စစ်အာဏာရှင်စနစ် မုချ ကျဆုံးသွားမယ်လို့ KIO ဥက္ကဌပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၅၊ ၂၀၂၄
စစ်အာဏာရှင်စနစ် မကြာမီအတွင်း မုချ ကျဆုံးသွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က ဒီကနေ့ ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၄) နှစ်မြောက် မိန့်ခွန်းမှာ ပြောလိုက်ပါ တယ်။
မြန်မာတပြည်လုံးက လူထုတရပ်လုံး ပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ဆုတ်ယုတ်သွားခြင်း မရှိဘဲ ပိုမို အားကောင်းလာနေဆဲ ဖြစ်ပြီး စစ်ကောင်စီက တအိအိနဲ့ ပြိုကျလာနေပြီဖြစ်လို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ အားကောင်းပြီး သန်မာတဲ့ လူငယ်လူရွယ်တွေ အားသွန်ခွန်စိုက်ပြီး ပါဝင်ကြဖို့လိုအပ်တဲ့ အချိန်အခါ အခွင့်ကောင်းလည်းဖြစ်ကြောင်း ဗိုလ်ချုပ်အင်ဘန်လ က တိုက်တွန်းလိုက်ပါတယ်။
တဘက်မှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဟာ “Ru Nu Dan Majan Masing” လို့ခေါ်တဲ့ ပင်မအမြစ်ဖြတ် စစ်ဆင်ရေးကို အင်တိုက်အားတိုက်နဲ့ စစ်ဆင်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းဖော်ဆောင်နေပြီဖြစ်လို့ မြန်မာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကြား လက်တွဲပြီး စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ အခွင့်အခါကောင်းဖြစ်တယ်လို့လည်း KIO ဥက္ကဋ္ဌက ပြောပါတယ်။
တပ်စခန်းမြောက်များစွာနဲ့ အုပ်ချုပ်ရေးနယ်မြေ မြို့ပေါင်းများစွာ လက်လွတ်ဆုံးရှုံးမှု ကြုံတွေ့နေရတဲ့ စစ်ကောင်စီဟာ လေကြောင်း၊ လက်နက်ကြီး အင်အား အဆမတန် အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ဆက်လက် ပြုလုပ်နေတာကြောင့် အရပ်သား ပြည်သူများ အိုးအိမ် ပျက်စီးပြီး လူ့အသက် ပေါင်းများစွာ ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်နေတဲ့အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီကလည်း စိတ်နှလုံးနာကျင်ခံစားရကြောင်း ပြောထားသလို အခုလို ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုများကနေ အင်အားအဖြစ် ပြောင်းလဲသွားနိုင်ဖို့ကိုလည်း ယုံကြည်ကြောင်း KIO ဥက္ကဋ္ဌ က အားပေးစကား ပြောထားပါတယ်။
ဓါတ်ပုံ – ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ