလန်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ကနေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ Read in Full
၁၀။ ထားဝယ်မြို့ပြင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က မောင်မယ်ရှောင်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး
October 31, 2024
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပြင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မောင်မယ် ရှောင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ထားဝယ်မြို့ပြင်ရှိ မောင်မယ်ရှောင်ရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်း ဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ယင်းနေ့ မွန်းလွဲပိုင်းတွင် ညင်းထွေးရွာဘက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့ သောကြောင့် ဒေသပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မောင်မယ်ရွာကို ဝင် ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်အတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများကိုလည်း ခိုးယူသွားပြီး ကျေးရွာအတွင်းမှ ပြန် လည်ထွက် ခွာသွားကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ထားဝယ်မြို့ပြင်တွင် ရှိနေသော ကြောင့် ဒေသနေပြည်သူများ သည် တိုက်ပွဲဖြစ်ပွားနေ့မှ စတင်၍ လက်ရှိချိန်ထိ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။ “၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွား တဲ့အနီးအနားမှာရှိတဲ့ မောင်မယ်ရှောင်ရွာကို ဒီနေ့နံနက်ပိုင်းမှာ စစ်ခွေးတွေမီးဝင်ရှို့သွားတာ ပြည်သူတွေတော့ဆက်လက် တိမ်း ရှောင်နေရတုန်းပဲ ရွာထဲက ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
၁၁။ မတူပီမြို့တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်
November 1, 2024
ချင်းပြည်နယ်၊ မတူပီမြို့တွင် ပြီးခဲ့သည့် စစ်ကောင်စီက အောက်တိုဘာလ ၂၉ ရက်နေ့၊ ည ၉ နာရီကျော်တွင် ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းဖြင့် ၁၀ ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းသိရသည်။ မတူပီမြို့တွင် အာရက္ခတပ် တော်(AA)၊ ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)တို့က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တပ်ရင်းအနီးတဝိုက်တို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ “ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုတွေတော့ အတိအကျမသိရဘူး။ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ အဆက် မပြတ်လာကြဲတာ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာလည်း AA ရဲ့ သင်တန်းကွင်းနားကို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကြားတယ်” ဟု မတူပီမြို့၊ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ချင်းညီနောင်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ (၁) တို့က ထုတ်ပြန်ခြင်းမရှိသလို CDF-မတူပီ၊ တပ်မဟာ (၁) တာဝန်ခံကို ဆက်သွယ်ခဲ့သော် လည်းဖုန်းခေါ် ဆို၍မရပေ။ မတူပီမြို့ကို အာရက္ခတပ်တော်(AA)၊ ချင်းညီနောင်၊ CDF-မတူပီ၊ တပ်မဟာ(၁) နှင့် မ ဟာမိတ်ပူးပေါင်းတပ်တို့ကပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ Read in Full
၁၂။ ဆိုင်းတောင်တွင်တကျော့ပြန် စစ်ရေးတင်းမာ
November 1, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်PDF ထိန်းချုပ်ထားသည့် ဆိုင်းတောင်ရွာ၌ တကျော့ပြန် တိုက်ပွဲများဖြစ် ပွားလာနိုင်သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ကြိုတင်တိမ်းရှောင်ကြရန် ဖားကန့်မြို့ခံများနှင့် ကာကွယ်ရေးရဲဘော်အချို့က သတိပေးသည်။ “တိုက်ပွဲက ပြန်ဖြစ်တော့မယ်။ စစ်ကောင်စီက ဆိုင်းတောင်နဲ့ မလှမ်းမကမ်းက ယူမာကျောက်စိမ်းရုံးမှာ ထိုင်ပြီး စစ်ရေးပြင်နေပါပြီ။ ဒေသခံတွေအတွက်က လုံခြုံရေးပိုင်း စဉ်းစားရတော့မယ့်အခြေ အနေပါ” ဟု KIA နှင့် နီးစပ်သည့် သတင်းရင်း မြစ်တစ်ဦးကပြောသည်။ ဆိုင်းတောင်ရွာအတွင်းရှိ Lucky Man ဟိုတယ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ် နှင့် ဆိုင်းတောင် ရဲစခန်းကို ပြီးခဲ့သည့်စက်တင်ဘာလဆန်းတွင် KIA နှင့် PDF က စတင်တိုက်ခိုက်ခဲ့သည်။ ရဲစခန်းကို စက်တင်ဘာ ၁၂ ရက်နှင့် Lucky Man ဟိုတယ်ကို အောက်တိုဘာ လ ၈ ရက်တွင်အပြီးသတ် တိုက်ခိုက်သိမ်းယူခဲ့သည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီ က လေကြောင်းမှတိုက်ခိုက်ရာ ဒေသခံများ၏အိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုများကြောင့် လည်း ဆိုင်းတောင်ရွာအပြင် ဘေးပတ်ဝန်းကျင်နေရာအချို့မှ အရပ်သားငါးဦးထက်မနက်သေဆုံးခဲ့သည်။
ထို့အပြင် တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး PDF အချို့ ကျဆုံးခဲ့သလို စစ်ကောင်စီဘက်တွင်လည်း ဒုတိယဗိုလ်မှူး ကြီး အဆင့်အထိ သေဆုံးပြီး အထိနာခဲ့သည်။ တိုက်ပွဲရပ်ရန် ဝင်ရောက်ညှိနှိုင်းပေးသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးလည်း စစ်ကောင်စီကပစ်ခတ်၍ ဒဏ်ရာရခဲ့သည်။ တိုက်ပွဲကာလအတွင်းက ဆိုင်းတောင်ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြသော်လည်း အောက်တိုဘာလဒုတိယလပတ်အတွင်းတွင် ပြန်လည်ဝင်ရောက် လာခဲ့ကြသည်။ “စစ်တပ်က ဆိုင်းတောင်ကို ပြန်မဲနေပါပြီ။ တိုက်ပွဲက ဖြစ်မှာပါ။ ဒါသေချာတဲ့ သတင်းပါ” ဟု ဖားကန့်မြို့ခံတဦးက နိုဝင်ဘာလ ၁ ရက်၌ ပြော သည်။ စစ်ကောင်စီသည် အောက်တိုဘာ ၃၁ ရက်ကလည်း ဖားကန့်မြို့ပေါ်တွင် လေယာဉ်ဝဲ၍ ကင်းထောက်ခဲ့ပြီး KIA တပ်မဟာ (၉)ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှု၌ ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းရရှိသည်။ Read in Full
၁၃။ မူဆယ်မြို့အနီး ယနေ့နံနက် တိုက်ပွဲဖြစ်
November 1, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာနယ်စပ်မြို့ မူဆယ်အနီးတွင် ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်ကပြောသည်။ နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီကျော်ကစ၍ မန့်မိုင် ဒေသ၌ နာရီဝက်နီးပါးကြာ ပစ်ခတ်မှုဖြစ်ခဲ့ သည်ဟု သိရကြောင်း၊ ကနဦးသတင်းများအရ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဟု သိရ ကြောင်း ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။ “မူဆယ်မြို့ ကချင်နှစ်ခြင်းဘုရားကျောင်း ဆုတောင်းတောင်ရှိတဲ့ မန့်မိုင်ဘက်မှာ စတင်ပစ်ခတ်မှု အသံတွေ ကြားနေရပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ ဆက်လက် စောင့်ကြည့်နေဆဲပါ။ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဖြစ်တာပါ။ အဲဒီမှာ ကျနော်တို့ သိရသလောက်ဆို AA တပ်ဖွဲ့ ဝင်တွေရှိတာပါ” ဟု ဦးဇော်ဆန်က ပြောသည်။ ရှမ်းမြောက်ဒေသခံ အချို့ကလည်း မူဆယ်မြို့အနီး၌ ပစ်ခတ်မှုများရှိနေကြောင်း ယနေ့နံနက်တွင် လူမှုကွန်ရက်မှတဆင့်အသိပေးထားသည်။
” မန့်မိုင်ကုန်းတကြောမှာကတော့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်အပြင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ KIA တွေရောရှိပါတယ်။ အဖွဲ့ပေါင်းစုံရှိပါတယ်။ မူဆယ်အနီးတဝိုက်ကျတော့။ KIA၊ SSPP၊ TNLA၊ MNDAA၊ AA တပ်ဖွဲ့ဝင်တွေ အကုန်ရှိပါတယ်။အခု တိုက်ပွဲသံကြားရတဲ့နေရာကျတော့ AA တွေ နေရာယူထားတဲ့နေရာအနီးပတ် ဝန်းကျင်မှာ ဆိုတော့ ကျနော် တို့ ကနဦးသိရှိရသလောက်တော့ လောလောဆယ် AA တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်နေတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဘက်က သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ တိုက်ပွဲအခြေ အနေကိုတော့ ကျနော်တို့ ဘက်ကဆက်လက် စောင့် ကြည့်နေဆဲပါ”ဟု ဦးဇော်ဆန်က ပြောသည်။ မူဆယ်မြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ယခင်ကတည်းက ဝိုင်းရံထားခြင်း ဖြစ်သည်ဟုဆိုသည်။ ” ဒါပေမဲ့ တရုတ်ရဲ့ဖိအားကြောင့် တရုတ်ဘက်က ပိတ်ပင်တားဆီးမှုကြောင့်သာ ဘယ်အဖွဲ့မှ မူဆယ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခြင်းမလုပ် သေးတာ”ဟု ဦးဇော်ဆန်က ပြောသည်။ Read in Full
၁၄။ အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်
October 31, 2024
ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဖမ်းဆီး ချိန် မျက်လုံးကိုပိတ်ပေးလိုက်တဲ့အပြင် အကိုးကန့်တပ်ရှိတဲ့နေရာကို ဖမ်းဆီးသွားပြီးနောက် ကြောင်းမဲ့ ရိုက်နှက်ကာပြန်လွတ် ပေးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး အခုလို ပြောပါတယ်။“သူက အဲ့နေ့က ထင်းသွားရှာပြီး နမ့်ဖတ်ကာကို ပြန်လာချိန် လမ်းမှာ ကိုးကန့်တပ်သား ၃ ယောက်က သူ့ကိုတွေ့ပြီး အနောက်ကနေ သေနတ်နဲ့အရင်ထောက်တယ် ပြီးတော့ အနောက်ကနေ ရိုက်လိုက်တယ်။ ပြီးတော့ ချက်ချင်း မျက်လုံးပိတ်ပြီး ကိုးကန့်တပ်တွေရှိတဲ့ နေရာကို ခေါ်သွားတယ်လို့ပြောတယ်။ ဟိုမှာရောက် တော့ သူ့ကို ရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတယ်တဲ့။ သူလည်း စကားနားမလည်တော့ ဘာတွေမေးလို့မေးမှန်းမသိဘူးလို့ ပြော တယ်။ သူဘာမှမသိဘူး ရိုက်တာပဲသိတယ်တဲ့။ ခုတော့ နမ့်ဖတ်ကာအုပ်ချူပ်ရေးတွေဘက်က လိုက်နေတယ်ပြောတယ်”လို့ နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။
ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူဟာ နမ့်ဖတ်ကာမြို့ လွယ်ကုန် ရပ်ကွက် ၆ မှာ နေထိုင်သူ ဒေါ်လဗျ လုပါ ရဲ့သား အသက် ၁၇ နှစ်အရွယ် မောင်အင်ခွမ်ဆန်လီ ဖြစ်တယ်လို့ သိရပြီး နမ့်ဖတ်ကာကနေ ကွတ်ခိုင်ဘက် သွား တဲ့လမ်း နမွန်းပါဘက်ကို ထင်းသွားခွေပြီးအပြန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ဆိုပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ မောင်အင်ခွမ်ဆန်လီ ကို ကိုးကန့်တပ်တွေဟာ အောက်က်ိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ ရိုက်နှက်ဖမ်း ခေါ်သွား ပြီး ၃ နာရီလောက်အကြာ စစ်ဆေးမေးမြန်းကာ ည ၇ နာရီဝန်းကျင် နဂိုဖမ်းခေါ်သွားတဲ့နေရာမှာ ပြန်ပို့ပေးထားကြောင်း ဆက် လက်သိရပါတယ်။ အဲဒီနောက် ည ၁၀ နာရီဝန်းကျင် သတိလစ်ပြီး နမ့်ဖတ်ကာဆေးရုံကို ပိုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူ မောင်အင်ခွမ်ဆန်လီဟာ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ မျက်လုံးတစ်ဖက်အမြင်အာရုံထိခိုက်ထားပြီး နားတစ်ဖက်လည်း မကြားရဘူးလို့ ပြောပြပါတယ်။ Read in Full
၁၅။ ထပ်မံ စစ်ရှောင်ကြတဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်က စစ်ရှောင်လူထုတွေအကူအညီမရရှိသေး
October 31, 2024
စက်တင်ဘာလ ပထမအပတ်ကစပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နဲ့ ဖယ်ခုံမြို့ရဲ့ နယ်စပ်တွေမှာ တိုက်ပွဲတွေ ကြောင့် ထပ်မံ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်လူထုတွေအတွက် လိုအပ်တဲ့ အကူအညီတွေမရရှိသေးဘူးလို့ စစ်ရှောင်ကူညီ ဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။“လှူပေးမယ့် လူလည်းတစ်ယောက်မှမရှိဘူး။ သူတို့ကို ကယ်ထုတ်ဖို့ ဆွဲထုတ်ဖို့ ဆိ တာလည်း မရဘူးဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ အဲ့ဖက်ကိုသူတို့ဆီကို သွားပြီး လှူဒါန်းပေးနိုင်ဖို့ကြတော့ ကျမတို့က ဘယ်လို ဝင်ပြီး ပေးရမလဲဆိုတာကလေနော် ပစ္စည်းတွေဝယ်ပြီးတော့မှ သူတို့ဆီဝင်လို့မရဘူးပေါ့နော်။ အခုသူတို့ရှိတဲ့နေရာမှာ ကျမတို့ ရောက်အောင် ဘယ်လို သွားပြီး လှူပေးရမလဲဆိုလို့ရှိရင် သူတို့ ရှိတဲ့နေရာမှာ ရိက္ခာတွေပဲ ဝယ်ပြီးတော့ပေါ့နော်။ ရိက္ခာတွေ အဲ့မှာပဲဝယ်ပြီးတော့ အဲ့မှာပဲ ပြန်လှူပေးရမှာပေါ့နော်” လို့ စစ်ရှောင်တွေကို သွားရောက်ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။
အဆိုပါ စစ်ရှောင်လူထုတွေ တိမ်းရှောင်ကြတဲ့နေရာအထိ သွားရောက်နိုင်ဖို့ လမ်းတွေမှာဖြတ်သန်းရမယ့် စစ်ကောင်စီ ရဲ့ စစ်ဆေးရေးဂိတ်တွေ များတာကြောင့် ငွေကြေးအကူအညီကသာ အဆင်ပြေမှာဖြစ်တယ်လို့ အဆိုပါ စစ်ရှောင်တွေကို သွား ရောက်ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ ပင်လောင်း-ဖယ်ခုံနယ်စပ်ဖက်က စစ်ဘေးတိမ်း ရှောင်ကြတဲ့ စစ်ရှောင်ပြည်သူ ၂ သောင်း ဝန်းကျင်ရှိကာ စားနပ်ရိက္ခာတွေအပြင် အမိုးအကာတွေ လိုအပ်လျက်ရှိနေကြတယ်လို့ ဆိုပါတယ်။ ဒါအပြင် လိုအပ်တဲ့အကူအညီတွေ လက်ရှိအချိန်ထိမရကြသေးတာကြောင့် ကူညီဆောင်ရွက်ပေးနိုင်မယ့် အလှူရှင် တွေကို ဖိတ်ခေါ်ချင်တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။ Read in Full
၁၆။ အဖမ်းအဆီးများနေ၍ မွန်ပြည်နယ်တွင် ထိုင်းထုတ်ကုန်များ စျေးတက်
November 1, 2024
စစ်ကောင်စီက ဖမ်းဆီးနေမှုကြောင့် ထိုင်းနိုင်ငံမှ မွန်ပြည်နယ်သို့ တင်သွင်းလာသည့် စားသောက်ကုန်များ၊ အသုံး အဆောင် ပစ္စည်းများအပါအဝင် ထိုင်းကုန်ပစ္စည်းများ စျေးမြင့်တက်လာကြောင်း ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူနှင့် စားသုံးသူ အချို့တို့ထံမှ သိရသည်။ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ဌာန ပေါင်းစုံပါဝင်သည့် စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က အောက်တိုဘာလ ၁၂ ရက်နေ့မှစပြီးလိုက်လံဖမ်းဆီး သိမ်းဆည်းနေသည်ဟု ထိုင်းစားသောက်ကုန်ပစ္စည်းများ ရောင်းချနေသူတို့က ပြောသည်။ ထိုင်းကုန်ပစ္စည်းများ လိုက်လံဖမ်းဆီးနေသည့်အတွက် စျေး ကွက်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းများ အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၁၀၀ မှ ကျပ် ၁၅၀၀ ခန့်အထိ စျေးတက် လာကြောင်း အထူးသဖြင့် ထိုင်းနိုင်ငံထုတ် စားသုံးဆီးများ တစ်ဗူးလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဝန်းကျင်အထိ စျေးတက်သွား သည်ဟု စျေးကွက်အတွင်းမှ သိရသည်။“အကုန်စျေးတက်နေတယ် အခုက။ ထိုင်းကလာတဲ့ အသားမှုန့်၊ အချိုမှုန့်၊ ခရုဆီ အကုန်တက် ၁၀၀၊၂၀၀ တက်သွားတယ်။ ဆီဆိုရင် ကျွန်မတို့သုံးနေတဲ့ ပဲပိစပ်တံဆိပ်က အခု ၉၀၀၀ ကျော် ဖြစ်သွားပြီး၊ တစ်လီ တာဗူးပေါ့။ ၈၀၀၀ ကျော်ကနေ တက်သွားတာ။ တစ်ဆိုင်နဲ့တစ်ဆိုင်ကလည်း စျေးကမတူဘူး။ တစ်ဗူး တစ်သောင်းနဲ့ ဝယ်ခဲ့ရတဲ့ လူလည်းရှိတယ်” ဟု မော်လမြိုင်မြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။
မွန်ပြည်နယ်စျေးကွက်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်း အများစုသည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော မြဝတီ နှင့် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တင်သွင်းလာခြင်းဖြစ်သည်။“မွန်ပြည်နယ် စျေးကွက်မှာ ယိုးဒယားပစ္စည်းတွေက အဓိကပဲ လေ။ အသုံးလည်း များတယ်။ အခုတလောမှာ ယိုးဒယားပစ္စည်းတွေကို လိုက်ဖမ်း၊ လိုက်သိမ်းနေတော့။ စျေးကွက်မှာ ကမောက် ကမတော့ဖြစ်သွားတယ်။ ရှိတဲ့ပစ္စည်းတွေကို စျေးတင်ရောင်းကြတော့ စျေးတွေက တက်သွားတယ်” ဟု မော်လမြိုင်မှ ထိုင်းကုန် ပစ္စည်းရောင်းချနေသူတစ်ဦးက ပြောသည်။ နယ်စပ်လမ်းကြောင်းမှ တင်သွင်းလာသော ထိုင်းကုန်ပစ္စည်းများကို ပွဲရုံ၊ ဂိုဒေါင်၊ စျေးတို့ တွင်ဖမ်းဆီးနေသလို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်သည်ကို တွေ့ပါကလည်း ဖမ်းဆီးနေကြောင်း ထိုင်းကုန် ပစ္စည်း ရောင်းချနေသူများထံမှ သိရသည်။ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်သွင်းကုန်များကို စစ်ဆေး အရေးယူရန် ညွှန်ကြားသည့် အောက်တိုဘာလဆန်းမှစတင်ကာ ထိုင်းကုန်ပစ္စည်းများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။ Read in Full
၁၇။ စစ်တွေမြို့တွင် ညအချိန်မတော် လူစာရင်းစစ်ဆေးပြီးဖမ်းဆီး၊ ဗုံးခိုကျင်းတူးခွင့် ပိတ်ပင်
November 1, 2024
ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ စစ်ကောင်စီက ညအချိန်မတော် လူစာရင်းစစ်ဆေးမှုတွေ များလာနေပြီး အိမ် ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မရှိတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက် တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ လူစာရင်း စစ်ဆေးတာတွေ ရှိခဲ့ပြီး အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မရှိတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စစ်တွေဒေသခံတယောက်က “ည ၃ နာရီလောက်မှာ လာပြီးစစ် ဆေးတာပေါ့နော်၊ အိမ်ထောင်စုစာရင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတယ်ပြောလည်း မရဘူး၊ တခါတည်း ဖမ်းခေါ်သွားတာပဲ။ မှတ်ပုံတင်မပြနိုင်တာတို့ အိမ်ထောင်စုစာရင်း မပြနိုင်တာတို့ဆို တခါတည်း ဖမ်းခေါ်သွားတာ။ တချို့က ဒီမှာ စစ်ဘေးရှောင်နေကြတဲ့သူတွေလည်း ရှိနေတာလေ။ အိမ်ထောင်စုစာရင်းတွေ မရှိကြတဲ့သူတွေလည်း များတယ်၊ အဲဒါတွေဆို ဖမ်းခေါ်သွားကြတယ်” လို့ ပြောပါတယ်။ စစ်တွေမှာ လူစာရင်းစစ်ဆေးတာအပြင် အိမ်တွေကိုပါ ဗုံးခိုကျင်းတူးထားတာ ရှိ မရှိ သေချာစစ်ဆေးပြီးတော့ တွေ့ရင် ဖမ်းဆီးမယ်ဆိုပြီး ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။
စစ်တွေဒေသခံ နောက်တယောက်က “ည ၂ နာရီလောက်ရှိမယ်၊ ယူနီဖောင်းအပြည့်အစုံနဲ့ လူ ၇ ယောက်လောက်က အိမ်ထဲဝင်လာပြီးတော့ အိမ်ထောင်စုစာရင်းတွေ၊ မှတ်ပုံတင်တွေ စစ်တာ။ ဘာလုပ်လုပ်တာလဲ၊ အိမ်မှာ မိသားစု ဘယ်နှယောက် လဲ၊ ကျနော့်မှာဆို အစ်ကိုက အိမ်မှာမရှိဘူးဆိုတော့ သူက ဘယ်ကိုသွားတာလဲ၊ ဘာသွားလုပ်တာလဲ၊ ခုကဘယ်မှာလဲ၊ အကုန် လုံးကိုမေးတာ။ ပြီးတော့ တိုက်ပွဲတွေလည်း ပြင်းထန်နေကြတာဆိုတော့ ကျနော်တို့လည်း အိမ်မှာ ဗုံးခိုကျင်းလုပ်ထားတာပေါ့။ အဲဒါကို တွေ့တော့ ချက်ချင်း ဖျက်ဆီးခိုင်းတယ်။ မလုပ်ရဘူး၊ နောက်တခါထပ်စစ်ဆေးလို့ တွေ့ရင် အဖမ်းခံရမယ်ဆိုပြီး ပြောသွားတယ်”လို့ ပြောပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “တိုက် ပွဲတွေဖြစ်လာရင် တိုက်ပွဲကြားထဲ ပိတ်မိသွားနိုင် တယ်။ ဒါကြောင့် သူတို့ရဲ့အသက်အန္တရာယ် လုံခြုံရေးအတွက် ဗုံးခို ကျင်း တူးရတာဖြစ်တယ်။ ဒါကို ရည်ရွယ်ချက်ရှိရှိ မဟန့်တားသင့်ဘူး။ မြန်မာစစ်တပ်ဘက်ကလည်း သူတို့ရဲ့ အသက် အန္တရာယ် လုံခြုံရေးအတွက် တူးမြောင်းတွေ၊ ဗုံးခိုကျင်းတွေ၊ ဘန်ကာ တွေ အများကြီး တည်ဆောက်ထားတာပဲ။ ပြည်သူလူထုကို မလုပ်ရဘူးဆိုတော့ သူတို့လည်း မလုပ်နဲ့ပေါ့။ သူတို့ကကျ အခိုင် အမာတည်ဆောက်ထားပြီး စစ်ဘေးစစ်ဒဏ်ကလွတ်အောင် လုပ်ပြီးတော့ ပြည်သူတွေကိုကျ အကာအကွယ်မရှိဘဲ ဒုက္ခရောက်အောင်တမင်ရည် ရွယ်ချက်ရှိရှိ လုပ်တာကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်” လို့ ပြောပါတယ်။ Read in Full
၁၈။ တိုက်ပွဲကြောင့် ဖလမ်းမြို့ခံကိုးထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရ
November 1, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်ကစပြီး ချင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစဖြစ်ခဲ့တာကြောင့် မြို့ပေါ်မှာနေထိုင်သူတွေထဲက ကိုးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ မြို့ပေါ်ရပ်ကွက်လေးခုမှာရှိတဲ့ လူဦးရေတစ်သောင်းကျော်ထဲက ကိုးထောင်ကျော်ဟာ ဘေးလွတ်ရာရွာတွေနဲ့ ဟားခါးနဲ့ ကလေးမြို့အပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကိုပါ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။ “၂၀၂၄ မကုန်ခင်မှာ မြို့တွင်းစစ်ဆင်ရေး မြို့သိမ်းနိုင်ဖို့ရန်အတွက်လည်း ကျွန်တော်တို့ ကြိုးစားနေတဲ့ အခြေအနေဖြစ်ပါတယ်” အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းဆရာမ တစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီလိုထိခိုက်မှုတွေကြောင့် ဒေသခံအများစု ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာလို့ ဖလမ်းဒေသခံတစ်ဦးက ပြောပါတယ်။ “အရပ်သားထိ ခိုက်မှုက ဒဏ်ရာရတဲ့သူရှိတယ်၊ သေဆုံးတဲ့သူက တစ်ယောက် စသဖြင့်ရှိ လာတော့ ကြီးကြီးကျယ်ကျယ် မြို့သိမ်း တိုက်ပွဲကြီး ဆင်နွှဲတာမဟုတ်ပေမဲ့ အဲသလို ကျည်လေကျည်လွင့်တို့၊ လက်နက်ကြီး အပိုင်းအစထိမှန်တာတို့ အရပ် သားထိခိုက်သေဆုံးမှုများနေတဲ့အတွက်ကြောင့် ပြည်သူတွေကတော့ဘေးလွတ်ရာကိုရှောင်တိမ်း ပြေးနေရတဲ့ အနေ အထားရှိပါတယ်” ဝန်ထမ်းတွေနဲ့ ဈေးဆိုင်ဖွင့်ထားသူတွေပါ ထွက်ပြေးသွားကြပြီး ပြေးလွှားဖို့မလွယ်ကူတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အိမ်စောင့်ကျန်ခဲ့သူ တစ်ထောင်၀န်းကျင်သာ မြို့ထဲမှာရှိတော့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကတော့ နှစ်မကုန်ခင်မှာ ဖလမ်းမြို့ ကို သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေတာလို့ ပြောပါတယ်။ “မူဝါဒချထားတဲ့အတိုင်းပဲပေါ့ ၂၀၂၄ အတွင်းမှာ ဒီဖလမ်းမြို့မက တခြားမြို့တွေကို ကျွန်တော်တို့ သိမ်းဖို့ရန်အတွက် ကြိုးစားနေတယ်၊ ၂၀၂၄ မကုန်ခင်မှာ မြို့တွင်းစစ်ဆင်ရေး မြို့သိမ်းနိုင်ဖို့ရန်အတွက် လည်း ကျွန်တော်တို့ ကြိုးစားနေတဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်သူတွေ သတိဝီရိယနဲ့နေဖို့ နောက်ပြီးတော့ အဓိကတော့ သတိထားဖို့ပေါ့၊ အဲလိုမျိုး စာနဲ့တော့ထုတ်ပြန်တာမရှိဘူး။ ဒါပေမဲ့ ဗီဒီယိုနဲ့ ကျွန်တော်တို့ ထုတ်ပြန်ထားတာရှိပါတယ်” လက်ရှိ မှာတော့ စစ်ကောင်စီတပ်ဟာ မြို့ထဲကနေရာတွေမှာ ဖြန့်ကြက်နေရာယူထားတယ်လို့ ဆိုပါတယ်။ Read in Full
၁၉။ အမ်းမြို့နယ်၊ ကုတင် ၃၀၀ စစ်ဆေးရုံမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး လက်နက်အပြည့်အစုံဖြင့် AA ထံတွင် အလင်းဝင်
November 1, 2024
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံမှ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်အပြည့်အစုံဖြင့် AA ထံတွင် အလင်းဝင်လာကြောင်း AA ၏ ပြောရေး ဆိုခွင့်ရှိသော သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံမှ တပ် သားသစ် ရင်ထွေး နှင့် တပ် သားသစ် မင်းသူကိုတို့ လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း၊ ၎င်းတို့နှစ်ဦးသည် MA 1 ၂ လက်၊ ကျည်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ AA ထံတွင် လက်နက်ချ အလင်းဝင်လာသောတပ်သား သစ် ရင်ထွေးသည် အသက် ၃၀ နှစ်ရှိနေပြီဖြစ်ပြီး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြက်ဆူတောကျေးရွာမှ ဖြစ်ကြောင်း၊ စစ်မှုထမ်းအပတ်စဉ် ၂ ကို ပဲခူးတိုင်း၊ ရေနီမြို့ရှိ အမှတ် ၅ အခြေခံစစ် သင်တန်းလေ့ကျင့်ရေးကျောင်းတက်ရောက်ခဲ့ရကြောင်း ယခုနှစ် မေလ ၁၄ ရက်နေ့တွင် စစ်ထဲသို့ ဝင်ခဲ့ရကြောင်း၊ အလင်းဝင် ချိန်လည်ပင်းတွင် လက်ပစ်ဗုံးအစ ထိမှန်ထားသော်လည်း မစိုးရိမ်ရကြောင်း၊ စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် ၎င်းကိုအမ်းမြို့နယ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံတွင် တာဝန်ချထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ အလင်းဝင်လာသော တပ်သားသစ် မင်းသူကိုသည် အသက် ၂၇ နှစ်ရှိနေပြီဖြစ်ပြီး ပဲခူးတိုင်း၊ အုတ်ဖိုမြို့၊ အနောက်ရပ်ကွက် ၃ လမ်းမှ ဖြစ်ကြောင်း၊ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂ ကို ပဲခူးတိုင်း၊ ရေနီမြို့ အမှတ် ၅ အခြေ ခံစစ်သင် တန်းလေ့ကျင့်ရေးကျောင်းတွင်တက်ရောက်ခဲ့ရပြီး မေလ ၁၄ ရက်နေ့တွင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ရကြောင်း၊ စစ်မှုထမ်းသင် တန်းဆင်းပြီးနောက်အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံတွင် တာဝန်ချထားခြင်းဖြစ်ကြောင်း၊ သိရှိရသည်။ AA ထံတွင် လက်နက် ချအလင်းဝင်လာသူ တပ်သားရင်ထွေးနှင့် တပ်သားမင်းသူကိုတို့သည် အုတ်ဖိုမြို့တွင် သုံးဘီဆိုင်ကယ်မောင်းနှင်ပြီး နွားအငှား လိုက်သူများဖြစ်ကြောင်း၊ လမ်းတွင် စစ်တပ်က ခဏလိုက်ခဲ့ဦးဟုဆိုကာ ဖမ်းဆီး၍ ဖုန်းများ သိမ်းကာ စစ်တပ်ထဲသို့ ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ အမ်းမြို့သို့ ခြေကျင် စစ်ကြောင်းဖြင့် လာရောက်ခဲ့ပြီး အင်အား ၈၅ ဦးပါဝင်ကြောင်း၊ စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်များမှာ သေသူအများစုဖြစ်ပြီး ထွက်ပြေးကြသူလည်း များပြားကြောင်း၊ စစ်အရာရှိများက တပ်မှထွက်ပြေးလျှင် ပစ်သတ်မည်ဟု ပြောဆိုပြီး အမှန် တကယ် ထွက်ပြေးချိန်တွင်လည်း လိုက်လံ ပစ်ခတ်သဖြင့် တပ်သား ၂ ဦးလုံး ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိ ရှိရသည်။ လက်ရှိတပ်တွင်လည်း ထမင်းမကျွေးသဖြင့် ထမင်းမစားရသည်မှာ ၃ ရက်ရှိနေပြီဖြစ် ကြောင်း၊ ထွက်ပြေးချိန်တွင် ၀ိုင်းဝန်း ပစ်ခတ်ကြကြောင်း အလင်းဝင်လာသူ တပ်သားသစ် ၂ ဦးက ပြောဆိုသည်။ Read in Full
၂၀။ ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းကျောင်းကနေ သင်တန်းသား ၂၀ ကျော် သင်တန်းဆင်း
October 31, 2024
အာဏာသိမ်းကာလအတွင်း ထိုင်း-ကရင်နီနယ်စပ်မှာဖွင့်လှစ်ထားတဲ့ ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင်ရေးကျောင်းကနေ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး သင်တန်းသား ၂၀ ကျော်ကို လက်မှတ် ပေးအပ်ခဲ့ပါတယ်။ ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင့်ရေးသင်တန်းကျောင်းနဲ့ စစ်ဘေးဒဏ်တွေကြောင့် စိတ်ဒဏ်ရာရနေတဲ့ သူတွေကို ကုစားမှုပေးနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ဖြေလျော့နည်းတွေ သင်ကြားပေးနေတဲ့ Joy House (ပီတိအိမ်) ပူးတွဲပြီး အပတ်စဉ် ( ၂ ) ကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ “စာတစ်ခုထဲမဟုတ်ပဲ အပြင်ဗဟုသုတတွေလည်း အများကြီးရတယ် ပေါ့နော။ လူငယ်တွေလမ်းပျောက်နေတဲ့ လူငယ်တွေပဲဖြစ်ဖြစ်၊ ညီမတို့လို ဘာလုပ်ရမှန်းမသိတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ် ဒီကျောင်း လာတက်ဖို့အတွက် ဖိတ်ခေါ်ချင်တယ်ပေါ့နော။” လို့ ဒုတိယအပတ်စဥ်ကျောင်းသူ မလင်းနန္ဒာက ပြောပါတယ်။ ပညာသင်ကြား ဖို့ အခက်အခဲရှိနေတဲ့ ကရင်နီ ပြည်တွင်းက ကျောင်းသားလူငယ်တွေအတွက် ဆယ်တောရိုလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ၂၀၁၇ ခုနှစ်က တည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိ တော့ဘဲ ၂၀၂၃ခုနှစ်မှာတော့ ထိုင်း-ကရင်နီနယ်စပ်တနေရာမှာ စစ်ဘေးရှောင်လူငယ်တွေအတွက် သင်တန်းကျောင်းကို ပြန် လည်ဖွင့်လှစ်ခဲ့ပါတယ်။
“ကျောင်းပြီးတဲ့ လူတွေက community တွေမှာသွားတာပဲ ဖြစ်ဖြစ် ဘယ်နေရာပဲ သွားသွား သူတို့တွေအတွက် အ လုပ်အကိုင်တစ်နေရာရာမှာရပြီးတော့ သူတို့ community အတွက် အသုံးကျတဲ့သူတွေဖြစ်သွားဖို့ မျှော်လင့်ပြီးတော့ ဖွင့်ထားပါ တယ်” လို့ ကျောင်းတာဝန်ခံဖြစ်တဲ့ ဆရာမ အဖြူလေးက ပြောပါတယ်။ ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင်ရေးကျောင်းမှာ အင်္ဂလိပ်စာ၊ ထိုင်းစာ၊ ဂီတာ၊ ပန်းချီ စတဲ့ ဘာသာရပ်လေးခုကို အခြေခံကနေစပြီး အဆောင် နေပုံစံမျိုးနဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်တန်းကာလကတော့ ၆ လတာ ကြာမြင့်ပါတယ်။ ကျောင်းဘာသာရပ် လေးခုအပြင် တခြားပြင်ပ ဗဟုသုတ တွေကို ဖိတ်ကြားထားတဲ့ ဧည့်သည်ဆရာတွေနဲ့ သင်ကြားရပြီး စိုက်ပျိုးရေးနည်းပညာကိုလည်း လက်တွေ့လုပ်ဆောင်ရတယ်လို့ သင်တန်းသားတွေက ပြောပါတယ်။ ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းကျောင်းကို လူငယ်တွေရဲ့ အသက်မွေး ဝမ်းကျောင်းပြုရေးကို ရှေးရှုပြီးဖွင့်လှစ်ထားသလို သင်တန်ကျောင်းပြီးစီးသွားတဲ့လူငယ်တွေ အလုပ်အကိုင်ရရှိရေးကို ကူညီ ဆောင်ရွက်ပေးတာလည်းရှိတယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကျောင်းကနေ အပတ်စဉ် ၂ ခုထိ ဖွင့်လှစ်ပြီး သင်တန်းသား ဦးရေ (၃၀) ကျော်ကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Read in Full
၂၁။ ရခိုင်တွင် စစ်ကောင်စီ လက်ချက်ကြောင့် တစ်လအတွင်း အရပ်သား ၁၈၀ ခန့် ထိခိုက်သေဆုံး
November 1, 2024
ရခိုင်ပြည်တွင် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်နေ့အထိ တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက် ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၆၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၁၅ ဦး ထိရှိကြောင်း DMG က ကောက်ယူထားသည့် စာရင်းအရ သိရသည်။ သေဆုံးသူများထဲတွင် တောင်ကုတ် ၂၉ ဦး၊ မောင်တော ၇ ဦး ၊ ကျောက်တော် ၇ ဦး ၊ အမ်း ၁၃ ဦး ၊ ဂွ ၈ ဦးနှင့် သံတွဲ ၁ ဦးတို့ဖြစ်သည်။ ဒဏ်ရာရရှိသူများထဲတွင် တောင်ကုတ် ၂၈ ဦး ၊ မောင်တော ၂၇ ဦး၊ ကျောက်တော် ၂၄ ဦး ၊ အမ်း ၂၆ ဦး ၊ ဂွ ၈ ဦး ၊ ပေါက်တော ၁ ဦးနှင့် သံတွဲ ၄ ဦးတို့ဖြစ်သည်။ အဆိုပါအရေအတွက်မှာ DMG မှ ကောက်ယူရရှိထားသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။ အရပ်သားသေဆုံးမှုထဲတွင် အမ်း၊ တောင်ကုတ်၊ မောင်တော၊ ကျောက်တော်မြို့နယ်တို့တွင် အများဆုံးဖြစ်ပြီး လေကြောင်းဗုံးကြဲခံရမှုကြောင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုဖြစ်စဉ်မှာ အများဆုံးဖြစ်သည်။ “ လေယာဉ်လာပြီဆိုရင် ကြောက်လန့်နေရတယ်။ လုံခြုံမှု မရှိဘူး” ဟု စစ်တွေ မြို့နယ်မှ စစ်ဘေးရှောင် မအေးမြတ်သော်တာက ပြောသည်။ အောက်တိုဘာ ၂၉ ရက်က အမ်းမြို့တွင် လေကြောင်း ဗုံးကြဲခံရမှုကြောင့် အရပ် သား ၉ ဦး သေဆုံးပြီး ၁၈ ဦး ထက်မနည်း လူအစုလိုက်အပြုံလိုက် ဒဏ်ရာရရှိခဲ့သည်။
အလားတူ အောက်တိုဘာ ၃၀ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့်မီးချောင်းထိုး ကျေးရွာတွင် လေ ကြောင်းဗုံးကြဲခံရမှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက် ကြီးပစ်ခတ်မှုကြောင့် အောက်တိုဘာလအတွင်း ထိခိုက်သေဆုံးမှုများထဲတွင် အမျိုးသမီး ၆၀ နီးပါးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၀ နီးပါး ပါဝင်သည်။ လက်ရှိ ရခိုင်ဒေသခံများမှာ စစ်ကောင်စီ၏ လေ ကြောင်းအန္တရာယ်ကို အဓိက စိုးရိမ် ကြောက်လန့်နေရသည်ဟု ပြောဆိုကြသည်။ “ကျမ ကိုယ့်သားသမီးတွေကို လုံခြုံတဲ့နေရာမှာပဲ ထားချင်တယ်။ ကိုယ့်မျက်စိ အောက်မှာနေပြီး သားသမီးတွေ အန္တရာယ်တစ်ခုခု ကျရောက်တာကို မြင်ရမှာလည်း အရမ်းကြောက်တယ်” ဟု ရခိုင်ဒေသခံ ဒေါ်နုနုသန်းက ပြောသည်။ စစ်ကောင်စီသည် အရပ်သားနေထိုင်ရာနေရာများကို လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက်ပြုလုပ်နေ အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။ လက်နက် ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ် သားများကို ဘေးကင်းလုံခြုံခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် ပြဌာန်းထားသည်။ Read in Full
၂၂။ ကျိုက်ထိုမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ
October 31, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲကို အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် တစ်ကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဲရုံးကြီးကျေးရွာကနေ ကျောက်ပုံကျေးရွာဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက် လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျောက်ပုံကျေးရွာနဲ့အနီးအနားဝန်း ကျင် ကျေးရွာ ၃ ရွာက ဒေသခံ ၅၀၀ ကျော် ဘေးလွတ်ရာနေရာတွေထံ ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကြောင်းမထိုး တာ လေးလကျော်ရှိပြီး အခုအခါမှ တစ်ကျော့ပြန်စစ်ကြောင်းထိုး ဝင်ရောက် လာတာ ဖြစ်ပါတယ်။ ကျိုက်ထိုမြို့နယ်မှာ အာဏာ သိမ်းကာလအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ တော်လှန်ရေးတပ် ဖွဲ့တွေက စစ်ကောင်စီ တပ်ရင်းတပ်စခန်းတွေကို မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ကျိုက်ထိုမြို့ နယ် ပိန္နဲကုန်းနဲ့ကျောက်တန်းလေးကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတွေအပြင် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ Read in Full
၂၃။ ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံများကို သေနက်ပစ်ခြိမ်းခြောက်ငွေတောင်း
October 31, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာနှင့် စစ်ဆေးရေးဂိတ်များတွင် သေနက်ပစ်ခတ်ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်အ တွင်း ပင်လောင်းမြို့နယ်တောင်ပိုင်း လုံကန်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည် သူ့စစ် PNO က လုံကန်ကျေး ရွာ စစ်ဆေးရေးဂိတ်တွင် ဒေသခံအမျိုးသားနှစ်ဦးကို သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြု လုပ်ခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ပြည်သူ့စစ်တွေက လုံကန်ဈေးကိုသွားလာတဲ့ ရွာဒေသခံ နှစ်ယောက်ကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ပြီးတော့ သူတို့ကို ပိုက်ဆံတောင်းတာ သားအဖ နှစ်ယောက်ကို။ သိန်းနဲ့ချီတောင်းတော့ သူတို့က မပေးတော့ သေနတ်နဲ့ပစ်တာ ဆိုင်ကယ်ဘီးထိပြီး သူတို့လူ ပြန်ထိတာ၊ အဲ့တာကို စိတ်တိုပြီး စစ်သားတွေက သူတို့ နှစ်ယောက်ကို ဖမ်းပြီး ရိုက်တာ”ဟု ပင်လောင်းမြို့ ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယခုခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည် ပင်လောင်းနှင့် ညောင်ရွှေသွားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှိပြီး ပင်လောင်းမြို့နှင့် ၂၅ မိုင်ကျော် ကွာဝေးကြောင်းသိ ရသည်။ အလားတူ အောက်တိုဘာလ နောက်ဆုံးပတ်တွင် လုံကန်ကျေးရွာ ဈေးအတွင်း၌ ဈေး ရောင်းနေသူ အမျိုးသမီးတစ်ဦး ကိုလည်း PNO မှ သေနတ်ပစ်ခြိမ်းခြောက်၍ ငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့မှ ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။“ဈေးထဲမှာ ငါးလာရောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို ထိုင်ခိုင်းတယ်၊ ပြီးတော့ငွေတောင်းတယ်။ ပေးလိုက် လား မပေးလိုက်လားမသိပေမဲ့ သေနတ်ကိုအပေါ် ထောင်ပစ်လိုက်တယ်။ လူတွေအကုန်လန့်တော့ ဆိုင်တွေသိမ်းကြတာ၊ တနေကုန် လူတောင်မရှိဘူး”ဟု၎င်းအမျိုးသားကဆက်ပြောသည်။ ပင်လောင်းမြို့နယ်အတွင်း နောင်ဝိုးကျေးရွာ၊ လှဲလောင်းနှင့်အခြား သော နေရပ်ပြန်သွားသည့် ကျေးရွာဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNO မှ စစ်မှုထမ်းရန် ယခုနည်းလမ်းကို အသုံး ပြုခေါ်ယူ နေကြောင်း သိရသည်။ Read in Full
၂၄။ မြောက်ဦးတွင် ART ဆေးပြတ်၍ HIV လူနာ အမျိုးသမီးတစ်ဦးသေဆုံး
November 1, 2024
ရခိုင်ပြည် မြောက်ဦးမြို့နယ်မှာ ART ဆေးပြတ်၍ HIV လူနာ အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ သေဆုံးသူမှာ မြောက်ဦးမြို့က အသက် ၄၀ အရွယ်အမျိုးသမီးဖြစ်ပြီး ၁၀ လအကြာ ဆေးပြတ်လပ်နေခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်နေ့တွင် သေဆုံးသွားရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ “သူဆေးပြတ်နေတာ ၁၂ လ ပိုင်းကတည်းကပါ။ မိသားစုက ချို့တဲ့တယ်။ ပိုးသတ်ဆေးတွေလည်း အစားထိုးဝယ်မသောက်နိုင်ဘူး။ ဆေးပြတ်နေတဲ့ ကာလ မှာလည်း အမြဲတမ်း မကျန်းမာနဲ့ဘဲ နေသွားရတယ်။ ဆေးသောက်နေရတုန်းကဆို အလုပ်တွေလည်း ထွက်လုပ်နိုင်ခဲ့တယ်။ အခုတော့ သေသွားရပြီ” ဟု ပြောသည်။ ရခိုင်တွင် HIV လူနာများ ART ဆေးပြတ်လပ်နေသည်မှာ ၁ နှစ်နီးပါးအကြာ ရှိလာနေပြီဖြစ်ကြောင်း ထိုကြားထဲတွင် တချို့က ရန်ကုန်သို့သွား ရောက် ဆေးထုတ်ယူမှုများရှိကြသော်လည်း အများစုမှာမူ ဆေးပြတ်လပ်ပြီး ကျန်းမာရေးဆိုးရွားလျှက် ရှိနေကြခြင်းဖြစ်သည်။
ART ဆေးကို ယခင်က မြို့နယ်အလိုက် သက်ဆိုင်ရာကျန်းမာရေးဌာနများမှ လစဉ်အလိုက် အခမဲ့ထုတ်ပေးမှုများရှိခဲ့ သော်လည်း တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်းတွင် ဌာနဆိုင်ရာများ လည်ပတ်မှုရပ်တန့်ခဲ့ခြင်းနှင့် လမ်းကြောင်းများပိတ်ဆို့နေ ခြင်းတို့ကြောင့် ရခိုင်က HIV လူနာများမှာ ART ဆေးပြတ်လပ်ခဲ့ကြရသည်။ ART ဆေးပြတ်လပ်မှုကြောင့် ရခိုင်တွင် လတ်တ လော သေဆုံးသွားသူ မြောက်ဦးမှ အမျိုးသမီးအပြင် မာန်အောင်မြို့နယ်တွင်လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက HIV လူနာ တစ်ဦး ART ဆေးပြတ်၍ သေဆုံးမှုရှိခဲ့သေးသည်။ ART ဆေးရရေးအတွက် စစ်တွေမြို့သို့သွားရန် ကြိုးစားသော်လည်း လမ်းခရီး အကျပ်အတည်းများကြောင့် စစ်တွေသို့ မရောက်နိုင်ဘဲရှိနေသည်ဟု HIV လူနာများက ဆိုသည်။ ” ကျမတို့ကို ဆေးထုတ်ပေးနေ ကျ ဆရာမလေးက စစ်တွေမှာ ဆေးရှိနေသေးတယ်ပြောတာကြောင့် ဟိုတလောကပဲ စစ်တွေကိုသွားဖို့ စီစဥ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သွားလို့မရခဲ့ဘူး။ ကျမတို့ သက်တမ်းစေ့ နေနိုင်ရေးအတွက် ဒီဆေးက အရမ်းအရေးကြီးနေပါတယ်။ ဆေးမရတော့ နာမကျန်းဖြစ်တာတွေလည်း များလာတယ်” ဟု ပြောသည်။ Read in Full
၂၅။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့်ဆက်စပ်ပြီး သေဆုံးသူ ၆ ထောင်နီးပါး ရှိလာ
October 31, 2024
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့် ဆက်စပ်ပြီး သေဆုံးသူ (၆) ထောင်နီးပါး ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ (၃၀) ရက်နေ့တွင် ထုတ်ပြန် သည်။ ပြီးခဲ့ သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဉ် စတင်ချိန်မှ (အောက်တိုဘာ ၃၀ ရက်) အထိ နိုင်ငံရေးနှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်းကြောင့် ပြည်သူစုစုပေါင်း (၅၉၀၁) ဦး သေဆုံးခဲ့ရကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့အထဲတွင် ကလေး (၆၅၅) ဦးနှင့် အမျိုးသမီး (၁၃၀၀) နီးပါးအထိ သေဆုံးခဲ့ရပြီး အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးမှုအရေအတွက်မှာ (၂၅၀၀) ခန့်အထိ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထို့အပြင် ထောင်တွင်းသေဒဏ် ချမှတ်ခံရသူ (၁၂၅) ဦးနှင့် မျက်ကွယ်သေဒဏ် ချမှတ်ခံရသူ (၄၄) ဦးရှိပြီး စစ်ကောင် စီ၏သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း(၁၆၉) ဦးအထိ ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။ စစ်အာဏာသိမ်း ပြီးနောက်ပိုင်း သုံးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီမိုကရေစီ အရေး လှုပ်ရှားသူနှင့် အရပ်သားများ ဖမ်းဆီးခံရသူ စုစုပေါင်း ( ၂၇၆၁၀) ဦးရှိခဲ့ပြီး ၎င်းတို့အထဲမှ (၂၁၀၀၀) ကျော်မှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ် သည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် ကလေးငယ်များ စုစုပေါင်း (၅၇၃) ဦးနှင့် အမျိုးသမီး (၅၇၂၈) ဦးတို့ ပါဝင်ကြောင်းသိရသည်။ အခြားတဘက်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း လားရှိုးမြို့ အကျဉ်းထောင်တွင် ဇူလိုင်လ နောက်ဆုံးပတ်က လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ရာ အကျဉ်းသားအချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်း သားများကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ သက်ဆိုင်ရာအဖွဲ့အစည်းများထံ လွှဲအပ်ပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ Read in Full
၂၆။ ပေါင်မြို့နယ်မှာ ဝမ်းရောဂါကူးစက်ခံရသူ ၇၀ နီးပါးရှိလာ
October 31, 2024
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်နဲ့ဝဲပတန်ကျေးရွာတို့မှာ ဝမ်းရောဂါကူးစက်ခံရသူ ၇၀ နီးပါး ရှိလာပြီး အဲဒီထဲက စိုးရိမ်ရတဲ့လူနာငါးဦးကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။ ပင်လယ်ကမ်းစပ်ရွာတွေဖြစ်တဲ့ အဲဒီကျေးရွာနှစ်ရွာမှာ ပင်လယ်ကပြန်လာတဲ့ ငါးဖမ်းစက်လှေ လုပ်သားတွေ ဝမ်းရောဂါဖြစ်ပွားခဲ့ ပြီး အဲဒီနောက်မိသားစုဝင်တွေပါ ကူးစက်မှုတွေရှိလာခဲ့ပါတယ်။ ဝမ်းရောဂါကူးစက်ခံရသူတွေကို အလှပ်တိုက်နယ်ဆေးရုံ၊ ပေါင်မြို့ နယ်ပြည်သူ့ဆေးရုံတို့မှာ ကုသပေးနေပြီး အဲဒီထဲကစိုးရိမ်ရတဲ့လူနာငါးဦးကို မော်လမြိုင်ဆေးရုံကြီးထံ ပို့ဆောင်ထားတာ ဖြစ်ပါတယ်။
ဝမ်းရောဂါကူးစက်မှုတွေ ရှိနေတဲ့အတွက် ကျေးရွာအတွင်းရှိ ရေတွင်း၊ ရေကန်တွေမှာ ကလိုရင်းဆေးခတ်တာ၊ ဆေး ဖြန်းတာအပြင် ဝမ်းရောဂါထိန်းချုပ်နိုင်ဖို့အတွက် အသိပညာပေးမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ပင်လယ်ပြင်က ပြန်လာတဲ့ ငါးဖမ်းလုပ်သားတွေကနေတဆင့်ဝမ်းရောဂါကူးစက် ခံရသူ ၁၅၀ ကျော်အထိ ရှိခဲ့ပြီး အဲဒီထဲမှာခြောက်ဦးသေဆုံးခဲ့ပါတယ်။ Read in Full
၂၇။ မြစ်ကြီးနားတွင် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ
October 31, 2024
မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ ကြောင်း သိရသည်။ ရွှေစက်ရပ်ကွက် ကရိန်နော်အပန်းဖြေစခန်းဆိုင်းဘုတ်တည်ရှိရာအနီးတွင် ၁၂၅ အမျိုးအစားဆိုင်ကယ် မောင်းနင်လာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။“သေနတ်သံ လေး၊ ငါးကြိမ်လောက်ထွက်လာတော့ တခြားသူတွေလည်း ပြန်ကွေ့လာတယ် ကျွန်တော်လည်း ပြန်ကွေ့ခဲ့ရတယ်။ အဲ့မှာတွေ့ခဲ့ရတာက လူတစ်ယောက် ကယ်ရီဆိုင်ကယ်လိုမျိုးဟုတ်တယ် လမ်းမပေါ်မှာ လဲကျပြီးခြေထောက်နည်းနည်း လုပ်နေ တာပဲတွေ့လိုက်တယ်။ ရဲတွေလည်းရှိနေတယ်အဲ့မှာ” ဟုပြောသည်။ မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခံရသည်ကိုမသိရဘဲ ညနေပိုင်းတွင် လမ်းပေါ် သွေးများပေနေသည်ကို ထပ်တွေ့ခဲ့ရကြောင်း သူကပြောသည်။
ပစ်ခတ်ခံခဲ့ရသူမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ညာဘက်ပခုံးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိ ရသည်။ အဆိုပါအမျိုးသားကို စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှစ်ဦးက တားဆီးစစ်ဆေးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင်း ရပ်ကွက် နေပြည်သူအချို့၏ပြောပြချက်အရ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ မြစ်ကြီးနားမြို့နှင့် မြို့ပြင်ရှိကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့ဝင်များ အပြန်အလှန် ဖမ်းဆီးမှုနှင့် လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်လေ့ ရှိပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင်လည်း ရာဒါကောင်းရပ်ကွက်နှင့် အေးစေတီရပ်ကွက်တို့တွင် ဓါးဒဏ်ရာများဖြင့် သေဆုံး နေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။ Read in Full
၂၈။ တောင်ကြီးမှာ ဖမ်းတဲ့လိုင်စင်မဲ့ ယာဉ်အများစု စစ်ဘေးရှောင်ယာဥ်တွေဖြစ်
October 31, 2024
ရှမ်းပြည်၊ တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ ၂ ရက်ဝန်းကျင်ကစပြီး လိုင်စင်မဲ့ကားတွေကို တန်ဆောင်တိုင်ပွဲကာလ စီမံချက်အရ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဖမ်းဆီးခံရတဲ့ယာဉ်တွေထဲမှာ စစ်ဘေးရှောင်တွေရဲ့ယာဉ်အများဆုံးပါဝင်ပြီး အရင် ကလို ဒဏ်ကြေးနဲ့ ပြန်ထုတ်ခွင့်မရှိဘဲ အပြီးသတ်သိမ်းယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။“ကျမအသိ ပါသွားတာ ၃ ယောက်ရှိပြီ။ စစ်ရှောင်ပြောလည်း မရဘူးနော်။ သူတို့ ခေါ်ထားတဲ့ နေ့စားသမားတွေက ကားပေါ်အကုန် မတင်ပြီး သိမ်းတာ။ ဘာချလန်မှ မပေးဘူး”လို့ ယာဉ်သိမ်းဆည်းခံရသူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ တောင်ကြီးမြို့ရှိ ဝါးပြားလမ်းဆုံ၊ ဧရာဝတီလမ်းဆုံ၊ ချယ်ရီကွင်းလမ်းဆုံ၊ ၃ လမ်းဆုံ၊ အထက ၅ လမ်းဆုံနေရာတွေအပြင် လမ်းဆုံလမ်းခွတိုင်းမှာ ယာဉ်ထိန်းရဲနဲ့ စစ်ကောင်စီပူးပေါင်း အဖွဲ့တွေ လှည့်လည်သွားလည်ပြီး ရှာဖွေဖမ်းဆီးနေတာပဲ ဖြစ်ပါတယ်။
“ဒီတစ်ကြိမ်က တော်တော်ဆိုးတယ်။ ရပ်ကွက်လမ်းကြားတွေအထိ အုပ်စုလိုက် ဝင်လာပြီးဖမ်းတာ။ ဟိုဘက်လမ်းတွေ့ လို့ ဒီဘက်လမ်းပြေးရင် အဲလမ်းထိပ်မှာကို သူတို့ခေါင်းဖြူဖြူတွေအရင်ဆုံးမြင်ရတယ်။ ကျောင်းသားတစ်ယောက်ဆို အဆောင်ထိဝင်ဖမ်းပြီး တခါတည်း ကားနဲ့တင်သွားတာ”လို့ တက္ကသိုလ်အနီးတစ်ဝိုက် နေထိုင်သူတစ်ဦးကပြောပါတယ်။ တက္ကသိုလ်၊ စာသင်ကျောင်းနဲ့ ဆေးရုံအနီးတစ်ဝိုက်နေရာတွေကို အရင်က နားလည်မှုနဲ့ ခွင့်ပြုထားပေမယ့် အခုတစ်ကြိမ်မှာ ဖမ်းဆီးနေပြီး ရိုးရာဝတ်စုံဝတ်ရတဲ့ လူတွေကိုလည်း ခေါင်းပေါင်းပေါင်းခွင့် မပြုတော့ဘဲ ဆိုင်ကယ်ဦးထုပ် ဆောင်းခိုင်းနေတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်အတွင်းရှိ ယာဉ်အများဟာ လိုင်စင်မဲ့တွေဖြစ်ပြီး အဲဒီ လိုင်စင်မဲ့ယာဉ်တွေကို တင်သွင်းရာမှာလည်း စစ်ကောင်စီ ရာထူးကြီးပိုင်းနဲ့ စစ်ဆေးရေးဂိတ်တွေက ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။ Read in Full
၂၉။ စစ်ကောင်စီဖမ်းဆီးမှုကြောင့် သံဖြူဇရပ်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဖျက်သိမ်း
November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့ ဖမ်းဆီးအမှုဖွင့် ခံရပြီးနောက် အသင်းကိုဖျက်သိမ်းလိုက်ပြီလို့ အသင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက် အပါအဝင် အသင်းဝင်ကိုးဦးကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က ဆက်တိုက်ဆိုသလို ဖမ်းဆီး စစ်ကြောမှုတွေ လုပ်ဆောင်ခဲ့တာပါ။ အဲဒီနောက် အသင်းဝင်ခြောက်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် အောက်တိုဘာ ၉ ရက်နေ့မှာ တော့ အသင်းဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ အသင်းဝင် ကိုပူတူးနဲ့ ကိုဝင်းကြည်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ညနဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။ အသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင် သုံးဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့်လိုက် တာကြောင့် အသင်းဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အသင်းဝင်းအားလုံးနဲ့ အလှူရှင်တွေရဲ့ ဆန္ဒအရအသင်းကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ အသင်းဖျက်သိမ်းလိုက်ပြီးနောက် အသင်းမှာအသုံးပြုနေတဲ့ လူနာတင်ယာဉ်ကားလေးစီးကို မြို့ပေါ် လူမှုကူညီအသင်းတစ်သင်းထံ လှူဒါန်းလိုက်ပြီး ရုံးအဆောက်အဦကိုလည်း ဖြိုချလိုက်ပြီလို့ ဆိုပါတယ်။
အသင်းရုံးအတွင်း ရုံးသုံးပရိဘောဂပစ္စည်း၊ ပန်ကာ၊ စားပွဲခုံတွေနဲ့ ရေပုံး၊ ဆိုလာ၊ ကယ်ဆယ်ရေးသုံးပစ္စည်းတွေ အား လုံးကို အသင်းသားတွေ ဖမ်းဆီးခံရချိန်မှာ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နဲ့ အပေါင်းအပါတွေက သိမ်းဆည်း သွားပြီး ဒီကနေ့ထိ ပြန်ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ အမှုဖွင့်ခံရတဲ့ အသင်းဥက္ကဋ္ဌအပါ အဝင် အသင်းဝင်သုံးဦးကို စစ်ကြောရေးကနေ သံဖြူဇရပ်ရဲစခန်း အဲဒီကနေမှတဆင့် မော်လမြိုင်ထောင်ကို ပြောင်း လဲ ချုပ်နှောင်ထားပြီး မော်လမြိုင်ခရိုင် တရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီကတော့ ဖမ်းဆီးအမှုဖွင့်လိုက်တဲ့ အသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်သုံးဦး ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဖျက်သိမ်းလိုက်တဲ့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဟာ ၂၀၁၈ ခုနှစ်က မွန်ပြည်နယ်အစိုးရဆီမှာ အသင်းအဖွဲ့ မှတ်ပုံတင်ထားပြီး ဒေသတွင်း ထိခိုက် လူနာတွေနဲ့ အရေးပေါ်လူနာတွေကို ကူညီကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ Read in Full
၃၀။ ချင်းပြည်ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခုလတွင် အတည်ပြုပြဌာန်းမည်
November 1, 2024
ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်သည်ချင်းပြည်ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခုလနိုဝင်ဘာလအတွင်း ကျင်း ပမည့် ပဥ္စမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးတွင် အတည်ပြုပြဌာန်းတော့မည်ဖြစ်ကြောင်း သိရသည်။ တော်လှန်ရေး ကာ လ ချင်းပြည်နယ်၊ မြို့နယ်နှင့် ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် ဒေသခံများ၏ စုပေါင်း ခေါင်းဆောင်မှုပုံ စံဖြင့် အုပ်ချုပ်ရေးယန္တရာ လည်ပတ်နိုင်ရေးအတွက် ရေးဆွဲပြဌာန်းထားကြောင်း ချင်းပြည်လွှတ်တော်ဥက္ကဌ Pu Hung Naing ကပြောသည်။“ဒီဥပဒေက ချင်းပြည်(Chinland)အစိုးရအဖွဲ့ကို အာဏာပေးတာတစ်ခုမှမပါဘူး။ သက်ဆိုင်ရာမြို့နယ်နှင့် ဒေသ ရဲ့ ဥပဒေအတိုင်းပဲ ရွေးကောက်တင်မြှောက်ခွင့်၊ ခန့်အပ်ပိုင်ခွင့်ပေးထားတယ်။ ဒါ့အပြင် မြို့နယ်နှင့်ဒေသမှာလည်း တိုက်နယ်/ ဧရိယာ/ တောင်ကျောအလိုက် အုပ်ချုပ်ရေးမှာ ပါဝင်နိုင်ခွင့်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဥက္ကဌ နှင့် အတွင်းရေးမှူးစနစ် နဲ့ Local Administration Law ပြဋ္ဌာန်းဖို့ဖြစ်မယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ မြို့နယ်နှင့် ဒေသအသီးသီးတွင် ချင်းတော်လှန်ရေးအင်အားစုများသည် ၎င်းတို့၏ ဥပဒေများဖြင့် အုပ်ချုပ်နေ ကြပြီး တနေရာနှင့် တနေရာ မတူညီမှုများ ရှိနေသည်၊ ယင်းဥပဒေကို ပြဌာန်းပြီးပါက မြို့နယ်နှင့် ဒေသ အုပ်ချုပ်ရေးပိုင်း တာဝန် ရှိသူများ အချင်းချင်းကြားတွင်ဖြစ်စေ၊ ချင်းပြည်အစိုးရနှင့်ဖြစ်စေ လုပ်ငန်းဆောင်ရွက်မှုများတွင် ပိုမိုအဆင်ပြေ ချောမွေ့လိမ့် မည်ဟုသိရသည်။ ဒေသန္တရအုပ်ချုပ်ရေးဥပဒေမတိုင်ခင်ကလည်း သက်ဆိုင်င်ရာမြို့နယ်နှင့် ဒေသအကြီးအကဲများကို ဖိတ်ခေါ် ပြီး ညှိနှိုင်းအစည်း အဝေး ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် ဥပဒေကြမ်းကော်မတီကို ဖွဲ့စည်းပြီး ရေးဆွဲခြင်းဖြစ်ကြောင်း သိရ သည်။ အောက်တိုဘာလက ပထမအကြိမ်၊ ချင်းပြည်(Chinland) လွှတ် တော်၊ စတုတ္ထပုံမှန် အစည်းအဝေးတွင်လည်း ဒေသန္တရအုပ်ချုပ်ရေးဥပဒေကြမ်းကို ချင်းလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ချင်းပြည်လွှတ်တော်၏ ဥပဒေမူ ကြမ်းရေးဆွဲရေးကော်မတီသည် အောက်တိုဘာ လ ၂ရက်မှ ၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးပြီးနောက် ချင်းပြည်(Chinland) ဘဏ္ဍာငွေစီမံခန့်ခွဲခြင်း ဥပဒေကြမ်းနှင့် ဒေသန္တရအုပ်ချုပ်ရေး ဥပဒေမူကြမ်းကို ချင်းပြည်လွှတ်တော်သို့ ပေးပို့နိုင်ခဲ့ကြောင်း ချင်းပြည်လွှတ်တော် ၏ ထုတ်ပြန်ချက်များအရ သိရသည်။ Read in Full
၃၁။ ဖြတ်သန်းမှု ၃၆ နှစ်အတွင်း တပ်ဖွဲ့ဝင် ၈၀၀ ကျော် ကျဆုံးခဲ့ဟု ABSDF ထုတ်ပြန်
November 1, 2024
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF ဖွဲ့စည်းတည်ထောင်မှု ၃၆ နှစ်တာ အတွင်း ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ပေါင်း ၈၂၆ ဦး ကျဆုံးကာ ၄၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ABSDF က ယနေ့ ထုတ်ပြန်သည်။ ယနေ့ကျရောက်သည့် ABSDF တည်ထောင်မှု နှစ်ပတ်လည် ထုတ်ပြန်ကြေညာချက်၌ ထိုသို့အသိပေးထားခြင်း ဖြစ်သည်။ ABSDF ကို အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေ စီရေးနှင့် လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး စသည့် ဦးတည်ချက် ၄ ရပ်ဖြင့် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ကြောင်း၊ အဆိုပါနိုင်ငံရေးဦးတည်ချက်များအတွက် ဘဝများစွာစွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် သမိုင်းမှတ်တမ်းအဖြစ် ဂုဏ် ယူတန်ဖိုးထားရမည်ဖြစ်ကြောင်း ABSDF တပ် ဖွဲ့ဝင် ရဲဘော်ထုသို့ ဥက္ကဋ္ဌ ရဲဘော်သံခဲက ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထား သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်မှ နိုင်ငံတော်အချုပ်အခြာအာဏာကို လက်နက်ဖြင့် လုယူသိမ်းပိုက်ခဲ့သည့် အကျိုး ဆက် ကြောင့် နိုင်ငံ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေများ ယိုယွင်းပျက်စီးလာခဲ့ပြီး တတိုင်း ပြည်လုံး အထွေထွေ အကျပ်အတည်းနှင့် ရင်ဆိုင်ကြရသလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲများ တနံတလျား ကျယ်ပြန့်လာခဲ့ကြောင်း ABSDF က ဆိုထားသည်။ ထိုသို့ ကျယ်ပြန့်လာသည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော် လှန်ရေး၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အခိုင်အမာလက်တွဲကာ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် မျိုးဆက်သစ် များသည်လည်း လက်တွေ့တိုက်ပွဲဝင်နေကြပြီ ဖြစ်ကြောင်း အသိ ပေးထားသည်။ လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူလူထုကြီး နှင့်အတူ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တော်သစ်ပေါ်ထွန်းရေးအတွက် ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ လက် တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ABSDF ကဆိုသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကို ၁၉၈၈ နိုဝင်ဘာ ၁ ရက် တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ Read in Full
၃၂။ လွိုင်ကော်မြို့နယ်ထဲက တိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၁၅၀ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ လွိုင်ကော် PDF ပြော
November 1, 2024
ကယားပြည်နယ် လွိုင်ကော်မြို့နယ်တိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၁၅၀ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ မနေ့ အောက်တို ဘာ ၃၁ ရက်မှာ ကျရောက်တဲ့ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်-Loikaw Local PDF တည် ထောင်ခြင်း ၁ နှစ် ပြည့်မှာ ထုတ်ပြန်ထားပါတယ်။ လွိုင်ကော် PDF ကို လွိုင်ကော်ဒေသခံတွေနဲ့ ဖွဲ့စည်းထားပြီး တိုက်ပွဲတိုင်းမှာ စိတ်အားထက်သန် စွာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၁ နှစ်အတွင်း ရဲဘော် ၄ ဦး ကျဆုံးတာနဲ့ ၈၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ လွိုင်ကော် PDF အနေနဲ့ လွိုင်ကော်မြို့နယ်က တိုက်ပွဲတွေအပါအဝင် ရှမ်းတောင်-ကရင်နီပြည် နယ်စပ်ရှိ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ ပြီး တော်လှန်ရေးအောင်မြင်ဖို့ အရင်ကထက် ပိုမိုကြိုးစားသွားမယ်လို့ Loikaw Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ “ကျွန်တော်တို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ အဆုံးသတ် တော်လှန်ရေးတွေလည်းတွေ့နေမြင်နေကြရပါပြီ။ ပြည်သူလူထုအနေနဲ့ ခုချိန်ထိ တောင့်ခံပေး ထောက်ပံ့ပေးနေကြတာနဲ့တင် ကျွန်တော်တို့ အားနာလှပါပြီ” လို့ ဆိုပါတယ်။
Loikaw Local PDF တည်ထောင်ခြင်း တစ်နှစ်ပြည့်မှာ ကာဗာကမ်ပိန်းကနေရရှိတဲ့ ဦးထုပ်၊ ကျဥ်ကာနဲ့ လက်နက်ခဲယမ်း တွေကိုလည်း တပ်ဖွဲ့ဝင်တွေထံ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လွိုင်ကော် PDF ကို ကရင်နီတော်လှန် ရေးတပ်ပေါင်းစု-KRU ကနေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ Loikaw Local PDF အဖြစ် ပြောင်း လဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကရင်နီတော် လှန်ရေးအင်အားစုအကြား တိုက်ပွဲပေါင်း ၁၂၀၀ ကျော် (၁,၂၂၇ ကြိမ်) ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီသူ့အင်အားစု-PKPF က ဒီနေ့ နိုဝင်ဘာ ၁ ရက် မှာ ထုတ်ပြန်ထားပါတယ်။ Read in Full
၃၃။ AA နှင့် CNF တို့ကို ရိက္ခာထောက်ပံ့သည်ဟုဆိုကာ ကံချောင်းရွာကို စစ်ကောင်စီက ဗုံးကြဲ
October 31, 2024
AA နှင့် CNFတို့ကို ရိက္ခာနှင့် ဆေးဝါးများ ကူညီထောက်ပံ့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီး ခဲ့ကြောင်းသိရသည်။ မကွေးတိုင်း ဆောမြို့နယ် ကံချောင်းရွာကို အောက်တိုဘာလ ၃၀ ရက် ည ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ် က ပေါင် ၂၅၀ ဗုံးနှစ်လုံးနှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေအိမ်များ အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူးခင်ဗျ၊ ဒီအတိုင်း လာပြီးဗုံးကြဲသွားတာပါ။ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချသွားတာပါ။ ကလေးတစ်ဦးရယ်။ နောက်သုံးဦးထိခိုက် ဒဏ်ရာရရှိသွားပါတယ်။ နေအိမ်တော်တော်များများ ပျက်စီးသွားပါတယ် ” ဟုပြောသည်။
အာရက္ခတပ်တော် AA နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ကို ရိက္ခာဖြန့်ဝေသည်ဟုဆိုကာ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကံချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ရှင်းလင်းခဲ့ကြောင်း စစ်ကောင်စီအား ထောက်ခံရေးသား နေသည့် မီဒီယာများကရေးသားကြသည်။ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်များမှတစ်ဆင့် AA နှင့် CNF တို့ကို ထောက် ပံ့သည်ဟုဆိုကာ မဟုတ်မမှန် ဝါဒဖြင့်မှုကြောင့် ယခုကဲ့သို့ လာရောက်ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၀ အရွယ်ရှိ ကံချောင်း ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ “ကျမတို့ ရွာက လူတွေက အဲ့လိုထောက်ပံ့တာတွေ မရှိပါဘူး။ ကျမတို့ထင်တာက ရွာကို စစ်တပ်က ပစ်မှတ်ထားနေတာကြာပြီလို့ သိရပါတယ်။ ပြီးတော့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် စစ်တပ်ထောက်ခံတဲ့သူတွေက ဝါဒဖြန့်တာတွေရှိတယ်။ AA ကို ထောက်ပံ့နေတာတွေ၊ ပြီးတော့ CNF ကိုထောက်ပံ့တွေဆိုပြီးတော့ စွပ်စွဲနေတာပါ။ အဲ့ဒါကြောင့် လာကြဲတာနေမှာပါ။ ဒါက လုံးဝအဓိပ္ပာယ်မရှိတာဖြစ်ပါတယ် “ဟုပြောသည်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။