သတင်း

စစ်ဘေးပတ်လည်ဝန်းရံနေပေမယ့် တောင်ကြီးတန်ဆောင်တိုင်ကို လုံခြုံရေးအင်အားထူထပ်စွာနဲ့ ကျင်းပဖို့ စစ်ကောင်စီ ပြင်ဆင်နေ

စစ်ဘေးပတ်လည်ဝန်းရံနေပေမယ့် တောင်ကြီးတန်ဆောင်တိုင်ကို လုံခြုံရေးအင်အားထူထပ်စွာနဲ့ ကျင်းပဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၀၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ အဝေရာမီးပုံးပျံကွင်းမှာ ၇ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာ ၁၈ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲ ကျင်းပပြုလုပ်မယ့် အစီအစဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်အသိပေးတာ မရှိသေးပေမယ့် လုံခြုံရေးအင်အားထူထပ်စွာနဲ့ ကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပြီး နေပြည်တော်က ရဲတပ်ဖွဲ့အင်အားတောင်းယူထားတယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ဦးက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

“ဒီကရှိတဲ့ ရဲတွေက နားချိန်တောင် ကောင်းကောင်းမရဘူး။ နေ့ကော၊ ညကော ဂျူတီစောင့်ရတော့ ပင်ပန်းလို့ ငြီးငြူကုန်ကြပြီ။ ဒါကို တန်ဆောင်တိုင်လုံခြုံရေးပါ ယူခိုင်းတော့ တော်တော်လေးဒေါသထွက်နေကြတာ။ ဒီက တပ်ဖွဲ့အင်အားနဲ့ မလုံလောက်လို့ နေပြည်တော်ကနေတောင် အင်အားထပ်တောင်းထားရတယ်”လို့ သူက ပြောပါတယ်။

တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေးအတွက် ပွဲကျင်းပရေးကော်မတီကို ဖွဲ့စည်းပြီး ရန်ပုံငွေ ရှာဖွေရမယ်လို့ စစ်ကောင်စီခန့် ပြည်နယ်အစိုးရက တာဝန်ပေးထားသလို တောင်ကြီးမြို့နယ်အတွင်းရှိ မြို့မဈေး၊ ကျေးလက်ဈေးတွေနဲ့ ပျံကျဈေးသည်တွေကို ဈေးတာဝန်ခံတွေကနေ အလှူုငွေ လိုက်လံကောက်ခံ နေတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ဆီဆိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို ပင်လောင်း၊ နောင်ချို၊ လွိုင်ကော်စတဲ့ ဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး တောင်ကြီးမြို့မှာလည်း စစ်ဘေးရှောင်အရေ အတွက်ကြောင့် မြို့လူဦးရေက သုံးဆခန့် မြင့်တက်နေတဲ့အချိန်မှာ တန်ဆောင်တိုင်ပွဲကျင်းပမယ့်အပေါ် ဒေသခံတွေကတော့ ဝေဖန်နေကြပါတယ်။

ကိုဗစ်၁၉ရောဂါ ဖြစ်ပွားပြီးနောက် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ရပ်နားခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ပြန်လည်ကျင်းပခဲ့ပေမယ့် ယခင်က လူဦးရေ သိန်းဂဏန်းလာရောက်တဲ့တန်ဆောင်တိုင်ပွဲဟာ စစ်ကောင်စီက ကျင်းပတဲ့အချိန်မှာ လာရောက်လည်ပတ်သူ ထောင်ဂဏန်းပင်မရှိလို့ ပွဲလာရောက်ကြဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့ရတယ်လို့လည်း သိရပါတယ်။

အခုကျင်းပပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲကိုလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့အနေနဲ့၊ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသားညီကိုမောင်နှမတွေကို ကိုယ်ချင်းစာတဲ့အနေနဲ့ ပါဝင်ခြင်းမပြုကြဖို့ မြို့ခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်နေကြပါတယ်။

ဓာတ်ပုံ-CJ
#FJMM
#ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

Related Articles

Back to top button