၁။ တီးတိန်မြို့ မြို့မကက်သလစ် ဘုရားရှိခိုးကျောင်း မျက်နှာကျက်ပြိုကျမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ
August 13, 2024
ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၁၂ နာရီ ဝန်းကျင်မှာ တီးတိန်မြို့ မြို့မ ကက်သလစ် ဘုရားရှိခိုးကျောင်းမျက်နှာကျက် (ceiling) ပြိုကျသွားတယ်လို့ ယင်းဘုရားကျောင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြချက်အရသိရှိရပါတယ်။ “ဘုရားကျောင်း ရဲ့ တိုင်နဲ့ တန်းတချို့ အမြောက်ကျည် ထိမှန်ဖူးတယ်။ ceiling ကလည်း လေးတော့ screw တွေ က မခံနိုင်တော့ တာရယ်၊ မိုးရေ စိမ့်ပြီး အလေးပိုလာတာရယ်ကြောင့်ပြိုကျတာ ဖြစ်နိုင်တယ်၊လူမရှိတဲ့ သန်းခေါင်ချိန်မှာပြိုကျတာဆိုတော့ လူအထိ အခိုက်တော့ မရှိဘူး။ St. Joseph ရုပ်တုတော်ကတော့ လဲကျပြီး ခေါင်းပြတ်သွားတယ်။ မယ်တော် ရုပ်တုကတော့ ဘာမှမဖြစ်ဘူး”လို့ ဘုရား ကျောင်းနဲ့ နားမှာနေထိုင်သူတစ်ဦးက ပျက်စီးမှုအခြေ အနေကို ပြောပြပါတယ်။ ဘုရားကျောင်းမျက်နှာကျက် ပြိုကျပျက်စီးမှု ကြောင့် အန္တရာယ်ရှိတဲ့ ကျန်နေတဲ့ မျက်နှာကျက်(ceiling)တွေကိုပါ ဖြိုချဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။ Read in Full
၂။ ပြည်သူတရပ်လုံး၏ ဆန့်ကျင်မှုများကြောင့် စစ်အာဏာရှင်ချုပ်ငြိမ်းကွယ်ပျောက်တော့မည်ဟု KNU ဥက္ကဋ္ဌဆို
August 12, 2024
ပြည်သူတရပ်လုံး၏ဆန့်ကျင်မှုများကြောင့် စစ်အာဏာရှင်ချုပ်ငြိမ်းကွယ်ပျောက်တော့မည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။ ဩဂုတ်လ ၁၂ ရက်တွင် ကျရောက်သည့် ၇၄ နှစ် မြောက် ကရင်အာဇာနည် နေ့သို့ ပေးပို့သောသဝဏ်လွှာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ် ရေးရပြီးနောက်ပိုင်း စစ်တပ်သည် ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်အာဏာကို လုယူသိမ်းပိုက်ခဲ့ပြီး ပြည်သူတရပ်လုံး၊ လူမျိုးအားလုံးက နည်းလမ်းအမျိုးမျိုးဖြင့် ဆန့် ကျင်ခဲ့ကြသည်။ တိုင်းပြည်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ပိုင်းမှာလည်း တနိုင်ငံလုံးက ပြည်သူတရပ်လုံး၊ လူမျိုးအားလုံးသည် နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းများဖြင့် ဆန့်ကျင်တိုက်ပွဲဝင်နေကြပြီး အဆိုပါ ဆန့်ကျင်မှုများက အရှိန်အဟုန် ပြင်းလွန်းသည့်အတွက် စစ်အုပ်စုသည် ထိန်းမနိုင်တော့သည့် အခြေအနေကိုရောက်ရှိနေကာ စစ်အာဏာရှင် ချုပ်ငြိမ်းပျောက်ကွယ်တော့မည် အခြေအနေဖြစ်သည်ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။
“တိုင်းပြည်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင်လည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး၊ လူမျိုးတွေအားလုံးက နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းနဲ့ ဆန့်ကျင်တိုက်ပွဲဝင် နေကြတာဖြစ်တယ်။ ဒီဆန့်ကျင်မှုတွေဟာ အရှိန်အဟုန်ပြင်းထန်လွန်းလို့ စစ်အုပ်စုဟာ မထိန်းနိုင်တော့တဲ့ အခြေအနေကို ရောက်နေပါတယ်။ စစ်အာဏာရှင် ချုပ်ငြိမ်းကွယ်ပျောက်တော့မယ် အခြေအနေလည်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် မဟာလူမျိုးကြီးဝါဒ အာဏာရှင်စနစ် ပြိုလဲဆုံးခန်းတိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံရေးပါတီ များ၊ အဆိုပါ ဝါဒကို ဆန့်ကျင်သည့် အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်ဟု KNU ဥက္ကဋ္ဌက ပြောဆိုထားသည်။ Read in Full
၃။ စစ်ကောင်စီ ရေတပ်က ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျ၍ သံတွဲဒေသခံ ၆ ဦးသေဆုံး
August 12, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် မောင်ရွှေလေး စစ်ကောင်စီရေတပ်စခန်းက ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၆ ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။ ဩဂုတ် ၁၀ ရက်က သစ်ကောက် ကျေးရွာတွင် အိမ်စောင့်ကျန်ခဲ့သော ဒေသခံများမှာ ဘုန်းကြီးကျောင်း၌ခိုလှုံနေကြစဉ် ရေတပ်စခန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။“လက်နက်ကြီးကဘုန်း ကြီးကျောင်းထဲက ကျသွားတာ။ တိုက်ပွဲကပြင်းနေတော့ ရွာမှာကျန်တဲ့လူတွေအားလုံးက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာ။ အဲဒီအချိန်မှာ အခုလိုဖြစ်သွား တာ။ ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရတယ်။ ဆက်သွယ်ရေးကလည်း ခက်ခဲတော့ အတိအကျမသိနိုင်သေးဘူး” ဟု သံတွဲ ဒေသခံတစ်ဦးက ပြောသည်။ သစ်ကောက်ကျေးရွာမှာ မောင်ရွှေလေးရေတပ်စခန်းနှင့် ၂ မိုင်ခန့်သာဝေးပြီး ဒေသခံအများစုမှာ သံတွဲတပ်ရင်းများကို AA က သိမ်းပိုက်ထိန်းပြီးနောက် ဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ကြသော်လည်း ဒေသခံတချို့မှာ အိမ်စောင့် အဖြစ်ကျန်နေခဲ့ကြခြင်းဖြစ်သည်။
ငပလီအခြေစိုက် ခမရ ၅၆၆၊ မလရ ၅၅၊ သံတွဲလေဆိပ်၊ ဟိုတယ်ဇုန်နှင့် သံတွဲမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားပြီး ကြွင်းကျန်မောင်ရွှေလေး ရေတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။ စစ်ကောင်စီဘက် ကလည်း ရေတပ်စခန်းမကျရှံးရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အကြိတ်အနယ်ခုခံတိုက်ခိုက်နေသဖြင့်တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။“စစ်ကောင်စီက ရခိုင်လို့မဟုတ်ဘူး တစ်နိုင်ငံလုံးမှာနေစဉ်နဲ့အမျှအရပ်သားတွေကို သတ်ဖြတ်နေတာဖြစ်တယ်။ ဒါက တိုက်ပွဲဇုန်/ ဒါက အရပ်သားနေထိုင်တဲ့နေရာလို့ မခွဲကြားတော့ဘူး။ ထင်ရင်ထင်သလိုလုပ်နေတာ။ အရှုံးကိုလက်မခံဘဲ မိုက်တွင်းထဲကို ဆင်းမြဲဆင်းနေတယ်လို့မြင်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ သံတွဲတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား ဧပြီ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၄) လနီးပါးကြာမြင့်လာပြီး တိုက်ပွဲအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၄၀ ကျော်ထက်မနည်းရှိသည်။
၄။ သီပေါ တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးသူ ၂၀ ခန့်အထိရှိလာ
August 12, 2024
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့က TNLA၊ PDF တပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေအတွင်း အရပ် သားပြည်သူ သေဆုံး ၉ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးထိရှိလာနေပြီလို့ သိရပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ သြဂုတ်လ ၉ ရက်နေ့က စပြီး သြဂုတ်လ ၁၂ ရက်နေ့အထိ သီပေါနယ်စည်းမခြားနဲ့ မြတ်မွန်စေတနာ ပရဟိတလူမှုကူညီမှုအသင်းတွေဆီကရရှိတဲ့ စာရင်း အရ သေဆုံး ၉ ဦးနဲ့ ဒဏ်ရာရ ၁၀ ဦးရှိပြီလို့သိရပါတယ်။ သေဆုံးစာရင်းမှာ သြဂုတ်လ ၉ ရက်မှာ ကုန်းဆုံရွာက အမျိုးသမီး ၁ ဦး၊ ၁၀ ရက်နေ့မှာ မြို့ဟောင်းက ကျား ၁ ဦး၊ တုံစင့်က ကျား ၁ ဦး နားလွယ်က ကျား ၁ ဦး၊ ကျောင်စုက ကျား ၁ ဦး၊ ၁၁ ရက်နေ့မှာ အုတ်ကျင်းက ကျား ၁ ဦး၊ တာပုတ်က ကျား ၁ ဦး၊ သြဂုတ်လ ၁၂ ရက်မှာတော့မြို့လယ်ရပ်က မ ၂ ဦး စုစုပေါင်း ၉ ဦး (ကျား ၆ ဦး ၊ မ ၃ ဦး ) ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူစာရင်းကတော့ သြဂုတ်လ ၉ ရက်မှာ ကုန်းစုံရွာက ကျား(ကလေး) ၁ ဦး၊ ၊ ၁၀ ရက်နေ့မှာ မြို့ဟောင်းက ကျား ၂ ဦး၊ မ ၂ ဦး၊ ၁၁ ရက်နေ့မှာ တာပုတ်က အဖိုး ၁ ဦး၊ အဖွား ၁ ဦး၊ မြို့လယ်ရွှေစေတီက ရဟန်း ၁ ပါး၊ သီလရှင် ၁ ပါးနဲ့ မ ၁ဦး၊ သြဂုတ်လ ၁၂ ရက်နေ့မှာတော့ ဒဏ်ရာသူမရှိလို့ စုစုပေါင်း ၁၀ ဦး (ကျား ၅ ဦး မ ၅ ဦး) တို့ဖြစ် တယ်လို့သိရပါတယ်။
“သေဆုံးဒဏ်ရာရသူတွေကတော့ ပရဟိတအဖွဲ့တွေလည်း သဂြိုလ်ဖို့၊ ဆေးရုံဆေးခန်းပို့၊ စစ်ရှောင်တွေပို့နဲ့ မအားကြ ဘူးဖြစ်နေတာ၊ ဒဏ်ရာရသူတွေကို CDM ဆရာဝန် တစ်ယောက်နဲ့ အငြိမ်းစားစစ်ဆရာဝန််တစ်ယောက်က ကုပေးနေတာ၊ မြို့ လူထုကတော့ မနေ့ကစပြီးစစ်ရှောင်ကြတာများပါပြီ” လို့ သီပေါ ဒေသခံတစ်ဦးက မဲခေါင်ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။ သီပေါမြို့က တစ်ခြားမြို့တွေထက် သေဆုံး၊ ဒဏ်ရာရနည်းတယ်ဆိုပေမယ့် ကလေးနဲ့သက်ကြီးရွယ်အိုတွေထိတာ ရာခိုင် နှုန်းများနေလို့ အဖိုး၊ အဖွားတွေ အိမ်စောင့်ထားခဲ့သလား၊ လူကြီးသူမတွေကိုယ် တိုင်က အိမ်စောင့်ထားခဲ့သလား၊ ပြောမရဆိုမရ လို့ နေခဲ့သလားမသိရပေမယ့် သီပေါမြို့ကို ပြန်ကြိုသူတွေ အပါခေါ်ခဲ့ဖို့ မေတ္တာရပ်ခံလိုတယ်လို့ သူကပြောပါတယ်။ အခြားမြေ ပြင် သတင်းတွေအရတော့ ယနေ့နေ့လည် ၁၂း၁၅ နာရီမှာ မြို့လယ်ရပ်၊ မင်္ဂလာလမ်း Hotel Hsipaw အနီး အိမ် ၁ အိမ်ထိလို့ လူ သေဆုံးပြီး နေ့လယ် ၁၁း၃၀ အချိန်မှာတော့ မြို့လယ်ရပ် ပြောင်းပွဲရုံနားက ငှားနေတဲ့ အိမ်မှာ မိသားစု ၃ ဦးလုံး သေဆုံးသွားတာ ရှိခဲ့လို့ ပရဟိတအသင်းတွေကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။ Read in Full
၅။ စစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား
August 12, 2024
ရခိုင်ပြည် စစ်တွေမြို့နယ်မှာ မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားပြီး မိသားစုဝင်များဖြင့် အဆက်အသွယ် လုပ်ခွင့်ခွင့်မပြုပေးဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ မွတ်ဆလင် ၂၄ ဦးမှာ ဩဂုတ်လ ၉ ရက်မှ ၁၁ ရက် အတွင်း ဖမ်းဆီးခံရပြီး ကုန်တန်း၊ အောင်မင်္ဂလာ ရပ်ကွက် အသက် ၂၇ နှစ်အောက် လူငယ်များဖြစ်ကြောင်း စုံစမ်းသိရသည်။ ကုန်တန်းရပ်ကွက် အကွက် (၅) မှ မွတ်ဆလင် ၄ ဦး၊ အောင်မင်္ဂလာရပ်ကွက် အကွက် (၁၀) မှ မွတ်ဆလင် ၇ ဦး၊ စစ်တွေမြို့ထဲရှိ ဘူးသီးတောင် စစ်ဘေးရှောင် မွတ်ဆလင် ၁၃ ဦး စုစုပေါင်း ၂၄ ဦးဖြစ်ကြောင်း သိရသည်။ ယင်းအထဲက အောင်မင်္ဂလားရပ်ကွက် ဒေသခံ ၇ ဦး၏ နာမည်ရရှိထားပြီး ၎င်းတို့မှာ မူဟိုဒ္ဒိန်၊ အာယုဖ်၊ မာမတ်ဂျော်လိလ်၊ မောင်ချေ၊ ဇော်နိုင်၊ ဆော်ယာက်ဟူဆောန်နှင့် ဆာဒိခ်တို့ဖြစ်ပြီး အမျိုးသားများဖြစ်ကြသည်။ ဩဂုတ် လ ၁၀ ရက်နေ့က အောင်မင်္ဂလာရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဝင်ရောက်ဖမ်းဆီးသွားသည့် ဖြစ်စဉ်ကို ဒေသခံမွတ်ဆလင်တစ်ဦးက ယခုလိုပြောသည်။ ” ည ၁၀ နာရီကျော်လောက်ပါ ကား တွေနဲ့ရွာထဲဝင်လာတယ်။ ရဲပါတယ်။ စစ်သားပါတယ်။ ပြီးတော့ အိမ်တွေမှာရှိတဲ့ လူတွေကို ခေါ်တယ်။ လူတွေက ကြောက် ပြီး မထွက်ရဲကြဘူး။ ထွက်မလာရင် တံခါးဖျက်ပြီး ဝင်လာကြတယ်။ အိမ်မှာ လူငယ်ပိုင်းတွေမြင်ရင် ရိုက်နှက်ပြီး ဒီအတိုင်းဖမ်း သွားကြတာ။ “ဟု ပြောသည်။
ကုန်တန်းရပ်ကွက်က မွတ်ဆလင်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၉ ရက်ညတွင် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးကို စစ်တွေမြို့ အမှတ် ၁ မြို့မ ရဲစခန်း တွင် ထိန်းသိမ်းထားကြောင်းသိရသည်။ မိသားစုဝင်များက စစ်တွေမြို့မ ရဲ စခန်းသို့ သွားရောက်ပြီး ဖမ်းဆီးသွားသော မွတ်ဆလင်များကို တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရဘဲ ပြန်လွှတ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ” ဖမ်းတာကမှတ်ပုံတင်ရှိ၊ ကဒ်ရှိရင်လည်း ဖမ်းတယ်။ သူတို့က အဲ့ဒါတွေ ဂရုမစိုက်ဘူး။ တစ်ချို့ ဧည့်စာရင်းစာရွက်တွေ ပြကြတယ်။ ဒါလည်းဖမ်းသွားတာပဲ။ အခု အမှတ် (၁)မှာ ရှိနေတယ်လို့ကြားရတယ်။ သူတို့ ကိုဘာလုပ် နေလဲဘယ်သူမှမသိရဘူး။ သွားမေးရင်လည်းဘာမှမပြောပါဘူး”ဟုပြောသည်။ အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်များကို ဖမ်းဆီးသွားသည့် သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်တွေမြို့ ရွှေပြားရပ်ကွက်တွင်လည်း ကုန်တင်ကုန်ချအလုပ်သမား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ စစ်တွေဒေသခံတစ်ဦးက ” အိမ်တစ်အိမ်ကိုဝင်ရင် တွေ့တဲ့သူကို ဖမ်းခေါ်သွားပါတယ်။ အများအားဖြင့် အမျိုးသားတွေပေါ့။ မသင်္ကာလို့ ဖမ်းတာမျိုးလည်း မဟုတ်တော့ဘူး။ ဖမ်းချင်လို့ကို ဖမ်းတာမျိုး ဖြစ်နေတယ်”ဟုပြောသည်။ Read in Full
၆။ဟားခါးမြို့အနီး စစ်ကောင်စီစခန်းတစ်ခုကို ချင်းတော်လှန်ရေးတပ်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး
August 13, 2024
ချင်းပြည်နယ် ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Keivangzuan တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Hakha ပူးပေါင်းတပ်ဖွဲ့က Rung Operation အမည်ဖြင့် အဆိုပါစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကြပြီး ဩဂုတ်လ ၁၂ ရက်မနက် ၅ နာရီ ၅၅ မိနစ်တွင် စတင်တိုက်ခိုက်ကာ ၆ နာရီ ၄၀ မိနစ်တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-Hakha က ထုတ်ပြန်သည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။ ထို့အပြင် ၆၀ မမ၊ MA1 နှစ်လက်၊ MA2 လေးလက်၊ MA3 တစ်လက်၊ MA4 နှစ်လက်၊ Machine gun တစ်လက်၊ ကျည် ဘောက် ၂၅ ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ Keivangzuan တပ်စခန်း သည် ဟားခါးမြို့နှင့် ၄ မိုင်ခန့်သာကွာဝေးသည်ဟု သိရသည်။ CDF-Hakha အနေဖြင့် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် Rung Operation ကို ဖော်ဆောင်နေပြီး အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက် ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထု မှလည်း ပူးပေါင်းပါဝင်ဆောင် ရွက်ပေးပါရန် မေတ္တာရပ်ခံထားသည်။ Read in Full
၇။ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ်ဘန်ကာကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
August 12, 2024
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ်ဘန်ကာကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်း ဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က ပြောဆိုသည်။ ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး (လ.၀က) ၌ အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲ ထားသည့် ဘန်ကာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း ဘန်ကာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ဝ ဦးခန့်ရှိပြီး မိနစ် ၃၀ ခန့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိမှု အရေအတွက် ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါတိုက်ခိုက် မှုကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ -Student Revolutionary Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ Read in Full
၈။ မြန်မာပြည်သူတစ်ရပ်လုံးနှင့် တစ်သားတည်း အတူရှိနေဟု ညီနောင်သုံးဖွဲ့ဆို
August 12, 2024
မြန်မာပြည်သူတစ်ရပ်လုံး လိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ပေါ်လာစေရေးအတွက် တစ်သွေး တည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်လိုက်သည်။ ညီနောင်သုံးဖွဲ့သည် ၎င်းတို့ ၏ စစ်ဆင်ရေး ရည်မှန်းချက်လက်ကျန်များနှင့် ပြည်သူတစ်ရပ်လုံးလိုလားသော နိုင်ငံရေးရည်မှန်းချက်မှာ အကောင် အထည်ပေါ်လာစေရေး တစ်သားတည်းရှိနေကြောင်း (ဩဂုတ်၁၂ရက်)ည ထုတ်ပြန်ချက်၌ဖော်ပြထားသည်။“ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးစတော့ ညီနောင်သုံးဖွဲ့က သူတို့တိုင်းရင်းသားနယ်မြေတွေရရင် ပြီးပြီ။ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုပြီး ပြောနေတာ မြန်မာပြည်သူတွေ ထောက်ခံမှုရအောင် လျှောက်ပြောနေတာလို့ နိုင်ငံတကာကကျွမ်းကျင်သူတချို့က မှတ်ချက်ပေးခဲ့ကြတယ်။ အခု ၁၀၂၇ စစ်ဆင် ရေးနဲ့အတူ ရှမ်းမန်းစစ်ဆင်ရေးပါ ပါလာတော့ ကျွမ်းကျင်သူတွေရဲ့ မှတ်ချက်ကလွဲနေတာဖော်ပြနေတယ်”ဟု နိုင်ငံရေးဆောင်း ပါး ရှင်တစ်ဦးက ပြောသည်။
မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်နှင့်စဉ့်ကူးမြို့သိမ်းတိုက်ပွဲများတွင် PDF တို့နှင့် အတူတအောင်းတပ်မတော် TNLA ပါဝင် တိုက်ခဲ့သလို သပိတ်ကျင်းစစ်ဆင်ရေးတွင် ကေအိုင်အေလည်း ဝင်တိုက်နေကြောင်း၎င်းကဆိုသည်။ ညီနောင်သုံးဖွဲ့ကို ထောက်ခံ အားပေးကြသော အဖိနှိပ်ခံမြန်မာပြည်သူတစ်ရပ်လုံးကို လေးနက်စွာ ဂုဏ်ပြုကျေးဇူးတင်ကြောင်းနှင့် ကိုးကန့်၊ တအာင်း နှင့် ရက္ခိုင်အဖွဲ့အစည်းတို့ ပါဝင်သော ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိလာခဲ့သော အောင်မြင်မှု၊ မြို့ သိမ်းတိုက်ပွဲများအပေါ် ဂုဏ်ပြုလွှာများပေးပို့လာကြသည့် အဖွဲ့အစည်းအသီး သီးနှင့်ဂုဏ်ပြုစကားပါးပေးကြသော လူပုဂ္ဂိုလ် အသီးသီးတို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။ Read in Full
၉။ ခိုင်ကမ်းမြို့မှာ စစ်ကောင်စီတပ်က တစ်အိမ်တက်တစ်အိမ်ဆင်းလူစာရင်းစစ်ဆေးမှုပြုလုပ်
August 12, 2024
ကလေးမြို့ဘက်မှ တက်လာသော စစ်ကောင်စီ စစ်သား ၅၀ ကျော်နဲ့ ခိုင်ကမ်း ရဲစခန်းမှ ရဲများ ပူးပေါင်းပြီး ခိုင်ကမ်းမြို့ အတွင်းတစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် အိမ်ထောင်စုစာရင်းနှင့်လက်ရှိနေထိုင်သည့် လူစာရင်းစစ်ဆေးမှုများပြု လုပ်ကြောင်း လူ ဖမ်းဆီးသွားတာမရှိကြောင်း ဒေသခံများထံမှသိရှိရပါတယ်။ “စစ်သားတွေမြို့ထဲဝင်လာတဲ့သတင်း ကြားတော့လူငယ်လူရွယ်တွေ ကတောထဲကိုရှောင်ပြေးခဲ့ကြတယ်။ တချို့အိမ်တွေဆိုပိုက်စိပ်တိုက်ရှာဖွေတာတွေလုပ်တယ်။ သေတ္တာတွေပါဖွင့်ပြီး စစ်ဆေး ကြတယ်။ အိမ်ထောင်စု စာရင်းရှိ လူဦးရေနှင့် လက်ရှိ နေထိုင်တဲ့ လူကို လာစစ်ကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” စစ်သားတွေကတော့ ဘာမှ မပူနဲ့၊ ဒေသခံတွေကို ဘာမှမလုပ်ဘူးလို့ ပြောသွားတယ်။ ဒါပေမယ့် တောင်ပေါ်ကနေ ဆင်းလာတဲ့ ခရီးသွားလူငယ် သုံးယောက်ကိုတော့ ဖမ်းခေါ်သွားတာတွေ့ရတယ်။ ညနေ မိုးမချုပ်ခင်လေးမှာ ကလေးတက္ကသိုလ် မုခ်ဦးကနေ ပြန်လွှတ်ပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်”လို့ ယင်းဒေသခံမှ အခြေအနေကို ဆက်လက်ရှင်းပြပါတယ်။ ချင်းပြည်နယ် တီးတိန်မြို့နယ်တောင်ခြေရင်းရှိ ခိုင်ကမ်းမြို့မှာ ဘာကြောင့်အခုလို စစ်ဆေးသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။ ခိုင်ကမ်းမြို့တွင် ရပ်ကွက် ၄ ခုရှိပြီး ယင်းရပ်ကွက် အားလုံးမှာဝင်ရောက်စစ်ဆေးမှု ပြုလုပ် သွားခဲ့တယ်လို့သိခဲ့ရပါတယ်။ Read in Full
၁၀။ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်းတစ်ဦးကို PNLA ဖမ်းမိ
August 12, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်းမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း PNLA က စစ်ကောင်စီ လက်အောက်ခံ စစ်သုံ့ပန်းတစ်ဦးကို ဖမ်းမိတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA က အသိ ပေးထုတ်ပြန်ထားပါတယ်။ အဆိုပါ ဖမ်းမိတဲ့ စစ်သုံ့ပန်းဟာ ရွှေဘိုမြို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းကိုတက် ရောက်ပြီးနောက် ဆီဆိုင်တိုက်ပွဲကိုပို့ဆောင်ခံရတဲ့သူတစ်ဦးဖြစ်ပါတယ်။ အဆိုပါစစ်သုံ့ပန်းဟာ ဆီဆိုင် ကို ရောက်ရှိတာ ၁ လ မပြည့်သေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့အရှေ့ဖက်ကို စစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ အဆိုပါဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတစ်ဦးအပြင် စစ်ကောင်စီတပ်သား အလောင်း ၃ လောင်း၊ MA1 သေနတ် ၁ လက် နဲ့ ဒရုန်းတစင်းကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီဟာ ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ရက်နေ့ကစပြီး လက်ရှိအချိန်ထိ လက် နက်ကြီးပစ်ခတ်မှုတွေ စစ်ကြောင်းထိုးလာမှုတွေကြောင့် ပြည်သူ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ “ထွက်ပြေးကြတဲ့ အချိန်ဆို ဖိနပ်မပါတဲ့သူတွေပါတယ်လေ။ စားဖို့သောက်ဖို့လည်း မပါကြဘူး။ အခုကမိုးရာသီလည်းဖြစ်တော့ တောထဲပဲရှောင်ကြ တာကော။ မိုးကာလည်းလိုတာပေါ့”လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ပြည်သူတွေဟာ ဆိုက်ခေါင်၊ တောင်ကြီးနဲ့ ဟိုပုံးမြို့နယ်အတွင်းက တောတောင်ထဲမှာ တိမ်းရှောင်နေကြပြီး အလှူရှင်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ မရရှိတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အမိုးအကာတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။
၁၁။ မူဆယ်မှာ စမတ်ကတ်အတွက် တုံကင်သွားယူတဲ့ တအာင်းလူငယ်၂ ဦးကို စစ်တပ်က ဖမ်းဆီးထား
August 12, 2024
ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က တအာင်းလူငယ်၂ ဦးဟာ မူဆယ်မြို့မှာ စမတ်ကတ်တုံကင်ယူဖို့အတွက် တက်သွားရာ ကနေ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ သိရှိရပါတယ်။ အဲတအာင်းလူငယ်၂ ဦးဟာ မူဆယ်မြို့သို့ စမတ်ကက် တုံကင် သွားယူနေချိန် မူဆယ်မြို့ပန်ခမ်းတံတားနားက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အသက်၂၀ နှစ်အရွယ်ရှိတဲ့ ညီသိန်းဝင်းနဲ့ အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ညီသန်းထွန်းတို့ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ “သူတို့ရဲ့ဖုန်းကို ယူစစ်တာ။ ဖုန်းထဲမှာ သူတို့ တအာင်းစစ်သားဝတ်စုံဝတ်ထားတာတွေ့လို့ ဖမ်းထားတာ တဲ့။ သူတို့လည်း မူဆယ်တက်ရင် သိတဲ့အတိုင်းပဲ။ တခါတလေ သူတို့စစ်တယ်။ တခါတလေတော့လည်း မစစ်ဘူး။ အခုချိန်ဆိုရင် တော့ သူတို့ အဲနီးအနားမှာ အရမ်းစစ်ကြတယ်။ လူတွေလည်း ခဏခဏပျောက်တယ်လို့ပြောတယ်”ဆိုပြီး နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ့ရှိတဲ့ TNLA ဝတ်စုံနဲ့ လူငယ် ၂ ဦးဟာ စစ်သားတွေမဟုတ်ပဲ စစ်ဝတ်စုံနဲ့ အမှတ်တရရိုက်ကူးထား တဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး သူတို့ ၂ ဦးဟာ လက်ရှိ ၁၂ တန်း တက်ရောက်နေတဲ့ ကျောင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ လက် ရှိမှာ နမ့်ခမ်းမြို့နယ်က ဒေသခံအများစုဟာ တရုတ်ဖက်သို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ စမတ်ကတ်တွေ ပြုလုပ်နေကြတာ ဖြစ်ပြီး ၎င်းလူငယ် ၂ ဦးလည်း အဲရည်ရွယ်နဲ့ စမတ်ကတ်သွားလုပ်ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
၁၂။ မတူပီမြို့ထဲ စစ်ဘေးရှောင်များ ပြန်လည်နေထိုင်ခွင့်ပြုတော့မည်ဟုဆို
August 13, 2024
ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်ချက်လုပ်ငန်းများဆောင် ရွက်ထားပြီးပြည်သူများပြန်လည်နေထိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။ မတူပီမြို့တွင် လိုအပ်သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ရေရှိရေးလုပ်ငန်းများကို ဆောင် ရွက်ပြီးပြီဖြစ်ကြောင်း မတူပီ ပအဖက သတင်းထုတ်ပြန်သည်။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ဘေးရှောင်များ ပြန် လည်နေထိုင်နိုင်ရေးကို ထုတ်ပြန်ပြီးနောက် မတူပီမြို့ပေါ် စစ်ဘေးရှောင်တချို့ ပြန်လည်ရောက်ရှိလာကြောင်း၊ စစ်ဘေးရှောင် များကို ပြန်လာခွင့်ပြုထားပြီးဖြစ်ကြောင်း မတူပီ-CDF၊ တပ်မဟာ-၁ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်ကပြောသည်။“မတူပီ ပအဖ က ထုတ်ပြန်ပြီးမှ စစ်ဘေးရှောင်တွေ စတင်ပြန်လာတာပါ။ တချို့က ဆိုင်ကယ်တွေနဲ့ ပြန်လာကြတယ်။ စစ်ဘေးရှောင် တွေ သိသင့်တာတွေကိုတော့ စာရွက်နဲ့ Print ထုတ်ပြီးပြောထားပါတယ်။ ဘယ်လောက်ပြန်လာနေပြီးလဲက စာရင်းမကောက် ရသေးပါဘူး” ဟု ကိုဘွေအုပ်က ပြောသည်။
မတူပီမြို့စစ်ဘေးရှောင်များ သိသင့်သိထိုက်သော သတိထားရမည့်အချက်များကိုလည်း လက်ကမ်းစာစောင်များ ဝေငှ ထားကြောင်း၊ အသုံးများသော လမ်းများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းထားပြီး မရှင်းလင်းရသေးသည့်နေရာများကို ယာယီပိတ် ထားကြောင်း သိရသည်။ မတူပီမြို့ ပြန်လည်တည်ဆောက်ရေး ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများမှ ပူးပေါင်းပါဝင်ကြပါရန် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးနှိုးဆော်ထားသည်။ မတူပီ မြို့ပေါ်နှင့် အနီးဒေသကျေးရွာများက ဒေသခံပြည်သူများသည် ချင်းပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ခြင်းမပြုမီကပင် စစ်ဘေးရှောင်နေကြရခြင်းဖြစ်ကြောင်းသိရသည်။ Read in Full
၁၃။ TNLA ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ်များတွင် တရားသူကြီးနှင့် ရှေ့နေ ပေါင်း ၂၀ ကျော် ခန့်အပ်
August 12, 2024
တအာင်းတပ်မတော်(PSLF/TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းချုပ်ထားသည့် မြို့နယ်များတွင် တရားသူ ကြီးနှင့် ရှေနေ့ စုစုပေါင်း ၂၂ ဦးခန့်အပ်ခဲ့ကြောင်း (သြဂုတ်လ ၁၁ ရက်) က သတင်းထုတ်ပြန်သည်။ ထိုမြို့နယ်များတွင် တရားစီရင် ရေးစနစ် အားကောင်းစေရန်၊ တရား ဥပဒေစိုးမိုးရေးရှိစေရန်နှင့် တရားမျှတရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး တအာင်းပြည် ဗဟိုတရားသူကြီး သုံးဦး၊ ခရိုင်တရားသူကြီး လေးဦး၊ မြို့နယ်တရားသူကြီး ရှစ်ဦးနှင့် ဥပဒေရှေ့န ခုနစ်ဦး ကိုခန့်အပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်း တာဝန် လွဲပြောင်းခြင်း၊ တာဝန်ခံအပ်ခြင်းနှင့် ရာထူး အပ်နှင်းခြင်း အခမ်းအနားကို တအာင်းပြည်၊ ထိန်းချုပ်နယ်မြေတနေရာတွင် ကျင်းပခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုသည်။
ထိုတရားရေးဝန်ထမ်းများကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် အပိုင်း(၂) အတွင်း ထိန်းချုပ်ထားသည့် မြို့နယ်များဖြစ် သည့် နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲ မြို့နယ်၊နောင်ချိုမြို့နယ်၊မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့်သီပေါမြို့နယ် စုစုပေါင်းမြို့နယ် ၁၂ ခုတွင်ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုခန့်အပ်ပွဲတွင် သက်ဆိုင်ရာ ဗဟိုတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးနှင့် ဥပဒေရုံးတို့၏ လုပ်ငန်းတာဝန်များကိုလည်း အသိအမှတ်ပြုခဲ့ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟို အထွေထွေအုပ် ချုပ်ရေးဌာနမှ ဒု-ဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်၊ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူ ကြီးများ၊ မြို့နယ် တရားသူကြီးများနှင့် ဥပဒေရှေ့နေများ စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ Read in Full
၁၄။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခြင်းကြောင့် နှစ်ဖက်ဒေသခံများ စာဝတ်နေရေး အခက်ကြုံ
August 12, 2024
အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂)ကုန်သွယ်ရေးဂိတ်ဖြစ်သော ရိဒ်နှင့် ဇိုးခွားထားလ်တွင် ကုန် ပစ္စည်းသယ်ယူခွင့်ပိတ်ပင် ထားသည်မှာ နှစ်ပတ်ကျော်လာပြီဖြစ်၍ နှစ်ဖက်ဒေသခံများ စားဝတ်နေရေး အခက်အခဲနှင့်ကြုံနေရကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံဖက်မှ ကွမ်းသီးခြောက်များ တရားမဝင် တင်သွင်းနေမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation)က လာရောက်စစ်ဆေးမည်ဖြစ်၍ ဇူလိုင်လ ၂၅ ရက်မှ စတင်ကာ ကုန်ပစ္စည်းအဝင်အားလုံးကို အကောက်ခွန်ဌာနကပိတ်ပင်ခဲ့ခြင်းဖြစ်သည်။“လမ်းပိတ်လိုက်တော့ နေ့စားအလုပ်သမား၊ ဆိုင်တွေနဲ့ကုန်သည်တွေဘာအလုပ် မှမရှိတော့ဘူး။ တချို့ဆို စားဝတ်နေရေးခက်ခဲနေကြပြီ”ဟု နယ်စပ်မှမြန်မာနိုင်ငံသားတဦးက ပြောသည်။ နယ်စပ်ကုန်သွယ် ရေးလမ်းပိတ်လိုက်ခြင်းကြောင့် ကုန်တင်ကုန်ချ၊ ဆိုင်ကယ်ကယ်ရီ၊ တနိုင်တပိုင်ကုန်သည်များနှင့် နေ့စားအလုပ်သမားများမှာ အလုပ်မရှိတော့ဟု ဆိုသည်။
နယ်စပ်ရှိ အာသံရိုင်ဖယ်တပ်ဖွဲ့ကလည်း မြန်မာနိုင်ငံမှဝင်ရောက်လာသူများထံမှ ပါလာသည့်ပစ္စည်းများကို တင်းတင်း ကျပ်ကျပ် စစ်ဆေးလျက်ရှိသည်ဟု နယ်စပ်တွင်နေထိုင်သည့် မြန်မာနိုင်ငံသားကဆက်ပြော သည်။ နယ်စပ်ဂိတ်ကို မည်သည့် အချိန် ပြန်လည်ဖွင့်လှစ်မည်ကို အကောက်ခွန်နှင့် စစ်တပ်အရာရှိများကို မေးမြန်းရာ ၎င်းတို့မှာ အထက်အမိန့်အရ လုပ်ကိုင်းခြင်း ဖြစ်ပြီး ဖွင့်မည်အချိန်အတိအကျမသိကြောင်း ပြန်လည်တုံ့ပြန်သည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံမှ စက်သုံးဆီအပါအဝင် လူသုံးကုန် အချို့ မှောင်ခိုလမ်းမှ မြန်မာဖက်သို့တင်သွင်းနေသော်လည်း မြန်မာပြည်မှ လူသုံးကုန်နှင့်စားသောက်ကုန်များ ဝင်ရောက်မှုမရှိ သဖြင့် မီဇိုရမ်ပြည်နယ်ဘက်ခြမ်းရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များ ဈေးနှုန်းကြီးမြင့်မှုဒဏ် ခံနေရကြောင်း သိရသည်။ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး အမှတ်(၂)ဂိတ်ရှိသော ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကုန်သွယ်ရေးလမ်းကို ထိန်းချုပ်ထား သည်။ Read in Full
၁၅။ ရခိုင်မှာ လက်နက်ကိုင်အဖွဲ့တွေ အကြမ်းဖက်မှုကျူးလွန်ကြောင်း HRW ပြော
August 13, 2024
ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေနဲ့ အရပ်သားပြည်သူတွေဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ကြမ်းကြုတ်တဲ့ ကျူးလွန် မှုကို ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Pearson က ပြောတဲ့အကြောင်း HRW က ဩဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ HRW ရဲ့ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော်(AA)တို့ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ တခြားအရပ်သားပြည်သူတွေအပေါ် အခုလတွေအတွင်း တရား လက်လွတ် သတ်ဖြတ်မှု၊ နေအိမ် မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ ကြတယ်လို့ ဖော်ပြပါတယ်။ ရိုဟင်ဂျာတွေ၊ ရခိုင်လူမျိုးစုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မျက်မြင်တွေ့ရှိခဲ့သူ ၃၃ ဦးကို မေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး ဂြိုလ်တုဓာတ်ပုံတွေ၊ လွတ်လပ်တဲ့ သတင်း အရင်းမြစ်တွေ၊ ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံနဲ့ ဆေးမှတ်တမ်းတွေကို လေ့လာခဲ့တယ်လို့ HRW ကဆိုပါတယ်။
စစ်ကောင်စီတပ်က ရိုဟင်ဂျာအမျိုးသားတွေနဲ့ လူငယ်တွေကိုတရားမဝင်လူသစ်စုဆောင်းမှုကြောင့် ရိုဟင်ဂျာမူဆလင်တွေနဲ့ ရခိုင်ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကြားမှာ တင်းမာမှုတွေဖြစ်ပေါ်စေခဲ့တယ်လို့ဆိုပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီနဲ့ မေလ မှာ စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေသာမက AA တို့ဟာ အရပ်သား ပြည်သူတွေအပေါ် ရက်စက်ကြမ်း ကြုတ်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ HRW ကပြောပါတယ်။ ဘူးသီးတောင်မြို့က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင် တဲ့ မေလ ၁၇ ရက်နေ့က အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ဘူးသီးတောင်မြို့က ရပ် ကွက်တွေနဲ့ အနီးနားကကျေးရွာ တွေမှာ လက်နက်ကြီးပစ်ခတ်တာ၊ လုယက်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့ကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ AA ဘက်ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိကြောင်းနဲ့ လူမျိုးဘာသာမရွေး ကူညီကယ်ဆယ်မှုတွေ လုပ်ပေးနေကြာင်း မေ ၂ဝ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ Read in Full
၁၆။ တောင်ကြီးခရိုင်အတွင်း စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် ၄ သိန်းထိ ခြိမ်းခြောက်ကောက်ခံနေ
August 12, 2024
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် ၄ သိန်းအထိ ကောက်ခံနေ ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ရှိ ကျေးရွာအချို့ အတွင် စစ်မှုထမ်းရန် အကြောင်းပြချက်များဖြင့် ငွေကျပ် ၃ သိန်းခွဲမှ ၄ သိန်းအထိကောက်ခံမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။“တစ်အိမ်ကို ၃ သိန်းခွဲကောက်တယ်၊ မလောက်သေးရင် ထပ်ကောက်မယ်လည်းပြောတယ်၊ ကျမတို့က လစာနဲ့ တောင် စားမလောက်တာ တချို့ရွာဆို ၄ သိန်းထိတောင် ကောက်နေကြတယ်” ဟု ၎င်းကပြောသည်။ ထို့ အပြင် ကောက်ခံသည့် ငွေအားထည့်ဝင်ခြင်းမရှိပါက သက်ဆိုင်ရာသို့တိုင်ကြားမည်ဟုကျေးရွာအုပ်ချုပ်ရေးမှူးများမှ ခြိမ်းခြောက်နေကြောင်းသိရသည်။“မထည့်ရင်လည်း ရွာလူကြီးက အထက်ကိုတိုင်မယ်တဲ့၊ ဘယ်နှလစာကိုလည်းမပြောဘူး၊ ၃ သိန်းခွဲဆိုတာ အနည်းဆုံး ကောက် ပေးတာလို့တောင်ပြောတယ် ထပ်ပြီးကောက်အုံးမယ်လည်းပြောတယ်၊ မထည့်လို့ တစ်ခုခုဖြစ်ရင် တာဝန်မယူဘူးလို့ ပြောတယ်” ဟု ၎င်းကဆက်ပြောသည်။
ယခင်လများတွင် တစ်အိမ်လျှင် ငွေကျပ်၂ သောင်းခွဲ သာ ကောက်ခံနေရာမှ ဇူလိုင်လကုန်တွင် ၃ သိန်းခွဲထိ တိုးသွား ကြောင်းသိရသည်။“ကျမတို့ အိမ်ဆို စစ်မှုထမ်းအရွယ်မရှိဘူး။ ကျမက ကလေးအမေ၊ အမျိုးသားကလည်း မရှိတော့ဘူး အဖေ ကလည်း အသက် ၇၀ ကျော်နေပြီ၊ အဲ့တာတောင် ငွေထည့်ပေးရမယ်တဲ့ ” ဟု နန်းပန်မြို့နယ်အနီးတွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးကပြောသည်။ အလားတူ ဩဂုတ်လ ၁၁ ရက် တွင်လည်း တောင်ကြီးမြို့ပေါ်ရပ်ကွက်အချို့တွင်လည်း စစ်မှုထမ်း အတွက်ဟုဆိုကာ ငွေကျပ် ၁ သိန်းမှ ၁ သိန်းခွဲအထိကောက်ခံနေကြောင်း မြို့ခံအချို့ထံမှသိရသည်။ လက်ရှိတွင် နိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်တွင် အင်အားများပြုန်းတီးမှုများစွာ ဖြစ်ပေါ်နေ ပြီး ထိုလိုအပ်ချက်များကို ဖြည့်တင်းရန်အတွက် စစ်မှု ထမ်းဥပဒေထုတ်ပြန်ခဲ့ပြီးနောက် နေရာအနှံ့တွင် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော အခက်အခဲ ပြဿနာများစွာဖြစ်ပေါ်နေလျက်ရှိသည်။ Read in Full
၁၇။ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ကြား မြိတ်-ကော့သောင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထား
August 12, 2024
တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ မြိတ်-ကော့သောင်းလမ်းပိုင်းကို စစ်ရေးအခြေအနေအရ ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီခန့်ကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံကပြောသည်။ တနင်္သာရီမြို့မှ တနင်္သာရီနှင့်ဘုတ်ပြင်းမြို့နယ်အစပ် 1020 တောင်အထိ ခရီးသွားလာခြင်းကို ပိတ်ထား ကြောင်း ၎င်းကဆိုသည်။ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခလရ ၅၆၁ တပ်ရင်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီ တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လမ်းမကြီးပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ သဖြင့် ယင်းလမ်းပိုင်းအသုံးပြုခြင်းအား တားမြစ်ခြင်းဖြစ် ကြောင်း တိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ပြောဆို သည်။“ဒီမနက် ကန့်သတ်နယ်မြေအတွင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ အသွားအလာ မလုပ်ဖို့ပါပဲ။ ခွင့်မပြုပေးမချင်း မဖြတ် သန်းရ၊ စကစတပ်တွေဘက်က ကန့်သတ်လမ်းပိုင်းထဲ လက်နက်ကြီးနဲ့ ပစ်နေလို့ ပိတ်ပေးတာပါ။ လမ်းမပေါ်က ဘုတ်ပြင်းဘက် တက်မယ့် ကားတွေကို ပြန်လှည့်ခိုင်းထားတယ်” ဟု ၎င်းက ပြောသည်။
တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ပိတ်ဆို့မှုကြောင့် ကားရာနှင့်ချီ မြိတ်-ထားဝယ် လမ်းပိုင်းတစ်လျှောက်တွင် ပိတ်မိနေ ကြောင်း ဒေသခံအချို့က ဆိုသည်။ ကားသမားများနှင့် ဖုန်းအဆက်အသွယ် မရသေးသဖြင့် မည်သည့်အကြောင်းအရင်းကြောင့် လမ်းကြောင်းပိတ်လိုက်သည်ကို သေသေချာချာမသိရသေးကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။“အခုမနက်ကမှ ပိတ်တာဆိုတော့ ကားတွေပြန်လှည့်လာတာမျိုးလည်းမရှိသေးဘူး။ အခြေအနေကို စောင့်ကြည့် နေကြတဲ့ သဘောထင်တယ်။ ဖုန်းဆက်တာ ဆက်သွယ်မှုဧရိယာပြင်ပဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
၁၈။ရခိုင်ပြည်နယ်ရှိ စစ်ရှောင်စခန်းအချို့တွင် ကလေးငယ်နှင့်ဒေသခံများ တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ဆေးဝါလိုအပ်နေ
August 13, 2024
ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော် နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ စစ်ဘေးရှောင် ကလေးငယ်များနှင့် ဒေသခံများ ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေသော်လည်း ဆေးဝါးလုံလောက်မှုမရှိကြောင်း စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ဘေးရှောင်နှင့်ဒေသခံများသည် တုပ်ကွေးရောဂါကို ခံစားခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ရှောင်စခန်းရှိ ကလေးငယ် များနှင့် သက်ကြီးရွယ်အိုများသည် ခန္ဓာကိုယ် ယားယံသည့် အရေပြားရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေကြောင်း တောင်မင်း ကုလား စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဒေါ်ခိုင်အေးက ပြောသည်။ “ကျမတို့ စစ်ဘေးရှောင်စခန်းမှာ ၁၀ နှစ်အောက် ကလေး ငယ် ၁၀ ယောက်က ခန္ဓာကိုယ်ယားယံပြီး အနာစိမ်းပေါက်နေကြတယ်။ ပြီးတော့ လူကြီးပိုင်အမျိုးသမီး နှစ်ယောက်က ငှက်ဖျား ဖြစ်နေတယ်။ ဆေးရုံဆေးခန်းကလည်း အနီးအနားမှာမရှိဘူး။ ပြီးတော့ ဆေးခန်းသွားပြဖို့ က ငွေကြေးအခက်အခဲရှိတော့ မသွားနိုင်ဘူး၊ ” ဟု ၎င်းက ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများနှင့် ရေဘေးဒဏ်ကြောင်း ထွက်ပြေးတိမ်ရှောင်လာသော စစ်ဘေးရှောင်များနှင့် ဒေသခံများသည် အသက်ရှင်ရပ်တည်ရေးအတွက် အကျပ် အတည်းများစွာ ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် ဇူလိုင်လလယ်မှစတင်ကာ ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မြောက်ဦးမြို့နယ် တစ်ခုထဲ၌ ရေဘေးဒုက္ခသည် သုံးသောင်းကျော် ရှိကြောင်း မြောက်ဦးလူငယ်အစည်းအရုံးက ထုတ်ပြန်ထားသည်။“ကျမတို့ ရွာမှာ တစ်အိမ်ပြီး တစ်အိမ်ဖျားတယ်။ မိသားစုလိုက်ဖျားကြတယ်။ ကျမတို့ မိသားစုက တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ ဖျားရင်လည်း ဆေးခန်းမပြနိုင်ဘူး။ ပါရာစီတာမော့သောက်ပြီး စောင်ခြုံနေလိုက်တယ်။ အဲ့ဒီလိုနဲ့ ရောဂါသက်သာအောင် လုပ် တာပါ”ဟု မြောက်ဦးမြို့နယ်၊ တိန်ညိုရွာမှ မအေးကျော်က ပြော သည်။ လက်ရှိချိန်ထိ ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ အဆမတန် မြင့်မားလျက်ရှိပြီး ဆေးဝါးပြတ်လပ်မှုများကြောင့် ပြည်သူများအကျပ်အတည်းများစွား ရင်ဆိုင်နေရသည်။ Read in Full
၁၉။ ပင်လောင်းမှာ ဒေသခံတွေက စစ်မှုထမ်းခေါ်မှာ စိုးရိမ်နေရလို့ နေရပ်မပြန်ရဲကြသေး
August 12, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA)က စစ်မှုထမ်းခေါ်ယူမယ် လို့ ပြောဆိုထားတာကြောင့် ရွာခံတွေက နေရပ်မပြန်သေးဘူးလို့ စုံစမ်းသိရပါတယ်။ ပြန်လာတဲ့ ရွာခံတွေထဲက အသက် ၁၈ နှစ် ကနေ ၄၀ ကြားအရွယ်ရှိ အမျိုးသားတွေကို မိမိဆန္ဒအလျောက် စစ်မှုထမ်းပါတယ်ဆိုတဲ့ သက်သေစာရွက်နဲ့တကွ PNA က လက် မှတ်ထိုးခိုင်းနေတာပါ။“အတင်းခေါ်တာတော့မဟုတ်ဘူး။ အသက်အရွယ်အကြုံးဝင်တဲ့လူ အကုန်လက်မှတ်ထိုးပေါ့။ စစ်မှုထမ်း အတွက် သဘောတူ လက်မှတ်ပေါ့။ အဲလက်မှတ်ကြည့်ပြီး အကုန်ခေါ်မှာ။ အခုက ဘယ်သူမှမထိုးချင်လို့ ဘယ်သူမှမပြန်တာ”လို့ ရွာခံ စစ်မှုထမ်းအကြုံးဝင် အမျိုးသားတစ်ဦးက ပြောပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့က ရှမ်းပြည် မီဒီယာအများစုမှာ ဒီဖြစ်စဉ် နဲ့ ပတ်သက်ပြီး ဖော်ပြခဲ့တာကြောင့် ရွာခံတွေအပေါ်လည်း PNA က ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ PNA ဘက်က တပ်သားသစ် ထပ်မရနိုင်တော့တာကြောင့် အကြမ်းဖက် ကျူးလွန်လာမယ့် အန္တရာယ်တွေနဲ့ နီးစပ်ရာ ရွာတွေအတွက်လည်း စိုးရိမ်ပူပန်နေကြပါတယ်။“ဆောင်းပြောင်းကတော့ ဘယ်သူမှ မပြန်ဘူးလေ။ အမေက လည်း သားမပါရင် မပြန်ဘူး။ သားလည်း အမေမပါရင် မပြန်ဘူး။ မပြန်ရင်တော့ သူတို့က အိမ်ကို တခုခုလုပ်မယ်။ ချိတ်ပိတ်မယ်၊ သိမ်းမယ် အဲလိုတွေ ပြောနေတယ်။ အတွင်းပစ္စည်းတွေတော့ သူတို့ ခိုးလို့ ကုန်နေပြီ”လို့ ရွာခံတစ်ဦးက ပြောပါတယ်။ ဆောင်း ပြောင်း ကျေးရွာမှာ စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေနဲ့ PNLA တို့အကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ လယ်ပိုင်းခန့်က တိုက်ပွဲနောက်ဆုံး ဖြစ်ပွားခဲ့ပါတယ်။ Read in Full
၂၀။ AA နှင့်ဆက်စပ်သည်ဟုဆိုကာ လူ ၁၆ ဦးကို အမ်းမြို့နယ်တရားရုံးက တပြိုင်ထဲ အမိန့်ချပြီး အင်းစိန်ထောင်ပို့
August 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တရားရုံးတွင် အာရက္ခတပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အရပ်သား ၁၆ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)ဖြင့် ထောင်ဒဏ်သုံးနှစ်စီတပြိုင်ထဲအမိန့်ချပြီးနောက် ရန်ကုန်မြို့ရှိအင်းစိန်ဗဟိုအကျဥ်း ထောင်သို့ ပို့ဆောင်လိုက်ကြောင်း တရားရုံးနှင့်း နီးစပ်သူတဦးက ပြောသည်။ ၎င်းတို့ကို တရားရုံးတွင် သြဂုတ်လ ၉ ရက် နံနက် ၁၀ နာရီမှစ၍ ည ၁၀ နာရီ ၃၀ မိနစ်အတွင်း တရက်တည်းအမိန့်ချပြီးနောက် (သြဂုတ်လ ၁၂ ရက်) မွန်းလွဲပိုင်းတွင် စစ်ကောင်စီ တပ် ထောက်ပို့ လေယာဥ်ဖြင့် အင်းစိန်ထောင်သို့ ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ” AAနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းထားတာ။ သူတို့ကို ရဲစခန်းမှာ သိပ်မကြာဘူး။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ) ရုံးမှာအကြာကြီးထားထားတာ။ စီမံကိန်းရေးဆွဲရေး ဌာနက ဦးစောရွှေမောင်လည်း အမိန့်ကျတဲ့အထဲပါတယ်။ တယောက်နဲ့တယောက်ဖမ်းခံရတဲ့ရက်တော့ မတူဘူး။ တပ်ဘက်က နေပြီး လေတပ်လေယာဥ်နဲ့ပို့ဖို့ မြို့နယ်တရားရုံးကို အလျင်လိုလို့ဆိုပြီး အမိန့်တန်းချဖို့ စီစဥ်ခိုင်းတာ”ဟု တရားရုံးနှင့်နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။ယင်းဖြစ်စဥ်မှာ ဟုတ်မှန်ကြောင်း မိသားစု ဝင်အချို့ကလည်း အတည်ပြုသည်။
“အမှုနဲ့ ပတ်သက်ပြီး သက်သာမလားလို့ တရားသူကြီးကို သူ့စာရေးမကတဆင့် ငွေပေးပြီး တွေ့ရတာတွေရှိခဲ့ပါတယ်။ ပြီးတော့အချုပ်ထဲမှာ သက်သက်သာသာနေရရေးအတွက် အမ်းမြို့မ ရဲစခန်းက ဒုတိယ စခန်းမှူး ရဲအုပ် ဇာနည်ထွန်း နဲ့ တပ်ကြပ် ကြီး စာရေး။ ရဲဆွေ တို့ကို ငွေပေးရပါတယ်။ အခုတော့ ငွေလည်းကုန် အလုပ်လည်းပြုတ်၊ ပြီးတော့ အဖမ်းခံရစဥ်က သူများ အတွက်ပါ ထုတ်လာတဲ့ လစာတွေလည်းပါသွားတော့ ပြန်လျှော်ရတာ တွေလည်း ရှိပါတယ်” ဟု အမိန့်ကျခံရသူ ဝန်ထမ်းတဦး၏ ကာယကံရှင် မိသားစုဝင်က ပြောသည်။ ယင်းအမိန့်ချမှတ်ခံရသူ ၁၆ ဦးအနက် အမ်းမြို့နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောရွှေမောင်၊ Mytel ဆက်သွယ်ရေးဝန်ထမ်းတဦးနှင့် ကျောင်းဆရာများပါဝင်ပြီး အမျိုးသမီး တဦးလည်း ပါဝင်ကြောင်းသိရသည်။ ရခိုင်ဒေသခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောရွှေမောင်ကို တကျော့ပြန်တိုက်ပွဲ အစပိုင်းတွင် နေရပ်သို့ခေတ္တပြပြန်ခဲ့ခြင်းကြောင့် ဌာနနှင့်ကင်းကွာသည်ဟုဆိုသည့်အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက စစ်ကြောရေးတွင်ဖမ်းဆီးထားခဲ့ရာ ယခုအချိန်မှ ပုဒ်မ ၁၇(၁)ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထိုးစစ်ဆင်ခဲ့သည့် မတ်လ ၂၄ ရက်ကလည်း အမ်းမြို့ရှိ အကျဥ်းသား၊ အချုပ်သား ၅၀ နီးပါးကို အင်းစိန်ဗဟို အကျဥ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ခဲ့သေးသည်။ Read in Full
၂၁။ KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်း အန္တရာယ်စိုးရိမ်နေရ
August 12, 2024
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တာကြောင့် KIO ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကချင်ပြည်သူတွေ လေကြောင်း အန္တရာယ်စိုးရိမ်နေကြရတယ် လို့ပြောပါတယ်။ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်တပ်နဲ့ KIA တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီးတော့ တစ်ဖက်မှာ စစ်တပ်ကလည်း လေကြောင်းအဓိကအသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတင်မဟုတ်ဘဲ တိုက်ပွဲမရှိတဲ့ ကျေးရွာတွေမှာလည်း အကြောင်းမဲ့ ဗုံးကြဲတိုက် ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဩဂုတ်လ ၇ ရက်နေ့ည ၁၂ နာရီဝန်းကျင်လောက်မှာ လိုင်ဇာမြို့အနီးရှိ မုန်လိုင် ခက်၊ မိုင်ဆပ်ပါ၊ မြို့သစ်၊ ကုန်းလော နေရာတွေမှာ တပြိုင်နက် ဗုံး ကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ တစ်ညထဲမှာပဲ ၄ နေရာလောက်ဗုံးကြဲတိုက်ခိုက်သွားပြီးတော့ မိုင်ဆပ်ပါ ဒေသခံတစ်ဦးနဲ့ မြို့သစ်၊ ကုန်းလော ကျေးရွာ ၂ ခုကက ဒေသခံ ၉ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နဲ့အနီးဆုံးနေရာမှာရှိကြတဲ့ ဒေသခံပြည်သူတွေဟာ စစ်တပ်ကလေကြောင်း နဲ့သာ အဓိက အသုံးပြုတိုက်ခိုက်နေတဲ့အတွက် လေကြောင်း အန္တရာယ်ကို စိုးရိမ်နေရတယ်လို့ မုန်လိုင်ခက် ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။“စစ်တပ်က အဓိကလေယာဉ်နဲ့သာ ဦးတည်တိုက်ခိုက်နေတာဖြစ်တဲ့အတွက် လေကြောင်းရန်ကို စိုးရိမ် နေရတာပေါ့။ အရင်ကလို လက်နက်ကြီးပစ်ခတ်တာတို့က စိုးရိမ်စရာမရှိတော့ဘဲ လေကြောင်းသာကြောက်နေရတာပေါ့။ တာဝန်ရှိတဲ့ KIO အနေနဲ့တော့ ဘယ်လိုတိမ်းရှောင်နေထိုင်ကြဖို့ ပြောဆိုတာမျိုးတော့မရှိသေးဘူး။ ဒါပေမယ့် ည အိပ်ပျော်နေတဲ့ အချိန် ဘာဖြစ်လာမလဲဆိုပြီးတွေးကြောက်နေကြတာပေါ့”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်း မှာ လိုင်ဇာမြို့ကိုအဓိက လုံခြုံရေးရယူထားတဲ့ နေရာအနီးက စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို သိမ်းပိုက်လိုက် ပြီးနောက် အဲဒီဒေသတွေမှာတိုက်ပွဲတွေငြိမ်သက်သွားတာ ၆ လဝန်းကျင်လောက်ရှိလာပြီဖြစ်ပါတယ်။ လိုင်ဇာမြို့ အနီးမှာရှိတဲ့ စစ်တပ်စခန်း အားလုံးနီးပါး KIA သိမ်းပိုက်လိုက်ပြီး အဲဒီဒေသတွေမှာ ယခင်ကလို လက်နက်ကြီးရမ်းသမ်း ပစ်ခတ်တာတွေ ကင်းစင်သွားတယ်လို့ ပြောပါတယ်။ Read in Full
၂၂။ ပအိုဝ်းဒေသခံများကို PNO က ဆန်မှုန့်ဖြင့် နဂါးရုပ်ပြုလုပ် ယတြာချေပူဇော်ခိုင်း
August 11, 2024
အထူးဒေသ ၆ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်း၊ ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်တို့က ဒေသခံပြည်သူတွေ ကို PNO ပြည်သူ့စစ်က ဆန်မှုန့်နဲ့ နဂါးရုပ် ပြုလုပ်ခိုင်းပြီး ယတြာချေ ပူဇော်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သြဂုတ် လ ပထမပတ်မှာ စတင်ပြုလုပ်ခိုင်တာဖြစ်ပြီး ပအိုဝ်းဒေသက အိမ်တိုင်းအိမ်တိုင်း ပြုလုပ်ရမယ်လို့လည်း PNO က စေခိုင်းတယ် လို့ ပြောပါတယ်။ ဒေသခံပအိုဝ်းတယောက်က “ဒါက ပအိုဝ်းအယူတခုပါ။ ခန္ဓာပျက်ရင်၊ နေမကောင်းရင် ယတြာချေတဲ့ ပုံစံပါ။ ဆန်မှုန့်ကိုရေနဲ့နယ်ပြီး နဂါးပုံစံ လုပ်ရတယ်။ ဘုရားစင်ပေါ်ထားပြီး ရှိခိုးခိုင်း၊ ထားခိုင်းတယ်။ ဩဂုတ် တလလုံး လုပ်ခိုင်းတယ်။ သူတို့ကစာထုတ်ပြီး ရွာဘက်ဆို အိမ်တိုင်းပေးတယ်။ အကုန်လည်း လုပ်ကြတယ်။ တချို့ရွာကျ မလုပ်လို့ မရဘူး။ ရွာသူကြီးက အိမ်တိုင်း လိုက်စစ်တယ်။ ဒါကကိုယ့်ဒေသ ငြိမ်းချမ်းဖို့အတွက် လုပ်ခိုင်းတာမို့ အကုန်လုပ်ဖို့ သူတို့က မှာတယ်” လို့ ပြောပါတယ်။
နဂါးရုပ်တုအပြင် ငုံးဥပြုတ် ၁၁ လုံး၊ သံပုရာသီး ၁၁ လုံး၊ ကင်းပွန်းသီး ၁၁ လုံးကို ဖလားထဲ ထည့်ပြီး ဘုရားမှာလှူဖို့၊ ရွာတိုင်း အိမ်တိုင်း ပူဇော်ဖို့၊ နယ်ခြားနေရာ၊ ဂိတ်စောင့်နေရာတွေမှာ သမ္ဗုဒ္ဓေဂါထာ ၉ ခေါက်ရွတ်ပြီး ဆန်တဆုပ်ကြဲဖို့လည်း စေခိုင်းထားကြောင်း ဆိုပါတယ်။ ဒေသခံတယောက်က “PNO ရဲ့အယူက မင်အောင်လှိုင်နဲ့ တူသွားပြီ။ ပြည်သူ လူထုကိုတမျိုးပြီးတမျိုး ဒုက္ခပေးနေတာ။ သူတို့အာဏာတည်မြဲဖို့လုပ်ခိုင်းတဲ့ ယတြာပဲလို့ ပြည်သူတွေ ပြောကြတယ်။ သူတို့ကို ကြောက်လို့သာ လုပ်ရတာ” လို့ ပြောပါတယ်။ PNO ဟာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်ပြီး စစ်တပ်အတွက်လည်း တပ်သားသစ် အဓမ္မ စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full
၂၃။ အမျိုးသားရေးလုပ်ကိုင်သူများ ကျရာတာဝန်ထမ်းရမည်ဖြစ်ကြောင်း ပဒိုစောသမိန်ထွန်း တိုက်တွန်း
August 12, 2024
အမျိုးသားရေးအကျိုးလုပ်ကိုင်သူများအနေဖြင့် စစ်တိုက်တတ်ရုံသာမက ဘက်ပေါင်းစုံကို သိရှိနားလည်ရန်နှင့် ကျရာ ထောင့်ကဏ္ဍအသီးသီးမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ဗဟိုအမြဲတမ်းကော်မတီ ဝင် ပဒိုစောသမိန်ထွန်းက ဩဂုတ်လ(၁၂)ရက်နေ့ ကျရောက်သည့် ကရင့်အမျိုး သားအာဇာနည်နေ့တွင် တိုက်တွန်းလိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ဖားအံခရိုင်တွင် ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက် ကရင့်အာဇာ နည် နေ့အထိမ်းအမှတ် အခမ်းအနားတွင် ကေအဲန်ယူ၏ဝါရင့်တော် လှန်ရေးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည့် ပဒိုစောသမိန်ထွန်း က ထိုသို့ပြောဆိုတိုက်တွန်းခြင်းဖြစ်သည်။“အမျိုးသားရေးအကျိုးဆောင်ရွက်ခြင်းက စစ်တိုက်တာတစ်ခုတည်းနဲ့မရဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တာကို သိရမယ်။ ထောင့်အသီးသီးက ကိုယ်သန်ရာ ကိုယ် လုပ်။ ထောင့်တစ်ခုတည်းကနေ လုပ်လို့မရဘူး။ ဘက်စုံထောင့်စုံကနေ ဆောင်ရွက်ရမယ်။ သူ့ထောင့်သူ့ထောင့်ကနေ တာဝန် ကျေအောင်တိုက်ရင်ရနေပြီ။ မဟုတ်ရင် အားကောင်းမှာမဟုတ်ဘူး” ဟု ပဒိုစောသမိန်ထွန်းက ပြောကြားသည်။
ထို့အပြင် သမိုင်းပေးတာဝန်ဖြစ်သည့် တော်လှန်ရေးလုပ်ဆောင်ခြင်းအား အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း စိတ် ဓာတ်ဖြင့် အသက်သေသည်အထိ စည်းဝိုင်းအပြင်မထွက်၊ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် တော်လှန်ရေး မအောင်မြင်သေးရခြင်း ၏ အကြောင်းအရင်းကိုလည်း သုံးသပ်ရမည်ဖြစ်ကြောင်း ကေအဲန်ယူ၏ ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ်က ထည့်သွင်းပြောကြား သွား သည်။ အခမ်းအနားသို့ တက်ရောက်လာသူ ကရင်လူငယ် စောအဲလ်ဘတ်ချိုကလည်း “တော်လှန်ရေးထဲမှာ ပေးဆပ်ရသူ တွေက ပေးဆပ်ရတာ အလကားမဖြစ်ဘူး။ ဥပမာ စောဘဦးကြီးဆို ကရင်လူထုအတွက် သူပေး ဆပ်တယ်။ လူထုက အမှတ်တရရှိတယ်၊ သူချတဲ့လမ်းကြောင်းကိုလိုက်တယ်။ အာဇာနည်ဆိုတာ အဲ့လိုမျိုး။ အာဇာနည်တွေကတော့ တာဝန်ပြည့်စုံသွားပြီ ဆိုပေမယ့် ကျန်ရှိသေးတဲ့သူတွေကတော့ မပြီးပြတ်သေးတဲ့တာဝန်ရှိသေးတယ်ပေါ့ အဲ့လို ခံစားရတယ်။” ဟု ပြောသည်။ Read in Full
၂၄။ မသန့်ရှင်းတဲ့ရေကို သုံးစွဲနေရတဲ့ မိုးဗြဲ စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာမှု ဖြစ်ပွားနေကြ
August 12, 2024
ပြီးခဲ့တဲ့ ဇွန်လအတွင်းက မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် ရေဘေးတိမ်းရှောင်နေရတဲ့ မိုးဗြဲစစ်ဘေးရှောင် ပြည်သူတွေဟာ မသန့်ရှင်းတဲ့ရေကို သုံးစွဲနေရပြီး လက်ရှိမှာတော့ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာမှုတွေ ဖြစ် ပွားနေကြ တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။ တိမ်းရှောင်ဖို့နေရာမရှိတဲ့ စစ်ဘေးရှောင်တွေဟာ စပါး စိုက်ခင်းအနီးအနားမှာ နေထိုင်ကြပြီး ရှိတဲ့ရေကိုသာ အသုံးပြုနေရတာကြောင့် စစ်ဘေးရှောင် ၁၀ ဦးအနက် ၇ ဦးမှာ ယားယံမှု တွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့ ထွန်းမြန်မာဒိုနေးရှင်း အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “သူတို့က စပါးခင်းထဲကရေကို ချိုးရင်လည်း စပါးခင်းက ရေတွေမြုပ်ကုန်တော့ စပါးခင်းနဲ့ ရေနဲ့ ထိတာကြာတော့ အချွဲတွေ ဖြစ်တာပေါ့။ အဲ့စပါးခင်းက ရေတွေချိုးရင်လည်း အရေပြားတွေအဖုတွေအများကြီးထွက်တယ်။ နောက်တစ်ခုက ချောင်းဘေးက ရေကို သောက်သုံးတာတို့ ကြတော့ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်တယ်။ ရေက မသန့်ဘူးလေ”လို့ ထွန်းမြန်မာဒိုနေးရှင်း အဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။
ရေဘေးသင့် စစ်ဘေးရှောင်တွေဟာ စားသောက်ရေးအပြင် ဆေးဝါးလည်း လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက အခုလိုပြောပါတယ်။“မျိုးစုံ ဒုက္ခ ကြုံနေရပါတယ်ဆို အခုက ရေသောက်လည်းဒီရေ ချိုးလည်းဒီရေ အိမ် သာတက် လည်း ဒီရေဆိုတော့ ရေကမသန့်တော့ဘူးပေါ့လေ။ လူ၁၀ယောက်မှာ ၇ယောက်က အရေပြားယားနာ ဖြစ်နေကြတော့ ယားနာ ပျောက်ဆေးတွေ လတ်တလော လိုအပ်တာပေါ့”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ ကျေးရွာတချို့မှာ ကွင်းဆင်းပြီး တွေ့ရှိမှုအရ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေဟာ နေမကောင်းဖြစ်မှုတွေလည်း ရှိနေတယ်လို့ ကယန်းအမျိုးသမီး အဖွဲ့အစည်း (KyWO) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။ “ဒီရေတွေပဲသုံးရတယ် ဒီရေတွေပဲ ဖြတ်သွားဖြတ်လာ တယ်ဆိုတော့ သေချာတယ် ကျမတို့ ယားယံခြင်းတွေတော့ ဖြစ်မှာပဲပေါ့နော်။ အခုကလည်း ယားယံခြင်းအဆင့်ထိမဟုတ်ပဲနဲ့ နေလို့သိပ် မကောင်းဘူးဆိုတဲ့ အနေအထားမျိုးတော့ တွေ့ရတာရှိတယ်ပေါ့နော်။’’လို့ သူက ပြောပါတယ်။ Read in Full
၂၅။ သိမ်ဇရပ်မှာ စစ်တပ်လက်နက်ကြီးကျလို့ ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
August 13, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခိုင်ကျေးရွာအနီး စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်တာဝန် ရှိသူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က လက်နက်ကြီးပစ်ခတ်ရာကနေ အခိုင် ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အခိုင်ကျေးရွာ တောင်ဘက်ပိုင်း ချောင်းစပ်မှာ ငါးလာရှာတဲ့ မုက္ခမော့ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် ကိုမိုးဒီဟာ အူပွင့်ထွက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးထိမှန်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကိုမိုးဒီကို KNU သထုံခရိုင် ဆေးပေးခန်းတစ်ခုမှာ ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း ကျိုက်ထို မြို့နယ် ကျောက်တန်းလေးကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေတွင်းလုပ်သားတွေအပါအဝင် ဒေသခံ ရှစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လဂွန်းအိမ်စာစဉ်က ကောက် ယူထားတဲ့အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်တစ်လအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂၁ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ Read in Full
၂၆။ လားရှိုးမှာ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ကိုးကန့်တပ်က စာရင်းကောက်
August 12, 2024
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပြန်ဝင်ဖို့အတွက် ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက ကိုးကန့်တပ်မတော် (MNDAA) က စာရင်း ကောက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ လတ်တလောမှာတော့ ရပ်ကွက်အလိုက်စာရင်းကောက်ယူနေဆဲဖြစ်တာကြောင့် လုပ်ငန်းခွင်ပြန်ဝင်ဖို့ အသေးစိတ်အခြေအနေကိုမသိရသေးဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးကပြောပါ တယ်။ “ကျွန်တော့် ညီမဆိုလည်း စည်ပင်ကပဲ CDM ဝင်ထားတာ ကြာပြီပေါ့။ နာမည်၊ အသက်၊ CDM ဝင်ထားတဲ့ဌာနကို မေးသွား တယ်။ အခုလုပ်ငန်းခွင် ပြန်ဝင်ရမယ်ဆိုရင်ရော အဆင်ပြေမလား။ လုပ်နိုင်လားပေါ့ အဲဒီလိုတော့ မေးသွားတယ်” ဒါ့အပြင် ကိုးကန့်တပ်မတော် (MNDAA) သိမ်းယူထားတဲ့ လားရှိုးမြို့မှာ ပြည်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို ပြန်လည် တည်ဆောက်နေပြီလို့ သူက ပြောပါတယ်။
အရပ်သားအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ခဲ့တဲ့ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေကိုလည်း ပြန်လည်ဆက်သွယ်ကာ အုပ်ချုပ်ရေးတာဝန်တွေ ပေးနေတယ်လို ဒေသခံတွေက ပြောပါတယ်။ လတ် တလော တိုက်ပွဲတွေ မရှိတော့တဲ့ လားရှိုးမြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေနဲ့ အဆောက် အအုံ အပျက်အစီးတွေကို MNDAA နဲ့ လားရှိုးထောင်က အမျိုးသား အကျဉ်းသားတွေက သန့်ရှင်း ရေးလုပ်နေကြတယ်လို့ ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ စာရင်းသွင်းထားတဲ့ CDM ဝန်ထမ်း လေးသိန်းကျော် ရှိပါတယ်။ Read in Full
၂၇။ ရေးဘီလူးအဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဦးထွက်ပြေး
August 13, 2024
ရေးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ က တပ်ဖွဲ့ဝင်နှစ်ဦး ဩဂုတ်လ ၁၁ ရက်က ထွက်ပြေးသွား ကြောင်း ယင်းတပ်ဖွဲ့ထံကသိရသည်။ ထွက်ပြေးသွားသူနှစ်ဦးသည် စစ်ကိုင်းတိုင်း၊ ကော့လင်းမြို့နယ်က ကိုအောင်မင်းပိုင် နှင့် မကွေးမြို့က ကိုစိုး တို့ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြုပေးသည်။ “ကင်း စောင့်နေရင်း ရှေ့တန်းမှာ ထွက် ပြေးသွားကြတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါထွက်ပြေးသူနှစ်ဦးသည် ရေးဘီလူးအဖွဲ့တွင် အသွင်ယူနေသည့် စစ်ကောင်စီ တပ် ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးစာရေးတို့ဖြစ်ကြပြီး မိခင်တပ်ရင်းများကို ပြန်ရောက်နေပြီဟု စစ်ကောင်စီဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များက ဖော်ပြနေကြသည်။ ယင်းဖော် ပြချက်နှင့် ပတ်သက်၍ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “စစ်ကောင်စီတပ်ဖွဲ့ ဝင်လား၊ ဒလန်လာလုပ်တာလား အတိ အကျတော့မသိရဘူးပေါ့ဗျာ။ ဒါပေမဲ့ သူဟာသူဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ တပ်ဖွဲ့ရဲ့ သင်တန်းကိုတက်ပြီး ရှေ့တန်းကိုထွက်ရတယ်။ အခုလို ရှေ့တန်းရောက်ပြီးမှ ထွက်ပြေးတာက သစ္စာဖောက်တာပါပဲ။ တယ်လီ ဂရမ်တွေမှာ ဝေဖန်နေ၊ ပြောနေသလို သုံးသပ်လို့လည်းရတယ်” ဟု ဖြေကြားသည်။
ရေးဘီလူးအဖွဲ့သို့ လာရောက်သည့် တပ်သားသစ်များကို အသက်ပြည့်မီ၍ ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း စစ် ဆေးခံရသည့်အပြင် တော်လှန်ရေးပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု တပ်ဖွဲ့ထဲ မဝင်မီကတည်းက လျှောက် လွှာများ ဖြည့်ရကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။ ရေးဘီလူးအဖွဲ့သည် ရေး-ထားဝယ်ကားလမ်းပိုင်းရှိ ရေးမြို့နယ် အတွင်း စစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်ပြီး ၂ဝ၂၃ ခုနှစ် ၊ ဒီဇင်ဘာလတွင် အမျိုးသားညီညွတ် ရေးအစိုးရ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲမှုအောက်ရှိ အထူးစစ်ဆင်ရေးအဖွဲ့ ၏ တပ်ခွဲတစ်ခုအဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့သည်။ Read in Full
၂၈။ မိုးကောင်းမြို့ ရပ်ကွက် ၂ ခုမှာ MPT ဖုန်းလိုင်းရ
August 12, 2024
ကချင်ပြည်နယ် မိုးကောင်းမြို့တွင်း ရပ်ကွက် ၂ ခုမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး MPT ဖုန်းလိုင်းရနေပြီလို့ မိုးကောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအပါအဝင် ကချင်– စစ်ကိုင်းအစပ် ထိ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေအားလုံးပြတ်တောက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ တွင်း MPT ရုံးနဲ့ အစိုးရရုံးတစ်လျှောက် MPTဖုန်းလိုင်းရခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့မှာ ဖိုးချစ်ကုန်းရပ်ကွက်နေရာတစ်ချို့၊ မိုးကောင်းမြို့ MPTရုံးအနီးနဲ့ ကျွန်းတောရပ်ကွက် ဖုန်းပြောလို့ရနေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။“MPT အိတ်ချိန်းရုံးကနေ ဖိုးချစ်ကုန်းနဲ့ ကျွန်းတောရပ်ကွက်ဘဲ ဦးစား ပေး လွှင့်ပေးတယ်လို့ သိရတယ်။ ၂ ရက်လောက်ရှိပြီ အဲဒီ ဖိုးချစ်ကုန်းမှာရှိတဲ့ MPT ရုံးနားနဲ့တစ်ချို့နေရာတွေရနေတာ ပြီးတော့ ကျွန်းတောတံတားမှာရတယ် စျေးနားက စနေမဆိုင်မှာက အထွက်ဘဲရတယ် အဝင်မရဘူး”လို့ ပြောပါတယ်။
မိုးကောင်းမြို့ဟာ မြစ်ကြီးနားနဲ့ မိုင်အားဖြင့် ၄၅ မိုင်ခန့်အကွာမှာရှိပြီး ဖုန်း၊အင်တာနက်လိုင်း ပြတ်တောက်သွားတဲ့ နောက် မိုးကောင်းမြို့ပြည်သူတွေ ဖုန်းပြောဖို့ မြစ်ကြီးနားဘက်ကို ရထားနဲ့နေ့တိုင်းတက်လာပြီး ဖုန်းပြောနေကြတာဖြစ်ပေမယ့် ဩဂုတ်လ ၇ ရက်နေ့ နောက်ပိုင်း မိုးကောင်းမြို့တွင်းမှာဖုန်းလိုင်းရနေတာကြောင့် မြစ်ကြီးနားတက်သူမရှိတော့ဘူးလို့ သိရပါ တယ်။ လက်ရှိ မိုးကောင်းမြို့တွင်း ဖုန်းလိုင်းတွေရနေပြီလို့ သိရပေမယ့် မြို့တွင်းအချင်းချင်းဆက်သွယ်ဖို့ ခက်ခဲနေသေးသလို အင်တာနက်လိုင်းကတော့ လုံးဝမရသေးတာကြောင့် ငွေလွှဲဝန်ဆောင်မှုအားလုံး ရပ်တန့်နေတဲ့အတွက် ပြည်သူတွေခက်ခဲနေကြ တယ်လို့ သိရပါတယ်။“ဖုန်းလိုင်း ရတယ်ဆိုရုံလောက်ဘဲ လိုင်းကသိပ်မကောင်းသေးဘူးဗျ။မြို့ထဲအချင်းချင်းဆက်ရဖို့တောင် အရမ်းခက်တယ်။ အင်တာနက်လိုင်းတော့ လုံးဝမရပါဘူး။ ဒါကြောင့် ငွေတွေလွှဲမရ ထုတ်မရခက်နေကြတယ်”လို့ နောက်ထပ် ပြည်သူတစ်ဦးက ပြောပါတယ်။ Read in Full
၂၉။ ကရင်ပြည်နယ်ထဲက မြို့အချို့မှာလဲ လောင်စာဆီပြတ်လပ်မှုများရှိနေ
August 13, 2024
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း စက်သုံးဆီးပြတ်လပ်သည့် အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပြီး အချို့ဆိုင်များ တွင် ဝယ်ယူလို့မရသည့် အခြေအနေဖြစ်နေသည်ဟု သတင်းရရှိသည်။ ဆီဆိုင်ကြီးတွေမှာ ဒီဇယ်ကရသေးတယ် ဓါတ်ဆီတော့ ဝယ်လို့ မရတော့ဘူး အပြင်လမ်းဘေးတွေမှာတော့ ဘူးနဲ့ရောင်နေတာ အချို့ရှိနေသေးတယ် တစ်လီတာ ၅၀၀၀ ကျပ်အထိ ပေးဝယ်နေရပြီး အရင်ကဆို ပုံမှန်ဈေး ၂၀၀၀ ကျော်ကနေ ၂၉၅၀ ဘတ် အထိသာ ပေးဝယ်နေကြရတယ်လို့ ဆိုပါတယ်။ ကရင် ပြည်နယ်အပြင် ရန်ကုန် မန္တလေးကဲ့သို့သောမြို့ကြီးများတွင်လဲ စက်သုံးဆီပြတ်လတ်မူ့ဖြစ်နေသည့်အတွက် အချို့ဆိုင်များတွင် တန်းဆီစောင့်ဆိုင်းပြီးဝယ်ယူနေရသည်။
ဒါ့အပြင် ထိုင်းဘတ်နဲ့ကျပ်ငွေ လဲလှယ်လုပ်ကိုင်နေသည့်လုပ်ငန်းရှင်တစ်ဦးက အခုတလော မြန်မာကျပ်ငွေ ဆက် တိုက် ကျဆင်းနေတယ် ဒိုင်ကြီးတွေမှာ ယနေ့မနက်ပေါက်ဈေး ကျပ်ငွေတစ်သိန်း ထိုင်းဘတ်၅၈၀ဘတ်ဈေးရှိနေတယ် ကျနော်တို့နယ် တွေမှာ ၅၉၀ ဘတ်ဈေးရှိနေတယ်လို့ အဆိုပါငွေလဲလှယ် လုပ်ကိုင်သူကဆိုပါတယ်။ စစ်ကောင်စီတွင် ဒေါ်လာလိုအပ်ချက်များ နေပြီး ပြည်ပမှကုန်ပစ္စည်းတင်သွင်းနိုင်ရန် ဒေါ်လာငွေကြေး အလုံအလောက်မရှိသည့်အတွက် ပြည်ပမှတင်သွင်းသည့် ကုန် ပစ္စည်းအချို့ ပစ္စည်းပြတ်လတ်နေခြင်းဖြစ်သည်။ Read in Full
၃၀။မောင်တော နခခ(၅)အနီးရှိ ကာကင်းစခန်း ၆ ခုကို AA သိမ်းပိုက်
August 13, 2024
ရခိုင်ပြည်၊ မောင်တော နခခ(၅)တပ်ရင်း အနီးဝန်းကျင်မှာနေရာယူထားတဲ့ ကာကင်းစခန်း ၆ ခုကို ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းမှာ အာရက္ခတပ်တော် (AA) ကအပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ခိုင်လုံတဲ့စစ်ရေး သတင်းရင်းမြစ်အရ သိရ ပါတယ်။ “နခခ(၅) တပ်ရင်း ရှေ့မှာ စစ်ကောင်စီဖက်က ကင်ကင်းစခန်းတွေများစွာ ချထားတယ်။ အစိုးရအထပ်မြင့် အဆောက် အဦတွေမှာလည်း ကာကင်းတွေချထားတယ်။ အဲဒီအထဲက ကာကင်း ၆ ခုလောက်က အေအေလက်ထဲကို ရောက်သွားပြီ။ အဆောက်အဦတွေက ကျယ်ပြန့် ခိုင်ခန့်တယ်။ AA ဖက်က အဲဒီ ကာကင်းကို ဒီနေ့မနက်မှာ သိမ်းလိုက်ပြီလို့သိရတယ်။ နောက် ထပ် ကာကင်တွေကို ဆက်လက်သိမ်းပိုက်ဖို့ ဆက်တိုက်နေတယ်လို့ သိရတယ်” လို့ သတင်းရင်းမြစ်ကပြောကြားပါတယ်။ အာရက္ခတပ်တော်က တိုက်ခိုက်နေတဲ့ နခခ (၅) နယ်ခြားစောင့်စခန်းဟာ မောင်တောမြို့ အရှေ့ဘက် ၂ မိုင်ခွဲအကွာမှာ တည်ရှိ ပြီး မောင်တောမြို့နယ်အတွင်းက တစ်ခုတည်းသော ကျန်ရှိနေတဲ့ လက်ကျန်စခန်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ နခခ(၅) မကျစေရန် အနည်းဆုံး ကာကင်းစခန်း ၁၀ ခုခန့်ကို နခခ (၅) ပတ်ဝန်းကျင်မှာ အခိုင် အမာ တည်ဆောက်ထားခဲ့ပေမယ့် ၆ ခုကတာ့ အေအေထိုးစစ်ကို ခုခံကာကွယ်နိုင်ခြင်းမရှိဘဲ လက်လွှတ်လိုက်ရပြီးလို့ ဆိုပါတယ်။ “နခခ(၅)ကိုတော့ အေအေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ကာကင်း ၆ ခုက ရထားပြီ ဖြစ်ပေမယ့် နခခ(၅) ကို မြေပြင်က ဝင်ရောက် သိမ်းပိုက်ဖို့အန္တရယ်များတယ်။ မိုင်းထောင်ထားတာ ခြံစည်းရိုး ၃ ထပ်ရှိတယ်။ တပ်ပတ်လည် ကွင်းပြင် တွေမှာလည်း မိုင်းရာချီပြီး ထောင်ထားတယ်”လို့ မောင်တော ပကတိမြေပြင်အခြေအနေကို နားလည်သူ တစ်ဦးပြောဆိုပါတယ်။ စစ်ကောင်စီကလည်း မောင်တော မကျရေးအတွက် လေတပ်ကလည်းတိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို အဆက်မပြတ် ဗုံးလာကြဲနေသလို နတ်မြစ်၀မှာရှိတဲ့ နေဇီကလည်း အမြောက် ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ Read in Full
၃၁။ကလေး-ရိ ကားလမ်း ယာဉ်စီးခ လူတဦး ကျပ် ၂ သိန်းထိမြင့်တက်
August 13, 2024
စစ်ကိုင်းတိုင်းကလေးမြို့မှ ချင်းပြည်နယ် ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေကြသော မော်တော်ယာဉ်စီးခမှာ လူတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းအထိမြင့်တက်သွားသည်ဟုသိရသည်။ “လူတယောက် (၂) သိန်းက မိုးတွင်းစတာနဲ့ဖြစ်တာ။ လမ်းမှာပုံမှန်ဆိုရင် တညအိပ်တယ်၊ အရင်လို ခေတ်ကောင်း တုန်းကလို လူမများတော့ဘူး ဒါပေမယ့် အခုလောလောဆယ်တော့ ပုံမှန်အသွားရော၊ အပြန်ရောရှိတယ်။ လမ်ခရီးက ဆိုးတယ် လမ်ဇန်ဖက်ကနေသွားတာ” ဟု ကလေး-ရိ ကား ဂိတ်မှူးတစ်ဦးက ပြောသည်။ ယခင် က ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ ရှစ်သောင်း မှ တစ်သိန်းခန့်သာရှိခဲ့သော် လည်း လောင်ဆာဆီဈေးမြင့်တက်မှု၊ မိုးတွင်းကာလဖြစ်၍ လမ်းမကောင်းသည့်အတွက် ဈေးနှုန်းမြင့် တက်သွားခြင်းဖြစ်သည် ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ကလေး-တီးတိန်-ရိ ကားလမ်းမပေါ်က အဓိကအရေးပါသော မဏိပူရ်မြစ်ကူးမံဆောင်းတံတားကို ဇွန်လ ၈ ရက်နေ့ က ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် ကလေးမြို့မှ ရိခေါဒါရ်မြို့ကိုသွားမည်ဆိုလျှင် ကလေး-တီးတိန်-ကပ်တဲလ် လမ်းမှသော်လည်းကောင်း၊ ကလေး-ဖလမ်း-ရိ ကားလမ်းဘက်မှသော်လည်း ကွေ့ပတ်ပြီးသွားလာကြရသည် ဟုသိရသည်။ ထိုကြောင့် ယာဉ်စီးခနှင့် တန်ဆာခများမှာလည်း ယခင်ကထက် ဈေးမြင့်တက်သွားရခြင်းဖြစ် သည်ဟု သိရသည်။ စစ်ကောင်စီ က မိုင်းခွဲဖျက်ဆီးလိုက်သော မံဆောင်းတံတားကို လိုင်တွီးရွာသားများ၏ ဦးဆောင်မှုဖြင့် ကြမ်းခင်းများ ပြန်ခင်းကာ ဆိုင်ကယ် များသွားလာနိုင်ရန် ပြုပြင်ထားကြပြီဟုသိရသည်။ ရိခေါဒါရ်မြို့မှ ကလေးမြို့သို့အဆင်းကားခမှာ လူတစ်ဦးလျှင် ကျပ်တစ်သိန်း ပေးရသည်ဟုသိရသည်။ Read in Full
၃၂။ စစ်ကောင်စီလက်အောက်ခံ စည်ပင်မှ တောင်ကြီး ညဈေးဆိုင်များကို ပိတ်ခိုင်း
August 13, 2024
သျှမ်းပြည် တောင်ကြီးမြို့ ရှိ ညပိုင်းတွင် ဖွင့်လှစ်ထားသည့် ညစျေးဆိုင်များကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်မှ ပိတ်ခိုင်းကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ အ.ထ.က(၁) ၏ မြောက်လက်ရှိ ညဈေးတွင် ဖွင့်လှစ်ထားသော စျေးဆိုင်များ ကို စစ်ကောင်စီလက်အောင်ခံ စည်ပင်သာယာရေးမှ သြဂုတ်လ ၁၁ ရက်မှစတင်ကာ ပိတ်ဆိုင်းခိုင်းကြောင်း၊ လိုက်နာ ဆောင် ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ညစျေး ဆိုင်တွင် ရောင်းချသူတစ်ဦးကပြောသည်။ “တချို့ကလည်း ဘာလို့ပိတ်ခိုင်းလည်းသေချာမသိဘူး။ ၂ ရက်လောက်ရှိပြီးပိတ်ခိုင်းတာ။ အဲ့နားမှာဖွင့်တာလည်း မရှိတော့ဘူး။ အကြောင်းပြချက် ဘာမှ မပေးဘဲ ပိတ်ခိုင်းတာ ” ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုညဈေးကို စစ်ကောင်စီလက်အောက်ခံ စည်ပင်မှယာဉ်ကြော ပိတ်ဆို့မှုကြောင့် ညကင်းလှည့်ရန်၊ ပတ်ကင်း၊ ဧည့် စာရင်းများ စစ်ဆေးဆောင်ရွက်ရာတွင် သွားလာ ခက်ခဲမှုများကြောင့် ဆိုင်များကို ဆက်လက်မဖွင့်လှစ်ရန် ထုတ်ပြန်ထားသည် ဟုလည်း တောင်ကြီးမြို့ စျေးသည်တစ်ဦးက ဆိုပြန်သည်။“ညဆို အဲ့ညဈေးက လမ်းတွေမှာ လူပြည့်ပြီးပိတ်တယ်။ ညတွေက ရဲ တွေ ကင်းလှည့်တာရှိတယ်။ ပြီးရင် သူတို့ကလည်း ကား ၅စီး အနည်းဆုံး နဲ့ ည၈နာရီဆိုပတ်ပြီ။ အဲ့အကြောင်းပြချက်တွေနဲ့ ပိတ်ခိုင်းတာပဲ။ ” ၎င်းစျေးသည်က ပြောသည်။ လက်ရှိမှာ တောင်ကြီးမြို့ပေါ်သို့ သျှမ်းပြည် မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆင် ရေး”ကြောင့် စစ်ဘေးရှောင်လာသူ ထောင်နှင့်ချီရှိပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးသူများ ထံမှသိရသည်။ Read in Full
၃၃။ ကျိန္တလီမြို့တွင် တိုက်ပွဲပြင်းထန်နေ
August 12, 2024
ရခိုင်ပြည်၊ ဂွမြို့နယ်၊ကျိန္တလီမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေး အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ ကျိန္တလီမြို့ရှိ ရဲစခန်းနှင့် အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ် စခန်းများကို AA ဩဂုတ် ၁၁ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေ သည်။“တိုက်ပွဲက အခုထိပြင်း ထန်နေပါတယ်။ အေအေက မြို့ထဲဝင်တိုက်နေတာ။ နေအိမ်တွေလည်း မီးလောင်နေတယ် စစ်ကောင်စီတပ်သားတွေကို လက်နက်ချဖို့ အေအေက လော်စပီကာနဲ့အော်ပြီး သတိပေးနေတယ်”ဟု မြေပြင် အခြေအနေကိုသိရှိသူ ကျိန္တလီဒေသခံတစ်ဦးကပြောသည်။ တိုက်ပွဲဖြစ်ပွားလာနေရာသို့ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ခုခံ တိုက်ခိုက် နေပြီး ဂွမြို့ အခြေစိုက်တပ်ရင်းများမှာလည်း လက်နက်ကြီးပစ်ကူပေးနေကြောင်း သိရသည်။ လက်နက်ကြီးကျရောက်မှုကြောင့် ကျိန္တလီမြို့မှ နေအိမ်၊ အဆောက်အအုံတချို့မီးလောင်ပျက်စီးမှုရှိနေပြီး မြို့ခံ တချို့မှာလည်း တိုက်ပွဲအတွင်းပိတ်မိနေကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။
“နေဗီ သုံးစင်းနဲ့ ပစ်နေတာ။ မြို့ထဲကလူတစ်ချို့က ထွက်မရောက်ကြသေးဘူး။ ကျနော်တို့ကို ကယ်ထတ်ပေးဖို့ အကူ အညီလာတောင်းတာတွေ ရှိတယ်။ ကျနော်တို့ကတော့ အခု မတတ်နိုင်သေးဘူး။ လုံခြုံတဲ့နေရာ မှာပဲနေဖို့မှာ ထားတယ်။” ဟု ဂွမြို့နယ်မှ လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ ဂွမြို့နှင့် ၂၆ မိုင်ခန့်အကွာ ချင်းကွင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို အာရက္ခတပ်တော်က ဩဂုတ် ၈ ရက်မှ ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှစ၍ တိုက်ပွဲစတင်ဖြစ်ပွားနေ ခြင်းဖြစ်သည်။ ဂွမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ ရှိပြီး AA ၏ ထိုးစစ်ကို ခုခံရန်အတွက် စစ်အင် အားဖြည့်ကာ ခံစစ်အခိုင်အမာပြင်ဆင်ထားသည်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။