မိတ်ဆွေ NUG ဘယ်လဲ
ကျော်ကိုကို | အတွေးအမြင်
တော်လှန်ရေးမှာ NUG အစိုးရကို ဘယ်လိုသဘောထားမလဲလို့ မေးလာရင် မိတ်ဆွေလို့သဘောထားပါတယ်လို့ ဖြေမှာပါ။
ကျနော်တို့ကို ဘာလို့ NUG ကို ဒီထက်ပိုမြင်ပေးလို့မရတာလဲလို့ မေးလာရင် မရသေးလို့ပဲ ဖြေရပါလိမ့်မယ်။
ဘာကြောင့်”မိတ်ဆွေ”လို့ သတ်မှတ်သလဲ
NUG ရဲ့ ဦးတည်ရန်သူက စစ်အုပ်စု။ ကျနော်တို့ရဲ့ ဦးတည်ရန်သူက စစ်အုပ်စုပဲ။
ကျနော်တို့ပစ်မှတ်ထားတဲ့ ရန်သူချင်းအတူတူပဲ။
NUG လည်း တော်လှန်တဲ့လမ်းကို လျှောက်နေတယ်။ကျနော်တို့လည်း တော်လှန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်။ လျှောက်လမ်းရွေးတာချင်းလည်း တူနေပါတယ်။ ဒါကြောင့် မိတ်ဆွေလို့ သတ်မှတ်ပါတယ်။
ဒါပေမယ့် တော်လှန်ရေးအစကနေ ဒီနေ့အထိ သူတို့နဲ့ ကျနော်တို့ကြားမှာ official ဆက်ဆံရေး တခါမှ မတည်ဆောက်ဖူးပါ။ တယောက်နဲ့တယောက် တွေ့တာ ဆုံတာ စကားပြောနေကြတာကလွဲရင် ဘာတခုမှ အပေးအယူမရှိပါ။ ရှင်းပါတယ်။ မေးထူးခေါ်ပြောအဆင့် မိတ်ဆွေသက်သက်ပါပဲ။
မိတ်ကောင်းဆွေကောင်းအတွက် ဝေဖန်ရေး
မိတ်ကောင်းဆွေကောင်း ပီပီသသပဲ ကျနော်တို့က ဝေဖန်ရေးပေးချင်ပါတယ်။
NUG အနေနဲ့ အစိုးရဆိုတဲ့ အတွေးနဲ့ တော်လှန်ရေးလုပ်နေတာ ကြာလေလေ ပြဿနာများလေလေ ဖြစ်နေတာကို တွေ့ရပါတယ်။ အစိုးရဆိုတဲ့ ခံယူချက်မြစ်ဖျားခံလာတာ ၂၀၂၀ ရွေးကောက်ပွဲနိုင်အမတ်တွေ တိတိကျကျပြောရရင် NLD အများစုဆီက လာတာဖြစ်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုရင် Legitimacy ဆိုတဲ့စကားလုံးကို အပြောဆုံးက သူတို့ဖြစ်နေလို့ပါပဲ။
ဒီတော့ တော်လှန်ရေးလုပ်တဲ့နေရာမှာ ကိုယ်စားပြုဒီမိုကရေစီသဘောတရား(Representative Democracy) ကို စွဲကိုင်ပြီး အားလုံးအထက်က အစိုးရလုပ်လာကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက လက်နက်ကိုင်ထားတဲ့ EROs တွေက ဒီအစိုးရကို တင်းပြည့်ကျပ်ပြည့် လက်ခံနိုင်ရဲ့လားလို့ သေချာသုံးသပ်ကြည့်ပါ။
သူတို့ရဲ့ ကိုယ်စားပြုသူတွေမပါဝင်ရင် သူတို့လက်ခံကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ကချင်၊ကယန်း၊တအာင်းစတဲ့ အမတ်တွေ ပါတီဝင်တွေကို ပေါင်းထည့်ရပါတယ်။ဒီလိုနည်းနဲ့ သဘောထားညှိနှိုင်းပြီး ကြားကာလ ယာယီအစိုးရ လုပ်ရပါတယ်။
အားလုံးသိတဲ့အတိုင်း ဘယ်လူမျိုးစုကိုယ်စားလှယ်ပဲ NUG မှာပါပါ၊ လူမျိုးစုဒေသ အာဏာသုံးရပ်ကို EROs တွေလက်ထဲမှာပဲ ထားကြတာပါ။ ပြောချင်တာက NUG ဘာမှဝင်စွက်လို့မရပါဘူး။ အခုဝင်စွက်လို့ရနေတာက အညာမြေပြန့် ဗမာဒေသတွေထဲမှာပါ။
ပကတိအခြေအနေကို မြင်အောင်ကြည့်ဖို့လို
အညာဒေသမှာ လက်နက်ကိုင်တပ်က တတပ်ထဲရှိနေတာမဟုတ်ပါဘူး။
PDF မဖွဲ့ခင်ကတည်းက လက်နက်ကိုင်တပ်ဖွဲ့ထားတာတွေရော၊ နောက်ပိုင်း ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အစု ကိုယ့်အဖွဲ့နဲ့ ရှာဖွေစုဆောင်းပြီး လက်နက်ကိုင်တပ်တည်ဆောက်ထားကြသူတွေရော အစုံရှိပါတယ်။
ဒီလိုတပ်တွေအားလုံးကို NUG က သူတို့ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာပဲ တစုတစည်းထဲရှိရေး တောင်းဆို နေတယ်လို့ မြင်ပါတယ်။
မတောင်းဆိုရဘူးမဟုတ် တောင်းဆိုလို့ရပါတယ်။ဒါပေမယ့် မှန်မှန်ကန်ကန် ချဥ်းကပ်ဖို့လိုတယ်လို့ အကြံပေးချင်တယ်။
အထက်စီးလေသံနဲ့ အစိုးရတဖွဲ့တည်း တပ်တတပ်တည်းရှိရမယ်၊ တဗိုလ်တမင်း လုပ်ခွင့်ပေးလို့မရဘူး စသဖြင့် ပကတိအခြေအနေနဲ့ ကင်းကွာတဲ့ စကားတွေ တောရမ်းမယ်ဘွဲ့ လျှောက်ပြောတာ ဆေးမဖြစ်ဘဲ ဘေးဖြစ်စေပါတယ်။
အစိုးရနဲ့ ပြည်သူကြား ဆက်ဆံရေးမူရှိသင့်
ဒီမိုကရက်တစ်အစိုးရတရပ်လို့ ကိုယ့်ကိုယ်ကို ခံယူထားရင် ပြည်သူကို ဘယ်လိုဆက်ဆံရမလဲ ကောင်းကောင်းသိမှာပါ။
အခု အညာမှာ လက်နက်ကိုင်ထားကြတဲ့သူတွေက ပြည်သူတွေပါ။ ပြည်သူ့ပျောက်ကြားတွေဖြစ်ပါတယ်။ စည်းရုံးရမယ့် လူတွေပါ၊ ချေမှုန်းရမယ့်လူတွေ မဖြစ်သင့်ပါဘူး။
MOD အောက်မှာ အားလုံးတစုတစည်းတည်းလုပ်စေချင်ရင် MOD ကအရင် တာဝန်ယူမှု တာဝန်ခံမှုရှိရပါမယ်။
အစိုးရက ပြည်သူ့အခွင့်အရေးကို အရင်အကာအကွယ်မပေးဘဲ ပြည်သူက အရင် အစိုးရအပေါ်သစ္စာစောင့်သိဖို့ တောင်းဆိုတာ မှန်မမှန် ကလေးကအစ သိပါတယ်။
အစိုးရအနေနဲ့လုပ်ချင်ရင် အစိုးရအလုပ် အရင်လုပ်ပါ။ပြည်သူ့ပျောက်ကြားတွေကို ကူပါ၊ထောက်ပံ့ပါ။ ကာကွယ်ပေးပါ။
NUG အောက်ကအဖွဲ့မဟုတ်ရင် ငွေကြေးမထောက်ပံ့ဘူး၊လက်နက်မကူဘူးဆိုတဲ့ သဘောထားကို အရင်ဆုံး ဖျောက်ဖို့လိုပါတယ်။
ဒီသဘောထားရဲ့နောက်ဆက်တွဲ စီးပွားရေးလုပ်ကွက်လုတဲ့ပြဿနာတွေပိုကြီးထွားလာတာကိုလည်း သိပြီး ဖြစ်မှာပါ။
ကောင်းမွန်တဲ့ဆက်ဆံရေးကို အရင်တည်ဆောက်
BPLA ကွပ်ကဲရေးမှုး မောင်ဆောင်းခပြောသလို ကောင်းမွန်တဲ့ဆက်ဆံရေးကိုပဲ အရင်ဆုံး တည်ဆောက်ပါဦးလို့ NUG တပ်တွေကို တိုက်တွန်းချင်ပါတယ်။
ကိုယ့်ဖက်က သေချာမှ ဖုတ်သွင်းရထား ဆိုက်မှာပါ။ကိုယ့်အချင်းချင်း ရန်သူလို သဘောထားမိရင် တော်လှန်ရေးလှေမှောက်ကိန်းဆိုက်ရတတ်ပါတယ်။
တော်လှန်ရေးသမားအချင်းချင်း ညီညွတ်မှ ဘုံရန်သူ ပြိုလဲမှာဖြစ်ပါတယ်။အခုမှ အစိုးရတခုအောက်မှာ တပ်တတပ်ထဲရှိရမယ်ဆိုတဲ့စကားကို ပြောလာတဲ့ မိတ်ဆွေများခင်ဗျား။
တော်လှန်ရေးအစပိုင်းတုန်းက ကျနော်တို့ ညီညွတ်ရေး တပ်ပေါင်းစုအသံထုတ် အလံလွှင့်နေချိန်မှာ “တွဲတိုင်း စက်ခေါင်းပါတယ်”ပြောခဲ့တဲ့သူကိုလည်း ခင်ဗျားတို့ ဝေဖန်ပေးဖို့လိုပါတယ်။
အညာမှာလည်း တွဲတိုင်း စက်ခေါင်းတွေပါနေကြပါပြီ။မောင်းနေတဲ့ စက်ခေါင်းတွေကို သုံးနှစ်ကျော်မှ ဘရိတ်ဖမ်း အရှိန်သတ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်တော့ပါဘူး။
ကိုင်း အစိုးရအလုပ်ကိုမှ တခုတ်တရ အဟုတ်ဗျလို့ ထင်တဲ့ မိတ်ဆွေ NUG ဘယ်လဲ။
ကျော်ကိုကို
လွတ်မြောက်ဒေသ တနေရာ