တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 79, October 1, 2024)

၁။ ပလက်ဝမြို့နယ်တွင် ချင်းအမျိုးသား ၁၀ ဦးကို AA က ဖမ်းဆီးထားပြီး အဆက်သွယ်ပြတ်နေ
 September 30, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ချင်းအမျိုးသား ၁၀ ဦးကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်သွယ်ပြတ်တောက်နေကြောင်း ဖမ်းဆီးခံရသည့် မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရှိရသည်။ ဖမ်းဆီးခံရသူများ သည် င/ရှားကျေးရွာမှ ငါးဦး၊ ချင်းဒေါက်ကျေးရွာမှ နှစ်ဦးနှင့် ရေချမ်းသာကျေးရွာမှ သုံးဦးဟုသိရပြီး ၎င်းတို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ “AA ရဲဘော်တွေက ရွာထဲကို ဝင်လာပြီး နေအိမ် တွေမှာဖမ်းခေါ်သွားကြတာပါ။ ဖမ်းဆီးရတဲ့အကြောင်းအရင်းနဲ့ ဘယ်ကိုခေါ်သွားမလဲဆိုတာလည်းပြောမသွားပါဘူး။ အခုအချိန် ထိ ပြန်မလွှတ်ပေးသေးဘဲ အဆက်သွယ်ပြတ်တောက်နေတယ်။ လက်နက်ကိုင်အဖွဲ့စည်းက ဖမ်းဆီးသွားတဲ့အတွက် အသက် အန္တရာယ် စိုးရိမ်ရပါတယ်”ဟု ဖမ်းဆီးခံရသည့် မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူများထဲတွင် သာမန် အရပ်သားများဖြစ်ပြီး ကျေးရွာများတွင် ဒေသခံများတင်မြှောက်ထားသည့် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးတို့ပါဝင်နေကြောင်း သိရသည်။

“အခု အဖမ်းခံရတဲ့သူတွေဟာ အကုန်လုံးက သာမာန်အရပ်သားတွေဖြစ်တယ်။ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးဆိုတာ လည်း ရွာထဲမှာ သာရေး/နာရေးအတွက် ဦးစီးဦးဆောင်လုပ်ဖို့ ရွာသားတွေခန့်အပ်ထားတဲ့သူတွေဖြစ်တယ်။ ကျွန်တော်တို့ ကြားတာက သူတို့ကို CDF/PC/IKACC စတဲ့အဖွဲ့တွေမှာ ပါဝင်ပတ်သက်နေတဲ့အတွက် AA က အခုလိုဖမ်းဆီးသွားတာလို့ကြားသိရ တယ်”ဟု ပလက်ဝမြို့နယ်ဒေသတွင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ ပလက်ဝမြို့နယ်သည် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူ့များ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောင်ပေးရမည်ဖြစ်ပြီး ယခုကဲ့သို့ အရပ် သားပြည်သူများကို မကြာခဏ ဖမ်းဆီးစစ်ဆေးမူကို AA အနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင့်၎င်းက ဆိုသည်။ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း ဘောင်ဝီးကျေးရွာနှင့် ဘောင်ကူး ကျေးရွာတို့မှ ကျောင်းဆရာနှစ်ဦးအပါဝင် အရပ်သား ကိုးဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။ Read in Full

၂။  ချီဖွေမြို့ကို စတင်ထိန်းချုပ်လိုက်ပြီဟု KIA အတည်ပြု
 September 30, 2024
ကချင်အထူးဒေသ (၁) ချီဖွေမြို့ကို စတင်ထိန်းချုပ် လိုက်ပြီဟု KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြော သည်။ ကချင်အထူးဒေသ (၁) ချီဖွေမြို့အဝင်မှာ စစ်ကောင်စီတပ်၏ နောက်ဆုံးကျန်ရှိနေသော ခလရ (၁၀၅) ဗျုဟာတပ်စခန်း ကို KIA ပူးပေါင်းတပ်ကြီးက ယနေ့ညနေပိုင်းတွင် အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့တွင်းကို စတင်ထိန်းချုပ်လိုက် ခြင်းဖြစ်သည်။ ချီဖွေနှင့် ဝိုင်းမော်မြို့ကြားတွင်ရှိသည့် စစ်ကောင်စီတပ်၏ ရှငေါ် ပင်မတပ်စခန်းကိုလည်း KIA ပူးပေါင်းတပ် ဘက် က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။“ရှငေါ်နဲ့ ချီဖွေကို သိမ်းလိုက်ပါပြီ၊ ဟုတ်ကဲ့ ဒီညနေ ၂ နာရီခွဲမှာ သိမ်းလို့ရပီ”ဟု  ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ ချီဖွေမြို့သိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို အရှင်ဖမ်းဆီးရမိခဲ့ သကဲ့သို့ စစ်အရာရှိတဦး၏ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်း ရင်းမြစ်တခုက ပြောသည်။

“သူတို့ထဲက တချို့က သေထားတယ်။ လက်နက်တွေလည်း သိမ်းနိုင်ခဲ့တယ်။ ဒီမှာက အဓိက စစ်တပ်က ထိုင်တာ။ ပြည်သူ့စစ်ကနည်းတယ်။ ဗျူဟာမှူးဒဏ်ရာနဲ့ ဖမ်းမိတယ်။ 2 IC (ဒုတပ်ရင်းမှူး)ရဲ့ အလောင်းကိုလည်း တွေ့ထားတယ်။ ရဲတပ်ဖွဲ့ ဝင်တွေကိုလည်း ဖမ်းမိထားတယ်” ဟု ဆိုသည်။ ဗျုဟာမှူးကို အရှင်ဖမ်းမိထားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောဆိုသော်လည်း ထိုသတင်းကို မကြားမိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။ ချီဖွေမြို့နယ်သည် မြို့တော် မြစ်ကြီးနား၏ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်မှာရှိပြီး၊ မေခမြစ်၏ အနောက်ဖက်ကမ်းကို KIA တပ်မဟာ (၇) ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်သည်။ ချီဖွေမြို့၏ အရှေ့တောင်ဖက် တရုတ် – မြန်မာနယ်စပ် ပန်ဝါ (ပန်ဝါနယ်စပ်ကုန်သွယ် ရေးဇုန်)မြို့နှင့်  မိုင် ၄၀  ခန့်ကွာ ဝေးသည်။ ပန်ဝါမြို့က ကချင်အထူးဒေသ (၁) ၏ နယ်ခြားစောင့်တပ် ဌာနချုပ်ကြီး တည်ရှိရာမြို့လည်း ဖြစ်သည်။ Read in Full

၃။ နမ့်လန်မြို့နဲ့ ကောင်းဟတ်ရွာကြား MNDAA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ ခရီးသည် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
 September 30, 2024
ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့နဲ့ ကောင်းဟတ်ရွာကြား ကိုးကန့်တပ်မတော်- MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခရီးသည်အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၉ ရက် ည ၉ နာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေ ဆုံးသူအပြင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ “ထိခိုက် သေဆုံး တဲ့လူတွေတော့ လက်နက်ငယ်နဲ့ပစ်တာ လည်ပင်းထိတယ် အနောက်ဘက်အထိပွင့်တယ်။ ပြီးတော့ ကားဆရာတစ်ယောက်က ကျနော့်ရှေ့မှာဘဲပစ်လိုက်တယ်။ လက်နက်ကြီးထိတာတော့မဟုတ်ဘူး လက်နက် ငယ်တွေဘဲ။ မသိရင်ရည်ရွယ်ချက်ရှိရှိပစ်တဲ့ ပုံဘဲ” လို့ ဖြစ်စဉ်ကို တွေ့ရှိခဲ့တဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ ရှမ်းတောင် တောင်ကြီးကနေ ရှမ်းမြောက် လားရှိုးသို့သွားတဲ့ ကားသမားတွေကိုလည်း နမ့်လန်နဲ့ ကောင်းဟတ်ကြားမှာရှိတဲ့ စစ်တပ်က ကားအသေး ၆ သောင်းကနေ ၁ သိန်းကြား၊ ကားကြီး ၂ သိန်းကနေ ၅ သိန်းကြား ငွေ ကောက်ပြီး ည ၉ နာရီမှ ဖြတ်သန်းခွင့် ပြုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“သူတို့ကတော့ တောင်ကြီးကနေလာတဲ့ကားတွေ ပေးမဖြတ်ဘူး။ ည ၉ နာရီလောက်မှ ပိုက်ဆံ တောင်းပြီးမှ ပေးထွက် တယ်။ ခရီးသည်တင် ကားတွေကိုလည်း သူတို့လူတစ်ယောက်တစ်ယောက် လိုက်ခိုင်းတယ်။ ကားက လူ‌ပြည့်တယ် ပြောတာ တောင် မရဘူး။ သူတို့ လူတစ်ယောက် ထည့်လိုက်တယ်။ သူတို့က အရှေ့မှာ စစ်ဖြစ်နေတာ သိရက်နဲ့ ပြည်သူတွေကို ဒိုင်းအဖြစ် လုပ်ချင်နေတာ” စက်တင်ဘာ ၃ဝ ရက်မနက်ပိုင်းမှာတော့ တိုက်ပွဲငြိမ်သက်နေပြီးနှစ်ဖက်စစ်ရေးတင်းမာမှုရှိနေပြီးတော့ နမ့်လန် မြို့အဝင်ကိုလည်း မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ပိတ်ထားတယ်လို့ ၎င်းက ပြောပါတယ်။ Read in Full

၄။ စစ်တွေတွင် မွတ်ဆလင်ဒုက္ခသည်များ စစ်မှုထမ်းရန် ခေါ်ယူခံနေရဆဲ
 September 30, 2024
စစ်ကောင်စီသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်များကို စစ်မှုထမ်းရန်အတွက် ထပ်မံ ဖိအားပေး ခေါ်ယူနေကြောင်း ဒုက္ခသည်များက ပြောသည်။ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ ဘောဒူဖ၊ သက္ကယ်ပြင်၊ အုန်းတောကြီး၊ အုန်းတော ချေ စသည့် ဒုက္ခသည်စခန်းများအပြင် ဘုမေကျေးရွာသို့ စက်တင်ဘာ ၂၀ ရက်နှင့် ၂၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ကာ အောက်တိုဘာလမှစ၍ စစ်မှုထမ်းခေါ်ယူမည်အကြောင်း အသိပေးထားသည်။  လူဦးရေမည်မျှခေါ်မည်ကို မသိရ‌ ကြောင်းနှင့် ဆန့်ကျင်သူများကို အရေးယူသွားမည်ဟု သတိပေးထားသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ဆိုသည်။ သက္ကယ် ပြင် ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက “Camp တစ်ခုက လူဘယ် လောက်ဆိုပြီး ပြောခဲ့တာတော့ မရှိသေးဘူး။ လိုအပ်ရင်လို အပ်သလို ရသလောက်ခေါ်ယူသွားမယ်၊ အသင့်ပြင်ဆင်ထားကြ၊ ထွက်ပြေးဖို့မကြိုးစားနဲ့ ဆိုပြီးတော့လည်း ပြောခဲ့တာရှိပါ တယ်” ဟု ပြောသည်။ စစ်မှုထမ်းခေါ်မည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုယ်တိုင်လာရောက်၍လည်း ကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း နည်းမျိုးစုံဖြင့် သတိပေးထားကြောင်း သိရသည်။

ရခိုင်စစ်မြေပြင်တွင် ရှုံးနိမ်နေသော စစ်ကောင်စီသည် အင်အားဖြည့်တင်းရန်အတွက် မွတ်ဆလင်များကို အတင်း အဓမ္မ ဖိအားပေးကာ စစ်မှုထမ်းခေါ်ယူနေပြီး အာရက္ခတပ်တော်နှင့် တိုက်ပွဲများ၌ အသုံးပြုလျက်ရှိသည်။“ကျနော်တို့က စစ်သင်တန်း လည်း မတက်ချင်ဘူး။ စစ်သင်တန်းမတက်ချင်လို့ တိမ်းရှောင်နေရင်လည်း ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို လိုက်ဖမ်းပါတယ်။ ကျနော်တို့မှာ ငြင်းပယ်လို့မရ၊ သွားစရာလမ်းလည်း မရှိသလို ပြေးဖို့နေရာလည်း မရှိပါဘူး။ သူတို့လိုအပ်ရင် လိုအပ်သလို ကျနော်တို့ကို အသုံးချနေတာ” ဟု ဒါးပိုင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လနှင့် ဇွန်လကလည်း စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည် ထောင်နှင့်ချီကို စစ်ကောင်စီက မက်လုံးပေးပြီး စစ်မှုထမ်းခေါ်ကာ အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းခဲ့သည်။ မိသားစုဝင် မွတ်ဆလင်အမျိုးသမီးတစ်ဦးက “ဖေဖော်ဝါရီလ ကတည်းက သင်တန်းတက်ဖို့ခေါ်သွားတာ အခုချိန်ထိ အဆက်သွယ်မရသေးပါဘူး။ ဘယ်နေရာရှိတယ်၊ ဘာတွေလုပ်နေလဲ ဆိုတာကိုလည်း မသိရပါဘူး။ တချို့ကတော့ ကင်းစောင့်၊ မြို့ပတ်အလုပ်ကို လုပ်နေကြတာလည်းရှိပါတယ်”ဟု ပြောသည်။ Read in Full

၅။ နိုင်ငံရေးနည်းအရ ပြဿနာဖြေရှင်းလိုပါက ခြေဥဖျက်သိမ်းပြီး စစ်တပ် စစ်တန်းလျားပြန်ရမည်
 September 30, 2024
တော်လှန်ရေးအဖွဲ့များအား လက်နက်စွန့်ကာ နိုင်ငံရေးဆွေးနွေးပွဲ လာရောက်ရန် ဖိတ်ခေါ်ထားချိန်တွင် လေကြောင်း အသုံးပြုပြီး အရပ်သားများပစ်မှတ်ထား  တိုက်ခိုက်ခြင်းမှာ စစ်ကောင်စီ​၏ ရိုးသားဖြောင့်မှန်မှုမရှိသောလုပ်ရပ်ဟု မွန်တိုင်းရင်း သား တော်လှန်ရေးစုဖွဲ့မှု တစ်ခုဖြစ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)က သဘောထား ထုတ်ပြန် သည်။ တိုင်းပြည်နှင့် လူထုကို နည်းလမ်းမျိုးစုံအသုံးပြုကာ ဖိနှိပ်သတ်ဖြတ်လျက်ရှိသော အကြမ်းဖက် စစ်ကောင်စီသည် စက်တင်ဘာ ၂၆ ရက်တွင် နိုင်ငံရေးလှည့်ကွက်တစ်ခုအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို လက် နက်ကိုင်လမ်းစဥ်ကို စွန့်ပြီး နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ် ကြောင်း၊ စစ်ကောင်စီအနေဖြင့် အဘက်ဘက်မှ ပြိုလဲ ကျဆုံးနေချိန်  နိုင်ငံတကာ တရားဝင်မှုရရှိရေးကို အားထုတ်သည့်အနေဖြင့် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပရန်ပြင်ဆင် သည်နှင့် တပြိုင်တည်း ယခုနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အားထုတ်လာခြင်းဖြစ်ကြောင်း MSFC က ထုတ်ပြန်သည်။ မွန်ပြည် ဖက်ဒရယ်ကောင်စီသည် စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီးထားသော အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ရန် လက်ခံ စဥ်းစားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ကြေညာသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် စစ်တပ် အာဏာရရှိရေးကို ထောက်တိုင်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက် သိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်သည့် မည်သည့်နိုင်ငံရေးဆွေးနွေးပွဲမဆိုကြိုဆိုထောက် ခံပြီး ပါဝင်သွားရန် အသင့်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်သည်။“ကျနော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ စစ်အာ ဏာရှင်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပျက်သုဉ်းတဲ့အထိ တိုက်ပွဲဝင်နေပြီး အောက် ခြေကနေလာတဲ့ ဖက်ဒရယ်ပြည် ထောက်စုတည်ဆောက်ရေးကို အားထုတ်နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နေချိန်မှာ နိုင်ငံရေးပြသနာကို အာဏာသိမ်းပြီး လက်နက်နဲ့ဖြေရှင်းတတွေကို ဆန့်ကျင်ပါတယ်။ နိုင်ငံရေးပြသနာကိုဖြေရှင်းတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း ပြီးတော့ စစ်တပ်က စစ်တန်းလျားကို ပြန်ဖို့လိုအပ်ပါတယ်။ ၂၀၀၈ အောက်မှာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး”ဟု MSFC ပြောရေးဆိုခွင့်ရှိသူ နိုင်ပညာမာန်က ပြောသည်။ မွန်တော်လှန်ရေးအင်အားစုကဲ့သို့ပင် ကရင်၊ ချင်း၊ တအာင်း၊ ရခိုင် အပါအဝင် အခြားသော တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို အယုံအကြည်မရှိဟု ထုတ် ဖော်ပြောဆိုထားသည်။  Read in Full

၆။ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရင်း နှစ်ခု တိုက်ခိုက်ခံရ၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ
 October 1, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း နှစ်ခုကို စက်တင်ဘာ ၃၀ ရက်နေ့မှာ တပြိုင်နက်တည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။ သိမ်ဇရပ်မြို့ စစ်ကွင်းကျေးရွာအနီး အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်နဲ့ အမှတ် ၂၀၇ ခြေမြန်တပ်ရင်း တို့ ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ပါ ဗုံးချတိုက် ခိုက်တာပါ။ အဲဒီတိုက်ခိုက်မှု ကြောင့် မနက် ၉ နာရီကနေ နေ့လယ် ၁၁ နာရီအချိန်အထိ နှစ်နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး ပြောင်းကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲပြီးနောက် တော်လှန်ရေးအင် အားစု ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ ညနေ ၃ နာရီအချိန်အထိ ကျေးရွာတွေဘက်ကို လက် နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ သိမ်ဇရပ်တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန် တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီရဲ့ သံတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။ Read in Full

၇။ မင်းတပ်မှာ နှစ်လအတွင်း ဗုံးကြဲတိုက်ခိုက်မှု အကြိမ်လေးဆယ်ကျော်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ပြော
 September 30, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဩဂုတ်လနဲ့ စက်တင်ဘာလ နှစ်လအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံး ကြဲ တိုက်ခိုက်မှု ၄၄ ကြိမ်လုပ်ပြီး လူနေအိမ် ၃၆ လုံး မီးရှို့ ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့က စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ပြီး နေအိမ် ကိုးလုံး၊ စာသင်ကျောင်း နှစ်ခု နဲ့ စာသင်ကျောင်း ဘော်ဒါဆောင် လေးခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် စစ်ကောင်စီတပ် က ဩဂုတ်လအတွင်းမှာ တစ်ကြိမ်၊ စက်တင်ဘာအတွင်းမှာ ခြောက်ကြိမ်ခန့် မင်းတပ်မြို့ပေါ်က နေအိမ်တွေ မီးရှို့တာကြောင့် နေအိမ် ၃၆ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “တိုက်ပွဲ ပစ်ခတ်မှုတွေက ရှိတာမဟုတ်ဘူး။ အကြောင်းမဲ့ လေကြောင်းနဲ့ အရပ်သားတွေကို ပစ်မှတ် ထားပြီး ပစ်ခတ်တာ ဖြစ်တယ်။ နေအိမ်‌ဆိုရင်လည်း ဆက်တိုက်ကို ရှို့နေတော့တာ၊ တဖြည်းဖြည်း ကုန်တော့မယ်” စစ်ကောင်စီ တပ်က ကုန်းလမ်းနဲ့ ရိက္ခာပို့တာ၊ ထိုးစစ်ဆင်တာ မလုပ်တော့ဘဲ ခြေလျင်တပ်ရင်း ခလရ – ၂၇၄ တပ်ရင်းကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို လေကြောင်းနဲ့ အကြိမ်ရေ ၅၀ ထက်မနည်း လေယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

၈။ မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်း တိုက်ပွဲပြင်းထန်နေ
September 30, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း) ၌ တိုက်ပွဲပြင်းထန်နေသည်။ စစ်ကောင်စီ​၏ စွယ်တော်ကုန်းအား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက် နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ” ကော်ဘရာက ပစ်နေတာထင်တယ်။ တအုန်းအုန်းနဲ့ချနေတာ။ မနေ့ က ပြန်ဖြစ်တာ။ မနေ့က လေယာဉ်နဲ့လာပစ်တယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့က တိုက်ပွဲအတွင်း စွယ်တော်ကုန်းရှိ စစ်ကောင်စီ​၏ လက်နက်တိုက်ဗုံးကျရောက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ခဲ့သည်ဟု ကြားသိရကြောင်းလည်း အခြားကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ခဲယမ်းတိုက် ဗုံးထိမီးလောင်တယ်ကြားတယ်”ဟု ၎င်းက ပြောသည်။ ပြီးခဲ့ သည့် စက်တင်ဘာ ၁၃ ရက်ကလည်း အဆိုပါနေရာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးပတ်ကြဲခဲ့ သည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ် ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပြီးခဲ့သည့်ရက် ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး ဩဂုတ် ၂၉ ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့သည်။ ကရင်ပြည် နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေသည်။ အဆိုပါစွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာ ပူးပေါင်းတပ်များက ယခင်က မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် ဝန်းရံပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ ရက်တွင် သိမ်းပိုက်ခဲ့သည်။ Read in Full

၉။ သန်းခေါင်စာရင်း ကောက်ယူရာ၌ ပါဝင်သူများကို ချင်းညီနောင်အဖွဲ့ အရေးယူမည်
 October 1, 2024
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းမှာ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ ချင်းညီနောင် (Chin Brotherhood) အဖွဲ့က စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။ ချင်းညီ နောင်အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “သန်းခေါင်စာရင်းကို အသုံးချပြီးတော့ အတင်းအဓမ္မ စစ်သားစုဆောင်းဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နိုင်မယ့် တခြားကိစ္စရပ်တွေမှာလည်း အသုံးပြုဖို့ ရည်ရွယ်ပြီးတော့ သန်းခေါင်စာရင်း ကောက်ယူဖို့ ပြင်ဆင်လာတာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မိုက်ရူးရဲဆန်ပြီး အာဏာမက်မောမှုကို ပြသနေတာသာဖြစ်တယ်။ သူတို့ရဲ့ ရွေးကောက်ပွဲဟာလည်း အတုအယောင်သာဖြစ်တယ်။ ဒါကြောင့်မို့ သူတို့ရဲ့ရွေးကောက်ပွဲကိုလည်း အယုံအကြည်မရှိသလို သန်းခေါင်စာရင်း ကောက်ဖို့ ပူးပေါင်းပါဝင်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

အခုလို ပြည်တွင်းစစ်တွေ ဖြစ်ပွားနေပြီး တိုင်းပြည်မတည်မငြိမ် ဖြစ်နေတာအပြင် ပြည်သူတွေဟာ သဘာဝဘေး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို လုံလောက်တဲ့ကူညီမှု ပေးတာတွေမရှိဘဲ သူတို့အာဏာ တည်မြဲရေးအတွက် ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ အဓမ္မကြိုးပမ်းနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ချင်းညီနောင်အဖွဲ့ရဲ့ ပြန် ကြားရေးတာဝန်ရှိသူတယောက်က“အဓိကအားဖြင့်တော့ ကျနော်တို့ လှုပ်ရှားမှုနယ်မြေထဲမှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်တာကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်တဲ့ မည်သူ့ကိုမဆို ဖမ်းဆီးပြီး ပြင်း ပြင်းထန်ထန် ပြစ်ဒဏ်ပေးခံရတာမျိုးတွေ ရှိ လာမှာဖြစ်တယ်။ ဒါကြောင့်မို့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက် ယူရာမှာ မပူးပေါင်း မပါဝင်ကြဖို့ ထပ်မံသတိပေးလိုပါတယ်” လို့ ပြောပါတယ်။ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီယန္တရား သက်ဆိုးရှည်ဖို့ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်ကြသူတွေကို စောင့်ကြည့်ပေးကြဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။ ချင်းညီနောင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုနယ်မြေတွေ ဟာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ တီးတိန်၊ တွန်းဇံနဲ့ ဖလမ်းမြို့နယ်တွေ ဖြစ်ပါတယ်။ Read in Full

၁၀။ တောထဲမှာစစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးငယ်နဲ့ မသန်စွမ်းတွေအတွက် ကူညီမှုလိုအပ်နေ
 October 1, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲမှာ ကိုယ်ဝန် ဆောင်မိခင်၊ ကလေးသူငယ်၊ မသန်စွမ်းတွေများစွာပါဝင်နေပြီး ဆေးဝါးနဲ့စားသောက်ကူညီထောက်ပံ့မှု ဆက်ပြီးလိုအပ်နေသေး တယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ စတင်လာတဲ့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ဒေသခံတွေပြည်သူတွေတစ်ချို့ တော၊ယာခင်းတွေမှာ ခက်ခက် ခဲခဲ စစ်ရှောင်နေကြတာ ခုဆိုရင် ရက်ပေါင်း ၂၃ ရက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီစစ်ဘေးရှောင်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ ကလေး သူငယ်နဲ့ မသန်စွမ်းတွေပါဝင်နေတဲ့အတွက် အဓိကဆေးဝါးနဲ့ အစားသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးခုလိုပြောပါတယ်။“ခုကျမတို့ဒီမှာလူဦးရေ ၃၀၀ ကျော်ပြီ ခြေထောက်မသန်တဲ့သူတွေလည်းပါတယ် ကိုယ်ဝန် ဆောင်မိခင်၊ လသားအရွယ်မွေးထားတဲ့မိခင်တွေ၊ ကလေးသူငယ်တွေလည်း အများကြီးပါတော့ အဝေးကိုမသွားနိုင်ကြဘူး။ အဲဒါကြောင့်လည်း ဒီတောထဲမှာဘဲ သောင်တင်နေတဲ့အခြေနေဖြစ်နေတယ်။အဲကြောင့် ဆေးဝါးနဲ့အစားသောက်တွေက လိုအပ် နေသေးတယ်”လို့ ပြောပါတယ်။ တော၊ တောင်၊ယာခင်းထဲစစ်ရှောင်နေတဲ့သူ ၃၀၀ ဝန်းကျင်ထဲက ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း ၂၀၀ ခန့်ရှိတယ်လို့သိရပြီး နေရာထိုင်ခင်းအတွက် မိုးကာတဲထိုးပြီးနေရတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ချောင်းရေတွေမသန့်တဲ့အတွက် သောက်သုံးရေရှားပါးတဲ့ပြသာနာလေးကြုံတွေ့နေရသလို ခြင်၊ဖြုတ်ပေါ်လွန်း တာကြောင့် ဖျားနာသူတွေလည်း ရှိလာနေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။ ဒါပေမယ့် လက်ရှိချိန်ထိ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဆက်ရှိနေသေးသလို KIA ပူးပေါင်းတပ်ဘက်ကလည်း ပိတ်ဆို့ထားဆဲဖြစ်တာ ကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေနေရပ်ပြန်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေ ဟာ နေအိမ်အများအပြားလည်း ဆုံးရှုံးထားကြတဲ့အပြင် စစ်ရှောင်ချိန်သယ်ဆောင်ခဲ့တဲ့ စားသောက်ကုန်တွေလည်း စစ်ရှောင် ကာလကြာမြင့်လာတဲ့အတွက် ကုန်နေပြီလို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အစတော့ ကျမ မပြေးတော့ ဘူးလို့ဆုံးဖြတ်ထားတာ မိသားစုကမစုံတော့ပြေးချင်စိတ်လဲမရှိတော့ဘူး။ သမီးက ဟိုတယ်ထဲပိတ်မိတဲ့ပါနေတော့ ပိုစိုးရိမ် တယ်။ နောက်ပိုင်းတော့ လေယာဉ်ကြဲတာက နေလို့မရတော့တဲ့အထိဖြစ်လာလို့ ပြေးလာတာ။ ခုယူလာတဲ့စားစရာတွေလည်း ကုန်နေပြီ။ ဒီမှာလုံးဝနေလို့မရတော့ဘူးဆိုရင်တော့ တစ်ခြားနေရာကိုထပ်ပြေးဖို့တော့ စဉ်းစားထားတယ်” လို့ ပြောပါတယ်။ Read in Full

၁၁။ ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၇)၊ ပလရဲစခန်းနှင့် စခန်းကုန်းတစ်ခု တိုက်ခိုက်ခံရ
 September 30, 2024
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း ခလရ (၁၇)၊ ပလရဲစခန်းနှင့် တိုတာဝါတိုင်စခန်းကုန်းတို့ ကို လေးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ခိုက်မှုများကို စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်ဆက်လုပ်ဆောင်ခဲ့ပြီး ခလရ (၁၇)တပ်ရင်းအား (၂) ကြိမ်၊ ပလရဲစခန်းအား (၆)ကြိမ်၊ တိုတာဝါတိုင်စခန်းကုန်းအား (၇)ကြိမ်၊ ခလရ(၂၈၅) တပ်ရင်းအနီးရှိ အော်သာယာဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းအား (၁)ကြိမ် စုစုပေါင်း (၁၆)ကြိမ် တာဝေးဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” အကုန်လုံး တော့ အသေးစိတ်မသိပေမဲ့ ထိ ခိုက်တာတော့ သိရတယ်ဗျ။ ဆေးရုံမှာ တင်ထားတဲ့ဟာတွေ။ ကင်းထောက်ထဲမှာတော့ ပတ်ပြေး နေတာတွေလည်းရှိသလို မြေပေါ်လဲနေတာတွေလည်း တွေ့ရတာပေါ့”ဟု စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအခြေအနေကို ပုလော(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အထက်ပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်စခန်းများ၏ အဆောက် အဦးများနှင့် တပ်သားများ ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် တုံ့ပြန်မှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။

“လက်နက်ကြီးတွေတော့ အခုထိပစ်နေတုန်းပဲ။ နေ့လယ်တုန်းက ကင်းထောက်တွေနဲ့လိုက်ကြည့်တာ လယ်ကွင်းတွေ ထဲမှာ (ကင်းပုန်း) ဝပ်နေကြတယ်။ အခုထိ ဝပ်နေကြတုန်းပဲ”ဟု (စက်တင်ဘာ ၂၉ ရက်)၉ နာရီတွင် လူထုနွေဦး၏ ဆက်သွယ် မေးမြန်းချက်အား ပုလော(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။ လက်ရှိအခြေအနေတွင် တိုက်ခိုက်ခံထားရသော တပ်စစ်ခန်း များသို့ စစ်ကောင်စီက ရေလမ်းမှတဆင့် အင်အားများထပ်မံဖြည့်တင်းနေပြီး ၎င်းတပ်စခန်းများသို့အဝင်အထွက်ပြု လုပ်နိုင် သည့် ကုန်းလမ်းပိုင်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပိတ်ဆို့ထားကြောင်း သိရသည်။ ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျှက်ရှိရာ စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ရှပ်ပုံကျေးရွာနှင့် ငါးမိုင် ရွာထိတွေ့တိုက်ပွဲများတွင် ပုလော-ပကဖ အဖွဲ့ဝင် (Shadow Squad)Drone တပ်ဖွဲ့မှ (၁၅) ကြိမ်ထက်မနည်း ဒရုန်းဗုံးသီးကြဲ ချ တိုက်ခိုက်ခဲ့သေးသည်။ တိုက်ပွဲဖြစ်ပွားလျှက်ရှိသော စစ်ကောင်စီတပ်စခန်းများသည် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ တပ်စခန်းများဖြစ်သောကြောင့် ခရီးသွားမိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်သွားလာပေးကြပါရန် တော်လှန်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။ Read in Full

၁၂။ သီပေါမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရ၊ ခလရ ၂၃ တပ်မှာ တိုက်ပွဲပြင်းထန်နေ
 September 30, 2024
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲပြင်းထန်နေတဲ့ သီပေါမြို့မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာ ကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ စက်တင်ဘာ ၂၈ ရက် ဇာတ်စုရပ်ကွက်နဲ့ စျေးရပ်ကွက် မှာ ဘောလုံးကွင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာလည်း အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ကျဥ်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ သီပေါဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒါအပြင် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ ခြေလျင် တပ်ရင်း-၂၃ တပ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေပြီး စစ်ကောင်စီက လေ ကြောင်းသုံးပြီး အပြင်းအထန်ခုခံနေတယ်လို့ စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

” မနက်တုန်းက ဂျက်လည်းလာပစ်သွားတယ်။ နေ့လည်တုန်းက Y-12 နဲ့ လာပစ်တယ်။ အခုလည်း Y-12 ကလာဝဲနေတယ် ပစ်တာတော့ မရှိသေးဘူး။ တိုက်ပွဲက ၂၃ တပ်မှာ ဖြစ်နေတာ” စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း-၅၀၃ နဲ့ ၅၀၄ ကိုတော့ TNLA က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။ သီပေါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၇ ဦး ဒဏ်ရာရ သူ ၆၀ နီးပါးရှိပြီ ဖြစ်ပါတယ်။ သီပေါမြို့မှာ တိုကိပွဲတွေ ငြိမ်သက်ရာကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ကစပြီး စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့တာ ၂ ပတ်ကြာရှိနေပြီ ဖြစ်ပါတယ်။ Read in Full

၁၃။ ရေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီချ
 September 30, 2024
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်မှ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက် ကြောင်း မြို့ခံများထံမှ သိရသည်။ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ (PDF) နှင့် ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  ယင်းနောက် ဖမ်းဆီးခံရသည့် မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့် အရေးယူခဲ့ သည်။ စက်တင်ဘာလနောက်ဆုံးအပတ်တွင် စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်တရားရုံးက မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “သူတို့နှစ်ဦးကို ဩဂုတ်လဆန်းပိုင်း လောက်ကတည်းက ဖမ်းသွားတာ။ ဖမ်းပြီးတော့ PDF ကို ဆက်သွယ်တယ်၊ ထောက်ပံ့တယ်ဆိုပြီး ပုဒ်မတွေတပ် အမှုဖွင့်လိုက် တာ။ ထောင်ဒဏ်ချမှတ်လိုက်တာက ဒီရက်ပိုင်းအတွင်းမှာပဲ” ဟု ၎င်းက ပြောသည်။  

ထောင်ဒဏ်ချမှတ်ခံရသည့် မနန်းရီနှင့် မမိုးခိုင် တို့နှစ်ဦးကို ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် အကျဉ်းချထားသည် ဟု သိရသည်။ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရေးမြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် စစ်ဆေးမှုများ အထူးတင်းကြပ်ထားပြီး ဖမ်းဆီးမှုလည်း ဆက်တိုက်ပြုလုပ်နေ သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သည်ဆိုကာ ဩဂုတ်လ နှင့် စက်တင်ဘာလအတွင်း ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ရေးမြို့နယ်တွင်သာမက သံဖြူဇရပ်၊ ကျိုက်ထို၊သထုံ၊ ဘီးလင်းမြို့နယ် တွင်လည်း PDF ကို ဆက်သွယ်၊ ထောက်ပံ့သည် ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဒေသခံပြည်သူများကို ဆက်တိုက် ဖမ်းဆီးနေသည်။ Read in Full

၁၄။ ပင်လောင်းတိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ် ၅ လုံး ပျက်စီး
 September 30, 2024
 ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် လူနေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ပင်လောင်းမြို့နယ်၊ ဗန်းမောက်နဲ့ နမ့်ဖာမူကျေးရွာတို့မှာ စက်တင်ဘာလ ၁၇ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက် နက်ကြီး ဒဏ်တွေကြောင့် ထိခိုက်ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။“အိမ်ခဏပြန်ကြည့်တဲ့လူတွေ ပြောတာပေါ့နော်။ ဘယ်သူမှ မပြန်ရဲကြ ဘူးလေ။ ပစ်နေကြတုန်းပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိချိန်အထိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)၊ စစ်ကောင်စီ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့ တုန်းကလည်း စစ်ကောင်စီဘက်က ၅ ကြိမ်တိတိ လေကြောင်းတိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦး လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး လူဦးရေ ၂ သောင်းနီးပါး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ PNA အနေနဲ့ ဩဂုတ်နဲ့ စက်တင်ဘာလ အတွင်းမှာ စစ်ကောင်စီ ခိုင်းစေမှုအရ စစ်အင်အားပြသခြင်း၊ စစ်မှုထမ်းခေါ်ယူခြင်း၊ အခွန်ကောက်ခံခြင်း စတာတွေကို အားစိုက် လုပ်ဆောင်နေပြီး ပအိုဝ်းဒေသတွင်းဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ရေဘးနဲ့ စစ်ဘေး ကြုံတွေ့နေရပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရ ဒေသတွေမှာလည်း ၂ မျိုးလုံးကြုံတွေ့နေရတယ်လို့ သိရပါတယ်။ Read in Full

၁၅။ ဆီးဘူးပလော့ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာမှာ ဖျားနာတဲ့ စစ်ရှောင်တွေများ၊ ဆေးဝါးကုသမှုတွေ လိုအပ်
 October 1, 2024
ကရင်နီပြည်၊ ဒီး‌မော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ ဆီးဘူးပလော့ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာမှာ ဖျားနာတဲ့ စစ်ဘေးရှောင်တွေများပြားနေပြီး ဆေးဝါးကုသမှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ကျေးရွာအတွင်းက စစ်ရှောင်စခန်းတွေမှာ ‌ဆေးပေးခန်းတွေ မရှိတာကြောင့် ဆေးဝါးကုသမှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းမှာ စာသင် ကြားပေးနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။“ဖျားတာကလေ ကျောင်းက ကလေးတွေလည်း အယောက်၂၀ လောက်ဖျားကြတာရှိတယ်။ လူကြီးတွေ ဖျားနာနေကြတာမျိုးလည်းရှိပါတယ်။ ရွာအတွင်းမှာက ဆေးခန်း လည်းမရှိဘူးလေ အဲ့ကြောင့် အခု ထိ ဆေးဝါးကုသမှု လာလုပ်ပေးတာတော့မရှိသေးဘူးပေါ့နော်။ ဆေးကုသဖို့တော့ လိုနေတယ်ပေါ့ခုက။”လို့ စာသင်ကြားပေး နေတဲ့ ဆရာမတစ်ဦးက ဆိုပါတယ်။

ကျောင်းနေအရွယ် ကလေးတွေအများစု ဖျားနာကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ထွန်းမြန်မာဒို နေးရှင်းအဖွဲ့ဝင် ကိုဖိုးဇော်က အခုလိုပြောပါတယ်။“ဖျားတာတစ်ပတ်ရှိပါပြီ။ ဘာရောဂါမှန်းတော့မသိပေမဲ့ ချမ်းရင်တစ်အား ချမ်းတယ်။ ပူရင်လည်း အဝတ်အစားမဝတ်နိုင်အောင်ပူတယ်၊ အဲ့လိုပြောကြတာပေါ့နော် ။ အထူးသဖြင့် ကလေးငယ်တော်တော် များများ တစ်ပတ်ထိ ဝမ်းမသွားနိုင်ကြတာလည်း ရှိတယ်။ ဆေးကုသပေးနိုင်မယ့် အဖွဲ့တွေ တကယ်လိုအပ်နေတယ်ပေါ့နော်။” လို့ ကိုဖိုးဇော်က ဆိုပါတယ်။ စစ်ရှောင်စခန်းမှာ စာသင်ကျောင်း Grade-1 ကနေ Grade-5 အထိဖွင့်လှစ်ထားပြီး ကျောင်းသား ပေါင်း ၄၂ ဦးရှိပါတယ်။ ဖျားနာမှုတွေကြောင့် ကျောင်းမလာနိုင်တဲ့ ကလေးတွေများလာတယ်လို့လည်း ကျောင်းဆရာမတစ်ဦး ကပြောပါတယ်။“ကျောင်းကတော့ အပြီး ပိတ်ပေးလိုက်တာမျိုး‌တော့ မလုပ်သေးဘူးပေါ့နော်။ ဘာလို့လဲဆို တချို့ကလေးတွေ ကအလည်မက်တော့ စာမေးပွဲလည်း ရောက်တော့မယ်ဆိုတော့ နောက်ကစာတွေပဲ ပြန်လေ့ကျင့်ခိုင်းထားတယ်ပေါ့နော်။ ဆရာ/မ တွေလည်း ဖျားတဲ့လူရှိတော့ ရှိတဲ့လူနဲ့ တတ်နိုင်သလောက် လုပ်ပေးတာမျိုးရှိတယ်“ လို့ သူကဆိုပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၄၀ ဝန်းကျင် ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိပါတယ်။ Read in Full

၁၆။ စစ်ကောင်စီဖမ်းဆီးသွားသည့် သိက္ခာတော်ရဆရာ မဒိန်ခေါ်ဘောမ် ပြန်လည်လွတ်မြောက်ပြီဟုဆို
 September 30, 2024
စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့က နေအိမ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည့် သိက္ခာတော် ရ ဆရာ မဒိန်ခေါ်ဘောမ် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။ ဆရာ မဒိန်ခေါ်ဘောမ်ကို မြောက်ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်နှစ်လကျော်ကြာဖမ်းဆီးထားခဲ့ရာမှ ပြီးခဲ့သည့် စက်တင်ဘာဒုတိယပတ်တွင် ပြန်လည်လွတ် မြောက်လာခြင်းဖြစ်သည် ဟု နီးစပ်သူတစ်ဦးက ပြောသည်။“ဘာမှမဖြစ်ဘူးလို့တော့ပြောတယ်။ သူတို့ဖမ်းတဲ့အချိန် သိမ်းသွားတဲ့ ဖုန်းတွေ၊ ကွန်ပျူတာ တွေကိုလည်း ပြန်ပေးတယ်လို့ပြောတယ်။ အစကတည်းက တိုင်းမှာဖမ်းထားတာဟုတ်တယ် အခုလွတ်မြောက်လာတာပေါ့” ဟုပြောသည်။ စစ်ကောင်စီလက်အောင်ခံ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် ၎င်းနေထိုင်ရာ အိမ်မှလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နှစ်လကျော်ကြာ ဖမ်းဆီးထိန်း သိမ်းခံခဲ့ရ သည်။

ဝူယန်ကျေးရွာရှိ ခါနန်နှစ်ခြင်းအသင်းတော်မှ အမှုတော်ဆောင်ဆရာ မဒိန်ခေါ်ဘောမ် ပြန်လည်လွတ်မြောက်လာသည် မှာ သေချာသော်လည်း လူချင်းမတွေ့ရသေးကြောင်း ဘာသာရေးဆရာတစ်ဦးက ပြောသည်။“ပြန်လွတ်လာပြီ ပြန်လွတ်လာ တာကနည်းနည်းတော့ကြာပြီဟုတ်တယ်။ အသေးစိတ်တော့မသိသေးဘူး ကျွန်တော်လည်းမဆုံဖြစ်သေးဘူး။ အခုက သူ့မိသားစု တွေနဲ့အတူရှိနေလောက်ပြီ” ဟုပြောသည်။ လက်ရှိ ဝိုင်းမော် – ဝါးရှောင်လမ်းပေါ်၊ လဘန်၊ တန်ဘောင်နှင့် ဝူယန်စသည့် ကျေးရွာ များရှိ ဒေသခံပြည်သူတို့၏ သော့ခတ်ပိတ်ထားသော နေအိမ်တံခါးများကို ရိုက်ဖျက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း ဒေသခံမျာ း၏ပြောပြချက်အရ သိရသည်။ ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေဆဲဖြစ်ပြီး ပြီးခဲ့သည့် မေလမှစတင်ကာ လက်ရှိအချိန်ထိ စစ်ရေး တင်းမာနေသဖြင့် ဒေသခံပြည်သူများမှာလည်း တိမ်းရှောင်နေကြဆဲဖြစ်သည်။ Read in Full

၁၇။ ရေဖြူမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
 September 30, 2024
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဂန့်ဂေါ်တောင်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်း လင်းခဲ့တယ်လို့ ရေဖြူမြို့နယ် ဝေဟင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ည ၇ နာရီခွဲအချိန်ခန့်မှာ ဂန့်ဂေါ်တောင်ကျေးရွာနေ အသက် ၆၀ ဝန်းကျင်အရွယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ ဦးတင်မြင့်ဟာ စစ်ကောင်စီတပ်သားတွေကို လမ်းပြပြုလုပ်ပေးတာ၊ ဖုန်းနဲ့သတင်းပေး ပို့တာ၊ လူကိုယ်တိုင် သွားရောက် သတင်းပေးတာနဲ့ အိမ်ထောင်စုစာရင်းတွေ စစ်ဆေးပြီးလူမတွေ့လျှင် စစ်ကောင်စီအား သတင်း ပေးပို့တာအပြင် ရွာသားတွေအပေါ် ငွေကြေးရယူမှုတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီ ဒေါက်တိုင်နဲ့ သတင်းပေးတွေကို အမြဲ စောင့်ကြည့်နေပြီး ရှင်းလင်းသွားမယ်လို့ သတိပေးထားပါတယ်။ ဒီပစ်ခတ်ရှင်းလင်းမှုကို ဒေါနတပ်ခွဲ ၆ နဲ့ ဒေါနတပ်ခွဲ ၇ တို့ကပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်ကရွာသားတွေနဲ့ လုံးဝသက်ဆိုင်မှုမရှိဘူးလို့ အသိပေးထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် လအတွင်း တနင်္သာရီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းမှုနဲ့ တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၈ ဦးရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thainitharyi ရဲ့ အစီရင်ခံစာ အရ သိရပါတယ်။ Read in Full

၁၈။ မောင်တောတွင် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီး
 September 30, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ရာနဲ့ချီ ပျက်စီးသွားခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။ စက်တင်ဘာ ၂၉ ရက်တွင် Y-12 လေယာဉ်ဖြင့် ဗုံး အလုံးရေ ၅၀ ထက်မနည်း ကြဲချခဲ့မှုကြောင့် မောင်တောမြို့ အမှတ် (၂) ရပ်ကွက်၊ မြို့မကညင်တန်း၊ ဝီမလ၊ ငါးခူရ (မွတ်ဆလင်) ရွာနှင့် ရွှေဇားရွာတို့တွင် နေအိမ် ၁၀၀ ခန့် ပျက်စီးသွားခဲ့သည်။“Y-12 နဲ့လာပြီးတော့ တစ်မနက်လုံး ဗုံးလာကြဲတာ။ မြို့ပေါ်က ရပ်ကွက်တချို့မှာကျပြီး မီးလောင်တာတွေ ရှိတယ်။ ခန့်မှန်းရသလောက်တော့ နေအိမ်တစ်ရာလောက် ရှိနိုင်တယ်။ အိမ်အရေ အတွက်ကို အတိအကျမသိရသေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မောင်တောမြို့တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် နယ်ခြားစောင့်ရဲတပ်ရင်း – နခခ (၅) ကို အာရက္ခ တပ်တော်(AA)က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်လျက်ရှိသည်။ နခခ (၅) ကို ထိုးစစ်အရှိန်မြှင့်မည်ဟု စက်တင်ဘာ ၂၇ ရက်တွင် AA ကြေညာပြီးနောက် စစ်ကောင်စီကလည်း လေကြောင်းမှတစ်ဆင့် အပြင်းအထန် တိုက်ခိုက်နေ သည်။ လက်ရှိတွင် နခခ (၅) ကို AA က အပြီးသတ် သိမ်းပိုက်ထားပြီဟု သတင်းများလည်း ထွက်ပေါ်နေသည်။  မြေပြင်သတင်း ရင်းမြစ် နောက်တစ်ဦးက “မနေ့ကတည်းက နခခ(၅) ကို AA က သိမ်းလို့ရထားပြီ။ အဲဒါကြောင့် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလာတာ။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို AA က လိုက်လံရှင်းလင်းနေတာရှိတယ်” ဟု ပြောသည်။ ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး ကျန်ရှိနေသေးသော စစ်ကောင်စီစခန်း အားလုံးကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်သွားမည်ဟု AA က ကြေညာထားသည်။ Read in Full

၁၉။ တန့်ယန်းမြို့နယ် UWSA က တပ်သားသစ်စုဆောင်းဟုဆို
 September 30, 2024
 သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းရန် ဟု ဆိုကာ တပ်သားသစ်စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း ဝင်ရောက်နေရာယူထားသည့် ‘ဝ’တပ် ဖွဲ့ UWSA မှ စက်တင်ဘာလ တတိယပတ်မှ စတင်၍ မြို့ပေါ်နှင့် ကျေးရွာများရှိ ‘ဝ’လူမျိုး မိသားစုများကို အိမ်ထောင်စုစာရင်း စတင်ကောက်ခံလျက်ရှိပြီး ပြန်လည်ဖွဲ့စည်းမည့် ပြည်သူ့စစ်အဖွဲ့တွင် စစ်မှုထမ်းရန် တပ် သားသစ်စုဆောင်းနေကြောင်း တန့်ယန်းဒေသခံများက ပြောသည်။“စကောက်တာတော့ ၂၄ ရက်က အဲ့လိုကြားတယ်။ လူကတော့ လူဟောင်း မယူတော့ဘူး၊ သူတို့ ထိန်းနိုင်မယ့် ဝ တို့၊ လွယ်လ တို့ အဲ့လိုမျိုးပေါ့။ ‘ဝ’တပ်ကလည်း ကြာကြာနေလို့ မရနိုင်ဘူးထင်လို့ သူတို့ရှိနေတုန်း ဩဇာခံ လိုမျိုး ပြန်ထောင်ပေးခဲ့ချင်တာပေါ့။ သူတို့စကားနားထောင်မယ့် လက်အောက်ခံတပ်လို ထားခဲ့ချင်တာပေါ့”ဟု တန့်ယန်းမြို့ နယ်မှ စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်က ‘ဝ’တပ်ဖွဲ့ UWSA သည် စစ်အင်အား (၂၀၀၀) ခန့်ဖြင့် သံလွင်မြစ်အနောက်ခြမ်းသို့ ကူးလာကာ တန့်ယန်းမြို့သို့ ဝင်ရောက်နေရာယူခဲ့ပြီးနောက် ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန်ပြည်သူ့စစ်အဖွဲ့၏ နယ်မြေဟောင်းများတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုသည်။

“နစက ဘက်လည်း တရားဝင်အောင်ပေါ့၊ နဂိုက မန်ပန်ဌာနေ ပြည်သူ့စစ်ရှိပြီးသားကိုး။ တန့်ယန်းကို ‘ဝ’တပ် မဝင်ခင် ရှေ့မှာ တပ်မ(၃၁၈)လာတုန်းက မန်ပန်ပြည်သူ့စစ် ခေါင်းဆောင်ကိုဖြုတ်လိုက်သလိုအဲ့လိုပုံစံပဲ။ သံလွင်အနောက်ခြမ်း ပြည်သူ့ စစ် ဆိုပြီးတော့ တပ်ရင်း (၃) ရင်းအထိ ဖွဲ့မယ်လို့ အရင်ကတည်းက လုပ်ခဲ့တာ၊ အဲ့တာမဖြစ်လို့ မန်ပန်ပြည်သူ့စစ် နာမည်နဲ့ ပြန်ကိုင်ချင်တာ”ဟု တန့်ယန်းမြို့နယ်မှ ၎င်းစစ်ရေးလေ့လာသူက ဆက်ပြောသည်။ ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန် ဌာနေ ပြည်သူ့စစ်အဖွဲ့သည် တန့်ယန်း၊ မိုင်းရယ်နှင့် လားရှိုးမြို့နယ်အတွင်း သံလွင်မြစ်ကမ်း တာ့ပန်ယုတ် (တႃႈပၢင်ယူၵ်ႇ)၊ တာ့ ဆိုင်းလျန် (တႃႈသၢႆးလႅင်) မှ မန်ပန်အုပ်စု၊ မိုင်းယော်အုပ်စုအထိ ကျေးရွာအုပ်စုပေါင်း (၅၀) နီးပါး နယ်မြေစိုးမိုးမှု ရှိထားသည်။ ယခုနှစ် ၂၀၂၄ ဇန်နဝါရီ လဆန်းပိုင်းတွင် မန်ပန်ပြည်သူ့ စစ်အဖွဲ့တွင်း ခေါင်းဆောင်ဖြုတ်ချမှုရှိခဲ့ပြီး တပ်ဖွဲ့ဝင်အချို့သည် တိုင်း ရင်းသားလက်နက်ကိုင်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA ထံသို့ ဝင်ရောက်ခိုလှုံမှုများလည်း ရှိခဲ့ကြောင်း သိရသည်။‘ဝ’တပ်ဖွဲ့ UWSA က ၎င်းနယ်မြေများတွင် မန်ပန်ပြည်သူ့စစ်ကို ပြန်လည်စုဖွဲ့ရန် လုပ်ဆောင်နေပြီး ယခင်ခေါင်းဆောင်ဟောင်း ဗိုလ်မွန်း၏ သားကို ပြန်ဦးဆောင်ခိုင်းမည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ Read in Full

 
၂၀။  ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်ကိုစစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရပ်သား ထိခိုက်မှုရှိ
 October 1, 2024
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ် အတွင်းရှိ ပြည်သူလူထု နေထိုင်ရာနေရာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက်လုပ် ဆောင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာ ၃၀ ရက်က ပိန်းဇလုပ်အခြေစိုက်  ခလရ- ၂၆၄ တပ် ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၂)လုံးပစ်ခတ်ခဲ့ရာ ကျောက်ကြီး(လယ်ဒို) မြို့နယ် ခင်ကန့်လန့်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ ပြီး ကျေးရွာဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးမှုလည်းရှိခဲ့သည်ဟုဖော်ပြသည်။ ထို့ပြင် စက်တင်ဘာ ၂၈ ရက် ကလည်း ရွှေကျင်(ဆောထိ)မြို့နယ်သို့ စစ်ကောင်စီ၏ ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ဂွေးကုန်း ကျေးရွာအနီးတွင်ကျရောက် ပေါက်ကွဲခဲ့ဟု ထုတ်ပြန်သည်။ ယင်းနေ့ညပိုင်းတွင် လက်နက်ကြီး (၇)လုံး ထပ်မံပစ်ခတ် ခဲ့ရာ  လက်နက်ကြီး (၂)လုံးမှာ အင်းပရိတ်ကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန် (၅)လုံးမှာ လိန်ပင်ဝိုင်းကျေးရွာ စာသင် ကျောင်းဘက် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၂၉ ရက်တွင်လည်း လက်နက်ကြီး ဆက်လက်ပစ်ခတ်ခဲ့၍ ချိုအေးကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့ ကြောင်း ဖော်ပြသည်။ မုန်း(မူး)မြို့နယ်အတွင်းလည်း စစ်ကောင်စီက စက်တင်ဘာ ၂၇ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အင်ကွင်းကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေအတွင်းရှိ ကျေးရွာ များသို့ လက်နက်ကြီး ၊ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ဒေသခံများသည် စစ်ဘေးအပြင် စက်တင်ဘာအတွင်း  ရေဘေးကိုလည်း ကြုံခဲ့ကြရပြီး အရေးပေါ် အကူ အညီများ လိုအပ်လျက်ရှိဟု KNU က အသိပေးထားသည်။ Read in Full

၂၁။ ကျွန်းစုတွင် ပြည်သူ့စစ်များ ငွေတောင်းကြမ်းနေ
 September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ရှိကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များက ဒေသခံများထံ အကြောင်းစုံပြ ငွေတောင်းကြမ်းနေ (ဒေသအခေါ် ဆက်ကြေးတောင်းခံမှု) သည်ဟု ဒေသခံများက ပြော သည်။ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အရပ်ခေါ် (ပျူစောထီး) တပ်ဖွဲ့ဝင်များက လက်နက်များ ကိုင်ဆောင်ကာ ဒေသခံများထံမှ တစ်လတစ်ကြိမ် သို့မဟုတ် လဝက်တစ်ကြိမ် အကြောင်းအမျိုး မျိုးပြကာ ငွေကြေးတောင်းရမ်းမှုများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာသည်ဟု အမည်မဖော်လိုသူ ကျေးရွာနေဒေသခံ အမျိုးသားတစ်ဦးက ယခုလိုပြောသည်။“အိမ်တွေမှာ ဆက်ကြေးကောက်တဲ့သဘောမျိုးနဲ့ လိုက်ပြီးကောက်ခံနေတာရှိတယ်။ သူတို့တောင်းသလောက် ပေးရတယ်။ ကောက်နေတာကတော့ ကြာပြီး ဒါပေမဲ့ အခုနောက်ပိုင်းမှာ ပိုပြီးတော့ဆိုးလာတယ်။ ရွာတွေဘက်မှာ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးရောင်းချသူများ၏ နေအိမ်များထံသို့ ပြည်သူ့စစ် အဖွဲ့ ဝင် (ပျူစောထီး)များက ကိုယ်တိုင် ငွေကြေးလိုက်လံကောက်ခံမှုမျိုး ပြုလုပ်နေပြီး တစ်အိမ်လျှင် မြန်မာကျပ် ငွေ ဆယ်သိန်းထိ ကောက်ခံနေသည်ဟု ဖြစ်စဉ်နှင့်နီးစပ်မှုရှိသူဒေသခံတစ်ဦးကပြောသည်။ ၎င်းအပြင် ပျူစောထီးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာ အတွင်း ငွေကောက်ခံနေသည့်အပြင် ပင်လယ်ပြင်၌ ငါးဖမ်း လုပ်ငန်းလုပ်ကိုင်နေကြသည့် ဒေသခံများကိုလည်း လက်နက်များ ကိုင်ဆောင်ကာ ခြိမ်းခြောက် ငွေတောင်းကြမ်း နေပြီး ငါးဖမ်းစက်လှေ တစ်စီးလျှင် အနည်းဆုံး ကျပ်ငါးသောင်းမှ တစ်သိန်းကြား ငွေပေးရသည်ဟု ရေလုပ်ငန်းလုပ်ကိုင်နေသူ အခြားဒေသခံနောက်တစ်ဦးက ပြောသည်။ အဆိုပါ ရေလုပ်ငန်းလုပ်ကိုင်သူက “ဒီဘက်မှာက ပြည်သူ့စစ်ကိုပျူစောထီးလို့ ခေါ်တာကိုး။ သူ တို့တွေက ပင်လယ်ပြင်တွေမှာ လည်းဆက်ကြေး လိုက်ကောက်တယ်။ စက်လှေတစ်စီးကို ဘယ်လောက်ဆိုပြီးတော့။ သတ်မှတ်ပြီး ကောက်တာမျိုးတော့ မရှိဘူး။ တောင်းသလောက်ပေးရ တာပေါ့”ဟု ပြောသည်။ Read in Full

၂၂။ လွိုင်ကော်မြို့မှာ အသက် ၃၅နှစ်မှ ၆၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ စီစဉ်နေ
 September 30, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ ပန်ကန်းကျေးရွာ အုပ်စုအတွင်းမှာနေထိုင်တဲ့ အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းက အမျိုး သားတွေကို ပြည်သူ့လုံခြုံရေးဟုဆိုကာ တစ်ရပ်ကွက်လျှင် လူဦးရေ ၅ ဦးနှုန်းနဲ့ စစ်သင်တန်းတက်ခိုင်းဖို့ စစ်ကောင်စီက စီစဥ်နေ တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ပန်ကန်းကျေးရွာ အုပ်စုအတွင်းက ဒေါဆန်းဘွန်း၊ ရွာတန်းရှည်၊ စိုက်ကွင်း ၃၊ မှုံပြာ၊ ထူဒူငံသ အစရှိတဲ့ ရပ်ကွက်အတွင်း နေထိုင်တဲ့ ပြည်သူတွေကို စစ်သင်တန်းတစ်လ တက်ရောက် ပြီး နယ်မြေလုံခြုံရေးအတွက် တာဝန်ယူပေးရမယ်လို့ ပြောဆိုထားတာပါ။ လွိုင်ကော်မြို့စွန် ရပ်ကွက်တွေကို စစ်ကောင်စီကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ပိုင်းအတွင်း ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် မြို့ခံတွေကို ပြန်လည်နေထိုင်ခွင့် မပြုသေးပါဘူး။ ပြန်လည် အခြေချနေထိုင်လိုပါက ပြည်သူ့လုံခြုံရေးဖွဲ့စည်းနိုင်ဖို့ တစ်ရပ်ကွက် ( သို့မဟုတ်) တစ်ရွာလျှင် အသက် ၃၅ နှစ် မှ ၆၅ နှစ် အတွင်း အမျိုးသား ၅ ဦး တာဝန်ထမ်းဆောင်ရမယ်လို့ ပြောဆိုထားကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။

“သူတို့ ပြောတာတော့ ကိုယ့်ရွာအတွင်းပဲ ကင်းစောင့်ရမယ်ပြောတာပဲ။ pdf တွေ လာရင် သတင်းပေးရမယ်တဲ့ ။ ဒါပေမဲ့ ဘယ်သူ စောင့်ရဲမှာလဲ။ နောက်စစ်သင်တန်း တစ်လတက်ပြီးလို့ အခြားနယ်ပို့လိုက်ရင်ကော ဘယ်တတ်နိုင်မှာလဲ။” လို့ ပန်ကန်း ရပ်ကွက်မှ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ “သူတို့ တောင် သေနတ်နဲ့ ယှဥ်ပစ်လို့ မနိုင်တာ ကျင်စက် နဲ့ ဘယ်လို ကာကွယ် မလဲ။ ကျမ တို့ကတော့ မနေရလည်း တစ်ချိန် မြေတော့ကျန်မှာ ပဲ မပြန်နေတော့ဘူး။”လို့ ပန်ကန်းစစ်ရှောင် အမျိုးသမီးတစ်ဦး ကဆိုပါတယ်။ မြို့စွန်ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ရေရပ်မပြန်ရတဲ့အတွက် ကျန်ရစ်ခဲ့တဲ့ နေအိမ်တွေနဲ့ စိုက်ထား တဲ့ လယ်ကို မကြည့်နိုင်တာကြောင့် ဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။ “စပါး အိတ်ကြီးပဲကို ၉၀ ကျော်လောက် အခိုးခံရ တယ်။ အိမ်မှာ သူများလာထားတဲ့ အိတ်တွေရောပေါ့။မြေသြဇာလည်း ခိုးတာပဲ၊ အခြား ပစ္စည်းတွေက သိန်း ၁၀၀ ကျော်လောက် ရှိမယ်။ ဘာမှ ကိုမကျန်တာ။ အဲ့ဒီတော့ ပြန်နေရလည်း မပြန်တော့ဘူး ။ ဒီအရွယ်ကြီးကြမှ စစ်မှုလည်း မထမ်းချင်နေတော့ ဘူး။”လို့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။ Read in Full

၂၃။ ကမမောင်းမှာ စစ်မှုထမ်းဖို့စစ်ကောင်စီနဲ့ BGF အတင်းအကျပ် စာရင်းကောက်ယူနေ
 October 1, 2024
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့မှာ ဒေသခံလူငယ်အမျိုးသားတွေကို စစ်မှုထမ်းဆောင်ဖို့အတွက် စစ်ကောင် စီ နဲ့ BGF တို့က အတင်းအကျပ် စာရင်းလိုက်လံကောက်ယူနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF ဟာ သူတို့စိုးမိုးထိန်းချုပ်နေတဲ့ ကမမောင်းမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ တချို့မှာ စက်တင်ဘာလအစောပိုင်းရက်ကစပြီး  ဒေသခံလူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက်ဆိုပြီး စာရင်းကောက်ယူ မှုပြုလုပ်နေတာပါ။ စစ်မှုထမ်းဖို့ စာရင်းလိုက်လံကောက်ယူရာမှာ BGF တပ်က အဓိက လုပ်ဆောင်ပေးနေပြီး အမည်စာရင်းပါ ရှိသူတွေကို အတင်းအကျပ်ခေါ်ဆောင်ကာ BGF တပ်စခန်းတွေမှာ စစ်သင်တန်းပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ ရပ်ကွက်ကျေးရွာအုပ်စု တစ်စုလျှင် လူအယောက် ၃၀ အမည်စာရင်း ပေးရပြီး လက်ရှိမှာတော့ စစ်မှုမထမ်း လိုသူ ဒေသခံလူငယ်တွေ တိမ်းရှောင်ထွက်ပြေးနေတာတွေ ရှိတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့မှာ  ပြည်သူ့လုံခြုံရေး ဖွဲ့စည်းဖို့ဆိုပြီး အသက် ၃၀ ကျော်ကနေ အသက် ၆၀ ကျော် အရွယ်ရှိ အမျိုးသားတွေကို BGF အကူအညီနဲ့ နာမည်စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေပါတယ်။ တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ကမမောင်း၊ ကတိုင်တိဒေသဘက်ကိုလည်း BGF တပ်နဲ့အတူ တပ် အင်အား တိုးချဲ့ပြီး စစ်ရေးလှုပ်ရှား လာတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ Read in Full

၂၄။ စစ်တပ်က လမ်း ပိတ်ထားလို့ တောလမ်းကနေသွားတဲ့ မူဆယ် မန်ကန်ရွာခံ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ
 September 30, 2024
စစ်ကောင်စီတပ်က လမ်းပိတ်ထားလို့ တောလမ်းကနေပတ်သွားရင်း မိုင်းနင်းမိတာကြောင့် အမျိုးသားတစ်ဦး ဘယ် ဘက် ခြေထောက်နဲ့ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ၃၅ နှစ်အရွယ် မန်ကန်ရွာခံ ဦးကျိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မူဆယ်မြို့နယ် စယ်လန့်ရွာဘက် ပြန်လာချိန် စစ်တပ်က မြို့အထွက် လမ်း ပိတ်ထားတာကြောင့် တောလမ်းကနေ သွားရာကနေ မြေမြှုပ်မိုင်း နင်းမိခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အရင်တုန်းကတည်းက စစ်တိုက်လို့သူများတွေသိပ်မသွားတဲ့လမ်းကို သူကကောက်သွားလိုက်တာ။ အဲမှာမိုင်းရှိတယ်လို့ သူများလည်း အကြောင်းကြားထားတယ်။ ဒါပေမဲ့ သူက အရှေ့မှာ သွားတဲ့လူတွေ့လို့ သူလည်းလိုက်သွားလိုက်တာတဲ့။ သူ့အလှည့်ကျမှ ဆိုင်ကယ်က သူ့ကို ပိရင်းနဲ့ မိုင်းက ပေါက်ကွဲသွားတာ။ အဲဒီမိုင်းရှိတဲ့နားမှာ ဆိုင်ကယ် သွားလဲတဲ့ ပုံစံဗျ” လက်ရှိ မှာတော့ ဒဏ်ရာ ရရှိထားတဲ့ ဦးကျိုဟာ နမ့်ခမ်း ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကနေ စက်တင်ဘာ ၂၅ ရက်အထိ မူဆယ်မြို့ထဲက အွန်လိုင်း ငွေလိမ်လုပ် ငန်း (ကျားဖျန်) လုပ်ကိုင်သူတွေ ကို ဖမ်းမယ် ဆိုပြီး စစ်တပ်က မြို့အထွက်လမ်းကို ၃ ရက်ကြာပိတ်ခံ့တာလို့ ဒေသခံ တွေဆီက သိရပါတယ်။ မိုင်း နင်းမိတဲ့နေရာဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်တပ်၊ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်နဲ့ တအာင်းတပ်မတော်- TNLA တိုအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။ Read in Full

၂၅။ စစ်ကောင်စီက ပြည်သူ့အသက်အိုးအိမ် လုံခြုံရေးဂရုမစိုက်ဘဲ နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်နေဟု MNDAA ထုတ်ပြန်
 September 30, 2024
စစ်ကောင်စီအနေဖြင့် စက်တင်ဘာလဆန်းကစ၍  “တန်ပြန်ထိုးစစ်”ဟုခေါ်သည့် စစ်ဆင်ရေးစတင်ခဲ့ရာ ပြည်သူများ ၏ အသက်နှင့် ဥစ္စာပစ္စည်းများလုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့၊ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။ MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးထိ ခိုက်မှု အခြေအနေကို ထုတ်ပြန် ခဲ့ရာ အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။ တစ်လအတွင်း  လားရှိုးမြို့အား လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား သုံးဦးသေဆုံးကာ ၃၉ ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည့် လားရှိုးမြို့သည် မင်းအောင်လှိုင်အာဏာသိမ်းတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် သည့် ပစ်မှတ်ဖြစ်နေကြောင်း ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် လားရှိုးမြို့ခံ ပြည်သူအချို့ မြို့မှ တိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။  “လက်ရှိ အခြေအနေကြောင့် လေကြောင်း ဗုံးကြဲမှာကြောက်ပြီး တိမ်းရှောင်ကြတဲ့ ပြည်သူအချို့တော့ ရှိပါတယ်။ အခုလို လူမဆန်စွာနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကိုပဲ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို မျက်နှာပြောင်တိုက် ကျူးလွန် နေတာလို့ ပြောချင်ပါတယ်။ ပြည်သူတွေကိုပဲ ထိခိုက်တာမို့ ထပ်ပြီး မကြဲဖို့လည်း တောင်းဆိုချင်ပါတယ်”ဟု မနော်ဖော က ပြော သည်။ စစ်ကောင်စီသည် လားရှိုးမြို့အပြင်  ရှမ်းမြောက်ဒေသ အခြားနေရာများ၊ ကရင်နီ၊ကရင်၊ ရက္ခိုင်၊စစ်ကိုင်း၊ မန္တလေး၊ မကွေး စသည့် နိုင်ငံတဝန်း နေရာအများအပြားကို ယခု စက်တင်ဘာအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ရာချီ သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။ Read in Full

၂၆။ KNU နယ်မြေရှိ ပြည်သူလေးသိန်းနီးပါးရေဘေး ရင်ဆိုင်ခဲ့ရပြီး အကူအညီများလိုအပ်နေ
 September 30, 2024
ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေအတွင်း ရေဘေးကြောင့်ပြည်သူလေးသိန်းနီးပါး(ပြည်သူ ၃၈၀၀၀၀ ကျော်) ရေကြီး ရေလျှံမှုဒဏ်ကို ရင်ဆိုင်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု အသိပေး သည်။ KNU ၏ ခရိုင် (၇)ခုအတွင်းရှိ မြို့နယ် (၂၇)ခု အနက် မြို့နယ် (၂၀)ခုတွင် ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ဒူးသထူ (သထုံ)၊ ခလယ်လွီထူ (ညောင်လေးပင်)နှင့် တောအူး(တောင်ငူ) ခရိုင်တို့တွင် ရေကြီး၊ ရေလျှံမှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည်ဟု အသိပေးသည်။ ရေဘေးကြောင့် ကြီးမား သော ထိခိုက်ပျက်စီးမှု ဒဏ်ခံခဲ့ရပြီး စပါးခင်းများ၊ သိုလှောင်ထား သော စားနပ်ရိက္ခာများ၊ ရေတွင်းများ၊ ရေဘုံဘိုင်များနှင့်ရေကန်များ အပါအဝင် သောက်သုံးရေ အရင်းအမြစ်များ၊ အိမ်သာများ၊ မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်ချက်များ ရှိနေ သည်ဟု ထုတ်ပြန်သည်။ အစားအစာ၊ သောက်သုံးရေနှင့် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများသည် လတ်တလော အရေး အကြီးဆုံး အရေးပေါ်လိုအပ်ချက်များဖြစ်ကြောင်း၊ လယ်ယာသုံး ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများ ပြင်ဆင်ရန် သို့မဟုတ် ပြန်လည်အစားထိုးရန် ပံ့ပိုးကူညီမှုများ လိုအပ်ကြောင်း ဖော်ပြထားသည်။

မိသားစုစားသုံးရန်နှင့်အသက်မွေးဝမ်းကြောင်းအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အဓိကရည် ရွယ်၍ တစ်ပိုင်တစ်နိုင်မွေးမြူခဲ့သော တိရစ္ဆာန်များ ပြန်လည်အစားထိုးနိုင်ရန် ပံ့ပိုးကူညီမှုများလိုအပ်နေသည်ဟုဆိုသည်။ ရေတွင်း နှင့် ရေပိုက်လိုင်းများကဲ့သို့ သောက်သုံးရေအရင်းအမြစ်များနှင့် ပစ္စည်းကိရိယာများ ပြန်လည် အစားထိုးခြင်း သို့မဟုတ် ပြင်ဆင် ခြင်းအတွက် ပံ့ပိုးကူညီမှုများလိုအပ်နေသည် KNU က ထုတ်ပြန်သည်။  KNU အနေဖြင့်လည်း နယ်မြေအတွင်း ရေကြီးရေလျှံမှု ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများကို အကူအညီပေးနိုင်ရန်နှင့် အကူအညီလိုအပ်နေသူများထံသို့ရှိသည့် အရင်းအမြစ် များသုံး၍ အတက်နိုင်ဆုံး ပံ့ပိုးသွားနိုင်ရန် ကြိုးစားနေသည်ဟုအသိပေးသည်။ KNU နယ်မြေရှိမြို့နယ်များ၌ စက်တင်ဘာလတွင် ဒုတိယ အကြိမ်ရေဘေးကြုံခဲ့ရခြင်းဖြစ်ပြီး  ဇူလိုင်လနှင့် ဩဂုတ်လ အစောပိုင်းကတည်းကပထမအကြိမ် ရေကြီးရေလျှံမှုဒဏ်ကို ဆိုးရွားစွာ ခံခဲ့ရသည်။ ထိုစဉ်ကလည်း ဒေသခံများ၏  စပါးခင်းများလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရရုံသာမက ကောက်ပဲသီးနှံ အသစ်များ စိုက်ပျိုးရန်အတွက် မြေယာပြင်ဆင်မှု ပြုလုပ်ခြင်းကိုလည်း နှောင့်နှေးမှုဖြစ်စေခဲ့ကြောင်း KNUက ထုတ်ပြန်သည်။ Read in Full

၂၇။ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲကို စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်
 September 30, 2024
ကရင်နီပြည်၊ လွိုင်ကော် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ထဲကို စစ်ကောင်စီတပ်သား ကိုယ်ပိုင်အမှတ် ပစ – ၁၀၂၁၈၂၊ မောင်အေးချမ်း‌အောင်က  မိမိဆန္ဒအလျောက် အလင်းဝင်လာတယ်လို့ (စက်တင်ဘာလ ၃၀) ရက်နေ့ loikaw Local PDF ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက  ပြောပါတယ်။ ” တပ်သား မောင်အေးချမ်း‌အောင်က စစ်ကောင်စီတပ်သား စုဆောင်းရေးမှာ မဲပေါက်ခံရတာဖြစ်ပြီး အရင်က ပင်လောင်းအမြောက်တပ်ကို အပို့ခံရတာကနေ အခုသူ့ကို မိုးဗြဲ ၄၂၂တပ် ကိုပို့ဖို့ လုပ်နေရင်း ကျွန်တော်တို့တပ်ဖွဲ့ကို ဆက်သွယ်အလင်းဝင်တယ်လို့” သူကပြောပါတယ်။ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကို စစ်ကောင်စီတပ်သား မောင်အေးချမ်းအောင်က MA- 11 သေနတ်တစ်လက်၊ ကျည်ဘောက် ၃ဘောက်၊ ကျည်ဆံ ၂၄၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံး ၊ ၁၄ မိုင်း ၁ လုံး တို့ယူဆောင်ပြီး လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့တပ်ဖွဲ့ကို လက်နက်တွေနဲ့အလင်းဝင်လာတဲ့ တပ်သားမောင်အေးချမ်းအောင်ကို တပ်ရင်းအနေနဲ့ လုပ်ထုံး လုပ်နည်းအရ အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ပြီး  ပြည်သူ့ရင်ခွင်ခိုလှုံမလား၊ ကျွန်တော်တို့နဲအတူ တိုက်ပွဲဆက်ဝင် မလား ဆိုတာ သူ့အ‌ပေါ်မှာပဲမူတည်တယ်လို့” သူကဆက်ပြောပါတယ်။ ကျွန်တော်တို့တပ်ရင်းအနေနဲ့ စစ်ကောင်စီတပ်သား‌တွေ CDM လုပ်လာတဲ့အတွက် ဝမ်းသာကြိုဆိုနေကြောင်းနဲ့ တော်လှန်ရေးမြန်မြန်ပြီးဆုံးဖို့ စစ်သား CDM တွေ တစ်ခြား CDM ‌တွေများများ လုပ်ပေးဖို့လည်း လိုအပ်‌နေတယ်လို့လည်း ဖြည့်စွက်ပြောထားတယ်။ Read in Full

 
၂၈။ ထားဝယ်မြို့သစ်တွင် ဒရုန်းရှာသည်ဟုဆိုပြီး စစ်ကောင်စီတပ်က နေအိမ်များကိုဝင်စစ်
 September 30, 2024
ထားဝယ်မြို့ သစ် (၃) လမ်းနှင့် (၈) လမ်းတို့တွင် စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့က စစ်ကောင်စီ တပ်သားများ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၂၈ ရက်ည ၇ နာရီတွင် မြို့သစ် (၃) လမ်းရှိ လမ်းသွယ် ၂ ခုတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် DC ကား ဆယ်စီးရောက်ရှိကာ ရပ်ကွက်အတွင်း တစ်ည လုံး ကင်းလှည့်နေကြောင်း မျက်မြင်တွေ့ရှိရသူတစ်ဦးကဆိုသည်။ “ရပ်ကွက်ထဲလှည့်သွားနေတယ်၊ ဟိုတစ်စုဒီတစ်စုနဲ့။ လမ်းမှာ လည်း လမ်းသွားလမ်းလာတွေကို (စစ်ကောင်စီ တပ်သားတွေက) မေးသေးတယ်။ ဒရုန်းပျံသွားတာမြင်လား၊ ဒရုန်းက ဒီ (၃) လမ်းနားမှာ ပျောက်သွားတာ၊ တွေ့ရင် ပြောပေးလို့ ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းနောက် စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် မြို့သစ်(၃)လမ်းနှင့် (၈)လမ်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်သားများ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရပ်ကွက်နေသူ တစ်ဦးကဆိုသည်။

“သတင်းရပြီး ဝင်စစ်တာမျိုးမဟုတ်ဘူး။ အထပ်မြင့်တဲ့အိမ်တွေ၊ ပြီးတော့ ခေါင်းမိုးမတပ်ဘဲ အင်္ဂတေ (ကွန်ကရစ်) အမိုး လုပ်ထားတဲ့ အိမ်တွေကို အပေါ်ထပ်အထိ တက်ပြီးရှာကြတယ်။ ဒရုန်းရှာတယ်ပဲ ပြောတယ်” ဟု ၎င်းက ပြောသည်။ ရပ်ကွက်နေ ပြည်သူများကမူ စက်တင်ဘာလ ၂၈ ရက်က ထားဝယ်မြို့သစ်တွင် ဒရုန်းပျံဝဲသည်ကို မမြင်တွေ့ကြကြောင်း ပြောဆိုကြသည်။ စစ်ကောင်စီတပ် စစ်ဆေးမှုတွင် အဖမ်းခံရသူ မရှိဟု သိရကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ ရှာဖွေပြီးနောက် စက်တင်ဘာလ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်သား ပြန်သွားကြောင်း ရပ်ကွက်နေသူတို့ကထံမှ သိရသည်။ ထားဝယ်မြို့သစ် တွင် တိုင်းလွှတ်တော်၊ ဝန်ကြီးအိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများတည်ရှိပြီး ၂၀၂၃ ခုနှစ်က ဝန်ကြီးအိမ်ရာဝင်းကို ပြည်သူ့ကာကွယ် ရေးတပ်များက လက်နက်ကြီးဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ Read in Full

 
၂၉။ ကျိုက်ထိုမှာ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး
 September 30, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကံနဲ့ကျောက်ရေတွင်း ကျေးရွာကြားရှိ အောင်သပြေ ရော်ဘာခြံမှာ တိုက်ပွဲလက် ကျန် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ရော်ဘာခြံနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်ဟာ လမ်းကနေ ကောက်ယူလာ တဲ့ လက်နက်ကြီး ၄၀ မမ တစ်လုံးကို တူနဲ့ထုကြည့်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ လက် နက်ကြီး ပေါက်ကွဲမှုကြောင့် မောင်ပြည့်ဖြိုးအောင်ဟာ မျက်နှာနဲ့ ခြေလက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

တိုက်ပွဲလက်ကျန် လက်နက်ကြီး ပေါက်ကွဲခဲ့တဲ့ အဲဒီဒေသဟာ စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစုတွေ လည်း စစ်ရေးလှုပ်ရှားတာ ရှိနေပြီး ဒီလက်နက်ကြီးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံ သိရပါတယ်။ လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံ စာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ Read in Full

 
၃၀။ ပလမြို့နေပြည်သူများ မြိတ်သို့သွားလျှင် ရဲစခန်းထောက်ခံစာပါရမည်ဟု စစ်ကောင်စီတင်းကျပ်
 September 30, 2024
ပုလောမြို့နယ်၊ ပလမြို့နေပြည်သူများ မြိတ်မြို့သို့သွားလာပါက ရဲစခန်းထောက်ခံစာမဖြစ်မ‌နေပါရမည်ဟု စစ်ကောင် စီ က တင်းကျပ်ထားကြောင်း ပလမြို့ဒေသခံများကပြောသည်။ ခရီးသွားထောက်ခံစာပါရမည်ဟု လမ်းခရီးတစ် လျှောက်တွင်ရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားများက စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ ခြိမ်းခြောက် ပြောဆိုနေကြောင်း ဒေသခံတို့က ဆိုသည်။ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းထောက်ခံစာ မပါလျှင် စစ်ဆေးရေးဂိတ်များရှိ စစ်ကောင်စီတပ်သားများက ဖြတ်သန်းခွင့်မပြုဘဲ ပြန်လွှတ်နေကြောင်း ပလမြို့ခံတစ်ဦးက ပြောဆိုသည်။ ပုလောမြို့နယ် ပလမြို့မှ မြိတ်မြို့အထိ ၄၂ မိုင်ဝန်းကျင် ကွာဝေးပြီး စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ခြောက်ခုထက် မနည်းရှိသည်။“မနေ့က မှ စနေတာလို့ ပြောတယ်။ မသိဘဲခရီးသွားကြတဲ့သူတွေက စကစ ဘုတ်ရွာ စစ်ဆေးရေးဂိတ်က ပေးမဖြတ်တော့ဘဲ အကုန်ပြန် လွှတ်ပြီး ထောက်ခံစာ သွားရေး (ယူ) ခိုင်းတော့ ပြန်လာရေး ကြရတာမျိုးပါ” ဟု အထက်ပါ မြို့ခံက ပြောသည်။

ယခင်က ရန်ကုန်-ထားဝယ်- မြိတ်-ကော့သောင်းခရီးသည်တင်ကားဖြင့် သွားလာသူများသာ ထောက်ခံစာယူ ရပြီး လက်ရှိတွင်မူ ဒေသခံကားနှင့် ဆိုင်ကယ်ဖြင့် သွားလာသူများပါ ရဲစခန်း ထောက်ခံစာလုပ်နေရကြောင်း ၎င်းက ပြောဆိုသည်။  ထောက် ခံစာယူချိန်တွင် ပလမြို့ရဲစခန်း၌ သွားယူရပြီး ထောက်ခံစာတစ်စောင်အတွက် ငွေကျပ် ငါးထောင်တောင်းယူ နေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် မြို့ခံတစ်ဦးကဆိုသည်။ အဆိုပါ ထောက်ခံစာ၏ သက်တမ်းမှာ ၇ ရက်သာရှိကြောင်း ၎င်းက ပြောသည်။ ထိုကဲ့သို့ ခရီးသွားထောက်ခံစာလုပ်ရန် တင်းကျပ်လိုက်ခြင်းကြောင့် ဒေသခံများသွားလာရာတွင် အခက်အခဲများစွာကြုံလာရနိုင်ကြောင်း ပလမြို့ခံအမျိုးသမီးတစ်ဦးကပြောဆိုသည်။“သူတို့ (စကစ) ကို စားပေါက်ဖွင့်ပေးလိုက်တယ်လို့ပဲမြင်တယ်”ဟု ၎င်း က ပြောသည်။ ယင်းအပြင် ပလမြို့မှ ပုလောမြို့ကိုသွားလာမည်ဆိုပါကလည်း ခရီးသွားထောက်ခံစာ စစ်ဆေးမှုများရှိကြောင်း ဒေသခံအချို့က ဆိုသည်။  Read in Full

၃၁။ ရွာငံနဲ့ကလောမှာ ရေကြီးတဲ့ကျေးရွာတွေ အကူအညီ မရသေး

September 30, 2024
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ လွန်းထိုးကျေးရွာ (သဖန်းစိတ်) မှာ ရေကြီး မြေပြိုမှုတွေကြောင့် အိမ်ခြေ ၈၅၀ အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ကလောမြို့ပေါ် မှာ ပြန်လည်ထူထောင်ရေးအတွက် စတင်နေပြီဖြစ်ပေမယ့် လယ်ပြင်ကျေးရွာအုပ်စု၊ လွန်းထိုးကျေးရွာမှာတော့ ရေကျပြီးတဲ့ လမ်းတွေနဲ့ လူနေအိမ်တွေမှာ ရွှံ့နွံတွေ မရှင်းလင်းရသေးသလို ရေကြီးနေတဲ့ နေရာတွေမှာလည်း စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။“ကျနော်တို့သွားတုန်းက ဘယ်သူမှ ကူတဲ့သူမရှိဘူး။ ကျနော်တို့ အုပ်စုပဲရှိတာ။ အခု အဆက်အသွယ်ရတော့ အဲ့နောက်ပိုင်းလည်း ဘယ်သူမှ မလာကြဘူး ပြောပါတယ်။ အဆင်ပြေတဲ့သူတွေကတော့ သွားပေး စေချင်ပါတယ်” လို့ လွန်းထိုးကျေးရွာကို ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။

ကလောမြို့၊ ဗျူးပွိုင့်လမ်းအတိုင်း သွားရတဲ့ လွန်းထိုးကျေးရွာဟာ တောင်တက်လမ်းတစ်လျှောက် ရွှံ့နွံတွေ ထူထပ်နေ ပြီး မဲနယ်တောင်အတက်လမ်းထက်လည်း ဆိုးဝါးတာကြောင့် ကားအမြင့် ၄ ဘီးယက် ကားတွေနဲ့သာ သွားရောက်နိုင်တယ်လို့ သိရပါတယ်။ အလားတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စုမှာလည်း ပြီးခဲ့တဲ့ ၂ ပတ်ကတည်းက ရေလွှမ်းမိုးနေဆဲဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေလည်း တစ်ကြိမ်တစ်ခါမှ လာရောက် တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ယကြီးကျေးရွာအုပ်စုထဲက မင်းပလောင်၊ တဲ့လု၊ ဝါးရွက်၊ မြေနီကုန်း စတဲ့ ကျေးရွာတွေထဲက နေအိမ် ၅၀ ကျော်ဟာ အိမ်ခေါင်မိုးအထိ ရေနစ်မြုပ်နေပြီး စားနပ်ရိက္ခာအကူအညီ လိုအပ်နေတယ်လို့ ဆိုပါ တယ်။“အချင်းချင်း မကူကြဘူး။ အရမ်းသိပ်မခက်ခဲတဲ့ တခြားဒေသကို သွားကူနေကြတာ။ တကယ်တမ်း ကိုယ့်ဒေသမှာတင် အများကြီးပဲ။ ထမင်း တစ်ရက်မှ တစ်နပ်ပဲ စားရတဲ့သူတွေ ရှိသေးတယ်။ ဒါတွေက အလှူရှင် သူဌေးတွေကို မြင်စေချင်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ Read in Full

၃၂။  နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီ ကမ်းလှမ်းချက် NUCC နှင့် NUG ပယ်ချ
October 1, 2024
 နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေးရှင်းရန် စစ်ကောင်စီ ကမ်းလှမ်းချက် အမျိုးညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ပယ်ချလိုက်ကြောင်း ယနေ့ အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန် သည်။  စစ်ကောင်စီ ကမ်းလှမ်းချက်သည် ဟန်ပြဖိတ်ခေါ်ချက်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များအား သပ်သျှိုဖြိုခွဲရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။  စစ်ကောင်စီက ၎င်းတို့ နှင့်နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ်သာဖြစ်ကြောင်း လည်းဆိုသည်။ စစ်ကောင်စီ၏ သပ်လျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာ ထားရှိကြရန်လည်း တော်လှန်ရေး အင်အား စု များကို NUCC နှင့် NUG တို့က တိုက်တွန်းထားသည်။ စစ်အစိုးရ အဆက်ဆက်က လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင်လမ်းစဥ်စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းစသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓက များ စွာလည်း ရှိခဲ့ပြီးဖြစ် ကြောင်း NUCC နှင့် NUG တို့က ဆိုသည်။

Principle အရ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ကို လက်ခံထားသော်လည်း အနည်းဆုံးအချက် ၃ ချက်ကို နားလည် သေဘာပေါက်ရန် Address ရလိမ့်မည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ “မြန်မာပြည်ရဲ့နိုင်ငံရေးပြဿနာဟာ ဘယ် ကစလဲ၊ ဘယ်မှာရှိနေလဲဆိုတာ ကျွန်မတို့ကောင်းကောင်းသိတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအသစ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီစနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံအသစ်ရေး၊ ပြီးလို့ရှိရင် အဲဒီအသစ်နဲ့အတူ ခုနက တိုင်းပြည်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေကို Address (ဖြေရှင်း) လုပ်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုပြန်လည် ဖော်ဆောင်ဖို့ အတွက် လုပ်ငန်းစဉ်တွေကို အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြီးတော့ အာမခံလိုက်။ … ဒါဆိုပြီးသွားပြီပေါ့နော်။ ရှင်းရှင်းလေးပဲ၊ ကျွန်မတို့မှာ အဖြေရှိပြီးသား အဲဒီတော့ ဟိုပြော ဒီပြော ရွေးကောက်ပွဲ ဝင်ပါ၊ မဝင်ပါတွေ ပြောနေစရာကို မလို ဘူး။” ဟု ပြောသည်။ စစ်ကောင်စီက ကိုယ့်အကျိုးစီးပွားကို သကာလောင်းထားသည့် ပုံစံမျိုးဖြင့် ချဉ်းကပ်၍ မရတော့ကြောင်း ဒေါ်ဇင်မာအောင်က ဆိုသည်။  Read in Full

၃၃။ သံတွဲမှာ စားနပ်ရိက္ခာနှင့်အတူ လေကြောင်း အန္တရာယ်ကို အလွန်စိုးရိမ်နေရ
 October 1, 2024
ရခိုင်ပြည် ခရီးသွားဒေသ သံတွဲမြို့နယ်တွင် ဒေသခံပြည်သူများအပါအဝင် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့်အတူ လေကြောင်းအန္တရာယ်ကိုအလွန်စိုးရိမ်နေရသည်ဟု ဒေသခံပြည်သူများနှင့်စစ်ရှောင်ကူညီထောက်ပံ့သူများက ပြောဆိုကြသည်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပျက်စီးသွားခြင်းနှင့် နေရပ်မပြန်နိုင်သေးသည့်အတွက် စစ်ရှောင်များနှင့် ဒေသခံပြည်သူများ မှာ ငွေသားရှားပါးပြီး စားဝတ်နေရေး ခက်ခဲနေကြသည်ဟု စစ်ရှောင်ကူညီထောက်ပံ့သူ ဒေသခံတစ်ဦးက ပြောသည်။ ” ပိုက်ဆံ မရှိတော့ စားရေးသောက်ရေး အဆင်မပြေပေါ့။ အဓိကတော့စားရေးသောက်ရေးအတွက်ငွေကအရေးကြီးတယ်လေ။ ကျနော်တို့ တာဝန်ယူ ထောက်ပံ့ပေးနေတာ စစ်ရှောင် ၇ ထောင်လောက်ရှိတယ်။ ဒီလိုပဲပေါ့ ရှိတဲ့သူကလည်း သူ့ဟာသူ ဝယ်စား၊ မရှိတဲ့သူကလည်း ကျနော်တို့ အလှူရှင်တွေထောက်ပံ့တာကို စားတယ် ပေါ့။ ပြည့်ပြည့်စုံစုံတော့ မထောက်ပံ့နိုင်ဘူးလေ။”ဟုပြောသည်။ စားရေးသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက် မှုကလည်း လိုအပ်နေပြီး ယခုကာလတွင် ဆေးရုံးဆေးခန်း မဖွင့်လှစ်နိုင်၍ ဒေသခံပြည်သူများမှာဆေးကုသမှုမခံယူရကြောင်းနှင့်အိမ်တွင်းဖြစ်ဆေးဖြင့်ဖြစ်သလိုကုသနေထိုင်နေရကြောင်း၎င်းကဆိုသည်။

ငပလီမြို့ အပါအဝင် သံတွဲမြို့နယ်တွင် စစ်ရှောင်ပြည်သူ တစ်သောင်းကျော်ရှိပြီး အများစုက ငပလီကမ်းရိုးတန်း တစ် လျှောက်ရှိနေကာ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။ စားနပ်ရိက္ခာနှင့်အတူ စိုးရိမ်နေရသည်မှာ လေကြောင်းအန္တရာယ်ဖြစ်ပြီး နေ့တိုင်းလိုလို သံတွဲဒေသကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များ စေလွှတ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ သံတွဲမြို့ခံ ကိုတေဇာအောင်က ” စားသောက်ရေးနဲ့အတူ လေကြောင်းအန္တရာယ်ကို အရမ်းစိုးရိမ်နေရပါတယ်။ ၂၆ ရက်နေ့က ဗုံးကြဲလို့ အရပ်သားတွေ အများအပြား သေဆုံးခဲ့ရပါတယ်။ နောက်တစ်နေ့မှာလည်း သံတွဲမြို့နဲ့ ကပ်လျှပ်ရွာတွေကို ဗုံးကြဲခဲ့တယ်။ ထိခိုက်မှုတော့ မရှိခဲ့ဘူး။ နေ့တိုင်းလိုလို လေယာဉ်က ဝဲနေတော့ ဒေသခံပြည်သူတွေက စားဖို့သောက်ဖို့ ပူပင်မလား၊ လေကြောင်းအန္တရာယ်ကို ကြောက်ရမလား။ တော်တော်လေးကို စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်တိုင်း အရပ်သားတွေပဲသေနေတယ်။ အရမ်းစိုးရိမ် ကြောက်နေရတာပေါ့။”ဟု ပြောသည်။  Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button