သတင်း

စစ်ရေးဖိအားပေးမှုတွေကြားက အုပ်ချုပ်ရေးကို ဖော်ဆောင်နေကြောင်း ကိုးကန့်တပ်ပြော

စစ်ရေးဖိအားပေးမှုတွေကြားက အုပ်ချုပ်ရေးကို ဖော်ဆောင်နေကြောင်း ကိုးကန့်တပ်ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၆၊ ၂၀၂၄

စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ရေးအရ ဖိအားပေးနေတဲ့ကြားက အုပ်ချုပ်ရေးယန္တရားကို ကြိုးစားလုပ်ဆောင်နေတယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ပြောပါတယ်။

လားရှိးမြို့ကို MNDAAက ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၇ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၃ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ စာရင်းပေါက်တာက ၅၀ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီလို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ခံနေခဲ့ရချိန်မှာ အုပ်ချုပ်ရေးကတော့ ပုံမှန်လည်ပတ်နေပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကတော့ အနည်းငယ် နှောင့်နှေးသွားပါတယ်ခင်ဗျ။ အတတ်နိုင်ဆုံးတော့ ကြိုးစားဆောင်ရွက် နေကြပါတယ်”လို့ (MNDAA)ရဲ့ သတင်းပြန်ကြားရေး လူမှုကွန်ရက် စာမျက်နှာမှ တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ၊ စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေ၊ လူနေထူထပ်တဲ့ ကျေးရွာရပ်ကွက်တွေ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦ၊ ဈေးနဲ့ လူနေအိမ်တွေဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

MNDAAအနေနဲ့ အရပ်သားပြည်သူတွေအတွက် လေကြောင်းသတိပေးချက်တွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဖြန့်ဝေပေးနေသလို ထိခိုက်ဒဏ်ရာရသူတွေကို ဒဏ်ရာပျောက်ကင်းတဲ့ အချိန်ထိ ဆေးရုံမှာ FOC ကုသပေးနေပြီး သေဆုံးသွားတဲ့ သူတွေအတွက် ထောက်ပံ့ကြေးတွေ ပေးအပ်နေတယ်လို့ သိရပါတယ်။

လားရှိုးမြို့တွင်းမှာ ပြန်လည်ထူထောင်ရေးကို ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ အစွမ်းကုန် ကြိုးစား ဖော်ဆောင်နေပြီး လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုသာ မရှိခဲ့ရင် တော်တော်လေး ခရီးရောက်နေလောက်ပြီ ဖြစ်တယ်လို့လည်း MNDAAက ဆိုပါတယ်။

ဓာတ်ပုံ-MNDAA

Related Articles

Back to top button