တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 81, October 8, 2024)

၁။ ထန်တလန်တွင် ကျန်ရှိနေသော စစ်ကောင်စီစခန်း ၂ ခုကို ဆက်လက်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
 October 7, 2024
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ရန်အတွက် ချင်းလဲန်းအစိုးရလက်အောက်ခံ၊ ကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက် နေကြောင်းသိရသည်။ ထန်တလန်မြို့သိမ်း တိုက်ပွဲကို ပြီးခဲ့သည့် ဩဂုတ်လ၊ လကုန်ပိုင်းမှ စတင်၍ ချင်းလဲန်းအစိုးရ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင်သတင်းအရင်းမြစ်ထံကသိရသည်။ “တပ်စခန်းတော်တော်များများကိုတော့ သိမ်းပိုက်နိုင်ပြီ။ အခုကျန်နေတဲ့ တပ်စခန်းနှစ်ခုကို သိမ်းပိုက် ဖို့ ဆက်လက်တိုက်ခိုက်နေတယ်။ လေကြောင်းနဲ့လည်း နေ့တိုင်းဗုံးလာကြဲတယ်။ ဟားခါးမြို့ကနေလည်း လက်နက်ကြီး ပစ်ကူပေးတယ်။ အခုကျန်နေတဲ့ တပ်စခန်းက သူတို့အခိုင်အမာပြင်ဆင်ထားတာကြောင့် ဒရုန်းတိုက်ခိုက်မှုနဲ့လည်း သိပ်မထိရောက်တဲ့အတွက် အခုလို မြို့သိမ်းဖို့ ကျန့်ကြာနေတာဖြစ်တယ်” လို့ ချင်းလဲန်းအစိုးရလက်အောက်ခံကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

စစ်ကောင်စီသည် ထန်တလန်မြို့ကို လက်လွှတ်မဆုံးရှုံးနိုင်အောင် လေကြောင်းဖြင့် ပြင်းပြင်း ထန်ထန်တိုက်ခိုက်နေသ လို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း အသေခံကာကွယ်ခုခံ တိုက်ခိုက် နေကြောင်းသိရသည်။ ထန်တလန်မြို့သိမ်း တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်(CNA)အပါအဝင် ချင်းကာကွယ်ရေးတပ်ပေါင်းစုဘက်မှ တပ်ဖွဲ့ဝင်စုစုပေါင်း ၅၀ ကျော်ကျဆုံးပြီး ၅၀၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရသည်။ Read in Full

၂။ အာယုတောင်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရလို့ သုံးဦး ဒဏ်ရာရ
 October 7, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရတာကြောင့် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး NMSP AD အဖွဲ့က အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ “သူတို့အဖွဲ့ကို စစ်ရေးပစ်မှတ်အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ သူတို့အဖွဲ့ ခေါင်းဆောင်လင်းဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်”လို့ နိုင်ဗညားမွန်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး တစ်နာရီခန့်အကြာမှာ စစ်ကောင်စီဘက်က တပ်အင်အား ၃၀ ကျော်နဲ့စစ်ကူရောက်ရှိလာပြီးထိ ခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် သုံးဦးကို ရေးဆေးရုံထံသယ်ဆောင်သွားတယ်လို့ သိရပါတယ်။ အာယုတောင် ပြည်သူ့ စစ်အဖွဲ့ကို ကျေးရွာအုပ်ချုပ်ရေးမှူး လင်းဦးက ဦးဆောင်တာ ဖြစ်ပြီး ဒေသတွင်းမှာ စစ်ကောင်စီ အားကိုးရတဲ့ ဌာနေပြည်သူ့စစ် အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင် ၂၄ ရက်နေ့ကလည်း တပ်ဖွဲ့ဝင်အင်အား ၇၀ ကျော်ရှိတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီဘက်ကလက်နက်တပ်ဆင်ပေးခဲ့ပါတယ်။ အာယုတောင်ဌာနေပြည်သူ့စစ် အဖွဲ့ဟာ ရေးဒေသဖြစ်တဲ့ အာယုတောင်၊ နှင်းစုံ၊ ချောင်းတောင်တံတား တဝိုက်လှုပ်ရှားတာဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ကာ ငွေကြေးကောက်ခံတာတွေ လည်း ရှိနေပါတယ်။ Read in Full

၃။ တောင်ကုတ်မှာ လေကြောင်းက ဗုံးကြဲခံရလို့ အရပ်သား ၁၅ ဦး သေဆုံး
 October 8, 2024
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကို အောက်တိုဘာလ ၇ ရက်နေ့ ည ၁၁ နာရီကျော် အချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၅ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး နောက် ထပ် ငါးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲချခဲ့ တာဖြစ် ပြီး ညအိပ်ချိန်မှာ အရပ်သားတွေနေထိုင်တဲ့ နေအိမ်တွေပေါ် ဗုံးကြဲချတာကြောင့် ထိခိုက်သေဆုံးမှု များခဲ့တာလို့ တောက်ကုတ် ဒေသခံတစ်ဦးကပြောပါတယ်။“လောလောဆယ်တော့ ၁၅ ဦး သေဆုံးတယ်၊ခြောက်ဦး ဒဏ်ရာရတယ်လို့သိရတယ်။ လေယာဉ် တစ်စီးနဲ့ နှစ်ခေါက်လာပြီး ကြဲသွားတာပါ။ လူတွေလည်း အိပ်နေကြတုန်းဆိုတော့သတိမထားမိဘူးလေ။ နေအိမ်တွေမှာ ကျတော့မှ အကုန်လုံးသေဆုံးသွားကြတာ။ အတော်ဆိုးဆိုးဝါးဝါး သေဆုံး ကြတာ” လက်ရှိမှာ အသေးစိတ်အခြေအနေကို ဆက် လက်စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးတွေပါဝင်သလို မိသားစုလိုက် သေဆုံးသွားသူတွေလည်း ရှိနေတယ်လို့ သူကပြောပါတယ်။

တန်းလွဲရွာမဟာ စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကို ခံခဲ့ရပြီး အဲဒီတုန်းက တော့ အရပ်သားနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စက်တင် ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေနဲ့ AA ရဲ့ စစ်သုံ့ပန်းတွေ အပါ အဝင် ၉၃ ဦး သေဆုံးပြီး ခုနစ်ဆယ်နီးပါး ဒဏ်ရာရခဲ့ပါတယ်။ Read in Full

၄။ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို လက်မခံကြောင်း ZFU/ PDF Zoland ထုတ်ပြန်
 October 8, 2024
တီးတိန်မြို့နယ်  ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို လုံးဝလက်မခံကြောင်း Zomi Federal Union (ZFU) (တီးတိန်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)က  ယမန်နေ့( အောက်တိုဘာလ ၇ ရက်က သတင်းထုတ်ပြန်သည်။ တီးတိန်မြို့ နယ်ပြည်သူ့အုပ် ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း တီးတိန်မြို့နယ် အခြေစိုက် စစ်ရေးလှုပ်ရှားနေသည့်  People Defence Army– Tedim (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်)) က  ယမန်နေ့တွင်ကြေညာခဲ့ခြင်းဖြစ်သည်။ People Defence Force – Tedim ၏ ထိုကြေညာချက်သည်  ချင်းပြည်နယ်တခုလုံးကို စိုးမိုးခြယ် လှယ်လိုသည့် CNF/CNA ၏ နိုင်ငံရေးကစားကွက် တခုသာဖြစ်ပြီး တရားဝင်မှု မရှိကြောင်းနှင့် တီးတိန်မြို့နယ်ရှိ ပြည်သူလူထုမှလည်း လုံးဝ(လုံးဝ) လက်မခံကြောင်း ZFU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက မြန်မာတနိုင်ငံလုံးအုပ်ချုပ်ချင်သကဲ့သို့ ချင်းပြည်နယ်တခုလုံး ဗိုလ်ကျစိုးမိုးချင်တာ ဖြစ်တယ်။ အဲဒါနဲ့ PDA နာမည်ခံပြီး နိုင်ငံရေးကစားတာပါ။ PDA ဆိုတာ လူ  ၁၀ ဦးကျော်လောက်ပဲရှိတော့ တဲ့အဖွဲ့ဖြစ်ပြီး မြေပြင်ထိန်းချုပ်မှုလည်းမရှိသလို CNF/A ဌာနမှာသာ ခိုကပ်နေတာဖြစ်ပါတယ်။” ဟု Zomi Federal Union မှ တာဝန်ရှိသူတဦးက ပြောသည်။ ZFU က တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တွန်းဇန်မြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ တို့ကို ၂၀၂၁ ခုနှစ်၊ မတ်လ တရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ညွှန်ကြားချက်အရ စတင်ဖွဲ့စည်းခဲ့ပြီး  ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)၊ မြို့နယ်ပြည်သူ လူထုနှင့် အတူလက်တွဲကာ ယနေ့အချိန်ထိ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများအား တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိကြောင်း ဆိုသည်။

PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်)သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်မှ ၂၈ ရက်အထိ တီးတိန်မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁၁၂ ဦး ပါဝင်သော အစည်းအဝေးကို ကျင်းပခဲ့ကြပြီး တီးတိန်မြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် တီးတိန်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေး ကောင်စီကို အောက်တိုဘာလ ၇ ရက်နေ့ကဖွဲ့စည်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ကောင်စီကို Zomi Federal Union မှ ကန့်ကွက်မှုအပေါ် PDA – Tedim တာဝန် ရှိသူက ” နိုင်ငံရေးအမြင်နှင့် ခံယူချက်ခြင်း မတူဘူးလို့ဘဲ မြင်ပါတယ်။ သူတို့မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသလို သူတို့ဘာလုပ်နေလဲဆိုတာ ကျွန်တော်တို့ကန့်ကွက် စရာမရှိပါဘူး။ ကျွန်တော်တို့က ကိုယ့်လုပ်သင့်တဲ့အရာကို လုပ်တာပါ။ ပြည်သူအားလုံးကောင်းစားဖို့လုပ်တာပါ။ အဓိကတော့ ကိုယ်ရှိနေလို့ ပြည်သူကနွေးထွေးမှု တိုးတက်မှု၊ လုံခြုံမှုရှိရင် ရပါပြီ။ ဘယ်အဖွဲ့အစည်းမဆို ပြည်သူ့အတွက်ဆိုပြီး တော်လှန်ရေး လုပ်ခဲ့ကြတာပါ။ ဒေသတစ်ခု၊ မျိုုးနွယ်စုတစ်ခု၊ အမည်နာမ တခုခုကို အခြေခံပြီး တော်လှန်ရေးစလုပ်ကြတာ မဟုတ်တဲ့အတွက် ကျွန်တော်တို့အဓိကပန်းတိုင်ကိုပဲ ဦးတည်စေချင်ပါတယ်။”ဟုဆိုသည်။ လက်ရှိတီးတိန်မြို့နယ်တွင် PDA- Tedim မှဖွဲ့စည်း ထားသော ပြည်သူ့အုပ်ချုပ်ရေးကောင်စီနှင့် ယခင်ရှိပြီးသား Zomi Federal Union (ZFU)မှ ဖွဲ့စည်းထားသော ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ (တီးတိန်)ဟု အဖွဲ့နှစ်မျိုးရှိလာခြင်းဖြစ်သည်။ Read in Full

၅။ ဖားကန့် Lucky Men ဟိုတယ်မှ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်ဖယ်ရှား
 October 8, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ Lucky Men ဟိုတယ်မှာ တလကျော်ကြာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၈ ရက် မနက်မှာ အပြီးသတ် တိုက်ခိုက်ဖယ်ရှားနိုင်ခဲ့ပြီလို့ KPDF သတင်းရင်းမြစ်ထံက သိရပါတယ်။ စက်တင်ဘာ ၆ ရက် မနက် ၃ နာရီ ၄၅ မိနစ်မှာ ဆိုင်းတောင်ကျေးရွာ Lucky Men ဟိုတယ်ကို စီးနင်းကာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၇ ရက်ကတည်းက တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဒီနေ့ အောက်တိုဘာ ၈ ရက် မနက်မှာတော့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်တာလို့ သိရပါတယ်။ တိုက်ပွဲမှာ ဟိုတယ်ပေါ်က စစ်ကောင်စီတပ်သား အယောက် ၂၀ ကျဆုံးခဲ့ သလို ၂၀ ကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ KPDF သတင်းရင်းမြစ်က ပြောပါတယ်။“၂၀ လောက်တော့ ကျမယ်ထင်တယ်ဗျ၊ အတိအကျတော့ လောလောဆယ် မသိရသေးဘူး။ ဖမ်းမိထားတာလည်း ၂၀ လောက်ရှိမယ်၊ တိတိကျကျပြောဖို့က စောနေသေး တယ်။ ခုက ဟိုတယ်ပေါ်က ထွက်ပြေးတဲ့ စစ်(–)တွေကို လိုက်ရှင်းနေရတုန်းမို့ ဘာမှပြောလို့ မရသေးဘူး။” ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဦးစီးတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Lucky Men ဟိုတယ်မှာ ယာယီ တပ်စွဲနေထိုင်ခဲ့တာဟာ တလနဲ့နှစ်ရက် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းဟာ ဆယ်ဇင်းကျေးရွာနဲ့ တာမခံ ကျေးရွာတွေကို မီးရှို့ခဲ့သူလည်း ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေ ဟိုတယ်မှာ ယာယီတပ်စွဲခဲ့တာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ရေးတင်းမာကာ စက်တင်ဘာ ၁၂ ရက်ကစလို့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာကြောင့် ဟိုတယ်အနီး ရပ်ကွက် ၂ ခုက လူနေအိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ မိသားစု ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ဘေးရှောင်သူ ၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဖားကန့်မြို့အပါအဝင် ကျေးရွာ ၄ ရွာထက်မနည်း နေအိမ်စွန့်ခွာစစ်ရှောင်ခဲ့ရတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကသိရပါတယ်။ အောက်တိုဘာ ၈ ရက် ဒီမနက်မှာတော့ Lucky Men ဟိုတယ်ပေါ်မှာတလကျော်ကြာ ယာယီတပ်စွဲထားတဲ့အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Lucky Men ဟိုတယ်အပြင် ကျောက်သွေးတောင်ဘုရား၊ ယူမာ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံး၊ အဲဗားကုန်း စတဲ့နေရာတွေမှာလည်း ယာယီစခန်းချထားတာတွေ ကျန်ရှိနေသေးတယ် လို့ သိရပါတယ်။ Read in Full

၆။ KNU ဖာပွန်ခရိုင်တွင် စစ်ကောင်စီလေကြောင်း ထပ်မံ တိုက်ခိုက်၍ သားအမိနှစ်ဦး သေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ
October 7, 2024
ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်တစ်ဦး နှင့် ၎င်း၏ မိခင်သေဆုံးခဲ့ရပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန် သည်။ အောက်တိုဘာ ၅ ရက်ဘမွန်းလွဲပိုင်းတွင် စစ်ကောင်စီ​၏ တိုက်လေယာဉ်သည် ဖာပွန်ခရိုင် ဘူးသို မြို့နယ် မယ်ကလော ကျေးရွာအုပ်စု ဒေလော်ပူရွာအတွင်း ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အသက် (၂၅)နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ (၃)နှစ်အရွယ် သမီးငယ်တို့ ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု KNU တပ်မဟာ (၅)က အသိပေးသည်။ ထို့ပြင် အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းကလည်း ဖာပွန်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၅၀)နှစ်အရွယ် ကလေး(၆)ယောက်​၏ မိခင်တစ်ဦး သေဆုံးခဲ့ရဟု KNU က အသိပေးထားသည်။ ဖာပွန်ခရိုင်တွင် စက်တင်ဘာ ၃၀ရက်က စစ်ကောင်စီ၏စစ်ကြောင်းတစ်ခုကို တပ်မဟာ(၅) ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ရင်း မှူးအပါအဝင် အရာရှိအပါအဝင် ၃၀ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။ စက်တင်ဘာ ၃၀ ရက်က ဖာပွန်ခရိုင် စောမူပလောဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃၀ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ အလက် ၃၀ ကျော် ကိုလည်း KNU တပ်မဟာ(၅) တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။ Read in Full

၇။ တနင်္သာရီတွင် စစ်တပ်က ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်
 October 8, 2024
တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်က သိန္ဓောရွာစခန်းနဲ့ ကျေးရွာတရွာတို့ကို အောက်တိုဘာ ၇ ရက်မနက်မှာ စစ်ကောင်စီတပ်က  K-8W ဂျက်တိုက်လေယာဥ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက  သိရပါတယ်။ မနေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်သားတွေ စွန့်ခွာသွားပြီဖြစ်တဲ့ တကူကျေးရွာအုပ်စုက သိန္ဓောရွာစခန်းဟောင်းကို ဂျက်တိုက် လေယာဉ် တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ တဆက်တည်းမှာ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းရွာကိုလည်း စစ်ကောင်စီတပ် က ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးသီးတွေ လာကြဲသွားတယ်လို့ သိရပြီး ရွာဆေးခန်းရဲ့ အနောက်ဘက်တဝိုက်ကို ဗုံးသီးတွေ ကျ ရောက်ပေါက်ကွဲခဲ့ပေမဲ့ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒေသခံပြည်သူတယောက်က “ထိခိုက်မှု က ကွမ်းပင်တွေပဲ ထိသွားတယ်။ ရွာပြင်ဘက် ကျပေါက်သွားလို့ပါ” လို့ ပြောပါတယ်။

သိန္ဓောရွာစခန်းဟာ စက်တင်ဘာ ၂၅ ရက်က စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာသွားပြီးနောက် တော်လှန်ရေးတပ် ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ လက်ရှိမှာ လူသူမရှိတော့တဲ့ စခန်းဟောင်းတခု ဖြစ်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားပါတယ်။ အင်းရှည်ကုန်းရွာမှာ‌တော့ စစ်ကောင်စီတပ်က လေကြောင်းကနေ  ဗုံးသီးတွေ ၅ လုံးထက်မနည်း လာကြဲသွားတယ်လို့ သိရပြီး ကျရောက်ပေါက်ကွဲတဲ့ နေရာတဝိုက်မှာရှိတဲ့ ကွမ်းပင်တွေ ထိခိုက်ပျက်စီးသွားပါတယ်။ စစ်ကောင်စီက တနင်္သာရီမြို့နယ်အတွင်း ဂျက်ဖိုက်တာအသုံးပြုပြီး တိုက်ခိုက်တာကို အခုအောက်တိုဘာလမှာ ပြန်လည်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Read in Full

၈။  သီပေါမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
 October 7, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ -၂၃ တပ်စခန်းအနီးမှာ စစ်ကောင်စီ တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ ဒီနေ့ အထိ တိုက်ပွဲပြင်းထန် ဒေသခံတွေက ပြောပါတယ်။  တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေတယ်လို့ သီပေါ ဒေသခံတစ်ဦးက ပြောပါတယ်။“သီပေါတိုက်ပွဲ ကတော့ ပြင်းပြင်းထန်ထန်ကို ဖြစ်နေတယ်။ အဲဒီ စခန်းနားမှာပဲ။ လေယာဉ်တွေလည် ခဏ ခဏ လာပစ်နေတယ်” သီပေါမြို့က စစ်ကောင်စီခလရ- ၅၀၃၊ ခလရ- ၅၀၄ တပ်စခန်းတွေကို TNLA က သိမ်းပိုက်ထားပြီး မြို့ပေါ်ရပ်ကွက် အားလုံးကို ထိန်းချုပ်ထား တာ နှစ်လနီးပါးရှိလာပြီ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကလည်း လက်ကျန်တပ်စခန်းကို လက်မလွှတ်ရရေးအတွက် ပြင်းပြင်း ထန်ထန်ခုခံနေပြီး မြို့ပေါ်ရပ်ကွက်နေရာအများအပြား လေကြောင်းကနေတိုက်ခိုက်ခံခဲ့ရတာကြောင့် အရပ်သားထိခိုက်သေဆုံး မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA ရဲ့ စက်တင်ဘာလ ၆ ရက် မနေ့က ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ ခလရ-၂၃ တပ်စခန်းအနီး တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို Y-12 လေယာဉ်နဲ့ ရိက္ခာတွေ ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ သီပေါမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ နှစ်လကျော်ခဲ့ပြီဖြစ်ပြီး ဒေသခံတွေဟာ မြို့နဲ့ မိုင်လေးဆယ်ကျော်ဝေးတဲ့ ကျောက်မဲမြို့နယ်အတွင်းက ဖုန်းလိုင်းရတဲ့နေရာတွေကနေ မိသားစုတွေကို သွားရောက်ဆက်သွယ် နေကြရတာပါ။ သီပေါတိုက်ပွဲ သုံးလကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ် ခတ်ခံရမှုကြောင့် အရပ်သား ၃၂ ဦး သေဆုံးပြီး တစ်ရာနီးပါး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် မြို့ခံ တစ်သောင်း ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ Read in Full

၉။ ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ် ၇၀၀ နီးပါး ပညာသင်ကြားနိုင်ရေး အကူအညီလိုအပ်နေ
 October 7, 2024
လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အခမဲ့ပညာသင်ကြားပေးနေသော ပုဏ္ဏားကျွန်းဒေသက စစ်ရှောင်ကလေးငယ် ၇၀၀ နီး ပါးမှာ ဖတ်စာအုပ်များ၊ စာရေးကိရိယာများ အကူအညီလိုအပ်နေကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြော သည်။ လက်ရှိ အခမဲ့စာသင်ကြားရေးအစီစဉ်တွင် ကျောင်းသားဦးရေ ၇၀၀ နီးပါးကို စာသင်ဆောင် ၃ ခုခွဲကာ ပညာ သင်ကြားပေးလျှက်ရှိနေပြီး ကျောင်းနေအရွယ်များမှာ KG တန်းမှ Grade 9 အထိ ရှိကြောင်းနှင့် ကလေးငယ်များမှာ အကူအညီများစွာ လိုအပ်နေကြောင်း ဆိုသည်။ လင်းရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာမတစ်ဦးက “စာသင်ဆောင် အရမ်းနည်းတယ်လေ။ ခွဲပြီးတော့ စာသင်နေရပါတယ်။ ပြီးတော့ ကလေးတွေမှာ စားရေးကိရိယာ မလုံ လောက်တာ၊ ဖတ်စာအုပ်တွေ မလုံလောက်တာ၊ ရေးဖို့ ပလာစာအုပ် မလုံလောက်တာ အများကြီးပါ။ ဖတ်စာအုပ်မလုံလောက်တော့ ကလေးတွေရော၊ သင်ကြားရတဲ့ ဆရာ၊ ဆရာမအတွက်ပါ အခက် အခဲဖြစ်စေတယ်။ မိုးရွာရင် ကလေးတွေ အရမ်းဒုက္ခရောက်ကြတယ်။ ကျောင်းလာဖို့ ထီးမရှိဘူး၊ ဖိနပ်တောင် မပါကြဘူး။ လွယ်အိတ်လည်း မရှိကြဘူး။ ဒီအခက်ခဲတွေကြားက ကလေးတွေ ပညာရေး မဆုံးရှုံးစေဖို့ တတ်နိုင်သလောက် ဖောင်ဒေးရှင်း ဘက်က ထောက်ပံ့ပေးပြီး စာသင်ကြားပေးနေပါတယ်။ ” ဟု ပြောသည်။  လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက “အစီစဉ်လုပ်နေတာ ၁ လကျော်လောက်ရှိပါပြီ။ အဓိက ရည်ရွယ်တာက ကလေးတွေ ပညာရေးလမ်းစ ပြတ်တောင်မသွားဖို့ပါ။ ဒီအခြေနေမှာ ကိုယ့်ဒေသအလိုက် ဆရာဆရာမတွေနဲ့ ပညာသင်နေကြတယ်။ ဒါပေမယ့် ဒီစစ်ဘေးရှောင်ကလေးတွေကတော့ ကျောင်းလခလေး ၅,၀၀၀၊ ၁၀,၀၀၀ ကိုတောင် မပေးနိုင်ကြတဲ့အခြေနေမို့ အခုလိုအခမဲ့ပညာရေးအစီစဉ်ကို အကောင်ထည်ဖော် လာခဲ့ရတာပါ” ဟု ပြောသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ အခမဲ့ပညာရေးအစီအစဉ်အပေါ် ဝမ်းသာပိတိဖြစ်ရကြောင်းနှင့် နောက်ထပ်လည်း ပုဏ္ဏားကျွန်းမှာလို အခြားသော မြို့နယ်များတွင် အခမဲ့ပညာရေးအစီအစဉ်များ ပေါ်ပေါက်စေချင်သည်ဟု ပုဏ္ဏားကျွန်းဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “အခုက စစ်ဘေးရှောင်မှ မဟုတ်ပါဘူး။ တော်တော်ကို ခက်ခဲနေကြတဲ့ မိသားစုဝင်တွေ အများကြီးပဲ။ ထမင်းနပ်မှန်ရေးတောင် မလွယ်တော့တဲ့ အခြေနေဆို ကလေးပညာရေးကို ဘယ်အလေးထားနိုင်ပါတော့မလဲ။ ဒီပုဏ္ဏားကျွန်းမှ မဟုတ်ဘူး။ တခြားမြို့နယ်တွေမှာလည်း ဒီလိုခက်ခဲနေကြသူတွေ အများကြီးရှိနေတာ ကြားရတယ်။ ဒါကြောင့် အခုလို အခမဲ့ပညာရေးတွေကို ဖြစ်နိုင်တဲ့နေရာအနှံ့မှာ စီစဉ်ပေးနိုင်ရင်တော့ ပိုပြီးကောင်းတာပေါ့”ဟု ပြောသည်။ စစ်ကောင်စီ နှင့် AA တို့ တကျော့ပြန်တိုက်ပွဲစခဲ့သည့် ၂၀၂၃ နိုဝင်ဘာလကတည်းက ရခိုင်ပြည်အတွင်း တက္ကသိုလ်ကျောင်းသားများအပါ အဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကလေးငယ်များမှာ ပညာကောင်းကောင်းမွန်မွန် သင်ကြားနိုင်ခြင်းမရှိကြပေ။ ကျောင်းဖွင့်ရာသီ ဇွန်လတွင် စစ်ကောင်စီက စာသင်ကျောင်းများအား ဖွင့်လှစ်ပေးခဲ့သော်လည်း လက်နက်ကြီးအန္တရာယ်၊ လေ ကြောင်း အန္တရာယ်များကြောင့် မိဖများမှာ ကလေးငယ်များအား ကျောင်းမပို့ကြကြောင်းနှင့် AA သိမ်းပိုက်ထားသော မြို့များတွင် လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်၍ ကျောင်းများအား ပိတ်ပင်ထားခဲ့သည်။  

၁၀။ ပုလောက ကျေးရွာတစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ဒေသခံတွေကိုဖမ်းဆီး၊ ပစ္စည်းတွေလည်းခိုးယူသွား
 October 7, 2024
ပုလောမြို့နယ်၊ တောင်ယာကမ်းရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ပြီးနောက် အရပ်သားတွေကိုဖမ်းဆီး တာရှိခဲ့သလို ဒေသခံတွေပိုင်ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလ ၄ ရက်နေ့က မနက် ပိုင်းက ရွာထဲကို စစ်ကောင်စီစစ်ကြောင်းဝင်လာတာပြီး အိမ်တွေကို မွှေနှောက်ဖျက်ဆီးပြီး ဆိုင်ကယ် ၂၅ စီး၊ ရွှေနဲ့ ငွေတွေကို အဓိက ခိုးယူပြီး တွေ့သမျှလူတိုင်းကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကြောင်းရုတ်တရက်ဝင် လာတာ ကြောင့် ပြေးချိန်မရလိုက်တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလးငယ် ၂၀ ခန့် အဖမ်းခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။“ဆိုင်ကယ်နှစ်စီးရှိတဲ့အိမ်တွေဆို နှစ်စီးလုံးပါသွားတယ်။ အိမ်တွေကိုရိုက်ဖျက်ပြီး ဝင်ယူသွားတာလည်းရှိတယ်။ အဖမ်းခံရတဲ့ အထဲမှာ လူကြီးပိုင်းတွေလည်းပါတယ်။ ဒီကောင်တွေက ဘာမှမရှောင်တော့ဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ အခုလ ၆ ရက်နေ့က ခိုးထားတဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ကားနဲ့သယ်ပြီး ပုလောမြို့အခြေစိုက် ခလရ(၂၈၅)ကို ပြန်ထွက်သွားပြီလို့သိရပါတယ်။ ပြန်ထွက်သွားတဲ့ စစ်ကြောင်းမှာဖမ်းဆီးခံရတဲ့အရပ်သား တွေပါ၊ မပါဆိုတာနဲ့ သူတို့လွတ်၊ မလွတ်ကိုတော့ ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။  အခုလ ၁ ရက်နေ့က တမိုင်ရွာမှာ စစ်ကောင် စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြား တစ်နေ့လုံးနီးပါးတိုက်ပွဲဖြစ်ပြီးနောက် တောင်ယာကမ်းရွာကို စစ်ကြောင်းဝင်ပြီး မွှေနှောက်ဖျက်ဆီးခဲ့တာလို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။  လက်ရှိမှာတော့ ပုလောမြို့နယ်၊ နန်းတောင်ရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် အရပ်သားတချို့နေရပ်စွန့်ခွာနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

၁၁။ မောင်တောမှာ ARSA ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုရှိကြောင်း AA ပြော
 October 7, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုမြို့ကနေ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ပြီး ပြန်လာတဲ့ အရပ်သား ကားတစ်စီးကို အောက်တိုဘာ ၆ ရက်နေ့မှာ ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုး သမီး တစ်ဦးသေဆုံးပြီး နောက်ထပ် လေးဦးဒဏ်ရာရ သွားတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။ သေဆုံးသူက မောင်တောမြို့ အောင်မင်္ဂလာရွာက အသက် ၃၈ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးဖြစ်ပြီး ဒဏ်ရာရသူ လေးဦးထဲမှာတော့ နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ တောင်ပြိုနဲ့ မီးတိုက်ရွာကားလမ်းမပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး လက်ရှိမှာ တော့ AA နဲ့ ARSA အဖွဲ့တို့ မောင်တောမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

“မောင်တောမှာ ARSA နဲ့ AA တို့ တိုက်ပွဲဖြစ်နေတယ်။ ARSA အဖွဲ့က အတော်လေး အကျဆုံးများတယ်လို့ သိရတယ်။ အဓိကတော့ မနေ့က အရပ်သားကားတစ်စီးကို အာဆာအဖွဲ့က ပစ်လို့ သေဆုံး၊ ဒဏ်ရာရသွားကြတယ်လေ။ အဲဒါကို AA သိတော့ ချက်ချင်းအဲဒီနေရာကို စစ်ကြောင်းထိုးပြီး သွားတိုက်တာ”ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ARSA အဖွဲ့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မှာ အရပ်သားကား တစ်စီးကို ARSA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

 
၁၂။ ထားဝယ်-ရန်ကုန် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ
 October 7, 2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီး သံဖြူဇရပ်-ရေး-ထားဝယ် ကားလမ်းတွင် ယနေ့ အောက်တို ဘာလ ၇ ရက်နေ့က ခရီးတင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်ဘက်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရွှေစင်စင်္ကြာ ခရီးတင်မှန်လုံယာဉ်သည် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က အေးကမ္ဘာကျေးရွာအနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ခရီးသည်တင်မှန်လုံကား ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီးက အသက် ၃၀ နှစ်အရွယ် မနွယ်ရီလင်း၏ ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။“ပစ်ခံရတဲ့ကားက ထားဝယ်ကနေ တက်လာ တဲ့ကားပါ။ အေးကမ္ဘာရွာအနားမှာ ဖြစ်သွားတာပါ။ လူကတော့ တစ်ဦး ထိသွားတယ်လို့ သိရတယ်။ အဲဒီနေရာတဝိုက်က ပစ်ခတ် မှုတွေ ခဏခဏဖြစ်တယ်လေ။ စစ်သားတွေလည်း ရှိနေတယ်။ ပြီးတော့ PDF ဘက်ကလည်း စစ်ဆေးနေတာရှိနေတော့ ပစ်ခတ် မှုက ခဏခဏဖြစ်နေတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို လူမှုကူညီရေးအသင်း၏ အကူအညီဖြင့် သံဖြူဇရပ်မြို့နယ်ဆေးရုံသို့ ပို့ ဆောင်ကာ ဆေးကုသနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါ ခရီးသည်တင်ယာဉ်ကို မည်သူတို့က မည်သည့်အကြောင်း အရင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။ ဒေသခံတို့အဆိုအရ အဆိုပါလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များရှိနေသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့လည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။ ရေး- သံဖြူဇရပ်ကားလမ်း တစ်လျှောက်တွင် ခရီးသည်တင်ကား၊ အိမ်စီးကား၊ ကုန်တင်ကားနှင့် ဆိုင်ကယ် ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး လူထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ Read in Full

၁၃။ သီပေါမှာ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ ကလေးအပါ ၈ ဦး ဒဏ်ရာရ
 October 7, 2024
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ ဗုံး ၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်တာ ကြောင့်ပြည်သူတစ်ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ ၅ ရက်၊ ည ၈ နာရီ ခွဲအချိန်မှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ၁၀ လသားအရွယ်ကလေး ငယ် ပါဝင်တယ်လို့ သိရပါတယ်။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုဟာ ပြည်သူတွေကိုဦးတည် တိုက်ခိုက်တာဖြစ်ပြီး ဇာတ်စု ရပ်ကွက် ရဲစခန်းအနီးမှာ ဗုံး ၂ လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်မှာ တစ်လုံးကျရောက်ပြီး တောင်မြို့ရပ်ကွက် လယ်ကွက်အနီး ကတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ စံပြမုန့်ဆိုင်မှာ ညအိပ်စောင့်တဲ့ အသက် ၅၁ နှစ်အရွယ် ကိုနိုင်သိန်းဆိုသူဖြစ်ပြီး သီပေါရဲစခန်းမှာ အကျဉ်းကျနေတဲ့ ကိုရဲနဲ့ ကိုဖိုးချိုတို့  ၂ ဦးလည်း ဒူး၊ လည်ပင်းနဲ့လက်တို့မှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် နမ့်လန်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီး ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်တာကြောင့် လွယ်ကျိုင်းကျေး ရွာနဲ့ အေးရှာဝေါတိုးဂိတ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် လွယ်ကျိုင်းကျေး ရွာက မနန်းဆိုင်နွန်း အပါအဝင် သူရဲ့  ၁၀ လသားအရွယ်တစ်ဦးနဲ့ ၄နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျေးရွာသားတွေ ဖြစ်တဲ့ ဦးတင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးစိုးမြင့်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။ သီပေါမြို့မှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးကျော်နဲ့ အိမ်စီးကား၊ ဆိုင်ကယ်တွေ မီးလောင်ပျက်ဆီသွားခဲ့ပြီး သီပေါမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်တို့ တိုက်ပွဲဆက် လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။ Read in Full

၁၄။ ရမ်းဗြဲမှာ စစ်ရှောင်ဒုက္ခသည် ၃ သောင်းကျော် အကူအညီလိုအပ်နေ
 October 7, 2024
ရခိုင်ပြည် ရမ်းဗြဲမြို့နယ်မှာ ဒေသခံများအပါအဝင် အခြားမြို့နယ်များက စစ်ရှောင်ဒုက္ခသည် ၃ သောင်းကျော်ရှိပြီး ၎င်း တို့အားလုံးမှာ နေထိုင်စားသောက်ရေး အကူအညီလိုအပ်နေကြောင်း သိရသည်။ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်စသည့် ဒေသများက ပြည်သူလူထုများမှာ ရမ်းဗြဲမြို့နယ်သို့ စစ်ရှောင်လာကြပြီး အကူအညီလိုအပ်နေခြင်းဖြစ်သည်။ AA အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ရမ်းဗြဲမြို့နယ်က စစ်ရှောင်မြို့လိုဖြစ်နေပြီ။ တောင်ကုတ်ကလည်း လာတယ်။ ကျောက်ဖြူကလည်း လာတယ်။ မာန်အောင်လည်းရှိတယ်။ ရမ်းဗြဲက အနီးဆုံးဆိုတော့လေ။ ကျောက်ဖြူကဆို တိုက်ပွဲတွေရှိနေတဲ့ စနဲ၊ ဇင်ချောင်း တခုလုံး ရမ်းဗြဲမှာ စစ်ရှောင်နေကြတယ်။ လူဦးရေ ၃ သောင်းကျော်လောက် ရှိမယ်ထင်တယ်။ ” ဟု ပြောသည်။ လတ်တလော တွင် အဆိုပါ စစ်ရှောင်များကို အမည်မဖော်လိုသည့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက စားနပ်ရိက္ခာထောက်ပံ့ပေးထားသော် လည်း စစ်ရှောင်အားလုံးကို မထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။ ပစ္စည်းဖြန့်ဝေရာတွင် ပါဝင်သူတစ်ဦးက “ဒုက္ခ သည် ၃ သောင်းကျော်လောက်မှာ ၁ သောင်းလောက်ပဲ စားနပ်ရိက္ခထောက်ပံ့နိုင်တယ်။ ဒါတောင် နိုင်ငံ တကာအဖွဲ့အစည်းတစ်ခုကို ရအောင် မနည်းကြိုးစားထားရတာ၊ ချဉ်းကပ်ထားရတာ။ ဒုက္ခသည်တွေမှာ အများကြီး လိုအပ်တာ ပေါ့။ နေဖို့၊ စားဖို့ ကျန်းမာရေးကအစ အကူအညီက အများလိုအပ်တာပေါ့။ ” ဟု ပြောသည်။

ရမ်းဗြဲဒေသသည် လက်ရှိတွင် အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်ဖြစ်ပြီး စစ်ရှောင်ပြည်သူ များကို ULA/AA အစိုးရအဖွဲ့ကထောက်ပံ့မှုများ ရှိသော်လည်း လုံလောက်သော ထောက်ပံ့မှုများကို မပေးနိုင်ကြောင်း သိရသည်။  ရမ်းဗြဲမြို့နယ်တွင် ရှိနေသည့် စစ်ရှောင်ပြည်သူများအပါအဝင် အခြားမြို့များရှိ စစ်ရှောင်ဒုက္ခသည်များမှာ ဒေသခံအရပ်ဘက် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့်နေထိုင်စားသောက်နေရပြီး နိုင်ငံတကာအဖွဲ့အစည်းများ ၏ အကူအညီများရရှိမှု အလွန် နည်းပါးကြောင်း ကူညီပေးနေသူများထံမှ သိရသည်။ သံတွဲမြို့နယ်တွင်လည်း စစ်ရှောင်ပြည်သူ ၂ သောင်းကျော်အထိရှိပြီး ၎င်းတို့မှာလည်း စားနပ်ရိက္ခာ အရေးတကြီး အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များအားကူညီနေသည့် အဖွဲ့အစည်းများက ပြောဆိုကြသည်။ Read in Full

 ၁၅။ လောင်းလုံးတွင် သန်းခေါင်စာရင်း ကောက်သူများကို ဖမ်းဆီးထားဟု ပကဖ ပြော
 October 7, 2024
သန်းခေါင်စာရင်းကောက်အဖွဲ့တွင် ပါဝင်နေ၍ဟုဆိုကာ Non CDM ဆရာမများကို ဖမ်းဆီးထားကြောင်း လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ဒေသခံတို့ထံမှ သိရသည်။ အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းဆီးထားခြင်းဖြစ်ပြီး ဖမ်းဆီးထားသူများအထဲအတွင် ‌Non CDM ကျောင်းဆရာမအများစု ပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကျေးစာရေး တစ်ဦးလည်းပါဝင်ကြောင်း ဒေသခံတို့က ပြောသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့  ပြန်ကြားရေးတာဝန်ခံကမူ လတ်တလောဖမ်းဆီးထားသည့် Non CDM ဝန်ထမ်း ၉ ဦးရှိကြောင်း အတည်ပြုပြောကြားသည်။“အဓိကကတော့ Non CDM မို့လို့ဖမ်းတာမဟုတ်ဘူး။ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး သူတို့တွေက ထားဝယ်မှာ သန်းခေါင်စာရင်းကောက်ပေးနေတာ။ တစ်ချို့ကနေ့ချင်းပြန်သွားတယ်။ တစ်ချို့က အဝတ်ထုပ်တွေနဲ့ ထားဝယ်မြို့ဘက်ကို သွားနေပြီးတော့ ကောက်ပေးတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဖမ်း ထားသူများထံမှ သန်းခေါင်စာရင်းကောက်ရာတွင် အသုံးပြုရန် စစ်ကောင်စီက ထုတ်ပေးထားသည့် တက်ဘလက်( Tablet) များကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီကလည်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားသူများသည် သန်းခေါင်စာရင်း ကောက်အဖွဲ့ဝင်များဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် လောင်းလုံးမြို့နယ် အောက်ရေဖြူ ကျေးရွာအုပ်စုတွင် နေထိုင်သည့် သန်းခေါင်စာရင်းကောက် စာရင်းစစ်၊ စာရင်းကောက်များဖြစ်သော ဆရာမဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်ဖြူဖြူထွေး၊ ဒေါ်မြထွေး၊ ထွေအုပ်စာရေး ဒေါ်သီတာ စုစုပေါင်း ခုနစ်ဦး ဖမ်း ဆီးခံထားရကြောင်းပါရှိသည်။ လောင်းလုံးမြို့နယ်ပြန်ကြားရေးတာဝန်ခံကမူ ဖမ်းဆီးထားသူ များအား စစ်ဆေးမေးမြန်းပြီးပါက ခံဝန်လက်မှတ်ထိုးကာ ပြန်လွှတ်ပေးမည်ဟုဆိုသည်။“အမြန်ဆုံး မေးစရာရှိတာမေးပြီးရင်တော့ နောက်ထပ်ပါဝင် ပတ်သတ်မှု မလုပ်ဘဲနေအောင် ခံဝန်ပုံစံမျိုးထိုးခိုင်းပြီး ပြန်လွှတ်မယ်”ဟု ပြန်ကြား ရေးတာဝန်ခံကဆိုသည်။ လောင်းလုံးမြို့နယ်ပြည်သူ့ကာ ကွယ်‌ရေးတပ်ဖွဲ့အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်အ ချို့က စစ်ကောင်စီကလုပ်မည့် ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက် ပြီးရွေးကောက်ပွဲဖြစ်မြောက်စေရန် သန်းခေါင်စာ ရင်းကောက်ယူရာတွင် ပါဝင်ပတ်သက်သူများကိုအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။ Read in Full

၁၆။  မုန်းမြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ၍  အမျိုးသမီးတစ်ဦး သေဆုံး
 October 7, 2024
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်မုန်းမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးသီးချတိုက် ခိုက် ၍ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက (အောက်တိုဘာ ၇ ရက်)တွင် သတင်းထုတ်ပြန်သည်။ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်) စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးမှု အခြေအနေများကို ပုံမှန်သတင်းထုတ်ပြန်လေ့ ရှိရာ ကျောက်ကြီး၊ ရွှေကျင်နှင့် မုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် အရပ်သားထိခိုက်သေဆုံး ဖမ်းဆီးခံရ မှုများကို အသိပေးထားသည်။ မုန်းမြို့နယ်တွင် အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်းက စစ်ကောင်စီ၏ ခမရ(၃၀၇) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ လှေဒုံးရွာ ဘုန်းကြီးကျောင်းရှေ့နှင့် ဘောလုံးကွင်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ ကြောင်း၊ တချိန်တည်းမှာပင် ၎င်းတပ်ရင်းမှ တောကျွဲအင်းမြို့အရှေ့ဘက် ရွာသစ်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံး (၃)လုံးကြဲချ ခဲ့ရာ (၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ရွှေကျင်မြို့နယ်(ဆောထိမြို့နယ်)တွင်လည်း အောက်တိုဘာ ၃ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် စစ်ကောင်စီ၏ ခလရ−၅၇၊ ခမရ−၃၅၀၊ ခမရ−၃၄၉ ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။  အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီက အင်ဂနီ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ (၂၃)နှစ်ရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင်လည်း စက်တင် ဘာ ၃၀ ရက်က ကျောက်တံခါးမြို့ ပေါ်သို့ ဈေးသွားဝယ်သော သမင်အင်ကုန်းရွာသား နှစ်ဦးကို ကျောက်တံခါးရဲတပ် ဖွဲ့၏ အမာခံသတင်းပေး စောစိုးနိုင်ဝင်းမှ ကျောက်တံခါးရဲစခန်းသို့ ခေါင်ဆောင်သွားပြီး ဖမ်းဆီးချုပ်နှောင်ကာ စစ် ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ တစ်ဦးကို ပြန် လွှတ်ပေးပြီး အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉ သိန်း တောင်းယူပြီးနောက် ကျန်တစ်ဦးကိုပါ ပြန်လွှတ်ပေးခဲ့ကြောင်း KNU က ထုတ်ပြန်သည်။ Read in Full

၁၇။ လဲချား – ကျေးသီးလမ်းမှာ SSPP က ဒေသခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ
 October 8, 2024
ရှမ်းတောင် လဲချား – ကျေးသီးလမ်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က ဒေသခံတွေကို အလှည့်ကျ ကင်းစောင့် ခိုင်းတာတွေ လုပ်နေတယ်လို့ ကိုယ်တိုင်မြင်ခဲ့ရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။ လဲချားမြို့နယ်ထဲက တအာင်းကျေးရွာနဲ့ ရှမ်းကျေးရွာက အမျိုးသားတွေကို လဲချား-ကျေးသီးလမ်းပိုင်းမှာ ကင်းစောင့်ခိုင်းပြီး SSPP တပ်ဖွဲ့ဝင်တွေက အခွန်ကောက်ခံနေ တယ်လို့ ဆိုပါတယ်။“SSPP က လဲချားမှာရှိတဲ့ ပလောင်ရွာ၊ ရှမ်းရွာတွေကို တဲထိုးပြီး လမ်းဘေးမှာ ကင်းစောင့်ခိုင်းနေတယ်။ ရွာသားတွေက အလုပ်ပျက်ခံပြီးတော့ သူတို့အတွက် ကင်းစောင့်ပေးနေရတယ်။ သူတို့တွေကြတော့ ဝါးတာဂိတ်လုပ်ပြီးတော့ စစ်ဆေးတာတို့ ပိုက်ဆံတောင်းတာတို့ လုပ်တာ” လို့ ကိုယ်တိုင်မြင်ခဲ့ရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

SSPP ကကျေးရွာခံတွေကို တဲထိုးကင်းစောင့်ခိုင်းတာဖြစ်ပြီး လဲချား-ကျေးသီးလမ်းပိုင်းမှာ အနည်းဆုံး တဲ ၂၀ ကျော် တွေကို တွေ့ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ လဲချား – ကျေးသီးလမ်းပိုင်းမှာ SSPP တပ်အပြင် စစ်ကောင်စီတွေလည်း တပ်စွဲထားပြီး သွားလာတဲ့ ခရီးသည်တွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ Read in Full

၁၈။ ဖမ်းဆီးခံ တောင်ကုတ်ဒေသခံများ မိသားစုနှင့် အဆက်အသွယ် မရ
 October 7, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံရသည့် ဒေသခံ ၁၀ ကျော်အား လက်ရှိ အချိန်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ တောင်ကုတ်မြို့နယ်၊ သဒွန်ကျေးရွာ မှ ဦးဝင်းမောင် (၃၆) နှစ်မှာ မြို့ပေါ်မှ စက်ပစ္စည်းများဝယ်၍ ပြန်လာစဉ် အောက်တိုဘာ ၃ ရက်၊ နံနက် ၁၀ ကျော်အချိန် တောင်ကုတ်တက္ကသိုလ် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရသည်။“သူ့ကို တောင်ကုတ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်။ ဒါပေမဲ့ အခုအချိန်ထိ အဆက်အသွယ်မရသေးဘူး” ဟု ဦးဝင်းမောင်၏ မိသားစုဝင် များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်ကလည်း တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ ဒေါက်တာ ကျော်သူရထွန်းကို နေအိမ်၌ဖမ်းဆီးပြီး ခမရ (၅၄၄) တပ်ရင်းသို့ ခေါ်သွားပြီးနောက် ယခုအချိန်ထိ အဆက်သွယ်မရ သေးကြောင်း သိရသည်။ အလားတူ ဩဂုတ် ၂၀၊ ၂၇ ရက်များကလည်း တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏ ကြိုးကြာကွင်း စစ်ဆေး ရေးဂိတ်တွင် ဒေသခံ ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်ထိ သတင်းအစအန မရသေးပေ။

“တောင်ကုတ်မြို့မှာ စစ်ကောင်စီက ခံစစ်ပြင်ဆင်ပြီးကတည်းက ဖမ်းဆီးခံရတဲ့ဒေသခံတွေ တစ်ယောက်မှ ပြန်မလွတ်သေးဘူး။ အဆက်အသွယ်လည်း မရကြဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။  တောင်ကုတ်မြို့တွင် စစ်ကောင်စီသည် ဇွန်လ နောက်ဆုံးပတ်မှစ၍ စစ်ဆေးရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်ကာ ဒေသခံများကို တင်းကြပ်စွာ စစ်ဆေးပြီး ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်းတောင်ကုတ်မြို့ရှိတက္ကသိုလ်၊ကြိုးကြာကွင်း၊ ဖုံညိုလိပ်၊ရေကြောင်းဆိပ်ကမ်း စသည့် မြို့ဝင် စစ်ဆေးရေးဂိတ်များတွင် ဒေသခံများအား ဖမ်းဆီးစစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာနေသည်ဟု ဒေသခံများ က ပြောဆိုကြသည်။“အခုနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေက တော်တော်လေးဆိုးလာတယ်။ ဒေသခံတွေကို ဖမ်းဆီးငွေညှစ် တာတွေ၊ သူတို့က စစ်ဆေးလို့ သဘောမတွေ့တဲ့သူတွေဆိုရင် အဝတ်တွေကအစ ချွတ်ခိုင်းပြီး စစ်ဆေးတယ်” ဟု တောင်ကုတ် ဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ Read in Full

၁၉။ ဒေါပိုရှေးရွာ စစ်ရှောင်နေရာမှာ ကလေးထက်ဝက်ကျော် ငှက်ဖျားရောဂါဖြစ်ပွား၊ ဆေးဝါးအကူအညီလိုအပ်
 October 8, 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ခြမ်း၊ ခိုးလျေဆိုစစ်ရှောင်စခန်းရှိ ဒေါပိုရှေးကျေးရွာခံတွေရှိနေတဲ့နေရာမှာ ကျောင်းနေ အရွယ်ကလေးတွေ ငှက်ဖျားရောဂါအဖြစ်များနေပြီး လူဦးရေရဲ့ ထက်ဝက်ခန့်ရှိတယ်လို့ ကျန်းမာရေးစောင့်ရှောက် မှုပေးနေတဲ့ ဆရာ တစ်ဦးက ပြောပါတယ်။“ဆေးဝါးလုံလောက်တာမရှိဘူးလေး အဲဒီ ငှက်ဖျားနဲ့ပေါ့။ လောလောဆယ်က သူများဆေးခန်း ကနေ တောင်းတာတော့ ရှိသလောက်ပေးထားတယ် သူတို့လည်း လောက်လား၊ မလောက်လားတော့ မသိဘူး။ ” လို့ သူက ပြော ပါတယ်။ ကျောင်းနေအရွယ် ကျောင်းသူ၊ ကျောင်းသား ၃၀ ကျော်ရှိပြီး အသက် ၁၄ နှစ်အောက် ကျောင်းနေအရွယ်ကလေးတွေ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ သိရပါတယ်။ နှစ်လအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၀ ဦးဝန်းကျင်ရှိတယ်လို့ ဆိုပါ တယ်။ အခုလို ငှက်ဖျားရောဂါ ဖြစ်ပွားမှုများတာကြောင့် စစ်ရှောင်စခန်းအတွင်းနဲ့ အနီးအနားက ကျေးရွာတွေကို ကူးစက်သွားမှာ လည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းနေရာမှာ ငှက်ဖျားရောဂါအပြင် သွေးလွန်တုပ်ကွေး၊ သွေးတိုးစတဲ့ ရောဂါဖြစ်ပွားသူလည်း ရှိနေ ပါတယ်။ ငှက်ဖျားဖြစ်နေတဲ့ ကလေးနဲ့ လူကြီးတချို့မှာ အော့အန်တဲ့အထိ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “ငှက်ဖျားဖြစ်ပြီး အန်ကြတယ်လေး အခြေအနေဘယ်လောက်ထိဆိုးလဲဆို ကလေးတစ်ယောက် လူကြီးတစ်ယောက် သတိကောင်းကောင်း မလည်တဲ့ အနေအထားထိ ဖြစ်တာပေါ့။” လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာ တစ်ဦးက ဆက်ပြောပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ ဆေးပေးခန်းမရှိပါဘူး။ အသက် သေဆုံးတဲ့အထိ ငှက်ဖျားရော ဂါ ဖြစ်ပွားသူ မရှိသေးပေမယ့် စိုးရိမ်ရတဲ့ အခြေ အနေရှိသလို ဆေးရုံကို ပို့ဆောင်ဆေးကုသပေးဖို့ လမ်းခရီးကုန်ကျ စရိတ်တွေ အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။ လက်ရှိ ငှက်ဖျားအဖြစ်များနေစဉ်မှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ ဆေးဝါးရရှိဖို့ခက်ခဲသလို ဈေးနှုန်းကြီးမြင့်မှုကြောင့် မဝယ်ယူ နိုင်သူတွေလည်း ရှိနေတာပါ။ ဖရူဆိုမြို့နယ်အရှေ့ခြမ်း၊ ခိုးလျေဆိုစစ်ရှောင်စခန်းရှိ ဒေါပိုရှေးကျေးရွာခံတွေရှိနေတဲ့နေရာမှာ အိမ်ခြေ ၂၅ အိမ် နဲ့ လူဦးရေ (၁၃၃) ဦး ရှိပါတယ်။ Read in Full

၂၀။  ဖာပွန်မှာကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံး ပိတ်ဆို့ခံထားရ
 October 8, 2024
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA ဦးဆောင်တဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်ဟာ လေကြောင်းကိုသာ အားထားနေရတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူး ကြီးစောကလယ်ဒိုက ပြောပါတယ်။ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာ၊ တပ်ရင်းဌာနချုပ်နဲ့ ခေါပုတ်၊ ဖားဝေါ်လိုး၊ ထီးမူခီး၊ စောမူပလောစတဲ့ တပ်စခန်းတွေရဲ့ အဝင်အထွက်လမ်း ကြောင်းတွေအားလုံး ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပိတ်ဆို့ ဖြတ်တောက် ထားတာပါ။ KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ရဲ့ ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုတွေကြောင့် ဖာပွန်ခရိုင်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေရဲ့ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကို စစ်ကောင်စီတပ်က မြေပြင်ကနေမပေးပို့နိုင်တော့ဘဲ လေကြောင်း ကနေတစ်ဆင့်သာ လာရောက်ပေးပို့နိုင်တော့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်အတွင်းက ကမမောင်း၊ ကတိုင်တိဒေသကနေတစ်ဆင့် တောင်သုံးလုံး တပ်စခန်းဘက်ကို မြေပြင်စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ် BGF ပူးပေါင်းတပ်ဖွဲ့ကို KNLA တပ်မဟာ ၅ က တိုက်ခိုက် မှုပြု လုပ်ခဲ့ရာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရတာပါ။

ကတိုင်တိဒေသတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့လို့ ဒေသခံတွေဟာ ကမမောင်းမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာနေခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဖာပွန်မြောက်ပိုင်း KNLA တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေ အစပ်ကြားက လယ်ဝါးထာဒေသမှာ တပ်ချိန်းပြန် ပြောင်းရွှေ့မယ့် စစ်ကောင်စီတပ်စစ် ကြောင်းကို KNLA တပ်မဟာ ၅ က ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ် စစ်ကြောင်း တစ်ကြောင်းလုံး ချေမှုန်းနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ဖားဝေါ်လိုးတပ် စခန်း ကနေ ဘော်စဲခိုဘက်ကို တပ်ချိန်းပြန်ပြောင်းမယ့် စစ် ကြောင်းဖြစ်ပြီး တပ်ရင်းမှူး၊ တပ်ခွဲမှူးအဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၃၀ ဦး သေဆုံးသွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်နဲ့ စစ်သုံးပစ္စည်းတွေအချို့ကို သိမ်းဆည်းရရှိနိုင်ခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။ Read in Full

၂၁။ ပလက်ဝမြို့နယ်က နေရပ်စွန့်ခွါ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အကူအညီ လိုအပ်နေ
 October 8, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်တွင် နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြသော ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေး ထည်များ အကူ အညီလိုအပ်နေကြသည်ဟု သိရသည်။ စစ်ရေးအခြေအနေကြောင့် ယခုလက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်သူ တစ်သောင်းခွဲကျော်နှင့် အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်သူ လေးထောင် ကျော် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းဝန်းကျင်ခန့်ရှိပြီး ဆေးဝါး၊ စားနပ်ရိက္ခာအကူအညီများလိုအပ် နေကြသည်ဟု Paletwa IDPs and Humanitarian Supporting အဖွဲ့မှ တာဝန်ခံ ဆလိုင်းစိုးသန်းကပြောသည်။“ကျွန်တော်တို့ ပလက်ဝမြို့ နယ်အတွင်းရဲ့ IDPs ရှိမယ်၊ နောက် မီဇိုရမ်ဘက်က Refugee ရှိတာပေါ့။ ပလက်ဝကောင်စီ ထိန်းချုပ်ဧရိယာအတွင်းဆိုရင်တော့ ပြည်သူ့ကျန်းမာ‌အဖွဲ့ရှိပါတယ်။ ဆေးဝါးလုံလောက်မှုမရှိဘူး။ ပြီးတော့ စားနှပ်ရိက္ခာ ပေါ့ အဓိက ဆန် လိုအပ်တာပေါ့နော်။ မီဇိုရမ်ဘက် စစ်ဘေးရှောင်တွေဆိုရင် ကျွန်တော်အခု အဲဒီကနေ ပြန်လာတာ၊ လိုအပ်ချက်ကတော့ စားဝတ်နေရေးအဆင်မပြေဘူး။ နောက်ပြီးတော့ ဆေးဝါးအခက်အခဲကလည်းကြုံနေတယ်။ ဒီဘက်မှာဆိုရင် ကျန်းမာရေးက ကိုယ်ထူကိုယ်ထလုပ်နေ ရတဲ့အချိန်မှာ အလုပ်အကိုင်လဲမရှိ၊ ဝင်ငွေလဲမရှိတဲ့အခါကျတော့ တော်တော်လေး စိန်ခေါ်မှုဖြစ်နေရတဲ့ အနေအထားပေါ့နော်၊ ပြည်တွင်းရော ပြည်ပရော လိုအပ်ချက်ကအတူတူဖြစ်ပါတယ်။”ဟု ဆလိုင်းစိုးသန်းက ပြောသည်။

ထို့အပြင် ဆောင်းတွင်းကာလ ရောက်လာတော့မည်ဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ၊ ကလေးငယ်များ အတွက် အနွေးထည်အင်္ကျီ၊‌ ဘောင်းဘီ၊ စောင်၊ ခြင်ထောင် လိုအပ်ချက်များလည်းရှိနေပြီး ထောက်ပံ့ကူညီလှူဒါန်းပေးကြရန် ၎င်းကဆက်ပြောသည်။  စစ်ဘေးရှောင်ပြည်သူအများစုမှာ ပလက်ဝမြို့နယ်အတွင်း ကျေးရွားများနှင့် ဆမီးမြို့ဘက်တွင် နေထိုင် ကြရပြီးနယ်အမြ လုံခြုံမှုမရှိခြင်း၊ တောင်ယာမလုပ်ကိုင်နိုင်ခြင်းနှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင့် နေ့စဉ်စားဝတ် နေရေးအခက်အခဲများရင်ဆိုင်နေကြရသည်။“စစ်ရှောင်တွေကတော့အလုပ်အကိုင်မရှိဘူးပေ့ါ၊ နေ့စားလုပ်ပြီးမှရလာတဲ့ ပိုက်ဆံ လေးနဲ့ သူတို့ဘဝကိုသူတို့စီမံနေရတဲ့ အနေအထားပေါ့။ မီဇိုရမ်ဘက်မှာဆိုရင်‌ ပံ့ပိုးပေးမဲ့ အဖွဲ့အစည်းတွေကလဲ မယ်မယ်ရရမရှိ ဘူး။ ပြီးတော့ များများစားစား ပေးနိုင်တဲ့အခြေအနေမရှိဘူး။ ကိုယ့်ရဲ့ စားဝတ်နေရေးဖြစ်ဖြစ်၊ ကျန်းမာရေး‌စောင့်ရှောက်မှု ဖြစ် ဖြစ် ပညာရေးဖြစ်ဖြစ်ပေါ့ အကူအညီလိုအပ်တာတော့အမှန်ပဲ။ လတ်တလောမှာ အဆင်ပြေသလိုပဲနေကြတယ်။ တချို့ဆိုရင် တော့ ကျေးရွာတွေရဲ့ ခွင့်ပြုချက်အရ တောင်ယာသေးသေးလေး ခုတ်ခွင့်ရရင်ရသလို သူတို့နေ့စဉ် ဘဝအတွက် ရုန်းကန်နေရတဲ့ အနေအထားဖြစ်တယ်။ ပြည်တွင်းဘက်ကအခြေအနေကျတော့လည်းမကွာခြားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးအရ အဲဘက်မှာဘာမှ လုပ်ကိုင်စားသောက်လို့မရဘူး။ တချိန်တုန်းက စစ်မြေပြင်ဖြစ်တဲ့အတွက်တောထဲမှာ သူတို့သွားရေးလာရေး အတွက်လဲ သိပ်အဆင်မပြေဘူး။ ကျောင်းမှာတောင်မှ မိုင်းထိပြီးမှ သေဆုံးတဲ့သူတွေရှိ‌နေတယ်။ သူတို့ တောင်ယာကိုပဲ မှီခိုနေရ တဲ့အချိန်မှာ ကျန်တဲ့စီးပွား‌ရေးအတွက် လုပ်ကိုင်စားသောက်ဖို့ဘာမှမရှိတဲ့အပြင် သူတို့အတွက်က လုံခြုံမှုမရှိဘူးပေါ့။”ဟု Paletwa IDPs and Humanitarian Supporting တာဝန်ခံက ပြောသည်။ Read in Full

၂၂။ အမ်းမြို့အခြေစိုက် နပခ ရှေ့ကာကင်း မဲတောင်ဗျူဟာစခန်းကို AA သိမ်းပိုက်
October 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရဲ့ ရှေ့ကာကင်းစခန်းတခုဖြစ်တဲ့ မဲတောင်ဗျူ ဟာစခန်းကို အောက်တိုဘာ ၇ ရက်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အခုသိမ်းပိုက်ရ ရှိခဲ့တဲ့ မဲတောင်ဗျူဟာစခန်းမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ အမ်းမြို့နဲ့ ၁၄ ကီလိုမီတာသာ ကွာဝေးပြီး အမ်းအခြေ စိုက် နပခ ဌာနချုပ်ကို ကာကွယ်ထားတဲ့ ဗျူဟာစခန်း ဖြစ်ပါတယ်။ အခုသိမ်းပိုက်ရရှိတဲ့ အဲဒီဗျူဟာစခန်းမှာ စစ်ကိုင်းတိုင်း ကလေး၊ မော်လိုက်၊ ဟုမ္မလင်း အခြေစိုက် စကခ ၁၀ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၂၊ ၃၆၅၊ ၃၆၉ တပ်ရင်းတွေ၊ အမ်း၊ နပခဌာနချုပ် လက်အောက်ခံ တပ်ရင်းအချို့နဲ့ တောင်ကုတ်အခြေစိုက် စကခ ၅ လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂ တပ်ရင်းတွေ စုပေါင်းထားပြီး မဲတောင်နဲ့ အမ်းဌာနချုပ် ပတ်ဝန်းကျင်မှာ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ မဲတောင်ဗျူဟာကုန်း သိမ်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း AA ကသိမ်းဆည်း ရမိထားပါတယ်။

မဲတောင်ဗျူဟာစခန်းကုန်းနဲ့ ဆက်စပ်စခန်းကုန်းတွေကို AA တပ်ဖွဲ့ဝင်တွေက ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ ဖြတ် တောက်ထားပြီးမှ စက်တင်ဘာ ၂၆ ရက်မှာ ကျောက်စကွဲကျေးရွာအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကစပြီး ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ မဲတောင်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်လိုက်တာကြောင့် အာရက္ခတပ် တော် (AA) ရဲ့ ထိုးစစ် တွေဟာ နပခဌာနချုပ်ထဲကို တိုက်ခိုက်နိုင်တော့မယ်လို့ အမ်းမြို့နယ်က စစ်ရေးသတင်းရင်း မြစ်တယောက်က ပြောပါတယ်။“နပခ ဌာနချုပ်ကို အဓိက ခံစစ်အဖြစ် ကာထားတဲ့ မဲတောင်ဗျူဟာနဲ့ တောဟိန်းတောင်ဗျူဟာ နှစ်ခုလုံးကျသွားတာကြောင့် နပခ ဌာနချုပ်နဲ့ အနီးနားက တပ်ရင်းတွေကို AA ရဲ့ ထိုးစစ်တွေက ရောက်လာတော့မှာဖြစ်တယ်။ နပခဌာနချုပ်ထဲကိုတော့ ပြီးခဲ့တဲ့ လ တွေကတည်းကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေ တိုက်ခိုက်နေတာကြောင့် မကြာခင်မှာ မြေပြင်ထိုးစစ်တွေ ရောက်လာနိုင် တယ်။” အမ်းမြို့နယ်အတွင်းမှာ မတ်လကတည်းက အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး အကြီးဆုံး ဗျူဟာကုန်းဖြစ်တဲ့ တောဟိန်းတောင် ဗျူဟာကုန်းကိုလည်း အာရက္ခတပ်တော်က ဇူလိုင်လအတွင်းမှာ အပြီးသတ် သိမ်းပိုက်နိုင် ခဲ့တာ ဖြစ်ပါတယ်။ Read in Full

၂၃။ ကွတ်ခိုင်က အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေနှစ်ဖက်စလုံး ပြတ်
 October 7, 2024
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် အင်မိန်းကျေးရွာအုပ်စု လွယ်ဆိုင်ကျေးရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေနှစ်ဖက် စလုံး ပြတ်သွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်က ညနေပိုင်းမှာ ၎င်းတို့ ကျေးရွာအနီးရှီ စစ်ကောင်စီတပ်ရဲ့အမြောက်တပ်ကုန်းအောက်မှာ ကျွဲဖမ်းဖို့ သွားရင်းမိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ် သိရှိသူ အမျိုးသားတစ်ဦးက “သူကျွဲ သွားဖမ်းတာ။ တပ်ထဲ‌တော့ မဟုတ်ဘူး။ တပ်အောက်မှာ ဖြစ်သွားတာ။ ဒဏ်ရာကတော့ ပြင်းထန်တယ်။ ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားတာ” လို့ပြောပါတယ်။ မိုင်းနင်းမိသူအမျိုးသားဟာ မိုင်းအကျင်း (၂၅ နှစ်) ဆို သူဖြစ်ပြီး ခြေနှစ်ဖက်စလုံး ပြတ်သွားတာအပြင် ခန္ဓာကိုယ်တစ်ခုလုံးလည်း မိုင်းစတွေထိမှန်တာကြောင့် အပြင်းအထန် ဒဏ်ရာ ရခဲ့တယ်လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ဆင်နွဲပြီးနောက်ပိုင်း မိုင်းနင်းမိသူ ဆက်တိုက်ရှိလာနေပြီး ရွှေဖီမြေ လက်လှမ်းမှီ သလောက် ကောက်ယူထားတဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာ ၇ ရက်အထိ ကိုးလကျော်အတွင်း မိုင်း တွေကြောင့် သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရသူ ၅၀ ဦးအထိ ရှိခဲ့ပါတယ်။ Read in Full

၂၃။ ဟားခါးမြို့ရှိ ရုန်းတောင်ဗျူဟာကုန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ခဲယမ်းများ ဖြည့်တင်းနေ
 October 7, 2024
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ရုန်းတောင်ဗျူဟာကုန်းကို စစ်ကောင်စီက လေကြောင်းဖြင့် လက်နက်ခဲယမ်းများဖြည့်တင်း နေကြောင်းဒေသခံများထံက သိရှိရသည်။ အောက်တိုဘာ ၇ ရက်၊ မနက် ၁၀ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် Y12 အမျိုးစား လေယာဉ်တစ်စီးက လေထီးဖြင့် လက်နက်ခဲယမ်း အထုတ် ၂၀ ခန့် ချပေးနေကြောင်း သိရှိရသည်။ “လေယာဥ်တစ်စီးနဲ့ ခြောက် ကြိမ်၊ ခုနှစ်ကြိမ်လောက်ရှိမယ်။ ရုန်းတောင်စခန်းကို လေထီးနဲ့ အထုတ်ချပေးသွားတယ်။ စစ်သားတွေ အထုတ်လိုက်ကောက် တာ တွေ့တယ်” ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ ရုန်းတောင်ဗျူဟာကုန်းသည် ဟားခါးမြို့တွင် စစ်ကောင်စီ၏ အကြီး ဆုံး ဗျူဟာကုန်းဖြစ်ပြီး စစ်ရေးအတွက် အလွန်အရေးပါသည့ ဗျူဟာကုန်းလည်းဖြစ်သည်။

ထို့အပြင်ထန်တလန်မြို့တိုက်ပွဲတွင် ဟားခါး ရုန်းတောင်ဗျူဟာကုန်းမှ လက်နက်ကြီးကျည် ပစ်ကူပေးနေ့သည့်အတွက် စစ်ကောင်စီက လက်နက်ခဲယမ်းများဖြည့်တင်းနေခြင်းဖြစ်သည်။ “ထန်တလန်တိုက်ပွဲမှာ ရုန်းတောင်ကနေ တောက်လျောက် လက်နက်ကြီးကျည် ပစ်ကူပေးနေတယ်။ အဲ့ဒီအတွက် ရုန်းတောင်ဗျူဟာကုန်း လက်နက်ခဲယမ်းတွေဖြည့်တာနေမယ်။ ရိက္ခာ ဖြည့်နေတာ မဟုတ်လောက်ဘူး”ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ အောက်တိုဘာလ ၅ ရက်နေ့ ထန်တလန်မြို့တိုက်ပွဲ တွင် ဟားခါး ရုန်းတောင်ဗျူဟာကုန်းမှ လက်နက်ကြီးကျည် အဆက်မပြတ် တစ်နေ ကုန်ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။ စစ်ကောင်စီသည် ချင်းပြည်နယ်တွင် ကုန်လမ်းဖြင့် လက်နက်ခဲယမ်းများ မဖြည့်တင်းနိုင်သည့်အတွက် Y12 လေယာဉ်ကို အသုံး ပြုပြီး လေကြောင်းဖြင့် ဖြည့်တင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ Read in Full

၂၄။ စစ်တွေမြို့အဝင် ပတ်ပတ်လည်တွင် စစ်ကောင်စီက ကတုတ်ကျင်းများတူးကာ အင်အားတိုးချဲ့
 October 7, 2024

ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေသော စစ်တွေမြို့တွင် စစ်ကောင်စီက မြို့အဝင်ပတ်ပတ်လည်တွင် ကတုတ်ကျင်းများတူးကာ စစ်အင်အား ထပ်မံတိုးချဲ့ချထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပါဒလိတ်ရွာမှ ဒကစရုံးချုပ်ထိ၊ ရေချမ်းပြင်ဆိပ်ကမ်းမှ ဗန္ဓုလလမ်းဆုံထိ၊ ရွှေမင်းဂံဆိပ်ကမ်းမှ ကျေးတောအထိ စသည့်မြို့အဝင် လမ်းများတလျှောက်တွင် က တုတ်ကျင်းများတူးပြီး ခံတပ်အခိုင်အမာပြုလုပ်ထားသည်။“ပုဏ္ဏားကျွန်းဖက်ကလာရင် ဒကစ အထိမြို့အဝင်လမ်းတလျှောက် မှာ ကတုတ်ကျင်း ဆယ်ခုလောက်ရှိမယ်။ ရေချမ်းပြင်ဆိပ်ကမ်းကနေ မြို့အဝင် ဗန္ဓုလရုပ်ရှိတဲ့အထိလည်း ကတုတ်ကျင်းတွေ တူးထားတယ်။ ပြီးတော့ ရွှေမင်းဂံဆိပ်ကမ်းကနေ မြို့အဝင်အထိလည်း လုပ်ထားတယ်။ မြို့ပတ်ပတ်လည်အကုန်လုံးမှာ က တုတ်ကျင်းတွေ တူးနေတယ်လို့ ပြောလို့ရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ စစ်တွေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ်ရှိလာပြီးနောက် မြို့ပတ်ပတ်လည်တွင် ကတုတ်ကျင်းများတူးကာ အင်အားတိုးချဲ့ထားခြင်းကို ဆက်တိုက်လုပ်ဆောင် လာခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီသည် စစ်တွေမြို့အပြင်ဘက်တွင် ဖြန့်ကျက်ချထားသောတပ်များကို ပြန်လည်ရုပ်သိမ်းကာ မြို့ အနီးတွင် ပြန်လည်နေရာချထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှသိရသည်။ စစ်တွေမြို့တွင်း၌လည်း ညအချိန် အင်အား အလုံးအရင်းဖြင့် လှည့်လှည်မှုများကို ပိုမိုလုပ်ဆောင်လျက်ရှိပြီး ဧည့်စာရင်းစစ်ဆေးမှုများကို တောက်လျှောက် လုပ်ဆောင် လျက်ရှိနေသည်။ စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “လမ်းကြားတိုင်းမှာ စစ်ကားတွေ တွေ့ရတယ်။ အရင်က ၉ နာရီလောက်ဆို မရှိတော့ဘူး။ အခုက ၁၀ နာရီ ၁၁ နာရီကျော်အထိ မြို့ကိုပတ်ပြီးတော့ လှည့်လှည်နေတဲ့ စစ်ကားတွေရှိတယ်”  ဟု ပြောသည်။ Read in Full

၂၅။  တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲခဲ့
 October 8, 2024
ကရင်နီပြည် ၊ ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာအုပ်စုအတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင် ဘာလ ၅ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။“၆ လုံးလောက်ရှိမယ်။ တစ်ခါကြဲရင် နှစ်လုံးဆိုတော့ ၆ လုံးရှိမယ်ပေါ့။ သူတို့မြေပုံထဲမှာ ကြည့်တယ်လေ။ ကျနော် တို့လူရှိနိုင်မယ်လို့ ထင်တဲ့နေရာ၊ ရွာသားတွေရှိမယ် ထင်တဲ့နေရာကို တမင်သက်သက်ပစ်တာဖြစ်တယ်။ ဘောလခဲမှာတော့ လောလောဆယ် တိုက်ပွဲမဖြစ်ဘူး ကျနော်တို့ သူတို့(စစ်ကောင်စီ) ရဲ့စခန်းကို ဒရုန်းနဲ့ဗုံးသွားကြဲတယ်လေ။ စစ်ကူတောင်းဖို့ အဲ့လိုလုပ်တာဖြစ်တယ်။”လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ မနက် ၉ နာရီကျော်အချိန်မှာ ကျေးရွာအတွင်း ဂျက် လေယာဉ်တစ်စီးနဲ့ ၃ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကျေးရွာမှာဒေသခံအနည်းစုရှိနေပြီး အများ စုကတော့ ဒေသတွင်း တိုက်ပွဲဖြစ်ပွားချိန်ကစလို့ တခြားနေရာမှာ သွား ရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။ ဘောလခဲမြို့နယ်အတွင်းမှာတော့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီထိန်းချုပ်တဲ့ မြို့တွင်းနေရာမှာသာ အနည်းငယ် ကျန်ရှိတော့တာဖြစ်ပါတယ်။

အလားတူ စက်တင်ဘာလ ၄ ရက်နေ့၊ ညပိုင်းမှာလည်း အဆိုပါကျေးရွာထဲကို ဘောလခဲအခြေစိုက်တပ်ကနေ လက် နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဘောလခဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ မယ့်စလောင်း တောင်စခန်းနဲ့ ရေကျော်တပ်စခန်းကို ၂၀၂၄ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။ အောက်တိုဘာ လအတွင်း ကရင်နီပြည်တွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား နှစ်ဖက်တိုက် ပွဲ ဖြစ်ပွားတာမရှိသေးပေမယ့် တော်လှန်ရေးတပ်ဖက်ကတော့ စစ်ကောင်စီအခြေစိုက်စခန်းရှိရာနေရာကို သွားရောက်ပစ်ခတ်မှုရှိတယ်လို့ ကရင်နီပြည်တပ် မတော်ထံကနေ သိရှိရပါတယ်။ Read in Full

၂၆။ လားရှိုးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ကိုးကန့်တပ်က ပိတ်၊ စစ်ကောင်စီ သတင်းပေးနှစ်ယောက် ဖမ်းမိထား
 October 7, 2024
လားရှိုးမှာ စစ်‌ကောင်စီသတင်းပေး ဒလန်တွေကြောင့် ဖုန်းလိုင်း၊အင်တာနက်လိုင်းနဲ့ Starlink လိုင်းတွေကို ကိုးကန့်တပ် (MNDAA) က အကုန်ပိတ်ထားပြီး စစ်ကောင်စီသတင်းပေး နှစ်ယောက်လည်း ဖမ်းမိထားတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။“စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်နှစ်ယောက်ဖမ်းမိထားတယ်။ Starlink အင်တာနက်လိုင်းတွေ အကုန် ပိတ်ခိုင်း ထား တယ်။ အခုဆို အပြင်လူတွေပေးမသုံးတော့ဘူး အဖွဲ့အစည်းကလူတွေဘဲ ပေးသုံးတော့တာ။ “လို့ လားရှိုးဒေသခံတစ်ဦးကပြောပါ တယ်။

လာရှိုးမြို့မှာ အောက်တိုဘာလဆန်းကစပြီး ဖုန်းလိုင်းတွေပြတ်တောက်သွားပြီး Starlink အင်တာနက်လိုင်းကိုတော့ အောက်တိုဘာ ၅ ရက်နေ့မှာ စတင်ပြီးပိတ်ထားပါတယ်။ စက်တင်ဘာလကနေ အောက်တိုဘာလ ၆ ရက်နေ့အတွင်း ကိုးကန့် တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၁၆) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၉) ဦး သေဆုံးပြီး (၅၆) ဦး ဒဏ်ရာရှိထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာလည်း နောင်ချိုမြို့မှာ စစ်ကောင်စီထံ ပစ်မှတ် အများအပြားပေးပို့ထားတဲ့ စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦးကို သက်သေတွေနဲ့တကွ တအာင်းတပ် (PSLF/TNLA) က ဖမ်းစီးရမိခဲ့ပါတယ်။ Read in Full

၂၇။ မြေရှားသတ္ထု လုပ်ကွက်များအပြင် သယံဇာတတူးဖော်မှုလုပ်ကွက်များ ပိတ်သိမ်းထားရန် NDA – K သတင်းထုတ်ပြန်
 October 8, 2024
ကချင်အထူးဒေသ(၁) နယ်မြေအတွင်း KIA နှင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်၍ မြေရှားသတ္ထုလုပ်ကွက်များအပါအဝင် အခြား သတ္ထုလုပ်ကွက်များနှင့် ရွှေမှော်များအားလုံးကို ခေတ္တယာယီပိတ်ထားရန် NDA – K က အမိန့်စာထုတ်ပြန်လိုက်သည်။ ထိုအမိန့်စာအရ ကချင်အထူးဒေသ (၁) ဖြစ်သော နိုဇွန်ဘော်ဒေသ၊ ဖီမော်ဒေသ၊ ကန့်ဖန်ဒေသနှင့် လန်ဆယ်ဒေသများတွင်  ထိုသို့ပိတ်သိမ်းရန် အမိန့်စာထုတ်ပြန်ထားခြင်းဖြစ်သည်။ ” တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ။ စစ်တပ်လေယာဥ်တွေကလည်း ပြည်သူ့စစ်ဘက်ပါလာပြီ။ ရပ်မနေကြဘူး နှစ်ဖက်စလုံးက။ တဖြည်းဖြည်း ဒီဘက်မှာလည်း စစ်ဘောင်နယ်တွေ ကျယ်လာပြီ ဟုတ်တယ် ” ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ NDA-K ဘက်က ထုတ်ပြန်ထားသောစာအရ ကချင်အထူးဒေသ (၁) ဘက်သို့ ခရီးသွားလာခွင့်ကိုလည်း တားမြစ်ပိတ်ပင် ကန့်သတ်ထားပြီး ၎င်းဒေသမှ မြစ်ကြီးနားမြို့ဘက်သို့ ဆင်းသည့် အဆင်းလမ်းကိုမူ ဖွင့်ပေးထားဆဲ ဖြစ်ကြောင်းသိရသည်။

ကချင် အထူးဒေသ (၁)၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဒေသအတွင်း ပြီးခဲ့သည့် ဇွန်လမှစတင်ကာ ထိတွေ့ တိုက်ပွဲများ စတင်ဖြစ်ပွားပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းကလည်း KIA နှင့် PDF ကို တိုက်ခိုက်ရန် စစ်မိန့်ထုတ်ပြန် ထားပြီ ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့နှင့် အောက်တိုဘာ ၂ ရက်နေ့တို့တွင် ချီဖွေနှင့် ဆော့လော်မြို့ရှိ NDA – K ပြည်သူ့စစ်အဖွဲ့နှင့်နယ်ခြားစောင့်တပ်များ၏ အရေးကြီးသောတပ်စခန်းများကို KIA တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်းတပ် ဖွဲ့များနှင့် KPDF ပူးပေါင်းမဟာမိတ်အဖွဲ့များက တိုက်ခိုက်သိမ်းယူထား သည်။ ထိုသို့ စစ်ပွဲများ တစတစပြင်းထန်လာသော အခြေ အနေများကြောင့် ယမန်နေ့ အောက်တိုဘာလ ၇ ရက်တွင် ကချင်အထူးဒေသတွင်းမှာ ပါဝင်သော ချီဖွေမြို့နယ်၊ ချန်းမောခုန်း ဒေသတွင် ဌာနေဒေသခံ တိုင်းရင်းသားများက KIA ပူးပေါင်းတပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါသေးသည်။ 

၂၈။ စစ်ကောင်စီရဲ့ မော်လမြိုင်လေဆိပ်နဲ့ဆိပ်ကမ်းစီမံကိန်း သုံးနှစ်နီးပါးရှိလာပေမယ့် လုပ်ငန်းမစနိုင်
 October 8, 2024
အာဏာသိမ်းစစ်ကောင်စီရဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီဆိပ်ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းဟာ သုံးနှစ်နီးပါးရှိလာပေမယ့် လက်ရှိအချိန်ထိ လုပ်ငန်းမစနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ မော်လမြိုင်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီဆိပ်ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေ ဆိပ်အသစ် တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးတွေပါဝင်တဲ့ စီမံကိန်းအကောင် အထည်ဖော်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းခဲ့တာပါ။ စစ်ကောင်စီရဲ့ စီမံကိန်းဟာ သုံးနှစ်နီးပါး ရှိလာပေမယ့် လယ်ယာ မြေတွေကို သိမ်းဆည်းတာနဲ့ လျော်ကြေးပေးတဲ့ အခြေအနေသာရှိနေပြီး ဘာလုပ်ငန်းမှ စတင်နိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ ဒေသခံတစ်ဦးကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်တာ မတွေ့ရသလို သိမ်း ဆည်းထားတဲ့ လယ်ယာမြေတွေကိုတော့ အခကြေးငွေယူကာ စပါးတွေပေးစိုက်ထားတယ်လို့ ပြောပါတယ်။“ဒီဘက်မှာက ဘာ မှ အကောင်အထည်ဖော်တာ မတွေ့သေးဘူး။ သူတို့က စပါးတွေ ပေးစိုက်ထားတယ်။ တစ်ဧကကို သုံးသောင်းနှုန်းနဲ့ စပါးတွေ ပေးစိုက်ထားပြီးတော့ စပါးရိတ်သိမ်းချိန်မှ သူတို့လုပ်မယ်လို့တော့ ပြောတာကြားတယ်။ စောစောတုန်းကတော့ နီးစပ်ရာတွေ စိုက်ကျလို့ စကားတွေ ဘာတွေများကြပြီးတော့ နောက်တော့ မူလပိုင်ရှင်တွေက စိုက်ရတာ နည်းနည်းများသွားတာပေါ့၊ သူတို့ စီမံကိန်းက မလုပ်ရသေးဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ ကော့ပရံကျေးရွာအနီးမှာ တည်ဆောက် ဖို့ လျာထားတာဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းကိုတော့ မုဒုံမြို့နယ်ရှိ ပင်လယ်ထွက်ပေါက်နဲ့ နီးတဲ့ ဘလောက်ညောင် ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ လျာထားတာပါ။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီ တည် ဆောက်မယ့် စီမံကိန်း တွေဟာ စီးပွားရေးအပြင် ပထဝီအနေအထားအရပါ ဖြစ်လာနိုင်မယ့် စီမံကိန်းတစ်ခုမဟုတ်ဘူးလို့ ထောက်ပြတာပါ။  “ပထဝီ အနေအထားအရလည်း ဒီလမ်းကြောင်းက ဝင်လာဖို့ဆိုတာ ဒီဘက်ဆိုလို့ရှိရင် ဒါ ယိုးဒယားကလည်း သူ့ဘာသူကုန်းလမ်းခရီးက တိုက်ရိုက်ပေါက်နေတဲ့ နိုင်ငံဆိုတော့ ဒီလေဆိပ်တွေ ဒီပင်လယ်ဆိပ်ကမ်းတွေကို ဒီလောက်သိပ်ပြီးတော့ သက်ရောက်မှာ မဟုတ် ဘူးလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မဖြစ်နိုင်ပါဘူး” လို့ ဆိုပါတယ်။ စစ်ကောင်စီတည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို စစ်ကောင်စီခန့် ပို့ဆောင်ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ သွားရောက် ကြည့်ရှုစဉ် ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ Read in Full

၂၉။ တန့်ယန်းမှာ အသစ်ရောက်လာတဲ့ စစ်တိုင်းဗျူဟာမှူးနဲ့ အပေါင်းအပါတွေကိုယ်တိုင် ငွေအဆမတန်ကောက်ခံနေ
 October 7, 2024
ရှမ်းမြောက် တန်းယန်းမြို့မှာ အသစ်ရောက်လာတဲ့ စစ်တိုင်းဗျူဟာမှူးနဲ့ တိုင်းမှူး၊ တိုင်းမှူးရဲ့ PSO၊ ရဲတွေ ကိုယ်တိုင် ငွေအဆမတန် ကောက်ခံတာနေကြောင့် ကုန်တင်ကားသမားတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ မိုင်းရယ်နဲ့ ကျေးသီး ကို ဆက်သွယ်ထားတဲ့  နမ့်လောင်းတံတားမှာ ၎င်းတို့ကိုယ်တိုင်သွားရောက်ပြီး ကုန်ကားနဲ့ ကားသမားတွေထံ ငွေ အဆမတန် ကောက်ခံနေတာ ဖြစ်ပါတယ်။“အဓိက ငွေတောင်းတာတွေ လုပ်နေတာပါ။ ကိုယ်ကျိုးအတွက်ပဲ ငွေတောင်းတာ။ နမ့်လောင်း တံတားဂိတ်က (၇)ရက်ကို သိန်း (၄၀) တိုင်းမှူးဆီသွင်းရတယ်ဆိုတော့ ဟိုက မရမကကောက်။ သူတို့အတွက်ပါ ကျန်အောင် ပို တောင်းတယ်လေ။ ကုန်သမားတွေပဲ အခက်တွေ့တာ။ အရင်ဗျူဟာက ရတဲ့ငွေတွေကို တိုင်းမှူးဆီ ပေးတာနည်းလို့ မတည့်ကျတာ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။ ကုန်သည်၊ ခရီးသည် ကားနဲ့ ကုန်ကားအသေးတွေကို တစ်စီး(၅)သောင်း ကောက်ခံ ပြီး ကားဘီး၊ တာယာ၊ တွေတင်လာတဲ့ ခြောက်ဘီးကားတစ်စီးကို (၁)သိန်း၊ ကွန်တိန်နာကားနဲ့ရေထွက်ပစ္စည်း တင်လာတဲ့ ကား လည်း (၁)သိန်း ကောက်ခံတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၃ ရက်က တန်ယန်းဂိတ်မှာ စစ်တိုင်းဗျူဟာမှူး ဒုမှူးကြီး ဇေယျာစိုးက ကုန်ကားတွေတားပြီး စစ်တိုင်း ခွင့်ပြုချက်ရမှ ထွက်ရမယ်ဆိုပြီး ကုန်ကားတွေ ပြန်လှည့်ခိုင်းထားတာတွေရှိတယ်လို့ သိရပါတယ်။ အဲနေရာတွေအပြင် တန့်ယန်းမြို့ အဝင်ဂိတ်မှာ ရှိနေတဲ့ ရဲတွေလည်း ကားသမားတွေထံ ငွေ (၃) သိန်းတောင်းခံတာတွေရှိတယ်လို့ အထပ်ပါ အမျိုးသားက ဆက်ပြောပါတယ်။ ငွေကောက်ခံတာအပြင် ကုန်ကားတွေကိုပြန်လှည့်ခိုင်းတာတွေကြောင့် ကားပြေးဆွဲနိုင်ဖို့ကြံ့ကြာစေပြီး ကုန် သည်တွေနဲ့ ဒေသခံတွေကို အခက်တွေ့ကြတယ်လို့ နောက်ထပ် မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နမ့်လောင်းတံတားက ဂိတ်အပြင် မိုင်းရယ်မြို့ရှိ ဂိတ်နဲ့ တာကော်အက်တံတားက စစ်တပ်ဂိတ်တွေ အားလုံးမှာ ငွေအဆမတန် ကောက်ခံတာကြောင့် အခက်တွေ့နေကြတယ်လို့ ကားသမားတွေက ပြောဆိုပါတယ်။ Read in Full

၃၀။အာဏာသိမ်းပြီးနောက် ထောင်တွင်းဆေးကုသမှု မလုံလောက်၍ သေဆုံးသူ ၆၃ ဦးရှိ
 October 8, 2024
စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်များအတွင်းအကြောင်းအမျိုးမျိုးကြောင့်သေဆုံးသူ ၁၀၃ ဦးရှိသည့်အနက် ၆၃ ဦး မှာ ဆေးဝါးကုသမှု မလုံလောက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်သည်။ ထိုသေဆုံးသူများထဲတွင် အာဏာသိမ်းကတည်းက ဖမ်းဆီးခံရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လည်း ပါဝင်ကာ ၎င်းအနေဖြင့် မန္တလေးထောင်အတွင်း ကိုဗစ်ရောဂါနှင့် သွေးကင်ဆာရောဂါခံစားခဲ့ရ သော်လည်း လုံလောက်သည့်ဆေးဝါးကုသမှု မခံယူခဲ့ရဘဲ ကျန်းမာရေးပိုမိုဆိုးဝါးလာစဉ် ယခုနှစ် စက်တင်ဘာလမှသာ အကျဉ်း ထောင်မှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ကွယ်လွန်ခဲ့ရသည်။ အာဏာသိမ်းစစ်တပ်က ၎င်းတို့ထောင်ဒဏ် ၂၉ နှစ်ချမှတ်ထားသော ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ သတိလစ်မေ့မြောနေသည့် အောက်တိုဘာ ၆ ရက်တွင် ထောင်မှလွှတ်ပေးကြောင်း အမိန့်စာအား ဆေးရုံ၌ လာရောက်ဖတ်ပြခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများအား နေထိုင်စားသောက်မှု၊ သန့်ရှင်းသောရေ လုံလောက်စွာရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြေခံလိုအပ်ချက်များအားဖြည့်ဆည်းပေးမှုအစရှိသည့်ကဏ္ဍစုံတွင် ဆောင် ရွက်ပေးရန် ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်နေကြောင်းလည်း AAPP ကပြောသည်။ အာဏာသိမ်းချိန်မှစ၍ အောက်တိုဘာ ၇ ရက် အထိ စစ်တပ်လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅၇၆၅ ဦးရှိပြီဖြစ်ကြောင်းလည်း AAPP ကဆိုသည်။ ထို့ပြင် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူမှာလည်း ၂၇၅၁၇ ဦးရှိပြီဖြစ်ပြီး ၎င်းတို့ အနက် ၂၁၀၂၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၎င်းတို့ထဲမှ ၉၄၈၄ ဦးမှာ ထောင်ဒဏ်များချမှတ်ခံထားရကြောင်း AAPP က ဖော်ပြထားသည်။ Read in Full

၃၁။ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းက အိမ်ခြောက်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ
 October 8, 2024
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တနင်္သာရီတိုင်း မြို့နယ်ငါးခုက အိမ်အမြောက်အများမီးရှို့ခံခဲ့ရပြီး ပုလောမှာ ပျက်စီးဆုံး ရှုံးမှုတွေအများဆုံးဖြစ်ခဲ့ပါတယ်။ တနင်္သာရီတိုင်းမ်က ရထားတဲ့အချက်အလက်တွေအရ လောင်းလုံးမြို့နယ်က အိမ် ၁၄ ဆောင်၊ ပုလောမြို့နယ်က အိမ် ၄၃ ဆောင်၊ တနင်္သာရီမြို့နယ်က အိမ်လေးဆောင်၊ ကော့သောင်းမြို့နယ်က တဲအိမ်တစ်လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာပါ။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာက အိမ်တွေကိုလည်း တစ်လအတွင်း သုံးကြိမ်ထက်မနည်း မီးရှို့ခဲ့ပါသေးတယ်။ ဒါပေမယ့် ရွာထဲမှာဘယ်သူမှမရှိဘဲ ထွက်ပြေးနေရတဲ့အတွက် အိမ်အရေအတွက် အတိအကျ ကို မသိရသေးပါဘူး။ မောင်မယ်ရှောင်ရွာထဲက အိမ်တွေမီးရှို့ခံရတာနဲ့ပတ်သက်ပြီး ရွာခံတွေရဲ့ အမြင်က နှစ်မျိုးကွဲနေတယ်လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။“အများစုကတော့ စစ်တပ်ရှိနေသမျှဒီလိုဖျက်‌ဆီးခံနေရမှာမို့ သူတို့မရှိမှရမယ်။ နောက် တစ်ခုက ကိုယ့်ပေါ့ဆမှူကြောင့်မဟုတ်ဘဲ မလောင်မခြင်းထိုင်ရှို့တဲ့မီးကြောင့် ကိုယ့်အိုးအိမ်ဆုံးရှုံးရလို့ဝမ်းနည်းပေမယ့် အဖျက် သမားတွေကိုပဲပိုမုန်းတီးတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့လို့ နေအိမ်ပျက်စီးတာရှိခဲ့သလို လက်နက်ကြီးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ အိမ်တွေလည်းရှိခဲ့ပါတယ်။ ဒရုန်းတိုက်ခိုက်မှုကြောင့် တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာက လက်ဖက်ရည်ဆိုင်နဲ့တွဲ ဖွင့်ထားတဲ့ အိမ်တစ်ဆောင်နဲ့ ရေဖြူမြို့နယ်၊ ဇီးကျရွာမှာရှိတဲ့ မှီအုံးတောင်ခြေကဇရပ်တစ်ဆောင်တို့ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ပစ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ပျက်စီးခဲ့တဲ့အိမ်တွေက ၂၀ ထက်မနည်းရှိခဲ့ပါတယ်။ တနင်္သာရီမြု့နယ်ထဲက အရှေ့ဘန် လော၊ ဘန်လင်နဲ့ ပဝ ရွာတွေက ၁၈ ဆောင်ထက်မနည်း၊ ပုလောမြို့နယ် ရှပ်ပုံရွာက အိမ်နှစ်ဆောင်နဲ့ ထားဝယ်မြို့နယ် ပကာရီ ရွာက ဖုန်းဆိုင်တစ်ဆိုင်တို့ လက်နက်ကြီးကျည်ကြောင့် ပျက်စီးခဲ့ပါတယ်။ ဒါတွေဟာ အိမ်ထိခိုက်ပျက်စီးအရေအတွက် တွေသာ ဖြစ်ပြီး ရွာလုံးကျွတ်မွှေနှောက်ဖျက်ဆီးခံရပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေ ခိုးယူခံရတာလည်းရှိခဲ့ပါတယ်။ လောင်းလုံး မြို့နယ်ထဲက ဇလွတ်နဲ့ ကျောက်ဝပ်ပြင်ရွာတွေ၊ တနင်္သာရီမြို့နယ်ထဲက သမီးလှ၊ အရှေ့ဘန်လော၊ ဘန်လင်၊ ကျွဲထိန်းကုန်း၊ ညောင်ပင်ကွင်း(အရှေ့ကမ်း)ရွာကအိမ်တွေဟာ စစ်ကောင်စီစစ်ကြောင်းတွေရဲ့ အကြိမ်ကြိမ်မွှေနှောက်ခံခဲ့ရတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ Read in Full

၃၂။ အင်းလေးဒေသမှာ ရေကြီးမှုအပြင်  မြွေအန္တရာယ်နဲ့ပါ  ကြုံတွေ့နေရ
 October 8, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ စက်တင်ဘာလအတွင်းကစတင်ကာ  ရေကြီးနစ်မြုပ်နေ ဆဲဖြစ်ပြီး ရေကြီးမှုတွေအပြင် မြွေအန္တရာယ်နဲ့ပါ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ လ ၁၀ ရက်နေ့ကစတင်ကာ အင်းရေပြင်နဲ့ ဆက်စပ်နေတဲ့ ကျေးရွာပေါင်း ၁၇၀ ကျော်ဟာ ရေကြီးနစ်မြုပ်နေပြီး နေအိမ်တွေ ပေါ်ကို မြွေတွေ တက်ရောက်လာတာကြောင့် မြွေအန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။“အိမ်ပေါ်တွေကို အတက်များတာ က လင်းမြွေနဲ့ မြွေဟောက်ပါဗျ။ အိမ်ပေါ်မှာနေလည်း လွတ်လွတ်လပ်လပ် မနေထိုင်ရဲဘူး။ သတိနဲ့နေရတယ်” လို့ အင်းလေး ဒေသခံ ကိုအယ်ပိုးက ပြောပါတယ်။ ဒါ့အပြင် အဝတ်အစား ယူတာကအစ သတိကြီးကြီးထားရပြီး လျှပ်စစ်မီးလည်း ပြတ်နေတာ ကြာပြီဖြစ်တဲ့ အတွက် ညဘက်တွေမှာ ပိုပြီး သတိကြီးကြီး ထားရတယ်လို့ သူကဆိုပါတယ်။ အင်းလေးဒေသမှာ မြွေဟောက်ကို အများဆုံးတွေ့ရပြီး လင်းမြွေ၊ မြွေစိမ်း၊ ရေမြွေတွေလည်းတွေ့ရကာ တစ်ခါတစ်ရံ မြွေပွေးများပါ တွေ့ရတယ်လို့ ဒေသခံတွေဆီ ကနေ သိရပါတယ်။“ မြွေကိုက်ခံရတဲ့ သူတချို့လည်းရှိပါတယ်။ အသက်တော့ မသေဘူး။ ရွှေညောင်နဲ့ ညောင်ရွှေကို သွားတဲ့ လမ်းမှာဆို ရိုက်သတ်ခံထားရတဲ့ မြွေသေတွေ အများကြီးရှိတယ်” လို့  အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြွေအန္တရာယ်အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက သတိပေးတာမျိုးတွေ အသိပညာပေးတာမျိုးတွေ လည်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် လူနေအိမ်များပေါ်သို့ မြွေတွေတက်လာတဲ့အတွက် စိုးရိမ် ကြောက်လန့်မှုတွေ လွန်ကဲစွာမဖြစ်ဖို့လိုပြီး မြွေတွေကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သိဖို့လိုအပ်တယ်လို့ မြွေအကြောင်း လေ့လာနေတဲ့ ပညာရှင်တစ်ဦးကဆိုပါတယ်။“အိမ်ပေါ်မှာ မြွေနဲ့ထိပ်တိုက်တွေ့ရင် သွားစေချင်တဲ့ လမ်းကြောင်းဘက်ကို တုတ် ရှည်ရှည်နဲ့ ခြောက်ထုတ်တာ ရေနဲ့ပက်ထုတ်တာတွေ လုပ်လို့ရပါတယ်။ ID(အမျိုးအစား) မသိရင် မကိုင်တွယ်သင့်ပါဘူး”လို့ မြန်မာနိုင်ငံရှိ ဒေသတွင်းမျိုးစိတ်များ ထိန်းသိမ်းရေးနှင့် ခွဲခြားသတ်မှတ်ရေးအဖွဲ့(NSCI) ရဲ့အဖွဲ့ဝင် မြင့်မြတ်ဆိုင်ဝမ်းက ပြောပါ တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက မြွေဆိပ်ဖြေဆေးရရှိဖို့ ခက်ခဲတဲ့ တိုင်းပြည် တချို့မှာ ရေကြီးတာကြောင့် မြွေကိုက်တဲ့အန္တရာယ်ကပိုကြီးလာနေတယ်လို့သတိပေးထားပါတယ်။ Read in Full

၃၃။ တိုက်ပွဲများရှိနေဆဲ ရခိုင်တွင် ဒေသခံပြည်သူများ ကျန်းမာရေးပြဿနာကို အဓိက ရင်ဆိုင်နေရ
 October 7, 2024
အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု ၁ နှစ်နီးပါးအကြာ ရှိလာသည့် ရခိုင်ပြည်တွင် ဒေသခံများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို အဓိကရင်ဆိုင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။ ကျန်းမာရေးဆိုင်ရာပြဿနာများမှာ ဆေးဝါးပြတ်လပ်ခြင်း၊ ရှိသည့်ဆေးဝါးများ စျေး အဆမတန်မြင့်ခြင်းများ အပါအဝင် ဆေးရုံ ဆေးခန်း အများစုမဖွင့်လှစ်နိုင်ခြင်းနှင့် ဆေးဝါးကျွမ်းကျင်သည့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများမရှိတော့ခြင်းတို့ဖြစ်ကြောင်း တွေ့ ရသည်။ အဆိုပါပြဿနာများကို ရခိုင်ဒေသခံများကြုံတွေ့နေကြရခြင်းပြီး ထိုအထဲမှ အဓိက အကျဆုံးပြဿနာမှာ ဆေးဝါးကျွမ်း ကျင်ဝန်ထမ်းများမရှိတော့ခြင်းသည် အဓိကပြဿနာဖြစ်နေသည်ဟု ကျောက်ဖြူမြို့နယ်မှ အထက်တန်းသူနာပြုတစ်ဦးက ပြော သည်။ “ကျန်းမာရေးပြဿနာတွေကတော့အမျိုးမျိုးပဲ။ ဆေးဝါးမလုံလောက်တာ၊ ရှိတဲ့ဆေးတွေကရောဂါနဲ့ကိုက်ညီတဲ့ ဆေးတွေ နည်းတာတွေ ဖြစ်နေတယ်။ အဓိကကတော့ ဆေးဝါးကျွမ်းကျင်ဝန်ထမ်းတွေ လုံးဝအားနည်းသွားတယ်။ ဒီဖက်မှာဆိုလည်း နယ် ခံဆရာဝန်တွေလောက်ပဲကျန်ခဲ့တော့တယ်။ ရောဂါကိုသေချာမကုသပေးနိုင်တာ ပိုများလာပါတယ်”ဟု ပြောသည်။ ဆေးရုံ ဆေး ခန်းများတွင် ကုသရေးအဆင်မပြေသည့်အခြေနေကို ပုဏ္ဏားကျွန်းမြို့နယ်မှလူနာအမျိုးသမီးတစ်ဦးကယခုကဲ့သို့ ပြောသည်။

“ရောဂါက စစချင်း ခါးတွေနာတယ်။ ဗိုက်နေရာတွေ နာတာကနေ စဖြစ်တယ်။ နီးစပ်တဲ့ ပုဏ္ဏားကျွန်းတိုက်နယ် ဆေးရုံတစ်ခုမှာ သွားပြပါတယ်။ အဲ့ဒီကဆရာဝန်က အစာအိမ်ဆေးတွေပဲပေးတော့ အဲ့ဆေးတွေ ဖိသောက်ခဲ့ရတယ်။ နောက်ဝေဒနာ ပိုဆိုးလာတာနဲ့ မြောက်ဦးမှာရှိတဲ့ ဆေးခန်းမှာ အက်ထရာဆောင်းရိုက်လို့ရတယ်ဆိုလို့ သွားရိုက်တော့မှ သားဥအိမ်မှာ အရည် ထုပ်လေးတွေ တည်နေတယ်လို့ သိခဲ့ရပါတယ်။ ဒါကိုလည်း ဆရာဝန်နဲ့ သေချာဆွေးနွေးခွင့်မရခဲ့ပါဘူး။ ဆေးတွေပေးလိုက် တယ်။ မသက်သာတော့ နောက်ထပ်သွားပြတယ်။ ပိုပြင်းတဲ့ဆေးတွေထပ်ပေးတယ်။ မသက်သာသွားပြတယ်။ ဆေးပေးတယ်နဲ့ ပဲ သံသရာလည်နေပါတယ်။ ခုထိမသက်သာသေးပါဘူး” ဟု ပြောသည်။ “အခုအခြေနေက ဖျားတာနာတာ၊ အားနည်းတာ၊ တွင်း ရောဂါမဟုတ်ဘဲ ပြင်ပအထိခိုက်ရှိတာလေးတွေလောက်ပဲ ကောင်းကြတာများပါတယ်။ ဒီဖက်မှာက အဓိက တာဝန်ကျဆရာဝန် ၂ ယောက်ပဲရှိတယ်။ မြောက်ပိုင်းတစ်နယ်လုံးမှာ ဒီဆေးရုံက အခုအခြေနေအရ အကောင်းဆုံးပါပဲ။ အက်ထရာဆောင်းရိုက်လို့ ရ တယ်။ သွေးစစ်လို့ရတယ်။ ဒါတွေက ဆေးရုံမှာရှိတာမဟုတ်ဘူး။ ဆေးခန်းနဲ့ချိတ်ထားတာပါ။ (x-ray) ဓာတ်မှန်ရိုက်လို့ မရပါ ဘူး။ တွင်းရောဂါဖြစ်လို့ လာပြတဲ့လူနာတွေ သေတာများပါတယ်။ ဘာရောဂါမှန်းတောင် သေချာမသိလိုက်ရဘဲ သေသွားကြတဲ့ သူတွေလည်းရှိကြပါတယ်” ဟု ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button