သတင်း

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ နှင့် နိုင်ငံရေးပါတီဝင်တချို့ ဆွေးနွေး

 

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ နှင့် နိုင်ငံရေးပါတီဝင်တချို့ ဆွေးနွေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဇွန် ၂၁ ၊ ၂၀၂၄

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် စစ်ကောင်စီထံ ပြန်လည် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများ၏ အလုပ်အဖွဲ့တို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ဖြည့်စွက်ရေးနှင့် စပ်လျဉ်းပြီး နေပြည်တော်မှာ ယမန်နေ့ (ဇွန်လ ၁၉၊ ၂၀ ရက်)မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

နေပြည်တော်တွင် ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲမှာတော့ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တွင် ခေါင်းဆောင်တာဝန်ယူထားကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဒေါက်တာ အောင်မြတ်ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ-SNDP)) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ပြည်သူ့ပါတီ (PP) မှ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဒေါက်တာအေးမောင် အပါအဝင် နိုင်ငံရေးပါတီ (၁၆)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ရုပ်သံသတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အဲဒီ၂ ရက်တာ တွေ့ဆုံဆွေးနွေးမှုအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ရမယ်လို့ ယူဆထားတဲ့ အချက်တွေနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပြီး ၂ ရက်တာ ဆွေးနွေးချက်တွေကို သဘောထား စုစည်းချက်တွေအဖြစ်လည်း မှတ်တမ်းတင်ခဲ့ ကြတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓါတ်ပုံ – စစ်ကောင်စီ သတင်းရုပ်သံ ထုတ်ပြန်ချက် စက်ခင်ရှော့။

Related Articles

Back to top button