နိုင်ငံရေးအာဂျင်ဒါ ပျောက်ဆုံးနေတဲ့ချင်းနိုင်ငံရေး
Areng Pui | အတွေးအမြင်
လက်ရှိကာလ သည် အနောက်နိုင်ငံတွေမှာ ရွေးကောက်ပွဲအတွက် တာဆူနေကြတဲ့အချိန်လည်း ဖြစ်သလို၊ ရွေးကောက်ပွဲအတွက် အပြိုင်ဆိုင်ပါတီတွေ၊ လူပုဂ္ဂိုလ်တွေက သူတို့ရဲ့ မူဝါဒတွေ၊ သူတို့ရဲ့ နိုင်ငံ အတွက်၊ ပြည်သူအတွက်၊ ဘယ်လိုမျိုး ပိုကောင်းတဲ့ ပေါ်လစီတွေချမယ်။ ဘယ်လိုတွေ ဦးဆောင် ကြမယ်ဆိုတဲ့ အချက်တွေကို အဓိထားပြီး အားပြိုင်နေကြတာကို တွေ့ရတာဖြစ်တယ်။
အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး စကားဝိုင်းတွကို နားထောင်ကြည့်ရင် နိုင်ငံကို ချစ်တဲ့စိတ်တွေ၊ နိုင်ငံကို တိုးတတ်စေချင် တဲ့စိတ်တွေ၊ ပြည်သူကို ကောင်းစားစေချင်တဲ့ စိတ်တွေကို သူတို့ရဲ့ စကားဝိုင်းတွေကနေ တစ်ဆင့် သိသာမြင်သာ တွေ့နေရတာဖြစ်တယ်။
ချင်းနိုင်ငံရေးကို လေ့လာသုံးသပ်တဲ့အခါ အပြစ်ဖို့နေတာမျိုး မဟုတ်ပါဘူး၊ နိုင်ငံရေးစကားဝိုင်း၊ နိုင်ငံရေး အာဂျင်ဒါက အတော်လေးကို အားနည်းတာတွေ့ရပါတယ်။ လက်ရှိသည် တော်လှန်ရေး ကာလ ဖြစ်လို့ စစ်ရေးကိုပဲအဓိကထားကြရမှာဖြစ်တယ်ဆိုတာကို ငြင်းစရာမရှိပါ။ သို့သော် စစ်ရေး တစ်ခု တည်းကိုပဲ ဦးတည်လို့ရတဲ့အခြေအနေမဟုတ်မှန်းကိုတော့ ချင်းနိုင်ငံရေးကို စောင့်ကြည့်နေ သူအားလုံး အသိပဲဖြစ်ပါတယ်။
တော်လှန်ရေးကာလ ကြာလာသည်နဲ့အမျှ တော်လှန်ရေးရဲဘော်တွေရဲ့ ပေးဆပ် အနစ်နာခံမှုတွေကြောင့် နယ်မြေတွေ သိမ်းလာနိုင်ကြတယ်။ ထိန်းလာနိုင်ကြတယ်။ အဲသည်အတွက် အုပ်ချုပ်ရေး ယန္တာရားကို တနိုင်တပိုင် လုပ်လာကြရတဲ့အခြေအနေတစ်ခုကို ရောက်လာပြီဖြစ်ပါတယ်။
ဒီလိုမျိုးအခြေအနေတွေကြာင့် ချင်းအမျိုးသားရေးမှာ အချင်းချင်းကြား နိုင်ငံရေးသဘောထားကွဲ လွဲမှုတွေ၊ အမြင်ကွဲပြားမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလို ကွဲပြားလာတဲ့အပေါ် မိမိအနေဖြင့် အပျက်သဘောမမြင်ပါ။ အလုပ်တစ်ခုလုပ်ကြတဲ့အခါ သဘောထား အားလုံးတူညီဖို့ဆိုတာ မဖြစ်နိုင်တာကို နားလည်တာဖြစ်ပါတယ်။
သို့သော် အဲသည် ကွဲပြားမှုတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြ သလဲဆိုတဲ့ မေးခွန်းက သိပ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခုလက်ရှိ ချင်းအရေးနဲ့ ပတ်သက်ပြီး ကွဲပြားမှုတွေမှာ နှစ်ဖက်သောခေါင်းဆောင်တွေအနေနဲ့ နုတ်ကသာ ပြဿနာကို ဖြေရှင်းချင်ကြဟန် ပြောဆို နေကြပေမယ့် တကယ့်တကယ် လက်တွေ့မှာ ဖြေရှင်းလိုစိတ် မရှိကြဘူးလို့ သုံးသပ်ရပါတယ်။
နှစ်ဖွဲ့ဖြစ်ကြတဲ့ ချင်းလဲန်းအစိုးရနဲ့၊ ချင်းညီနောင်အဖွဲ့တွေမှာ ပြဿနာရဲ့အရင်းခံကို ရှာဖွယ်ဖြေရှင်း နေရမယ့်အစား စစ်ရေးဘောင်ကိုသာ ချဲ့ထွင်နေကြပြီး၊ နိုင်ငံရေးဘောင်ချဲ့ထွင်ကြဖို့၊ နိုင်ငံရေး အာဂျင်ဒါအပေေါ်အခြေခံတဲ့ ဆွေးနွေးရေးလမ်းစဉ်ကို ခြေလှမ်းကြဖို့ အစီစဉ် ခုချိန်ထိ မတွေ့ရသေးပါ။ အဲသည်အတွက် သဘောထားကွဲလွဲမှု၊ အမြင်မတူညီမှုတွေဟာအဖြေမရနိုင်ကြဘဲ ပြဿနာကိုပိုပြီး ကြီးထွာလာစေတဲ့ ခြေလှမ်းဖက် ဦးတည်နေတယ်လို့ သုံးသပ်မိပါတယ်။
ချင်းလဲန်းအစိုးရအဖွဲ့ရဲ့ အင်တာဗျူးတွေကို ကြည့်မယ်ဆိုရင်လည်း ချင်းအရေးကို ဘယ်လို တည်ဆောက်ကြမလဲ၊ ဘယ်လို စုစည်းကြမလဲ၊ ချင်း ပြည်သူတွေအတွက် ဘယ်လိုမျိုး အကာကွယ် ပြုကြမလဲ ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်၊ ပြည်သူ လူထုအတွက် စဉ်းစားမှုမျိုး မတွေ့ရဘဲ (ULA/AA) မုန်းတီးရေး၊ အချင်းချင်းကြားမှာ မယုံကြည်မှု ပျက်ပြားရေးများကိုသာ အခြေခံပြောနေကြတာကို တွေ့ရတာဖြစ်တယ်။
ဒီလိုနဲ့ ချင်းနိုင်ငံရေး အာဂျင်ဒါဆီ မရောက်တော့ဘဲ အချင်းချင်းကြားက ပွတ်တိုက်မှုတွေဆီ ပိုပို ဦးတည် နေတာ ဖြစ်တယ်။ ချင်းအမျိုးသားစည်းလုံးရေး အာဂျင်တာတွေဟာလည်း ပိုပို အလှမ်းဝေး နေပြီး တစ်ဖက်မှာ ချင်းပြည်သူတွေရဲ့ ခံစားရတဲ့ ဒုက္ခများကိုလည်း ဥပက္ခပြုရာလည်း ရောက်တာ ဖြစ်တယ်။
အလားတူပဲ ချင်းညီနောင်ကိုကြည့်မယ်ဆိုလည်း ICNCC ကို အလုပ်မဖြစ်ဘူးလို့ ကြွေးကြော်ခဲ့ကြတဲ့ ခေါင်းဆောင်တွေကပဲ ICNCC ကို ပြုပြင်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ စုစည်းခဲ့ကြတာ ခုဆိုရင်(၆) လကျော် ရှိပြီဖြစ်တယ်။ သို့သော် လက်တွေ့မှာ ICNCC Logo လေးပြောင်း လိုက်ရုံကလွဲလို့ ဘာမှ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်တာ မတွေ့ရ သေးပါဘူး။
အဲသည်အပြင် ချင်းညီနှောင်အနေဖြင့် စစ်ရေး တွေမှာ အောင်မြင်မှုတွေရနိုင်သလောက် ခုချိန်ထိ ချင်းပြည်သူအတွက်၊ ချင်းအမျိုးသား စဉ်းလုံးရေး အတွက် မူဝါဒတွေ၊ ပေါ်လစီတွေ အနာဂတ်ချင်းပြည် တည်ဆောက်ရေးအတွက် အစီအမံ တွေ ပြည်သူ လူထုကို ချပြနိုင်တာ မတွေ့ရေသးတာဖြစ်တယ်။
သတင်းမီဒီယာပေါ် ပြောကြ၊ ဆိုကြတာကို ကြည့် မယ်ဆိုရင်လည်း ရက္ခတပ်တော် (AA) ရဲ့ ကောင်းကြောင်းကို အမွမ်းတင်ပြီး CNA/CNF ကို တိုက်ခိုက်ဖို့၊ CNF/CNA ကို မကောင်းကြောင်းပြောဖို့၊ ယခင်က အမှားတွေကိုသာ ပုံချဲ့ပြီး အပြန်အလှန်ထိုးနက်ဖို့ သာသာပဲ စကားဝိုင်းဖွဲ့နိုင်ကြတာကို တွေ့ရတာ ဖြစ်တယ်။
အဖွဲ့နှစ်ဖွဲ့လုံးကို ကြည့်ရင် ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာထက် နှစ်ဖက်စလုံးမှာ အားသာ ချက်တွေရှိသလို အားနည်းချက်တွေ ကိုယ်စီရှိကြတာကို ငြင်းချက်ထုတ်စရာမရှိပါ။ သို့သော် နှစ်ဖက် စလုံးက ပြဿနာကို တွေ့ဆုံညှိနှိုင်းမှုမရှိဘဲ အပြန်အလှန်ထိုးနက်ဖို့ဘက်ကို ပိုပြီး အားသန် ကြတာကို တွေ့ရတာဖြစ်ပါတယ်။
အပြန်အလှန်အပြန် စတိတ်မန်းတွေ ထုတ်ပြီး အပြစ်ဖို့ကြဖို့၊ စစ်ရေးကို အသုံးပြု ဖြေရှင်း ကြဖို့ပဲ အားတန်နေကြတာကို တွေ့ရတာဖြစ်ပါတယ်။ အကုန်ပြော ရရင် စစ်ဘုရင် လုပ်ချင်တဲ့ စိတ်တွေ မြင်နေရတာ စိတ်မကောင်းစရာပါ။ ဒီလိုမျိုး စစ်ရေးဘောင် အားကိုး နေကြတဲ့ အကျိုး ဆက်တွေကြောင့် ချင်းအမျိုးသားအချင်းချင်း သွေးထွက် သံယို လည်းဖြစ်ကြပြီးဖြစ်ပါတယ်။ သို့ပေမယ့် ဒီအချက်တွေ ကို နှစ်ဖက်ခေါင်းဆောင်တွေက ခုချိန်ထိ သင်ခန်းစာ ယူနိုင်ဟန် မတွေ့ရသေးပါဘူး။
ချင်းအရေး၊ ချင်းအမျိုးသားရေးကို ကိုင်တွယ်ဖြေရှင်းကြတဲ့နေရာမှာ စစ်ရေးကို အထူးရှောင်ရှားကြဖို့၊ နိုင်ငံရေးနည်းလမ်း (စကားဝိုင်း) နဲ့သာဖြေရှင်းကြဖို့တိုက်တွန့်ချင်တာဖြစ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်တိုင်း စတိတ်မန်းထုတ်ပြီး မိသားစုပြဿနာကို ကြော်ငြာတာထက် မိသားစုအရေးကို ထမင်းဝိုင်းမှာ ဖြေရှင်းတတ်တဲ့အလေ့အထကို မွေးမြူကြဖို့ တိုက်တွန်းချင်တာဖြစ်တယ်။
နှစ်ဖက်သော ခေါင်းဆောင် တွေ အနေနဲ့ ချင်းပြည်တည် ဆောက်ရေး၊ ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်သူ လုံခြုံရေး အစရှိတဲ့ နိုင်ငံရေး အာဂျင်တာ တွေကို စည်းစနစ်တကျကျ ဆွေးနွေး အကောင်တည်ဖော်ကြဖို့ တိုက်တွန်းချင်တာဖြစ်ပါတယ်။
ချင်းပြည်သူရဲ့ ခံစားနေကြရတဲ့ ဒုက္ခသောကတွေကိုထောက်ထားတဲ့အနေနဲ့ အချင်းချင်းကြားက မတူညီတဲ့ သဘောထား ကွဲလွဲမှုတွေကို စုစည်းပြီး အင်အားကောင်းဆုံး၊ ချင်းပြည်သူတွေ အားကိုးရဆုံး နိုင်ငံရေးစုဖွဲ့မှု/ ခေါင်းဆောင်မှုဆီကို ဦးတည်သွားကြဖို့နဲ့ နိုင်ငံရေးအာဂျင်ဒါကို ဘောင်ကျယ်ကျယ် ဖွင့်ထားနိုင်ကြဖို့ကို အလေးနက်ထားပြီး တိုက်တွန်း လိုက်ရပါတယ်။
Areng Pui